📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Saturday, August 22, 2020

မင်းသုဝဏ်

စာဆိုမင်းသုဝဏ်၏ စာပေနှင့် ဘဝဖြစ်စဉ်မှတ်တမ်း

====================================

၁၉၀၉


ဖေဖော်ဝါရီလ (၁၀) ရက် (မ ၁၂၇၀ ပြည့် တပို့တွဲလပြည့်ကျော် ၆ ရက်) ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီတွင် ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့တောင်ဘက်ကမ်း၊ နာတာပူချိုးအရှေ့ပိုင်း၌ ကုန်သည်များဖြစ်ကြသော အဖ ဦးလွန်းပင်၊ အမိ ဒေါ်မိ တို့မှ မွေးဖွားခဲ့သည်။ မွန်မြန်မာလူမျိုးဖြစ်သည်။ မွေးချင်း (၇) ယောက်အနက် ဒုတိယမြောက်ဖြစ်သည်။ အထွေးဆုံးနှစ်မငယ်မှာ ကဗျာစာဆို နုယဉ် (ဒေါ်ယဉ်နု) ဖြစ်သည်။ ရက်ချုပ်အရ ငယ်မည်မှာ "မောင်လှမောင်" ဖြစ်သည်။ အရပ်ထဲတွင် မောင်လှမောင်အမည်ရှိသူများမှာ အများအားဖြင့် ဆိုးကြ၍ "မောင်လှဝံ" ဟု အမည်ပြောင်းသည်။ မန္တလေးပုဏ္ဏား ဆရာညွန့်က ဇာတာဖွဲ့ပေးသည်။ ဘုန်းကြီးကျောင်းတွင် ဆရာတော်က ''စိန်ဝံ'' ဟူ၍ လည်းကောင်း အရပ်ထဲမှ ဦးရွှေဒုံးဆိုသူက ''ခွေးဝံ၊ ဝက်ဝံ'' ဟူ၍လည်းကောင်း ချစ်စနိုးခေါ်ကြသည်။ မြို့အနီးတွင် ရွှေဘိုမှ ပြောင်းလာသူများနေထိုင်သည့် ရွှေဘိုတန်းရှိသည်။ ငယ်စဉ်က အစားကောင်း၊ အသားညိုပြီး ရွှေဘိုတန်းက မဲမဲ၀၀၊ ထောင်ထောင်မောင်းမောင်း ငပန်ဆိုသူနှင့်တူသဖြင့် အချို့က ''ငပန်'' ဟူ၍လည်း ခေါ်ကြသည်။ နောင်တွင် မောင်ဝံဟုသာတွင်၍ မိမိစိတ်ကြိုက် ဝ, ကို န,ငယ် သတ်ပြီး ''မောင်ဝန်'' ဟု ပြင်သည်။


၁၉၁၆-၁၉၂၃


အသက် (၇) နှစ်ခန့်အရွယ်တွင် ကွမ်းခြံကုန်းမြို့ ရွှေကျင်ကျောင်းတိုက်၊ ဘိုးအေဦးကြာစံစရပ်တွင် ဖွင့်လှစ် ထားသည့် ဆရာလေးဦးဖိုးလှိုင်၏ကြားကျောင်း (ဂျားကျောင်း) ခေါ် မြန်မာအလယ်တန်းကျောင်းတွင် ဆဋ္ဌမတန်းအထိ သင်ယူသည်။ ကျောင်းအုပ်ဆရာတော်မှာ ဦးဣန္ဒဝံသဖြစ်သည်။ ၁၉၂၁ ခုနှစ်တွင် ဘခင်ဦးလွန်းပင် ဦးဆောင်သည့် အမိုျးသားကျောင်းကော်မတီက ကွမ်းခြံကုန်းမြို့ မဟာတိ လောက မှန်ကူသွန်းဘုရားကြီးလမ်းအနီးတွင် အမိုျးသားကျောင်း စတင်ဖွင့်လှစ်သည်။ ထိုအခါ ဆရာလေး ဦးဖိုးလှိုင်၏ လောကဓာတ်ကျောင်းမှ အမိုျးသားကျောင်းသို့ပြောင်း၍ ခြောက်ဆင့်ရောက်အောင် သင်ယူသည်။ အမျိုးသားကျောင်း စတင် တည်ထောင်ရာတွင် အလှုငွေလှည့်လည်ကောက်ခံသည့်တာဝန်ကို ဆောင်ရွက်ခဲ့သည်။ တစ်ကျောင်းတည်းနေ အတန်းကြီးကျောင်းသား ''ဦးအာကာသန်း'' ထံမှ ကဗျာရေးနည်းကို လက်တွေ့စတင် သင်ယူခွင့်ရသည်။ ၁၉၂၃ ခုနှစ် (မ-၁၂၈၅ ခုနှစ် ပထမဝါဆိုလပြည့်) တွင် လယ်တီဆရာတော်ဘုရားကြီးကွယ်လွန်သည့် အခါ ဆရာအာကာသန်း စပ်ဆိုသည့် ''လယ်တီဘွဲ့လေးချိုး'' ကို အားကျကာ၊ အမှတ်တရကဗျာတစ်ပုဒ် ရေးခဲ့သည်။ 


၁၉၂၃-၂၆


ဇူလိုင်လ (၃၀) ရက်နေ့တွင် ရန်ကုန်မြို့ ဆရာမှတ်ကြီးကျောင်းခေါ် စိန်ဂျွန်းကျောင်းသို့ ပဉ္စမတန်းမှ စတင် တက်ရောက်သည်။ ၁၉၂၆ ခုနှစ်တွင် အစိုးရစစ် သတ္တမတန်းကို မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထနေရာဖြင့် အောင်မြင်ကာ စကောလားရှစ် ရသည်။ 


၁၉၂၆-၂၉


ဇူလိုင်လထုတ် ဒဂုန်မဂ္ဂဇင်းအမှတ် (၇၁) တွင် ''မိုးရာသီဘွဲ့'' ကဗျာများ စတင်ပုံနှိပ်ဖော်ပြခံရသည်။ လက်ဦးဆရာကို အစွဲပြု၍ ''စိန်ဂျွန်းပျော်မောင်ဝန် ဦးအာကာသန်းတပည့်'' ဟု ကလောင်အမည်ကို ခံယူသည်။ စိန်ဂျွန်းကျောင်းသားဘဝ၌ပင် ဒီးဒုတ်ဂျာနယ်၊ ဗြိတိသျှဘားမားမဂ္ဂဇင်း၊ ကထိမျက်မှန်မဂ္ဂဇင်းတို့တွင် ကဗျာများ ရေးခဲ့သည်။ စိန်ဂျွန်းကျောင်းအုပ်ဆရာကြီး ဗလင်ကိုး (Reverend A.H. Blencowe) က တနင်္ဂနွေ့ ကျောင်းအားရက် များတွင် အင်္ဂလိပ်ကဗျာများ သင်ပေးသည်။ ကျောင်းစာစောင် "St. John College Chronicle " တွင် ၁၉၂၇ ခုနှစ်မှစ၍ မြန်မာကဏ္ဍဖွင့်လှစ်ကာ တပည့်ဖြစ်သူကို မြန်မာကဗျာများ ရေးစေခဲ့သည်။ ကျောင်းစာစောင်နှင့် ပြင်ပမဂ္ဂဇင်းတို့တွင် ကဗျာများရေးရာ၌

(၁) မေဃဝန်-ကွမ်းခြံကုန်းမြို့ 

(၂) စိန်ဂျွန်းပျော်-ကွမ်းခြံကုန်းမြို့ 

(၃) ကွမ်းခြံကုန်း တောင်စုအစွန်က မောင်သုဝဏ်

(၄) ကွမ်းခြံကုန်း တောင်စုအလွန်က မောင်သုဝဏ်

(၅) ခင်သိင်္ဂီ (ဟံသာဝတီ)

(၆) စန်းသော်တာ

(၇) မောင်ဝန်

(၈) ကွမ်းခြံကုန်း-သုဝဏ်-၁၀ တန်း

ကလောင်အမည်များကို သုံးခဲ့သည်။ အဋ္ဌမတန်းမှစ၍ ဆရာမှတ်ကြီးအိပ်ဆောင်တွင် ပရိဖက် (Prefect) ခေါ် ကျောင်းသားမှူးလုပ်ရသည်။ အဆောင်မှ ကျောင်းသားများကို ညစဉ် ဘုရားရှိခိုးတိုင်ပေးရသည်။ (၅) ပါး သီလချပေးရသည်။ တနင်္ဂနွေနေ့များတွင် ဘုရားစာ တရားစာများနှင့် မဏိကုဏ္ဍလဝတ္ထုကို ဖတ်ပြရသည်။ ကံျုးကြီးလမ်းမင်းကြီးကတော် ဒေါ်မြမေ၏ ဗုဒ္ဓဘာသာမိန်းကလေးကျောင်းတွင် ဖွင့်လှစ်သည့် ညကျောင်း၌ အပတ်စဉ်အလှည့်ကျစာသင်ပေးရသည်။ ၁၉၂၉ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို စိန်ဂျွန်းကျောင်းမှ ပထဝီဘာသာဂုဏ်ထူးဖြင့် အောင်သည်။ ယင်းအချိန်အထိ ကဗျာပုဒ်ရေ (၁၀၀) ခန့်မျှ ရေးပြီးလေပြီ။ 


၁၉၂၉-၃၀


ဆယ်တန်းစာမေးပွဲတွင် ဘာသာရပ်တိုင်း အမှတ်ညီညီညွတ်ညွတ် အဆင့်ကောင်းရသဖြင့် ''အထူး ကျောင်းသား'' (Special Student) အဖြစ် တက္ကသိုလ်ကျောင်းတိုက် (University College) သို့ ဝင်ခွင့်ရသည်။ ဆရာမှတ်ကြီးကျောင်းမှ "Marks Scolarship" နှင့် တက္ကသိုလ်ကျောင်းတိုက်မှ "Exhibition Scholarship" တို့ကို ရရှိခဲ့သည်။ ပဲခူးကျောင်းဆောင်အလယ်ထပ် အခန်းအမှတ် (၉၁) တွင် နေသည်။ ဝိဇ္ဇာဘွဲ့ရခါစ ခေတ္တနည်းပြဆရာလုပ်နေသော ဆရာဦးသိန်းဟန် (ဇော်ဂျီ) နှင့် ဥပစာတန်းတက်စဉ် စတင် ဆုံဆည်းခွင့်ရသည်။ ဥပစာအထက်တန်းကို တစ်နှစ်တည်းဖြင့် ဖြေဆိုခွင့်ရရှိအောင်မြင်ခဲ့သည်။ ၁၉၂၉ ခု ဒီဇင်ဘာလထုတ် တက္ကသိုလ်ကျောင်းတိုက် နှစ်လည်မဂ္ဂဇင်းအတွဲ (၂၀) အမှတ် (၁) တွင် ကဗျာ (၅) ပုဒ် စတင်ဖော်ပြခံရသည်။ ''မင်းသုဝဏ်'' ကလောင်အမည်ကို စတင်သုံးစွဲသည်။ ငယ်စဉ်ကပင် စွဲလမ်းခဲ့သည့် ''ဘာဂျာသိပ္ပ ဝိစိတြကဗျာရာသီကျမ်း'' မှ နတ်မောက်ရွာဇာတိ၊ ပဝတ္တိ တောင်တွင်းကြီးမြို့နေ စာရေးတော်ကြီး ဦးကြော့ရေး ''စုံနံ့သာမြိုင် ရှာပုံကြီး'' တွင် မိဘနှစ်ပါးအား အလုပ်အကျွေးပြုနေ သည့် အလောင်းတော် သုဝဏ္ဏသာမအကြောင်းကို စပ်ဆိုရာ၌ ''ရွှေလိုဝင်းပါတဲ့ မင်းသုဝဏ်'' ဟူသော စာသားအသုံးအနှုန်းကို နှစ်ခြိုက်သဖြင့် ''မင်းသုဝဏ်'' ကလောင်အမည်ကို ခံယူခဲ့ခြင်းဖြစ်သည်။ '' မြဝတ်ရည်-ဟံသာ့ကျေး''၊ ''မောင်ရွှေခြည်'' ကလောင်အမည်များဖြင့်လည်း ကဗျာများရေးခဲ့သည်။ ပဲခူးကျောင်းဆောင် လက်ရေးစာစောင် ''ဟံသာ့ကြေးမုံ'' တွင်လည်း ကဗျာများရေးသည်။ ''မွန်ကလေး'' ဟူသော ကလောင်အမည်ကို ယင်းစာစောင်တွင် သုံးခဲ့သည်။ 


၁၉၃၁


တက္ကသိုလ်ကျောင်းတိုက် တပေါင်းလဆုတ် နှစ်လည်မဂ္ဂဇင်းတွင် ''ခါနွေဆန်းတော့ လွမ်းမိတယ်'' ကဗျာရှည် ကြီးကို ရေးခဲ့သည်။ ''ဤကဗျာကိုရေးကတည်းက ကိုဝန်မှာ နာမည်ကြီး၍သာ လာလေသည်'' ဟု ''သိပ္ပံမောင်ဝ'' က မှတ်ချက်ပေးခဲ့ဖူးသည်။ မတ်လတွင် ကျင်းပသော ပထမနှစ်ဝိဇ္ဇာဂုဏ်ထူးတန်း (မြန်မာစာ) အစမ်းစာမေးပွဲကို အောင်ခဲ့သည်။ ၁၉၃၀ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး၏ အကျိုးဆက်အဖြစ် မိဘနှစ်ပါးစီးပွားပျက်သည်။ ကျောင်းထွက်ပြီး ကွမ်းခြံကုန်းမြို့ အမျိုးသားကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဝင်လုပ်ရသည်။ ''မောင်ထွေးဖို့'' ကလေးကဗျာများကို ထိုစဉ်အခိုက် စတင်ဖွဲ့ဆိုဖြစ်သည်။ ''သပြေသီးကောက်'' နှင့် ''ဥပုသ်စောင့်'' ကဗျာနှစ်ပုဒ်ကို ၁၁-၆-၃၁ ရက်နေ့တစ်နေ့တည်းတွင် ရေးဖြစ်သည်။ တစ်ပတ်ခန့်အတွင်း ကလေးကဗျာ (၇) ပုဒ်ရေးပြီးခဲ့ သည်။ ကဗျာများကို တက္ကသိုလ်ကျောင်းတိုက်နှစ်လည်မဂ္ဂဇင်းအတွဲ (၂၂) အမှတ် (၂) တွင် စတင်ဖော်ပြသည်။ ကလောင်အမည်မှ ''မြဝတ်ရည်-ဟံသာကျေး'' ဖြစ်သည်။ ကျောင်းပြန်ဖွင့်ချိန် ပါမောက္ခဆရာကြီး ဦးဖေမောင်တင်က တာဝန်ယူပြန်ခေါ်၍ ကျောင်းဆက်တက် ဖြစ်သည်။ 


၁၉၃၂


မြန်မာစာဝိဇ္ဇာ ဂုဏ်ထူးတန်း ဒုတိယနှစ်သင်တန်းတက်ရောက်နေစဉ်ကာလ၌ ''ဘကြီးအောင်ညာတယ်'' ဝတ္ထုတိုကို ရေးသည်။ တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်းအတွဲ (၂၂) အမှတ် (၂) (၁၉၃၂ ခု၊ ဖေဖော်ဝါရီလ) တွင် ဖော်ပြခြင်း ခံရသည်။ 


၁၉၃၃-၃၆


ဤကာလအတွင်း

(က) တက္ကသိုလ်ကျောင်းတိုက် မြန်မာအသင်း အတွင်းရေးမှုး

(ခ) ဗုဒ္ဓဘာသာအသင်းအတွင်းရေးမှုး

(ဂ) တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်း မြန်မာပိုင်းအယ်ဒီတာ

(ဃ) ဂန္တလောကမဂ္ဂဇင်းအယ်ဒီတာ

(င) မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း ကော်မတီဝင်တာဝန်များ ယူခဲ့သည်။ ၁၉၃၃ ခုနှစ် မတ်လတွင် ကျင်းပသော ဝိဇ္ဇာဂုဏ်ထူးတန်း (မြန်မာစာ) ကို ပထမဆင့်နှင့် အောင်သည်။ Judson College နှင့် University College (၂) ခုစလုံးတွင် မြန်မာစာဖြင့် အမှတ်အများဆုံးရ၍ Dally Jamshedji Chinai ဆုတံဆိပ်ရသည်။ မတ်လ၌ပင် ရန်ကုန်တက္ကသိုလ် ဗုဒ္ခဘာသာအသင်းကြီး၏ ဓမ္မာရုံအုတ်မြစ်ချပွဲတွင် ဦးသန့်တင် (ရွှေပြည်စိုး) နှင့်အတူ အကျိုးဆောင်အဖြစ် ဆောင်ရွက်သည်။ နာယကများမှာ ဝတ်လုံတော်ရ ဦးမောင်ကြီး၊ ဝတ်လုံတော်ရ ဦးသိမ်းမောင်၊ ဆရာကြီးဦးဘတို့ဖြစ်၍ ဥက္ကဋ္ဌများမှ ဦးဘစိန် (မီးရထားစာရင်းစစ်)၊ အဂ္ဂမဟာပဏ္ဍိတ ဆရာကြီးဦးလင်း၊ ဒု-ဥက္ကဋ္ဌဆရာကြီး ဦးပွားတို့ ဖြစ်ကြသည်။ ဇွန်လမှစ၍ တက္ကသိုလ်ကျောင်းတိုက် အရှေ့တိုင်းပညာရပ်များဌာန၌ အချိန်ပိုင်းနည်းပြလုပ်သည်။ ပဲခူး ဆောင်တွင်လည်း အဆောင်နည်းပြတာဝန်ယူရင်း မဟာဝိဇ္ဇာအချိန်ပိုင်းတက်သည်။ ၁၉၃၅ ခုနှစ် မေလကုန်အထိ အချိန်ပိုင်းနည်းပြ အဖြစ် ဆောင်ရွက်သည်။ မတ်လတွင် မဟာဝိဇ္ဇာ မြန်မာစာဂုဏ်တန်းစာမေးပွဲကို ဒုတိယအဆင့်မြင့်ဖြင့် အောင်ပြီး ၁၉၃၅ ခုနှစ် ဇွန်လမှ ၁၉၃၆ ခု စက်တင်ဘာလလယ်အထိ အချိန်ပြည့်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။ ပင်းယဆောင် အဆောင်နည်းပြတာဝန်ကို လည်း ယူခဲ့သည်။ နိုင်ငံတော် ပညာသင်ဆုလျှောက်ထားရာ၊ အဆောင်မှုး ဆရာထင်းစီ၊ ပါမောက္ခဆရာကြီး ဦးဖေမောင်တင်၊ အရှေ့ဖျားသမိုင်းဆရာကြီး မစ္စတာလုစ္စ (G.H.Luce) တို့က ထောက်ခံစာများ အသီးသီးရေးပေးကြသည်။ ပညာတော်သင်အဖြစ် အရွေးချယ်ခံရကြောင်း၊ ပညာတော်သင်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှုးမှ ၁၉၃၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် အကြောင်းကြားစာပေးပို့လာသည်။ ပညာတော်သင်မထွက်ခွာမီ ယခင်က ဦးစိန်တင် (သိပ္ပံမောင်ဝ) ထံမှ လွဲှပြောင်းယူထားရသော ဂန္ထလောက ဂုဏ်ထူးဆောင်အယ်ဒီတာတာဝန်ကို ဦးမျိုးမင်း (နွယ်စိုး) သို့လည်းကောင်း၊ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း (BEEA) အဖွဲ့ဝင်တာဝန်ကို ဆရာဦးသိန်းဟန် (ဇော်ဂျီ) သို့လည်းကောင်း အသီးသီးလွဲှပြောင်းပေးရသည်။ ပင်းယဆောင် သဟာယနှင့် စာဖတ်အသင်းကိုယ်စား ဦးညိုမြက တာဝန်ယူ၍ ''မင်းသုဝဏ်'' စာအုပ်ငယ်ကို ပြည်ကြီးမဏ္ဍိုင်ပုံနှိပ်တိုက်တွင် အုပ်ရေ ၅၀၀ ရိုက်နှိပ်ဖြန့်ဝေခဲ့သည်။ မင်းသုဝဏ်၏ကဗျာ (၁၃) ပုဒ်နှင့် ''ဘကြီးအောင်ညာ တယ်'' ဝတ္ထုတိုတို့ ပါဝင်သည်။ ဝတ္ထုတိုကို သူကြီးဂေဇက်ဦးခင်မောင်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည်။ ကဗျာများကို ဦးခင်ဇော် ''ကေ'' နှင့် သူငယ်ချင်းများဖြစ်ကြသော ဦးညီညီ (သမဝါယမဌာနအတွင်းဝန်)၊ ဦးမျိုးမင်း (နွယ်စိုး) တို့က ဘာသာပြန်ဆိုကြသည်။ အမှာစာကို ဆရာကြီးလုစ္စက ရေးပေးခဲ့သည်။ သြဂုတ်လ (၇) ရက်နေ့တွင် ပင်းယကျောင်းဆောင်သားများက အငြိမ့်ပွဲသွင်း၍ နှုတ်ဆက်ပွဲလုပ်သည်။ အငြိမ့်ပွဲတွင် သူရိယသန်းသန်းက ဦးချင်းစိန် (ဒဂုန်ရွှေညာမောင်) ရေးစပ်ပေးသည့် မင်္ဂလာနှုတ်ခွန်းဆက်သီချင်းကို သီဆို သည်။ သြဂုတ်လ (၂၂) ရက်နေ့တွင် ''ပဲခူးသင်္ဘော'' ဖြင့် အင်္ဂလန်နိုင်ငံသို့ ထွက်ခွာသည်။ သင်္ဘောပေါ်တွင် ကိန်းဘရစ်(ချ်) တက္ကသိုလ်၌ မြန်မာစာပို့ချမည့် မစ္စတာဖာနီဗယ် (J.S. Furnivall) လည်း အတူလိုက်ပါသွားသည်။ 


၁၉၃၆-၃၉


အောက္ကစဖို့ဒ်တက္ကသိုလ် စိန့်ကက်သရင်းကျောင်းတွင် သက္ကဋ၊ တိဘက်၊ အထွေထွေဘာသာဗေဒပညာရပ်များ သင်ယူသည်။ အိန္ဒိယကျောင်းတိုက် သက္ကဋပါမောက္ခ (F.W. Thomas ၊ E.H. Johnston) တို့ထံတွင် သင်ယူသည်။ ကြီးကြပ်သူ (Supervisor) မှာ မြန်မာ့သမိုင်းရေးသူ "G.E.Harvey" ဖြစ်သည်။ ၁၉၃၇ ခုနှစ် ဒီဇင်ဘာလကျောင်းပိတ်ရက်ဝယ်၊ ငယ်စဉ်က စိန်ဂျွန်းကျောင်းအုပ်ဆရာကြီး ဗလင်ကိုး၊ သင်းအုပ်ဆရာအဖြစ် လုပ်ကိုင်နေထိုင်ရာ Chester မြို့အနီးရှိ စိန့်ဒိုင်းနီးယဲစာကြည့်တိုက် (St. Deiniol's Library) တွင် ဆရာကြီးမှ အကြံပြုသဖြင့် ဆောင်းခိုရင်းစာကြည့်သည်။ ထိုစဉ်က အာဇာနည် ဦးအုန်းမောင်နှင့် ပညာရေးအတွင်းဝန် ဦးဘကျော်တို့မှာ စာကြည့်ဘော်များဖြစ်ကြသည်။ အောက္ကစဖို့ဒ်သို့ မပြန်မီတစ်ရက်အလို၊ ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးအကြို ကဗျာ ''သပြေညို'' ကို ရေးဖွဲ့ဖြစ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် "Development of the Burmese Language in the Medieval Period" စာတမ်းပြုစုတင်ပြပြီး၊ အောက်တိုဘာလ၌ လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိက ဘာသာရပ်များလေ့လာရေးကျောင်း (School of Oriental and African Studies-SOAS) သို့ ပြောင်းရွှေ့ပညာသင်ယူသည်။ SOAS မှ ပါမောက္ခစတီးဝပ် (J.A.Steward) ထံ၌ အဘိဓာန်ပြုစုတည်းဖြတ်ရေးပညာ (Lexicography) ကို လက်တွေ့ဆည်းပူးသင်ယူသည်။ ကျောင်းပိတ်ရက်များတွင် မစ္စတာစတီးဝပ် နေထိုင်ရာကိန်းဘရစ်(ချ) မြို့အနီးရှိ Bishop's Stort Ford မြို့ငယ်ကလေးသို့ သွားရောက်သည်။ မစ္စတာစတီးဝပ်နှင့် မစ္စတာဒန်း (C.W.Dunn) တို့အား အဘိဓာန်လုပ်ငန်း ကူညီနေသည့် ပညာရှင်ဦးခင်မောင်လတ် A.T.M နှင့်တူ လက်တွေ့လေ့လာမှုပြုခဲ့သည်။ ၁၉၃၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ကျင်းပသော အောက္ကစဖို့ဒ်တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် B.Litt (ဘီလစ်) ခေါ် စာပေဝိဇ္ဇာဘွဲ့အပ်နှင်းခြင်းခံရသည်။ သြဂုတ်လ (၄) ရက်နေ့တွင် လီဗာပူးလ် (Liverpool) ဆိပ်ကမ်းမှ ''ပဲခူးသင်္ဘော'' ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသည်။ စက်တင်ဘာလ (၃) ရက်နေ့ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) အရောက် ဗြိတိသျှက စစ်ကြေညာကာ ဒုတိယကမ္ဘာစစ် အတွင်း ဝင်သည်နှင့်ကြုံသည်။ စက်တင်ဘာလ (၅) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။ အောက်တိုဘာ (၁) ရက်နေ့တွင် တက္ကသိုလ်ကျောင်းတိုက် အရှေ့တိုင်းပညာရပ်များဌာန၌ မြန်မာစာလက်ထောက် ကထိကအဖြစ် စတင်အမှုထမ်းသည်။ မောင်ထွေးဖို့ကဗျာများကို ဆရာဦးခင်ဇော် "K" က ဂီတသင်္ကေတထည့်ပေးသည်။ ဆရာ့ဇနီးက စန္ဒရားတီး၍ သားသမီးများနှင့် စမ်းသပ်သီဆိုရာ အောင်မြင်၍ ဆရာကြီး ဦးဘဉာဏ်၏ပန်းချီလက်ရာများဖြင့် ''မောင်ထွေးဖို့ ကဗျာများ'' မှ ''မောင်ခွေးဖို့ကဗျာများ'' ဟု အမည်ပြောင်းကာ၊ ၁၉၄၀ ခုနှစ်ဦးတွင် ကဗျာစာအုပ်ထွက်သည်။ ကုန်ကျငွေကို မြန်မာအမျိုးသမီးများ နိုင်ငံရေးကောင်စီ (National Women's Council) မှ ထောက်ပံ့ပြီး အမေရိကန်သာသနာပြု ပုံနှိပ်တိုက် (ABM) က ပုံနှိပ်သည်။ ထို့နောက် မောင်ခွေးဖို့သီချင်းများကို အဆိုတော် ဒေါ်သန်းအေးနှင့်တောင်ကြီးမှ B.Ed. လာတက်နေသည့် ဒေါ်ခင်သိန်းတို့အသံဖြင့် ဓာတ်ပြားသွင်းသည်။ 


၁၉၄၀


မေလ (၈) ရက်နေ့တွင် ဇီဝိတဒါန သံဃာ့ဆေးရုံကို စတင်တည်ထောင်ရာ၊ ပထမဦးဆုံးအသင်းသား (၂၇) ဦးတွင် ပါဝင်ခဲ့သည်။ ဂီလာနဝတ္ထု၌ မြတ်စွာဘုရား မိန့်ကြားတော်မူသောစာပိုဒ်ကို မြန်မာပြန်၍ မဂ္ဂဇင်းစာစောင်တွင် ထည့်ခဲ့ရာ၊ ဇီဝိတဒါနဆေးရုံအဝင်ဝတွင် သရုပ်ဖော်ပန်းချီလက်ရာနှင့်အတူ ကူးယူ၍ ဖော်ပြခြင်းခံခဲ့ရသည်။ ယင်းမှာ ''ချစ်သားတို့ ငါဘုရားကို လုပ်ကျွေးပြုစုလိုသော ပုဂ္ဂိုလ်သည် နာမကျန်းသော ရဟန်းကိုလုပ်ကျွေးလော့'' ဟူ၍ဖြစ်သည်။ J.A. Stewart နှင့် C.W. Dunn တို့တည်းဖြတ်၍ ဦးခင်မောင်လတ် အထောက်အကူပြုသော "A Burmese English Dictionary Part I" (အ မှ အခင်းအထိ) ထွက်ရှိသည်။ တည်းဖြတ်သူနှစ်ဦးက အဘိဓာန်ကို လက်ဆောင်အဖြစ် ပေးပို့လာ ပြီး အမှာစာတွင် "Maung Wun, M.A, B.Litt have assisted us by replies to queries and by suggestions" ဟူ၍ ဖော်ပြ အသိအမှတ်ပြုခဲ့သည်။ 


၁၉၄၂


ပညာရေးဌာန ဘာသာပြန်စာပေဌာနခွဲတွင် အမှုထမ်းခဲ့သည်။ ဇွန်လ (၁၁) ရက်နေ့တွင် ညောင်တုန်းမြို့တရားဘက် တာဝန်ခံအရာရှိ ဦးဒွေး ၊ ဒေါ်စံယူတို့၏သမီး ဒေါ်ကြည်ကြည် (B.A.Ed., B.Ed.) [၁၂-၇-၁၉၁၈ မှ ၂၉-၁၂-၂၀၀၇] နှင့် လက်ထပ်သည်။ 


၁၉၄၄


ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတော်ပညာတံခွန်အသင်းကို နိုင်ငံတော်အစိုးရ၏ အကူအညီဖြင့် တည်ထောင် သည်။ အသင်းဥက္ကဋ္ဌမှာ ဒေါက်တာဘဟန် ဖြစ်သည်။ အသင်းတွင် ''ပညာစွယ်စုံဌာန'' နှင့် ''အဘိဓာန်ဌာန'' ဟူ၍ ဌာန ၂ ခု ရှိသည်။ အဘိဓာန်ဌာနတွင် စာတည်းအဖြစ် ဦးဆောင်လုပ်ကိုင်ရန် ခန့်ထားခံရသည်။ လုပ်ငန်းကို စစ်ဘေးသက်သာရာ ဟံသာဝတီစီရင်စု ကွမ်းခြံကုန်းမြို့တွင် စတင်သည်။ လုပ်ငန်းရုံးမှာ ''ရွှေကျင် ကျောင်းတိုက် ဖိုးကြာဇံစရပ်'' တွင်ဖြစ်ပြီး ဇန်နဝါရီလ (၁၀) ရက်နေ့တွင် လုပ်ငန်းများစသည်။ ဖိုးကြာဇံစရပ်ကား၊ မင်းသုဝဏ်ငယ်စဉ်က မြန်မာစာသင်ယူခဲ့သော ဘိုးအေဖြစ်သူ၏စရပ်၊ ဆရာလေးဦးဖိုးလှိုင်၏ လောကဓာတ်ကျောင်းတည်ရှိ ခဲ့ရာ နေရာပင် ဖြစ်လေသည်။ 


၁၉၄၅


ဧပြီလ (၇) ရက်နေ့တွင် လေကြောင်းအန္တရာယ်ကြောင့် အဘိဓာန်လုပ်ငန်းဆိုင်ရာပစ္စည်းများကို ရွှေကျင်ကျောင်း တိုက်သို့ ပြောင်းရွှေ့သိမ်းဆည်းပြီး၊ လုပ်ငန်းခေတ္တရပ်ဆိုင်းခဲ့ရသည်။ ဗြိတိသျှများပြန်ရောက်၍ အုပ်ချုပ်ရေးကို ပြန်လည်လုပ်ဆောင်သည့်အခါ Lt. Col. Sutherland ၊ ဦးသက်တင် ဆိုသူတို့နှင့် တွေ့ဆုံရာ၌ မြို့အုပ်လုပ်ရန် ကမ်းလှမ်းလာခဲ့သည်။ မြို့အုပ်တာဝန်ကို ၂၃-၅-၄၅ မှ ၁၈-၇-၄၅ ရက်နေ့အထိ (၂) လခန့် ဆောင်ရွက်ခဲ့သည်။ မြို့အုပ်ရာထူးလက်ခံပြီး (၂) ရက်အကြာ မြို့အုပ်အဆောင်အယောင်အဖြစ် နှစ်လုံးပြူးသေနတ် (အမှတ် ၄၃၆၂) တစ်လက်နှင့် ကျည်ကပ်နှစ်ကပ် လက်ခံယူရသည်။ မြို့အုပ်လုပ်စဉ် လုပ်ပိုင်ခွင့်နှင့် လိုအပ်ချက်အရ သပြေအိုင်၊ မြောက်ချောင်၊ တောင်ချောင်သူကြီးတို့အတွက် သေနတ်ဝယ်နိုင်ခွင့်အမိန့်များ ထုတ်ပေးခဲ့သည်။ သြဂုတ်လ (၆) ရက် ရန်ကုန်မြို့ မဂိုလမ်းအရေးပေါ် တက္ကသိုလ်သင်တန်းများ ဖွင့်လှစ်သည့်အခါ မြန်မာစာ လက်ထောက်ကထိကအဖြစ် အလုပ်ဝင်သည်။ 


၁၉၄၆


တက္ကသိုလ်များ ပြန်ဖွင့်ပြီးနောက် ဇွန် (၁) ရက်နေ့တွင် ကထိကဖြစ်သည်။ ဒီးဒုတ်ဦးဘချို (ဥက္ကဋ္ဌ)၊ ဦးထင်ဖတ် (အတွင်းရေးမှုး) အဖြစ် ဆောင်ရွက်သော ''မြန်မာ့အသံ'' မြန်မာပိုင်းအစီ အစဉ် အကြံပေးအဖွဲ့ဝင် ဖြစ်ခဲ့သည်။ 


၁၉၄၇


အိန္ဒိယနိုင်ငံ နယူးဒေလီ၌ ကျင်းပသည့် အာရှတိုက်ဆက်ဆံရေးညီလာခံသို့ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် တက်ရောက်ခဲ့သည်။ တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးရန် ဇွန်လတွင် ဖျာပုံမြို့သို့သွားသည်။ ဖျာပုံရာဇဝတ်ဝန် (နောင် ရန်ကုန်ရဲမင်းကြီး) ဦးခင်မောင်မောင်အိမ်တွင် တည်းသည်။ ဦးခင်မောင်မောင်အိမ်တွင် အတူနေထိုင်သူ ဖျာပုံအရေးပိုင် Mr. Robert Mole ထံမှ Walter De La Mare ၏ "Nursery Rhymes for Certain Times" စာအုပ်ကို ခေတ္တငှား၍ ဖတ်ခဲ့သည်။ ထိုစာအုပ်ပါ "Tom Thumb's Alphabet" ခေါ် ငလက်မ၏အက္ခရာသံပေါက်ကို အတုယူ၍ မြန်မာကလေးများအတွက် ပျော်စရာသံပေါက်ကလေး များ ရေးသားလိုစိတ်ဖြစ်သည်။ ''ကကြီးကဆုန်၊ မိုးမှုန်မှုန်''၊ စသည်ဖြင့် စတင်ရေးစပ်သည်။ နောက်တစ်နေ့တွင် Mole နှင့် ဦးခင်မောင်မောင်တို့ကို တိုင်ပင်ဆွေးနွေးရာမှ ''က-ကဇွန်းပင်၊ ရေမှာ ရွှင်''၊ ''ခ-ခရမ်းသီး၊ ဒါးနှင့်လှီး''၊ အစချီသည့် ''ကကြီး ခကွေး လင်္ကာ'' ဖြစ်ပေါ်လာခဲ့သည်။ ၁၉၄၇ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနု ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သောမြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း ပေါ်ပေါက်လာခဲ့သည်။ ထိုအခါ ဘာသာပြန်စာပေအသင်းအုပ်ချုပ်ရေးကောင်စီ၊ ဝေါဟာရကော်မတီ၊ စွယ်စုံကျမ်းအဖွဲ့၊ သုခမိန်အဖွဲ့၊ မြန်မာဘာသာပြန်ဥပဒေကော်မတီ စသည်တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ပညာတံခွန်အသင်းက အဘိဓာန်လုပ်ငန်းအရပ်ရပ်ကို တက္ကသိုလ်သို့ လွဲှသည်။ ဇွန်လ (၁) ရက်နေ့တွင် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန စတင်ဖွင့်လှစ်ရာ ဌာနမှုးအဖြစ် ဆောင်ရွက်၍ အဘိဓာန်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်သည်။ ၂-၇-၄၈ ရက်နေ့ထုတ် ''အိုးဝေ'' သတင်းစာတွင် ''ရဟန်းရှင်လူသုခမိန်များ အလိုရှိသည်'' ခေါင်းစီးဖြင့် အဘိဓာန် လုပ်ငန်း ''အတိုင်ပင်ခံအဖွဲ့'' ၊ ''သုခမိန်အဖွဲ့'' တို့တွင် ပညာရှင်များ လျှောက်ထားရန် ကြော်ငြာခေါ်ယူခဲ့သည်။ မြန်မာနိုင်ငံအခြေခံဥပဒေ မြန်မာစာ စာမူကို စစ်ဆေးလေ့လာအကြံပေးခဲ့ရသည်။ ၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ကာလအတွင်း မြန်မာနိုင်ငံသုတေသနအသင်း ဂျာနယ်စာတည်းအဖြစ် (၆) ကြိမ်၊ အလုပ်စာတည်း (၁) ကြိမ်၊ သုတေသနစာစဉ်ထုတ်ဝေရေး ဆပ်ကော်မတီဥက္ကဋ္ဌ (၁) ကြိမ်၊ အသင်းအမှုဆောင်ကော်မတီ (၁) ကြိမ်၊ ဒုဥက္ကဋ္ဌ (၆) ကြိမ်၊ အသင်းဥက္ကဋ္ဌ (၁) ကြိမ် စုစုပေါင်း (၂၆) ကြိမ်မျှ ဆောင်ရွက်ခဲ့သည်။ 


ကွမ်းခြံကုန်းမြို့


ကွမ်းခြံကုန်းမြို့တွင် အမျိုးသားကျောင်း

ဖွင့်လှစ်တည်ထောင်ခြင်းအကြောင်း ကြော်ငြာ

လိုက်ပါသည်။


၁၂၈၃ ခု နယုံလ်္ဆန်း -၇- ရက်နေ့တွင် အမျိုးသားကျောင်း ဖွင့်လှစ်တည်ထောင်ရန်

ကွမ်းခြံကုန်းမြို့ရှိ ဂုဏ်သရေရှိလူကြီးများကို ပင့်ဘိတ်ရာ၊ လူဦးရေ ၃၀ ကျော်လောက်

ကြွလာကြသည်ကို ကျောင်းဖွင့်ရန် ဆွေးနွေးတိုင်ပင်၍ ငွေများအလှူခံကြရာ ငွေပေါင်း 

၄၀၅ဝိ-ရရှိသဖြင့် ၎င်းင်းငွေနှင့်ပင် အမျိုးသားကျောင်းတည်ထောင် ထမြောက်အောင်မြင် 

သဖြင့်-ကျောင်းကော်မတီလူကြီးများပါ ရွေးကောက်တင်မျှောက်၍၊ လုံးဝအုပ်စုံအကုန် 

ကြားကျောင်းအုပ်ကျောင်းထိမ်း သင်ရန် ဆရာပြည့်စုံစွာနှင့် ၁၂၈၃-ခု နယုံလ်္ဆန်း ၁ 

ရက်နေ့တွင် ကွမ်းခြံကုန်းမြို့၊ မဟာတိလောက မှန်ကူသွန်းဘုရားကြီးလမ်းအနီးတွင် 

အမျိုးသားကျောင်းဖွင့်လှစ်၍ မြန်မာအင်္ဂလိပ် ၂ ဘာသာကိုသင်ပြပြီးလျှင်၊ အင်္ဂလိပ် 

ဘာသာ-ပဋ္ဌမ-တန်းက ၁၀ တန်းအထိ သင်ကြားပြသပါလိမ့်မည် ဖြစ်သောကြောင့် 

ပညာလိုလား၊ အမျိုးသားတို့သည် သင်ကြားလိုပါကလွယ်လင့်တကူ လာရောက်သင် 

ကြားနိုင်ကြရန် ကျွန်တော်တို့ကွမ်းခြံကုန်းမြို့လူကြီးမင်းများက အမျိုးသားစောင့်ရှောက်

သဖြင့် ကျောင်းတည်ထောင်ဖွင့်လှစ် အောင်မြင်ပြီးစီးရှိနေပါ၍ အမြို့မြို့အရွာရွာကလာ

ရောက်သင်ကြားကြရန်သတင်းပေးလိုက်ပါသည်။

ကွမ်းခြံကုန်းမြို့

အမျိုးသားကျောင်းကော်မတီများ

ဦးလွန်းပင်

ဦးဆိုင်

ဦးဘိုးမင်း

ဦးဘိုးဆင် ပွဲစားကြီး


၁၉၄၉-၅၀


မြန်မာသတ်ညွှန်းကျမ်း (နောင်တွင် တက္ကသိုလ်သတ်ညွှန်းကျမ်း) ကို ၁၉၄၉ ခုနှစ်တွင် စတင်ပြုစုခဲ့ရာ ၂၇-၁၀-၅၀ ရက်၌ ပြီးစီးသည်။ ထိုကျမ်းအတွက် အမှာစာရေးခဲ့သည်။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်) ၏ဆောင်ပုဒ်ဖြစ်သော ''အမှောင်ခွင်း၍ အလင်းဆောင်အံ့'' စာသားကို ၁၉၄၉ ခုနှစ်ကုန်တွင် တီထွင်ပေးခဲ့သည်။ 'ပျဉ်းမငုတ်တို' ကဗျာကို ၁၁-၁-၄၉ ရက်နေ့တွင် စပ်ဆိုခဲ့ပြီး၊ ၁၉၄၉ ခုနှစ်ထုတ် တာရာမဂ္ဂဇင်းအတွဲ ၂၊ အမှတ် (၁၀) တွင် ဖော်ပြခဲ့သည်။ 


၁၉၅၀


နိုင်ငံတော်၏ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ သြဂုတ်လတွင် ဒေါက်တာလှဘေနှင့် Mr. C.W. Dunn တို့က "The Royal Danish Academy of Sciences and Letters" မှ ပုံနှိပ်သည့် "A Critical Pali Dictionary" စာအုပ်ကြီး၌ "To-Wunna Kyaw Din U Wun, M.A, B.Litt, who since the year 1946 has freely given his time and learing to correct our errors and to suggest improvements, this book is given by us the present editors of the Burmese-English Dictionary joining with our own names the names of our late colleague Dr. J.A Stewart, C.IE, M.C, M.A, LL.D". ဟူ၍ အမှတ်တရ ရေးသားပေးပို့ခဲ့ကြသည်။ အထက်ပါစာကို ထောက်ရှုခြင်းအားဖြင့် Stewart and Dunn ၏ ''မြန်မာ-အင်္ဂလိပ်အဘိဓာန်'' ကို ဆရာ မင်းသုဝဏ်သည် ပညာတော်သင်ဘဝမှစ၍ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီး နှစ်ပေါင်းမည်မျှကြာအောင် ဆက်လက်ကူညီလျက် ရှိသည်ကို ပေါ်လွင်စေခဲ့သည်။


၁၉၅၁


၁၉၅၁ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ဖွဲ့စည်းသောပန်းချီဆရာကြီး ဦးငွေကိုင်၊ ဦးစံဝင်း၊ ကာတွန်းဦးဘဂျမ်း၊ ဦးအုံးလွင်၊ ဒု-ပညာမင်းကြီးဦးကောင်း၊ ဦးသိန်းဟန် (ဇော်ဂျီ) တို့ပါဝင်သည့် ''မြန်မာ့ရှေးရိုးပန်းချီ ကာကွယ်ရေး ပန်းချီကော်မတီ'' တွင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။ The University English-Myanmar Dictionary ကို ပြုစုခဲ့သော ဒေါက်တာဘဟန်က သူ၏အဘိဓာန် အမှာစာတွင် အဘိဓာန်ပြုစုရာ၌ ကူညီခဲ့သူ ဦးဝန်နှင့်ဦးတင်သိန်း (ဒေါက်တာဘဟန်၏သားမက်) တို့အား အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့လေသည်။

"…..They have unstintedly helped me with their rich stores of accurate scholarship and information".

သခင်ကိုယ်တော်မှိုင်း၊ ဆရာလင်း၊ ဝန်ကြီးချုပ်ဦးနု၊ ဆရာကြီးဦးဖေမောင်တင်၊ ဆရာဇော်ဂျီတို့နှင့်အတူ ဗမာနိုင်ငံ စာရေးဆရာအသင်း၏ နာယကအဖြစ် ၂-၉-၅၁ နေ့တွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ 


၁၉၅၂


အမေရိကန်နိုင်ငံ နယူးဟေဗင်မြို့ (New Heaven) ၊ ယေးလ်တက္ကသိုလ် (Yale University) ၌ ဘာသာဗေဒပညာကို (၆) လခန့် သွားရောက်ဆည်းပူးခဲ့သည်။ ''တက္ကသိုလ်မြန်မာအဘိဓာန်အပိုင်း (၁)'' (က-အက္ခရာ) ကို ပြုစုပြီးစီးသည်။ 


၁၉၅၃


တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန စာတည်းမှုးအဖြစ် ဇွန် (၁) ရက်နေ့တွင် တိုးမြှင့်ခန့်ထား ခြင်း ခံရသည်။ 


၁၉၅၆။ “တက္ကသိုလ်မြန်မာ့အဘိဓာန် အပိုင်း(၂)” (ခ-အက္ခရာ)ပြုစုပြီးစီးသည်။


၁၉၅၇။ “ခေတ်မူလတန်းမြန်မာဖတ်စာ”ကို ဆရာကြီး ဦးဖေမောင်တင်နှင့်အတူ ပြုစုခဲ့သည်။


“တိပိဋက ပါဠိ-မြန်မာအဘိဓာန်လုပ်ငန်း”၊“မွန်-မြန်မာအဘိဓာန်လုပ်ငန်း” များတွင် ဝင်ရောက်ကူညီသည်။ စာပေဗိမာန်၏ မြန်မာ့ စွယ်စုံကျမ်းအဖွဲ့၊ စာပေဆုပေးရေးအဖွဲ့၊ သုခမိန်အဖွဲ့၊ ပန်တျာမူမှန်ပြုလုပ်ရေးကော်မတီ၊ ပိဋကတ်တော် မြန်မာ ပြန်ကော်မတီ၊ ဥပဒေဘာသာပြန်ကော်မတီတို့တွင် ဝင်ရောက်ဆောင်ရွက်သည်။


အောက်တိုဘာလတွင် မြန်မာနိုင်ငံယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှား၊ ပိုလန်၊ ချက်ကို စလိုဗက်ကီးယား၊ အရှေ့ဂျာမနီနိုင်ငံများသို့ လှည့်လည်ခဲ့သည်။


၁၉၆၁။ မတ် ၁ ရက်မှ ၁၉၆၂မေ ၁၂ရက်အထိ တက္ကသိုလ် မြန်မာစာဌာနတွင် ပါမောက္ခအဖြစ် အမှုထမ်းသည်။


အောက်တိုဘာလတွင် မြန်မာ့ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်သည်။ တက္က သိုလ်စာအုပ်ထုတ်ဝေဖြန့်ချိရေး ကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင်အဖြစ် လုပ်ဆောင်သည်။


၁၉၆၂။ မေ ၁၃ရက်တွင် ပါမောက္ခရာထူးကို စွန့်လွှတ်ပြီး ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် ပြန်လည် အမှုထမ်းသည်။


၁၉၆၃။ “တက္ကသိုလ်မြန်မာအဘိဓာန် အပိုင်း(၄)” (စ-အက္ခရာ)ပြုစုပြီးစီးသည်။


၁၉၆၄။ “တက္ကသိုလ်မြန်မာအဘိဓာန် အပိုင်း(၅)” (ဆ-အက္ခရာ)ပြုစုပြီးစီးသည်။


၁၉၆၅။ ရှေ့ဆောင်လူငယ်ဗဟိုကောင်စီမှ “လူငယ်စာပေထုတ်ဝေရေးအဖွဲ့” တွင်လည်းကောင်း၊ တော်လှန်ရေးအစိုးရ လူမှုဝန် ထမ်းဌာနခွဲက ကြီးကြပ်ဆောင်ရွက်ခဲ့သော “မြန်မာ့မျက်မမြင်စာပေမူသစ် စာအုပ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့တွင် လည်း ကောင်း အဖွဲ့ဝင်လူကြီးအဖြစ်ပါဝင်ကူညီခဲ့သည်။


၁၉၆၆။ မြန်မာနိုင်ငံ စာမတတ်သူပပျောက်ရေးအတွက် သက်ကြီးစာသင်နည်း (၀ ထ က လ သ)ကို တီထွင်သည်။


၁၉၆၈။ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန စာတည်းမှူးအဖြစ်မှ အငြိမ်းစားယူ၍ ပညာရေးဌာန အထူးအရာရှိ အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သည်။


၁၉၇၀။ မြန်မာနိုင်ငံ သုတေသနအသင်းနှစ် ၆၀ ပြည့်နှစ်တွင်အသင်း၏ ဥက္ကဋ္ဌအဖြစ် အရွေးခံရသည်။


နိုင်ငံတော်က ချီးမြှင့်သည့် သီရိပျံချီ ဘွဲ့တံဆိပ်ကို ရွှေတိဂုံစေတီတော်ကြီးအား ၁၉-၁၂-၇၀တွင် လှူဒါန်းခဲ့သည်။


၁၉၇၁။ မေ ၃၁ရက်တွင် ပညာရေးအရာရှိအဖြစ်မှ အနားယူသည်။


၁၉၇၄။ ကြယ်၊ နက္ခတ်တာရာ ပညာပေးစာအုပ်များဖြစ်ကြသည့် “မိုးပေါ်ကကြယ်တစ်လုံး”၊ “အာဏာတစ်ခွင် မြေပြင် တစ်ဝန်း” တို့ကို ပြုစုခဲ့သည်။


၁၉၇၅-၇၉။ ဂျပန်နိုင်ငံ အိုဆာကာမြို့ အိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင် မြန်မာစာ ဧည့်ပါမောက်္ခအဖြစ် ၄နှစ် တာဝန်ယူ၍ ဆောင်ရွက်ခဲ့သည်။


၁၉၈၀။ ဂျပန်ဟိုက္ကူ (Haiku) ကဗျာကို မြန်မာစာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးသော “ဟိုက္ကူကဗျာမြည်းစရာ” စာအုပ်ကို ပြုစုခဲ့သည်။


၁၉၈၃။ ငါးရာ့ငါးဆယ် ဇာတ်တော်များကို ဘာသာပြန်ရာ ၁၉၉၈ခုနှစ်ဆန်းအထိ ဇာတ်တော် ၂၄၀ ကျော် ဘာသာ ပြန်ပြီးစီး ခဲ့သည်။


၁၉၈၄။ ရှိတ်စပီးယား၏ လီယာမင်း ကြီးပြဇာတ်ကို မြန်မာဘာသာပြန်ဆိုခဲ့သော စာအုပ်အတွက် အမျိုးသားဘာသာပြန် စာအုပ်(ရသ)ဆု ရရှိခဲ့သည်။


၁၉၉၇။ ဆရာနိုင်ပန်းလှဦးဆောင်သည့် ဂျပန်ရောက် စာပေအနုပညာမြတ်နိုးသည့် ပြည်ထောင်စု မြန်မာနိုင်ငံတိုင်းရင်း သားများ ၏ ထာဝရရန်ပုံငွေအဖွဲ့က ၂၀-၃-၉၇တွင် အဖွဲ့၏ မြန်မာပြည်ကိုယ်စားလှယ်အဖြစ် ဒေါ်ခင်နှင်းယုက ဟင်္သာရုပ်ပါ ရွှေတံဆိပ်နှင့် ကျပ်ငါးသိန်း ချီးမြှင့်ပူဇော် ခဲ့ပါသည်။


၂၀၀၃။ ဇီဝိတဒါန သံဃာ့ဆေးရုံအတွက် သောက်ရေသန့်စက်နှင့် အဆောက်အအုံကို တစ်သက်တာစုဆောင်း ချွေးနှဲစာဖြင့် ၁၁-၉-၂၀၀၃ တွင် လှူဒါန်းခဲ့သည်။ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က သီးသန့်အဆောင်ဆောက်၍ “သပြေညိုရေချမ်းစင်”ဟု အမည်တပ် ကာ အလှူကို ကမ္ပည်းထိုး မှတ်တမ်းတင်ပေးခဲ့သည်။


၂၀၀၄။ သြဂုတ် ၁၅ ရက်၊ တနင်္ဂနွေနေ့ နံနက် (၁၁း၃၀)နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၁၈)၊ ဦးထွန်းလင်းခြံလမ်း၊ “သပြေ ညို” နေအိမ်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ကြည်ကြည်နှင့်သား ဦးဉာဏ်စိုး၊ ဦးထင်ကျော်၊ သမီး ဒေါ်ထားချို တို့ကျန် ရစ်သည်။ ရုပ်ကလာပ်ကို ရေဝေးအကွက်အမှတ်(၅၁)တွင် ဂူသွင်းသြင်္ဂိုဟ်သည်။


ဆရာမင်းသုဝဏ် ရေးသားပြုစုခဲ့သော စာအုပ်များ


၁။ ခေတ်စမ်းပုံပြင်များ


(သိပ္ပံမောင်ဝ၊ ဦးဧမောင်၊ ဇော်ဂျီ၊ ကုသတို့နှင့်တွဲဖက်)၊ ၁၉၃၄၊


၂။ မင်းသုဝဏ်၊ ၁၉၃၆၊


၃။ ခေတ်စမ်းကဗျာများ


(ဦးဧမောင်၊ ဦးသိန်းဟန်၊ ဦးညွန့်၊ ဦးတိုးအောင်၊ ဒေါ်ခင်စောမူ၊ ဦးဘသောင်း၊ ဦးစောမောင်မောင်တို့နှင့်တွဲဖက်)၊ ၁၉၃၇၊


၄။ အပိုမြန်မာဖတ်စာ စာအုပ်(၅)၊ ၁၉၃၈၊


၅။ မောင်ခွေးဖို့၊ ၁၉၄၀၊


၆။ သပြေညိုနှင့်  အခြားကဗျာများ၊ ၁၉၄၁၊


၇။ ဗမာ့သမိုင်းပုံပြင်များ


(ဦးဘသောင်း၊ ဦးအုန်းဖေ၊ ဦးသိန်းဟန်တို့နှင့်တွဲဖက်)၊ ၁၉၄၃၊


၈။ စာပေလောက၊ ၁၉၄၈၊


၉။ ဝိဇယပြဇာတ်အဖြေသစ်၊၁၉၅၁၊


၁၀။ မြန်မာသတ်ညွှန်းကျမ်း၊၁၉၅၂၊


၁၁။ ကလေးများအဖို့ ပုံပြင်ဝတ္ထုများ  (ပ)၊ ၁၉၅၂၊


၁၂။ ကလေးများအဖို့ ပုံပြင်ဝတ္ထုများ  (ဒု)၊ ၁၉၅၂၊


၁၃။ ဦးကြင်ဥ၏ ပါပဟိန်ပြဇာတ်၊  ၁၉၅၂၊


၁၄။ တက္ကသိုလ် မြန်မာအဘိဓာန်   (၅)တွဲ၊ ၁၉၅၂-၆၄၊


၁၅။ တွင်းသင်းမင်းကြီးအလိုကျ၊  ၁၉၅၃၊


၁၆။ (က) သုံးပွင့်ဆိုင်ခေတ်စမ်းစာပေ 

(သိပ္ပံမောင်ဝ၊ဇော်ဂျီတို့နှင့်တွဲဖက်)၊


(ခ) လူရွှန်း

(တရုတ်-ဗမာချစ်ကြည်ရေးအသင်းက ထုတ်ဝေ)၊ ၁၉၅၅၊


၁၇။ သူငယ်တန်းမြန်မာဖတ်စာ (ဦးဖေမောင်တင်နှင့်တွဲဖက်)၊ ၁၉၅၆၊


၁၈။ ပထမတန်း မြန်မာဖတ်စာ(ဦးဖေမောင်တင်နှင့်တွဲဖက်)၊ ၁၉၅၇၊


၁၉။ ခေတ်မူလတန်းမြန်မာဖတ်စာ  (ဦးဘနှင့်တွဲဖက်)၊ ၁၉၅၇၊


၂၀။ တတိယတန်းမြန်မာဖတ်စာ (ဦးဘနှင့်တွဲဖက်)၊ ၁၉၅၈၊


၂၁။ စတုတ္ထတန်းမြန်မာဖတ်စာ  (ဦးဘနှင့်တွဲဖက်)၊ ၁၉၅၈၊


၂၂။ မူလတန်းမြန်မာဖတ်စာ (ဦးဘနှင့်တွဲဖက်)၊ ၁၉၆၀၊


၂၃။ ပထမတန်းမြန်မာဖတ်စာ (ဦးဘနှင့်တွဲဖက်)၊ ၁၉၆၁၊


၂၄။ တွင်းသင်းမင်းကြီး၏ ဘလ္လာတိယပျို့၊ ၁၉၆၁၊


၂၅။ ဦးပုညဝတ္ထု (၄)ပုဒ်၊ ၁၉၆၁၊


၂၆။ မေတ္တာနှင့်သစ္စာ၊ ၁၉၆၂၊


၂၇။ တက္ကသိုလ်မြန်မာသတ်ညွှန်းကျမ်း၊ ၁၉၆၃၊


၂၈။ ကဗျာ့ပရိယာယ် (မင်းယုဝေနှင့်တွဲဖက်)၊ ၁၉၆၃၊


၂၉။ ပန်းနှင့်ပင်စည်၊ ၁၉၆၅၊


၃၀။ မြန်မာစာမြန်မာမှု၊ ၁၉၆၅၊


၃၁။ နှလုံးလှပုံပြင်များ၊ ၁၉၆၅၊


၃၂။ ကဗျာရေးချင် စာစပ်သင်၊ ၁၉၆၅၊


၃၃။ ခရီးသည် (ဇော်ဂျီနှင့်တွဲဖက်)၊ ၁၉၆၅၊


၃၄။ ဖိုးသူတော်ဦးမင်း၏သဘာဝပြက္ခဒိန်၊ ၁၉၆၆၊


၃၅။ ကလေးပုံပြင် ၂၄ပုဒ်၊ ၁၉၆၆၊


၃၆။ ပျဉ်းမငုတ်တို၊ ၁၉၆၈၊


၃၇။ ရေချမ်းစင်၊ ၁၉၇၀၊


၃၈။ အင်းယားကန်သို့ အိုကုတို့၊ ၁၉၇၃၊


၃၉။ မိုးပေါ်မှာကြယ်တစ်လုံး၊၁၉၇၄၊


၄၀။ အာကာတစ်ခွင် မြေပြင်တစ်ဝန်း၊ ၁၉၇၄၊


၄၁။ ခေတ်စမ်းပုံပြင်များ(ခ) ခေတ်စမ်းဝတ္ထုများ

   (သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ကုသတို့နှင့်တွဲဖက်)


၄၂။ မောင်ခွေးဖို့ (၄၅)ပုဒ်၊ ၁၉၈၆၊


၄၃။ မောင်ခွေးဖို့နှင့်မထွေးဖို့ကဗျာများ၊ ၁၉၉၇၊


၄၄။ မင်းသုဝဏ်ကဗျာပေါင်းချုပ်၊ ၁၉၉၇၊


၄၅။ ခေတ်စမ်း၏ ပန်းသုံးပွင့် (သိပ္ပံမောင်ဝ၊ဇော်ဂျီနှင့်တွဲဖက်) ၁၉၉၉၊


၄၆။ ၉၂နှစ်ပြည့် မွေးနေ့အမှတ်တရကဗျာများ၊ ၂၀၀၁၊


၄၇။ မင်းသုဝဏ်၏ ဝတ္ထုတိုများ၊ ၂၀၀၂၊


၄၈။ ကလေးပုံပြင်များ၊၂၀၀၄၊


၄၉။ မြန်မာစာပေပညာရှင် တွင်းသင်းမင်းကြီး၊ ၂၀၀၄၊


၅၀။ သီချင်းသည် ချိုးကလေးနှင့် နှလုံးလှပုံတိုပတ်စများ၊၂၀၀၅၊


၅၁။ မြန်မာစာအုပ်ဝေဖန်ချက်များ၊  ၂၀၀၆၊


၅၂။ ကလေးများအဖို့ ပုံပြင်ဝတ္ထုများ၊ ၂၀၀၇၊


၅၃။ ကျောင်းသားဘဝနှင့်ဗဟုသုတ၊ ၂၀၁၁၊


အင်္ဂလိပ်ဘာသာနှင့် ပြုစုခဲ့သော စာအုပ်စာတမ်းများ


01။ Development of the Burmese Language in the Medieval Period, 1938.


02။ Some Problems of a lexicographer in Burmese, 1956.


03။ A Translation of Three Shield – Deances Songs Attributed to the Lord of Myinzaing, 1974.


04။ Some Burmese Poems Depiciting Burmese Life, 1977.


05။ Taytu – The ancient name of Peking in a Burmese Lithic Inscription of Pagen, 1977.


06။ Spoonerism in Burmese (Myanmar), 1978.


ဘာသာပြန်လုံးချင်းစာအုပ်များ


၁။ ဟိုက္ကူကဗျာ မြည်းစရာ၊၁၉၈၀၊


၂။ လီယာမင်းကြီး၊၁၉၈၄၊


၃။ ၅၅၀ ဇာတ်ပင်လယ်(ပ)၊ ၁၉၈၉၊


၄။ ၅၅၀ ဇာတ်ပင်လယ်(ဒု)၊ ၁၉၈၉၊


၅။ ရာဘင်ဒြာနတ်တဂိုး စာပေပဒေသာ

(မောင်ဖြူး၊ဇော်ဂျီတို့နှင့်တွဲဖက်ရေး)၊ ၁၉၉၀၊


၆။ ဓမ္မပဒ၊


၇။ နိုင်ငံရပ်ခြားယဉ်ကျေးမှုဝတ္ထုတိုများ၊ ၁၉၉၄၊


ရေးသားတည်းဖြတ်သောစာအုပ်များ


၁။ ဂါမဏိစန္ဒာပျို့


(ဆီးမီးခံရွာစား – ဦးရွှန်း)၊ ၁၉၃၆၊


၂။ ဗမာ့သမိုင်းပုံပြင်များ၊


(ဦးသိန်းဟန်နှင့်ပူးတွဲတည်းဖြတ်) ၁၉၄၃၊


၃။ မာလာမြိုင်ကဗျာများ – ငွေတာရီ၊ ၁၉၄၇၊


၄။ ရတနာကဗျာများ – (မင်းယုဝေ၊ ငွေတာရီ ) - ၁၉၅၀၊


၅။ အလယ်တန်းမြန်မာစာဖြေနည်း(ခေါ်) အလယ်တန်းကျောင်းသုံး

မြန်မာစကားပြေနှင့်ကဗျာကောက်နုတ်ချက် အဖြေပေါင်းချုပ်။ ၁၉၅၀-၅၉၊


၆။ ရခိုင်သူမြတ် လောကသာရပျို့ အဖြေအဘိဓာန်၊ ၁၉၅၅၊


၇။ ကလေးများအဖို့ ဗုဒ္ဓဝင် – နုယဉ်၊ ၁၉၅၆၊


၈။ ရှင်ဥက္ကံသမာဏိ –  တောင်သူဆိုရတုအဖြေ၊ ၁၉၅၆၊


၉။ ရှင်ဥတ္တမကျော် တောလားနှင့် လက်ဝဲသုန္ဒရရတုများ၊ ၁၉၆၄၊


၁၀။ ကဗျာ့ဥယျာဉ် (ဇော်ဂျီ၊ ဦးဘနှင့်တွဲဖက်)၊ ၁၉၆၄၊


၁၁။ ကဗျာ့ဥယျာဉ် (ဇော်ဂျီ၊ တက္ကသိုလ်ဘဘကြီးနှင့် တွဲဖက်)၊


၁၂။ ရှင်မဟာရဋ္ဌသာရ၏ ပကိဏ်္ဏက စာစု   (ဦးအုန်းရွှေနှင့်တွဲဖက်)၊ ၁၉၆၈၊


၁၃။ ရခိုင်ရှင်သီလဝံသ – ကဝိဂန္ဓကျမ်း၊ ၁၉၇၄၊


၁၄။ မြန်မာ-ဂျပန် အဘိဓာန်၊ ၁၉၇၉၊



ဆရာမင်းသုဝဏ်၏ ကလောင်အမည်များ


၁။ စိန်ဂျွန်းပျော် – မောင်ဝန် (ဦးအာကာသန်းတပည့်)၊


၂။ စိန်ဂျွန်းပျော်၊


၃။ စိန်ဂျွန်းပျော်၊ ကွမ်းခြံကုန်းမြို့၊


၄။ စိန်ဂျွန်းပျော်မော်ဝန်၊


၅။ စိန်ဂျွန်းပျော်မော်ဝန်၊ ကွမ်းခြံကုန်း မြို့၊


၆။ ကွမ်းခြံကုန်း-သုဝဏ်-၁၀တန်း၊


၇။ မေဃဝန်၊


၈။ ကွမ်းခြံကုန်း-မေဃဝန်၊


၉။ မေဃဝန် – ကွမ်းခြံကုန်း၊


၁၀။ သုဝဏ်၊


၁၁။ မောင်သုဝဏ်၊


၁၂။ စန်းသော်တာ၊


၁၃။ ကွမ်းခြံကုန်းတောင်စုအစွန်က မောင်သုဝဏ်၊


၁၄။ ကွမ်းခြံကုန်းတောင်စုအလွန်က မောင်သုဝဏ်၊


၁၅။ မင်းသုဝဏ်၊


၁၆။ မြဝတ်ရည်၊


၁၇။ မြဝတ်ရည်-ဟံသာကျေး၊


၁၈။ ရွှေကညစ်၊


၁၉။ ခင်သိင်္ဂီ (ဟံသာဝတီ)၊


၂၀။ မွန်ကလေး၊


၂၁။ နောက်လိုက်၊


၂၂။ မောင်ရွှေချည်၊


၂၃။ ဦးဝန်၊


၂၄။ တက္ကသိုလ်မင်းသုဝဏ်၊


၂၅။ ဝါသဝ၊


၂၆။ အညတြ၊


၂၇။ ဝိဇ္ဇာမြတ်စို၊


၂၈။ ငညို၊


၂၉။ သုတေသီ၊


၃၀။ မင်္ဂလာ၊


၃၁။ ဝေဠုသုမန၊


၃၂။ သိချင်သူ၊


၃၃။ ခလောက်တရာကငသောကြာ၊


၃၄။ မောင်ရူပ(ဟင်္သာတ)။


[စာဆိုမင်းသုဝဏ်၏ စာပေနှင့် ဘဝဖြစ်စဉ်မှတ်တမ်းကို ဆရာကြီးမင်းသုဝဏ်၏သား ဦးထင်ကျော်(ဒလဘန်း)ရေးသား ပြုစုခဲ့ပါသည်။]


No comments: