📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ
Showing posts with label ဂီတကဏ္ဍ. Show all posts
Showing posts with label ဂီတကဏ္ဍ. Show all posts

Thursday, September 17, 2020

လူထုဦးလှ+ရှေ့နေဦးလှညွန့် ၏ ဆွေးနွေးတင်ပြချက်ဖြစ်သော မြန်မာမှုနှင့်တေးဂီတ






*******************************

မန္တလေးမြို့တွင်  ၁၉၆၃ ခုနှစ်က ကျင်းပခဲ့သည့် 

ဂီတကောင်စီ နှီးနှောဖလှယ်ပွဲတွင် 

လူထုဦးလှ+ရှေ့နေဦးလှညွန့် ၏ ဆွေးနွေးတင်ပြချက်ဖြစ်သော

မြန်မာမှုနှင့်တေးဂီတ 




Wednesday, September 16, 2020

ရွှေပြည်ဦးဘတင် ၏ ဆွေးနွေးတင်ပြချက်ဖြစ်သော မြန်မာ့မူ နှင့် တေးဂီတ

 မန္တလေးမြို့တွင်  ၁၉၆၃ ခုနှစ်က ကျင်းပခဲ့သည့် 

ဂီတကောင်စီ နှီးနှောဖလှယ်ပွဲတွင် 

ရွှေပြည်ဦးဘတင် ၏ ဆွေးနွေးတင်ပြချက်ဖြစ်သော

မြန်မာ့မူ နှင့် တေးဂီတ

@@@@@@@@@@@@@@@@@@@@@@@








တက္ကသိုလ်ဘုန်းနိုင်၏ ဆွေးနွေးတင်ပြချက်ဖြစ်သော ခေတ်ပေါ်တေးဂီတ တိုးတက်မြှင့်တင်ရေး

မန္တလေးမြို့တွင်  ၁၉၆၃ ခုနှစ်က ကျင်းပခဲ့သည့် 
ဂီတကောင်စီ နှီးနှောဖလှယ်ပွဲတွင် 
တက္ကသိုလ်ဘုန်းနိုင်၏ ဆွေးနွေးတင်ပြချက်ဖြစ်သော
ခေတ်ပေါ်တေးဂီတ တိုးတက်မြှင့်တင်ရေး

@@@@@@@@@@@@@@@@@@@@




 

Monday, August 24, 2020

ဂီတအကြောင်း (၅)

 ဂီတအကြောင်း (၅)


#ကာချင်း #လေးချိုး #သံချို #သဖြန်

#ငိုချင်း 



#ကာချင်း


ကာချင်းဟူသည် လက်တစ်ဖက်တွင် ဓား၊ လှံ စသည်တို့ကိုကိုင်လျှက် ကျန်တစ်ဖက်တွင် ကာကိုကိုင်ကာ ကသည့်အခါ သီဆိုသော သီချင်းဖြစ်သဖြင့် ကာချင်းဟူ၍ ခေါ်သည်။ မြန်မာစာပေသမိုင်းတွင် ရဲရင့် ခန့်ညား ထယ်ဝါသော ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေသည့် စစ်ချီသီချင်း အဖွဲ့ဖြစ်သော ကာချင်းသည် တစ်ခုအပါအဝင် ဖြစ်သည်။ ပင်းယခေတ် ကောင်းစားသည့် သက္ကရာဇ် ၆၇၄-ခုနှစ်၊ တစ်စီးရှင် သီဟသူမင်း လက်ထက်တွင် ကာချင်း ပေါ်ပေါက်လာခဲ့သည်။


ကာချင်း အဖွဲ့သည် ရဲရင့်၏၊ မာန်ဝင့်၏၊ တက်ကြွရွတ်ဆိုရသူ၏ စိတ်ကို မျိုးချစ်စိတ်ဖြင့် ပြည့်လျှမ်းစေသည်။ ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေ၏။ ဖြတ်လပ်မှု၊ စိတ်ထက်သန်မှု၊ စွန့်စားမှု၊ သတ္တိရှိမှုကို ဖြစ်စေသည်။ စစ်သွေးစစ်မာန်ကြွ၍ ဓားရေး၊ လှံရေး ပြလိုသော် စစ်သည် သူရဲကောင်းစိတ်မျိုး ဝင်စေသည်။ ထို့ပြင်တိုင်းပြည်၏ ပတ်ဝန်းကျင် သာယာပုံတို့ကို ရောယှက်၍ ဖွဲ့ဆိုထားခြင်းဖြင့် ဖတ်ရှုရသူ၏ စိတ်နုလုံးကို ညွှတ်နူး အေးချမ်းစေ၏။


သက္ကရာဇ် ရ၀၄-ခုနှစ်၊ မြင်စိုင်း ငါးစီးရှင်ကျော်စွာ ကိုယ်တော်တိုင် ကတော်မူသည့် ကာချင်းသည်လည်း တက်ကြွမှု၊ ရဲရင့်မှု အပြည့်အဝ ပါရှိလေသည်။


`တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်းတကောင်းသားလော၊ တကောင်းတကောင်း´

အစချီသော ပထမအပိုဒ်တွင် ကျုံးရေတံတိုင်း ကာဆီး၍ ဆင်မြင်းစစ်အင်အား ပြည့်စုံပုံကို ရေးဖွဲ့ခဲ့သည်။

`တာဝတိန်သာ နတ်ရွာလော၊ နတ်ရွာလော၊ ဟုတ်တည်းသျှင်ချင်း သျှင်ချင်း။ ဟုတ်တည်း ဆွေရင်း ဆွေရင်း။ ဟုတ်တည်းသည်းရင်း သည်းရင်း။ ။မြင်စိုင်းဟူသည်၊ ရွှေပြည် ရွှေပြည်´

စသည်အားဖြင့် မြင်စိုင်းပြည်သူ စစ်သည် သူရဲတို့၏ မျိုးချစ်စိတ် စစ်သွေးစစ်မာန် တက်ကြွလာအောင် ရာသီပန်းမန် မြို့ပြ အခြေအနေများနှင့် ရောစပ်ကာ ရေးဖွဲ့စပ်ဆိုခဲ့သည်။ ဤကာချင်းများကို သီဆိုကခုန်ခြင်းဖြင့် စစ်သွေးစစ်မာန် တက်ကြွကာ တိုင်းပြည်နှင့် အမျိုးကို ချစ်သည့်စိတ်များ တိုးပွားလာစေခဲ့သည်။


ကာချင်းသည် ရှေးကျသော မြန်မာကဗျာ အဖွဲ့ အနွဲ့တစ်မျိုးဖြစ်သည်။ ထိုကဗျာမှာ သီချင်းသဘောလည်း သက်ဝင်၍၊ ပင်းယခေတ်တွင် ဒိုင်းများ ကာများကို ကိုင် ဆောင်ကာ စစ်ဟန်ခင်းကျင်း ကခုန်ယင်း သီဆိုလေ့ရှိသဖြင့် ကာသီချင်း ကာချင်းဟုခေါ်ဆိုခြင်းဖြစ်သည်။


မြန်မာဂန္ဓဝင်တွင် ကာချင်းအနည်းငယ်မျှသာ တွေ့ရသည်။ ပြည်မင်း မျက်နှာရှည်လက်ထက် ရေးသားခဲ့သော 'အုံ့ကာမည်း ကြားကာရိုက်ကြိုး၊ ပျဉ်ထောင်မိုး' အစချီ ကာချင်းတစ်ပုဒ်၊ သက္ကရာဇ် ၆၇၄ ခုနှစ် ပင်းယ တစ်စီးရှင် သီဟသူမင်း လက်ထက် ရေးသားခဲ့သော 'ခါးပတ်တော်မှာ ရွှေခြည်စုံ၊ မှိုင်းလုံး ရွှေဝတ်လုံ၊ မလုံသာချမ်းအေး' အစချီ ကာချင်း တစ်ပုဒ် အပြင် သက္ကရာဇ် ရဝ၄ ခုနှစ် မြင်စိုင်း ငါးစီးရှင် ကျော်စွာမင်း ကိုယ်တိုင် သီဆိုကခုန်ခဲ့သော 'တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်း ဘကောင်း သားလော၊ ဘကောင်း ဘကောင်း'အစချီ ကာချင်းနှင့်'တာဝတိံသာ နတ်ရွာ လော၊ နတ်ရွာလော၊ ဟုတ်တည်း သျှင်ချင်း သျှင်ချင်း' အစ ချီသော ကာချင်းတို့ကိုသာလျှင် ယခုအခါ တွေ့ရတော့သည်။


ပင်းယခေတ် လွန်ပြီးနောက် အင်းဝခေတ် ကုန်းဘောင် ခေတ်များတွင် ကာချင်းများစပ်ဆိုသည်ကို မတွေ့ ရချေ။ ကာချင်းတွင် အဲအဏ်တို့တွင်ကဲ့သို့ ရာသီပန်းမာလ် မြို့ပြ အခြေအနေများကို ထည့်သွင်းစပ်ဆိုလေ့ ရှိသည်၊ ကာကို ကိုင် ၍ ကရသော သီချင်းဖြစ်သော်လည်း ရဲတင်း ရဲချင်း အဖွဲ့အနွဲ့ များလောက် စိတ်စိတ် စစ်သွေး ဇာတိမန်ကို နှိုးဆော်သော သီချင်းမျိုးကား မဟုတ်ချေ။


ကာချင်း၏ ကာရန်စနစ်မှာ လေးလုံးစပ် မဟုတ်သော်လည်း လေးလုံးစပ်မှ ဆက်ပွားသော စနစ်ပင် ဖြစ်သည်။ လူးတားများ တွင် ရတုညှပ်သကဲ့သို့ ကာချင်းတွင်လည်း သံပေါက်ညှပ်၍ စပ်ဆိုလေ့ရှိသည်။


#လေးချိုး


လေးချိုး သည် တက်သံ ခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခုနှင့် အောက်မြစ်သံ၊ ဝိသဇ္ဇနီသံတို့ဖြင့် ချရသော အချိုးနှစ်ခုပေါင်း အချိုးလေးခုပါဝင်သော မြန်မာကဗျာအမျိုးအစား ဖြစ်သည်။


လေးချိုးစပ်နည်း


ဒွေးချိုးနှင့် တြိချိုးစပ်နည်းကိုသိလျှင် လေးချိုးစပ်နည်းသည် မခက်ခဲပေ။ အခြေခံ ဒွေးချိုးအပေါ်တွင်တက်သံခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခု ထပ်ဆင့်လိုက်လျှင် လေးချိုးဖြစ်လာသည်။ လေးချိုးတွင်တတိယအချိုး၌ ခွာထောက်ကာရန် ပါလေ့ရှိသည်။


လေးချိုးဆိုသည်ကား အအုပ်အခံ ကာရန်အချိုး အစား လေးပိုဒ်တို့ဖြင့် ရေးသားစီကုံးရသော တေးမျိုးကိုဆိုလိုသည်။

ဥပမာ-

၁။ မြတ်လေးဖြူ စံပယ်သင်းပြန်တော့၊ နတ်သွေးတူ ရွယ်ယမင်းတွေက၊ သွယ်သွယ်ညှင်း ကုံးကာဆင်။ ။

၂။ စာပြန်ပွဲကိုလ၊ ဟန်နွှဲကာ တူနှစ်ဖော်နှင့်၊ အလှူတော်ကောင်းမှုပွား အောင်ကွယ်၊ သွားကြပျော်ရွှင်။ ။

၃။ နွေနယုန် မေထုန်လဟာမို့၊ မြေဝသုန် လေဟုန်ခပြန်တော့၊ ရွှေမှုန် ထပါလို့ ညိုလွင်လွင်၊ ဟိုတစ်ခွင်မှာဖြင် အုံ့ကာမှိုင်း။ ။

၄၊ စည်ပုစွန် ရိုက်ချုန်းရောင်ခြည်ဝှန်၍၊ တသွန်သွန် ဟန်ကုန်နွှဲပါလို့၊ အမ္ဗုန် မာန်ဟုန်နှင့် သဲလှတယ်ကွယ်၊ ရွှဲကြလူတိုင်း။

( နယုန်လဘွဲ့ လေးချိုး )


လေးချိုးကဗျာ ရေးသားရာ၌ အခံပိုဒ်နှစ်ခု၊ အအုပ်ပိုဒ်နှစ်ခု ရှိရမြဲဖြစ်သည်။ အခံပိုဒ်နှစ်ခုတွင် အက္ခရာ သို့မဟုတ် ပဒနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အချီအချဟု အခြင်းအရာအားဖြင့် ပါမြဲဖြစ်သည်။ သို့ဖြစ်၍ အခံပိုဒ်နှစ်ခုလုံးကို လဟုသံဖြင့်ချီ၍ ဂရုသံဖြင့် ချရမြဲဖြစ်သည်။ အအုပ်ပိုဒ်နှစ်ခုတို့တွင် ပထမချိုးဖြစ်သော အအုပ်ပိုဒ်ကို ပထမ အခံပိုဒ်ကဲ့သို့ ချီ၍ အခံပိုဒ်နှစ်ခုကဲ့သို့ ဂရုသံကာရန်တူအုပ်ကာ ချလိုရာ လဟုသံတစ်ခုခုသို့ ပြောင်း၍ချရသည်။ စတုတ္ထချိုးကိုမူ ဂရုသံဖြင့်ချီ၍ တတိယချိုး၏ အချနှင့် လဟုသံ ကာရန်တူ ချမြဲဖြစ်သည်။



အထက်ပါ စည်းမျဉ်းအရ အခံပိုဒ် ပထမအချိုးတွင် 'သင်း' ဟု အင်းကာရန် လဟုသံဖြင့် ချီ၍အဆုံး၌ 'ဆင်' ဟုအင်ကာရန် ဂရုသံဖြင့် ချသည်။ ထိုအတူ ဒုတိယအချိုးတွင် 'ပွဲ' ဟု အဲကာရန် လဟုသံဖြင့် ချီ၍ အဆုံး၌ ' ရွှင်' ဟု အင်ကာရန်ဂရုသံဖြင့်ချသည်။ တတိယအချိုး၌ 'နွေ နယုန် မေထုန်လဟာမို့' တွင် 'မို့' ဟု ပထမအချိုးကဲ့သို့ လဟုသံဖြင့် ပြန်ချီပြီးလျှင် ပထမ၊ ဒုတိယတို့၏ အချကာရန်တူ 'လွင်' ဟု ခံကာ 'ခွင်' ဟုအုပ်၍ 'မှိုင်း' ဟု လဟုသံဖြင့်ချသည်။ စတုတ္ထအချိုး၌ 'စည်ပုစွန်' ဟု အက္ခရာ သုံးလုံးရှိ 'စွန်' ဂရုသံဖြင့် ချီ၍ 'တိုင်း' စု တတိယ အချိုး၏ အချကာရန်တူ လဟုသံဖြင့်ချသည်။


လေးချိုးကို လေးဆစ်ဟူ၍လည်းခေါ်သည်။ လေးဆစ်ချိုးဟူ၍ လည်းခေါ်သည်။ လေးဆစ်ကို အခြားကဗျာများနှင့် မရောနှောဘဲ သီးခြား ရေးထားသော အချင်းမျိုးကို လေးဆစ်ဟူ၍ ခေါ်သည်။ တစ်နည်းအားဖြင့် အခြားကဗျာမှာ နောက်ဆုံးတွင် ရေးသောအချင်းမျိုးကို လေးဆစ်ဟူ၍ခေါ်သည်။ တစ်နည်းအားဖြင့် အခြားကဗျာမှာ နောက်ဆုံးတွင် ရေးသားလေး ဆစ်ကို သံထောက်ဟူ၍ခေါ်သည်။ တစ်နည်းအားဖြင့် အဆုံးလည်းမဟုတ်၊ တစ်ပုဒ်တည်း လေးဆစ်လည်းမဟုတ်ဘဲ အခြားစာများမှာ ရောနှောရေးသားထားသော လေးဆစ်ကို သဖြန်ဟူ၍ မှတ်ယူရေးသားလေ့ရှိသည်။ တစ်နည်း အားဖြင့် ကာလဒေသအလိုက် ခွန်းထောက်ဟူ၍လည်း ရေးသားကြသေးသည်။ ရှေးကျသော လေးဆစ်စာများမှာ လွန်စွာ စာလုံးနည်း၍ အဓိပ္ပာယ် ကျယ်ဝန်းပြီးလျှင် စာသားနကိုမှာလည်း တိုတိုကျဉ်းကျဉ်းသာ ရေးကြသည်။ ဤကဲ့သို့ ရေးသည်ကိုလေးဆစ်ဟု အမှတ်ပြုကြသည်။ လေးဆစ်ကို ချဲ့ထွင်ပြလျှင် လေးဆစ်ဘောလယ်ဟူ၍လည်းကောင်း၊ လေးဆစ်ပုလဲဟူ၍ လည်းကောင်း စာဟောင်းပေမူ ပုရပိုက်များတွင် တွေ့မြင်ရလေသည်။


ထို့ပြင် လေးချိုးသည် လေးချိုးငယ်၏ လေးချိုးလတ်၊ လေးချိုး ကြီးဟူ၍ သုံးမျိုးပြားပြန်၏။ ထိုသုံမျိုးတွင် လေးချိုးငယ်ကို လေးဆစ်သဖြန် ဟူ၍လည်းကောင်း၊ လေးဆစ်ကွန်းထောက် သဖြန်ဟူ၍လည်းကောင်း အထူး ပြု၍ခေါ်သည်။ လေးချိုးလတ်ကို လေးချိုးဟူ၍ပင် သာမညအားဖြင့်ခေါ် သည်။ လေးချိုးကြီးကို လေးချိုးကြီးဟူ၍လည်းကောင်း၊ အလွန်ကြီးက မဟာလေးချိုးကြီးဟူ၍လည်းကောင်း အထူးပြု၍ခေါ်သည်။ လေးချိုးကြီး သည်လည်း ကာလပေါ်လေးချိုးကြီး၊ ရှေးရိုးလေးချိုးကြီးဟူ၍ နှစ်မျိုးပြား၏။ ရှေးရိုးလေးချိုးကြီးကို သံချိုလေးကြီးဟူ၍လည်းခေါ်သည်။ တစ်နည်းအားဖြင့် စာပေဖြင့် လေးချိုးကြီး၊ စာထောင့်လေးချိုးကြီးဟူ၍လည်း နှစ်မျိုးပြားပြန်၏။ထိုမှတစ်ပါး ပုံကြီးသံ၊ စည်တော်သံ၊ တေးရိုးခေါ်သော သီချင်း မျိုးမှာလည်း အခံအချိုး အအုပ်အချိုးကွပ်သိမ်းချက်ထား၍ ရေးသမျှသည် လေးဆစ်ချိုးသဘောမျိုးအရင်းခံတွင် အသံယူအသံထားသာ ကွဲပြားကြလေသည်။


#သံချို


အသံချိုချိုသာသာရွတ်ရသော လေးချိုးကဗျာမျိုးဖြစ်သည်။ ရုပ်သေးပွဲများတွင် လက်စွဲတော်ရုပ်ခေါ် စာဆိုရုပ်ကို ကိုင်ရသော စာဆိုကိုင်သည် အလှူအကြောင်း၊ အလှူရှင်အကြောင်းတို့ကို ရုပ်သေးစင်လက်တန်းကိုကိုင်လျက် ဇဝနဉာဏ်ဖြင့် ချက်ချင်းဖွဲ့ဆိုလေ့ရှိသော ကဗျာမျိုးဖြစ်သည်။ ထို့ကြောင့် လျင်မြန်သော ဇဝနဉာဏ်ကိုပင် လက်တန်းဉာဏ်ဟု ဆိုကြခြင်းဖြစ်သည်။


သံချိုစပ်နည်း


သံချိုစပ်နည်းမှာ လေးချိုးစပ်နည်း အတိုင်းပင် ဖြစ်သည်။ အချိုး လေးချိုးပါသည်။ တတိယအချိုးတွင် ခွာထောက်ကာရန်ပါသည်။ ချီသံ ချသံအနေအထား၊ ကာရန် အနေအထား အနည်းငယ်ကွဲသည်။ သို့ရာတွင် သံချိုသီဆိုပုံကို နားထောင်ကြည့်မှသာလျှင် သံချို၏သဘောကို နားလည်နိုင်ပေမည်။ ကာရန်ယူပုံစနစ်မှာမူ လေးချိုး ကာရန်ယူပုံအတိုင်းပင် ဖြစ်သည်။


သံချိုစာဆိုများ


မြန်မာစာပေလောကတွင် ထင်ရှားသော သံချိုစာဆိုမှာ မောင်းထောင် ဦးကျော်လှ ဖြစ်သည်။ ဦးကျော်လှအပြင် သာဝတ္ထိဦးကြီး၊ အလုံမြို့ ကင်းစမ်းရွာက ဦးမြတ်ဝင်း၊ ကျောက္ကာရွာက ဦးကျော်၊ ချောင်းဦး ဆယ်ရွာက ဉာဏ်ကျယ် အမည်ခံ ဦးကြူ၊ မင်းစာဝန်နှင့် ဦးပျော်ဘွယ် စသည်တို့ ထင်ရှားကြသည်။ ဦးဉာဏ်ကျယ်နှင့် ဦးကျော်လှတို့သည် သံချိုစာဆိုပြိုင်ဖက်များ ဖြစ်ကြသည်။ ၁၉၃ဝ ခုနှစ်နောက်ပိုင်း ခေတ်စမ်းစာပေ ပေါ်ထွန်းသော ခေတ်တွင် ကဗျာစာဆို ဆရာဇော်ဂျီသည် သံချိုအများအပြား ရေးသားဖွဲ့ဆိုခဲ့သည်။


#သဖြန် 


ဒွေးချိုး၊ တြိချိုးနှင့် လေးချိုးတို့ကို တခါတရံ သဖြန် ဟု အမည်တပ်၍ခေါ်သည်ကို တွေ့ဖူးပေမည်။ ထိုသို့ခေါ်သည်မှာ သီဆို တီးမှုတ်မှုဆိုင်ရာ ဂီတသဘောကိုလိုက်၍ ဖြစ်သည်။ ပတ်ပျိုး၊ ယိုးဒယား စသည်တို့ကို သီဆိုတီးမှုတ်၍ ပြီးဆုံးသောအခါ အသံကိုဖြန်ဖြေသော သဘောဖြင့် ဒွေးချိုးကိုဖြစ်စေ၊ တြိချိုးကိုဖြစ်စေ၊ လေးချိုးကိုဖြစ်စေ သီဆို၍ အဆုံးသတ်လေ့ရှိသည်။ ထိုအခါမျိုးတွင် ဒွေးချိုးသဖြန်၊ တြိချိုးသဖြန်၊ လေးချိုး သဖြန်ဟု ခေါ်လေ့ရှိသည်။


သဖြန်ဆိုသည်မှာ ပတ်ပျိုးစသော အထက်သံသီချင်းကြီးများကို ဆိုပြီးနောက် အသံကိုသံမှန်သို့ပြန် ရောက်စေရန် သီဆိုရသောသီချင်းမျိုးဖြစ်သည်။ ယင်းသည် ပတ်ပျိုးစသောသီချင်းကြီးများပေါ်သည့်အခါကျမှ ပညာရှို မှည့်ခေါ်ကြဟန်တူသည်။


သဖြန်သည် အသံနှင့်အဖြန်ဟူသော စကားနှစ်လုံးကို ပေါင်းစပ်ထားခြင်းဖြစ်၍ သီချင်းသို့မဟုတ်အသံကိုပြန်စေ သောသို့မဟုတ်ပြန်ဖြေသောသီချင်းဟုအနက်ထွက်သည်။ ဒွေးချိုး၊ ဒွေးဆစ်၊ လေးချိုးလေဆစ်တို့သည်အဆစ်အပိုင်း အချိုးကိုစွဲ၍ ခေါ်သည့်အမည်ဖြစ်၍ သဖြန်သည်သီချင်းသံကိုအစွဲပြု၍ မှည့်ခေါ်ထားသောသီချင်းဖြစ်သည်။ များသောအားဖြင့်မူ ဒွေးချိုး၊ လေးချိုးစပ်သီချင်းမျိုးဖြစ်သည်။ ပတ်ပျိုးအချတွင် အဆိုများသည်။


သဖြန်ဆိုရာ၌ စည်းကိုက်ဝါးကိုက် ဆိုင်းတောနှင့် ဆိုရသည်။ လူပြိန်းတို့အဖို့သဖြန်သည် ခွန်းထောက်သံနှင့် မထူးခြားဟုထင်ရသည်။ သို့ရာတွင်သဖြန်ကိုငါးပေါက်သံဖြင့်ဆို၍ ခွန်းထောက်ကို ပုလဲပေါက်သံဖြင့်ဆိုရသည်။ ထို့ ကြောင့် *ဦးပြ ုံးချို၏မဟာဂီတပေါင်းချုပ်၌ သဖြန်ငါးပေါက်၊ ခွန်းထောက်ပုလဲဆိုရိုးတည်းဟု ရေးသားထားခြင်းဖြစ် သည်။


သဖြန်အမျိုးအစားအမျိုးမျိုးရှိသည်။ ယင်းတို့မှာ (၁)သံထောက်သဖြန်၊ (၂) ခွန်းထောက် သဖြန်(၃)ကွန်း ထောက်သဖြန်၊ (၄)ရေလားသဖြန်၊ (၅)ရေခင်းသဖြန်၊ (၆)ပုလဲပေါက်သဖြန်တို့ ဖြစ်သည်။


သံထောက်သဖြန်ဆိုသည်မှာ တက်သံ၊ သက်သံ၊ နိမ့်သံ၊ တိုင်သံတည်းဟူသောအသံလေးသံတို့ကို တထောက်နှစ် ထောက်ရပ်နားပြီး ရွတ်ဆိုရသည့်သဖြန်မျိုးဖြစ်သည်။ ခွန်းထောက်သဖြန်ဆိုသည်မှာ သီချင်းကြီး၊ ပြဇာတ်၊ စကားတို့၏အကြားဝယ်နှုတ်ခွန်းဖြင့် ထောက်ပြန်၍ ပြောဆိုမေးမြန်းရသည့်သဖြန်မျိုးဖြစ်သည်။ ကွန်းထောက် သဖြန်ဆိုသည်မှာ ဇာတ်ပွဲသဘင်တို့၌ မင်းသားမင်းသမီးတို့ ခရိးသွားရာတွင် ယာယီတဲနန်းဘုံကွန်းဆောက်၍ ရပ်နား နေသည်ကို ကွန်းထောက်နားသည်။ ကွန်းထောက်ချသည်ဟု ဆိုသည်။ ထိုအခါတွင်ရွတ်ဆိုရသော၊ သို့မဟုတ် ထိုသို့ ကွန်းထောက်ချသည်နှင့်အတူဖြစ်သည့် အကြောင်းအရာများ ကိုဖွဲ့ဆိုရသောသဖြန်မျိုးဖြစ်သည်ဟု မြန်မာစာညွန့်ပေါင်း ကျမ်းကဆိုသည်။ သို့ရာတွင် ဝဇီရဗုဒ္ဓိဦးဖိုးစိန်အလိုအားဖြင့် ထိုသဖြန်မျိုးကိုမြိုင်ထဖြစ်စေ၊ လွမ်းခြင်းဖြစ်စေ ဆိုပြီးမှဆက်လက်ဆိုကြရသဖြင့် မင်းသားကိုနှုတ်ထောက်၍ လျှောက် တင်ရသောသဖြန်ဖြစ်သောကြောင့်ခွန်း ထောက်သဖြန်ဟုသာ ခေါ်ဆိုထိုက်၏။ ကွန်းထောက်ခြင်း၊ စခန်းချခြင်းနှင့် မည်သို့မျှ မဆိုင်သောကြောင့် ကွန်းထောက်သဖြန်ဟုခေါ်ဆိုသည်မှာ အမှားသာဖြစ်သည်ဟု ဆိုသည်။


ရေလားသဖြန်ဆိုသည်မှာ မြစ်ချောင်းအင်းအိုင်တို့၌ ရေကစားသွားလာသည်တို့ကို စပ်ဆိုရသောသဖြန် ဖြစ်၏။ ရေခင်းသဖြန်ဆိုသည်မှာလည်း ရေပြင်ပေါ်၌တပ်ခင်းပြီး စံစားပျော်ပါးနေသည်ကို ဖွဲ့ဆိုသောသဖြန်မျိုးဖြစ် သည်။ ပုလဲပေါက်သဖြန်ဆိုသည်မှာ အထက်ပါခွန်းထောက် သဖြန်ကိုပင် ပုလဲပေါက်အသံဖြင့်ဆိုသည့်အခါ မှည့်ခေါ် သောအမည်ဖြစ်သည်။


သဖြန်များကိုယင်းသို့ဖွဲ့ဆိုသောအကြောင်းအရာအလိုက် အမည်ပေးရုံသာမက စပ်နည်းနှင့် အနက်တို့ကို လိုက်၍လည်း မှည့်ခေါ်ကြသေးသည်။ အချိုးနှစ်ချိုးရှိသောဒွေးချိုးရိုးရိုးကဗျာကို မူလရေးရိုးရေးစဉ်ထက် အနည်း ငယ်ပိုလွန်ကာ အက္ခရာလုံးရေများခြင်း၊ အပိုဒ်ရှည်ရှည်ထားခြင်းတို့ဖြင့် စီကုံးစပ်ဟပ်ခဲ့ပါလျှင် ဒွေးချိုးသဖြန်ဟုခေါ်ကြ သည်။


ပုံစံ ။ ။ အို•ရှုမောဖွယ်၊ထားကေသွယ်၊ သည်ဝယ်ပုံသို့၊မကြံလေသေး။ ဖြူဝန်းငယ်ရာပြိုင်သည်၊ညာပင်တိုင်၊


ရွှေဗွေမြင့်ငယ်ကို၊ပြန်ခွင့်ကနှေး ။ ။ (မြဝတီမင်းကြီးရေးအီနောင်ဇာတ်မှဒွေးချိုးသဖြန်) အချိုးသုံးချိုးစပ်သောကဗျာတွင် ရေးရိုးရေးစဉ်ထက် နည်းငယ်ပိုကာ စပ်ဟပ်ခဲ့ပါလျှင်တြိချိုးသဖြန်ဟုခေါ် သည်။


ပုံစံ ။ ။ သားရွှေဝင်လူကလေးတို့နှင့် အမေလေးပါမောင့်ဖခင်၊တိုင်းပြည်ကနှင်။ မဆင်ခြင်ဗေဒင်ထွက်စကား။ ပုဏ္ဏားဆရာဆိုနှင့်ဦးညိုကိုဗေဒင်ဆေးတယ်ရှင်


(အမယ်မင်း)မေးချက်ကခြား။ ။(မုံရွာဆရာခရေးတြိချိုးသဖြန်) အချိုးလေးချိုးပါသော လေးချိုး၊ သို့မဟုတ်လေးဆစ် ကဗျာတွင် ရေးရိုးရေးစဉ်ထက် အနည်းငယ်ပိုကာ စပ်ဟပ်ခဲ့ပါလျှင် လေးချိုးသဖြန်၊ သို့မဟုတ်လေးဆစ်သဖြန်ဟု ခေါ်သည်။


ပုံစံ ။ ၊၊သူဖြူလျှင်၊အယူဖြောင့်နိုင်ငဲ့၊သူမှောင့်မှာစိုးမိတယ်။ သနားရင်ဖြင့်၊မြင့်ဖျားဟေမာနှင့်၊ ချောင်သေလာရွှေဝါကွေ့မှာတောမွေ့တော့မယ်။ မသေရုံရွေဘုံကြီးမှာလသစ်သီးနှင့်ပွဲတော်တယ်၊ ဖန်ချယ်တဲ့ဝတ်လဲ။ မွှေးလို့ရယ်လှိုင်၊အုပ်လုံးစမ္ပာယ် ကြိုင်တဲ့၊မြကေခိုင်မင်ရေမှဲ့ကို၊


ရှင်းမဲ့ကြံဆဲ။ ။(လှိုင်ထိပ်ခေါင်တင်ရေးလေးဆစ်သဖြန်) အထူးမှတ်သားရန်ကား ဒွေးချိုး၊ လေးချိုးတိုင်း သဖြန်ဖြစ်နိုင်သော်လည်း သဖြန်တိုင်းဒွေးချိုး၊ လေးချိုးဟု မဆိုနိုင်ခြင်းပင်ဖြစ်သည်။ ပုံစံအားဖြင့် မိဖုရားမမြလေးဆိုရှစ်စုံရွက်ကြာပတ်ပျိုးတွင်- သနားမကြင်ရက်ကယ်မို့၊သူ့ထွက်ဖန်ရာဆယ်၊ ရေးနှောင့်အချယ်။အိုဘယ်ခါနေ့ငယ်မှ၊ကိုယ်တွေ့သည် ပူနယ်က၊ အေးလွယ်သည်မှန်း၊ ဟူ၍ချထားရာ ယင်းကဗျာသည်ဒွေးချိုး လည်းမဟုတ် လေးချိုးလည်းမဟုတ်ချေ။ သို့ရာတွင် သီဆိုသံ ကားသဖြန်သံ ပင်ဖြစ်သည်ကိုတွေ့ရသဖြင့် သဖြန်ဟုသတ်မှတ် ရလေသည်။


#ငိုချင်း


မြန်မာဇာတ်ပွဲတို့တွင် လွမ်းခန်း၌ ငိုသောအခါ ဆိုသော သီချင်းသည် ငိုချင်းဖြစ်သည်။ ငိုချင်းဟူသော စကား၏ ဗြုပ္ပါဒ် ကိုရှာသော်၊ ငိုဟူသောသဒ္ဒါနှင့် အချင်း (ရှေးရေး-အခြင်း) ဟူသော သဒ္ဒါ သို့မဟုတ် ငိုဟူသောသဒ္ဒါနှင့် သီချင်းဟူသော သဒ္ဒါနှစ်ခုတို့ ပေါင်းစပ်ထားသောစကား ဖြစ်သည်ဟု ယူဆရန် ရှိပေသည်။ ငိုသည်ဟူသည်မှာ စိတ်နှလုံးပူပန်သောက ရောက် သဖြင့် မျက်ရည်ယိုပြိုက် ရှိုက်ကြီးတငင် ဆိုမြည်တမ်းတခြင်း ပင် ဖြစ်၏။ ထိုကြောင့် ငိုချင်းသည် စိတ်နှလုံးပူပင် သောက ရောက်သည်ကို ဖွဲ့နွဲ့ သီဆိုအပ်သော သီချင်းဟု ဆိုအပ်၏။ ငိုချင်းဟူသော အသုံးအနှုန်းကို ရှင်အဂ္ဂသမာဓိ စပ်ဆို အပ်သော နေမိငရဲခန်းပျို့တွင် 'ရုံးစည်းသောင်းသောင်း၊ ငိုချင်း ပေါင်းလျက်၊ ဆိုးတောင်းခံဘက်၊ တရွာနက်သို့'ဟူဋ္ဌ၎င်း ၊ထို ဆရာတော်၏ သုဝဏ္ဏသျှံ သစ္စာခန်းပျို့တွင် 'ခွေ့ခွေ့ညိုးစွာ၊ ငိုခြင်းရာကား၊ သင်္ချာသုံးထောင်၊ တာပြည့်ဆောင်လျက်' ဟူ၍၎င်း ၊ရင်ခွင်ပိုက်ထား၊ မွေးသည့်သားကို၊ နှစ်ပါးတူညီ၊ လွမ်း ဟန်ချီလျက်၊ ဤကား ညဦးငိုချင်းတည်း'ဟူ၍၎င်း ၊တွေ့ရှိ ရ၏။ ထိုကြောင့် ငိုချင်းဟူသော ဝေါဟာရသည် အင်းဝခေတ် မြန်မာသက္ကရာဇ် ၉ဝဝ ခန့်လောက်ကပင် ပေါ်ပေါက်ခဲ့ပြီဟု ယူဆရန် အကြောင်းရှိ၏။ ထိုအင်းဝခေတ်ပေါ် ငိုချင်းများ သည် ကုန်းဘောင်ခေတ် နောက်ပိုင်းနှင့် ယခုခေတ်ပေါ် ငိုချင်း များနှင့် သီကုံးပုံချင်း တူချင်မှ တူမည်ဖြစ်သော်လည်း နှလုံး မသာမယာ စိတ်ပူပန်တမ်းတမှုကို ဖွဲ့နွဲ့သော အဖွဲ့အနွဲ့များပင် ဖြစ်၍ အခြေခံသဘောချင်းမှာကား တူညီကြပေလိမ့်မည်ဟု ယူဆ မှတ်ဖွယ်ရှိ၏။


အင်းဝခေတ်၌ ငိုချင်းကို မည်ကဲ့သို့ ဖွဲ့နွဲ့သည်ဟု ပြဆိုရန် သာဓက မရှိချေ။ ထိုကြောင့် ထိုခေတ်ရှိ ငိုချင်းအဖွဲ့အနွဲ့မှာ မည်သို့ရှိလေမည်ဟု ဖော်ပြရန် ခက်သည်။ သို့သော် စာပေ အနုပညာသဘော၌ စကားပြေမှ လင်္ကာ၊ လင်္ကာမှ ဂီတဟူ၍ တစ်ဆင့်ထက် တစ်ဆင့် တိုးတက်ပြောင်းလဲလေ့ရှိသည့် သဘောကို ထောက်ချင့်၍ လူတို့၏ ပရိဒေဝတောက်လောင်မှုကို သရုပ်ဖော်ကာ ကရုဏာရသကိုဖြစ်စေသော စကားပြေ အနှုန်း အဖွဲ့မှသည် လင်္ကာအဖွဲ့အနွဲ့၊ ဂီတအဖွဲ့အနွဲ့တို့သို့ အဆင့်ဆင့် တိုးတက်ကူးပြောင်းသည်ဟုဆိုလျှင် ယုတ္တိတန်ရာသည်။ ဤသို့ တိုးတက်ပြောင်းလဲတတ်သော သဘောနှင့်ယှဉ်၍ ကြည့်လျှင် မြန်မာသက္ကရာဇ် ၁၁၁၃ ခု ဟံသာဝတီရောက် မင်းတရားကြီး ဆိုသော အင်းဝမြို့ဖွဲ့ တမ်းချင်းသည် နှောင်းခေတ်၌ ခေတ် စားလာသောငိုချင်းတို့နှင့် သဘောသွားချင်း ဆက်စပ်နေသည် ဟု ယူဆရန်ရှိလေသည်။ယင်းတမ်းချင်းမှာ 'လုဇ္ဇတိပလုဇ္ဇတီတ လောကော၊ သဘောနိယံ၊ လောကဓံနှင့်ဆက်ဆံကြ ုံကြိုက်၊ ကိန်းခန်းလိုက်ဖြင့် ရစ်ပိုက်မြစ်ဆုံ၊ ရွေှဘုံအဝ၊ ပူရိန္ဒကား၊ နရ သနင်း၊ မင်းလည်းရှင်းကွာ၊ ပြည်ရွာပျက်စီး၊ တောကြီး ဟူ လောက်၊ မျက်မှောက်လင်္ကာ၊ သာသနာလည်း၊ ရောင်ဝါမလင်း၊ သို့ဖြစ်ခြင်းကို၊မြော်တင်းစေ့စေ့၊ ကြံအောက်မေ့သော်၊ ပျောင်းခွေ့ ညွတ်ခွေ၊ လွမ်းတာဝေခဲ့'ဟူ၍ ဖွဲ့နွဲ့လေရာ ရတုကဗျာ ဆန်လှ ပေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ရတုဖြင့် တမ်းချင်းကို ဆိုသည်ဟု မှတ်ယူရမည် ဖြစ်၏။


ဤတွင် နန်းတွင်းပြဇာတ်တို့၏ ငိုချင်းဖွဲ့နွဲ့ပုံတို့ကို လေ့လာ နိုင်ရန် ဖော်ပြလိုသည်။ ၁၁၂၉ ခုနှစ်လောက်တွင် ပေါ်ပေါက် သော အီနောင်နန်းတွင်း ဇာတ်တော်ကြီး၌ မင်းသမီးသည် 'မယ်တော်အရင်း၊ နှစ်ပါးမင်းတို့၊ မယွင်းဂတိ၊ သစ္စာရှိလည်း၊ မထိမပါး၊ စရကားနှင့်၊ လားလားဝေးလံ၊ စိတ်အကြံမျှ၊ မဆံ လွန်မိမှန်ပါသည်။ မောင်ကြီးဘုရား၊ သူတပါးသာ၊ မှန်းထား ရင်းသူ၊ ဖြစ်သည်မူလို့၊ ကြည်ဖြူညွတ်ခ၊ ဦးဆံသလို့၊ သက်မျှ မတူ၊ ချစ်ပန်းယူ၊ ကြည်ဖြူကျွန်မ မှန်ပါသည်။ သည်သစ္စာ အား၊ နတ်အများတို့၊ သနားချစ်ခင်၊ မစေချင်၍၊ ရန်စင်ဘေး ခွာ၊ ဖြစ်ပါစေသား၊ ရှင်နတ်များတို့'ဟု ဆို၍ ငိုသည်ဟု ဆိုပါ သည်။ ၁၁၈ဝ ပြည့်နှစ် တစ်ဝိုက်လောက်တွင် ခေတ်စားသော နန်းတွင်းရာမပြဇာတ်၌ မန်ဓောဓရီငိုချင်းဟူ၍ ပါရှိသည်။


ယင်းငိုချင်းမှာ 'အိုအိုအရှင်၊ ထိပ်ခေါင်တင်လေ၊ လင်္ကာပူရ၊ ပြည်ဌာနမှာ၊ တေဇကျော်ဟိုး၊ ဘီလူးမျိုးတွင်၊ တန်ခိုးထွန်းသစ်၊ မင်းတု ဖြစ်လို့၊ ဝန်းရစ်တင့်တယ်၊ ရွေှနန်းလယ်၌၊ မယ်နှင့် တကွ၊ စံပယ်ကြသော်'ဟူ၍ အစချီပြီးလျှင် 'မင်းရာဝဏ၊ ဒသဂီရိ၊ မည်ရှိတွင်မှန်း၊ မဲ့ထိပ်ပန်းငယ်၊ ညှိုးနွမ်းမသာ၊ သည်တစ်ခါမှာ၊ ကြံရာခက်ခဲ့ပြီတကား၊ သေချင်းတူပင်၊ မဲ့သခင်နှင့်၊ လျင်လျင် သေတည့်အောင်၊ မယ်တစ်ကောင်ကို တစ်ယောင်ယောင် မချန်ထားပါနှင့်၊ သျှင်နတ်များလေး'ဟု အဆုံးသတ်၏။ ဤငိုချင်းမှာလည်း တမ်းချင်းကဲ့သို့ပင် ရတု ဆန်ပေသည်။ နန်းတွင်းပြဇာတ်တို့တွင် ငိုချင်းအပြင် လွမ်းချင်းဟူ၍လည်း ရှိသေးသည်။ လွမ်းချင်း၏သဘောမှာ လွမ်းဆွတ်တမ်းတသော သဘော ပါဝင်၏။လှိုင်ထိပ်ခေါင်တင်ရေး ဝိဇယကာရီပြဇာတ်၌ 'လာမချော့လာနှင့်၊ တန်တော့ဖျရွှေကိုယ်၊ ဘုန်းမိုမိုငယ်၊ မယ်ကလိုမောင်မညှာလို့၊ ရှောင်ခွာစိမ်းရက်တယ်လေး။ ။ လှမြတ်စွာငယ်၊ မကြာစေကြောင်း၊ ရွှေစကြာညောင်းမည်လို့၊ သောင်းလုံးမှန်ကူ၊ ရွှေဗျာငြိမ့်နှင့်၊ ဆင်မိန့်တော်မူခဲ့၊ ဒါရူလုံး ကေဆံငယ်၊ တပြည့်စံ နှစ်ပြည်မွေ့လို့၊ သူမေ့တယ်လေး။ ။' ဟူ၍ ပါရှိသည်။


ဦးကြင်ဥ၊ ဦးပုညတို့၏ ပြဇာတ်တို့တွင် ငိုချင်းဟု သီးခြား မတွေ့စေကာမူ လွမ်းချင်းကိုမူ တွေ့ရပေသည်။ လွမ်းချင်းမှာ ငိုချင်း၏ ရှေ့ပြေးဟု ကြံဆနိုင်သည်။ သို့ရာတွင် လွမ်းချင်းကို အလွမ်းအတွက် ဖွဲ့နွဲ့ရာ၌သာမဟုတ်ဘဲ ဟာသရသ ပေါ်လွင် စေရန် ဖွဲ့နွဲ|့သည်လည်း ရှိသေးသည်။ပုံစံအားဖြင့်'စည်းစိမ်ကြီး ပါဘိ၊ ရုပ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထိုင်' ဟု အစချီ၍ 'အဆီရယ်ဖိမ်း၊ မှိန်းတဲ့ချည်နှင့်၊ မကြည်သမ်းဝေ၊ ထယ်မင်းပုံ နေလိုက်တယ်၊ နွားရေပြန့်အပေါ်မှာ၊ ခေါင်းကတော် ကိုယ်တိုင် နှိပ်ခါမှ၊ သူအိပ်တယ်လေး'ဟု အဆုံးသတ်သော လွမ်းချင်းသည် အလွမ်းထက် အသောဖက်ကို ယိုင်လေသည်။


မင်းတုန်းမင်းလက်ထက် ပြင်စည်မင်းသား ကံတော်ကုန်ရာ တွင် စာဆိုတော်မခွေးဆိုသော 'သုံးဆယ်ကပေါ်၊ နှစ်နှစ်ကယ် ကျော်သည်၊ မယ်တော်လည်ဆွဲး၊ မသဲးငဲ့တန်ဆောင်၊ မောင် မောင်ငယ့်နောင်ကြီး၊ အမိကြီးငဲ့သက်နှံ၊ ငါးထပ်ကယ်လည်ပေါ်၊ အိမ်ဖြူပျော်တယ်၊ ဘွားတော်နွဲ့နောင်း၊ မြင်မညောင်းတဲ့ ပေါင်းပြမှန်၊ လှေကားငါးဆူ၊ အိမ်ဖြူကျယ်ဝင်း၊ ပြတင်းရွေှချ၊ ကြီးတေဇနှင့်၊ ကျွန်တော်မငယ်တို့သခင်၊ ဘွားတော်ရှင်လဲ၊ ဝမ်းတွင်ကြည်ဖြူ၊ ရွေှကသိုဏ်းသို့၊ နေ့တိုင်းပြု၍၊ ရှုတော်မူ သည်၊ သဲအူရွေှပွင့်၊ ဘောင်းဝတ်ကငယ်ဖြူ၊ ရွေှခြူသာသာ၊ ရွေှကြိုးကြာကို၊ လျှင်စွာကလို့ မကြွသင့်'ဟူသော ငိုချင်းရှည် သည် ထိုခေတ်က ငိုခင်းရှည် ဖွဲ့နွဲပုံ ပြဆိုပေသည်။ ထိုပြင်လည်း မင်းတုန်းမင်းလက်ထက် စလင်းမြို့ ဦးမြတ်သာထွန်း ရေးသားသော 'ဟေမဝန်ဘွေ၊ သာလွန်မြေ၊ လက်ရွေှအုံးထောက်၊ စက်ပါသော် ပျော်နိုင်ဘူး၊ မူးနောက် နောက်နှင့်၊ ခင်ပွန်းပျောက်ပင်နန်းရှင်မှာ'ဟူသော ရှာပုံတော်ကြီး သည်၎င်း ၊တောင်တွင်းကြီး ဦးကြော့ရေးသားသော 'စုံနံ့သာမြိုင်၊ ရဂုံတွင်း၊ ထုံသင်းငယ်ကြိုင်၊ ဂနိုင်ဟေမ၊ နွေအစ၊ ရွေှများ ကလျာ၊ ဟိုခင်ကိုလျှောက်ပါလို့၊ လင်ပျောက်ကိုရှာခဲ့၊ ဂန္ဓမာငူ၊ မြေသလင်း၊ နေမင်းကပူသနှင့်၊ နန်းသူဒေဝီ၊ တွေ့နိုင်ဘဲဟာမို့၊ လဲလုပြီ'ဟူသော ရှာပုံတော်ကြီးသည်၎င်း ၊ငိုချင်းသဘောတွင် အပါအဝင်ဖြစ်သည်။


၁၂၃၈ ခုနှစ်တွင် ငိုချင်းရှည်ကို ဆတိုင်မွှတ်ဦ်းကူးသည် ပဋာစာရီ ပြဇာတ်၌၊ 'ဘယ့်နှယ်ကြံရပါမတုံး၊ မောင်ကြီးငယ်၊ အကြံမပေး၊ မောင်မှာအေးလို့၊ သားကလေး သည်နှစ်ကောင်နှင့်၊ စိုးပူလောင် ဒုက္ခများအောင်၊ မိပဋာသည်မယားကိုဖြင့် တင်စားမိပေါ့ဟဲ့လို့၊ တကတဲးကြိမ်းဝါးပြီးလျှင်၊ လူစိမ်းကားကြီးကိုယ် ပြုလိုက် ထာပလေ'ဟူ၍ သီကုံးရေးသားထားခဲ့သည်ကို တွေ့ရှိရသည်။ ဇာတ်သဘင် အသုံးအနှုန်းတွင် လွမ်းခန်း၌ ငိုကြရာဝယ် 'စာမူငို'ဟူ၍၎င်း ၊ ပြောဆို 'ဟူ၍၎င်း ၊ဆိုငို'ဟူ၍၎င်း ရှိကြသည်။စာမူငိုမှာ ရှေးပြဇာတ်ပါ စာစကားများကို ရိုးရိုး ရွတ်ဖတ်၍ ငိုခြင်းဖြစ်၏။ ပြောငိုမှာ ငိုချင်း၏ အဆုံးတွင် 'လေး' ဟူသော အသံနှင့်ချရသော ရှေးပြဇာတ်သုံး ငိုချင်းမျိုး ဖြစ်၏။ ယင်းတို့ကို သီဆိုရာ၌ စည်းဝါးမပါချေ။ ဆိုငိုဟူရာ၌ ငိုချင်းရှည်နှင့် ငိုချင်းတိုတို့ ပါဝင်သည်။ နှစ်မျိုးစလုံးကို စည်းနှင့်ဝါးနှင့် ဆိုရသည်။ ငိုချင်းရှည်မှာ ရှာပုံတော်ကြီးများ ၏ အလိုက်ဖြစ်သည်။ ငိုချင်းတိုမှာ ယခုကာလပေါ် ဇာတ်ပွဲ၌ ငိုချင်းချသော သီချင်းများ ဖြစ်သည်။ ငိုချင်း အဖွဲ့အနွဲ့ အမျိုး မျိုးတို့ကို ဇာတ်သဘင်တို့၌၎င်း၊ဘုန်းကြီးပျံဧယာဉ်ကျူးရာ၌၎င်း ၊နတ်သံနှော၍ ပြောငိုရာ၌ သက်ဆိုင်ရာတို့တွင် အသုံးပြုကြ၏။


တစ်နည်းအားဖြင့် ဇာတ်သဘင်တွင် ငိုပုံငိုနည်းသုံးမျိုး ရှိသည်ဟု အသိအမှတ်ပြုကြသေးသည်။ ဤသုံးမျိုးမှာ (က) ပြောငို၊ (ခ) အသော့ငို၊ (ဂ) အကြော့ငိုတို့ ဖြစ်ကြသည်။ ဤအချက်ကို ထင်ရှားအောင် ဦးအုန်းမြင့် (တို့ရှမ်းပြည်)သည် ဥစ္စာစောင့် မစောမြိုင်ပြဇာတ်မှ အောက်ပါအတိုင်း ကောက် နုတ် ဖော်ပြထားသည်ကို တွေ့ရသည်။ မစောမြိုင် တံခါးအထွက်၌ ခလုတ်တိုက်လဲလေရကား၊ 'အမယ်မင်းဒိဋ္ဌဒိဋ္ဌ၊ နိမိတ်ပြရော့ထင့်၊ ထိတ်စရဖြစ်နဲ၊ ခလုတ် တိုက်လို့မို့၊ ကျုပ်ငိုက်ဆိုက်လဲရလေ။ ထူတွဲသူတဖေကွာ၊ ကိုစိန်ခိုင်ရေ၊ သေမရဏာလားတော့မယ်ထင်ပါလား'ဟူသော အပူ တိုက်ပြောငိုဖြင့် ငိုချင်းချလေသည်။ ထိုနောက် တစ်ဖန် ဒွေးချိုးဖြင့် 'မလှုပ်နိုင်တယ်လေ၊ ခလုတ်စိုက်ဝင်အတိုက်တွင်မှ၊ ဘွင်ခိုက်အောင် မမြိုင်နာရ ချေပေါ့၊ အိုအဖေရဲ့၊ ခွေယိုင်ကာလဲ၊။ ။နိမိတ်ဆိုးရော့ထင့်၊ ထိတ်စိုးအောင်ကြ ုံတဲ့ အရေးရယ်က၊ အဖေရယ် တွေးတတ် နိုင်ဘဲ'ဟူ သော အသော့ငိုဖြင့် ငိုလိုက်ပြန်လေသည်။ ငိုချင်းဆိုင်းအဆုံးတွင် အိပ်မက်ရာမက် မကောင်းပုံ မျက်ခုံး လက်ရုံးလှုပ်ပုံ၊ ခလုတ်မတိုက်သင့်ဘဲ တိုက်ရပုံတို့ကို စကားဖန် ထိုးပြီးနောက် လေးချိုးကဗျာဖြင့် 'စိတ်မလုံ ထိတ်ရုံမကအောင် လို့၊ နိမိတ်ပုံ ဟိတ်စုံပြလေခြင်း၊ အဖေရယ်၊ တိတ္ထုံ အရရယ် က ဆိုးလှတယ်။ ပွားရတက်ရယ်နှင့် တံခါးအထွက်တွင်ဖြင့်၊ အားပျက်ကာ ခြေမခိုင်သမို့၊ ခွေယိုင်ကာ မေမြိုင်လဲ ရတယ်၊ သဲကြွေလုဖွယ်။ ။ဆုတ်ပြန်စေ ဒေဝါဆီးရော့သလား၊ ခလုတ် ဒဏ် ဝေဒနာကဖြင့် ကြီးလေပေါ့၊ တစ်ပြေတစ်ရွာခရီးဆီက ကြင်သူအစ်ကိုရယ်၊ ခင်ဖြူအပျိုမယ်ကိုတဲ့ မမြင်လာအား။ ။ ခေမွဲငယ်ကံ၊ သေကွဲရယ်ကြမ္မာဖန်လိမ့်မထင်၊ တစ်ရွာစံ မောင်နှင့်ဝေးစဉ်ဖြင့်၊ ထားမယ်မှာ အားငယ်လို့ဆွေးရတယ်။ မောင်ရေ ပြေးမြင်လှဲ့လား'ဟူသော အကြော့ငိုဖြင့် ငိုလိုက်ပြန် လေသည်။


အသော့ငိုမှာ ရုတ်တရက် တွေ့ကြ ုံရသောသောကပရိဒေဝကို ဖော်ပြပေသည်။ အကြော့ငိုမှာ တငွေ့ငွေ့ တမြေ့မြေ့ ခံစားနေရ သော သောကပရိဒေဝကို ဖော်ပြသည်။အသော့ငိုကို ဒွေးချိုးဖြင့် ရေး၍ အကြော့ငိုကို လေးချိုးဖြင့် ရေးကြလေသည်။ ကဗျာဖွဲ့ထုံး၌တွေ့ရသော နှစ်ဆစ်ချိုး၊ သုံးဆစ်ချိုး၊ လေး ဆစ်ချိုး ဟူသော အဖွဲ့အနွဲ့တို့ကို ငိုချင်းစပ်ဆိုရာ၌ အသုံးပြုကြ သည်။ ယင်းကို ပုံစံပြရလျှင် အောက်ပါအတိုင်း ဖြစ်၏။


နှစ်ဆစ်ချိုး

လမ်းမကြ ုံ၊ ပန်းတငုံ စံပယ်ဥကိုလ၊ မရှုချင်ဘူး။ မှာရက်ကယ်လွန်၊ ဝါချက်ကိုသည်မယ်ရွံလို့၊ စံစလွန် ကြာညောင်ရိပ်မှာလ၊ (မောင်ကြီးရေ) လွမ်းစိတ်နှင့်ကူး။ (ပြည်မြို့မောင်ဘိုးညွန့်ရေး)


သုံးဆစ်ချိုး

သားရွှေစင်၊ လူကလေးတို့နှင့်၊ အမေလေးပါ မောင့်ဖခင်၊ တိုင်းပြည်ကနှင်။ မဆင်ခြင်၊ ဗေဒင်ထွက်စကား။ ပုဏ္ဏားဆရာဆိုနှင့်၊ ဦးညိုကို ဗေဒင်မေးတယ်ရှင်၊ (အမယ်မင်း)မေးချက်ကခြား။ (မုံရွာမြို့ ဆရာခရေး)


လေးဆစ်ချိုး

လူအဖြစ်တွင်၊ ခုအသစ်ကြ ုံလှာပြန်။ ဟို့မစဲ၊ မှိုစွဲလောင်စာနှင့်၊ သန်ဘက်ခါတိုင်တိုင်လဲလို့၊ ဖိန်းနွဲခါမြန်မြန် ဆင့်စေတော့၊ အေးခွင့်မဖန်။ ဟိုရှေးခါနေ့လပြောင်းလျှင်လ၊ ပြေကောင်းတဲ့ပြေသင့်တန်၊ ကြံဖန်လို့ပူစိတ်စွဲ။ မေ့ကွက်ကိုရှာ၊ နေ့ရက်ကြာသာ ကြာတော့၊ မင်္ဂလာပုသိမ်ထည်နှင့်၊ မောင့်မျက်ရည် ကြည်ကြည်စို့ကို၊ ဖုန်းတို့မစဲ။ (ဆရာကြော့သမီးရေး) ထိုကဲ့သို့ရိုးသော အဖွဲ့အနွဲ့များအပြင်၊ ဆန်းပြားစွာ ဖွဲ့နွဲ့ သည့် ပဒေသာထပ်တွန့် ငိုချင်းများလည်း ရှိသေးသည်။ ဆတိုင်မွှတ်ဦးကူးသည် ယင်းထပ်တွန့်ငိုချင်းများကို ရေးသား စပ်ဆိုခဲ့ဘူးသည်။ အဖွဲ့အနွဲ့၏သဘောမှာ 'ဆန်းပွေပုံ ထူးစွာနပ် ပါဘိ၊ မန်းရွှေကုန် နှစ်ဦးနာဂရာရပ်မှာဖြင့်၊ ထူးကဗျာစပ်ပါလို့ ထင်ပေါ်ပေ၊ (အမယ်လေး) လူးလာခပ်ပါတဲ့ စင်မော်တွေ'ဟူ၍ ဖြစ်လေသည်။ ၁၂၇ဝ ပြည့်နှစ်တဝိုက်တွင် မစ္စတာမောင်မှိုင်း အမည်ခံ ဆရာလွန်းသည် ပြဇာတ်များကို ရေးသားသောအခါ ထပ်တွန့်ငိုချင်း ဖွဲ့နွဲ့နည်းတို့ကို အသုံးချလာလေသည်။ ပုံစံ အားဖြင့် မစ္စတာမောင်မှိုင်းမှာတော်ပုံဝတ္ထု၌ ကိုပေါ မျက်ရည်ကျ ပုံကို 'တစ်မယားသေလျှင် တစ်မယားနေစမြဲပေမဲ့၊ စလျားအခြေ နှစ်ပါးဂဟေမြဲမဲ့သူ့ရဲ့၊ (အမယ်မင်း) မယားအနေ ရဲရမလားဟဲ့ လို့၊ အလကား အမေက မဲမဲပြီး (ခင်အုံရယ်) အဖွားအေက ဆဲမှာက တမှုပါ'ဟူ၍ ဆရာလွန်းသည် ဖွဲ့နွဲ့ဆိုခဲ့သည်။ ဆတိုင်မွှတ် ဦးကူးခေတ်က ရေးသော ထပ်တွန့်ငိုချင်းများနှင့် ယှဉ်၍ ကြည့်နိုင်ပေသည်။ ကာရန်ကြွယ်ဝလာ လေလေ၊ ယင်းငိုချင်းတို့မှာ ရှည်လျား၍လာလေလေ ဖြစ်သည်။ထိုကြောင့် နောင်အခါတွင် ယင်းထပ်တွန့်ငိုချင်းတို့ကို ဆရာလွန်း၏ ကဗျူပဒေသ၌ လေးချိုးကြီးဟူ၍ ခေါ်တွင်ခဲ့ပြန်ရာ၊ ပြဇာတ်နှင့် ဇာတ်သဘင်တို့၏ ဂီတဆန်သော အဖွဲ့အနွဲ့တို့သည် ကဗျာ ဆန်သော အဖွဲ့အနွဲ့သို့ ပြန်၍ရောက်လေသည်။ ယခုအခါ မြန်မာ့ပြဇာတ်နှင့် ဇာတ်သဘင်တို့၌ကား ငိုချင်းချသည့် ဆိုင်းနှင့်ဖက်၍ သီဆိုမှသာလျှင် ငိုချင်းစစ်စစ်ဟု မှတ်ယူ ကြလေသည်။


မြန်မာဇာတ်သဘင်လောကတွင် ထင်ရှားခဲ့သော ဇာတ်ဆရာ ကြီး ဦးဖိုးစိန်သည် ငိုချင်းအဆို၌ တစ်မူထူးခြားသူ ဖြစ်သည်။


များစွာသော မြန်မာဇာတ်သဘင်ပညာသည် တို့သည် ဦးဖိုးစိန်၏ 'လေ'ကို အတုယူကြရသည်။ ဦးဖိုးစိန်၏ ငိုချင်းများမှာ ဇာတ်ပွဲတွင်ပါဝင်သူ အဓိကဇာတ်လိုက်တို့၏ သဘာဝကိုပေါ်လွင်အောင် ဖွဲ့နွဲ့သော သီချင်းများဖြစ်လေရာ မြန်မာပွဲကြည့်ပရိသတ်တို့၏ စိတ်တွင်စွဲ၍ ကျန်ခဲ့သည်သာ များပေသည်။ ယခုတိုင် ဦးဖိုးစိန်၏ ငိုချင်းများသည် လူထု၏ နှုတ်ဖျားတွင် မပျောက်မပျက်ဘဲ ရှိနေသေးသည်။ ချင်းကလေး မောင်ဖဝေးပြဇာတ်လာ 'ယာတောလယ်မှာ၊ ငါပြောမယ် ရွှေရှင် ဘုရင်ရဲ့၊ နင်ဆင်ခြင်ဦး'ဟူသော ငိုချင်း၊ မင်းကုသ ဇာတ်လာ 'မာန်ဝင်လာ အလှဂုဏ်ကိုးသူ့ရဲ့၊ အန်ချင်စရာ ငါ့ရုပ်ပုံ ဒီလောက်တောင် ဆိုးရော့သလား၊ ဘုံကြိုးပြတ်ပါတဲ့ နတ်မိမယ်တောင်၊ ဓာတ်သိလျှင် မပယ်ပါဘု ကျုပ်လူထူး' ဟူသော ငိုချင်း၊ ပဒကုသဇာတ်လာ 'အကြံခက်လေသနော်၊ သန်လျက် တော်ယူသည့် သူခိုးကို၊ သူ၏အမျိုးကို စကား ထုတ်ဖော်လို့ ပြောရမှာဖြင့်၊ ဓားကုပ်ပေါ်မှာဝဲ'ဟူသောငိုချင်း၊ ဆင်ကဲဘို့ မယ်ပြဇာတ်လာ 'ဒွေးမယ်နှစ်ဖော် သံဝါညှိပါလို့၊ မပြေးသော် ကုန်ရာရှိပါ့မလား၊ တန်ပါအမိ မဘို့မယ်'ဟူသော ငိုချင်း၊ သုရောနန္ဒီဇာတ်လာ 'ဆောင်လယ်ဘုံမှာလေ၊ မောင်မယ် စုံ၊ အတူစက်ရာက၊ ယူရက်ကာ အကြံပေါ်လို့၊ ရန်သူတော်နိုး' ဟူသော ငိုချင်းတို့မှာ ယနေ့တိုင် ထင်ပေါ်ဆဲပင် ဖြစ်၏။ ဆင်ကဲဘို့ မယ်ဇာတ်ပ ပိဋကတ်ဆရာမောင်ရေး၍ ဦးဖိုးစိန် သီဆိုသော သီချင်းတစ်ပုဒ်ကို ဦးဖိုးစိန်၏ ငိုချင်းများအနက် နာမူနာအဖြစ်ဖြင့် အောက်ပါအတိုင်း ဖော်ပြလိုက်ရပေသည်။ 'ပြေပေါ်မှာ၊ ရွေှကြော်ငြာထုတ်သံကြားရတာက၊ ဟုတ်မှန်ပါ့ မလားနော်၊ ဘဝင်မှာ ဆို့လှချည့်၊ ခင်ဘို့မယ်အကြောင်း။ ။ သတင်းမလှလိုက်ပုံက၊ အင်းဝစံ မဟေသီတင်မလို့တဲ့၊ ဒေဝီခင် တွေ့လျက်နဲ့ဖုံးကြယင်၊ ပြကတေ့အသက်ဆုံးအောင် ရင်ကို ခွဲ မလို့တဲ့၊ ဆင်ကဲမှာ ဒီလိုသာဖြင့်၊ ခုအခါ သူ့ရွာကမှမသွားဝံ့ ပါဘု၊ ကရုဏာ အမှုရှာတဲ့ စကားတွေက၊ ကြားရချက် မကောင်း။


ကိုးကား


* သာဦး-ရေး မြန်မာစစ်ချီသီချင်းအစ ကာချင်းက ဆောင်းပါးမှ၊ လုပ်သား ပြည်သူ့နေ့စဉ်(၁၀.၁၁.၁၉၆၆)

* တင်မိုး (ဩဂုတ် ၂၀၁၁). မြန်မာကဗျာဖွဲ့နည်း. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့.

* မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)

* မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

* မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)

* မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)



ဂီတအကြောင်း (၄)

 ဂီတအကြောင်း (၄)


#အိုင်ချင်း  #လူးတား  #ဧချင်း  #သာချင်း  #လေးချိုးကြီး #ပျို့ 


#အိုင်ချင်း 

အသံ အိုင်အိုင်၊ အသံ မြိုင်မြိုင်နှင့် 

သံပြိုင်သီဆိုရသော အချင်းမျိုး ဖြစ်သောကြောင့် အိုင်ချင်း ဟုခေါ်သည်။ ကောက်စိုက်ရာတွင် မိန်းကလေးများ သီဆိုလေ့ရှိသော ကဗျာ တစ်မျိုးပင် ဖြစ်သည်။


အိုင်ချင်းစပ်နည်း

အိုင်ချင်းစပ်နည်းမှာ မခက်လှ။ အစချီရာတွင် ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်မတို့လေ ဟု အစချီသည်။ အဆုံးချရာတွင် အပျိုဖြူငယ်က ကျွမ်း၊ လွမ်းတုံ့တင် လေ ဟူ၍ ချသည်။ လှေနံဓားထစ်ကား မဟုတ်ချေ။ အပျိုဖြူငယ်နှမမှာ၊ ကြ ုံရတင်ရှင်၊ အပျိုဖြူ ငယ်ကပေါင်းပါတဲ့၊ သူကောင်းငယ်လေး စသည်ဖြင့် ရေးဖွဲ့လေ့ရှိသည်။ တခါတရံတွင် ချစ်တင်းငယ် နှောသည်၊ ပြောစို့ငဲ့လေး ဟူ၍လည်းကောင်း၊ မြင်တိုင်းမုန်းစရာ့၊ ဂုန်းမအို၊ ရေလိုခန်းခြောက်ပါစေသား ဟူ၍ လည်းကောင်း ရေးဖွဲ့တတ်သေးသည်။ ဉာဏ်ရှိသလို ဖွဲ့နိုင်ခွင့်ရှိသည်။ စည်းကြီးကမ်းကြီးကား မဟုတ်လှ။ ထို့ကြောင့် ကာရန်ယူပုံစနစ် အထူးမပြတော့ပြီ။


#လူးတား 

လူးတားဆိုသည်မှာ မြန်မာဘာသာပေါရာဏ သက် သက်လူးတားလည်းရှိ၏။ မာဂဓ ဘာသာပုတမှရွေ့လျောလာသော လူးတား လည်းရှိ၏။ သက္ကတဘာသာ ပုတ၊ ပါဠိဘာသာ ပလုတတို့မှ ရွေ့လျား လာ သည်ဟုလည်းဆိုကြသည်။ မြန်မာဘာသာပေါရာဏ လူးတား၏အဓိပ္ပာယ်မှာ အဆုံးမှတစ်ဖန် အစပြန်၍ ပြုလုပ်သည်ဟု ဆိုလိုသည်။ လှေသမားဖောင် သမားများသည် ရေစီးသန်သည့်မြစ်ညာသို့ ဆန်တက်ရသည့်အခါများတွင် လှေနှင့် အတန်ကွာရေညာ အရပ်ချည်သာ ချိတ်သာရှိမည့်နေရာ၌ လှေဦး မှ ကြိုးစကိုချည်ထား၍ လှေသို့ပြန်လာကာ ထိုကြိုးစကို အမှီတကဲ ဆွဲငင် ဆန်တက်ကြပြီးလျှင် တစ်ဖန် ကြိုးစဆုံးပြန်က အထက်နည်းတူပြုလုပ်ကာ ဆန်တက်ကြသည်ကို ယခုတိုင် လူးတားပေါက်သည်ဟု ခေါ်၏။ လူးတား ဟူသော ကဗျာမှာလည်း အဆုံးစကားများကို အစထား၍ ပြန်လည်စပ်ဆို ရေးသားကြခြင်းဖြစ်သည်။ အလောင်းမင်းတရားကြီးလက်ထက် စိန္တကျော်သူ ဆို ကုန်းဘောင်မင်္ဂလာလူးတားတွင် ပထမအပိုဒ်၌ ဘုန်းပဒေသာ၊ ခက်ဖြာ ဆင့်စ၊ ပွင့်စလေ ဟု အစချီ၍ အာဟိန္ဒကျီး၊ ပွင့်နီးနီး ဟု အဆုံး သတ်သည်။ ဤ ပထမအပိုဒ်၏ အဆုံးစကားကိုပင် ဒုတိယအပိုဒ်၌ အာဟိန္ဒကျီး၊ ပွင့်နီးမှန်လှ၊ ကန်လှလေ ဟု အစချီ၍ စပ်ပြန်၏။ ကျန် နောက်အပိုဒ်များကိုလည်း ဤနည်းအတိုင်း စပ်ဆိုထား၏။ ထို့ကြောင့် လူး တားကဗျာစပ်ထုံးမှာ လှေသမား ဖောင်သမားများ လူးတားပေါက်သကဲ့သို့ အဆုံးမှတစ်ဖန် အစပြန်လည်ကောက်ငင်စပ်ဆိုရသဖြင့် လူတားဟု ခေါ် ဟန်တူသည်။ မာဂဘောသာ ပုတမှ လူးတားဖြစ်လာသည်ဟု ဆိုရာ၌ ပုတမှ ပြုတဖြစ်လာ၍ ထိုတွင် ပကျေ၍ လုတဖြစ်သည်။ ထိုလုတကိုပင် ဒီဃပြု ရာ လူးတားဖြစ်လာသည်။ အဓိပ္ပါယ်ကား ရှည်လျားစွာဆွဲငင်၍ ဆိုအပ်သော အသံဟုဖြစ်၏။ ပုတသံမှာ မျက်စိသုံးမှိတ်၊ လျှပ်သုံးပြတ်ခန့် ကာလထက် ရှည်လျားစွာ ဆွဲငင်ရွတ်ဆိုအပ်သော အသံဖြစ်၏။ ထို့ကြောင့် လူးတားဟူ သော ကဗျာမှာ ရှည်လျားစွာဆွဲငင်ရွတ်ဆိုအပ်သော ကဗျာတစ်မျိုးဟု ယူဆအပ်၏။ လူးတားကို အကြောင်းအရာအမျိုးမျိုးခံ၍ ဖွဲ့ကြ၏။ ၁၂ ရာသီဖွဲ့ လူးတား၊ ကုန်းဘောင် မင်္ဂလာလူးတား၊ အီနောင်လူးတားစသည်ဖြင့် အမျိုး မျိုးဖွဲ့ဆိုခဲ့ကြ၏။ သို့ရာတွင် မြန်မာစာပေတွင် လူးတားဟူသော ကဗျာမျိုး ကို ပျို့ရတုများလောက် အတွေ့မများချေ။


#ဧချင်း

ဧချင်းဆိုသည်မှာ ကလေးငယ်များအား ချော့သိပ်ရာတွင် သီဆိုရသော ကဗျာဖြစ်သည်။ နန်းတွင်းရှိ မင်းသား၊ မင်းသမီးငယ်များအား ဧယာဉ်တော် မင်္ဂလာ ဆင်ယင်ကျင်းပသည့် အခါများတွင် ပုခက်တွင်း၌ သိပ်၍ ပုခက်ကိုလွှဲရင်း သီဆိုကျူးရင့် ချော့မော့ရသော ကဗျာဖြစ်၍ ဂီတသဘောမျိုးတွင် သက်ဝင်သော သီချင်းပင် ဖြစ်သည်။


ဧကာရန္တနှင့် အစချီ၍ ဧကရန္တနှင့် အဆုံးသတ်ထားပြီး လျှင် ဂီတသဘောသက်ဝင်သော အဖွဲ့အနွဲ့မျိုးကို ဧချင်းဟု ခေါ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အကြောင်းချင်းရာ တို့ကို အေးချမ်း ငြိမ့်ငြောင်းစွာ ဖွဲ့ဆိုထားခြင်းများကို ဧချင်းဟု ခေါ်သည်။ ဧကရာဇ်၊ ပဒေသရာဇ်စသော ဘုရင်စိုးမင်းတို့၏ ရင်သွေးတော်များ ဖွားမြင်၍ မြပုခက်တင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပသည့်အခါ ထိုသဘင် အခမ်းအနားအတွက် စာဆိုတော်ပညာရှိ အမတ်များက ဧချင်းများကို ရေးသားဆက်သွင်းရပြီးလျှင် ဝေါကြီးမှူး၊ ပျော့ကြီးမှူးတို့က ထိုဧချင်းများကို ဖတ်လျှောက်သီဆို ရွှေနားတော်သွင်းရသည်။ ဧယာဉ်တင်အရွယ်ထက် လွန်မြောက်ကြီးပြင်းချိန်တွင် ရေးသားဆက်သွင်းသော ဧချင်းအဖွဲ့အနွဲ့များကိုမူ ရွှေနားတော်သွင်းဟု ခေါ်ဆို လေသည်။


အရပ်အသုံးအနှုန်းနှင့်ဆိုရလျှင် ဧချင်းများသည် ပုခက် လွှဲသီချင်း၊ ကလေးချော့သိပ် အိပ်မွေ့ချ သီချင်းမျိုးဖြစ်သည်။ ဧကာရန္တနှင့် အစချီ အဆုံးသတ်ထားခြင်းမှာ ဧကာရန္တသည် ရွတ်ဆိုရာ၌ လွန်စွာ ချိုသာငြိမ့်ငြောင်းသဖြင့် မဟာသွေး မဟာဆီ မင်းညီမင်းသားငယ်များကို ချော့သိပ်ရာတွင်သာမက အရပ်သူအရပ်သား ဆင်းရဲသားတို့သည်လည်း ထိုဧကာရန္တကို အသုံးပြုကာ


ဧ.......ဧ........အို.........ဖြင့် အစချီ၍ မိမိတို့၏ နုနယ် ကွေးလွေး ရင်သွေးငယ်များကို ချော့သိပ်ကြလေသည်။

ဧချင်းများနှင့် အရပ်သုံးကလေးချော့ သီချင်းများတို့၏ ခြားနားချက်မှာ ဧချင်းတို့သည် အရပ် ကလေးချော့သီချင်းများကဲ့သို့ ကလေးများသိနားလည်နိုင်သော အကြောင်းရပ်များကို ဖွဲ့ဆိုထားခြင်း မဟုတ်ဘဲ ဇာတိမာန်တက်ကြွစေသော အဖွဲ့အနွဲ့မျိုး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် စစ်သည်တော်များကို ရဲစိတ်ရဲမာန် သွတ်သွင်းပေးသော ငါးစီးရှင်ကျော်စွာ လက်ထက်က ပေါ်ပေါက်သည့် ကာချင်းဟုခေါ်သော ဂီတသီချင်းမျိုးနှင့် သဘောအားဖြင့် ဆက်သွယ်မှုရှိသည်။ သို့သော် ဧချင်းသည် ကာချင်းကဲ့သို့ ရဲရည် ရဲသွေးတို့ကို အကြမ်းအတမ်းလှုံ့ဆော်ပေးသော အဖွဲ့အနွဲ့မျိုးမဟုတ်ဘဲ နားဆင်ရသူအပေါင်းအား နားဝင် ငြိမ့်ညောင်းသာယာမှု ဖြစ်စေသည်နှင့်အမျှ ဇာတိသွေး ဇာတိမာန်တို့ကိုလည်း တဖွားဖွားတက်ကြွ ပေါ်ပေါက်စေသော အဖွဲ့အနွဲ့မျိုး ဖြစ်လေသည်။


ဧချင်းအစ

ဧချင်းသည် ပုဂံခေတ်ကပင် ပေါ်ပေါက်ခဲ့သည်ဟု ဆိုသော်လည်း အင်းဝခေတ်တွင်မှသာ အထင်အရှား တွေ့မြင်ရပေသည်။


သက္ကရာဇ် ၈၀၄-၈၃၀ တွင် ရတနာပူရ အင်းဝမြို့၌ စိုးစံတော်မူသော နရပတိမင်းနှင့် သက္ကရာဇ် ၈၁၇-၈၄၀ တွင် ရခိုင်ပြည်၌ စိုးစံတော်မူသော ရခိုင်ဘုရင် ဘစောဖြူတို့သည် ထီးပြိုင်နန်းပြိုင် ဖြစ်သည်သာမက စာပေတွင်လည်း စင်ပြိုင်ထောင်လေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်ဘုရင် ဘစောဖြူ၏ သမီးတော်ကို ရခိုင်ပညာရှိအမတ်ကြီး အဒူမင်းညိုက ဧချင်းဖွဲ့ဆိုသည့် အချိန်အခါ၌ အင်းဝတွင်လည်း သီဟသူ၏မြေးတော်၊ စလင်းသတိုးကျော် သမီး သခင်ထွေးကို မြန်မာပညာရှိ ရှင်သူရဲက ဧချင်းစပ်ဆိုသည်။


ဧချင်းတို့တွင် ဖွဲ့ဆိုထားသောအကြောင်းအရာတို့သည် ဧချင်းအဖွဲ့ခံ နန်းညွှန့်နန်းလျာ မင်းသား မင်းသမီးငယ်များ၏ ဆွေတော်စဉ်၊ မျိုးတော်စဉ်၊ ဘေးလောင်းတော်၊ ဘိုးလောင်းတော်များ၏ ဘုန်းလက်ရုံး တန်ခိုးအာဏာတို့ကို၎င်း ၊အဆိုပါမဟာဆီမဟာသွေး မင်းသားငယ်မင်းသမီးငယ်တို့၏ နောင်ကာလတွင် ထွန်းပလာမည့် ဘုန်းတန်းတေဇာတို့ကို၎င်း ၊

ဖော်ထုတ် ဖွဲ့နွဲ့ထားလေသည်။ ဧချင်းအဖွဲ့ခံ မင်းသားမင်းသမီးတို့၏ ဆွေစဉ်မျိုးဆက်များကို ဖော်ထုတ် ဖွဲ့နွဲ့ထားသဖြင့် ဧချင်းတို့သည် တစ်နည်းအားဖြင့် ရာဇဝံသဉာဏ်ကို ပေးသည်။ ရာဇဝင်ကို အထောက်အပံ့ပေးသည်ဟု ဆိုနိုင်သည်။


နောင်ကာလများတွင် ရာဇဝင်ကျမ်းပြုဆရာတို့သည် ဧချင်းများကို မှီငြမ်းပြုလျက် ရာဇဝင်နှင့်စပ်လျဉ်းသော အဖိုးတန် အထောက်အထားများကို ဧချင်း စာကိုယ်များမှ ထုတ်နုတ်၍ သက်သေထူကြလေသည်။


ဧချင်းစပ်ဆိုပုံမှာ လေးလုံးတစ်ပိုဒ် စပ်နည်းမျိုးဖြင့် တစ်ပြေးညီညာစွာ ကာရန်အသတ် ညီညွတ် မှန်ကန်အောင် စပ်ဆိုရသည်။ လက်ဦးပထမ အစပုဒ်၌ အစပိုဒ်၏ဂိုဏ်း၊ ဝဂ်၊ အက္ခရာ၊ မတြာ၊ ကာရန် ထားရမည့်အရာ၊ အချအပိုဒ်၏ ဂိုဏ်း၊ ဝဂ်၊ အက္ခရာ၊ မတြာ၊ ကာရန်၊ ကြိယာ၊ စာလုံးအနည်းအများ မည်သို့ထားသိုရမည်ကို၎င်း ၊နောက် နောက်အပုဒ်များတွင် အစအချ မည်သို့ထား၍စီကုံးရမည်ကို၎င်း ၊ညွှန်ပြသော စပ်ဆိုနည်း စည်းမျဉ်းဥပဒေများသည်


၁။ပျို့လင်္ကာ၊

၂။မော်ကွန်း၊

၃။သံပိုင်း၊

၄။သမိုင်း၊

၅။ရဲတင်း  

ဟူသော ကဗျာခြောက်မျိုး စပ်ဆိုနည်းစည်းမျဉ်းများ အတိုင်းဖြစ်၍ ကျယ်ဝန်းလှပေသည်။


ဧချင်းကို သံတိုင် သံဖောက် ဖွဲ့ဆိုစီကုံးကြရာ သံတိုင် စပ်ဆိုနည်းသည် အထက်ဖော်ပြပါ ကဗျာ ခြောက်မျိုးစပ်ဆို နည်းများနှင့် မခြားလှချေ။ သံဖောက်စပ်ဆိုနည်းမှာမူ လက်ဦး ပထမပုဒ်၌ အစပုဒ်ထား၍ စပ်ဆိုပုံ၊ အတွင်းစာသား စကား ကာရန် မှန်ကန်ညီညွတ်အောင် စပ်ဆိုပုံများတွင် သံတိုင်အပိုဒ်များကို စီကုံးသည့်နည်းအတိုင်းဖြစ်၍ အချပါဒများတွင်မူ ခိုင်ညွန့်ခက်ဖြာချနည်း ဖြစ်သော ခုနှစ်လုံးချနည်းဖြင့် တစ်ပြေးညီညာစွာ ချရသည်။ ခုနှစ်လုံးစီပါသော အချပါဒနှစ်ခုပါရှိရ၍ အစအလယ် စကားလုံးခြောက်လုံး တို့သည် ပထမနှင့် ဒုတိယပါဒ တို့တွင် အတူတူကြီးသာဖြစ်၍ နောက်ဆုံးစာလုံးတွင်သာ ခြားနားမှုရှိရာ ပထမအချပါဒ၏ နောက်ဆုံးစာလုံးသည် လေ (လည်) ဖြစ်၍ ဒုတိယအချပါဒ၏ နောက်ဆုံး စာလုံးသည် လေး(လည်း) ဖြစ်စေရသည်။ နောက်နောက် အပုဒ်များ၏ စပ်ဆိုစီကုံးပုံမှာ လည်ကုပ်ချီ၊ အဖျားကောက် စပ်ဆိုနည်းအတိုင်း ဖြစ်လေသည်။


အရှည်အတိုထားပုံမှာ အချပါဒအလွတ် ငါးပါဒမှ ၁၆ ပါဒအထိ စပ်ဆိုလေ့ရှိကြ၍ ထိုထက် သာလွန်၍၎င်း။ယုတ်လျော့၍၎င်း တွေ့ရခဲပေသည်။


ရခိုင်မင်းသမီး ဧချင်း၊

သခင်ထွေး ဧချင်း၊

ဘုရင့်နှမတော်ဧချင်း၊

သခင်ကြီး ဧချင်း 

တို့သည် ဖော်ပြရာချနည်းမျိုးနှင့် အနည်းငယ်ကွဲပြားသော်လည်း ဧချင်းအများစုသည်မူ ထိုချပုံချနည်းမျိုး လိုက်နာကြသည်ကို တွေ့ရလေသည်။


ဧချင်းများကို အင်းဝခေတ်ကစတင်၍ ထင်ထင်ရှားရှား တွေ့ရှိရသော်လည်း ယင်းခေတ်မတိုင်မီကပင် ထိုအဖွဲ့အနွဲ့မျိုးရှိခဲ့ပေမည်ဟု ခန့်မှန်းရပေသည်။ အင်းဝခေတ်မှသည်ကုန်းဘောင်ခေတ်အထိ ထင်ရှားစွာတွေ့ရသော ဧချင်းစုမှာ ဧချင်းဟောင်း ၁၂ စောင်နှင့် ဧချင်းသစ် ၄ဝ ကျော် ၅ဝ နီးပါးခန့် ဖြစ်သည်။ ထိုဧချင်းများတွင် ရခိုင်အမတ်ပညာရှိကြီး အဒူ မင်းညို ရေးသားသော ရခိုင်မင်းသမီး ဧချင်းကို ရှေးအကျဆုံး အဟောင်းဆုံး ဧချင်းအဖြစ် ထားရှိကြသည်။


ဧချင်းတို့သည် တောင်ငူခေတ်တွင် ပိုမိုထွန်းကားသည်။ ဧချင်းစာဆိုတို့သည် ဧချင်းခံသူ၏ ဘေးလောင်းတော်၊ ဘိုးလောင်းတော်များ ဖြစ်ကြသော ဘုန်းကြီးသည့် မင်းများကို ကောက်နုတ်ဖွဲ့ဆိုလေ့ရှိကြရာ တောင်ငူခေတ်၏ အကျော်အမော် စာဆိုတော်ကြီးတစ်ဦးဖြစ်သော နဝဒေးကြီးသည် မင်းတရားမယ်တော် ဧချင်းတွင် အမျိုးဂုဏ်ရည်ကို ပျူမင်းမှအစတည်၍ ထုတ်ဖော်ဖွဲ့ဆို ခဲ့လေသည်။


တောင်ငူခေတ်ဧချင်းများတွင် အဓိကထား၍ရေးသားကြ သောအချက်များကား မြို့ဖွဲ့နှင့်ဘုန်းတော်ဖွဲ့များဖြစ်သည်။ ဧချင်း စာဆိုတော်တို့သည် မိမိတို့၏အရှင်သခင် ဘုရင်မင်းမြတ်ကို အလွန်အကျူး ချီးမြှောက် ဖွဲ့ဆိုလေ့ရှိကြသည်။ မင်းဇေယျရန္တမိတ် စပ်ဆိုသော မင်းရဲနရာဧချင်းတွင် တောင်ငူမြို့တော်ကြီး၏ သာယာပုံကို တခမ်းတနားဖွဲ့ဆိုထားသည့်ပြင် မြို့၏ ကြီးကျယ်သာယာပုံကို သာမညအားဖြင့်မဖွဲ့ဘဲ ဆယ့်နှစ်ရာသီ ပတ်လုံး မြို့တွင်းမြို့ပြင်သာယာပုံကို ရာသီအပိုင်းအခြားနှင့်တကွ ပြလိုသဖြင့်·


…ဧ လျှံမောင်း လျှံမောင်း၊ ဆန်လေညောင်းနှင့်၊

တပေါင်းသာခေါင်၊ ပဇ္ဇုန်ဆောင်က၊ ညီနောင်မွေစစ် သီတာရစ်သည်၊ သျှင်ချစ်တိုင်မျှ၊ ရွှေနန်းက ပင်၊ ချီကြွလမ်းခွင်၊ မင်းမှတ် သင်မှ…ဧ ဟူ၍ တပေါင်းလကို၎င်း ၊


…ဧ အုံ့မှိုင်း အုံ့မှိုင်း၊ မင်းလွင်ဆိုင်းက၊ ပင်တိုင်ည|ာကူး၊ တန်ခူးသာလွန်း၊ တာလဆန်း သော်၊ ရေသွန်းသဘင်၊ ဆင်လည်းတစ်ချက်၊ မြင်းဆက်ချပ်ကာ၊ မြူတာကြိုင်ထွက်…ဧ ဟူ၍ တန်ခူးလကို၎င်း ၊


ဧ မှိုင်းပျ မှိုင်းပျ၊ တန်ခူကသည်၊ မိဿ  ရာသီ၊ ပြိသ်သို့ချီ၍၊ တိမ်ဆီအာကာ၊ ဝိသာခါနှင့်၊ သော်တာမိုးလ၊ တူပြိုင်ပသော်…ဧ ဟူ၍ ကဆုန်လကို၎င်း။


လများကို အစဉ်အတိုင်း ၁၂ ရာသီ ပြည့်မီအောင် ဖွဲ့ဆို ထားသောကြောင့် ၁၂ ရာသီဖွဲ့များ၏ ရှေ့ပြေး လမ်းပြဟု ဆိုရပေမည်။ ထိုဧချင်းတွင် လျှံမောင်း လျှံမောင်း၊ အုံ့မှိုင်း အုံ့မှိုင်း၊ မှိုင်းပျ မှိုင်းပျ စသည်ဖြင့် အချို့သော အချီပိုဒ်များတွင် ယမကာချီနည်းဖြင့် အစုံအစုံချီ၍ထားရာ ရှင်အုံးညို ၏ ဂါထာ ၆ဝ ပျို့ကို ပြန်လည်သတိရ နိုင်ပေသည်။


#လေးချိုးကြီး (အခန်း(၅)မှာပါလာပါမယ်ခဗျာ )


#သာချင်း

သာချင်းဟူသောအဖွဲ့သည် ဟောစာနှင့် ခပ်ဆင်ဆင်တူသည်။ သာချင်းမပေါ်မီကဟောစာများပေါ်ပေါက် ၏။ နောက် တစ်ဖြည်းဖြည်းဟောစာများကို သာယာချေငံစွာ တစ်မျိုးတမည်ပြောင်းလွှဲဖွဲ့ဆိုကြကာ သာချင်းဟုအမည် ပေးကြဟန်တူသည်။ သာချင်းစပ်ဆိုရာ၌ စာဆိုသူလက်ထက် မတိုင်မီ ဖြစ်ပေါ်သောအကြောင်းအရာများကိုလည်း ကောင်း ၊ဇာတ်ဝတ္ထုများကိုလည်းကောင်း ဖွဲဆိုလေ့ရှိကြသည်။ စပ်ဆိုပုံ မှာလေးလုံးတစ်ပိုဒ် သို့မဟုတ်၊ငါးလုံးတစ်ပိုဒ်၊ သို့မဟုတ် ခြောက်လုံးတစ်ပိုဒ်ထား၍ရေးစပ်နိုင်သည်။ ရကန်စပ်ပုံစပ်နည်းနှင့် လည်း အနည်းငယ်ဆင်တူလေသည်။


'ဆင်ဖြူနာဂ၊ ဆဒ္ဒန္တလည်း၊ နတ်သစက်အောက်၊ လစဉ်ရောက်၍၊ နတ်လောက်ကညာ။ ။တိုင်းအ တည်တည်ပြည် အစို့စို့၊ ထီးတိုင်းတို့က၊ စက်ပို့နိယံ၊ သစ္စာနှံ၍၊ ကျွန်ခံလာသည်၊ ရတနာပူရ၊သားတော်မြေးမြစ်၊ ညွန့်သစ်စည် ပင်၊ ရာဇဝင် အခေါင်၊တပေါင်ကြွေးဟစ်၊ထွန်းရာဖြစ်သည်၊အောက်သေဋ္ဌဟု၊ ရွှေပြည်ဝကြီး' စသည်ဖြင့်ကာရန်အအုပ် အခံ ကန်၍သွား လေသည်။ ကာရန်ကန်ရုံမက ရကန်၌ကဲ့သို့ပင်အခြား ဆရာများကိုကန်ပုံ ရန်ပျိုးပုံလည်းဆင်ဆင် တူသည်။


သို့သော်ရကန်ဟူသော အဖွဲ့အနွဲ့သည် သာချင်းများ ပေါ်ပြီးနောက်မှ ပေါ်ပေါက်လာသောကြောင့် သာချင်းသည် ရကန်၏ရှေ့တော်ပြေးဖြစ်ကြောင်း ထင်ရှားသည်။ သာချင်းဟူသောအဖွဲ့အနွဲ့ကို ရှေးဦးစွာတီထွင်သူမှာ မင်းဇေယျရန္တမိတ်ဘွဲ့ခံ တောင်ခွင်မြို့စားဦးသာအောင် ဖြစ်လေ သည်။



ဦးသာအောင်သည် ဥတေနသာချင်း၊ ပဋာစာရီသာချင်းနှင့် စိဉ္ဇမာဏဝိ ကာသာချင်းတို့ကို ရေးသားခဲ့သည်။ ရှေးကလည်း သာချင်းနှင့်ဆင်တူသောအဖွဲ့မျိုးရှိတန်ရာ၏။ သို့သော်ဦးသာ အောင်၏သာချင်းသည် တွေ့ရသမျှသောသာချင်းများတွင် အကောင်းဆုံးဖြစ်လေသည်။ နန်းစဉ်စာတော်စာရင်းအရ စာပေ လောကတွင် ထင်ရှားလှသောသာချင်းများကား ဦးအောင်ဖြိုး ရေးသားသောရာမသာချင်း၊ ကျန်စစ်သားကြုတ် ဖွင့်ခန်းသာချင်း၊ အနော်ရထာစောတရုပ်ပြည်မှစွယ်တော် ပင့်ခန်းသာချင်း၊ ဗောဓိပင်ကိုမာရ်နတ်မင်းလုခန်းသာချင်း၊ မင်းဆက်ရာဇဝင်သာ ချင်း၊ မောင်ချင်းဖြူအမည်ခံစာဆိုတဦးဖွဲ့ဆိုသော ကျန်စစ်သား သာချင်းနှင့် ပုဂံငှက်ကြီးသာချင်း၊ ရေပုပ်ကျောင်းတကာဆို ယသောဓရာ ကန်တော့ခန်းသာချင်း၊ ဝိဓူရသာချင်း၊ တောထွက်ခန်းသာချင်း၊ နှစ်ကျိပ်ရှစ် ဆူသာချင်းနှင့် မရဏာသန္နသာချင်းတို့ဖြစ်ကြသည်။


#ပျို့

ပျို့သည် ပိုဒ်ရေများစွာပါဝင်သော လေးလုံးစပ် ကဗျာရှည်အမျိုးအစား ဖြစ်သည်။ အင်းဝခေတ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင်ခေတ်တို့တွင် ထွန်းကားခဲ့သည်။ စတင်ရေးသားခဲ့သူမှာ အသက် ၁၆ အရွယ်ရှိ ရှင်မဟာရဋ္ဌသာရ ဖြစ်သည်ဟု ဆိုသည်။


အဓိပ္ပာယ်


ပျို့၏ အဓိပ္ပာယ်ကို နှစ်သက်ခြင်းဟု ဖွင့်ဆိုသည်။ ပျို့ရေးသားသူကို ပျို့စာဆို ဟု ခေါ်သည်။


လှေသင်းအတွင်းဝန်၏ ဝေါဟာရလီနတ္ထဒီပနီ၌ ပျို့-ဟူ၍ ခေါ်ဝေါ်ရေးသားကြသည်မှာ-


“မနံ ပိနေတီတိ ပျို့-ဟု ဝိဂြိုဟ်ပြုသည်။ အနက်ကား- ယံကဗျံ၊ အကြင်ကဗျာသည်၊ မနံ၊ စိတ်ကို၊ ပိနတိ၊ နှစ်သက်စေတတ်၏၊ ဣတိ၊ ထို့ကြောင့်၊ တံကဗျံ၊ ထိုကဗျာသည်၊ ပျို့၊ ပျို့မည်၏။ ထို့ကြောင့် ပျို့ဟူသည် နှစ်သက်ခြင်း၊ ပြည့်ဖြိုးခြင်း၊ ထွန်းလင်းသော အရောင်အဝါရှိခြင်း တည်းဟူသော စကားသုံးရပ်ဖြစ်ကြောင်းကို ပြသော ပေါရဏတွင် ဆိုသဖြင့် ဤအရာ၌ နှစ်သက်မြတ်နိုးစေတတ်သည် သဘောရှိသည်ဟု ဆိုသည်။ အထောက်အထားအဖြစ်လည်း ဘုံခန်းတွင် -


“စုံမက်လှည့်တို့ ပျို့ရရို့လျှင်၊ နှစ်လို့ချင်ဘွယ်၊ ရူပကာယ်ကား” ဟူ၍၎င်း ၊


“သီးနုရှိလင့်၊ သီးမာရင့်လျက်၊ မှည့်နှင့်တချို့၊ နတ်မင်းတို့သည်၊ ချစ်ပျို့ လေးလေး မြတ်မြတ်တည်း” ဟူ၍၎င်း။


“ကြည့်မိတုံတုံ၊ အာရုံပျို့ပျို့၊ နှစ်လို့ပျော်ပျော်၊ ရှေးထက်သော်လည်း” ဟူ၍၎င်း၊


ဟတ္ထိပါလတွင်-


“လေးယောက်ပျို့ပျို့၊ အင်မချို့တည့်၊ သားတို့ ထံရင်း” ဟူ၍၎င်း၊

တနည်းလည်း ရှေးရှေးသော ကျမ်းပြုဆရာဆရာတို့သည်- “ယဿ    ဘဂဝတော၊ အကြင်မြတ်စွာဘုရားအား။ ပိနာ၊ ပျို့ကုန်သော။ ဥရက္ခံသဗာဟဝေါ၊ ရင်ညှပ်ပခုံးလက်ရုံးတို့သည်။ သန္တိ၊ ရှိကုန်၏”- ဟူ၍ အနက်ပြန်ဆိုတော်မူကြ၏။ 

ထို့ကြောင့်- ပိန- သဒ္ဒါကဖြစ်သော (ပျို့) ဟူ၍ ယူသင့်သည်။ ဤအရာ၌ သူတပါးတို့၏ နှလုံးကို ကြည်လင်နှစ်မြို့စေလျက် စိတ်ပျိုကိုယ်နုစေတတ်သော အဖွဲ့ဖြစ်ခြင်းကြောင့် ပျို့ဟူ၍ ခေါ်ဝေါ်ရေးသားကြသည်။


အမျိုးအစား


ပျို့ကို အခြေခံအမျိုးအစားအားဖြင့် ၂ မျိုးရှိသည်ဟု သတ်မှတ်သည်။ ထိုအမျိုးအစား ၂ မျိုးမှာ –


ဇာတ်လမ်းပါသော ပျို့

ဇာတ်လမ်းမပါသော ပျို့ တို့ဖြစ်သည်။

အရေးပါသောအစိတ်အပိုင်း ပြင်ဆင်


ပျို့တစ်ပုဒ်၏ နိဂုံးဖော်ပြချက်သည် အရေးပါသောအစိတ်အပိုင်း ဖြစ်သည်။ နိဂုံးပိုင်းတွင်


စာဆို၏ ဘဝ

စာဖတ်ပရိတ်သတ်အပေါ် သဘောထား

အကြောင်းအရင်း

ရေးဖွဲ့ပြီးစီးချိန် တို့ကိုတွေ့ရသည်။

ပျို့တွင် ဇာတ်လမ်းကျောရိုးတည်ရာပြည်ကိုဖွဲ့ရာ၌ ပျို့စာဆိုကျင်လည်ရာမြို့ကို ထင်ဟပ်ဖွဲ့ဆိုကြသည်။


ပျို့ဆိုင်ရာမှတ်ချက်များ


မြန်မာစာပေစတင်ဖွံ့ဖြိုးသော အင်းဝခေတ်တွင် ပျို့စာဆိုတို့သည် ဇာတ်တော်ကြီးဆယ်ဘွဲ့အပါအဝင် ဗုဒ္ဓစာပေ ဝတ္ထုဇာတ်လမ်းများကို ပျို့ ဟုခေါ်သော ကဗျာဝတ္ထုများအဖြစ် ဝေဝေဆာဆာ ရေးဖွဲ့ကြသည်။



ကိုးကား


* မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)

*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)

*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)

*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)

*မဟာဇေယသင်္ခယာဘွဲ့ခံ လှေသင်းအတွင်းဝန်၊ “ဝေါဟာရလီနတ္ထဒီပနီ”၊ ဟံသာဝတီပုံနှိပ်တိုက်၊ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ။



ဂီတအကြောင်း (၃)

 ဂီတအကြောင်း (၃)


#ရကန်  #အဲချင်း  #အန်ချင်း


#ရကန်


ရကန်ဆိုသည်မှာ ကဗျာတည်းဟူသော ပင်မကြီးမှ ဖြာထွက်သော "တေးဂီတ" ကိုင်း အပါအဝင် အခက်အလက်တရပ် ဖြစ်လေသည်။ ရတုနှင့် ရကန်မှာ အသံနီးသလောက် ရေနှင့် ဆီပမာ သဘောနေ ကွာဝေးသည်။


အချို့ကမူ သက္ကဋ ပုဒ်ပျက် "ရိဂံ" မှ ဆင်းသက်လာသည်ဟု ယူဆလို၏။ "ရိဂံ"၏ အနက်မှာ လွန်စွာ ရယ်ရွှင်ခြင်း ဖြစ်သောကြောင့် ရကန်သည် ရယ်ရွှင်ဘွယ်ရာ စာတစ်မျိုဟု ဆိုကြသည်။ ကျန်အချို့ကမူ ပုဂံမြို့ စာသင် ဂူကျောင်းကျောက်စာ (၅၉၀ ပြည်နှစ်ထိုး) တွင် "င(ဝိ)ရခိုင် ငသောင်ကာ၊ ၂ယောက်ကား ငါ့ကိုဝ်စား ရခန်မူစေသတည်း" ဟုတွေ့ရသဖြင့် ရခန်မှ ရကန်ဖြစ်လာသည်ဟု ယူဆလို၏။ ရခန်မှာ ရကန်၊ ရကန်မှ ရကင်၊ ရကင်းဖြစ်လာနိုင်သောကြောင့် "အတီးအမှုတ်သဘင်"လည်း ဟောသဖြင့် ရကန်ကန်သည် "ဂီတ တေးသွား စာ" မျိုး ဖြစ်တန်သည်ဟု အကြောင်းပြကြသည်။


ထိုသူတို့ ယူဆချက်သည် "ဆင်နှင့် မျက်မမြင်ခြောက်ဦး" ဝတ္ထုမှာကဲ့သို့ သူအမြင်နှင့် သူ မှန်သည်ချည်းပင်ဖြစ်လေသည်။ ထိုအဆို သုံးရပ်ကို သိမ်းကျုံးပါဝင်အောင် အနက်ဖော်လျှင် ရကန်၏အနက်သည် ပြည့်တန်သရွေ့ ပြည်ပေလိမ့်မည်။ ထို့ကြောင့် ရကန်ဟူသည် စာဖတ်နာ သူတို့၏ စိတ်ကို ရွှင်ပြ ုံးစေလျှက် မိမိရရ အကျောက်အကန် ရေးသားအပ်သော တေးသွား စာတစ်မျိုးဟု အနက်ဖွင့်သင့်လေသည်။ ရကန်နှင့် သဘောသွား တူသော စာမျိုးလည်း မြန်မာစာပေတွင် ရှိသေးသည်။ ထိုစာများမှာ "သျှိုးလိုက် ရတု"နှင့် "သာချင်း" တို့ ဖြစ်ကြသည်။ ရကန်သွားပင် ဖြစ်စေကာမူ အကျောက်အကန်၊ အနိုပ်အနယ်၊ အချီးအပင့်၊ ကိုယ်ရည်သွေးမပါမူကား၊ "ရတု" များဟု ခေါ်ဆိုသည်ကို မန်လည်ဆရာတော်ဆို ရတုများကို ထောက်ထားသိရှိနိုင်လေသည်။


ရတုသည် လေးလုံးစပ် လင်္ကာမျိုးဖြစ်၍ စည်းကမ်းကြီးလေသည်။ ရကန်မှာမူ ဂီတတေးသွား သက်ဝင်၍ စကားပြေပိုင်းတွင် တည်နေပြီးလျှင် စည်းကမ်းချုပ်ချယ်မှုမှ လွတ်ကင်းလေသည်။ ရကန်၏ အနက်ကို အမျိုးမျိုးကြံဆကြကုန်၏။ အချို့ကား အမိအရ အကျောက်အကန် ရေးသားသောစာ (တနည်းဆိုသော်- ရန်ပျိုးစာ၊ ရန်ထောင်စာ) ဟု ဆို၏။ ထိုသို့ မိမိရရ ကျောက်ကန်ရာ၌လည်း (က)ကာရန်၌ ကန်ခြင်း၊ (ခ) အကြောင်းပြ၌ ကန်ခြင်းနှင့် (ဂ) အဆို၌ ကန်ခြင်းဟု ခွဲခြားပြကြသည်။


မည်သည့်ခုနှစ်လောက်က ရကန်သည် စတင်ပေါ်ပေါက်လာသည်ကို အတိအကျ မဆုံးဖြတ်နိုင်ချေ။ ကုန်းဘောင်ခေတ် မကျရောက်မီ ကာလကပင် "ရကန်" ဝေါဟာရ ရှိနှင့်ပြီးသည်ကို ကဝိလက္ခဏသတ်ပုံ (၁၁၁၃ ခုနှစ်ပြီး) တွင် "ရတုရကန်၊ စာသဝန်၊ ယုံကျွန်မရောက်လှာ" က သက်သေခံလျက် ရှိချေသည်။ မြန်မာပြည်သည် အတွင်းရန်၊ အပြင်ရန် အတန်တန်မှ အပြန်ပြန် အလှန်လှန် ဒဏ်ခံခဲ့ရကား၊ ရှေးကျသော ရကန်ဟောင်းများကို ရှာဖွေမတွေ့ရှိရချေ။ ကံကောင်းထောက်ပင့်၍ ကြွင်းကျန်ရစ်သော စာပေစုတွင် ရွေှတောင်နန္ဒသူဆို " မွေ့နွန်းရကန်"ကို ရှေးအကျဆုံးဟု ဆိုထိုက်လေသည်။ ထိုအထက်ကျော်ကာရီက "မနော်ရကန်"၊ "ငွေတောင်ရကန်(ဟောင်း)တို့ ရှိဘူးကြောင်းကို ရကန်စာကိုယ်များအရ သိရလေသည်။ ရကန်စာစုတွင် ဦးတိုးဆို "ရာမရကန်"သည် ပထမတန်းစားဖြစ်ကြောင်း စာဝါရင့်သူတိုင်း အသိအမှတ် ပြုကြလေသည်။ မင်းတုန်းမင်းလက်ထက်တွင် "နေမိရကန်"မှအပ၊ ဦးရွေှနီဆို ပဉ္စပါပီရကန်၊ ဦးပုညဆို ဟောကိန်းရကန်များ ပေါ်ပေါက်လာလေသည်၊။ ပဉ္စပါပီရကန်မှာ အနက်ရုန့်ရင်းလှ၏။ ဟောကိန်းရကန်များမှာမူ နှလုံး မြူးလောက်အောင် ဟာသဉာဏ် ကစားခဲ့လေသည်။ ရကန်သွား မေတ္တာစာဟူ၍ စကားပြေ ဆရာကြီး အရှင် ဦးဩဘာသသည် ဝေဆာစွာ စီကုံးခဲ့လေသည်။


ရကန်ကို ဗြိတိသျှကိုလိုနီခေတ် တိုင်အောင် ကြိုကြား၊ ကြိုကြား ရေးသားကြသည်ကို တွေ့ရလေသည်။ 


ရကန်သည် မြန်မာကဗျာအဖွဲ့အနွဲ့တစ်မျိုးဖြစ်၍ လေးလုံး စပ်သက်သက် မဟုတ်သော်လည်း လေးလုံးစပ်ကာ ရန်ယူနည်းများကို မှီးသဖြင့် လေးလုံးစပ် ရတုမျိုးမှ ကွဲထွက်လာသောကဗျာ တစ်မျိုး ဖြစ်သည်။ အဖွဲ့အနွဲ့အားဖြင့် သာချင်းနှင့် ဆင်တူသည်။ ရတု ရကန် အဲအန် ဧချင်းဟူ၍၎င်း ၊ရတုရကန်၊စာသဝန်၊ ယုံကျွန်မရောက်လှာ ဟူ၍၎င်း ၊ရတုနှင့် ရကန်ကိုတွဲစပ်သုံးနှုန်းလေ့ ရှိသည်။


ရကန်သည် အထူးသဖြင့် ကာရန်ကို လွတ်လပ်စွာ ရွေးချယ်နိုင်၍ ပဒချင်း ဆက်စပ်ရာ၌၎င်း ၊အပိုဒ်ချင်း အခံ၊အအုပ် ဟပ်စပ်ရာ၌၎င်း ၊အသတ်ကို ပဓာနမထားလှဘဲအသံတူရုံလောက်သာအဓိကထား ၍စပ်ဆိုမြဲဖြစ်သည်။ အခံနှင့်အအုပ်ကာရန်မှာ ပဒများစွာ ခြား၍ စပ်သဖြင့် ကာရန်ကို ခွာ၍ ကန်ထားသကဲ့သို့ ရှိသည်။ ထို့ကြောင့် ကာရန်ကန် ဟူသောဝေါဟာရမှ ကာပုဒ်ကျေ၍ ရန်ကန်၊ ရန်ကန်မှ ရကန်သို့ပြောင်းလဲလာဟန် အချို့ မှတ်ယူကြသည်။


အချို့ကမူ လွန်စွာ ရယ်ရွှင်ခြင်းအနက်ရသော သက္ကတ ပုဒ်ပျက် ရိဂံပုဒ်မှ ရကန်ဖြစ်လာသည်ဟု ယူဆကြသည်။ ရကန်မှာ ရယ်ရွှင်ဖွယ်ကောင်းသော အဖွဲ့အနွဲ့မျိုးကား မှန်ပေသည်။ ရကန်အဖွဲ့အနွဲ့သည် များသောအားဖြင့် စာပြောင်စာလှောင်ကဲ့သို့ရယ်ရွှင် စေလိုခြင်းနှင့် သူတစ်ပါးကို ကျီစယ်ခြင်း၊ ခနဲ့ခြင်း၊ ချိုးဖဲ့ချိတ်ရိပ်ခြင်း၊ ရန်ထောင်ခြင်း၊ သရော်ပြက်ရယ် ပြုခြင်း စသောသဘောများကို ထည့်သွင်း ဖော်ပြ ထားသော ကဗျာပင် ဖြစ်သည်။ ယင်းကြောင့် သူတစ်ပါးကို စာသားဖြင့် ရန်ထောင်ခြင်း၊ ထိပါးခြင်း၊ ကန်ခြင်းပြုသဖြင့် မိမိရရ ကန်နိုင်သော ကဗျာကို ရကန်ဟု ခေါ်တွင်ဖွယ်ရှိ ကြောင်းဖြင့်လည်း အချို့က ကြံဆကြသည်။


ရကန်မှာ အကြောင်းအရာနှင့် ကာရန်အချိတ်အဆက်ပါ ကန်သော သဘောရှိသည်မှာကား ထင်ရှားသည်။ (က) အကြောင်းအရာ ကန်ပုံမှာ။ ရကန်ဉာာဏ်၊ စာဆိုဉာာဏ်ဖြစ်၊ ရွေှနန်းရန်ဘုန်းပွင့်၊ ထိပ်ခေါင်တင့်ကျွန်၊ တုံးအောက်က တီတွန်လို့၊ ဗုဇွန်က၊ တော်ထူးအောင်၊ ပူးလို့ဘဲလှော်လှော်၊ ရေမော်တွင် လန်လိမ့်မည်၊ ဉာာဏ်မော်၊ ဉာာဏ်ကျော်ကို နှိမ်နေကျ ဉာာဏ်တိမ်ယာဉ်စီးလေ။ (ရာမရကန်) (ခ) ကာရန် ကန်ပုံမှာ ဒေါင်းလည်ဆံမျိုး၊ ပိုးပရံကောင်၊ အရောင်မူလ၊ ကတ္တီပါအနက်၊ ဖိတ်လက်မှောင်စို၊ ပြာသိုသဘင်၊ မြင်းခင်း ရွှင်မှာ၊ ဆင်တော်မူနေကျ (ရာမရကန်)ဟူ၍ ဖြစ်သည်။


ရကန်ဟူ၍မျှတွင် ထိုသို့ ပလွှားကြွားဝါချက်၊ ကဲလွန်တင်စား ချက်နှင့် ကန်ချက်များ တစ်နည်းနည်းပါရှိမြဲ ဖြစ်သည်။ ရတုနှင့် ကွဲလွဲပုံမှာ ရကန်တွင် အပိုဒ်ပေါင်းများစွာ အရေအတွက် အကန့်အသတ်မရှိဘဲ ပျို့များကဲ့သို့ တစ်ဆက် တည်း ရေးဖွဲ့နိုင်သည်။ အချီအချချင်း တူညီရန် မလိုချေ။ လေးလုံး တစ်ပါဒသာမက၊ တစ်ပါဒလျှင် ငါးလုံး ခြောက်လုံး အထိ ရေးဖွဲ့နိုင်သည်။ ကာရန်အကန်ဝေးသဖြင့် နီးရာပဒချင်း ကာရန်မချိတ်မိဘဲ လည်း ရှိနိုင်သည်။


ရကန်မှာ ညောင်ရမ်းခေတ် (သက္ကရာဇ် ၈၈ဝ ပြည့်နှစ်မှ ၁၁၁ဝ ပြည့်နှစ်ကျော်အထိ)က စတင် ပေါ်ပေါက်ခဲ့သည်။ ကုန်းဘောင်ခေတ်အလယ်လောက်မှစ၍ ရကန်များ အများ အပြား ပေါ်ထွက်လာသည်။


မြန်မာဂန္ထဝင်တွင် တွေ့ရှိရသော ရကန်အချို့မှာ

၁။ ဝါဆိုစဉ် ရကန် (စိန္တကျော်သူ)

၂။ ငွေတောင် ရကန် (ရွေှတောင်နန္ဒသူ)

၃။ မွေ့နန်း ရကန် (ရွေှတောင်နန္ဒသူ)

၄။ အဝမြို့ဘွဲ့ ရကန် (ဦးတိုးနှင့် ဦးရွဲ)

၅။ ရာမ ရကန် (ဦးတိုးနှင့် ဦးရွဲ)

၆။ လေဆေးနည်း ရကန် (ဦးလန်း)

၇။ မေတ္တာပို့ ရကန် (ဆရာတော် ဦးပုတ်)

၈။ အောင်ခြင်းရှစ်ပါး ရကန် (ဆရာတော်ဦးပုတ်)

၉။ ပဉ္စပါပီ ရကန် (ဦးရွေှနီ)

၁ဝ။ နေမိ ရကန် (ကင်းဝန်မင်းကြီး ဦးကောင်း)

၁၁။ အဋလက်ဟောကိန်း ရကန် (ဦးပုည)

၁၂။ နဂါးလှည့်ဟောကိန်း ရကန် (ဦးပုည)

၁၃။ မြေခံဟောကိန်း ရကန် (ဦးပုည)

၁၄။ သစ်လဲကြန် ရကန် (ဦးပုည)တို့ ဖြစ်သည်။ ယင်းတို့အနက် ရာမရကန်သည် အကျော်ကြား ဆုံး ဖြစ်လေသည်။


#အဲချင်း 


အဲချင်းဟူသည် ဧချင်း၊ အိုင်ချင်း၊ အန်ချင်းတို့ကဲ့သို့ မြန်မာ့ယဉ်ကျေးမှု အနုပညာတစ်ရပ်ဖြစ်သော ကဗျာလင်္ကာစု၌ ပါဝင်၍ ဂီတသဘောသက်ဝင်သော အဖွဲ့အနွဲ့မျိုး ဖြစ်သည်။ အဲ ဟူသော စကားလုံးသည် မြန်မာစကားလုံးဖြစ်၍ ရပ်တံ့သည် ဟူသော အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် အဲချင်းသည် ရပ်တန့်၍ သီဆိုရသော ကဗျာတစ်မျိုးဟု ဆိုကြသည်။ ဥဒေါင်းမင်းပျို့တွင် ဗိုလ်ပါသူရဲ တံ့အဲမြင်းဆင် ဟုပါရှိရာ အဲ သည် ရပ်တံ့ သည်ဟူသော အဓိပ္ပါယ်ပေါ်သော်လည်း ကဝိလက္ခဏာ သံပေါက်တွင် သူကမိုးကဲ၊ လူတွေအဲ၊ ဆုတ်ရှဲတို့ကရှား ဟု လာရှိရာ လူတွေအဲ ဟူသော အဓိပ္ပါယ်သည် လူတွေရပ်တံ့ သည်ဟုလည်းဆိုနိုင်သည်။ လူအများအပြားဟုလည်း ဆိုနိုင် သည်။ ထို့ကြောင့် အဲချင်းသည် လူအများ ဝိုင်းဝန်း သီဆိုရ သော ကဗျာမျိုးဟုလည်း ဆိုကြပြန်သည်။


အဲချင်းသည် သီချင်းကဗျာတစ်မျိုးဖြစ်ကြောင်း ပြဆို သော အထောက်အထားများမှာ ရှင်မဟာရဋ္ဌသာရ၏ သံဝရပျို့ တွင် စောင်းငြင်းလိုက်၍၊ ဧရိုက်ခြည်းခြည်း၊ ဖြည်းဖြည်းည|င်း ညှင်း၊ သာချင်းရတု၊ ပျော်မှုတသီး၊ ရုပ်ကြီးရုပ်ငယ်၊ မီးဝယ် ကြည့်ပွဲ၊ အဲ့အဲမနိုင်၊ အဆိုင်ဆိုင်လျှင်၊ အဲတိုင်အဲခံ၊ အဲထောက် သံနှင့် ဟူ၍လည်းကောင်း၊ ကဝိလက္ခဏာသံပေါက်တွင် သီ ချင်းနှင့်အဲ၊ စောင်းနှင့်အဲ၊ မယ်နဲမိကန္နား ဟူ၍လည်းကောင်း အသီးသီး စပ်ဆိုထားလေသည်။



အခြားအယူအဆတစ်ခုမှာ အဲသည် အယျ ဟူသော ပါဠိမှ ဆင်းသက်လာသော စကားလုံးဟု ဆိုသည်။ အယျ၏ အဓိပ္ပါယ်မှာ အရှင်၊ သို့မဟုတ် သူကောင်းသားဟူသော အခေါ် အာလုပ်စကားဖြစ်၍ အရင်းက အာလုပ်စကား၊ သို့မဟုတ် အခေါ်စကားပါသော သီချင်းမျိုးကို အဲချင်းဟုခေါ်သည်။ သုံးဆယ့်ခုနှစ်မင်း နတ်သံများသည် အဲသီချင်းအမျိုးအစား၌ ပါ ဝင်ရာ ဝန်ကြီးပဒေသရာဇာရေးသည့် သိကြားမင်း နတ်သံဖြစ် သော မေရုငယ်မှရာဇာလေ... မှိုင်းညို့ညို့နှင့်၊ တို့နေရာ မှာ၊ သီးဒါငယ်မှတရစ်၊ လေးကျွန်းလယ်ခေါင်၊ မြတန်ဆောင် မှာ၊ တောင်တဆစ်နှင့်၊ ကသစ်ကယ်မှနီလွင်၊ ပင်လယ်ပန်းနှင့်၊ နန်းကြီးရှင်ကို၊ နှင်နှင်မမှတ်ကြနှင့် ဟူသော အပိုဒ်တွင် အာလုပ်စကားဖြင့် စတင်ထားသည်ကို တွေ့ရသည်။ အဲသည် ဟဲသည် ဟူသော မြန်မာစကားရင်းမှ ရွေ့ လျောလာဟန်တူ၍ ဟဲ၍ရွတ်ဆိုရသော သီချင်းမျိုးကို အဲချင်းဟု ခေါ်ဝေါ်ခြင်း ဖြစ်တန်ရာသည်ဟု အချို့က ဆိုကြ ပြန်သည်။ နတ်သံများကို ရွတ်ဆိုရာ၌ ဟဲ၍ရွတ်ရပုံ၌ ထင်ရှားသည်ဟု ဆိုလေသည်။


အဲချင်းကိုစပ်ပုံဆိုမှာ အလိုရှိရာအကြောင်းချင်းတတို့ကို တစ်ပုဒ်လျှင် အပိုဒ်လေးပိုဒ်ထား၍ စပ်ဆိုသီကုံးကြရာ သံဝရ ပျို့၌ အဲတိုင်အဲခံ၊ အဲထောက်သံနှင့် ဆိုသည်နှင့်အညီ အဲတိုင်ဟူသော အတိုင်ပိုင်းနှင့် အဲထောက်အဲခံဟူသော အချ ပိုင်းဟူ၍ နှစ်ပိုင်းရှိသည်။ ပထမပိုဒ်သည် အတိုင်ဖြစ်၍ ငါးပါဒ မှ ကိုးပါဒအထိ ပါရှိသည်။ တစ်ပါဒလျှင် များသောအားဖြင့် လေးလုံးပါရှိ၍ ရံဖန်ရံခါ ထို့ထက်ပို၍လည်း ထည့်သွင်းစပ်ဆို ကြသည်။ သို့သော် အစပါဒနှင့် အချပါဒကို ခုနစ်လုံးစီအမြဲ ထားပြီးလျှင် အချပါဒတွင် ခုနစ်လုံးမြောက် ဖြစ်သော နောက် ဆုံးစာလုံးကို လေ ဟူ၍လည်းကောင်း၊ လေး ဟူ၍ လည်းကောင်းထည့်ရသည်။ ဒုတိယ၊ တတိယ၊ စတုတ္ထပိုဒ်များ သည် အချပိုင်းဖြစ်၍ ခုနစ်ပါဒမှ ၁၉ ပါဒ အထိစပ်ဆို၍ တစ်ပိုဒ်တစ်ပိုဒ်တွင် အတွင်းစာသွား စကားကာရံ အသံအနေ အထား စပ်ဆိုပုံများမှာ တစ်ပါဒလျှင် လေးလုံးမှ ကိုးလုံးအထိ ဖြစ်ပြီးလျှင် ဆက်ရက်ခုန်၊ ခွာကာခွာကာ စီကုံး ကြရသည်။


အထက်ပါ စည်းမျဉ်းများနှင့်တကွ အခံ၊ အအုပ်၊ အဆုတ်အတက်၊ အသွာ၊ အလာ၊ ကာရံ အစပ်၊ အရပ်အတော၊ သဘောတူ သံတူကြောင်းကွဲ စနစ်များအရ စီကုံးစပ်ဆိုထားပုံကို သဘောပေါက်နိုင်စေရန် ကုန်းဘောင်ခေတ် အမျိုးသမီးစာဆို မယ်ခွေ၏ ၁၂ ရာသီဖွဲ့ အဲချင်းမှ မိဿရာသီ၊ တန်ခူးလဖွဲ့ စပ် ဆိုပုံကို ပုံစံအနေဖြင့် ဖော်ပြပေအံ့။


နေနတ်ကယ်မှ ရာဇာလေ။ အာသာဝဏီ၊ ကြယ်နှင့်ညီ လို့၊ စန္ဒီစိတြ၊ တူယှဉ်ပြိုင်ပကြတယ်၊ လအတာကိုတဲ့လေး။ (၁) သီတာငယ်မှပျံ့မွှန်း၊ သပြေမြရည်၊ တစ်သောင်းပြည်ကို၊ အောင် စည်ရွှမ်းလို့၊ ရေသွန်းမှခါချိန်၊ သောက်ရှူးဥကာ၊ ကြယ်နီလာ နှင့်၊ ရွေှဖာပေါက်လို၊ တိမ်ခိုးညိုနှင့်၊ ပြိုမည့်နှယ် ချိန်သည်၊ နဂါးလိမ် လွမ်းအိမ်ဖွဲ့လို့၊ မယ့်ဆီကိုမဲ။ (၂) သင်းတွဲမှရွေှ ရောင်၊ ကံ့ကော်ဝတ်မှုန်၊ မွေှးထုံထုံနှင့်၊ ရဂုံမြိုင်ပြား၊ တော တစ်လွှားလည်း၊ ငှက်ခါးတောင်လို၊ ပူအောင်မယ့်ကို၊ မိုးကြီး တစ်ဖွဲ့၊ လေတစ်လှဲ့နှင့်၊ တစ်ဆယ့်ခြောက်တိုင်း၊ မပြတ်ကယ် ဆိုင်းလို့၊ မှိုင်းမှိုင်းငယ်ညိုသည်၊ မ-ဖို သီတာဆိပ်ကယ်က၊ ချိပ်ရိပ်ညိုနွဲ့။ (၃) ပြင်နာရီကား၊ ငါးဖို့ထားလို့၊ ဖဝါးမှာသုံး အင်၊ မိဿခွင်မှာ၊ မရွှင်နိုင်တတ်၊ စန်းလွန်းပင် ပြတ်ခဲ့ပြီ၊ မြတ်ဆံကျင် တာရာက၊ တေဇာတော် မချီပါနှင့်တော့၊ ဝေသာ လီ ရွေှပြည်ကြီးမှာတဲ့၊ ထိန်ညီးရဲ့လေး။ ။


အဲချင်းတို့၏ နောက်ကြောင်းမူလအရင်းအမြစ်ကို စိစစ် ကြည့်ရာ၌ ဦးကုလားရာဇဝင်နှင့် မှန်နန်းရာဇဝင်တို့အရ အင်းဝ ခေတ် မင်းကြီးစွာစော်ကဲ လက်ထက်ကပင် အဲသီချင်းအဖွဲ့အနွဲ့ များ ပေါ်ပေါက်နေပြီဖြစ်ကြောင်း သိရသည်။ ကဗျာဗန္ဓသာရ ကျမ်း၌မူ ပုဂံခေတ်မှ ပုပ္ပါးစံကားပွင့် အလင်္ကာကို အဲချင်း၊ အချင်းငယ် ဟူ၍လည်းကောင်း ဖော်ပြပါရှိသည်။ အင်းဝခေတ် တွင် အင်းဝဘုရင် သီဟသူရလက်ထက်၌ ထိုမင်း၏သားတော် အနော်ရထာ၏ သမီးတော်သုံးပါးဖြစ်သော ရှင်စိုးမင်း၊ မင်းလှ မြတ်နှင့် မင်းဘုန်းထွတ်တို့ကို ရှင်မဟာရဋ္ဌသာရလောင်းဖြစ် သော ထိုစဉ်ကအသက် ၁ဝ နှစ်မျှသာရှိသေးသည့် မောင်မောက် က ရုတ်ခြည်းစပ်ဆိုလိုက်သော အဖွဲ့အနွဲ့ကို စည်းချက်ကိုက်၊ အဲရိုး၊ အချင်းနှင့် အချင်းငယ်ဟူ၍လည်း ခေါ်ဆိုကြသည်။ ယင်းမှာ အောက်ပါအတိုင်းဖြစ်သည်။




(ရှင်စိုးမင်းဘွဲ့) အိုဘဲ့ဘယ်၊ အိုဘယ့်သမီးတော်၊ ထင်ပေါ်ဘုန်းပျံ့သင်း။ ။ (မင်းလှမြတ်ဘွဲ့) အိုဘဲ့ဘယ်၊ အိုဘယ့်သမီးတော်၊ နတ်သော်ပုံမယွင်း။ ။ (မင်းဘုန်းထွတ်ဘွဲ့) အိုဘဲ့ဘယ်၊ အိုဘယ့်သမီးတော်၊ စန်ဒော် လနှယ်ဝင်း။ ။ တောင်ငူခေတ်တွင် အဲသီချင်းများရှိကြောင်းကို မင်းဇေ ယျရန္တမိတ်၏ ရတုတစ်ပုဒ်တွင် အဲသီချင်းနှင့် ပြည့်တင်းရည်ဆောင်၊ အဆောင်ဆောင် သည်၊ ခါညောင်မသွန်းလှည့်လေလော့ ဟု တွေ့ရှိခြင်းဖြင့် သိရပေသည်။ ထို့ပြင် ထိုခေတ်၏ အကျော်အမော်စာဆိုတော် တစ်ဦးဖြစ်သော ရှင်သံခိုကလည်း နန်းမြေဟံသာ၊ ပြန်ခဲ့လာ၍၊ အခါချိန်ထောက်၊ စခန်း ရောက်သော်၊ အဲထောက်သီချင်း ဟူ၍ ထည့်သွင်းစပ်ဆို ထားသည့် အထောက်အထားကိုလည်း တွေ့ရပေသည်။ ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက် ၁ဝ၈ဝ ပြည့်နှစ်တွင် ပေါ်ပေါက်ခဲ့သော အဲချင်းမျိုးကို ၈ဝ ပေါ်အဲဟု ခေါ်ဆိုကြသည်။ ကုန်းဘောင်ခေတ် စာဆိုမယ်ခွေ၏ အဲချင်း များကို ၈ဝ ပေါ်အဲဟုလည်း ခေါ်ဆိုကြလေသည်။ အဲချင်းအဖွဲ့အနွဲ့များသည် ကုန်းဘောင်ခေတ်တွင် ပိုမို ခေတ်စားလာသည်။ စဉ့်ကူးလက်ထက်မှစ၍ ဘိုးတော်မင်းတရား လက်ထက်တိုင်အောင် ထင်ရှားသော စာဆိုတော်တစ်ဦးဖြစ်သူ ဦးယာသည် အဲသီချင်းများ အရေးအသားကောင်းသဖြင့် အဲ မောင်ယာဟုပင် ထင်ရှားခဲ့လေသည်။


ဘိုးတော်ဘုရား လက်ထက်တွင် ရတု၊ လူးတား၊ တေး ထပ်၊ လေးချိုး၊ သဖြန် စသည့် အဖွဲ့အနွဲ့ အမျိုးမျိုးတို့ဖြင့် ၁၂ ရာသီ အဖွဲ့များကို ဖွဲ့နွဲ့ခြင်း ခေတ်စားသည်။ အမွေဝန်ကတော် မယ်ခွေသည် ၁၂ ရာသီဘွဲ့ကို အဲချင်းဖြင့် ဖွဲ့ဆိုသည်။ ထိုအဲ ချင်းသည် ၁၂ ရာသီဖွဲ့ကဗျာများတွင် အလွန်ထင်ရှားသည်။ အခြား ၁၂ ရာသီဖွဲ့ရတု၊ လူးတားတို့ထက်ပင် ပို၍ အရေးပါခဲ့ သည်။ အကြောင်းတစ်ခုမူ မယ်ခွေ၏ ၁၂ ရာသီဖွဲ့ အဲချင်းများ သည် အလွန်နက်နဲ၍ ရာသီအလိုက် ပန်းများ၊ ပွဲတော်များ၊ ရာသီဥတု အခြေအနေ စသည်တို့ပါဝင်၍ စုံစုံလင်လင် ရှိပြီး လျှင် ပြေပြေပြစ်ပြစ်လည်း ရှိသည်။ မယ်ခွေသည် မိမိ၏အဲ ချင်းတွင် ရာသီ၏အခြေအနေကို အမွှမ်းတင်၍ တော၊ တောင်၊ ရေ၊ မြေနှင့်ရာသီဥတု အခြေအနေတို့နှင့် လိုက်ဖက်သည်များကို ပေါ်လွင်အောင် စာပန်းချီချယ်ပြနိုင်သည်။ ရာသီ၏ စန်းယှဉ် နက္ခတာရာ၊ ဗေဒင် ဝေါဟာရ အသုံးအနှုန်းများ၌လည်း ကျန သေသပ်သည်။ ထို့ပြင် ရာသီအလိုက် လွမ်းစရာဆွေးစရာများ ကို တန်ဆာဆင်ထားသဖြင့်လည်း မယ်ခွေ၏ အဲချင်းသည် အခြားရာသီဖွဲ့များထက် တစ်မူထူးခြားလေသည်။




မယ်ခွေသည် ဩကာသလောကကြီး၌ စိတ်ဝင်စားပြီး လျှင် မိမိကိုယ်တိုင်ကလည်း နုနယ်သိမ်မွေ့သော မိန်းမသား ဖြစ်သဖြင့် မယ်ခွေ၏ အဲချင်းတွင်ပါဝင်သော အဖွဲ့အနွဲ့တို့မှာ နုနယ်သိမ်မွေ့ပေသည်။ မယ်ခွေ၏ အဲချင်းတို့ကို တူရိယာဖြင့် တွဲဖက်၍ စည်းကိုက် ဝါးကိုက်သီဆိုနိုင်သဖြင့် သဘင်သည်များ အတွက် ပို၍ကျေးဇူးရှိသော အဲချင်းများဖြစ်ပေသည်။


#အန်ချင်း


အန်ချင်းသည် မြန်မာသက္ကရာဇ် ၇ဝဝ ကျော် ပထမအင်းဝခေတ်က စတင်ပေါ်ပေါက်ခဲ့သည့် ကဗျာတစ်မျိုးဖြစ် သည်။ မှန်နန်းရာဇဝင်အရ သက္ကရာဇ် ၇၅၉ ခုနှစ်၌ ဘုရင်မင်း ကြီးစွာသည် အင်းဝမှအထက်အညာ တကောင်းမြို့သို့ ဖောင်တော်ဖြင့် ဆန်တော်မူလေသည်။ ထိုအခါ ဖောင်တော်ကို ငင်သည့် လှေတော်သားတို့ သီဆိုစရာ ဖောင်ငင်ချင်း"ခေါ်အန်ချင်း" သည် စတင်ပေါက်ဖွား လာခဲ့သည်ဟု ဆိုလေသည်။



ဤအကြောင်းကို အခြေခံ၍ အန်ချင်းဟူသောဝေါဟာရ ၏ အနက်အဓိပ္ပာယ်ကို ကြံစည်ကြသော ပညာရှိများက ယင်း ဝေါဟာရသည် "အဏ္ဏဝ ဟူသော ပါဠိစကားလုံးမှ ဆင်းသက် သည်ဟု ဆိုကြသည်။ ပါဠိဘာသာအဏ္ဏဝသည် သမုဒ္ဒရာ၊ ပင်လယ်ဟု အဓိပ္ပာယ်ရသည်။ အဏ္ဏဝမှ ဏဝ ကျေပြီးလျှင် "အဏ်" ကိုကမှ မြန်မာဆန်ဆန်ရေးပုံသို့ ပြောင်းပြီးလျှင် "အန်" ဟုဖြစ်လာသည်။ အချို့ပညာရှင်များကလည်း ပါဠိဘာ သာ ရေ ဟောသည့် အဏ္ဏပုဒ်မှ ဏ ကျေပြီးလျှင် အဏ်၊ အန် ဖြစ်လာသည်ဟု ယူဆကြသည်။ ထို့ကြောင့် အန်ချင်းဟူသည် မှာ မူလကဘုရင်မင်းများ မြစ်အဏ္ဏဝါကြောတွင် ဖောင်တော် ဖြင့် ရေနန်းသဘင်ထွက်စံတော်မူစဉ် သီဆိုလျှောက်ထားရသည့် ကဗျာပင်တည်း။ သို့ရာတွင် ကဗျာဖွဲ့ဆိုသည့် အကြောင်းအရာ များသည် တစ်စထက်တစ်စ ကျယ်ဝန်းလာတတ်သောသဘော ရှိသည့်အတိုင်း နောက်ကာလကြာသောအခါ ရေနန်းသဘင်ပွဲ တွင်သာမဟုတ်တော့ဘဲ အခြားသောမင်းခမ်းသဘင်ပွဲများ၌ လည်း အန်ချင်းများကို ရေးဖွဲ့သီဆိုခဲ့ကြသည်။



အန်ချင်းများသည် သက္ကရာဇ် ၈၅ဝ ကျော် ပထမ အင်းဝခေတ်နောက်ပိုင်းတွင် အတော်ခေတ်စားလာသည်ဟု ဆိုရ ချိမ့်မည်။ သက္ကရာဇ် ၉ဝဝ ကျော် တောင်ငူခေတ်သို့ ရောက် လာသောအခါ အန်ချင်းသည် အကြောင်းအရာအားဖြင့် အင်းဝ ခေတ်ကထက် ပိုမိုကျယ်ဝန်းလာကာ မင်းခမ်းသဘင်ဖွဲ့ ကဗျာ သာမဟုတ်တော့ဘဲ အချစ်၊ အလွမ်းနှင့် ရာသီကိုပါ ဖွဲ့ဆိုသည့် ကဗျာအဖြစ်သို့ရောက်ရှိလာသည်။ တောင်ငူခေတ် စာဆိုတော် နဝဒေး၏ "ကျူးလှတည့်လေ" ချီ ရေလားရတု၌ " မြင်းတွင်း စိုးမှူး၊ ခံတိုင်ဦးတို့၊ သီကျူးအဲအန်" ဟူ၍ ကိုတံငါတို့ အဲချင်း အန်ချင်းများ သီဆိုကြောင်းတွေ့ရသည်။ ဆင်ရဲသားပြည်သူ လူတန်းစား၌ အဝင်အပါဖြစ်သော တံငါမောင်တို့သီဆိုကြသည့် အန်ချင်းများသည် ရွေှနန်းတော်ကြီး၏ အဆောင်အယောင် အခမ်းအနားများအကြောင်း ဖွဲ့ဆိုထားသည့် အန်ချင်းမျိုး မဖြစ် တန်ရာပေ။ မိမိတို့ဘဝပတ်ဝန်းကျင်နှင့် ဆက်သွယ်နေသည့် မောင်ဖွဲ့ မယ်ဖွဲ့၊ ရာသီဖွဲ့၊ အလွမ်းဖွဲ့၊ စသည်တို့သာဖြစ်ပေ လိမ့်မည်။



ရှာဖွေရသမျှအန်ချင်းများအနက် အစောဆုံးတွေ့ရသော အန်ချင်းများမှာ တောင်ငူခေတ်နောက်ပိုင်း သက္ကရာဇ် ၉၆ဝ ခန့် တွင် စာဆိုတော်ရဝေရှင်ထွေး ဖွဲ့ဆိုခဲ့သည့် အန်ချင်းများဖြစ် သည်။




ထိုထက်စောသည့် အန်ချင်းစာကိုယ်များကိုကား ယခုတိုင်ရှာဖွေမတွေ့ရသေး။ ရှင်ထွေး၏ အန်ချင်း များသည် တွေ့ရသမျှတွင် အစောဆုံးဖြစ်သည်သာမက အရေအတွက်လည်း အများဆုံး၊ အကြောင်းအရာလည်း အစုံဆုံးဖြစ် သည်။ နောက်ခေတ်စာဆိုတို့၏ အန်ချင်းများကို နှစ်ပိုဒ်၊ သုံးပိုဒ် စသည်ဖြင့်သာတွေ့ရသည်။ ရှင်ထွေး၏ အန်ချင်းများကို ကား ၈၅ ပိုဒ်မျှတွေ့ရသည်။ ဆံထုံးဖွဲ့၊ တံပက်ဖွဲ့၊ ဘုရားဖွဲ့၊ မောင်ဖွဲ့၊ မယ်ဖွဲ့ စသည်ဖြင့် အကြောင်းအရာလည်းစုံသည်။


ရှင်ထွေး၏ မောင်ဖွဲ့အန်ချင်းတစ်ပိုဒ်ကို အန်ချင်းနမူနာအဖြစ် ဖော်ပြလိုက်သည်။ စောလေး၊ ယနေ့ တဆက်၊ ယမန်ရက်တွင်၊ သန်လျက်ကိုင်ကာ၊ မယ်သို့လာသည်၊ မင်းလျာမြ ရည်၊ ဆီးခဲ့သည်ကား၊ ကြာချည်ပုဆိုး၊ တိမ်မီးခိုးသို့၊ တင့်နိုးအကျော်၊ အင်္ကျီတော်လည်း၊ ရွေှလှော်ဆင်းဝါ၊ ခတီပါတည့်၊ နှိုင်းရာမပြား၊ မြဖက်ခါးကို၊ များများ မဖော်၊ တစ်ခြမ်းပေါ်နှင့်၊ ပေါင်းတော်စိန်ပန်း၊ မြို့လွန် ထွန်းမျှ၊ ကြိုင်မွှန်းပျံ့လှောင်း၊ မွေှးပေါင်းနံ့ချည်း၊ ပန်း စည်းမဉ္စူ၊ ပန်တော်မူ၍၊ ဇမ္ဗူကျွန်းရှင်၊ မယ့်သက် တင်ကြောင့်၊ ထိပ်ပြင်ရှိလက်၊ လွမ်းသည့်ရက်ကို၊ လျှောက်မြွက်ရေစရှာ၏လေ၊ ၊ဖော်ချင်းတို့လေ ဖော်ချင်းတို့။ ရဝေရှင်ထွေး၏ခေတ်ကား အန်ချင်း၏အထွတ်အထိပ် ခေတ်ပင် ဖြစ်တော့သည်။



ဒုတိယအင်းဝခေတ် သက္ကရာဇ် ၁ဝဝဝ ကျော်တွင် အန်ချင်းများ ခေတ်မှိန်သွားသည်။ သက္ကရာဇ် ၁၁ဝဝ ကျော် ကုန်းဘောင်ခေတ်တွင်မူ အန်ချင်းကို ပြန်လည်တွေ့ရပြန်သည်။ သို့သော် ထိုအချိန်တွင် ဆင်းရဲသားပြည်သူတို့ နှုတ်ဖျားဝယ် သီဆိုစရာ တျာချင်း၊ လွှမ်းချင်း၊ ဗုံးကြီးသံ၊ တုံးချင်း၊ တေး ထပ် စသည်တို့ ပေါများနေရကား အန်ချင်းသည် ပြည်သူတို့ နှုတ်ဖျားမှ ကွယ်ပျောက်ကာ နန်းတွင်းကဗျာအဖြစ်သို့ ပြန် လည်ရောက်ရှိသွားခဲ့သည်။ ကုန်းဘောင်ခေတ်အလယ်ပိုင်းတွင် အန်ချင်းဖွဲ့ဆိုသူများမှာ စာဆိုတော် ဦးယာ နှင့် မြဝတီဝန်ကြီး ဦးစ တို့ဖြစ်ကြသည်။ ဦးယာသည် "မင်းချင်းလေ၊ ကုဿိန္နာရုံ"အစချီသည့် ပထမ၊ ဒုတိယနှင့် တတိယ သင်္ဂါ ယနာတင် အန်ချင်းသုံးပိုဒ်ကို ရေးသားခဲ့သည်။ မြဝတီဝန်ကြီး ဦးစကား "မယ်ယို့လေ၊ ၊အောင်သပြေရုံ" အစချီသည့် သကျ ရံသီ ဘုရားထီးတော်တင်ဖွဲ့ အန်ချင်းသုံးပိုဒ်ကို ဖွဲ့ဆိုခဲ့သည်။ အချို့သော ကဗျာကျမ်းများက ကုန်းဘောင်ခေတ် နောက်ပိုင်းတွင်ခေတ်စားလာသည့် "မလင်းမှောင်ဝေချီ" "ယမုန် နာ" ချီ လှေတော်သံများကို အန်ချင်းစာရင်းတွင် ထည့်သွင်း ပြထားသည်။ သို့သော် အန်ချင်းဖွဲ့ပုံ ဥပဒေစနစ်အရစိစစ်သော် အဆိုပါလှေတော်သံများကို အန်ချင်းဟုမယူထိုက်ကြောင်းတွေ့ရ ပေမည်။ ကုန်းဘောင်ခေတ်နောက်ပိုင်း၌ အန်ချင်းစစ်စစ်ရေးဖွဲ့ခဲ့ သူမှာ ဆီးပန်းနီဆရာတော်ဖြစ်သည်။ ဆီးပန်းနီဆရာတော် သည် ဦးယာ၏လက်ငုတ်ကို ဆက်ပေးသောအားဖြင့် စတုတ္ထနှင့် ပဉ္စမသင်္ဂါယနာတင် အန်ချင်းနှစ်ပိုဒ်ကို ဆက်လက်ရေးဖွဲ့ခဲ့ပေ သည်။


ကိုးကား

*ကင်းဝန်မင်းကြီး၏ နေမိရကန်စာအုပ်၊စကားချီး စာမျက်နှာ-ဇ။

*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)

*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅) 


ဂီတအကြောင်း (၂)

 ဂီတအကြောင်း (၂)


#ရတု  

ရတုဟူသည် သက္ကတဘာသာ “ရိတု” မှ “ရတု” ဖြစ်လာသည်။ ရိတု ၏ အနက်မှာ အခါရာသီ ဖြစ်သည်။ မြန်မာဘာသာ ပေါရာဏသက်သက် ရတု လည်းရှိသည်။ သဘင်၊ အခမ်းအနား၊ အခြေအနေ ဟူသော အနက်သုံးမျိုး ရသည်။


ဖွဲ့နွဲ့မှုတစ်ခုသည် အများနှင့် ဆက်စပ်လျှင် သဘင်၊


တစ်ဦးတစ်ယောက် အတွက်ကိုသာ စပ်ဆိုလျှင် အခမ်းအနား၊


ပကတိ ဖြစ်ထွန်းနေသော သဘာဝဓမ္မ အခြေအနေများကို ပြလျှင် အခြေအနေ ဟူ၍ အနက်ရသည်။


ရတုသည် လင်္ကာမှ ပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ ဖြစ်သည်။ သို့သော် လင်္ကာ ကဲ့သို့ မဟုတ်၊ ဖွဲ့ဆိုရာတွင် စည်းစနစ်၊ ဥပဒေရှိသည်။


ရတုတွင် တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ်၊


နှစ်ပိုဒ် ဖွဲ့စပ်လျှင် အဖြည့်ခံ၊


သုံးပိုဒ် ဖွဲ့စပ်လျှင် ပိုဒ်စုံ ဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပို၍ မဖွဲ့နွဲ့ကြပေ။ တစ်ပိုဒ် တစ်ပိုဒ်တွင်လည်း ပါဒ အရေအတွက် (၁၀၈)ပါဒထက် ပိုမို မဖွဲ့နွဲ့ကြပေ။ အဖျားချများတွင်လည်း ခိုင်ညွန့်ခက်ဖြာ ရ-လုံး၊ မဏိဆံကျင် ၉-လုံး၊ အာသာဝတီ ဝတ်ဆံ ၁၁-လုံး၊ မဏိဦးပြည်း ၁၅-လုံး၊ ဇော်တစ်ခိုင်လုံး ၁၉-လုံး စသည်ဖြင့် အဖျားစာလုံး အရေအတွက် သီးသန့်ထားလျက် ရှိသည်။


မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိသော ရတုမှာ သက္ကရာဇ်(၇၀၀)ကျော်လောက်က ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီးရေးသားသော ရတု ဖြစ်သည်။ ထိုရတုသည် ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရား တရားတော် အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော အမေးပုစ္ဆာရတု ဖြစ်သည်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့သည်။


ရတုစပ်နည်း 

ရတုစပ်နည်းမှာ လင်္ကာစပ်နည်းကဲ့သို့ပင်ဖြစ်သည်။ ၄ - ၃ - ၂ နည်း၊ ၄ - ၃ - ၁ နည်း၊ ၄ - ၁ နည်း စသော စပ်နည်းတို့ဖြင့် ကာရန်ယူရသည်။ သို့ရာတွင် အပိုဒ်အရေအတွက်ကိုလိုက်၍ ရတုအမျိုးအစား သုံးမျိုးခွဲထားသည်။

(၁) ဧကပိုဒ် ရတု

(၂) ပိုဒ်စုံ ရတု

(၃) အဖြည့်ခံ ရတု ဟူ၍ဖြစ်သည်။


(၁) ဧကပိုဒ် ရတု  

တစ်ပိုဒ်တည်းသာ ရေးစပ်သော ရတုကို ဧကပိုဒ်ရတုဟုခေါ်သည်။ စပ်နည်းမှာ လင်္ကာစပ်နည်းအတိုင်းဖြစ်၍ ရတုချရာတွင် ခိုင်ညွန့်ခက်ဖြာ ချနည်းခေါ် ခုနစ်လုံးချနည်းကို အသုံးများသည်။ ကုန်းဘောင်ခေတ်ဦး စာဆို လက်ဝဲသုန္ဒရ အမတ်ကြီး၏ အဆိုင်ဆိုင်လျှင်အစချီ မဲဇာသစ်တောဘွဲ့ ဧကပိုဒ်ရတုကို ကြည့်ပါ။ အပိုဒ် တပိုဒ် တည်းဖြင့် မဲဇာသစ်တော၏ သဘောသရုပ်ကို ပေါ်လွင်အောင် ခြ ုံငုံဖွဲ့ဆိုထားသည်ကို တွေ့နိုင်ပါသည်။ အဆိုင်ဆိုင်လျှင်၊ တောမြိုင်လည်လှည့်၊ ကမ်းလုံးပြည့်မျှ၊ ရှုကြည့်လေရာ၊ ကြောက်ဖွယ်သာတည့်၊ ပြာပြာလွလွ၊ မှိုင်းပျမှောင်မှောင်၊ တောနှင့်တောင်လည်း၊ တိမ်တောင်မိုးရှိ၊ ထွေးယှက်ငြိမျှ၊ လွမ်းမိစဖွယ်၊ကောင်းကင်လယ်၌၊ တောင်လယ်တောင်ထိပ်၊ မိုးညိုရိပ်နှင့် တိမ်လိပ်ဆော်ညွှန်း၊ စ၍ ထွန်းသည်၊ နေဝန်းပေါ် လွယ်ချင်ဘိသည်။


(၂) ပိုဒ်စုံ ရတု  

ရတုတွင် သုံးပိုဒ်လျှင် တစ်စုံဟု ခေါ်သည်ဖြစ်ရာ သုံးပိုဒ်ဖွဲ့ဆိုလျှင် ပိုဒ်စုံရတု ဟုခေါ်ဆိုကြသည်။ ထူးခြားသည်မှာ အပိုဒ်တိုင်း၌ အချီကာရန် ချင်း၊ အချကာရန်ချင်း ညီညွတ်ရခြင်းဖြစ်သည်။ ဤတွင် စာဆိုလက်ဝဲသုန္ဒရအမတ်ကြီး၏ မဲဇာတောင်တောင်ခြေ အစချီ ပိုဒ်စုံရတုကိုပင် သာဓက ပြပါမည်။ အမတ်ကြီးသည် မဲဇာသစ်တော၏ သဘောသရုပ်နှင့် မိမိ၏ဘဝခံစားချက်တို့ကို ရတုသုံးပိုဒ်ဖြင့် ပေါ်လွင်အောင် ဖွဲ့ဆိုထားသည်ကို တွေ့မြင်နိုင်ပါသည်။ ပထမပိုဒ်တွင် မဲဇာတောင်ခြေ အစချီသည်။ ဒုတိယပိုဒ်တွင် သဲသာသောင်ခြေ အစချီသည်။ တတိယပိုဒ်တွင် ပွဲခါညောင်ရေ အစ ချီသည်။ ရတုကို အဆုံးသတ်ရာတွင် အချကာရန်ချင်း တူညီရသည်ကို ကြည့်ပါဦး။ ပထမပိုဒ်တွင် ရွေှပြည်ဌာန ဝေးသောကြောင့် ဟု ချသည်။ ဒုတိယပိုဒ်တွင် လေပြည်လာက အေးသောကြောင့် ဟု ချသည်။ တတိယပိုဒ်တွင် နေခြည်ဖြာမှ နွေးသောကြောင့် ဟု ချသည်။ များသောအားဖြင့် ရတုတွင် အချီညီ အချညီခြင်းသည် အဓိက ဖြစ်သည်။


(၃) အဖြည့်ခံ ရတု

အဖြည့်ခံ ရတုဆိုသည်မှာ စာဆိုတစ်ဦးက အချီညီ အချညီ ရတု နှစ်ပိုဒ်ကိုသာလျှင် ရေးဖွဲ့ထားသော ရတုမျိုးဖြစ်သည်။ နောက်နှောင်း ပညာရှိတို့ဖြည့်လိုလျှင် ဖြည့်ကြလော့ဟူ၍ တတိယပိုဒ်ကို အဖြည့်ခံရန် ကွက်လပ်ချန်ခဲ့ခြင်း ဖြစ်သည်။ စာဆိုအချင်းချင်း ဉာဏ်ကစားသော ရတု၊ စိန်ခေါ်သောရတု ဟု ဆိုနိုင်ပေသည်။


ရတုလောကတွင် နဝဒေး၊ နတ်ရှင်နောင်၊ လှော်ကားသုံးထောင်မှူး၊ ဇေယျရန္တမိတ်၊ ရှင်သံခို၊ စိန္တကျော်သူ၊ လက်ဝဲသုန္ဒရ စသောပုဂ္ဂိုလ်များ ထင်ရှားခဲ့သည်ဖြစ်ရာ ရှေးက ရတုအမျိုးမျိုးကို ရှာဖွေ လေ့ကျက်စေလိုပါသည်။ ရတုအမျိုးမျိုးအနက် ထူးခြားဆန်းသစ်သော ရတုတစ်ပုဒ်ကို ဖော်ပြလိုသည်။ ထိုရတုမှာ အခြားရတု များနှင့်မတူ၊ တစ်မူထူးခြားသည်။ ပိုးတောင့်တဲများ လမ်းသွားသောအခါ ကိုယ်ကာယသည် တွန်ချည် လိမ်ချည်၊ ပိန်ချည် ဖောင်းချည် တစ်လှည့်စီရှိတတ်သကဲ့သို့ လေးလုံး တစ်ပါဒ၊ ငါးလုံး တစ်ပါဒ တလှည့်စီစပ်ဆိုရသောရတု မျိုးဖြစ်သည်။ ထိုရတုမျိုးကို တောင့်တဲတွန့် ရတု ဟုခေါ်ကြသည်။ ရှင်မဟာရဋ္ဌသာသာရ၏ ဝဏ္ဏပဘာ ချီ တောင့်တဲတွန့် ရတုကို ပုံစံအဖြစ် လေ့လာကြည့်ပါ။ ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လျစ်တင့် စံပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ် မြမြိတ်စို့၊ ဆင်းရောင်ပျို့ကို၊ နတ်တို့ ဆင်ထိုက်တန်၊ ဆင်းစုံကြန်တည့်၊ အလွန်ရပေခက်၊ ဖြူမြိတ်ရွက်နှင့်၊ လက်လက်မြရောင်ပြေး၊ ရွှေရည်ရေးသို့၊ ပျံ့မွှေးရွှေအင်္ကျီ၊ ရွှေထီးနှင့်၊ မျက်စီရွှေနားတောင်း၊ နွဲ့နွဲ့နောင်းမ၊ ရောင်မောင်းကွမ်းရည်သွား၊ သက်တင်လားသို့၊ လက်ဖျားဒန်းနီရောင်၊ လှတန်ဆောင်မူ၊ မျက်တောင် ကော့ညွတ်သေး၊ စုတ်ဖြင့်ရေးသို့၊ ကြိုင်အေးကတိုးရည်၊ ထုံမျိုးချည်၍၊ နတ်ပြည် မိုးသူဇာ၊ ပျံသက်လာသို့၊ ရှုသာတင့်စနိုး၊ လှခေါင်မိုး၍၊ ပြစ်မျိုးမှဲ့မထင်၊ နတ်ရုပ်သွင်သို့၊ ဖြူစင်ထွန်းရောင်ဝင်း၊ လှမှန်ကင်းက၊ို ညခင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်၊ ရယ်ရွှင်ပြ ုံးတုံ့ မပြ ုံးတုံ့။



ဒေဝစ္ဆရာ၊ ပြင်လျာတင့်ဆင်းရောင်၊ ရွှေကြက်တောင်ဝယ်၊ လှခေါင်တင့်မျိုးလွတ်၊ ဆယ့်နှစ်ပတ် လျှင်၊ ရစ်ပတ်ခြူးမြောင်စီ၊ ရွှေထီးနှင့်၊ အာနီသိန်းတန်မျိုး၊ ရွှေခါးကြိုးလည်း၊ စံမျိုးနေ့တိုင်းပင်၊ အဲဆမြင်၍၊ ကျွန်းတွင်ဇမ္ဗူလုံး၊ ပြိုင်တိုင်းရှုံးသည်၊ ပြစ်လုံးကင်းဝေးစွာ၊ မိုးသူဇာသို့၊ ဆည်းဆာညရီတွင်၊ ကျွန်ုပ်မြင်သည်။ ရွှေရင်ဖုံးတုံ့ မဖုံးတုံ့။



ပဉ္စကလျာ၊ ညိုပြာတင့်ဆင်းရောင်၊ ရွှေကြက်တောင်ဝယ်၊ ဖြူရောင်ရထည်းဆွ၊ သွယ်ခွေချ၍၊ ထွန်းပကိုယ်ရောင်ဝင်း၊ ပြာနွဲ့ရှင်းမူ၊ ပျံ့ရွှင်းနံ့သာပျောင်း၊ မမွေှးတောင်းတည့်၊ တင့်ကြောင်းမွှေးစံပယ်၊ ရှုချင်ဖွယ်တိ၊ နိကာယ်ဆင်းရောင်မြေ့၊ ဆယ်နှစ်စေ့ကို၊ ကြံရွေ့သံရည်ထင်၊ မြင့်ကြတင်ခဲ့၊ ပြင်အင်နတ်နှင့် လျော၊ ပြာနွဲ့ချောလျှင်၊ တင့်မောလွန်ကျစ်လျစ်၊ စုလည်းသစ်နှင့်၊ ပြေပြစ်ဆင့်ဆုံဆည်း၊ မိညက်ကြည်းသည်၊ စုလည်းထုံးတုံ့၊ မထုံးတုံ့။(ရှင်မဟာရဋ္ဌသာရ)


မြန်မာစာပေသမိုင်းတွင် ရတုအမျိုးမျိုး ထွန်းကားခဲ့သည်။ ရတုချီ နည်းများကို စာဆိုတို့ စိတ်ကူး ဉာဏ်အမျိုးမျိုး ကွန့်မြူးခဲ့ကြသည်။ ရတုချနည်းမှာလည်း အမျိုးမျိုးထွေပြားခဲ့ကြသည်။ ရတုချဖွယ်၊ အသွယ်သွယ်၊ ခြောက်ဆယ်ကြိယာ ဟူ၍ပင် စိန္တကျော်သူဦးဩ က ကဝိလက္ခဏာ သတ်ပုံကျမ်းတွင် ဆိုခဲ့သည်မဟုတ်ပါလော။


ရတုသည် 

လင်္ကာ၏ အကိုင်းအခက်တစ်ခု ဖြစ်သည်။

လေးလုံးတစ်ပိုဒ်ဖွဲ့သော ကဗျာလင်္ကာ မျိုးအစားပင် ဖြစ်သည်။ ယခုခေတ် တိုင်မရိုးနိုင်ဘဲ မင်္ဂလာယူဆဲ အသက်ဝင်ဆဲကဗျာတစ်မျိုး ဖြစ်သည်။ ထိမ်းမြားမင်္ဂလာပွဲများ၊ ရှင်ပြုနားသ ဘိသိက်မင်္ဂလာပွဲများတွင် ရတုမပါ လျှင်မပြီးချေ။ရတုဟူသော ဝေါဟာရနှင့် စပ်လျဉ်း၍ ပညာရှင်တို့အမျိုး မျိုး ကြံဆခဲ့ကြသည်။


ညောင်ရမ်းခေတ်မတိုင်မီက ရတုကို 'ရမန္တိ သတ္တာ ဧတ္ထ တေနာတိဝါရတု'ဟူ၍ ဝိဂြိုဟ်ပြုသူက ပြုကြသည်။ သတ္တာ၊ သတ္တဝါတို့သည်။ ဧတ္ထ တေနာတိ၊ ဤသီချင်းဖြင့်။ ရမန္တိ၊ မွေ့လျော်ကြကုန်၏။ ထိုကြောင့် ဝါရတု၊ ရတုဟု ခေါ်၏ဟု ဆိုသည်။ အချှို့ကလည်း 'ရတိံ၊ ဇနေတီတိ၊ ရတု'၊ လူတို့သည် မွေ့လျော်ကြကုန်သောကြောင့် ရတုဟုခေါ်၏ဟု ဝိဂြိုဟ်ပြုခဲ့ကြ သေးသည်။ အချို့ကမူ ရတုဟူသော စကားသည် သက္ကတဘာသာရိတု ဟူသော စကားမှ လာသည်ဟု ဆိုကြသည်။ ရာသီဥတုဟူသော အဓိပ္ပာယ်ရသည်။ တစ်နှစ်တွင် နွေမိုးဆောင်း သုံးရာသီရှိသကဲ့ သို့ ရတု၌လည်း များသောအားဖြင့် သုံးပိုဒ် ဖွဲ့ဆိုလေ့ရှိသည်။ အကြောင်းအရာအားဖြင့် ရာသီဘွဲ့များကို အထူးဖွဲ့ဆိုခဲ့ကြသည် လည်း ဖြစ်သည်။


ရတုသည် ပေါရာဏ စကားဖြစ်၍ သဘင်၊ အခမ်းအနား၊ အခြေအနေဟူ၍ အဓိပ္ပာယ်ရသည်ဟု ယူဆသူကလည်း ယူဆ ကြသည်။ အများအကြောင်းကို ဖွဲ့ဆိုလျှင်၊ လူများစုနှင့်စပ်ဆိုင် လျှင် သဘင်၊ တစ်ဦးတစ်ယောက်အကြောင်း၊ပုဂ္ဂလိက မင်းခမ်း မင်းနားများကို ဖွဲ့ဆိုလျှင် အခမ်းအနား၊ သဘာဝတ္ထ ဩကာသ လောက တောတောင် ရေ မြေ အခြေအနေကိုဖွဲ့ဆိုလျှင် အခြေ အနေဟူသော အဓိပ္ပာယ်သုံးမျိုးထွက်ကြောင်းဖြင့် ကဗျာလင်္ကာ စပ်ဆိုထုံးများကို ထောက်၍ ကောက်ချက်ချမှတ်ကြကုန်ပြန်၏။ ရတုကို မြန်မာဝေါဟာရအဖြစ် စဉ်းစားကြသူများကမူ ရတုဟူသည် ရ နှင့် တုကို ပေါင်းထားခြင်း ဖြစ်၍ မိမိရရ တုပပြိုင်ဆိုင် စပ်ဆိုသော ကဗျာတစ်မျိုးဖြစ်ကြောင်း ဆိုကြ သည်။ အချို့ကမူ ရနံ့သည် အနံ့ဟူသော စကားနှင့် အတူတူ ဖြစ်သကဲ့သို့ ရတုသည် အတုနှင့် အတူတူဖြစ်သည်။ အတုအပ အပြိုင်အဆိုင် စပ်ဆိုသော ကဗျာတစ်မျိုး ဖြစ်သည်ဟု ဆိုကြ သည်။


ဤသို့အားဖြင့် ရတုနှင့် စပ်လျဉ်း၍ ပညာရှင်တို့သည် အနက်လေးချက်ကို အမျိုးမျိုး ကြံဆကြည့်ခဲ့ကြသည်။ ရတုသည် ပျို့ မော်ကွန်း စသော ကဗျာတို့နှင့် မတူ၊ စည်းကမ်းကြီးသော ကဗျာတစ်မျိုး ဖြစ်သည်။ စာဆိုဉာာဏ် မည်မျှပင် ထက်သန်သည်ဖြစ်စေ၊ ရတုကို သုံးပိုဒ်ထက် ပို၍ မဖွဲ့ကြချေ။ သုံးပိုဒ်ထက်ပိုသော ကဗျာများကို များသော အားဖြင့် ရတုဟု အသိအမှတ် မပြုကြချေ။


ရတုတွင် သုံးမျိုး သုံးစားရှိသည်။ (၁) ဧကပိုဒ်ရတု-တစ်ပိုဒ်တည်း ဖွဲ့ဆိုထားသော ရတု၊ (၂) အဖြည့်ခံရတု-နှစ်ပိုဒ်သာ ဖွဲ့ဆိုထားသော ရတု၊ မူလစာဆိုမှတစ်ပါး အခြားပညာရှိတစ်ဦးဦးက ဉာာဏ်မှီသမျှ ဖြည့်စွက်၍ ဖွဲ့နိုင်ရန် အဖြည့်ခံထားသော ရတုမျိုး ဖြစ်သည်။ (၃) ပိုဒ်စုံရတု-နွေ မိုး ဆောင်း ရာသီဥတု သုံးပါးရှိ သကဲ့သို့ သုံးပိုဒ်ပြည့်ပြည့်စုံစုံ ဖွဲ့ထားသောရတု၊ ပိုဒ်စုံရတုတွင် အချီအချ အသတ်ကာရန် ညီရသည်။ ပုံစံအားဖြင့် 'မဲဇာတောင် ခြေ'၊ 'ပွဲခါညောင်ရေ'၊ 'သဲသာသောင် မြေ'စသော အချီအညီ မျိုး၊'ရွှေပြည်ဌာန ဝေးသောကြောင့်'၊ 'လေပြည်လာက အေး သောကြောင့်၊ 'နေခြည်ဖြာမှ နွေးသောကြောင့်' စသော အချညီ မျိုးများပင် ဖြစ်သည်။


ရတုဖွဲ့ဆိုရာ၌ လေးလုံးတစ်ပိုဒ်၊ ၁ဝ၈ ပိုဒ်ထက်ပို၍ မဖွဲ့ ကြချေ။ ကာရန်ယူရာတွင် သပ်စေ့နှက် သုံးချက်ညီ၊ ဦးတိုက် စသော လင်္ကာစပ် ခြောက်မျိုးအတိုင်းပင် ဖွဲ့ဆိုလေ့ရှိကြသည်။ အချို့ပညာရှင်တို့က ရတုချီနည်း ချနည်း ၂၈ မျိုး ရှိသည် ဟု ဆို၍ အချို့က ၄၁ မျိုး ရှိသည်ဟု ဆိုသည်။ စကားလုံး အနည်းအများကိုလိုက်၍၎င်း ၊အသတ်ကို ခွဲ၍၎င်း ၊အမျိုးအစား ခွဲကြသည်။ ခုနစ်လုံးနှင့် ချမူခိုင်ညွန့် ခက်ဖြာချနည်း၊ ကိုးလုံး နှင့် ချမှု မဏိဆံကျင်ချနည်း၊ ၁၁ လုံးချသော် အာသာဝတီ ဝတ်ဆံချနည်း၊ ၁၅ လုံးချသော် မဏိဦးပြည်းချနည်း၊ ၁၉ လုံး ချသော် ဇော်တစ်ခိုင်လုံး ချနည်း ၂၅ လုံးချသော် မပြတ် ကေသာ၊ သို့မဟုတ် မြဝတ်ကေသာချနည်း၊ ၃၅ လုံး ချသော် ဇမ္ဗူ့သပြေသီးမှည့် ချနည်း စသည်ဖြင့် ခေါ်၍ အသတ်မပါ သော အက္ခရာ၊ အသတ်ပါသော အက္ခရာ ရော၍ အက္ခရာအမျှ ချီချသော် ပေါက်ပြချနည်း၊ '၍'ဟူသော အက္ခရာမပါ၊ တစ်ပါး သော အသတ်ဖြင့်သာ ချီခြင်း ချခြင်းပြုသော် ငုံဖူးချနည်း၊ အသတ်ရောလျက် အချီအချ '၍'ဟူသော အက္ခရာပါသော် ပုလဲသွယ်၊ သို့မဟုတ် မုလေးသွယ် ချနည်း စသည်တို့ ရှိကြ သည်။


'ရတုချဖွယ်၊ အသွယ်သွယ်၊ ခြောက်ဆယ် ကိရိယာ' ဟူသော ကဝိလက္ခဏာ သတ်ပုံသံပေါက်ပါ စကားအတိုင်း ရတုအချ စကားလုံးပေါင်း ၆၄ မျိုးကိုလည်း တွေ့ရ၏။ ကဝိကဏ္ဌ ပါသ ကျမ်းတွင် အောက်ပါအတိုင်း ကြိယာ ခြောက်ဆယ် လင်္ကာပါရှိလေသည်။


မဉ္စူဘုန်းတော်၊ ပွင့်ချိန်မြော်သည်၊ ဗန်းမော် ခေါင်ထိ၊ တုမရှိသည့်၊ ကဝိကဝေ၊ စောမြုတေ၊ နှစ်ထွေ လင်္ကာ၊ ကျမ်း၌ လာသား၊ နည်းနာနယ၊ ဝိတ္ထာရဖြင့်၊ သုံးတန်ဆင့်၍၊ ဖွင့်သည့် ကဗျာ၊ ကြိယာတွင်၊ သမာ သေန၊ မူလမဇ်ဈေ၊ ကိုသာပေတည့်၊ သံခြေပျံ့ညင်း၊ ကျွနု်ပ်ခင်းပိမ့်၊ (လျှင်) (လျှင်း) (မူကား)၊ (ဝယ်) (သား) (တမင့်)၊ (ချိမ့်) (ဖြင့်) (တွင်) (၏)၊ (ပိမ့်) (လှည့်) (မည်) (အံ့)၊ (လော) (တုံ) (မံ့) (တည့်)၊ (သော်) (ခံ့) (ဘူး) (သော)၊ (မူလော) (ရကား)၊ (မူ) (အား) (မှ) (က)၊ (လိမ့်စွ) (တံ့) (လည်း)၊ (တိ) (တည်း) (ချည်း) (ဟု)၊ (ခဲ့) (နည်း) (နှိုက်) (လျက်)၊ (ကြောင့်) (ထက်) (မို့) (လည်)၊ (စမ့်) (သည်) (စိမ့်) (နှင့်)၊ (တုံ့) (လိမ့်) (တည့်) (တော့)၊ (ကား) (လော့) (ရွေ့) (သို့)၊ (မျှ) (တို့) (ငှာ) (ရှင့်)၊ (တမုန့်) (နှင့်) (ကို)၊ ရှင့်ပင့်ဉာာဏ်တော် ထွန်းပေါ် ကျယ်ချဲ့-ယှဉ်ခဲ့တတ်တော်မူဘုရား။ ရှေးစာဆိုတို့သည် စိတ်ဝင်စားဖွယ် ရတုပုံစံ အမျိုးမျိုး ဖွဲ့ဆိုခဲ့ကြသည်။အင်းဝခေတ်တွင် ရဟန်းတော်ရှင်မဟာရဋ္ဌသာရ သည် ရတုပုံ ပုံဆန်း ပုံသစ်ကို အထွင်နိုင်တော်မူဆုံးသော စာဆိုကြီး ဖြစ်သည်။


ပိုးတောင့်တဲကလေးများ လမ်းလျှောက်သည့်နှယ် ခြေလှမ်း ကြဲချည် စိပ်ချည် အက္ခရာလေးလုံးတစ်ပိုဒ်၊ ငါးလုံးတစ်ပိုဒ် ဖွဲ့ဆိုသောရတုကို တောင့်တဲတွန့်ရတုဟု အမည်သခဲ့လေသည်။ ဆရာတော်သည်'ဝဏ္ဏပဘာ'ချီ တောင့်တဲတွန့်ရတု၌ 'ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လစ်တင့်စံပယ်၊ လှမျိုး ကြွယ်သား၊' စသည်ဖြင့် စပ်ဆိုထားလေသည်။


ကြာဝတ်ဆံတိုင် တစ်ခုတည်းမှ ပွင့်ချပ်များ ဖြာထွက် သော ပဒုမာကြာပန်းသဏ္ဌာန် ဖွဲ့ဆိုသည့် ပဒုမာကြာဆိုနည်း ရတုဟူ၍လည်း ထွင်ဆိုတော်မူခဲ့သေးလေသည်။ ဆရာတော်၏ အမြတ်ငါးဆူ ဧကပိုဒ်ရတု၌- ငါးဆူ ရွေှကြာ၊ နိမိတ်လာ၍၊ ငါးဖြာမြွာလျှက်၊ တစ်ပင် နက်တွင်၊ ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက စသည်ဖြင့် 'ငါး' ဟူသော စကားတစ်လုံးကို ကြာဝတ်ဆံတိုင်သဖွယ်ပြု၍ ပဒုမာ ကြာဆိုနည်း ရတုကို စပ်ဆိုခဲ့သည်။ ထိုပြင် ပုလဲတစ်တန့် သန္တာတစ်တန့် ရတုဟူ၍လည်း အမည်မှည့်ကာ တီထွင်စပ်ဆို ခဲ့ပုံကို 'မြတ်မျိုး မြင့်မှန်၊ ကြင်ပေတန်၍၊ ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား.စသော ရတုတွင် ပုလဲလုံးသဖွယ် အက္ခရာ ညီညီတစ်တန်း၊ သန္တာကျောက်သဖွယ် အက္ခရာ မညီသော အပိုဒ်တစ်တန်းဆစ်၍ ဖွဲ့ထားကြောင်း တွေ့ရ ပေသည်။


အခြားစပ်ဆိုနည်း အဆန်းရတုများမှာ နဝဒေကြီး၏ 'သီဟတောနှင့် ကျိုက်ပေါမွေ' ချီ၍၊ 'တွင်မည် ကျိုက်ပေါ သီဟတော'ဟု ချသော ယန္တရားစကြာလည် ရတုများ။ 'ရွယ်ရန် ငွေ့၍၊ ရန်းလေ့ရာသီ၊ ရဲရဲညီသား' ဟူသော အက္ခရာတစ်လုံး တည်းကို အပိုဒ်တိုင်းတွင် ရွဲသီသကဲ့သို့သုံးသော မုတ္တာရွဲသီရတု များ၊ နဝဘာအင်း ဆိုနည်း၊ တံခွန်စာဆိုနည်း၊ သန်လျှက်စာဆို နည်း၊ မြင့်မိုရ်ဆိုနည်း၊ သုံးလွန်းတင်ဆိုနည်း၊ ဥသျှောင်ဆိုနည်း စသည်ဖြင့် စပ်ဆိုကြသည်လည်း တွေ့ရသည်။ အကြောင်းအရာနှင့်စပ်လျဉ်း၍လည်း ရတုဖွဲ့ဆိုရာ၌ အမျိုး မျိုး ကွဲသည်။ မောင်ဘွဲ့၊ ရာသီဘွဲ့၊ ဘုန်းတော်ဘွဲ့၊ သစ္စာတိုင်၊ ဘုရားတိုင်၊ သိကြားတိုင်၊ နတ်တိုင်၊ ရုက္ခစိုးတိုင်၊ ရှင်ဥပဂုတ် တိုင်၊ ကျေးစေ၊ သာလိကာစေ၊ ခွေးစေ၊ တစ်ဆေစေ၊ စစ်ချီ၊ မိုးတောမိုးတိုင်၊ မိုးကြိမ်၊ မိုးငေါ့၊ အခံရတု၊ အလိုက်ရတု စသည်ဖြင့် များပြားလှသည်။


ရတုအရေးအသားသည် လင်္ကာများမှ မြစ်ဖျားခံသည်ဟု မှတ်ယူစကောင်းသည်။ ရတုစစ်စစ် အရေး အသားကိုမူ ပင်းယ ခေတ်တွင် စတင်တွေ့ရသည်ဟု ဆိုရပေမည်။ ပုဂံဆူးတွင်းပစ် ဆရာတော် ရှင်နာဂိတအား သက္ကတကျမ်းတတ် လောကနီတိ ဆရာ ပင်းယစတုရင်္ဂဗလအမတ်ကြီးက ပရမတ္ထအရာ အဘိဓမ္မာ နည်းများကို မေးလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့ လျက်ပင်၊ စက်ရွေှစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်စံပယ်လျက် အစချီသော ပိုဒ်စုံရတုကဗျာသည် ရတုနယ်တွင် ရတုပီပီသသ အဟောင်းဆုံးရတုကြီးတစ်ပိုဒ် ဖြစ်သည်။ အင်းဝခေတ်သို့ ရောက်သောအခါ ရတုအရေးအသားသည် ပိုမိုတိုးတက်လာ လေသည်။ မိုးဆမ်းပန်း အသွင် လန်းလန်းရွှင်ခဲ့သည်။ ရတု စာဆို အများအပြား ပေါ်ထွန်းခဲ့သည်။ အင်းဝဘုရင် ပထမ မင်းခေါင်၊ စာဆိုတော်ရှင်သူရဲ၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌ သာရ၊ ရခိုင်သူ မိညို၊ အင်းဝသူ မိဖြူ၊ ရှင်ထွေးနာ သိန်စသူ တို့သည် အင်းဝခေတ် ရတုစာဆိုကျော်များ ဖြစ်ကြသည်။ အင်းဝခေတ်တွင် အရှိန်ရလာသော ရတုအရေးအသားသည် တောင်ငူခေတ်တွင် တံခွန်စိုက်သည်ဟု ဆိုရပေမည်။ ပထမ နဝဒေးကြီးသည် ရတုပိုဒ်ရေပေါင်း ၃ဝဝ ကျော် ၄ဝဝ နီးပါးမျှ ဖွဲ့ဆိုခဲ့သည်။ နဝဒေး နောက် နှစ်ပေါင်း ၃ဝ ခန့်အကြာတွင် တောင်ငူဘုရင် နတ်သျှင်နောင် ပေါ်ခဲ့ပြန်သည်။ နတ်သျှင်နောင် သည် ချစ်သူရာဇဓာတုကလျာအား အကြောင်းပြု၍ ရတုပိုဒ်ရေ ၆ဝ ကျော်ခန့် ဖွဲ့ဆိုခဲ့သည်။ စကားကျစ်လျစ် သိပ်သည်း၍ လှပပြောင်မြောက်သော အဖွဲ့တို့ဖြင့် မွမ်းမံထားသော ရတုများ ကြောင့် နတ်သျှင်နောင်အား ရတုဆိုခြင်း၌ သိမ်မွေ့၏။ ဂမ္ဘီရ ဉာာဏ်နှင့် ပြည့်စုံ၏ဟု ဆိုကြခြင်း ဖြစ်သည်။ ( နတ်သျှင်နောင် ။) တောင်ငူခေတ်၏ အခြားထင်ရှားသော ရတုစာဆိုများ မှာ လှော်ကားသုံးထောင်မှူး၊ ရခိုင်စာဆို ဥက္ကာပျံ၊ မင်းဇေယျ ရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ကြသည်။ ( လှော်ကားသုံးထောင်မှူး ။ ဥက္ကာပျံ။ မင်းဇေယျရန္တမိတ်။ သံခိုရှင်း ။) ညောင်ရမ်း ခေတ်တွင်မူ တောင်ငူခေတ်၌လောက် ရတု တံခွန်မစိုက်သော်လည်း ရှင်ကဝိက၊ မြင်းခွာစား မင်းရာဇာ စသော ရတုစာဆိုများ ရှိသေးရာ ရတုအရေးအသားသည် မပြတ်လပ်ခဲ့ချေ။ ညောင်ရမ်း ၁ဝ ဆက်မြောက် ဟံသာဝတီ ရောက် မင်းတရားကြီးသည် အင်းဝပျက်၍ ဟံသာဝတီတွင် နေရစဉ် နတ်ရွာစံခါနီး ၌ 'ပုဂ္ဂိုလ်ခြောက်မည်' အစချီသော သုံးချက်ညီ သံဝေဂပိုဒ် ရတုကို ရေးသားတော်မူခဲ့သည်။ ကုန်းဘောင်ခေတ်၌ ထင်ရှားသော ရတုစာဆိုများမှာ လက်ဝဲသုန္ဒရ ဦးမြတ်စံ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူ၊ စိန္တကျော်သူ ဦးဩ၊ ဦးတိုး၊ စဉ့်ကူးမင်းမိဖုရား ရှင်မင်း၊ ဘိုး သူတော်ဦးမင်း၊ ဦးယာ၊ ဝက်မစွတ် နဝဒေး၊ ဦးပုည၊ ကင်းဝန် မင်းကြီး ဦးကောင်း၊ ဆီးပန်းနီ ဆရာတော် စသည်တို့ ဖြစ် သည်။ ( လက်ဝဲသုန္ဒရ ။ ဦးထွန်းညို။ တွင်းသင်းတိုက်ဝန်မဟာစည်သူ။ ဦးဩ။ ဦးတိုး။ နဝဒေး။ ဦးပုည။ ဦးကောင်း။) ရတုသမိုင်းတွင် အဟောင်းဆုံးရတု ဆရာသည် စတုရင်္ဂ ဗလ၊ အများဆုံးရတုဆရာသည် နဝဒေးကြီးဖြစ်၍ အကောင်း ဆုံး ရတုဆရာသည် နတ်သျှင်နောင် ဖြစ်သည်ဟု စာပေပညာ ရှင်များက ယူဆကြသည်။


ကျမ်းကိုး


*ရှေးဟောင်း မြန်မာစာပေ သမိုင်း

*မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)

*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)


ခရစ်ဒစ် 

https://wikipedia.org



ဂီတအကြောင်း (၁)

ဂီတအကြောင်း (၁)


ဂီတဆိုသည်မှာ သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်များကို စည်းချက်ဝါးချက် ညီညီ သီဆိုတီးမှုတ်သော အနုပညာတစ်ရပ်ဖြစ်သည်။ ဂီတဖန်တီးရေးသားခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ ထူးခြားချက်နှင့် အဓိပ္ပာယ် သတ်မှတ်ချက်များမှာ ယဉ်ကျေးမှုအလိုက် လူ့အဖွဲ့အစည်းအလိုက် ကွဲပြားမှုများရှိသည်။


ဂီတသည် အသံအားကြားခံအဖြစ် အချိန်တစ်ခုအတွင်း အသုံးပြုသည့် အနုပညာပုံစံတစ်ရပ် ဖြစ်သည်။ ပန်းချီတွင် ကြားခံအား ကင်းဗတ်(စ)စ၊ နံရံ စသည့် medium များကို အသုံးပြုသကဲ့သို့ပင်ဖြစ်သည်။ ဂီတတွင် ယေဘူယျအားဖြင့် pitch ဆိုသော အသံအနိမ့်အမြင့်( ထိုအထဲတွင် သံစဉ်နှင့် ဟာမိုနီ တို့အကျုံးဝင်သည်) စည်းချက်( ၎င်း ထဲတွင် tempo,meter နှင့် articulation တို့ပါဝင်သည်) dynamics နှင့် timbre နှင့် texture တို့၏ အသံအရည်အသွေးစသည့် အစိတ်အပိုင်းများပါဝင်သည်။ ဂီတဆိုသော အင်္ဂလိပ်စကားလုံး music သည်ဂရိဘာသာစကား μουσική (mousike)မှဆင်းသက်လာသည်။


ဂီတ၏ ဖန်တီးမူ့၊တင်ဆက်မူ့၊ ထင်ရှားသော ဝိသေသလက္ခဏာ များနှင့် ဂီတဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကိုယ်တိုင်ပင် မတူညီသော ယဉ်ကျေးမူ့များနှင့် လူမူ့ရေးအရ ပုံသဏ္ဍန်အမျိုးမျိုးကွဲပြားနေလေသည်။


`ဂီတ´ဝေါဟာရသည် ပါဠိဘာသာမှ ဆင်းဆက်လာပြီး `သီချင်း၊ သီဆိုခြင်း´(Song, Singing) အဓိပ္ပါယ်ရသည်။ `တူရိယာတီးမှုတ်ခြင်း´ (Music) အဓိပ္ပါယ်နှင့် တစ်ခြားစီဖြစ်သည်။ ပါဠိဘာသာအရ `တူရိယာတီးမှုတ်ခြင်း´ကို ဝါဒိတ္တဝါဒန ဟူ၍ခေါ်ဝေါ်သည်။ မြန်မာ့ကျမ်းဂန်များအရ `ဂီတ´ဆိုသည်မှာ `ဒီဃသရေန ဂါယိတဗ္ဗနကိဂီတံ´ရှည်သောအသံဖြင့် ရွတ်အပ်သောကြောင့် ဂီတမည်သည်ဟု၍၎င်း၊သုံးမတြာကာလထက် လွန်အောင်ရွတ်ဖတ်ရသော အသံများကို `ပြူတသံ(ဝါ)ဂီတသံ´ ဟူ၍၎င်း၊ပြဆိုပေသည်။ ရှေးခေတ်ကျောက်စာများတွင် သီချင်းသီဆိုသူကို `သိခြင်းသည်´(သီချင်းသည်) ဟူ၍၎င်း၊`ရခန်း´ဟူ၍၎င်း၊

`ရတင်သည်´ဟူ၍၎င်း အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် `ပန်ထျာဂီတ´၏ အနက်အဓိပ္ပါယ်မှာ တီးမှုတ်သီဆိုခြင်းပင် ဖြစ်သည်။


ရှည်သောအသံဖြင့်သီဆိုအပ်သော စကားအဖွဲ့သီချင်း လို့ အဓိပ္ပါယ်ရသည်။ စည်း၊ ဝါး စသော တူရိယာတို့ဖြင့် တီးမှုတ်သီဆိုရသော ကဗျာမျိုးကို ဂီတ ဟုခေါ်သည် ရယ်လို့ ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ရှည်လျားသော အသံဖြင့်သီဆိုရသောသီချင်းလို့ ဆိုပါတယ်။ ဘယ်လောက်အထိရှည်ရမလဲဆိုရင် အချိန်ကာလအားဖြင့် သုံးမတြာထက် ကျော်လွန် ရှည်လျားပြီး စည်းဝါး အစရှိတဲ့ တူရိယာတွေနဲ့ သီဆိုရရင် ဂီတလို့ခေါ်ပါတယ်။ ('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional unit) ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာ ကာလကို တစ်မတြာ ကြာတယ်လို့ တိုင်းတာပါတယ်)


မြန်မာ့ဂီတတွင် အကြမ်းအားဖြင့် သောတာလင်္ကာရသီချင်းနှင့် ဝစနာလင်္ကာရသီချင်း ဟူ၍ အမျိုးအစားနှစ်မျိုးရှိသည်။


#သောတာလင်္ကာရသီချင်း


သောတာလင်္ကာရသီချင်းကို စည်းဝါးများ၊ တူရိယာအတီးအမှုတ်များနှင့်အတူ သီဆိုရသည်။ သောတာလင်္ကာရ သီချင်းများမှာ ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ ဒိန်းသံ၊ တေးထပ်၊ ဘောလယ်၊ လေးထွေသံကပ်၊ မြင်းခင်း၊ နတ်ချင်း စသည့်သီချင်းများ၊ ရိုးရာသီချင်းများ(Folk-Songs)၊ ရှေးသံဆန်းသီချင်းများ၊ ခေတ်ဟောင်းသီချင်းများ၊ နှစ်၂၀-သီချင်းများ၊ ကာလပေါ်သီချင်းများ၊ စတီဒီယိုသီချင်းများပင် ဖြစ်သည်။ အဆိုပါသီချင်းများကို သောတာလင်္ကာရသီချင်း၏ အဓိပ္ပါယ်မှာ ဂီတအားဖြင့် နားသောတကို တန်ဆာဆင်ထားသည့် သီချင်းပင် ဖြစ်သည်။


အမျိုးအစားများမှာ-


ကြိုးသီချင်း

ဘွဲ့ သီချင်း

သီချင်းခံ သီချင်း

ပတ်ပျိုး သီချင်း

ယိုးဒယား သီချင်း

မွန်သီချင်း

ဒိန်းသံ

တေးထပ်

ဘောလယ်အရိုး

လေးထွေသံကပ်

မြင်းခင်း

နတ်ချင်း

ရိုးရာသီချင်းများ(Folk-Songs)မှာ-


အိုးစည်သံ သီချင်း

ကရင်ဩသံ သီချင်း

လှေတော်သံ သီချင်း

မွန်သံ သီချင်း

စည်တော်သံ သီချင်း

ဗြော သီချင်း

ဗုံကြီးသံ သီချင်း

ဒိုးပတ်သံ သီချင်း


#ဝစနာလင်္ကာရသီချင်း


ဝစနာလင်္ကာရသီချင်းသည် ဂီတထက် ကဗျာကို ပို၍ အလေးပေးကာ စပ်ဆိုသီကုံးထားသော သီချင်းမျိုးများဖြစ်သည်။ ထို့ကြောင့် ၎င်းသီချင်းစာသားများကို ရွတ်ဖတ်သီဆိုရာတွင် ခန့်ခန့်ညားညား၊ လေးလေးနက်နက်၊ ပီပီသသ ပြတ်သားကြည်လင်စွာ ရွတ်ဖတ်သီဆိုရပြီး အသံအဖြတ်အတောက် အဆွဲအငင် အရစ်အဝဲ လေယူလေသိမ်းများကို သောတာလင်္ကာရ သီချင်းများထက် ပို၍ နိုင်နင်းစွာ ရွတ်ဖတ်သီဆိုကြရသည်။ ဝစနာလင်္ကာရသီချင်းများမှာ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ ခွန်းတောက်၊ လွမ်းချင်း၊ သဖြန်၊ ပုလဲပေါက် စသည်များနှင့် ထီးနန်းသုံး ကဗျာသီချင်းများဖြစ်သော ရတု၊ လူးတား၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ သာချင်း၊ အန်ချင်း၊ ဧချင်း၊ သံချို၊ လေးချိုးကြီး၊ ပျို့၊ လင်္ကာ၊ မော်ကွန်း၊ သမိုင်း တမ်းချင်း၊ မှာတမ်း စသည့် သီချင်းများပင် ဖြစ်သည်။ ဝစနာလင်္ကာရသီချင်း၏ အဓိပ္ပါယ်မှာ စကားကို တန်ဆာဆင်ထားသော သီချင်းပင် ဖြစ်သည်။


ရတု

ရကန်

အဲချင်း

အန်ချင်း

အိုင်ချင်း

လူးတား

ဧချင်း

လေးချိုးကြီး

သာချင်း

ပျို့ 


ဦးသော်ဇင်၏ ကဗျာ့လမ်းညွှန်စာအုပ်တွင် မြန်မာဂီတ (သီချင်း) အမျိုးအစားများမှာ-


ရကန်၊

ဟောစာ၊

သာချင်း၊

ကာချင်း၊

အဲချင်း၊

အိုင်ချင်း၊

လေးချိုး၊

သံချို၊

ယိုးဒယား(ဂီတ)၊

ပတ်ပျိုး၊

ကြိုး၊

ဘွဲ့(ဂီတ)၊

ဘောလယ်အရိုး၊

တေး- အရိုးအဆန်း၊

သဖြန်- အရိုးအဆန်း၊

ငိုချင်း - အရိုးအဆန်း၊

တုံးချင်း - အရိုးအဆန်း၊

ဟန်ချင်း - အရိုးအဆန်း၊

လှေချင်း - အရိုးအဆန်း၊

နတ်သံ၊

မှာတမ်း၊

ဇာတ်စာ ဟူ၍ ၂၂ မျိုး ရှိသည်ဟု ဖော်ပြသည်။


#ခေတ်ပေါ်ဂီတ


စတီဒီယို ဂီတ ( အကျယ်ရှာမရသေးပါခဗျာ )


#ဟစ်ဟော့ဂီတ

ဟစ်ဟော့ ဂီတ (Hip hop music)[၁] သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ရှိ အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမှုတစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမှုတွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊

တို့မှာ


rapping (သီချင်းစာသားများအား ကာရံနှင့်အညီ ရွတ်ဆိုခြင်း)

DJing (ဓာတ်ပြားများအား ပွတ်ခြင်း၊ ခေတ္တရပ်အောင်လုပ်ခြင်းဖြင့် ဆန်းပြားသောအသံများ ထွက်လာစေခြင်း)

graffiti (နံရံဆေးရေးပန်းချီတစ်မျိုး) နှင့်

b-boying (ဘရိတ်ဒန့်(စ်)အက).[၂][၃][၄]

တို့ပါဝင်သည်။ အခြား အစိတ်အပိုင်းများအဖြစ် Beatboxing (ပါးစပ်ဖြင့် စည်းချက်များပြုလုပ်ခြင်း)၊ Fashion (ဝတ်စားဆင်ယင်မှု ပုံစံ) နှင့် Slang (ဗန်းစကားများ အသုံးပြုခြင်း) တို့လည်းပါဝင်သည်။ ပထမဆုံးအကြိမ် Bronx နယ်မြေတွင် ကျင်းပအစပြုရာမှ ဟစ်ဟော့ ယဉ်ကျေးမှုသည် ကမ္ဘာအနှံ့ ကျယ်ပြန့်သွားခဲ့သည်။


ဟစ်ဟော့ဂီတသည် DJs (Disc Jockey) များက Turntables ဟုခေါ်သော ဓာတ်ပြားဖွင့်စက်နှစ်လုံးနှင့် စည်းချက်ညီသော ရိုက်ချက်သံများ ထွက်လာအောင် ဖန်တီးခြင်းဖြင့် စတင်ခဲ့သည်။ နောက်ပိုင်း ထိုရိုက်ချက်များပေါ်တွင် Rap ဟုခေါ်သော ကာရံညီအောင် ရွတ်ဆိုသွားသည့် တေးစာသားများကို ထည့်သွင်း ပေါင်းစပ်ခဲ့သည်။ ထိုကဲ့သို့ရွတ်ဆိုခြင်းကို rapping ဟုခေါ်ကာ သီဆိုသူများကို rapper ဟုသုံးနှုန်းသည်။ နောက်ပိုင်းတွင် သီဆိုသူ Rapper များကို MC ဟုလည်းခေါ်ကြသည်။ ဆန်းကြယ်သော အကပုံစံများနှင့် သီးခြားဝတ်စားဆင်ယင် ပုံစံမျိုးသည် ထိုဂီတသစ်ကို ကြိုက်နှစ်သက်သော လူများကြားတွင် ခေတ်စားလာသည်။ ထိုဝတ်စားဆင်ယင်ပုံစံ များသည် ယဉ်ကျေးမှုသမိုင်းတွင် ဟစ်ဟော့ ယဉ်ကျေးမှုကို အသိမှတ်ပြု လာရအောင် လွှမ်းမိုးလာခဲ့သည်။မြန်မာနိုင်ငံတွင် rap ဂီတကို မျိုးကျော့မြိုင် မှအစပြု သီဆိုခဲ့သော်လည်း ဟစ်ဟော့ဂီတအဖြစ် ပီပီပြင်ပြင် ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ပထမဆုံးဟစ်ဟော့ အယ်လဘမ်အဖြစ် အက်စစ်အဖွဲ့၏ စတင်ခြင်း အခွေ ၂၀၀၀ ခုနှစ်တွင် ထွက်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် ဟစ်ဟော့ဂီတသည် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ပေါ်ပြူလာ ဖြစ်နေသော ဂီတအမျိုးအစား ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် တခြားသော ဟစ်ဟော့ယဉ်ကျေးမှုများထက် fashion နှင့် rapping တို့ကို လူငယ်များ ပိုကြိုက်နှစ်သက်ကြသည်။


၁၉၀၄ အစောပိုင်းကာလတွင် hip ဆိုသောစကားလုံးကို အာဖရိကန်-အမေရိကန်တို့က တိုင်းရင်းအင်္ဂလိပ်စကားအဖြစ် အသုံးပြုခဲ့ကြသည်။ ထိုလူထုသုံးစကား hip ၏ အဓိပ္ပါယ်မှာ တိကျစွာပြောခြင်း (informed) နှင့် လက်ရှိ (Current) ဆိုသော သဘောဖြစ်၍ မူရင်း hep ဆိုသော စကားမှ ဆင်းသက်လာသည်။


rapper တစ်ယောက်ဖြစ်သော Keith Wiggins မှ အမေရိကန် ရေတပ်မတော်တွင် စစ်မှုထမ်းနေသော သူ၏ သူငယ်ချင်းဖြစ်သူကို နောက်ပြောင်ရာမှ hip-hop ဆိုသော စကားလုံးပေါ်ပေါက်လာသည်။ စစ်သားများ လေ့ကျင့်ချီတက်ရာတွင် ညာသံပေးသော တက်သံကျသံကို စည်းချက်ကျကျ hip-hop hip-hop ဟုလိုက်အော်ရာမှ ထိုစကားလုံးဖြစ်လာသည်။ ထိုတက်သံ၊ ကျသံ hip-hop ကိုနောက်ပိုင်းတွင် Keith Wiggins ကသူ၏ စင်မြင့်ဖျော်ဖြေပွဲတစ်ခုတွင် အသုံးပြုခဲ့သည်။ သူတို့အဖွဲ့အားလည်း ဂီတသစ်တစ်မျိုးကို စတင်ဖန်တီးနေသော DJs များက those hip-hoppers များဟု ရည်ညွှန်းပြောဆိုခဲ့ကြသည်။ ထိုစကားလုံး hip-hop ၏ အဓိပ္ပါယ်မှာ မလေးစားခြင်း၊ သရော်လှောင်ပြောင်ခြင်းဟု မူလကအဓိပ္ပါယ်ရသော်လည်း နောက်ပိုင်းတွင် ထိုဂီတအသစ်နှင့် ယဉ်ကျေးမှုကို ကိုယ်စားပြုသည့် အဓိက စကားလုံးဖြစ်လာသည်။


အဖွဲ့အမျိုးမျိုးက ထိုစကားလုံးကို သုံးခဲ့ကြပြီး ဟစ်ဟော့ရှေ့ဆောင်လမ်းပြ တစ်ယောက်ဖြစ်သော အာဖရိက ဘန်ဘာတာ Afrika Bambaataa မှ ၁၉၈၁ ခုနှစ်တွင် ထွက်ရှိသော single album "positive life" တွင်ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ ဟစ်ဟော့ဆိုသော စကားလုံးသည် ယဉ်ကျေးမှုစာမျက်နှာတစ်ခုအဖြစ် တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားခဲ့သည်။


#နောက်ခံသမိုင်းကြောင်း

ဂျမေကာ နိုင်ငံဖွား ဒီဂျေ Clive Kool Herc Campbell သည် ဆယ့်သုံးနှစ်သားအရွယ်တွင် နယူးယောက်မြို့ သို့ပြောင်းရွေ့ နေထိုင်ခဲ့ပြီး မူလဟစ်ဟော့ဂီတကို ဖန်တီးခဲ့သူဖြစ်သည်။ ဂျမေကာရိုးရာ ဂီတသံများကို အခြေခံကာ ဟစ်ဟော့ဂီတ သစ်တရပ်အဖြစ် ရှေးဦးဖန်တီးခဲ့သည်။ ဂျမေကာမှ ကလေးငယ်များက ဂီတသံအပေါ်တွင် လက်တန်းရွတ်ဆိုသော ကဗျာပုံစံများကို ခေတ်ပေါ် ဂီတတစ်ရပ်နှင့် တွဲဖက်ရန် သူငယ်စဉ်ကတည်းက စိတ်ကူးရှိခဲ့သည်။


Herc နှင့် တစ်ခြားသော DJs သမားများသည် သူတို့၏ တူရိယာစက်များနှင့် ဖျော်ဖြေမှုများအတွက် လျှပ်စစ်မီးလည်းရနိုင်သော ဘတ်(စ)ကတ်ဘောကွင်းများနှင့် ရှေးဟောင်းအိမ်များတွင် ဂီတပွဲများကျင်းပခဲ့သည်။ ထိုနေရာများသည် ဟစ်ဟော့ဂီတ ပေါက်ဖွား ခဲ့ရာနေရာများလည်းဖြစ်သည်။ သူတို့အသုံးပြုသော တူရိယာများနှင့်စက်ကိရိယာများသည် အများအားဖြင့် အားကောင်းသော စပီကာများ၊ Turntabels ဟုခေါ်သော ဓာတ်ပြားဖွင့်စက်များနှင့် တစ်လုံး(သို့မဟုတ်) ထို့ထက်ပိုသော မိုက်ကရိုဖုန်းများသာ ပါဝင်လေသည်။ funk တေးသွားများမှ က၍အကောင်းဆုံးအပိုင်းကို အကြိမ်ကြိမ်ပြန်လည်ဖွင့်စေခြင်းဖြင့် break-deejaying ဆိုသောနည်းကိုလည်း Herc သည်တိုးတက်စေခဲ့သူဖြစ်သည်။


ဗုံရိုက်သံကို အဓိကထားပြီး ထို breakbeat Djing ပြုလုပ်ရာတွင် funk, rock နှင့် လက်တင်ဗုံသံ မှစည်းဝါးရိုက်သံများကို ယူ၍ ထိုအသံများသည် ဟစ်ဟော့ဂီတအတွက် အခြေခံ ဂီတသံများဖြစ်လာခဲ့သည်။ Herc ၏ အကသမားများအပေါ် ကြေငြာမှုများနှင့် တိုင်ပင်ခေါ်သံများသည် ကာရံများနှင့်ညီအောင် ပြောဆိုရာမှ ယခုလူသိများသော rapping ဆိုသည့်အပိုင်းပါဝင်လာသည်။ သူ၏ အကသမားများအား break-boys နှင့် break-girls၊ အတိုကောက်အားဖြင့် b-boys နှင့် b-girls များဟုနာမည်ပေးခဲ့သည်။ Herc ၏သတ်မှတ်ချက် အခေါ်အဝေါ်များ ဖြစ်သော breaking, b-boys နှင့် b-girls များသည် ဟစ်ဟော့ဆိုသော နာမည်မပေါ် ခင်ကပင် ဟစ်ဟော့ ယဉ်ကျေးမူ့၏ အရေးပါလာမည့် အစိတ်အပိုင်းများအဖြစ်တည်ရှိနေခဲ့သည်။


နောက်ပိုင်းပေါ်လာသော Grand Wizard Theodore တို့ကဲ့သို့သော DJs များက breaking နည်းစနစ်များကို ပိုမိုဆန်းသစ်တိုးတက် လာစေခဲ့သည်။ ဟစ်ဟော့အား ယဉ်ကျေးမူ့တစ်ရပ်အဖြစ် လက်ခံလာအောင် ဖွံ့ဖြိုးလာစေသောသူမှာ အာဖရိကဘန်ဘာတာ Afrika Bambaataa ဦးဆောင်သော အဖွဲ့ဖြစ်သည်။ ဘန်ဘာတာသည် ရိုးရှင်းသော ဒစ္စကို beat များပေါ်တွင် rapping လိုက်ရွတ်ရသည့်အစား drum machine အား synthesizer နည်းပညာဖြင့်ဖန်တီးထားသော beating ပေါ်တွင်ရွတ်ဆိုသော နည်းစနစ်ကို ၁၉၈၃ ခုနှစ်တွင်ဖန်တီးခဲ့သည်။ နောက်ပိုင်းတွင် ဂီတဗီဒီယို များခေတ်စားလာသောအခါ ဟစ်ဟော့ဂီတသည် ပိုမိုအောင်မြင်လာခဲ့သည်။ Planet rock အတွက်ဂီတဗီဒီယိုတွင် ဟစ်ဟော့ယဉ်ကျေးမူ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဟစ်ဟော့ဂီတ၊ graffiti နှင့် ဘရိတ်ဒန့်စ် များကိုတင်ဆက်ပြသခဲ့သည်။ ၁၉၈၃ နှင့် ၁၉၈၅ ကြားတွင်ဟစ်ဟော့ဂီတကို အသုံးပြုလာသော ရုပ်ရှင်ကားများ ထွက်လာခဲ့သည်။ ထို့နောက်တွင် ဟစ်ဟော့ဂီတသည် အမေရိကန်နိုင်ငံမှ အစပြုကာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရသော ဂီတသစ်တစ်ရပ်အဖြစ်ပေါ်ထွန်းခဲ့လေသည်။


#ဟစ်ဟော့ဂီတ၏လူမူ့ရေးဆိုင်ရာရိုက်ခတ်မှုများ

ဟစ်ဟော့ဂီတသည် ပေါ်ပေါက်လာစက လူများယခုထင်နေသကဲ့သို့ အကြမ်းဖက်မှုကို အသားပေးသော ဂီတအမျိုးအစားမဟုတ်ခဲ့ပေ။ ထိုဂီတသည် လူငယ်များလမ်းပေါ်တွင် ဂိုဏ်းအသင်းများအဖြစ် တစ်ဖွဲ့နှင့် တစ်ဖွဲ့တိုက်ခိုက်နေမည့်အစား အကယဉ်ပြိုင်ခြင်း စသော ခန္ဓာကိုယ်ကျန်းမာရေးနှင့် အနုပညာ ယှဉ်ပြိုင်ခြင်းများကို လူငယ်များပိုမိုစိတ်ဝင်စားလာစေရန် အားပေးခဲ့သည်။ Hip Hop နှင့်ဆက်နွယ် ပတ်သက်နေသော Graffiti Art ဆိုသော အနုပညာ တစ်ရပ်လည်း ရှိပါသည်။


#ဟစ်ဟော့ဂီတ၏ကမ္ဘာလုံးဆိုင်ရာရိုက်ခတ်မှုများ

ဟစ်ဟော့ဂီတသည် ဥရောပ အာရှ ထိုမှတဆင့် ကမ္ဘာ့အရှေ့ဖျား ဂျပန်နိုင်ငံထိ၊ တောင်အမေရိကမှ ဘရာဇီး အစရှိသောနိုင်ငံများအထိ လျင်မြန်စွာ ကူးစက်သွားသည်။ တစ်နေရာမှ တစ်နေရာသို့ ပြန့်နှံ့သွားရာတွင် ထိုနိုင်ငံမှ ဂီတအလိုက် အသံများနှင့် သီဆိုဟန်များလည်း ပြောင်းလဲသွားတတ်သည်။ ပုံစံအမျိုးမျိုးပြောင်းနေသော်လည်း မူရင်းပုံစံ old school အား ဒေသအလိုက်ပြန်လည်စမ်းသစ်ရာမှ ကွဲပြားသော ဟန်များပေါ်လာခြင်းလည်းဖြစ်သည်။


ဟစ်ဟော့ဂီတသည် လူငယ်များ သူတို့၏ အမြင်များကို လွတ်လပ်ပွင့်လင်းစွာ ဖေါ်ပြသည့် ဂီတအမျိုးအစားလည်းဖြစ်သည်။ အမေရိကန်နိုင်ငံမှ စတင်ခဲ့သောကြောင့် အမေရိကန်စရိုက်များ ဖုံးလွှမ်းနေသော်လည်း လက်ခံရာနိုင်ငံအသီးသီးမှ ဟစ်ဟော့ ဂီတပညာရှင်များက သူတို့နိုင်ငံ၏ ဓလေ့စရိုက်နှင့် ညီအောင် ဖန်တီးနိုင်ခဲ့ကြသည်။ ဟစ်ဟော့ဂီတကို အဓိက ကြိုက်သော သူများမှာလည်း လူငယ်များ အများဆုံးဖြစ်သောကြောင့် ထိုဂီတနှင့် ယဉ်ကျေးမှုများသည် ကမ္ဘာလုံးဆိုင်ရာလူငယ် ယဉ်ကျေးမှုတစ်ရပ်ဖြစ်လာသည်။


ခရစ်ဒစ် 

https://wikipedia.org