📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ
Showing posts with label ပညာရေးကဏ္ဍ. Show all posts
Showing posts with label ပညာရေးကဏ္ဍ. Show all posts

Saturday, August 29, 2020

မြန်မာ့သမိုင်း

 မြန်မာ့သမိုင်း 



မြန်မာ့သမိုင်းကိုရေးမည်ဆိုလျှင် မနုဿအကြိုသမိုင်းကိုရေးရန်ပင် အတော်ပင်ခက်ခဲမည့်သဘောမှာရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာ ဟုဆိုလျှင် ဗမာတစ်မျိုးတည်း မဟုတ်သည့်အပြင် တိဗက်တို-မြန်မာ အုပ်စုဝင်အနွယ်များသာမက မွန်ခမာအုပ်စုများ၊နှင့် အခြားသော လူမျိုးများ၏ အရေးကိုလည်း လျစ်လျူရှုသည် မရှိရလေအောင် ရေးသားနိုင်ပါမှသာ ပြည့်စုံသည့် မြန်မာ့သမိုင်းကို ရေးသားသည်ဟု သတ်မှတ်နိုင်ပေမည်။ အဓိက အုပ်စုကြီးအဖြစ် တိဗက်တို-မြန်မာ အုပ်စုဝင်များကို ဦးစားပေးလျက် အခြားအုပ်စု များကို လေ့လာရှာဖွေပြီး လစ်ဟင်းသည် မရှိစေရန် ရေးမည်ဆိုလျှင် အတော်ပင် ကျယ်ပြန့်လွန်းအားကြီးသကဲ့သို့ အတော်လည်း ဝန်ကြီးလွန်းသည် ဖြစ်မည်အမှန်ပင်။



ရှေးဟောင်းမြန်မာလူမျိုးများ


အာရှတိုက်ဆိုင်ရာ ဘာသာဝေါဟာရ ပညာရှင်များက မြန်မာလူမျိုးများသည် အရှေ့တိဗက် ဘာသာဝေါဟာရ အုပ်စုဝင်လူမျိုး တမျိုးဖြစ်သည်ဟု အတည်ပြုထားကြသည်။ တရုတ်မှတ်တမ်းဟောင်းများ၏ အဆိုအရ မြန်မာလူမျိုးများသည် တရုတ်ပြည် အနောက်မြောက် ကန်ဆူနယ်တွင် နေထိုင်ကြသည်။ တရုတ်က ဖိသဖြင့် တိဗက်ကုန်းမြင့်ဒေသ တဝိုက်သို့ ပြောင်းသွားကြသည်။ ဗမာလူမျိုးတို့သည် တိဘက်-မြန်မာ(Tibeto-Burman) လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ မွန်ဂိုလွိုက်(Mongoloid race) ဖြစ်သည်[၁][၂] ဟု မြန်မာ သမိုင်းပညာရှင် သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်း က မှတ်ချက် ပြုသည်။ ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော နေရာတွင် ယခင်အနှစ် ၄၀၀,၀၀၀ လောက်က လက်နက်ကို အသုံးပြုတတ်ပြီ ဖြစ်သော ရှေးလူများ နေထိုင် ခဲ့ကြသည်။ ရာသီဥတုမှာ ယခုအခါထက် ပို၍ အေးသည်။ မိုးမှာ၊ ယခုထက် သုံးဆမှ ခြောက်ဆခန့် ပိုသဖြင့်၊ မိုးစွေကာလဟု ခေါ်ရပါသည်။ ယခင် အနှစ် ၂၀၀,၀၀၀ လောက်မှ စ၍ ထို ရှေးလူများသည် လက်နက် လုပ်တတ်သော အဆင့်သို့ ရောက်လာသည်။ အလွန်အေးသော မြောက်လေကို ကြောက်သဖြင့်၊ တောင်စောင်းများ၌ တောင်ဘက်သို့ အပေါက်လှည့်သော ဂူများတွင်သာ နေကြသည်။ ယခင်အနှစ် ၄၀,၀၀၀ လောက်မှ စ၍ လူအစစ်များ ဖြစ်လာ ကြသည်။ ရာသီဥတုမှာ ယခင်အနှစ် ၁၀,၀၀၀ မှ စ၍၊ တဖြည်းဖြည်း ယခု ရာသီဥတုမျိုး ဖြစ်လာပါသည်။ ယခင်အနှစ် ၁၁,၀၀၀ ခန့်က၊ ထိုသူများ နေခဲ့သော ပြဒါးလင်းဂူတွင် သူတို့ ရေးဆွဲခဲ့သော ကျောက်ခေတ်ဟောင်း နံရံ ပန်းချီကား တို့ကို တွေ့နိုင်ပါသည်၊၊ ယခု ဆင်၊ ဝက်၊ သမင်တို့နှင့် တူသော ပုံများ၊ အရိုးသာ ဖော်ပြသော ငါးနှင့် လက်ဝါးပုံများကို ရေးဆွဲခဲ့သည်။ ဂူတွင်းမှ မြင်ရသော နေထွက်ပုံမှာ၊ ရှုခင်းကား ဖြစ်မည် ထင်ရပါသည်။မြန်မာတို့သည် ခရစ် (၁၁) ရာစုနှစ်မှ စ၍ ဗုဒ္ဓ သာသနာကို လက်ခံခဲ့၍ မည်သည့် ကိစ္စမဆို ဗုဒ္ဓ သာသနာကို ထိပ်တန်းက ထား၍ စဉ်းစား ဆောင်ရွက်သော ဓလေ့ကို ရခဲ့ပါသည်။မျိုးရိုး စဉ်ဆက်မှာ တိဗက် တရုတ်နှင့် နီးစပ်သဖြင့် တရုတ် ဘက်မှ ဓလေ့ များစွာလည်း မြန်မာတို့ ယခုတိုင် ဆက်လက်၍ အသုံးပြု နေပါသည်။



တိဗက်တို့က မောင်းထုတ်သဖြင့် ယူနန်ပြည်နယ်သို့ ပြောင်းကြသည်။ ထိုအချိန်တွင် ယူနန်နယ်တွင် အင်အားကြီးမား လာသည့် တိုင်းရှမ်းများသည် ပြည်နယ်ကြီး ၆ ခုကို နန်ချိုနိုင်ငံ အဖြစ် ပထမဆုံးသိမ်းသွင်းနေသည့် ကာလဖြစ်သည်။ မြန်မာလူမျိုးများသည် ယူနန်နယ်တွင် နန်ချိုတိုင်း ရှမ်းများနှင့် နှစ်အတန်ကြာ နေထိုင် လာခဲ့ကြသည်ဟု ယူဆရသည်။


တရုတ်ရာဇဝင် ဆရာကြီး ဖန်ချုံ ၏မှတ်တမ်း၌ ငှင်းတို့၏ အကြီးအကဲအား မင်းဟု ခေါ်ဝေါ်ကြောင်း တိုင်းရှမ်းများက စောမင်းဟု ခေါ်ဝေါ်ကြောင်း ရေးသားထားသည်။ ယင်းသို့ နန်ချို တိုင်းရှမ်းများ၏ လက်အောက်တွင် နေထိုင်ရာမှ တိုင်း ရှမ်းတို့၏ ဖိနှိပ်မှုအား မခံနိုင်သဖြင့် မြန်မာနိုင်ငံ တွင်းသို့ဝင်ရောက်လာကြသည်။


မြန်မာနိုင်ငံသမိုင်းနှင့် ပတ်သက်၍ အကြားအမြင်များသည့် သမိုင်းဆရာ ဂေါ်ဒွင်လုစ်၏ အဆိုအရ မြန်မာများသည် ရှေးဦးစွာ ကျောက်ဆည်နယ်သို့ ဝင်ရောက်လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ပြန့်နှံ့သွားသည်ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အနည်းငယ်အတွင်း အခြေစိုက်နိုင်ခြင်းမှာ မြန်မာတို့၏ အစွမ်းအစအပြင် ထိုအချိန် ကာလတွင် နန်ချို တိုင်းရှမ်းတို့၏ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက်နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းရုံသာမက ကုန်ထုတ်လုပ်ငန်းများပါ ပျက်ပြားပြီး ရပ်တည်ရာမရ ကစင့်ကလျား ဖြစ်နေသည့် ပျူလူမျိုးများနှင့် ရောထွေးနေ ထိုင်ရာမှ ရာစုနှစ် အနည်းငယ်ခန့်အတွင်း ပျူလူမျိုးများနှင့် သွေးရောနှောသွားကြပြီး လူမျိုးကြီးနှစ်မျိုး ပေါင်းစပ်လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည်ဖြင့် အစစအရာရာ တိုးတက်ဖွံ့ဖြိုး လာပြီး ကိုးရာစုနှင့် ဆယ်ရာစုခန့်လောက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည်နှင့် ပုဂံမင်းဆက်ကို စတင် တည်ထောင်လေသည်။



ပျူခေတ်  


နောက်ဆုံးတွေ့ရှိဖော်ထုတ်ထားသည့် မြန်မာ့ သမိုင်းမှတ်တမ်းများအရ မြန်မာနိုင်ငံ အတွင်းသို့ ရှေးဦးစွာဝင်ရောက်လာခဲ့သည့် လူမျိုးများမှာ မြောက်ဖက်တွင် တိဘက်တို-မြန်မာအနွယ်ဝင်များဖြစ်ကြသည့် ပျူ၊ သက်၊ ကမ်းယံနှင့် တောင်ဖက်တွင် မလေးအနွယ်ဝင်များနှင့် ယှဉ်ပြိုင်အနိုင်ရသွားသည့် မွန်တို့ဖြစ်သည်။ ထို့အပြင် အရှေ့ဖက်ဒေသများတွင်လည်း တိဘက်-တရုတ်အနွယ်ဖြစ်သည့် ရှမ်းလူမျိုးလည်း အနည်းငယ် ရှိနေကြပြီးဖြစ်သည်။


ထိုလူမျိုးများအနက် ပျူလူမျိုးမှာ ယနေ့မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတစ်လျောက်တွင် မြို့ရွာများ တည်ထောင်ကာ နေထိုင်ကြသည်။ ၄ရာစုနှင့် ၅ရာစုများတွင် ပျူတို့ အထွဋ်အထိပ်ရောက်၍ မွန်တို့ကို လွမ်းမိုးကာ ပျူမြို့ပြနိုင်ငံများဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့မှာ အရှေ့တောင်အာရှ၏ ကုန်သွယ်ရေးလမ်းကြောင်းတွင် ထင်ရှားခဲ့သည်။


ထိုကုန်သွယ်ရေးလမ်းကြောင်းမှာ အရှေ့ဖက်ခမာနိုင်ငံမှ အနောက်ဖက် ရခိုင်ကမ်းရိုးတန်းအထိဖြစ်သည်။ ၉ရာစုအစောပိုင်းတွင် စည်းလုံးမှုနည်းသည့် ပျူတို့ကို မြောက်ပိုင်းမှ အင်အားကြီး နန်ကျောက်တို့က ဝင်ရောက်တိုက်ခိုက်ဖျက်စီးသဖြင့် ပျူတို့ပျက်ဆီးရသည်။ ထိုခေတ်တွင် အကြမ်းအားဖြင့် ပျူတို့က ဧရာဝတီမြစ်အနောက်ဖက်ခြမ်း နှင့် မွန်တို့က ဧရာဝတီမြစ်အရှေ့ဖက်ခြမ်းတွင် နေထိုင်ကြသည်ဟူ‌၍ သတ်မှတ်နိုင်သည်။ အချို့သော သမိုင်းပညာရှင်များက ထိုပျူခေတ်ကို ပထမပြည်ထောင်စု ဟုလည်း သတ်မှတ်ကြပါသည်။



ပုဂံခေတ် 


မြန်မာနိုင်ငံနယ်နိမိတ်ထဲသို့ နောက်ဆုံးမှ ဝင်ရောက်လာသည့် ဗမာတို့သည် ယနေ့ရှမ်းပြည်နယ်ကိုဖြတ်ကျော်ကာ ကျောက်ဆည်နယ်သို့ တစစထိုးဖောက်လာပြီးနောက် ဆန်စပါးစိုက်ပျိုးရန် သင့်တော်သည်ဟု ယူဆသောထိုဒေသတွင် ကျောက်ဆည်ဆယ့်တစ်ခရိုင်ကိုတည်ထောင်ကာ အခြေချနေထိုင်ကြသည်။ထိုသို့ရောက်ရှိလာခဲ့ပြီးနောက် စာပေအက္ခရာ တွင် ဒေသခံမွန်တို့ကို ဆရာတင်ခဲ့ကြသည်။ ယဉ်ကျေးမှုနှင့် အယူဝါဒတွင် ပျူတို့ကို ဆရာတင်ခဲ့ကြသည်။


နှစ်ကာလကြာရှည်လာပြီး လူဦးရေထူထပ်လာသောအခါ နယ်ပယ်များဆက်လက်ချဲ့ထွင်ကြသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ကောင်းစွာအုပ်စီးမိတော့သည်။ အစောပိုင်းဗမာတို့သည် အကြီးအကဲဖြစ်သူကို မိမိတို့ ဘာသာစကားဖြင့်`မင်း´နှင့် ရှမ်းတို့ခေါ်သကဲ့သို့ `စော´(စဝ်)ကိုပေါင်းကာ `မင်းစော´ဟုခေါ်ကြသည်။ အချိန်ကြသည်နှင့်အမျှ ထိုမင်းများထဲတွင် အစွမ်းအစကောင်းသူများ ပေါ်ထွန်းလာသဖြင့် ထိုအကြီးအကဲကို `မင်းကြီး´ဟုခေါ်ကြသည်။


ထိုသို့မင်းများထဲတွင်မှ ကျယ်ပြန့်လှသော နယ်ပယ်ကို အုပ်ချုပ်ရလွယ်ကူစေရန် ဆက်သွယ်ရေးအချက်အချာကျသည့် ပုဂံမှ ပုဂံမင်းကြီးသည် `မင်းစော´ အပေါင်းတို့၏ အကြီးအကဲအဖြစ်သို့ ရောက်ရှိလာသည်။ `မူလက ပုဂံကို ရွာ၁၉ရွာဖြင့် စတင်ဖွဲ့စည်းသည်´ ဟူသော အဆိုက ဤအချက်ကို အတည်ပြုနေသကဲ့သို့ရှိသည်။ အနော်ရထာမင်း လက်ထက်တွင် ပုဂံ၏ အင်အား အထွဋ်အထိပ်ရောက်ကာ ရာမည(ရှေးမွန်=`ရာမည်´)မှ သထုံကို အနိုင်ရပြီး ယနေ့ မြန်မာနိုင်ငံနီးနီးမျှ ကျယ်ပြန့်သည့် နယ်ပယ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုမှဆင်းသက်သည့် ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် ပုဂံမင်းများသည်လည်း ဩဇာကြီးသူများဖြစ်သည့်အတွက် တိုင်းပြည်ကို ကောင်းစွာစုစည်းထားနိုင်ခဲ့သည်။


သို့သော် နောက်ပိုင်းမင်းများသည် အရည်အသွေးညံ့ဖျင်းလာကြပြီး ပုဂံ၏ဩဇာမှာ သိသာစွာ ကျဆင်းလာရသည်။ နောက်ဆုံးတွင် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီး၍ ပုဂံမင်းဆက်လည်း ကျဆင်းရလေသည်။ မွန်ဂိုတို့ တပ်ဆုတ်ပြန်ပြီးနောက်တွင် နန်းတက်ကြသည့် ကျစွာ၊ စောနစ် နှင့် စောမွန်နစ်တို့ လက်ထက်များတွင် ပုဂံမင်းဆိုသည်မှာ အမည်ခံမျှသာဖြစ်၍ အမှန်တကယ် ဩဇာအာဏာမှာ ရှမ်းညီနောင် သုံးဦးလက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။



အင်းဝခေတ် 


ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင်အစုစုကွဲပြားနေသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသကို စုစည်းသိမ်းသွင်းကာ အုပ်ချုပ်သည့် မင်းတစ်ပါး ပေါ်ထွန်းလာသည်။ ထိုသူမှာ ရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် အင်းဝမြို့တည် သတိုးမင်းဖျား ဆိုသူဖြစ်သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင်တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။


ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊ ၎င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။


ထို့နောက်သိုဟန်ဘွား နန်းတက်သည် ။သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိ တို့လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။



တောင်ငူ-ဟံသာဝတီခေတ် 


တောင်ငူ-ဟံသာဝတီခေတ်သည် မြန်မာတို့၏ အထွတ်အထိပ်ရောက်သည့် ကာလများအနက်မှ တစ်ခုဖြစ်သည်။ ပုဂံပျက်သုဉ်းပြီးချိန်မှ စကာ အင်းဝကိုဗဟိုပြုနေသည့် ဗမာတို့အတွက် အောက်ပြည်အရပ်မှ မွန်တို့၏ရန်စစ်၊မြောက်ဘက်မှ တစ်စတစ်စအင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ ရန်စစ်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံး တစ်နယ်တစ်မင်း အုပ်ချုပ်နေသည်အထိ ပျက်စီးနေချိန်တွင် အင်းဝလက်အောက်ခံ ကေတုမတီတောင်ငူမှ မင်းကြီးညို၊ သားတော် တပင်ရွှေထီး နှင့် ယောက်ဖဖြစ်သူ ဘုရင့်နောင်တို့ ကအသီးသီး အစဉ်မပျက် နိုင်ငံကိုချဲ့ထွင်ကြရာ မင်းကြီးညိုလက်ထက်တွင် အတန်အသင့် အင်အားကောင်းမွန်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းသားဖြစ်သူ တပင်ရွှေထီးလက်ထက်တွင် အောက်ပြည်ရှိ မွန်တို့၏ပိုင်နက် နှင့် ဘုရင့်နောင်လက်ထက်တွင် ယနေ့မြန်မာနိုင်ငံ နယ်နိမိတ်အပြင်သို့ကျော်ကာ အနောက်ဘက်တွင် မဏိပူရ မှ အရှေ့ဘက် ထိုင်းနိုင်ငံ အယုဒ္ဒယ အထိ၊မြောက်ဘက်တွင် ကချင်ပြည်နယ်မှ တောင်ဘက်ကော့သောင် အထိ ကျယ်ပြန့်လာခဲ့သည်။


နောက် ကမ္ဘောဇသာဒီ နန်းတော် ကိုလည်းတည်ခဲ့သည်။ သို့သော် အမြော်အမြင်ကြီးမားသည့် ဘုရင့်နောင်သည် သားတော် နန္ဒဘုရင်လက်ထက်တွင် မိမိတည်ထောင်သည့် နိုင်ငံကြီး အလွယ်တကူ ပြိုပျက်သွားမည့်အရေးကိုမူ ကြိုသိမသွားခဲ့နိုင်ပေ။ နန္ဒဘုရင်လက်ထက်တွင် လက်အောက်ခံ နယ်စားပယ်စားများ အသီးသီးပုန်ကန်ကြပြီး နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး နှင့်တောင်ငူဘုရင်ခံ မင်းရဲသီဟသူတို့၏တိုက်ခိုက်မှုကြောင့် ကမ္ဘောဇသာဒီနန်းတော်ကြီးဖျက်ဆီးခံရပြီး နန္ဒဘုရင်လည်းနန်းကျကာ တောင်ငူသို့ သုံ့ပန်းအဖြစ်သို့ပါပြီးနောက်ပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။



ညောင်ရမ်းခေတ် 


ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက အကွဲအကွဲအပြားအပြားဖြစ်နေရသည့် နိုင်ငံကို စုစည်းရန်အတွက် အင်းဝကိုသိမ်းပိုက်၍ ညောင်ရမ်းမင်းဆက်(ဒုတိယအင်းဝခေတ်)ကို တည်ထောင်သည်။ သူ့လက်ထက်တွင် ရှမ်းပြည်များကို ပြန်လည်သိမ်းသွင်းနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် အနောက်ဖက်လွန်မင်း၏ လက်ထက်တွင် အတန်ပင် အင်အားကြီးလာပြီး တောင်ငူကိုသိမ်းပိုက်ကာ တောင်ပိုင်းမှ ပေါ်တူဂီ ငဇင်ကာကို နှိမ်နှင်းနိုင်သလို၊ အရှေ့တောင်ဖက်မှ ထိုင်းဘုရင် ဗြနရာဇ်(နာရေစွမ်)၏ မြန်မာနိုင်ငံတောင်ပိုင်းကို ထိုးဖောက်ရန် ကြိုးပမ်းနေသည်များကို ဟန့်တားထားနိုင်ခဲ့သည်။


သာလွန်မင်းလက်ထက်တွင် တိုင်းပြည်အရပ်ရပ် တည်ငြိမ်အေးချမ်းရေးကို စတင်ဆောင်ရွက်ရာ မြန်မာ့သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် လူဦးရေ စစ်တမ်းများကောက်ယူခြင်းကို ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် ရာသီဥတုဆိုးဝါးမှု၊မင်းများ၏ အရည်အသွေးကျဆင်းမှုတို့ကြောင့် ဟံသာဝတီမှ မွန်တို့ကပုန်ကန်ရာ ညောင်ရမ်းခေတ် ကုန်ဆုံးရတော့သည်။ နောက်ဆုံးမင်းဖြစ်သည့် စနေမင်းလည်း ဟံသာဝတီသို့ ပါကာ နောက်ပိုင်းတွင် ကွပ်မျက်ခံခဲ့ရသည်။



ကုန်းဘောင်ခေတ် 


ညောင်ရမ်းမင်းဆက် ကျဆုံးပြီးနောက်တွင် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကိုတော်လှန်သည်။ အင်းဝကိုပြန်လည်သိမ်းပိုက်နိုင်ကာ ဆက်တိုက်ဆိုသလိုပင် တိုက်ပွဲများတွင် မွန်တို့ကိုအနိုင်ရသဖြင့် အလွန်ဩဇာကြီးလာပြီး အယုဓျာတိုင် ချီတက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် တတိယမင်းဖြစ်သည့် ဆင်ဖြူရှင်လက်ထက်မှ အယုဓျာကို အပြီးသတ်အနိုင်ရရှိသည်။ ထိုမင်းလက်ထက်တွင် မြောက်ဖက်မှ မန်ချူးတို့၏ ကျူးကျော်မှု ၅ ကြိမ်တိုင်တိုင် ခံခဲ့ရသော်လည်း ကောင်းစွာတွန်းလှန်ဟန့်တားနိုင်ခဲ့သည်။


၆ဆက်မြောက်မင်းဖြစ်သည့် ဗဒုံမင်း လက်ထက်တွင် ယဉ်ကျေးမှုနှင့် အတွေးအခေါ်အယူအဆတို့ကို ပြောင်းလဲရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုမင်းလက်ထက်တွင် ခေတ်အဆက်ဆက်က မြန်မာ့နယ်နိမိတ်တွင် မပါဝင်ခဲ့သော ရခိုင်ပြည်နယ်ကို အိမ်ရှေ့မင်းသားဦးပေါ်က သိမ်းပိုက်နိုင်ခဲ့ကာ မဟာမြတ်မုနိဘုရားကြီးကို မန္တလေးသို့ ပင့်ဆောင်လာနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် နန်းတွင်းအရှုပ်အထွေးများကြောင့် ကုန်းဘောင်မင်းဆက်မှ အင်အားနည်းခြင်းသို့ရောက်လာခဲ့သည်။ ဘကြီး‌‌တော်လက်ထက်တွင် အာသံ၊မဏိပူရအရေးကြောင့် နယ်ချဲ့အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ကာ ရခိုင်နှင့် တနင်္သာရီကို ပေးလိုက်ရသည်။ ထို့နောက် ပုဂံမင်းလက်ထက်တွင် ဒုတိယအကြိမ် စစ်ဖြစ်ကာ မြန်မာပြည်အောက်ပိုင်းတစ်ခုလုံး သိမ်းပိုက်ခံရသည်။ သီပေါမင်းလက်ထက်တွင်လည်း ဘုံဘေဘားမားသစ်ကိစ္စကြောင့် တတိယအကြိမ်စစ်ဖြစ်ကာ မြန်မာတစ်နိုင်ငံလုံးသူ့ကျွန်ဘဝကျရောက်ခဲ့ရသည်။ အင်္ဂလိပ်တို့၏ သုံးကြိမ်ကျူးကျော်စစ်ပြုခြင်းခံရပြီး သီပေါမင်းလက်ထက်တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက် ကျရောက်သွားတော့သည်။





ပျူမြို့ပြနိုင်ငံများ

 ပျူမြို့ပြနိုင်ငံများ


ပျူ (Pyu) Pyuu (ပျူး) သို့မဟုတ် Pyus (ပျူစ်) ဟုလည်းဆို၊ တရုတ်တို့က Pyao (ပြောင်) ဟုမှတ်တမ်းတင်) ဆိုသည်မှာ BCE ၁၀၀ မှ CE ၈၄၀ နှစ်အတွင်း ယခုခေတ် (မြန်မာ)၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တွေ့ရှိရသော မြို့ပြများ အစုအဝေးနှင့် ၎င်းတို့၏ ဘာသာစကားကို ရည်ညွှန်းပါသည်။ ပျူသမိုင်းကို အဓိက သမိုင်းကြောင်း နှစ်ခုအားဖြင့် သိရသည်- ကျောက်ထွင်းစာများတွင် တွေ့ရသော ပျူတို့၏ ယဉ်ကျေးမှု လက်ကျန်အရ သော်လည်းကောင်း (အချို့ကို ပါဠိဘာသာ ဖြင့်တွေ့ရသည်။ သို့ရာတွင် အချို့ကို ပျူအရေးအသားမူ သို့မဟုတ် ပျူဘာသာအခွဲဖြစ်သော ဂုပ္ပတအရေးအသား အဖြစ်တွေ့ရသည်)၊ တရုတ်ပြည်အင်ပါယာသမိုင်းတွင် ထိန်းသိမ်းထားသော တရုတ်ခရီးသွားများနှင့် ကုန်သည်အချို့၏ မှတ်တမ်းတိုများ အားဖြင့်လည်းကောင်း သိရသည်။



ပျူတို့သည် နောက်ပိုင်းတွင် ဗမာမျိုးနွယ်စုများ၏ တစ်စိတ်တပိုင်းဖြစ်လာသော တရုတ်-တိဘက်များနှင့် လူမျိုးကွဲ ထိမ်းမြားလက်ထပ်ခြင်းများ ရှိသော်လည်း ဗမာ(ဗမာလူမျိုး) နှင့် မတူကွဲပြားသော လူမျိုးစုဖြစ်သည်ဟု ယုံကြည်ရဖွယ်ရှိသည်။ ဗမာ သို့မဟုတ် ဗမာ မျိုးနွယ်ကို တည်ထောင် ဖြစ်ပေါ်လာစေသော ဘိုးဘေး သုံးဦးအနက် တစ်ခုဖြစ်သော ပျူတို့သည် ဖော်ပြပါ အုပ်စုသုံးစု၏ ရောနှောမှုမှ ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြသည်-(၁) ကျောက်ခေတ်၊ ကြေးဝါခေတ်နှင့် သံခေတ်တို့ကတည်းက ထင်ရှားမှုမရှိသော ဒေသတွင်း နေထိုင်သူအနည်းစု၊ (၂) ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ တို့နှင့်အတူ ၎င်းတို့၏ ယဉ်ကျေးမှုနှင့် စာပေတို့ကိုတပါတည်း သယ်ဆောင်လျက် ဆက်တိုက် ဝင်ရောက်လာသော အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့အခြေချ ဝင်ရောက်လာသူများနှင့် (၃) နောက်ဆုံးအုပ်စုမှာ မြောက်ဘက်မှ ဝင်ရာက်လာသည်ဟု ယုံကြည်ရသော တိဘက်တို-ဘားမင်း အုပ်စုတို့ဖြစ်သည်။



ရှေးဦး အခြေချနေထိုင်မှု 


နောင်တွင် ဗမာဟု ခေါ်တွင်သည့် ဒေသသို့ ပျူတို့သည် BC ၁ ရာစု သို့မဟုတ် ထို့ထက်စော၍ ရောက်ရှိလာပြီး မြို့ပြနိုင်ငံများဖြစ်သည့် ဘိန္နက၊ မွန်ဂါမို၊ သရေခေတ္တရာ၊ ဗိဿနိုးမြို့၊ မြောက်ဘက်ရှိ ကွတ်ခိုင်၊ သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ ဟန်လင်းကြီး၊ အရှေ့မြောက်ဘက်၌သံတွဲနှင့် အရှေ့ဘက်ရှိ ရိုးမမြို့ပြနိုင်ငံများတို့ကို တည်ထောင်ခဲ့သည်။ ပျူတို့သည် မြို့များကို တည်ထောင်ခဲ့ရာ ၎င်းတို့မှာ AD ၄-၈ ခုနှစ်တွင် သရေခေတ္တရာ(ပြည်)၊ မိုင်းမော၊ ဗိဿနိုး (အမှန်စင်စစ် ဟိန္ဒူနတ်ဘုရား ဗိဿနိုးကို အစွဲပြု ခေါ်ဆိုခြင်း ဖြစ်သည်) (ခမာတပ်များ AD၂၁၀ မှ ၂၂၅ ထိ သိမ်းပိုက်ထားခဲ့သည်)၊ AD ၁ မှ ၄ ခုနှစ်တွင် တောင်တွင်းကြီး၊ AD ၂ မှ ၉ ခုနှစ်တွင် ဟန်လင်း (ဝက်လက်)၊ (ဟန်လင်းကြီး)၊ တကောင်း(သပိတ်ကျင်း)၊ ဝတီ(နထိုးကြီး)၊ မိုင်းမော(ပင်းလေး)(မြစ်သား)၊ ဘိန္နက(ပျော်ဘွယ်) တို့ဖြစ်သည်။ ထိုခေတ်ကာလတွင် မြန်မာနိုင်ငံသည် တရုတ်မှ အိန္ဒိယသို့ ကုန်းလမ်းခရီး ကုန်သွယ်လမ်း တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သည်။ သက္ကရာဇ် ၉၇ မှ ၁၂၁ ထိ တရုတ်နိုင်ငံဆိုင်ရာ ရောမသံတမန်များသည် ခရီးသွားရာ၌ ဗမာနိုင်ငံကို ဖြတ်သော ကုန်းလမ်းခရီးကို ရွေးချယ်ခဲ့ကြသည်။ သို့သော်လည်း ပျူတို့သည် သရေခေတ္တရာသို့ သွားရန် ဧရာဝတီမြစ်တလျောက် အခြားလမ်းတစ်ခု၊ အနောက်ဖက်၌ အိန္ဒိယသို့သွားရန်နှင့် အရှေ့ဘက်၌ အရှေ့တောင်အာရှ ကျွန်းဆွယ်သို့သွားရန် ရေလမ်းခရီးကိုလည်းကောင်း လမ်းဖွင့်ပေးခဲ့သည်။



ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ 


တရုတ်သမိုင်း အထောက်အထားများက ပျူတို့သည် တိုင်းနိုင်ငံ ၁၈ ခုကို ချုပ်ကိုင်ခဲ့ပြီး ကြင်နာ၍ အေးချမ်းသော လူမျိုးများဟူ၍လည်းကောင်း၊ လှပတင့်တယ် ကျက်သရေရှိသော ပျူလူမျိုးဟူ၍ လည်းကောင်း မှတ်တမ်းတင်ခဲ့သည်။ ပျူတို့ကြားတွင် ခိုက်ရန်ဖြစ်ပွားသည်ဟု မှတ်တမ်း မရှိသလောက်ပင် ဖြစ်သည်။ အငြင်းပွားမှုများကို ကြီးကြပ်သူများပါသော နှစ်ဦးရင်ဆိုင် တိုက်ခိုက်ခြင်း သို့မဟုတ် ပြိုင်ပွဲများ ပြုလုပ်ခြင်းအားဖြင့် ဖြေရှင်းကြသည်။ ပျူတို့သည် ပိုးထည်အစစ်အစား ပိုးထည်ကဲ့သို့ ပျော့ပြောင်းနူးညံ့သော လက်ပံပင်လျှော် (ပိုးချည်ထည်)နှင့် ယက်လုပ်သော အဝတ်အထည်များကို ဝတ်ဆင်ကြသည်။ ထိုသို့အားဖြင့် ပိုးချည်ထုတ်သော ပိုးကောင်လေးများကိုသတ်ရန်မလိုတော့ပေ။ ပြစ်မှုကျူးလွန်ပါက ကြိမ်ဒဏ်ပေးပြီး ကြီးမားသော ပြစ်မှုများကျူးလွန်ပါက သေဒဏ်ကျရောက်သော်လည်း ထောင်ရှိသည်ဟု သိမှတ်ရခြင်းမရှိပါ။ ပျူတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ ကလေးအားလုံးသည် ဘုန်းတော်ကြီးကျောင်းများတွင် အသက် ခုနစ်နှစ်မှ နှစ်၂၀ အတွင်း သာမဏေ ဘဝဖြင့် ပညာသင်ဆည်းပူးကြသည်။


မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာပျူမြို့ဟောင်းများသည် ဗုဒ္ဓဘာသာကိုအခြေခံ၍ တည်ထောင်ခဲ့သည့် မြို့ပြနိုင်ငံများဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအတွက်သာမက အရှေ့တောင်အာရှဒေသဆိုင်ရာအတွက်ပါ အရေးပါသော ဗုဒ္ဓဘာသာကိုအခြေပြုသည့်အားလျော်စွာ ထင်ရှားကျန်ရှိနေသော ပျူခေတ်စေတီကြီးများ၊ ဗိသုကာလက်ရာမြောက် ဂူဘုရားများ၊ စာပေအထောက်အထားများဖြစ်သည့် ကမ္ဗည်း တံဆိပ်၊ အရိုးအိုးစာ၊ ပိဋကတော်ကောက်နုတ်ချက်ပါ ရွှေပေလွှာများ (ခင်ဘကုန်းမှတူးဖော်ရရှိ၊ တန်ဖိုးကြီးမား၍ နိုင်ငံတော်အဆင့် သိမ်းဆည်းထား) ကျောက်စာများ၊ အေဒီ ၂ ရာစုမှ ၉ ရာစုခန့်ထိတွေ့ရသော ကျောက်ဆစ်လက်ရာများ၊ ကျောက်ဆစ်ရုပ်ကြွင်းများ၊ အနုသုခုမ ဆိုင်ရာ ကြေးရုပ်ငယ်များ၊ ငွေဒင်္ဂါးများ၊ ပျူအမှတ်အသား၊ စာအရေးအသားနှင့် လက်ရေးစင်းရာပါထင်ရှားသည့် အုတ်ချပ်များ၊ မြို့ပြအသွင်သဏ္ဌာန်နှင့် လက္ခဏာရပ် များသည် ပျူယဉ်ကျေးမှုအမွေအနှစ်တန်ဖိုး များပင်ဖြစ်သည်။


ထို့ပြင် နန်းတော်တည်နေပုံ၊ မြို့ရိုး၊ တံတိုင်း၊ ကျုံး၊ မြို့ဝင်ပေါက်တံခါးများ၊ ရေအသုံးချမှုစနစ်နှင့် ရေသွင်းစိုက်ပျိုးသောစနစ်များစသည့် အရှေ့တောင်အာရှဒေသဆိုင်ရာအတွက် အရေးပါသောပြောင်းလဲမှုအဖြစ် ဗုဒ္ဓယဉ်ကျေးမှုကိုအခြေပြုသည့် မြို့ပြဆိုင်ရာ တွေ့ရှိချက်များဖြစ်သည်။ ထူးခြားချက်မှာ မြှုပ်နှံသြင်္ဂိုဟ်မှုပုံစံပင်ဖြစ်သည်။ ရှေးဟောင်းပျူသင်္ချိုင်းများကို မြို့၏တောင်ပိုင်းတွင် တွေ့ရသည်။ ဗိဿနိုးမိဖုရားသင်္ချိုင်းမှာ ကျောက်ထွင်းအိုးကြီးများအဖြစ် တွေ့ရ၏။ မီးသြင်္ဂိုဟ်၍ အရိုးပြာများကို ထည့်သွင်းမြုပ်နှံကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝ ခန့်ကဖြစ်သည်။ သာမန်အဆင့်မြှုပ်နှံမှုကို မြေအိုးငယ်ကလေးများနှင့် သူ့အချိန်ကျမှ မြှုပ်နှံလေ့ရှိသည်။ ယခုတွေ့ ရှိရသည့် သာမန်အဆင့်ပျူသင်္ချိုင်းမှာ လွန်ခဲ့ သောနှစ်ပေါင်း ၂ဝဝဝ ခန့်က ဖြစ်သည်။ မြင့်မြတ်သည့်အရှင်သူမြတ်များကိုမူ ရွှေရောင်အဆင်းရှိ ကြေးအိုးကြီးများနှင့် မြုပ်နှံလေ့ရှိ သည်။ သေဆုံးသူအချို့၏ အရိုးအစကလေးများနှင့် သံမယ်နကလေးများ ထည့်သွင်းမြှုပ်နှံထားသည်ကိုလည်း တွေ့ရ၏။ အုတ်ချပ်များ ပေါ်တွင်ရေးသားထားသည့် အမှတ်အသား များသည်လည်း တစ်ခုနှင့်တစ်ခု မတူချေ။ ပျူခေတ်သည် သံခေတ်အတွင်းကျရောက်၍ သံရည်ကျိုဖိုကြီးများကို လေကြောင်းပေါ်မူတည်၍ တည်ဆောက်ထားကြောင်း၊ တရုတ်နိုင်ငံမှ လာရောက်လေ့လာချက်အရဆိုလျှင် ဤမျှကြီးမားသည့် သံရည်ကျိုဖိုမျိုး တရုတ်နိုင်ငံမှာပင်မရှိဟုဆိုကြောင်း ဆိုစမှတ်ပြုကြသည်။



ရွှေ့ပြောင်း အခြေချခြင်း


ပျူမြို့ပြနိုင်ငံတို့သည် ပျူနိုင်ငံတော်အဖြစ် မည်သည့် အခါကမှ စည်းလုံး ပေါ်ထွန်းခဲ့ခြင်း မရှိခဲ့ပေ။ သို့ရာတွင် ပို၍ အင်အားကြီးသော မြို့များသည် ထင်ရှားလာပြီး အင်အားငယ်သော မြို့များမှ အခွန်အတုပ် တောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။ အင်အားအကြီးမားဆုံးမြို့မှာ သရေခေတ္တရာ ဖြစ်သည်။ ရှေးဟောင်းသုတေသန အထောက်အထားများအရ တည်ထောင်ခဲ့သမျှသော မြို့များအနက် အင်အား အကြီးမားဆုံးဟု ညွှန်းဆိုသည်။


၎င်းမြို့ကို တည်ထောင်သည့် ခုနှစ်သက္ကရာဇ်ကို မသိရပေ။ ပျူသမိုင်းအရ AD ၉၄ ခုနှစ် မင်းဆက်အပြောင်းအလဲ မပြုမီက ဖြစ်ဖွယ်ရာ ရှိသည်။ ၇ ရာစုတွင် ပျူတို့သည် ၎င်းတို့၏ မြို့တော်ကို မြောက်ဘက် ခြောက်သွေ့သော ဟန်လင်းကြီးဘက်သို့ ရွှေ့ခဲ့သည်။ သရေခေတ္တရာကိုမူ ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်သော ဒုတိယ ဗဟိုချက်မမြို့အဖြစ် ထားရစ်ခဲ့သည်။ နေရာအတိအကျမသိရသော မြောက်ဘက်မြို့တော်ကို ပို၍ အရေးပေးမှုကြောင့် ၆၅၆ ခုနှစ်တွင် သရေခေတ္တရာသည် အလွယ်တကူ စွန့်ပစ်ခြင်း ခံရတော့သည်။ အချို့သော သမိုင်းဆရာများက မြို့တော်သည် ဟန်လင်းကြီးဖြစ်ပြီး တကောင်းရှေးမြို့ဟောင်းနှင့် ဆက်နွယ်ကောင်း ဆက်နွယ်လိမ့်မည်ဟု ယုံကြည်ကြသည်။ မြို့တော်သစ် မည်သည့်နေရာတွင် တည်ခဲ့စေကာမူ ၉ ရာစုအလယ်ပိုင်းတွင် တရုတ်ပြည် နန်းဇောင်း[မှတ်စု ၁] တိုင်းနိုင်ငံ၏ လုယက်ဖျက်ဆီးခြင်းကို ခံရသည်။ ပျူတို့လွှမ်းမိုးမှု ကာလလည်း ချုပ်ငြိမ်းရတော့သည်။ 



ဘာသာစကား


ယခု မြန်မာနိုင်ငံ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ပျူဘာသာစကားကို တွေ့ရှိရသည်။ ကျောက်စာများအရ ပျူဘာသာစကားသည် ၎င်းတို့၏ ယဉ်ကျေးမှု အကြွင်းအကျန်များအဖြစ် ကျွန်ုပ်တို့ သိရှိရသည် (အချို့ကို ပါဠိဘာသာအားဖြင့် တွေ့ရသည်။ သို့ရာတွင် ပျူဘာသာသို့ ပြန်ဆိုထားသည် သို့မဟုတ် ပျူဘာသာနှင့် အနည်းငယ် လွဲသော ဂုပ္ပတ စာများတွင် တွေ့ရသည်)။ ပျူဘာသာစကားသည် AD ၅ ခုနှစ်တွင် ရခိုင်ပြည်မြောက်ပိုင်း၌ အစပြုခဲ့သည်။ မြစေတီဘုရားကျောက်စာကို ပျူ၊ မွန်၊ ဗမာနှင့် ပါဠိဘာသာများဖြင့် AD ၁၁၁၃ တွင် ရေးထိုးခဲ့သည်။ ပျူဘာသာစကားကို AD ၁ ရာစုနှစ်နှင့် မွန်ဘာသာစကားကို AD ၅ ရာစုနှစ်တို့တွင် ရေးထိုးထားသော မှတ်တမ်းများရှိပြီး၊ ဗမာစကားကိုမူ AD ၁၁ ရာစုနှစ်မှသာ ရေးထိုး မှတ်တမ်းတင်ခဲ့သည်။တရုတ်သမိုင်းများတွင် ပျူတို့ကို ‘ပအိုင်းဝ်’ဟု မှတ်တမ်းတင်ခဲ့သည်။ သို့သော် ပျူတို့ကမူ ၎င်းတို့ကိုယ် ၎င်းတို့ တရိကုလဟု ခေါ်ဆိုသည်။ အေဒီ၇၅၅ တွင် တရုတ်တို့ကို အောင်နိုင်ရန်အတွက် နန်ချိုနှင့် တိဘက်တို့ မဟာမိတ်ဖွဲ့ခဲ့သည့် မှတ်တမ်းများရှိသည်။ နန်ချိုရှင်ဘုရင် ကိုလိုဖန်သည် ပျူတို့နှင့် ဆက်သွယ်ခဲ့သည်။ ပျူရှင်ဘုရင်များကို မဟာရာဇာများ ဟူ၍လည်းကောင်း၊ ဝန်ကြီးများကို မဟာသိန ဟူ၍လည်းကောင်း ခေါ်ကြသည်။ နန်ချိုသည် ပျူစစ်သားများကို ဟနွိုင်းသို့ AD ၈၆၃ တွင် သွားရောက် တိုက်ခိုက်စေသည်။ AD ၈၃၂ တွင် နန်ချိုသည် ပျူတို့၏ ဟန်လင်းရွာကို လုယက်ခဲ့သည်။


တောင်ပိုင်းအိန္ဒိယစာ အရေးအသားကို အသုံးပြုသော ပျူ ကမ္ဗည်းစာများက ဗိကရာမမင်းဆက် AD ၆၇၃ မှ ၇၁၈ အထိ အုပ်ချုပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ပျူကျောက်စာများအရ ဗိကရာမ အမည်ရှိ မင်းတို့၏ အမည်များနောက်၌ ဗိဿနိုးကို ထည့်ကြသည်။ အလားတူဓလေ့ထုံးစံကို BC ၁၀၀ တွင် အိန္ဒိယ ဂုပ္ပတခေတ်၊ သရေခေတ္တရာ၊ တောင်ဘက်၌ မွန်၊ ထိုင်း၊ ကမ္ဘောဒီးယားတို့တွင် တွေ့ရသည်။ ဂါရုဒ ပေါ်တွင် မတ်တပ်ရပ်လျက်ရှိသော ဗိဿနိုးရုပ်ထု၏ လက်ဝဲဘက်တွင် ကြာပန်းပေါ်တွင် မတ်တပ်ရပ်လျက်ရှိသော လက်ချမီးရှိသည်။ ထို့ပြင် ဗြာမင်၊ သျှီဝ(သီဝ ဟုလည်းခေါ်သည်)နှင့် ဗိဿနိုးတို့၏ ပလ္လင်များကိုလည်း တွေ့ရသည်။ ဗာမင်ဆိုသောအမည်သည် အိန္ဒိယ ပါလဝ ဩဇာ လွှမ်းမိုးမှုများကို ညွှန်ပြသည်။အိန္ဒိယ အမည် ဖော်ပြထားသော ဗာမင်မင်းဆက်သည် အိမ်နီးချင်း ပြိုင်ဘက် မြို့တော်ရှိကြောင်းကို ညွှန်ပြသည်။ သို့သော် ယနေ့ထိ တူးဖော်ချက်များအရ ပြည်မြို့ဟောင်းသည်သာ တစ်ခုတည်းသော ပျူတို့၏ နေရာဒေသဖြစ်သည်။ တရုတ်ရာဇဝင် မှတ်တမ်းတွင် ချန်ယိစိန်က မုတ္တမပင်လယ်ကွေ့ တဝိုက်ရှိ မွန်တို့၏ ဒေသတွင် အခြေချသော အိန္ဒိယမှ ဆင်းသက်သော ဒြာဝိဒိယန် မျိုးနွယ်စုအမည်ဖြစ်သော ပံသဝဟူ၍ ရွာနာမည်ကို ပေးခဲ့သည်။ ဤအုပ်စုသည် ဗိဿနိုးကို ‘မွန်ယဉ်ကျေးမှုဖြင့် သိမ်းပိုက်မှု’၏ ရှေ့ဆောင်အုပ်စုဖြစ်သည်။ ဤသို့ဖြင့် ၎င်းရွာ/မြို့ကို မြန်မာနိုင်ငံ တောင်ပိုင်းရှိ မွန်ဒေသနှင့် ဆက်သွယ်လျက် ရာမညပူရမြို့ဟူ၍ ခေါ်ဆိုစေသည်။ တကောင်းမင်းဆက်ကို ဒွတ်တဘောင်မင်း၏ မယ်တော်နှင့် ခမည်းတော်တို့၏ အကြောင်းမှတ်တမ်းတွင် ရှင်းလင်းစွာ ထည့်သွင်း ဖော်ပြထားသည်။ ဗိဿနိုးဘုရင်မ၏ မျိုးရိုးအလိုက် ဆင်းသက်သော မှတ်တမ်းမှာမူ အနည်းငယ် အပြောင်းအလဲရှိသည်။ သို့သော် သရေခေတ္တရာမင်းများနှင့် အစဉ်ရောထွေးလျက် ရှိသည်။ ဤအရာအားလုံးတွင် ဒေသဆိုင်ရာ ကွပ်ကဲအုပ်ချုပ်မှု၊ ဟိန္ဒူသို့မဟုတ် ဗုဒ္ဓဘာသာ ဂိုဏ်းများ၏ အားပေး ထောက်ခံမှုများ သဘာဝလွန် ဖြစ်ရပ်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ထားသည်။ 




လက်ရှိအခြေအနေ 


သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး မှလွဲ၍ ကျန်ပျူမြို့များမှာ ပျောက်ကွယ်ကုန်ပြီးဖြစ်သည်။ ယင်းမြို့ဟောင်းသုံးမြို့ကို ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်းသုံးမြို့ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။


ယဉ်ကျေးမှု ဝန်ကြီးဌာနက ပျူမြို့ ၃ မြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်း (World Heritage List) ဝင်နိုင်ရေးအတွက် ၂၀၁၁ ခုနှစ်ကတည်းက စတင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ပြင်ဆင်နိုင်ရန်အတွက် ယူနက်စကိုက အမေရိကန်ဒေါ်လာ ၃ သောင်း ကူညီခဲ့ပြီး အီတလီနိုင်ငံက ယူရို ၄ သိန်းနှင့် ရှေးဟောင်း ပညာရှင်များပါ ပို့လွှတ်ပြီး ထိန်းသိမ်းနည်း အတတ်ပညာများ သင်ကြားပေးခဲ့သည်။ ထို့အပြင် ပျူမြို့ဟောင်းများအတွက် Management Plan ရေးဆွဲရန် သီရိလင်္ကာနိုင်ငံမှ ပညာရှင်များ၊ ပျူရှေးမြို့ဟောင်းများနှင့် ပတ်သက်၍ ပြုစုမည့် စာတမ်းများကို တည်းဖြတ်ရန် အင်္ဂလန်မှ ပညာရှင်တွေများလည်း ငှားရမ်းခဲ့ကြောင်း သိရသည်။


အစောပိုင်းတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ အကြံပေးအဖွဲ့ International Council on Monuments and Sites (ICOMOS) က ဒေသတွင်း လိုအပ်ချက်များနှင့် စီမံခန့်ခွဲမှု ကိစ္စများစွာ လိုအပ်ချက်များ ရှိနေသည့်အတွက် နောက်ထပ် ၂ နှစ်ခန့် ကြာမှသာ အမွေအနှစ် စာရင်းဝင်အဖြစ် တင်ပြရန် ကန့်ကွက်ခဲ့သေးသည်။


သို့သော် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး ရှေးဟောင်းမြို့သုံးမြို့ကို World Heritage List ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ ၃၈ ကြိမ်မြောက် အစည်းအဝေးတွင်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြု ၍ သတ်မှတ်လိုက်သည်။ အစည်းအဝေးတွင် တက်ရောက်လာသည့် နိုင်ငံများက ပျူမြို့ဟောင်းသည် မြန်မာတို့၏ ရှေးအကျဆုံး မြို့ပြဖြစ်သကဲ့သို့ အရှေ့တောင်အာရှ ဒေသတွင် ကျန်ရှိခဲ့သည့် တန်ဖိုးကြီးမားသော နန်းမြို့တော်ကြီးဖြစ်ကြောင်း၊ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ၊ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားခဲ့ရာ နေရာဖြစ်သည့်အတွက် လေ့လာစရာ စံပြ ပြယုဂ်အဖြစ် သတ်မှတ်ရမည့် နေရာတစ်ခုဖြစ်သည်ဟုဆိုကာ ထောက်ခံကြသည်။


လက်ရှိတွင် မြို့ဟောင်း ဧရိယာအတွင်း နေထိုင်နေသည့် ဒေသခံများကိုလည်း နေအိမ်များမှ ဖယ်ရှားခြင်း ပြုလုပ်မည် မဟုတ်ကြောင်း၊ ကာကွယ်ထိန်းသိမ်းရေး ဇုန် နယ်မြေများ သတ်မှတ်ထားပြီး ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ခြင်း ပြုလုပ်မည်ဆိုပါက ရှေးဟောင်း အဆောက်အအုံများအပေါ် သက်ရောက်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေးပြီးမှသာ အဆောက်အအုံသစ် ဆောက်လုပ်ရန် ခွင့်ပြုသင့် မပြုသင့်စဉ်းစားဆုံးဖြတ်မည် ဟုလည်း သိရသည်။


အဆိုပါမြို့ဟောင်းနယ်မြေများကို ကာကွယ်ထိန်းသိမ်းမှုတွင် ကူညီရန်အတွက် Panasonic ကုမ္ပဏီနှင့် ANA လေကြောင်းလိုင်း ကလည်း နှုတ်ကတိပေး ကမ်းလှမ်းထားသည်ဟု ဆိုသည်။




Monday, August 24, 2020

ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊လန်ဒန်) - သက္ကတသဒ္ဒါကျမ်း

 📚📚 ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊လန်ဒန်) - သက္ကတသဒ္ဒါကျမ်း


ကမ္ဘာ့ပြက္ခဒိန်

 ကမ္ဘာ့ပြက္ခဒိန် 


နှစ်စဉ်နှစ်တိုင်း ပြက္ခဒိန်များကိုတွက်ချက်နေရခြင်းဒုက္ခမှ ကင်းလွတ်စေရန် ဂရီဂေါရီးယန်း ပြက္ခဒိန်ကို ပြန်လည်ပြုပြင်ကာ ကမ္ဘာ့ပြက္ခဒိန်ပြုရေးအတွက် အီတလီဘုန်းတော်ကြီးတစ်ဦးဖြစ်သူ မာကိုမက်စ်ထရိုဖိနိ (Marco Mastrofini) က ၁၈၃၄တွင် တင်ပြခဲ့သည်။ ၎င်းတင်ပြခဲ့သော ကမ္ဘာ့ပြက္ခဒိန်မှာ နှစ်အားလုံးအတွက် အတူတူပင်ဖြစ်သည်။ ဘာမှ ပြုပြင်ပြောင်းလဲရန် မလိုပေ။


ထိုပြက္ခဒိန်ကို နှစ်တိုင်း တနင်္ဂနွေဖြင့်စပြီး စနေနေ့ဖြင့် ဆုံးသည်။ ပြက္ခဒိန်၌ တူညီသောအပိုင်းလေးပိုင်းပါဝင်သည်။ အပိုင်းတိုင်းကို တနင်္ဂနွေနှင့်စပြီး စနေဖြင့်ဆုံးသည်။ တစ်ပိုင်းလျှင် ၉၁ ရက် သို့မဟုတ် ၁၃ ပတ် သို့မဟုတ် ၃ လ စီပါသည်။ ထိုသုံးလတွင် ၃၁ ရက်ပါသောလ တစ်လ၊ ရက် ၃၀ ပါသောလ နှစ်လစီပါသည်။ ပထမပိုင်းကို ၃၁ ရက်ပါသည့် ဇန်နဝါရိလဖြင့်လည်းကောင်း၊ ဒုတိယပိုင်းကို ၃၁ ရက်ပါသည့် ဧပြီလဖြင့်လည်းကောင်း၊ တတိယပိုင်းကို ၃၁ ရက်ပါသည့် ဇူလိုင်လဖြင့် လည်းကောင်း၊ စတုတ္ထပိုင်းကို ၃၁ ရက်ပါသည့် အောက်တိုဘာလဖြင့်လည်းကောင်း စသည်။


တစ်ပိုင်းလျှင် ၉၁ ရက်ကျဖြင့် ၄ ပိုင်းတွင် စုစုပေါင်း ၁၆၄ ရက်ဖြစ်သည်။ ထို့ကြောင့် ၃၆၅ ရက်ပြည့်ရန် ဒီဇင်ဘာလပြီး နောက်တစ်ရက် ထပ်ဖြည့်လိုက်သည်။ ဤရက်ကို ကမ္ဘာ့နေ့ (Worldday) ဟုခေါ်ပြီး သင်္ကေတ W ဖြင့် သတ်မှတ်သည်။ နှစ်တစ်နှစ်ကုန်ဆုံးသည့် အထိန်းအမှတ်အဖြစ် တစ်ကမ္ဘာလုံး၏ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်မည်။ ထိုရက်သည် ဒီဇင်ဘာ ၃၀ ရက် စနေနေ့၏ နောက်တစ်ရက်ဖြစ်သော်လည်း ၎င်းရက်ကို နေ့အမည်မပေးဘဲ ဖျောက်ထားလိုက်သည်။ ထိုရက်၏နောက်တစ်ရက်မှာ ဇန်နဝါရီလ ၁ ရက် တနင်္ဂနွေနေ့ နှစ်ကူးရုံးပိတ်ရက်ဖြစ်သည်။


အကယ်၍ ရက်ထပ်နှစ်ဖြစ်ပါက ဇွန်လ နောက်ဆုံးရက်တွင် နောက်ထပ် တစ်ရက်ထပ်ထည့်ကာ သင်္ကေတ W ဖြင့် သတ်မှတ်ပြီး ရက်ထပ်နှစ် ဟု ခေါ်ဆိုမည်ဖြစ်သည်။ ထိုရက်သည် ဇွန်လ ၃၀ ရက် စနေနေ့၏ နောက်တစ်ရက်ဖြစ်သော်လည်း ၎င်းရက်ကို နေ့အမည် မပေးဘဲ ဖျောက်ထားလိုက်သည်။ ထိုရက်၏နောက်တစ်ရက်မှာ ဇူလိုင်လတစ်ရက် တနင်္ဂနွေနေ့ဖြစ်သည်။


.


အဲလစ်ဇဘတ် အခေလစ်ဇ် (Elisabeth Achelis) က ၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ပြက္ခဒိန်ကို နိုင်ငံတကာမှ လက်ခံလာစေရန် ကမ္ဘာ့ပြက္ခဒိန်အဖွဲ့ (The World Calendar Associatiin- TWCA) ကို ဖွဲ့စည်း လှုပ်ရှားခဲ့သည်။ ၁၉၃၀ ပြည့်နှစ်များက (နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂဖြစ်လာမည့်) နိုင်ငံပေါင်းချုပ် အသင်းကြီးကပါ ကမ္ဘာပြက္ခဒိန်ကို ထောက်ခံခဲ့သည်။ အခေလစ်ဇ် သည် ၁၉၃၁ ပြည့်နှစ်မှစကာ ပြက္ခဒိန် ပြန်လည်ပြင်ဆင်ရေးဂျာနယ် (Journal of Calendar Reform) ကို ထုတ်ဝေခဲ့သည့်အပြင် ပြက္ခဒိန်နှင့် ပတ်သက်၍လည်း စာအုပ် ၅ အုပ် ရေးခဲ့သည်။


ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက်တွင် အခေလစ်ဇ်သည် ကမ္ဘာပြက္ခဒိန်ကို နိုင်ငံတကာမှ ထောက်ခံမှုများရရန် ကြိုးပမ်းခဲ့သည်။ သူ၏ကြိုးပမ်းမှုဖြင့် အမေရိကန်ကွန်ဂရက်လွတ်တော်တွင်ပါ ထည့်သွင်းဆွေးနွေသည်အထိ ဖြစ်လာသည်။ သို့သော် ဤကမ္ဘာပြက္ခဒိန်ကိစ္စကို ကိုင်တွယ်ရန အသင့်တော်ဆုံးမှာ ကမ္ဘာ့ကုလသမဂ္ဂဖြစ်သည်ကိုမူ သူမအနေနဲ့ လက်မခံနိုင်စရာမရှိပါ။


သို့သော် ဤကိစ္စမှာ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သော အရေးဖြစ်၍ မလွယ်ကူလှပါ။ ၁၉၅၅ ထိတိုင် ကုလသမဂ္ဂတွင် လိပ်ခဲတည်းလည်းဖြစ်နေရသည်။ ကမ္ဘာပြက္ခဒိန်ကို ၁၉၅၆ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ စတင်အသုံးပြုရန် အမေရိကန်ကိုယ်စားလှယ်က အဆိုတင်သွင်းခဲ့ရာ အိန္ဒိယက ထောက်ခံသဘောတူသည်။ မြန်မာပြည်အစိုးရထံသို့လည်း ထောက်ခံ၊ မထောက်ခံ မေးမြန်းခဲ့သည်။ မြန်မာအစိုးရက ပြက္ခဒိန်အကြံပေးအဖွဲ့သို့ အဆိုပါကမ္ဘာပြက္ခဒိန်သဘောများနှင့် အကြံဉာဏ်များ တောင်းခံခဲ့သည်။


ထိုအခါ၌ မြန်မာပြက္ခဒိန်အဖွဲ့တွင် မြန်မာဗေဒင်ပညာရှိများနှင့် ဘုန်းတော်ကြီးတစ်ပါးအပါအဝင် ပုဂ္ဂိုလ် ၁၈ ဦး အစည်းအဝေးပွဲကျင်းပခဲ့သည်။ အနောက်နှင့်အရှေ့ နက္ခတ်ပညာရှိ ၂ ဦးသာရှိသော်လည်း ကျန်တစ်ဦးမှာ အကြောင်းမညီညွတ်၍ အစီးအဝေးကို မတက်ရောက်နိုင်ခဲ့ပေ။ ပြက္ခဒိန်အစည်းအဝေးမှ ဤကမ္ဘာ့ပြက္ခဒိန်သည် နေ့ဖျောက်သောပြက္ခဒိန်ဖြစ်သဖြင့် မြန်မာဗုဒ္ဓဘာသာဝင်များ အသုံးမပြုထိုက်။ တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်းဖြစ်သဖြင့် ကမ္ဘာ့ပြက္ခဒိန်ကို မြန်မာအစိုးရက ထောက်ခံခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။


နောက်ဆုံးတွင် အခေလစ်ဇ်သည် သူမ၏ TWCA အဖွဲ့ကြီးကို ၁၉၅၆ ၌ ဖျက်သိမ်းလိုက်ရတော့သည်။ TWCA ကိုဖျက်သိမ်းလိုက်လင့်ကစား ယခုတိုင် လက်မလျော့တမ်း ကြိုးပမ်းနေသူများလည်း ရှိပါသည်။ ၎င်းတို့က ကမ္ဘာပြက္ခဒိန်ကို ၂၀၁၂ တွင် အသက်ဝင်ရန် ကြိုးစားခဲ့ကြသည်။ ယခု TWCA ၏ ဒါရိုက်တာမှာ ဝိန်းအက်ဒွပ်ရစ်ချတ်ဆင် (wayne Richardson of Ellinwood, Kansas) ဖြစ်သည်။



အကိုးအကား

မြန်မာပြက္ခဒိန်၊ အေးငြိမ်း(လေးမျက်နှာ)။ပကြိမ်၊ နိုဝင်ဘာ၊ ၂၀၁၄။ ရွက်စိမ်းစာပေ။ ရန်ကုန်။

ခရစ်ဒစ် Wiki


သိပ္ပံပညာ

 သိပ္ပံပညာ 



သိပ္ပံဆိုသည်မှာ အင်္ဂလိပ် အခေါ် ဆိုင်းရင့်စ်(Science) ( လက်တင်(Latin) ဘာသာစကား စီရန်ရှား မှဆင်းသက်လာသော စကားလုံးဖြစ်ပြီး ဗဟုသုတ ဟု အဓိပ္ပါယ်ရသည်။) ဖြစ်ပြီး ကမ္ဘာမြေနှင့် စကြာဝဠာ အကြောင်းများကို ခန့်မှန်းခြင်းများ၊ ရှင်းလင်းခြင်းတွက်ချက်ခြင်းများ၊ စမ်းသပ်ခြင်းများ၊ တီထွင်ခြင်းများ စသည် ဖြင့် ဗဟုသုတများစုစည်းတည်ဆောက်ထားသော၊ စံနစ်တကျဖြစ်စေရန် ရည်ရွယ်လုပ်ကိုင်ရသော စီမံကိန်းလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။


သိပ္ပံ ဆိုသည်မှာ အရာခပ်သိမ်းမှန်သမျှကို စနစ်တကျ လက်တွေ့ ဆန်းစစ်လေ့လာသည့် ပညာတရပ်ဖြစ်သည်။ ယနေ့တွင် လူသားတို့၏ ဘဝ အရင့်အရင်ကာလများနဲ့စာပါက များစွာမှ တိုးတက်ပြောင်းလဲလာသည်မှာ သိပ္ပံပညာ၏ အကျိုးကျေးဇူး အများကြီး ပါပါသည်။ ထိုသို့ သိပ္ပံဆိုင်ရာ လေ့လာမှုပြုလုပ်သည့် ပညာရပ်ကို မြန်မာဘာသာစကားအားဖြင့် သိပ္ပံပညာ ဟု ခေါ်သည်။ သိပ္ပံပညာရပ်တွင် လက်တွေ့ သက်သေပြနိုင်မှသာ မှန်ကန်သည်ဟု ယူဆသည်။ ယခုလက်ရှိ အယူအဆထက် ပိုကောင်းသောအယူအဆ တွေ့ရှိချက်များ ပေါ်လာလျင်လည်း မူလအား ပယ်ဖျက်ကာ အယူအဆသစ်အား ချက်ချင်းလက်ခံရန် ဝန်မလေးပေ။


သိပ္ပံပညာဆိုသည်မှာ သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏အကြောင်းအကျိုးအမှန်တို့ကို နည်းစံနစ်ကျနစွာလေ့လာအသုံးချနိုင်သောပညာရပ်ကို ဆိုလိုသည်။ သိပ္ပံပညာသည်နည်းစံနစ်ကျန၍ခိုင်မြဲတိကျရ၏။ ကျွန်ုပ်တို့သည်မွေးကတည်းကစ၍ ပတ်ဝန်းကျင်၌ဖြစ်ပျက်လျက် ရှိသောဒြဗ်တို့၏အလယ်၌ နေခဲ့ရသည်ဖြစ်၍ အာရုံခံစားတတ်သည့်အရွယ်တွင်ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့၊ အထိတည်းဟူသော အာရုံငါးပါးနှင့် တဖြည်းဖြည်းခံစားတတ်လာကြလေသည်။


ထိုအတူပင် ကမ္ဘာဦးကတည်းက လူတို့သည် ကမ္ဘာ လောက ကြီးအတွင်း ဖြစ်ပျက်နေသမျှသော အကြောင်းအရာ တို့ကို အာရုံငါးပါးနှင့် ခံစားတတ်လာကြသောအခါ တဖြည်းဖြည်းနှင့် သူတို့၏ပတ်ဝန်းကျင်ရှိ အရာဝတ္ထုဒြဗ်တို့၏ ဂုဏ်သတ္တိတို့ကို နားလည်သိရှိလာခဲ့ကြလေသည်။ အို နှင်းဆီပန်းကလေးနှယ်လှလိုက်တာဟု ဆိုလိုက်သောစကားလုံးများမှာ နှင်းဆီပန်း၏အလှကို စက္ခုအာရုံနှင့်ခံစားမိရာမှဖြစ်ပေါ်လာသော စကားလုံးများပင် ဖြစ်လေသည်။ နှင်းဆီပန်း၏ရနံ့သည်မွှေးမှန်းသိသကဲ့သို့ပင် နှင်းဆီပန်းအခက်မှ ဆူးတို့သည်နာကျင်စေတတ်သည်ကိုလည်း ခံစားနိုင်ခဲ့ကြသည်။ သစ်သီးပင်မှသစ်သီးသည်ချိုမြိန်မှန်းကို လည်းသိရှိလာခဲ့ကြ၏။ သောတအာရုံအားဖြင့်ခြင်္သေ့ဟောက်သံ၊ ကျားဟိန်းသံ စသည်တို့ကိုလည်း သိလာခဲ့ကြလေသည်။ ဌိုအခါလူသည် ထိုအာရုံငါးပါးနှင့်ခံစားမိသည့်အချက်တို့ကို စုပေါင်း၍ သူ့၌အသိဉာဏ်ကိုရရှိလာလေသည်။


ဘောလုံးငယ်တစ်လုံးကို စားပွဲအစွန်းတဘက်သို့ လှိမ့်လိုက်ပါက စားပွဲစွန်းလွန်သည့်တစ်ခဏ၌ ဘောလုံးသည် ဆက်လက်၍လိမ့်မသွားဘဲအောက်သို့ကျသွားသည်ကိုတွေ့ရမည်။ ထိုအခြင်းအရာမှာ အမှန်ဖြစ်တတ်သောအခြင်းအရာမျိုး ဖြစ်၍ ထိုအခြင်းအရာမျိုးကို သိရှိလာသူသည်သူ၏အသိတရားကို တဖြည်းဖြည်းနှင့် စွဲမြဲယုံကြည်လာ၏။


လှိမ့်လိုက်သောဘောလုံးငယ်ကို စားပွဲအစွန်းတစ်ဖက်၌ ပျောက်ကွယ်သွားသောအခါတွင် ထိုသူသည်ဘောလုံးကို အိမ်ခေါင်မိုးဆီသို့ မော့ကြည့်ရှာဖွေမနေဘဲကြမ်းပြင်သို့သာ ငုံ့ကြည့်ရှာဖွေမည်ဖြစ်၏။ဤသို့ပြုလုပ်ခြင်းမှာ သူ၏အသိတရား ကို ယုံကြည်စွဲမြဲလျက်ရှိသောကြောင့်ဖြစ်လေသည်။


ထိုနောက်မှို့စကလေးတစ်စသည် အောက်သို့မကျပဲ လေထဲ၌စီးလိုက်ပါသွားသည်ကို တွေ့ကြရသောအခါ၌ အဘယ်ကြောင့်ဤသို့ဖြစ်ရသည်ကို စုံစမ်းလိုစိတ်ပေါ်လာကြ ပေမည်။ ထိုအခြင်းအရာကို လေ့လာကြည့်ကြသောအခါ လေထက်ပေါ့သောအရာဝတ္ထုတို့သည် လေထဲ၌ပျံဝဲခြင်း၊ သို့မဟုတ် ပျံတက်ခြင်းတို့ကို ပြုလုပ်နိုင်သည်ကို သိရှိလာကြ လေသည်။ ထိုအခါ မူလက အရာဝတ္ထုတို့၏ အောက်သို့ကျ တတ်သောသဘောကိုနားလည်းထားသူတွင် အသိတစ်ခုတိုးလာ လေတော့သည်။ ထိုအသိသစ်မှာ ထိုသူအဖို့သိပ္ပံပညာ တစ်ရပ်ဖြစ်လေသည်။ ဤသိပ္ပံပညာရပ်ကား ရူပဗေဒ သိပ္ပံပညာပေတည်း။ ထိုနောက် လူတို့အားများစွာ အသုံးဝင်စေသော တိရစ္ဆာန်နှင့် သစ်ပင်တို့ကို သတိပြုမိလာ ကြ၍ ထိုအကြောင်းအရာတို့ကို လေ့လာကြသောအခါ ဇီဝဗေဒဆိုင်ရာ သိပ္ပံပညာ စတင်ပေါ်ထွန်းလာလေသည်။


သိပ္ပံပညာတိုးတက်လာမှုမှာမြေကြီးထဲမှ ရုတ်တရက်ပေါ်ထွက်လာသည့်ပဒေသာပင်ကဲ့သို့မဟုတ်ပေ။ အရာဝတ္ထုနှင့်သက်ဆိုင်သော နိယာမများကိုလေ့လာရှာဖွေရာမှ တဖြည်းဖြည်းနှင့် သိပ္ပံပညာနယ်သည် ကျယ်ဝန်းသည်ထက် ကျယ်ဝန်းလာခြင်းသာဖြစ်သည်။ ယခုအခါတွင် သိပ္ပံပညာသည် မည်မျှနက်နဲကျယ်ဝန်းလာသနည်းဟူမူ မည်သည့်လူတစ်ဦးတယောက်မျှ သိပ္ပံပညာအားလုံးကုန်အောင် နှံ့စပ်စွာတတ်ကျွမ်း နားလည်နိုင်မည်မဟုတ်ချေ။အဘယ်ကြောင့် ဆိုသော်သိပ္ပံပညာတွင် ပညာရပ်အမျိုးမျိုးပါဝင်၍ ပညာရပ်တစ်ခုစီသည်ပင်ကျယ်ဝန်းလှသဖြင့်သီးခြားလေ့လာသင် ကြားရန် လိုအပ်သောကြောင့်ဖြစ်ပေသည်။ ဇီဝဗေဒကို တိရစ္ဆာန်တို့နှင့်ဆိုင်သော ပါဏဗေဒနှင့် သစ်ပင်တို့နှင့်ဆိုင်သောရုက္ခဗေဒဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ ပါဏဗေဒအောက်တွင် တစ်ဖန် ငှက်များနှင့်သာဆိုင်သော ငှက်အမျိုးမျိုးအကြောင်းပညာဟူ၍ သီးခြားတစ်ဘာသာ ခွဲထားရပြန်လေသည်။


သိပ္ပံပညာရပ်များတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ နက္ခတ္တဗေဒ၊ စသည့်ဒြဗ်နှင့်ဆိုင်သော သိပ္ပံပညာရပ်များ ပါဝင်သည်။ ရူပဗေဒသည် အပူ၊ လျှပ်စစ်ဓာတ်၊ အလင်း စသည်တို့၏အကြောင်းများနှင့် ဒြပ်တို့၏အကြောင်းအရာများ ကိုပြဆိုသော သိပ္ပံပညာရပ်ဖြစ်လေသည်။ သိပ္ပံပညာတွင်ပါဏဗေဒ၊ ရူပဗေဒ၊ ဓါတုဗေဒ၊စသည့် ပညာရပ်များမှာ သီးခြားအကြောင်းအရာများဖြစ်သည့် ပညာရပ်များဖြစ်၍ သင်္ချာနှင့် ယုတ္တိဗေဒတို့မှာ အကြောင်းအရာ အမျိုးမျိုးနျင့်သက်ဆိုင်သည့် ပညာရပ်များဖြစ်သည်။


ထိုပညာရပ်နှစ်မျိုးအား အခြားပညာရပ်များနှင့် ဆက်သွယ်ပေးနိုင်ပေသည်။ အသုံးချမှုသင်္ချာပညာမှာ ရူပဗေဒနှင့် သင်္ချာတို့ကိုဆက်သွယ်ပေးထားသောပညာရပ် ဖြစ်၏။ အမှန်စင်စစ် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒစသည့် သိပ္ပံပညာရပ်အားလုံးတို့သည်လည်း တစ်ခုနှင့်တစ်ခု ဆက်သွယ်လျက်ရှိကြလေသည်။


အထက်ပါပညာရပ်များအပြင် ဘူမိဗေဒ၊ မနုဿဗေဒစသည့် သိပ္ပံပညာရပ်များလည်း ရှိသေးရာ ထိုပညာရပ်အားလုံးကို ကုန်စင်အောင်ဖေါ်ပြရလျှင်အလွန်ရှည်လျားပေသည်။ စက်မှုလက်မှုများတိုးတက်လာသောအခါ သိပ္ပံပညာ၏နိယာမများကို စက်မှုလက်မှုတို့တွင်ယှဉ်တွဲ အသုံးချခြင်းဖြင့် အသုံးချသိပ္ပံပညာဟူ၍ပညာသစ်တစ်ရပ် ပေါက်ဖွားလာပြန်လေသည်။ အသုံးချသိပ္ပံပညာတွင် အင်ဂျင်နီယာပညာ၊ ဆေးပညာ၊ စိုက်ပျိုးရေးပညာ၊ စသည်တို့ပါဝင်သည်။


သိပ္ပံပညာတွင်အကြောင်းအရာတစ်ခုကိုလေ့လာရာ၌ နည်းစံနစ်ကျဖို့အလွန်အရေးကြီးပေသည်။ ပထမလေ့လာလိုသော အကြောင်းအရာတစ်ခုနှင့် သက်ဆိုင်သမျှသောအကျိုးအကြောင်း အချက်အလက်တို့ကို စုဆောင်း၍ ထိုအချက်အလက်တို့ကို အခြေတည်ကာစဉ်းစားပြီးလျှင် မိမိ၏မှန်းဆယူမှတ်ချက်တစ်ခု ကို ဆုံးဖြတ်ရ၏။ ထိုဆုံးဖြတ်ချက်ကိုမှတစ်ဖန် အတည်ဖြစ်စေရန် လက်တွေ့စမ်းသပ်မှုများ ထပ်တလဲလဲပြုလုပ် ပြီးလျှင်ခိုင်လုံသောအကြောင်းအချက်တို့ကိုရရှိသောအခါတွင် တိကျပြတ်သားသောဆုံးဖြတ်ချက်ကို ပြုလုပ်ရသည်။


ဤသို့နည်းစံနစ်ကျမှသာသိပ္ပံပညာအစစ်ဖြစ်လာနိုင်ပေသည်။


သိပ္ပံ (လက်တင်ဘာသာအရ "scientia" , အဓိပ္ပာယ် " ဗဟုသုတ " လို့ခေါ်သည်။) သည် မည်သည့် စနစ်ကျသော အသိပညာ သို့မဟုတ် လက်တွေ့နည်းစဉ် ကိုမဆို ရည်ညွန်းပြီး ၎င်းတို့ဖြင့် ကြိုတင်တွက်ချက်ထားသော သေချာသော ဖြစ်ရပ် သို့ရအောင် စွမ်းဆောင်နိုင်သည်။ သိပ္ပံ ဟူသည် လေ့လာစမ်းသပ်မှုများမှ ထွက်လာသော လက်တွေ့ နည်းပညာ ပင်ဖြစ်သည်။


ပို၍တင်းကျပ်သော ယခုခတ်အမြင်တွင် သိပ္ပံသည် သိပ္ပံ နည်းစဉ် (scientific method) ကို အခြေခံ၍ ရရှိလာသော အသိပညာနှင့် သုသေသန မှ ရလာသော အသိပညာများကို စုစည်းထားခြင်းဟု မြင်သည်။ ဤတွင် ဖေါ်ပြသော သိပ္ပံမှာ လက်တွေ့ သိပ္ပံ (experimental science) ဟုခေါ်ပြီး လူသားတို့ လိုလားချက်အတွက် အသုံးပြုသော အသုံးချ သိပ္ပံ (applied science) လဲ ရှိသေးသည်။


သိပ္ပံသည် စနစ်ကျသော သုသေသနများမှ နားလည်လာသည့် အသိပညာများ ဆက်ဆက်တိုးနေသော မပြီးဆုံးနိုင်သည့် ကြိုးပမ်းမှု့ပင်ဖြစ်သည်။ တမင် ထိမ်ချုပ်ထားသော လက်တွေ့ပြုရပ်များကို သုံး၍ သိပ္ပံပညာရှင်များသည် သဘာဝ သို့မဟုတ် လူမှု ဖြစ်စဉ်များကို တိုင်းတာပြီး ရလဒ်များကို သိမ်းစည်းကာ ထပ်မံ တွက်ချက်မှုများပြုပြီး မည်သို့ကြောင့်ဖြစ်ပျက်သည်ကို သီအိုရီများ သုံး၍ ရှင်းလင်းသည်။ ၎င်းတွင် အဆိုပြုချက် (hypothesis) များပါရှိပြီး၊ ၎င်းအဆိုပြုချက်ကို ထိမ်ချုပ်ထားသော လက်တွေ့ပြုရပ်များသုံး၍ စမ်းစစ်သည်။



သိပ္ပံပညာ အခြေခံ ကိုင်းခွဲများ 


နှစ်ပင်လိမ် ဒီအန်အေ တည်ဆောက်ပုံ ပုံကြမ်း


သိပ္ပံပညာ နယ်ပယ်များကို အဓိကအားဖြင့် (ဇီဝ ဖြစ်စဉ် စသည့်) သဘာဝ ဖြစ်ရပ်များကို လေ့လာသော သဘာဝ သိပ္ပံပညာ (natural sciences) နှင့် လူ အပြုအမူ များကိုလေ့လာသော လူမှု သိပ္ပံပညာ (social sciences) ဟု၍ နှစ်ခု ကွဲသည်။ ၎င်းနှစ်ခုစလုံးသည် လက်တွေ့ သိပ္ပံပညာဖြစ်သောကြောင့် လေ့လာတွေ့ရှိချက်များအပေါ်မှ စမ်းသပ်ခံနိုင်သော အသိပညာတွင် အခြေခံသည်။ သိပ္ပံပညာနှင့် ဆက်စပ်နေသော အသုံးချ သိပ္ပံပညာများဖြစ်သည့် အင်ဂျင်နီယာ နှင့် ဆေးပညာ တို့လည်း ရှိကြသည်။ ၎င်းအတွင်းမှာပင် ထပ်မံ၍ ခွဲခြားမှုများ ရှိသည်။


သိပ္ပံပညာ၏ တတိယ ကိုင်းခွဲဖြစ်သော မူရင်း သိပ္ပံပညာ ခေါ် သင်္ချာသည် သဘာဝ သိပ္ပံပညာ၊ လူမှု သိပ္ပံပညာ နှစ်ခုလုံးနှင့်ပင် တူညီမှုရှိသလို ကွဲပြားမှုများလည်းရှိသည်။ လက်တွေ့ သိပ္ပံပညာကဲ့သို့ ယထဘုယ ကြမှုကို အခြေခံပြီး စနစ်ကြသော လေ့လာမှုများမှ ရရှိလာသော အသိပညာ ဖြစ်သည်မှာ တူညီကြသည်။ ကွာခြားချက်မှာ ဖြစ်ရပ်ကို သုံးသပ်ရာတွင် လက်တွေ့ ဖြစ်ရပ်ကို မသုံးပဲ မူလ အဆိုပြုချက်ကိုသာသုံးသည်။


သိပ္ပံနည်းကျ နည်းစဉ် 


အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သိပ္ပံနည်းကျ နည်းစဉ် 


နေဘိုး၏ အက်တန် ပုံစံ။ များစွာသော သိပ္ပံအတွေး များကဲ့သို့ပင် အစပိုင်းတွင်ကျယ်ခဲ့ပြီး နောက်ပိုင်းတွင် လက်တွေ့ စမ်းသပ်မှုများဖြင့် အချို့အပိုင်းများကို ပယ်ခဲ့သည်။


သိပ္ပံနည်းကျ နည်းစဉ်များသည် သဘာဝ ဖြစ်ရပ်များကို ပြန်လည်ပြုလုပ်နိုင်သော(reproducible) သက္ကာရများဖြင့် ရှင်းလင်းရန် ကြိုးစားပြီး အသုံးဝင်သော မှန်းဆခြင်းများလည်း ပြုလုပ်နိုင်သည်။ ၎င်းတို့ကို သဘာဝ ဖြစ်စဉ်များကို လေ့လာခြင်း၊ သို့မဟုတ် သဘာဝ ဖြစ်စဉ် ထိန်းချုပ်၍ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်၍ ဆန်းစစ်ခြင်းဖြစ်သည်။ ၎င်းနည်းစဉ်များသည်သည် သိပ္ပံ နှင့် နည်းပညာ နယ်ပယ်တို့တွင် ယထာဘူတ ကျကျ အဖြေရရန် အသုံးပြုသည်။


သင်္ချာ 


နာမည်ကြီး Michelson–Morley experiment မှ အချက်အလက်များ


သင်္ချာသည် သိပ္ပံပညာတွင် အဓိကဖြစ်သည်။ သိပ္ပံပညာတွင် သင်္ချာ၏ အရေးပါသော အချက်မှာ 'ပုံစံ' ထုတ်ခြင်းပင်ဖြစ်သည်။ လေ့လာတွေ့ရှိချက်၊ တိုင်းတာချက်များကို လေ့လာရန်တွင်လည်း သင်္ချာနည်းစဉ်များကို အသုံးပြုရန် မကြာခဏ လိုအပ်တတ်သည်။ ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာ၊ ဂျီဩမေတြီ နှင့် ကဲကုလပ် တို့မှာ ရူပဗေဒ တွင် အမြဲသုံးသည်။ သင်္ချာ ကိုင်းကွဲ အားလုံးလိုလိုကို သိပ္ပံပညာတွင် သုံးသည်။ သင်္ချာစစ်စစ် (pure mathematics) များဖြစ်သော ကိန်းသင်္ချာ(number theory) နှင့် တိုပိုလိုဂျီ တို့ပင် အသုံးရှိသည်။


ဖီလိုဆိုဖီ 


သိပ္ပံ ဖီလိုဆိုဖီ (philosophy of science) သည် သဘာဝကို အမှန်အတိုင်း နားလည်ရန်နှင့် သိပ္ပံနားလည်မှုများ မှန်မမှန်း ဆုံးဖြတ်ရန် ကြိုးစားသည်။ သိပ္ပံနည်းကျ နည်းစဉ်ကို သုံး၍ပင်လျှင် သိပ္ပံ နှင့် သိပ္ပံ မဟုတ်သည်ကို ခွဲခြားရန် ခက်ခဲ့သည်မှာ အသိပင်ဖြစ်သည်။ သိပ္ပံ နှင့် သိပ္ပံ မဟုတ်သည် နှစ်ခုအကြား တိတိကျကျ ခွဲခြားနိုင်ရန် မှန်ကန်သော တွေးခေါ်မှု့များ ရှိရပေမည်။ ၎င်းနှင့်ပတ်သက်၍ များစွာသော အဆိုပြုချက်များ ရှိခဲ့ပြီး ယခုတွင် သိပ္ပံသမားများ အကြား အများအားဖြင့် သဘောတူညီမှုရှိပေသည်။ ဥပမာအားဖြင့် အများလက်ခံထားသည်မှာ သိပ္ပံတွေးခေါ်မှု နှင့် သီအိုရီများသည် အခြားတစ်ယောက်မှ ပြန်လည် စမ်းသပ်နိုင်မှသာ ၎င်းတို့သည် အတည် ဖြစ်သည်။


သိပ္ပံနည်းကျ နည်းစဉ်နှင့် ပတ်သက်၍ ဖီလိုဆိုဖီ သမားများတွင် အတွေးများစွာရှိသည်။ လက်တွေ့သမား (Methodological naturalism) များက သိပ္ပံနည်းကျ စမ်းစစ်ရာတွင် မြင်တွေ့နိုင်သော (observable) ဖြစ်ရပ်များကို ရှင်းလင်းရာတွင် လက်တွေ့ကျကျ လေ့လာပြီး အခြားသူကလဲ ပြန်လည် စမ်းသပ်နိုင်မှသာ ဖြစ်ရမည်ဟု ဆိုသည်။ ထို့ကြောင့် လက်တွေ့သမားများက သဘာဝလွန် ဖြစ်ရပ်များ၊ အာဏာရ အဖွဲ့အစည်း၏ အဆိုပြုချက်များ၊ ဘက်လိုက်သော လေ့လာမှုများကို လက်မခံပေ။ အမှန်တရားသမားများ (critical rationalism) ကမူ လေ့လာမှုများတွင် ဘက်မလိုက်အောင် လုပ်၍မရ ထို့အပြင် သဘာဝလွန်ဟုပြောသည်မှာ မည်မျှလွန်လျှင် သဘာဝမှ လွန်သည်ခေါ်မည်မှာ တိကျမှုမရှိဟု ငြင်းဆိုသည်။ ထို့ကြောင့် အမှန်တရားသမားများက မှားကြောင်း ထောက်မပြနိုင်လျှင် အမှန်ဖြစ်သည် ဆိုသည်။ အမှန်တရားသမားသည် လက်တွေ့သမားများ တွေးခေါ်သည်နိုင်ထပ် ပိုမို ကျယ်ပြန့်သော နေရာများကိုပါ လေ့လာနိုင်ပြီး တချိုန်တည်းမှာပင် အာဏာပိုင်များကို ဖီဆန်သည်။ အမှန်တရားသမားများက သိပ္ပံဆိုသည်မှာ လက်တွေ့ပြနိုင်မှုထက် အမှား မပါမှုက အရေးကြီးသည်ဟု ဆိုသည်။ တိုင်းတာမှုသမားများ (instrumentalism) ကမူ တိုင်းတာမှုများသည် အမှားအမှန်ထက် ဖြစ်ရပ်များကို ကြိုတင်တွက်ချက်ရန်သာ ဖြစ်သည်ဟု ဆိုသည်။


သိပ္ပံပညာ နှင့် မြန်မာ့ အမြင် 


မြန်မာမှုနယ်တွင် တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ ဆရာဝတ် တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။


၃၈ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိပါသည်။


ရုပ်ဝတ္တုပစ္စည်းတို့နှင့် စွမ်းအင်တို့၏ အခြေခံသဘောသဘာဝများကို စနစ်တကျ လက်တွေ့လေ့လာဆန်းစစ်ပြီး လူတို့အသုံးချရန် အသစ်အသစ်သော ရုပ်ဝတ္တုပစ္စည်းများ ဖန်တီးခြင်း၊ စွမ်းအင်များပြောင်းလဲထုတ်ဖေါ်ခြင်းနှင့် ထိုသို့ဖန်တီးထုတ်လုပ် နိုင်ရန် တိုးချဲ့လေ့လာခြင်းတို့ကို သိပ္ပံပညာ ဟု ခေါ်ဆိုခဲ့ကြဟန်တူသည်။


ရုပ်ဝတ္တုအသစ်ဖန်တီးရန်တိုက်ရိုက်အထောက်အကူမပြုသောအတွေးအခေါ်၊ ယဉ်ကျေးမှု စသော ပညာတို့ကို ရှေးအခါက သိပ္ပ ဟုခေါ်ဆိုလိုဟန်မတွေ့ရပေ။


ယခုအခါတွင်မူ လူမှုရေးသိပ္ပံ စသောဝေါဟာရအသုံးအနှုန်းများပါ ပေါ်ပေါက်သုံးစွဲလျက်ရှိကြပြီး တိကျသေချာသောနည်းစနစ်များဖြင့် လူဘောင်ဘဝအား ကောင်းကျိုးတစ်စုံတရာပြုပေးနိုင်သည့်ပညာအားလုံးကို သိပ္ပံပညာဟု ခေါ်လိုဟန်ရှိသည်။


သိပ္ပံပညာရှင် 


သိပ္ပံပညာရှင်ဆိုတဲ့ စကားလုံးဟာ သိပ်ကို ကျယ်ပြန့်ပါတယ်။ အငြင်းပွားစရာတွေလဲ အများကြီးရှိပါတယ်။ ရုရှက သိပ္ပံပညာရှင်တစ်ယောက်က သူ့ကျောင်းသားများကို ရှင်းပြဘူးပါတယ်။ သိပ္ပံပညာရှင်ဆိုတာ ကိုယ့်ဘာသာကိုယ် နံမည်တပ်ပေးလို့ မရဘူး။ အခြားပညာရှင်များက လက်ခံ အသိအမှတ်ပြုပြီး အများသဘောတူ စတင်ခေါ်ဆိုကြခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက သိပ္ပံနဲ့ ပီအိပ်ချ်ဒီ ရထားရုံနဲ့ သိပ္ပံပညာရှင်လို့ ခေါ်ဆိုဖို့ ခက်တယ်ဆိုတာပါပဲ။


ကိုးကား

 "science". Merriam-Webster Online Dictionary. Merriam-Webster, Inc. Retrieved2011-10-16. 3 a: knowledge or a system of knowledge covering general truths or the operation of general laws especially as obtained and tested through scientific method b: such knowledge or such a system of knowledge concerned with the physical world and its phenomenaJump 

 Wilson, Edward (1999). Consilience: The Unity of Knowledge. New York: Vintage.ISBN 0-679-76867-X။Jump Fleck, Ludwik (1979). Genesis and Development of a Scientific Fact. Chicago: University of Chicago Press. ISBN 0226253252။Jump

 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)

ခရစ်ဒစ် wiki 


ဇီဝေဗဒ

 ဇီဝဗေဒ



သက်ရှိတို့၏ တည်ဆောက်ပုံနှင့် ဆောင်ရွက်ချက်များအား လေ့လာသောဘာသာရပ်ကို ဇီဝဗေဒဟုခေါ်သည်။

(အပေါ်: E. coli ဘက်တီးရီးယားနှင့် gazelle)

(အောက်: Goliath beetle နှင့် tree fern)


ပုံ 


သက်ရှိတို့၏ တည်ဆောက်ပုံနှင့် ဆောင်ရွက်ချက်များအား သိပ္ပံနည်းကျ စမ်းသပ်လေ့လာသောဘာသာရပ်ကို ဇီဝဗေဒဟုခေါ်သည်။ ဗိုင်ဩလိုဂျီဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍၊ အဓိပ္ပါယ်မှာ အသက် (သို့မဟုတ်) ဇီဝအကြောင်း လေ့လာဆွေးနွေးချက်ဖြစ်သည်။ ဤဝေါဟာရကို တီထွင်ခဲ့သူကား ထင်ရှားကျော်စောသော သဘာဝပညာရှင် ပြင်သစ်လူမျိုး လမတ် (၁၇၄၄-၁၈၂၉) ဖြစ်သည်။


ဇီဝဗေဒ


ဗိုင်ဩလိုဂျီသည် သက်ရှိအရာ သို့မဟုတ် သဇီဝတို့နှင့် ပတ်သက်သော အကြောင်းအကျိုးတို့ကို လေ့လာသော သိပ္ပံပညာရပ်ဖြစ်သည်။ ဤနေရာတွင် သဇီဝဆိုရာ၌ အသက်ရှိနေ သော အရာမှန်သမျှပါဝင်သည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် အသက်ရှင်နေသော သဇီဝများ ဝန်းရံလျက်ရှိကြသည်။ အပင်နှင့်တိရစ္ဆာန်တို့သည် သဇီဝများဖြစ်ကြသည်။ ထို့ကြောင့် အပင် နှင့်တိရစ္ဆာန်တို့တွင် တွေ့မြင်နိုင်သော အခြင်းအရာတို့ကို မူတည်၍ လေ့လာခြင်းဖြင့် အသက်ရှင်ခြင်းနှင့် ပတ်သက်သော အချက်အလက်များကို နားလည်နိုင်မည်။


ဇီဝ(အသက်) ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ဟူ၍ ကား တိကျစွာမပြောနိုင်ချေ။ သို့ရာတွင် ကျွန်ုပ်တို့ အကြား အမြင် အတွေ့အကြုံတို့ကို အခြေပြု၍ ပြောရသော်၊ ဇီဝ (အသက်)ဟူသည် သဇီဝခန္ဓာကိုယ်ကို ဖွဲ့စည်းထားသောအရာ များနှင့် အစဉ်သဖြင့် ဆက်စပ်နေသည်။ ဇီဝကင်းမဲ့သော ရုပ်ကို အနှံ့အပြား များစွာတွေ့နိုင်သော်လည်း၊ ရုပ်ကင်းမဲ့သော ဇီဝကို မူ သိပ္ပံလောကတွင် ရှာ၍မတွေ့ချေ။ ထိုကြောင့် ကျွန်ုပ်တို့ နား လည်သော ဇီဝဆိုသည်မှာ ရုပ်နှင့် ခွဲခွာ၍မရအောင် ဆက်စပ် လျက်ရှိသောအရာဖြစ်သည်။ ကျွန်ုပ်တို့စွမ်းဆောင်နိုင်သမျှ ဇီဝ၏ အဓိပ္ပါယ်ဖော်ပြရသော်၊ အပင်နှင့် တိရစ္ဆာန်တို့တွင် တွေ့မြင်ရသော လုပ်ငန်းဆောင်တာတို့ကို ချုပ်ကိုင်ထားသော အရာမှာ ဇီဝဖြစ်သည်။ သို့ရာတွင် ရွေ့ရှားခြင်း၊ ကြီးခြင်း၊ မျိုးပွားခြင်း စသည့် အခြင်းအရာများသည် သဇီဝတို့ အသက် ရှင်စဉ် တွေ့မြင်ရသည့် လက္ခဏာများပင် ဖြစ်လင့်ကစား၊ ယင်း လက္ခဏာတို့ပေါ်တွင် မူတည်၍ အကြွင်းမဲ့ပြည့်စုံသော ဇီဝ၏ အဓိပ္ပါယ်ကို မပေးနိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော်၊ ယင်း လက္ခဏာ တစ်စိတ်တစ်ဒေသကို နိဇီဝ (သက်မဲ့)များတွင်လည်း တွေ့မြင်နိုင်သောကြောင့်ဖြစ်သည်။ သာဓကအဖြစ် ပြရသော်၊ မြစ်များလည်း ကြီးထွားခြင်းရှိကြ၏။ မြစ်မမှ မြစ်ငယ်များထပ် ပွားနိုင်ကြသည်။ ပရုတ်စိမ်းကို ရေမျက်နှာပြင်ပေါ်၌ တင်ကြည့် လျှင် ဟိုဟိုသည်သည် လှုပ်ရှားကြောင်း တွေ့ရသည်။ ရွံ့စေးကို လည်း ရေနှင့်ဖျော်ကြည့်လျှင် ရွံ့စေးမှုန့်များ လှုပ်ရှားကြောင်းကို တွေ့ရသည်။ သို့ရာတွင် ဇီဝကြောင့်ဖြစ်ပေါ်သော အခြင်းအရာ များကို သေချာစွာစိစစ်၍ လေ့လာသော်၊ အောက်ပါဝိသေသ လက္ခဏာကြီးငါးချက်ကို တွေ့ရပေမည်။


၁။ ပရိုတိုပလက်ဇမ်ခေါ် မူလဩဇာ


သဇီဝနှင့် နိဇီဝတို့ကို ခွဲခြား၍သိရှိစေသော ဝိသေသ လက္ခဏာကား သဇီဝ၌ မူမှန်အဖွဲ့အစည်းရှိခြင်းဖြစ်သည်။ သဇီ ဝဖြစ်သော သစ်ပင်နှင့် တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်တို့သည် ဆဲများ ဖြင့်ပြည့်နှက်နေသည်။ ထိုဆဲများ၏ အတွင်း၌ ရှင်သန်နေသော ပရိုတိုပလက်ဇမ် ရှိသည်။ ဤပရိုတိုပလက်ဇမ် မပါဘဲနှင့် ဇီဝ မဖြစ်နိုင်ချေ။ သစ်ပင်နှင့် တိရစ္ဆာန်တို့၌သာလျှင် ဆဲများဖြင့် ဖွဲ့စည်းထားသော အင်္ဂါများရှိသည်။ နိဇီဝတို့တွင် ဆဲနှင့် ပရိုတို ပလက်ဇမ်မရှိချေ။


သစ်ပင်နှင့် တိရစ္ဆာန်တို့၏ အချို့အင်္ဂါအစိတ်အပိုင်း၌ရှိ သော ပရိုတိုပလက်ဇမ်သည် ငယ်မူပြန်နိုင်စွမ်းရှိသည်။ ပုံစံအား ဖြင့်ဆိုသော်၊ လူ၏လက်မောင်းအရေပြား စုတ်ပြတ်ပွန်းပဲ့သွား လျှင် အရေပြားသစ် တစ်ဖန်ပြန်ဖြစ်နိုင်သည်။ သစ်ပင်နှင့် တိရစ္ဆာန်တို့၌ တွေ့မြင်ရသော အနာကျက်ခြင်း၊ ကျိုးသွားသော အရိုးများ ပြန်ဆက်ခြင်း၊ သွေးသစ်ဖြစ်ခြင်း၊ ရော်ဘာပင်၊ ထန်း ပင်တို့ကဲ့သို့ သစ်ရည်သစ်ဖြစ်ခြင်း၊ သစ်ခေါက် ထပ်တလဲလဲ ဖြစ်ခြင်း စသည်တို့မှာ ပရိုတိုပလက်ဇမ်၏ ငယ်မူပြန်စွမ်းရည် ကြောင့်ဖြစ်သည်။



၂။ မျိုးပွားခြင်း


သဇီဝတို့၌ မျိုးပွားနိုင်သော သတ္တိရှိသည်။ မျိုးပွားခြင်းဆို ရာ၌ မိဖမှပေါက်ပွားသော သားသမီးတို့သည် မိဖ၏ အမျိုးနှင့် တစ်သမတ်တည်းတူစွာ ပေါက်ပွားကြခြင်းကို ဆိုလိုသည်။ ပုံစံ အားဖြင့် ဆင်က ဆိတ်မမွေး၊ မျိုးတူ ဆင်ကလေးများကိုသာ မွေးခြင်း၊ သရက်ပင်က ဩဇာသီးမသီး၊၊ အမျိုးတူ သရက်သီး သာ သီးခြင်းကိုဆိုလိုသည်။ သဇီဝတို့တွင် အချိန်ရာသီအလိုက် မျိုးပွားမှုရှိမြဲဖြစ်သော်လည်း၊ နိဇီဝတို့တွင်မူ ဤအဖြစ်မျိုးမရှိ ချေ။ ထိုကြောင့် သဇီဝတို့တွင် မဖေါက်ပြန်သော ဇီဝစက်ရှိခြင်း ဖြစ်သည်။


၃။ ရွေ့လျားခြင်း


သဇီဝတို့တွင် အသက်ရှင်နေသောအဖြစ်ကို ပြသော လက္ခဏာကား ရွေ့ရှားနိုင်သော သတ္တိဖြစ်သည်ဟု ယူဆနိုင် သည်၊ ကျွန်ုပ်တို့ တွေ့မြင်နေကြရသော သစ်ပင်တို့မှာ မြေ၌ စွဲမြဲနေကြသည့် အရာများဖြစ်ကြသောကြောင့် တိရစ္ဆာန်များမှာ ကဲ့သို့ ရွေ့ရှားနိုင်သော သတ္တိကို ထင်ထင်ရှားရှားအမြဲတမ်း မတွေ့ရချေ။ အပင်နှင့် တိရစ္ဆာန်တို့၏ ရွေ့လျားခြင်းကို နှစ်မျိုး ခွဲခြားနိုင်သည်။ ယင်းတို့မှာ (က) အလိုအလျှောက် ရွေ့လျားခြင်း နှင့် (ခ) ဆွဲဆောင်၍ ရွေ့လျားခြင်း သို့မဟုတ် တုံ့ပြန်သတ္တိတို့ ဖြစ်ကြသည်။



(က) အလိုအလျောက် ရွေ့လျားခြင်းကို တိရစ္ဆာန်တို့တွင်


ထင်ရှားစွာတွေ့နိုင်သည်။ အပင်တို့တွင်မူ အယ်လဂျေပင်များဖြစ် သော ယူဂလီနားနှင့် ဩစီလေတိုရီးယား၌ တွေ့ရသည်။ ထို အပင်တို့၏အတွင်း၌ ပရိုတိုပလက်ဇမ်သည် အလိုအလျောက်ရွေ့ လျားနေသည်။



(ခ) သဇီဝတို့တွင် ဆွဲဆောင်၍ ရွေ့ရှားခြင်း သို့မဟုတ်


တုံ့ပြန်သတ္တိရှိသည်။ ပုံစံပြရသော်၊ တိရစ္ဆာန် တစ်ကောင်သည် လက်ခြေစသည်ကို မီးလောင်လျှင် မီးနှင့် ဝေးရာသို့ ရွေ့သွား လိမ့်မည်။ ကလိုရိုဖီပါသော သစ်ပင်တို့သည် အမှောင်ဖက်မှ အလင်းဖက်သို့ဦးတည်၍ ပေါက်မြဲဖြစ်သည်။ ဤနေရာ၌ မီးနှင့် အလင်း ရောင်သည် တိရစ္ဆာန်နှင့် အပင်တို့အား ဆွဲဆောင်သော အလှုံ့ဓာတ်များဖြစ်ကြ၍၊ တိရစ္ဆာန်နှင့် အပင်တို့၏ တုံ့ပြန်ခြင်း မှာလည်း ပရိုတိုပလက်ဇမ်ကြောင့် ဖြစ်ပေါ်လာသော တုံ့ပြန် သတ္တိကြောင့်ပင်ဖြစ်သည်။ ဗီးနပ်စ်ယင်ထောင်ချောက်ပင်က သား ကောင်နှင့် တွေ့ထိသည်နှင့်တစ်ပြိုင်နက် အမိဖမ်းတတ်သော ယန္တရားများဖြစ်လာကြသည်။ ကုက္ကိုရွက်သည် ညတွင် အိပ် သည်။ နံနက်တွင် တစ်ဖန်ပြန့်ကားလာလေသည်။ နေကြာပွင့် သည် နေသွားရာဖက်သို့ လှည့်၍လိုက်နိုင်စွမ်းရှိသည်။ တိရစ္ဆာန် တို့၌မူကား သစ်ပင်များမှာထက် ပိုမိုထင်ရှားသော တုံ့ပြန်သတ္တိ ရှိသည်။


၄။ ဇီဝရုပ်အဖြစ်အပျက် 


သဇီဝမှန်သမျှတွင် ဇီဝရုပ်အဖြစ်အပျက် (မက်တာဗော်လစ် ဇင်) ပြုပြင်နိုင်စွမ်းရှိသည်။ မက်တာဗောလ်လစ် ဇင်ဆိုသည်မှာ ဇီဝကိစ္စဗေဒ (ဖီဇီဩလိုဂျီ) လုပ်ငန်းဆောင်တာနှင့် စပ်လျဉ်း၍ သဇီဝတို့၏ဆဲအတွင်း၌ ဓာတ်များအဆက်မပြတ် ပြုပြင်ပြောင်း လဲနေပုံကို ခြုံ၍ခေါ်ခြင်းဖြစ်သည်။ မက်တာဗော်လစ်ဇင်ကြောင့် ရရှိသော အကျိုးကျေးဇူတို့မှာ သဇီဝတို့၏ အသက်ရှင်ရေးဖြစ် သော ပရိုတိုမလက်ဇမ်များ ဖြစ်ပေါ်ခြင်း၊ မချွတ်ယွင်းအောင် ဖန်တီးခြင်းနှင့် ချွတ်ယွင်းသွားသော ပရိုတိုပလက်ဇမ်များကို အသစ်ဖြစ်အောင် တစ်ဖန်ပြုပြင်နိုင်ခြင်း တို့ဖြစ်ကြသည်။ သဇီဝကို အသုံးပြုရန်အတွက် ဩဂဲနစ်ပစ္စည်းပြုလုပ်ခြင်းနှင့် ဆိုင်သော မတ်တာဗော်လစ်ဇင် ကို ဇီဝရုပ်ဖြစ်ခြင်း (အနာဗော် လစ်ဇင်)ဟု ခေါ်သည်။ သဇီဝတို့ စွမ်းအင်ရမှုအတွက်ပြုလုပ်ပြီး ဩဂဲနစ် ပစ္စည်းများကို ချေဖျက်ခြင်းနှင့်၎င်း၊ အသုံးမကျသော ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့်၎င်း ဆိုင်သော မက်တာဗော်လစ် ဇင်ကိုမူ ဇီဝရုပ်ပျက်ခြင်း (ကက်တာဗော်လစ်ဇင်)ဟု ခေါ်သည်။


၅။ ကြီးထွားခြင်း


ဇီဝဗေဒတွင် သုံးစွဲသော ကြီးထွားခြင်းဆိုသော ဝေါဟာရသည် အရွယ်ပမာဏကြီးမားလာခြင်းထက် ပိုမိုနက်နဲသော အဓိပ္ပါယ်ကို ဆောင်သည်။ ဤဝေါဟာရကို သုံးလိုက်သည်နှင်တစ်ပြိုင်နက် မက်တာဗော်လစ်ဇင်၏ အကျိုးကြောင့် (က) မိတိုဆစ် သို့မဟုတ် ဒွိဂုဏ်ပွားခြင်းဖြင့် ဆဲအသစ်များဖြစ်ပေါ်ခြင်း၊ (ခ) ထိုဆဲအသစ်များ ပမာဏကြီးမားလာခြင်းနှင့် (ဂ) ယင်းကဲ့သို့ ကြီးမားလာသောဆဲများ ကြီးရင့်လာပြီးလျှင် ရင့်သောတစ်ရှူး အသီးသီးအဖြစ်သို့ ရောက်လာခြင်းတည်းဟူသော အဆင့်သုံး ဆင့် တစ်ဆက်တည်း ဖြစ်ပေါ်ကြောင်းကို သိနားလည်ထားရ မည်။ ပမာဏကြီးမားခြင်းသည် ကြီးခြင်း၏အဆင့် တစ်ဆင့်မျှ သာဖြစ်သည်။ ဖီဇီဩလိုဂျီဆိုင်ရာ လုပ်ငန်းတာဝန်များကို ခွဲဝေ ခြင်း၊ ယင်းတာဝန်အသီးသီးကို ညီညွတ်စွာဖြစ်စေရန် ညှိထိန်း ၍ပေးခြင်း၊ သဇီဝ၏ မျိုးရိုးရုပ်သွင်ပေါ်အောင် ဖွံဖြိုးခြင်းတို့ သည်လည်း ကြီးထွားခြင်းဆိုသော ဝေါဟာရ၌ အကျုံးဝင်ပြီးဖြစ်ကြ သည်။ အချုပ်ကိုရှင်းလင်းစွာဆိုရသော်၊ သဇီဝတို့၏ ကြီးထွားခြင်း သည် အတွင်းဖက်ရှိ ပရိုတိုပလက်ဇမ်ကို အရင်းခံ၍ စတင်ဖြစ် ပေါ်သည်။ နိဇီဝတို့၏ ကြီးမားခြင်းမှာ ပြင်ပ၌စတင်ဖြစ်ပေါ် သည်။ ပုံဆောင်ခဲများ ကြီးမားလာပုံကို သာဓကပြုရလျှင်၊ ရုပ်တူဓာတ်တူဖြစ်ကြသော မော်လီကျူးများသည် ပုံဆောင်ခဲ၏ ပြင်ပမျက်နှာပြင်ပေါ်တွင် ထပ်တလဲလဲ စွဲကပ်သောကြောင့် ပမာဏကြီးလာခြင်းဖြစ်သည်။


ဇီဝဗေဒကို လေ့လာနည်း


ဇီဝဗေဒကို လေ့လာရာတွင် လိုက်နာရမည့် အချက်လေးချက်ရှိသည်။ ထိုအချက်လေးချက်ကို မလိုက်နာခဲ့ပါက ယခုခေတ်သစ်ဇီဝဗေဒအဖြစ် ရပ်တည်နိုင်မည် မဟုတ်ချေ။


၁။ သေချာပါစေ၊ တိကျပါစေ။


ဇီဝဗေဒကို လေ့လာရာတွင် သက်ရှိများကို သေချာစွာ ဂရုစိုက်၍ စူးစမ်းရှာဖွေရမည်ဟု ဆိုလိုသည်။ တွေ့မြင်သမျှကို အရှိအတိုင်း တိကျစွာ မှတ်တမ်းတင်နိုင်ရမည်။


၂။ အကြွင်းမဲ့ ရိုးသားပါစေ။


သိပ္ပံလောကတွင် အဓိက လိုအပ်ချက်ဖြစ်သော ရိုးသားမှုသည် ဇီဝဗေဒတွင် မရှိမဖြစ်ချေ။ ရိုးသားမှုရှိသော အတွေးအခေါ်၊ အပြုအမူတို့သာလျှင် ဇီဝဗေဒ၏ အသက်သွေးကြော ဖြစ်၏။


၃။ ရှင်းလင်းစွာ တွေးနိုင်ပါစေ။


ဇီဝဗေဒတွင် ရိုးရှင်းစွာ တွေးတောခြင်းကို ကျင့်သုံး၏။ တိရစ္ဆာန်သည် တိရစ္ဆာန်သာ ဖြစ်သည်။ ငှက်ဆိုးအော်သဖြင့် လူသေရသည်ဟူမူကား ရိုးရှင်းသော တွေးတောခြင်း မမည်ရာ။ ထိုသို့ မရိုးမရှင်း တွေးတောခြင်းကို ဇီဝဗေဒတွင် တွေ့ရမည်မဟုတ်ချေ။


၄။ ကိုယ်တိုင်ကိုယ်ကျ ဆန်းစစ်နိုင်ပါစေ။


လောကတွင် များပြားလှသော အငြင်းပွားဖွယ်များကို အများပြော၍ဖြစ်စေ၊ ကျမ်းကိုးရှိ၍ဖြစ်စေ လွယ်လင့်တကူ မမှတ်ယူရာ။ ခိုင်လုံ၍ ယုံကြည်စိတ်ချဖွယ်ရှိသော အထောက်အထားများဖြင့်သာ ကိုယ်တိုင်ကိုယ်ကျ ဆန်းစစ်ကာ အဖြေရှာနိုင်ရမည်။


အထက်ပါ အချက်လေးချက်ကို ဇီဝဗေဒ ပညာရှင်တိုင်းက လိုက်နာကျင့်သုံးလေ့ရှိ၏။



အပင်နှင့်တိရစ္ဆာန် 


အီဗော်လျူရှင်ဖြစ်စဉ်၏ အတိတ်ကာလတွင် အပင်နှင့်တိရစ္ဆာန်တို့သည် တစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားစွာ ဖြစ်ပေါ် ခဲ့ကြဟန်တူပေသည်။ ထိုသို့ကွဲပြားခြားနားစွာ ဖြစ်ပေါ်လာခြင်း မှာ တစ်ချိန်တည်း၌၎င်း၊ တစ်နေရာတည်း ၌၎င်း ဖြစ်ဟန်မတူ ချေ။ အီဗော်လျူရှင် သမိုင်းတစ်လျှောက်၌ အခြေအနေချင်း ခြားနားသော နေရာဒေသအမျိုးမျိုး၌၎င်း၊ ခေတ်ကာလအမျိုးမျိုး ၌၎င်း ဖြစ်ပေါ်ခဲ့ဟန်တူပေသည်။ အီဗော်လျူရှင် သမိုင်းစသည့် အချိန်နှင့်ယှဉ်၍ ဇီဝ သို့မဟုတ် သဇီဝလည်း ဖြစ်ပေါ်ခဲ့ရပေ လိမ့်မည်။ သို့သော် ထိုသဇီဝသည် အပင်မည်လော၊ တိရစ္ဆာန် မည်လောဆိုသည်ကို တိကျစွာခွဲခြား၍ မပြောနိုင်ချေ။ ထိုနည်းတူစွာ အပင် လောကသည် တိရစ္ဆာန်လောကမှ ဆင်းသက်သည် သို့မဟုတ် တိရစ္ဆာန်လောကသည် အပင်လောကမှ ဆင်းသက် သည် ဟူသည်ကိုလည်း တိကျ မှန်ကန်စွာမပြောနိုင်ချေ။ သို့ရာတွင် ကမ္ဘာပေါ်စ၌ ပထမဦးဆုံးဖြစ်သော သဇီဝသည် အလိုအလျောက်အစာ ပြုလုပ်နိုင်စွမ်း ရှိရမည်ဟူသော ယူဆ ချက် မှန်ကန်ပါမူကား အပင်သည် တိရစ္ဆာန်ထက်ဦးစွာပေါ်သော သဇီဝ ဖြစ်ရပေမည်။ အီဗော်လျူရှင် သမိုင်းတလျောက်၌ အချို့ သော သဇီဝတို့သည် အပင်၏ အသွင်ကိုဆောင်ကြသည်။ ကျန် သဇီဝတို့မူ အပင်လည်းမမည်၊ တိရစ္ဆာန်လည်းမမည်သော အပင် တိရစ္ဆာန်များ ဖြစ်ခဲ့ကြမည်။ ဤကား အီဗော်လျူရှင်၏အဓိပ္ပါယ် ကို အနည်းငယ်ရှင်းပြခြင်းဖြစ်သည်။


အီဗော်လျူရှင်ဩဝါဒအရ တိုးတက်သော (ဝါ) အမြင့် တန်းစား သဇီဝနှင့် ရှေးကျသော (ဝါ) အနိမ့်တန်းစား သဇီဝ ဟူ၍ ခွဲခြားထားသည်။ အမြင့်တန်းစားသဇီဝသည် အနိမ့်တန်း စား သဇီဝမှ စနစ်တကျပြောင်းလဲ တိုးတက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ယူဆသည်။ အမြင့်တန်းစားသဇီဝ၏ အင်္ဂါဖွဲ့စည်း ပုံမှာ အနိမ့်တန်း စားသဇီဝ၏ အင်္ဂါဖွဲ့စည်းပုံထက် ပိုမိုရှုပ်ထွေး ဆန်းကြယ်သည်။ အနိမ့်တန်းစားသဇီဝ၏ အင်္ဂါဖွဲ့စည်းပုံမှာ ရှုပ်ထွေးဆန်းကြယ်ခြင်းမရှိ၊ ရှင်းလင်းသော အခြေခံရုပ်အသွင် မျိုးဖြစ်သည်။


ဗိုင်ဩလိုဂျီပညာရှင်တို့၏ ယူဆချက်အရ အပင်လောက နှင့် တိရစ္ဆာန်လောကသည် မျိုးရင်းပင်မတစ်ခုမှ ဖြာထွက်လာ သော အကိုင်းကြီးနှစ်ကိုင်းဖြစ်ကြသည်။ ဤနေရာ၌ အီဗော်လျူ ရှင်၏ အဓိပ္ပါယ်ကို ပိုမိုထင်ရှားစေရန် သစ်ပင်၏ ပင်ပိုင်းဖြင့် တင်စားနှိုင်းရှည့်၍ ပြထားခြင်းဖြစ်သည်။ သစ်မြစ်ပိုင်းသည် မြေကြီးအတွင်း၌ နစ်မြုပ်နေသဖြင့် ကျွနိုပ်တို့သေချာစွာ မြင်နိုင် ခြင်းမရှိချေ။ မြေကြီးထက်၌ပေါ်နေသည့် ပင်စည်မကြီးမှ ဖြာ ထွက်သော အကိုင်းကြီးနှစ်ကိုင်းကို အပင်လောကနှင့် နှိုင်းထား သည်။ ထိုအကိုင်းကြီးများမှတစ်ဖန် အခက်အလက်အသစ်များ အမြဲမပြတ်အဆင့်ဆင့် ဖြာထွက်ဖြစ်ပေါ်နေကြသည်။ အိုမင်းရင့် ယော်ကုန်သော အခက်အလက်တို့၏ ရုပ်အသွင်တည်ခြင်းမရှိ၊ ခဏခဏ ပြောင်းလွဲလျက်နေပေသည်။ အပင်လောကနှင့် တိရစ္ဆာန်လောကတို့သည်လည်း ထိုသစ်ပင် ဥပမာအတိုင်းပင် အီဗော်လျူရှင် ဖြစ်နေကြသည်။


အပင်နှင့်တိရစ္ဆာန်တို့၏ ကွာခြားချက် 


ကျွန်ုပ်တို့တွင် အပင်နှင့် တိရစ္ဆာန်ကို ယေဘုယျအားဖြင့် ခွဲခြားနိုင်သော အသိဉာဏ်ရှိ သည်။ အထူးသဖြင့် အမြင့်တန်းစား အပင်နှင့် တိရစ္ဆာန်ကို အလွယ်တကူခွဲခြား၍ သိနိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် အပင်၌တွေ့မြင်ရသော အင်္ဂါဖွဲ့စည်းပုံ ရုပ်အသွင် စသည်တို့နှင့် ကွဲပြားခြားနားသောကြောင့် ဖြစ်သည်။ သို့ရာတွင် ထိုသို့စိတ် ထဲ၌ ခွဲခြား၍သိနေသော အပင်နှင့် တိရစ္ဆာန်ကို ရေးသား၍ ရုပ်လုံးဖော်ကြည့်လျှင် မည်မျှခက်ခဲကြောင်း လက်တွေ့သိနိုင် မည်။ အီဗော်လျူရှင် သမိုင်းကို ပြန်၍ကြည့်သော် အကိုင်း အခက်အလက်များဖြင့် တင်စားထားသော ယခုခေတ် အမြင့် တန်းစားအပင်နှင့် တိရစ္ဆာန်တို့ကို ခွဲခြား၍ သိရန်လွယ်သည်။


အကိုင်း ကြီးများမှ ပင်စည်မကြီးအထိ လျှောဆင်း၍ကြည့်သော်၊ အတိတ်ခေတ်တွင် ရှေးကျသော (ဝါ) အနိမ့်တန်းစားအပင်နှင့်တိရစ္ဆာန် သို့မဟုတ် အပင်လော တိရစ္ဆာန် လောဟု ခွဲခြား၍မရသောအရာကို တွေ့မည်။ အထူးသဖြင့် ဆဲ တစ်ခုတည်းသာ ပါရှိသည့် အနိမ့်တန်းစား အပင်နှင့် တိရစ္ဆာန် ကို ခွဲခြား၍သိရန်မှာ အခက်ဆုံးဖြစ်သည်။ ရုက္ခဗေဒပညာရှင် တို့က အပင်ဟုမှတ်ယူထားသော အပင်တိရစ္ဆာန် သဇီဝများ ယခုခေတ်တိုင်အောင်ပင် ရှိနေကြသည်။ (ပုံစံ-ယူဂလီနာ)။ ထိုသို့ဖြစ်ခြင်းကြောင့် အပင်နှင့် တိရစ္ဆာန်တို့ကို ခွဲခြားရာတွင် စည်းမျဉ်းကို လှေနံဓားထစ်ချထား၍မရချေ။ ယေဘုယျအားဖြင့် အောက်ပါထူးခြားချက်များနှင့် ခြွင်းချက်များကို ထောက်ထား လျက် သစ်ပင်နှင့် တိရစ္ဆာန်ကို ခွဲခြား၍သိရသည်။



၁။ ကြီးခြင်း အပင်တွင် ကြီးရာအပိုင်း (ဝါ) ကြီးနယ်များသည် သူ့ နေရာနှင့်သူ တိကျစွာသတ်မှတ်လျက်ရှိသည်။ မျာသောအားဖြင့် ပင်စည် ထိပ်ဖျားနှင့် အမြစ် ထိပ်ဖျားတို့သည် ကြီးနယ်များဖြစ် ကြသည်။ အစေ့ရွက်ထီးပင်(Monocot)နှင့် အချို့သောအပင်မျိုးတို့တွင် ကြီး နယ်များသည် ဆစ်ကြား၊ ဆစ်ကြားရင်းနှင့် ရွက်ရင်းတို့၌ ရှိ တတ်ကြသည်။ တိရစ္ဆာန်တို့ကား သစ်ပင်ကဲ့သို့မဟုတ်ချေ။ တိရစ္ဆာန်တို့၏ အင်္ဂါအစိတ်အပိုင်းတို့သည် ထက်ဝန်းကျင် တစ်ပြိုင်နက် ကြီးနိုင်သည်။ သို့ရာတွင် ထိုကြီးနိုင်သည့်စွမ်း ရည်သည် တိရစ္ဆာန်တို့ အရွယ်ရောက်သည်အထိသာ ဖြစ်သည်။ အရွယ်ရောက်ပြီး နောက်အဖို့၌ကား ကြီးမှုနောက်ထပ်မဖြစ် တော့ချေ။ အပင်တို့မူကား တစ်သက်လုံး ကြီးနိုင်စွမ်းရှိသည်။



၂။ ကလိုရိုဖီ အကျိုးဖျက် ကပ္ပါးပင်နှင့် ဖန်းဂပ်မှိုပင်တို့မှလွဲ၍ အစိမ်း ရောင်သန်းလျက်ရှိသော အပင်မှန်သမျှတွင် ကလိုရိုဖီပါဝင်လေ သည်။ ယင်းသို့ ကလိုရိုဖီ ပါရှိခြင်းကြောင့် အပင်သည် အလို အလျောက် အစာလုပ်နိုင်လေသည်။ တိရစ္ဆာန်တို့တွင်မူကား ကလိုရိုဖီ မရှိကြချေ။ ထိုကြောင့် အလိုအလျောက် အစာလုပ် နိုင်စွမ်းမရှိချေ။ (ခြွင်းချက်။ ။ကလိုရိုဖီ မပါသော ဖန်းဂပ် မှိုနှင့် ဗက်တီးရီးယားတို့သည်လည်း တိရစ္ဆာန်များကဲ့သို့ပင် အလိုအလျောက် အစာလုပ်နိုင်စွမ်း မရှိကြချေ။)



၃။ ဆဲနံရံ သဇီဝမှန်သမျှတို့၏ ခန္ဓာကိုယ်သည် သေးငယ်သော ဆဲ များဖြင့် ပြည့်နှက်နေသည်။ ဆဲတို့ကို ပတ်လည်ကာရံထားသော ဆဲနံရံကိုမူကား အပင်၌သာ ထင်ရှားတွေ့မြင်ရသည်။ တိရစ္ဆာန် တို့၏ ဆဲ၌ နံရံကင်းမဲ့သည်။ (ခြွင်းချက်။ ။ချွဲကျိမှိုတွင် ဆဲ နံရံမပါချေ။)


၄။ ဆဲလျူလို့ ဖန်းဂပ်မှိုမှတစ်ပါး အားလုံးသော အပင်တို့၏ ဆဲနံရံတို့ သည် ဆဲလျူလို့ဖြင့်ပြီးသည်။ တိရစ္ဆာန်တို့၏ ဆဲနံရံတွင်မူ ဆဲ လျူလို့မပါချေ။ (ခြွင်းချက်။ ။ကျူနီကိတ် တိရစ္ဆာန်၏ ဆဲနံရံ သည်လည်း ဆဲလျူလို့ဖြင့်ပြီးသည်။)



၅။ ရွေ့ရှားခြင်း အမြင့်တန်းစား အပင်တို့သည် မြေတွင်စွဲမြဲလျက် တည် သောကြောင့် တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားသွားလာနိုင် ခြင်းမရှိကြချေ။ အနိမ့်တန်းစား အပင်များသာလျှင် ယင်းသို့ ရွေ့ရှားသွားလာနိုင်ကြသည်။ အနိမ့် တန်းစားတိရစ္ဆာန်အချို့မူ တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားနိုင်ခြင်းမရှိကြချေ။ သာဓက များမှာ အိုဗီလီယားနှင့် သန္တာကျောက်တန်းတို့ဖြစ်ကြသည်။ အမြင့်တန်းစားတိရစ္ဆာန်တို့မှာမူကား ခြေလက်အပြည့်အစုံပါသော ကြောင့် တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားသွားလာနိုင်ကြ သည်။



၆။ ရုပ်တည်ဩဇာစုခြင်း တိရစ္ဆာန်တို့သည် အစိုင်အခဲဖြစ်သော အစာများကို စားမြို နိုင်ကြလေသည်။ အပင်တို့မှာမူကား ယင်းတို့၏ ပြင်ပပတ်ဝန်း ကျင်၌ ပျော်ဝင်လျက်ရှိသော အရည်များကိုသာ အခြေအနေအရ စုပ်ယူနိုင်စွမ်းရှိကြလေသည်။ (ခြွင်းချက်။ ။ချွဲကျိမှိုသည် သေးငယ်သော အစာအစိုင်အခဲများကို မြိုနိုင်၏။)


တိရစ္ဆာန်တို့တွင် ရွေ့ရှားရန်၊ ရက်စပီးရေးရှင်း ပြုလုပ်ရန်၊ အညစ်အကြေး စွန့်ပစ်ရန် အစရှိသော တာဝန်များကို ဆောင် ရွက်နိုင်သော အင်္ဂါများရှိကြသည်။ ထိုအင်္ဂါများ၏ ဖွဲ့စည်းပုံ သည်လည်း ယင်းတို့ဆောင်ရွက်ရန်ဖြစ်သော တာဝန်တို့အတွက် အသင့်တော်ဆုံးသော အဆင့်အတန်းအထိ တိုးတက်ကောင်းမွန် ကြသည်။ အပင် တို့တွင်မူကား၊ ထိုအင်္ဂါများ အကယ်၍ ပါရှိ ပါမူ တိရစ္ဆာန်၏အင်္ဂါများမှာကဲ့သို့ ဖွဲ့စည်းပုံရှုပ်ထွေးဆန်းကြယ် ခြင်း မရှိချေ။ အင်္ဂါမည်ကာမျှသာ ရှိတတ်သည်။ သို့မဟုတ် အင်္ဂါလုံးဝ မပါရှိဘဲလည်း ရှိတတ်သည်။


ဇီဝဗေဒမှ ဖြာထွက်သော ခက်မများ


ဇီဝဗေဒမှ အဓိကအားဖြင့် ရုက္ခဗေဒနှင့် ပါဏဗေဒ(သတ္တဗေဒ)ဟူ၍ ခက်မနှစ်သွယ်ခွဲထွက်သည်။


ဇီဝ ဗေဒမှဖြာထွက်သော အခြားသိပ္ပံပညာရပ်များမှာ ဇီဝဓာတုဗေဒ၊ ဇီဝရူပဗေဒ၊ ဆေးပညာရပ် စသည်တို့ဖြစ်ကြသည်။ ရုက္ခဗေဒ နှင့်ပါဏဗေဒကို လွယ်ကူစိမ့်သောငှာ အောက်ပါအတိုင်း ကဏ္ဍ များခွဲ၍ လေ့လာရာသည်။


၁။ ရုပ်သွင်ပညာ


ဤပညာသည် သစ်ပင်နှင့် တိရစ္ဆာန်တို့၏ အင်္ဂါများကို ပြင်ပမှမြင်ရသည့် ရုပ်အသွင်အတိုင်း လေ့လာသော ပညာရပ် ဖြစ်သည်။


၂။ တစ်ရှူးပညာ


ဤပညာသည် သစ်ပင်နှင့် တိရစ္ဆာန်တို့၏ အင်္ဂါတို့ကို ပြင်ပမှမြင်ရသော ရုပ်အသွင်ပေါ်ရန် အတွင်းဖက်၌ ဖွဲ့စည်း လျက်ရှိသော ဆဲနှင့် တစ်ရှူးများကို လေ့လာသောပညာဖြစ် သည်။


၃။ ဇီဝကမ္မဗေဒ


ဤပညာသည် သဇီဝတို့၏ အင်္ဂါများနှင့် တစ်ရှူးအစိတ် အပိုင်းတို့၏ လုပ်ငန်းတာဝန်များကို၎င်း၊ အသက်ရှင်ခြင်း၏ အကြောင်းနှင့် ပတ်သက်သမျှကို၎င်း လေ့လာသောပညာဖြစ် သည်။


၄။ ဂေဟဗေဒ


ဤပညာသည် အပင် သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် သဇီဝနှင့် ပတ်ဝန်းကျင်တို့ အပြန်အလှန် သပ္ပါယဖြစ်ပုံ အလုံးစုံကို လေ့လာ သော ပညာဖြစ်သည်။


၅။ အပင် သို့မဟုတ် သတ္တဝါပထဝီ 


ဤပညာသည် အပင်နှင့် တိရစ္ဆာန်များ ကမ္ဘာပေါ်ပျံ့နှံ့ခြင်း နှင့် ယင်းကဲ့သို့ ပျံ့နှံ့စေသော ပယောဂများအကြောင်းကို လေ့ လာသောပညာဖြစ်သည်။


၆။ အမျိုးအစားခွဲနည်းပညာ


ဤပညာသည် အပင်နှင့် တိရစ္ဆာန်တို့၏ ရုပ်အသွင်ကို အသေးစိတ်လေ့လာ၍ ရုပ်လုံးဖော်ခြင်း၊ မျိုးမည်သတ်မှတ်ခြင်း နှင့် စနစ်တကျ အမျိုးအစားခွဲခြားခြင်းတို့ကို ပြုသောပညာ ဖြစ်သည်။ ထိုပညာကို အစပြုခဲ့သူကား ဆွီဒင်လူမျိုး ဇီဝဗေဒပညာရှင် ကားလ် လင်းနီးယပ်ဖြစ်၏။ ခေတ်သစ်ရုက္ခဗေဒပညာရှင်တို့ တွေ့ရှိလေ့လာမှတ်သားထား သော အပင်မျိုးစိတ်ပေါင်းမှာ သုံးသိန်းနှစ်သောင်းမျှရှိသည်။ သတ္တဗေဒပညာရှင်တို့ လေ့လာပြီးသော တိရစ္ဆာန်မျိုးစိတ်ပေါင်း ထက် အရေအတွက်အားဖြင့် သုံးဆပိုမိုလျက်ရှိသည်။ တော တောင်အထပ်ထပ်နှင့် တကွ လူသူအရောက်အပေါက်မရှိသေး သော (ဝါ) လူနေနည်းပါးသော အရပ်ရပ်တို့၌ ပေါက်နေသည့် အပင်တို့ကို ရှာဖွေလေ့လာနိုင်လျှင် အပင်မျိုးစိတ်အရေအတွက် ပိုမိုများပြားစွာ တွေ့ရှိဦး မည်မှာ သေချာပေသည်။


၇။ ရုပ်ကြွင်းကျောက် ရုက္ခဗေဒနှင့် ရုပ်ကြွင်းကျောက်ပါဏဗေဒ


အတိတ်ခေတ်၌ ပေါ်ထွန်းခဲ့ကြသော အပင်နှင့် တိရစ္ဆာန်တို့ ၏ ရုပ်ကြွင်းများသည် မြေလွှာအထပ်ထပ်၌ ကျောက်ဖြစ်၍ ကျန်ရစ်နေတတ်ကြသည်။ ထိုရုပ်ကြွင်းကျောက်တို့၏ အသွင် လက္ခဏာကို စူးစမ်းလေ့လာခြင်းဖြင့် အတိတ်ခေတ်တွင် ပေါ် ထွန်းခဲ့ကြသော အပင်နှင့် တိရစ္ဆာန်တို့အကြောင်းကိုသိနိုင်သည်။ အပင်နှင့် တိရစ္ဆာန်များ၏ ရုပ်ကြွင်းကျောက်ကို ယခုခေတ်၌ တွေ့မြင်နေကြရသော အပင်၊ တိရစ္ဆာန်တို့နှင့် နှိုင်း၍လည်း လေ့လာနိုင်သည်။ အမျိုးအစားခွဲခြားခြင်းသည် ဇီဝဗေဒပညာရပ်တွင် အလွန် အသုံးဝင်သည်။ ဇီဝဗေဒပညာရှင်တို့သည် တိရစ္ဆာန်များကို (၁) ကျောရိုးရှိတိရစ္ဆာန်နှင့် (၂) ကျောရိုးမဲ့တိရစ္ဆာန်ဟု နှစ်မျိုးခွဲခြား သည်။ ထိုအစု နှစ်ခုကို တစ်ဖန်အောက်ပါအတိုင်း ခွဲခြားပြန် သည်။


၁။ ။ကျောရိုးရှိတိရစ္ဆာန် 


(က) ငါး။ ပုံစံ-ငရှဉ့်၊ ငရံ့၊ မိကျောင်း၊ ငမန်း။(ခ) ကုန်းနေရေသတ္တဝါ။ ပုံစံ-ဖား၊ နျူကောင်။(ဂ) တွားသွားကောင်။ ပုံစံ-မြွေ၊ ပုတ်သင်၊ ဖွတ်၊ ပုတက်၊ လိပ်။(ဃ) ငှက်။ ပုံစံ-လင်းယုန်ငှက်၊ သိန်း၊ ငှက်ခါး၊ စာကလေး၊ ခို၊ ကြက်၊ ချိုး၊ ဥဩ။(င) နို့တိုက်သတ္တဝါ။ ပုံစံ-မျောက်၊ နွား၊ မြင်း၊ ခွေး၊ သိုး၊ ဆိတ်၊ လူ၊ ကျွဲ၊ ကြောင်၊ ဝက်၊ ယုန်။


၂။ ။ကျောရိုးမဲ့တိရစ္ဆာန် 


(က) အားသရော့ပိုဒါ။ ပုံစံ-အင်းဆက်ပိုး၊ ပင့်ကူ။(ခ) မိုလတ်စက။ ပုံစံ-ကမာ၊ ခရု။(ဂ) အန်နီလစ်ဒါ။ ပုံစံ-တီကောင်၊ မြှော့။(ဃ) ပရိုတိုဇိုဝါ။ ပုံစံ-အမီးဗား။



ဇီဝဗေဒပညာရှင်တို့သည် အပင်များကို အပွင့်ပွင့်သော အပင်နှင့် အပွင့်မပွင့်သော အပင်ဟူ၍ အစုကြီး နှစ်စုခွဲထား သည်။ တစ်ဖန် အပွင့်ပွင့်သော အပင်များကို (က) အန်ဂျီအို စပမ်းခေါ် မျိုးစေ့ဝှက်ပင်မျိုး၊ ပုံစံ-သရက်၊ ဩဇာ၊ မာလကာ နှင့် (ခ) ဂျင်မနိုစပမ်းခေါ် မျိုးစေ့ဖော်ပင်မျိုး၊ ပုံစံ-ထင်းရှူး၊ ဖားထင်းရှူးဟူ၍ ခွဲခြားထားပြန်သည်။ အပွင့်မပွင့်သော အပင်များမှာမူ ကျောက်ချက်ပင်မျိုး၊ ရေည|ိ၊ လစ်ဗာဝတ်ပင်၊ ဖန်ဂျိုင်း၊ မှို၊ အယ်လဂျေပင် (ကျောက် ပွင့်)တို့ ဖြစ်ကြသည်။


အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သက်ရှိအမျိုးအစား ဇယားအခြေခံကို ရေးဆွဲလိုက်လျှင် အောက်ပါအတိုင်း ဖြစ်လေ သည်။


ဇီဝဗေဒပညာသမိုင်း


ဘီစီ ၆ဝဝ အထက်က ဂရိပညာရှိ အနက်ဆီမန်ဒါသည် 'တိရစ္ဆာန်တို့မှာ ရေမှဖြစ်ပေါ်လာ၏'ဟူသော အယူအဆကို ကြံ ဆခဲ့ဘူး၏။ ထိုနောက် နှစ်ပေါင်းတရာခန့်ကြာသောအခါ၊ ဆေး ပညာ၏ ဖခင်ဟု ခေါ်ဆိုသမုတ်အပ်သော ဂရိပညာရှိ ဟစ်ပေါ့ ကရာတီသည် ဇီဝဗေဒပညာကို များစွာအထောက်အပံ့ပြုခဲ့သည်။ ဂရိလူမျိုး အယ်ရစ္စတိုတယ်နှင့် ရောမလူမျိုး ပလင်နီတို့သည် သတ္တဝါနှင့် အပင်အကြောင်းကို များစွာ သုတေသနပြုခဲ့ကြ သည်။


သို့ရာတွင် ဇီဝဗေဒပညာသည် အလယ်ခေတ်ရောက်မှသာ ပို၍ထွန်းကားလာခဲ့သည်။ ၁၅၁၄ ခုနှစ်တွင် ဗိဆေးလိယပ်ခေါ် ဗဲလဂျီယန်အမျိုးသားတစ်ဦးသည် လူ့ရုပ်ကလာပ်ကို ခွဲစိတ် ကြည့်ရှုခဲ့သည်တွင် အနာတမီပညာသည် ပေါ်ထွန်းလာလေ သည်။ အင်္ဂလန်နိုင်ငံ၌မူကား ၁၅၇၈ ခုနှစ်တွင် ဝီလျံ ဟားဗေး သည် လူ့ခန္ဓာကိုယ်၌ သွေးကြောများဖြင့် သွေးလွှတ်ပုံကို သုတေသနပြုခြင်းအားဖြင့် ခန္ဓာကိစ္စဗေဒပညာသည် စတင် ပေါ်ထွန်းလာလေသည်။ ၁၆ဝဝ ပြည့်နှစ်တစ်ဝိုက်၌ ထင်ရှား ခဲ့သော ဒပ်ချလူမျိုး လေးဗင်ဟုသည် မိုက္ကရိုစကုပ်ကို တီထွင် ယင်းမှ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ် သော အပင်နှင့် အကောင်များကို လေ့လာနိုင်ခဲ့သည်။ ထိုခေတ် တွင် အင်္ဂလိပ်လူမျိုး ရောဗတ် ဟွတ်သည် အပင်နှင့် အကောင် ငယ်များတွင်ရှိသော ဆဲများကို မိုက္ကရိုစကုပ်ဖြင့် တွေ့မြင်နိုင်ခဲ့ရ သည်။


ခရစ် ၁၇ဝဝ ပြည့်နှစ်အတွင်း၌ ဆွီဒင်အမျိုးသား သိပ္ပံ ပညာရှင် လင်းနီးယပ်သည် အပင်နှင့် တိရစ္ဆာန်တို့ကို သိပ္ပံပညာ နည်းစနစ်ဖြင့်လျော်ညီအောင် အမျိုးအစားခွဲခြား၍ ပေးခဲ့လေ သည်။ ထိုပြင်၊ ပြင်သစ်အမျိုးသား ကူးဗီယေသည် လူနှင့် တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံကို လေ့လာ၍ အနာတမီ ပညာရပ်ကို စတင်ပြုစုပေး ခဲ့လေသည်။ ခရစ် ၁၈ဝဝ ပြည့်နှစ် ၌ ရှလိုင်ဒင်နှင့် ရှဗန်းနှစ်ဦးတို့သည် သက်ရှိရုပ်ဟူသမျှမှာ ဆဲ များဖြင့်သာ ဖွဲ့စည်းထားကြောင်း သီအိုရီကို ကြံဆခဲ့ကြလေ သည်။ ထိုခေတ်တွင် ဒါဝင်သည် ဝေါလေ့နှင့်အတူ သုတေသန ပြုရာမှ ယခုအခါ အလွန်ကျော်စောထင်ရှားသော အီဗော်လျူရှင် ဆိုင်ရာ သီအိုရီတစ်ခုကို ကြံဆခဲ့လေသည်။ ယင်းသီအိုရီမှာ တိရစ္ဆာန်တို့သည် အနိမ့်တန်းစားတိရစ္ဆာန်မျိုးမှ တစ်ဆင့်ထက် တစ်ဆင့်တက်၍ အမြင့်တန်းစား တိရစ္ဆာန်မျိုးအဖြစ်သို့ ကူး ပြောင်းလာတတ်သည်ဟူသော အခြေခံသဘောတရားပင်ဖြစ်လေ သည်။ ဩစတြီးယား လူမျိုး ခရစ်ယန်ဘုန်းတော်ကြီး မင်းဒဲ မှာမူ ဂျင်နစ်တစ်ပညာရပ်ဆိုင်ရာ အခြေခံနိယာမတရားတို့ကို ရှာဖွေတွေ့ ရှိခဲ့လေသည်။ ၂ဝ ရာစု နှစ်ဦးတွင် ဂျာမန်လူမျိုး ဇီဝဗေဒပညာရှင် ဗိုက်စမန်းသည် တိရစ္ဆာန်တို့၏ ဗီဇဆဲများကို အခြားဆဲများမှ ခွဲခြား၍ ပြဆိုခဲ့လေသည်။ ထိုပြင် လူဝီပါး စတားနှင့် ရောဗတ်ကော့တို့သည် ဗက်တီးရီး ယားပိုးပညာကို ထွန်းကားလာအောင် အထောက်အပံ့ပြုခဲ့လေ၏။ (ဦးကိုကိုကြီး)


ရှေးခေတ်ဂရိပညာရှင်များလက်ထက်မှ အစပြု၍ လူ၊တိရစ္ဆာန်နှင့် အပင်များအား သုတေသနပြုခဲ့ကြောင်း သမိုင်းအထောက် အထား များရှိခဲ့သည်။ ၈ရာစုနှင့်၁၃ရာစုကာလ အာရပ်လူမျိုးပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်များနှင့် ဥရောပရီနေဆွန်းခေတ် လေ့လာစမ်းသပ် ချက်များစွာတို့သည် ခေတ်သစ် ဇီဝဗေဒပေါ်ထွန်းစေသည့်အခြေခံ အုတ်မြစ်များဖြစ်ခဲ့သည်။ ၁၇ ရာစုတွင် အဏုကြည့်မှန်ဘီလူး ပေါ်ပေါက်လာပြီးနောက် ရောဂါပိုးမွှားများ(Microbes)၊ဆဲလ် (Cell)အစရှိသည့် ကြီးမားသည့် တွေ့ရှိ ချက်များ ပေါ်ထွန်းခဲ့ပြီး ၁၈ရာစု ခေတ်သစ်ဓါတုဗေဒနှင့် စနစ်တကျပေါင်းစပ်ကာ ယနေ့ကျွနု်ပ်တို့ သိရှိမြင်တွေ့နေ ရသည့်ခေတ်သစ်ဇီဝဗေဒ ပေါ်ထွန်းလာခဲ့သည်။


၂ဝရာစုနှင့်၂၁ရာစုအစောပိုင်း ကာလသည် ဇီဝဗေဒဘာသာရပ်၏ ရွှေရောင်လွှမ်းသောကာလများ ဟုမှတ်ယူထားရသည့်အောင် တိုးတက်မှုအရှိန်အဟုန် မြင့်မားခဲ့သည်။ နောက်ဆုံးပေါ်နည်းပညာများနှင့်ကိရိယာများ အကူအညီဖြင့် စမ်းသပ်ခန်းများထဲတွင် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသည့် ပဟေဋ္ဌိများ အားဖေါ်ထုတ်နိုင်ခဲ့ကြသည်။ ဥပမာအားဖြင့်- ဆဲလ်တစ်ခုသာရှိသော သက်ရှိမှသည် ဆဲလ်ပေါင်းများစွာ ပါဝင်သော အပင်နှင့်တိရစ္ဆာန်များအဖြစ် မည်သို့မည်ပုံ ပြောင်းလဲလာပုံ၊နေရောင်ခြည်စွမ်းအင်အား အသုံးပြု၍ အပင်တို့ဆင့်ဆင့် အစာချက်လုပ်ပုံ၊ လွန်စွာသေးငယ်သော ပိုးမွှာလေးမှသည် သန်းပေါင်းများစွာကွဲပြား သောသက်ရှိအမျိုးမျိုး အဖြစ်ဆင့်ကဲပြောင်းလဲ လာပုံ အပါအဝင် အခြားအကြောင်းအရာပေါင်းများစွာ တို့အားမည့်သည့်ခေတ်ကာလ နှင့်မတူ နက်နက်နဲနဲ နားလည်သဘောပေါက် လာပြီဖြစ်သည်။


ထို့အပြင်ခေတ်သစ်ဇီဝဗေဒသည် လူ့အဖွဲ့အစည်း၏နေ့စဉ်ဘဝတွင် မရှိအဖြစ်အသုံးပြုရသော အရေးပါသည့်ဘာသာရပ်တစ်ခု လည်းဖြစ်သည်။သာဓက များပြရသော မျိုးရိုးဗီဇနှင့်ဆဲလ်များ အားအထူးပြုလေ့လာသည့် Geneticsနှင့်Cell Biologyတို့၏အကျိုး ကျေးဇူးကြောင့် ပိုမိုတိုးတက်သည့်ဆေးဝါးနှင့် လယ်ယာစိုက်ပျိုးရေး နည်းပညာများ ပေါ်ပေါက်လာသလို မနုဿဗေဒဘာသာရပ် အတွက်လည်း Molecular Biology၏အခန်းကဏ္ဍမှာများစွာအရေးပါ လှသည်။DNAတိုက်ဆိုင်စစ်ဆေးမှုသည် တရားစီရင်ရေးစနစ် ၏ မရှိမဖြစ်ကိရိယာတစ်ခုဖြစ်လာပြီး ဂေဟဗေဒ(Ecology)ကဲ့သို့သောဘာသာရပ်ခွဲမှ ကမ္ဘာကြီးပူနွေးလာမှု နှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာ များအား အဓိကဖြေရှင်းပေးလျှက် ရှိသည်။


ဇီဝဗေဒ၏အခြေခံအုတ်မြစ်များ


ခေတ်သစ်ဇီဝဗေဒအား အောက်ပါ အခြေခံသဘောတရား ၄မျိုး ပေါ်တွင် တည်ဆောက်ထားသည်။



ဆဲလ်သီအိုရီ(Cell Theory)


သက်ရှိအားလုံးတို့အားဆဲလ် သို့မဟုတ် ဆဲလ်များဖြင့်ဖွဲစည်းထားပြီး ဆဲလ်မှာအခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်သည်။ ဆဲလ်များစွာပါဝင်သည့်သက်ရှိများ တွင်မူလဆဲလ်တစ်ခုမှအစပြု၍ ဆဲလ်များစွာပေါက်ဖွါးလာသည်။ အဆိုပါဆဲလ်များသည် အရိုးဆဲလ်၊ အရေပြားဆဲလ်အစရှိသဖြင့် အမျိုးအစားများကွဲပြား ခြားနားကြသည်။



ဆင့်ကဲပြောင်းလဲခြင်း သီအိုရီ (Evolution Theory)


၁၉ရာစုအင်္ဂလိပ်ဇီဝပညာရှင် Charles Darwin၏ Origin of species စာအုပ်ဖြင့် ဇီဝဗေဒအား ခေတ်ပြောင်းတော်လှန်ခဲ့သည့် အယူအဆဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ခန္ဓာဗေဒနှိုင်းယှဉ်လေ့လာချက်များအရ ယနေ့သက်ရှိမျိုးစိတ်များသည် ရှေးနှစ်သန်းပေါင်းများစွာရှိ မျိုးစိတ်များမှ ဆင့်ကဲပြောင်းလဲလာ ခြင်းဖြစ်သည်။ ထိုသို့ပြောင်းလဲရာတွင် natural selectionခေါ် သဘာဝတရားကြီး၏ဖေးမရွေးချယ်မှုမှာ အဓိကသော့ချက်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲခြင်း သီအိုရီသည် သက်ရှိမျိုးစိတ် ပေါင်းများစွာတို့၏ အံဩဖွယ် တူညီမှုနှင့် ကွဲပြားခြားနားမှုတို့အား သိပ္ပံနည်းကျ ရှင်းချက်ထုတ် ပေးနိုင်သည့် တစ်ခုတည်းသော သီအိုရီဖြစ်သည်။


မျိုးရိုးဗီဇသီအိုရီ(Gene Theory)


သက်ရှိများအားလုံး၏ ဇီဝအချက်အလက်များကို မျိုးရိုးဗီဇတွင်မှတ်သားထားပြီး မျိုးပွါးရာတွင် (ဥပမာ-မိဘမှသားသမီးသို့) အဆိုပါအချက်အလက်များထည့် သွင်းပေးလိုက်သည်။ DNAသည် မျိုးရိုးဗီဇ အချက်အလက်များ တည်ဆောက်ရာတွင် အသုံးပြုသည့်ကုဒ်လေးများ ဖြစ်သည်။ ထိုအချက်အလက်များသည် Genotypeစနစ်မှ မြင်တွေ့သိမြင်နိုင်သော Phenotypeစနစ် (အရွယ်အစား၊ အရောင်အသွေး၊ အမူအကျင့်စသည်တို့) သို့ဘာသာပြန်ခြင်းခံရသည်။ ပတ်ဝန်းကျင်၏ သက်ရောက်မှုကြောင့် အထက်ပါအချက်အလက်များ ပြောင်းလဲနိုင်သော်လည်း နောက်မျိုးဆက်သို့လက်ဆင့်မကမ်းနိုင်။ Mutationကြောင့် ပြောင်းလဲသွားမှ သာလျှင် လက်ဆင့်ကမ်းနိုင်သည်။


ကိုယ်တွင်းအားမျှခြေစနစ် (Homeostasis)


Steady Stateဟု အကြမ်းဖျင်းခေါ်ဆိုနိုင်သည်။ ပတ်ဝန်းကျင်၏ သက်ရောက်မှုအား သက်ရှိများအားလုံး၏ ကိုယ်ခန္ဓာအတွင်းပိုင်းတွင် လိုက်လျောညီထွေ ဖြစ်နိုင်ရန်ထိန်းညှိပေးသည့် အားမျှခြေစနစ် ဖြစ်သည်။ အခြေခံအကျဆုံးသော ဆဲလ်များတွင်ပင် ထိုအားမျှခြေစနစ်ရှိသည်။ ဥပမာ - အင်မတန်ပူပြင်းသည့် ပတ်ဝန်းကျင်တွင် သွေးနွေးသတ္တဝါများ၏ ကိုယ်တွင်းအပူချိန်မျှတနေခြင်း၊ အချိုများအများအပြားစားသော်လည်း သွေးတွင်းသကြားပမာဏ ပုံမှန်တည် ရှိနေခြင်းတို့မှာ ကိုယ်တွင်းအားမျှခြေစနစ် ကြောင့်ဖြစ်သည်။


သက်ရှိများအား ယေဘုယျအုပ်စု ဖွဲ့ခွဲခြားခြင်း 


ဇီဝဗေဒတွင် သန်းပေါင်းများစွာ ကွဲပြားခြားနားသော သက်ရှိများကို စနစ်တကျ လေ့လာနိုင်ရန်အတွက် မျိုးတူရာအစုများ အုပ်စုဖွဲ့၍ နယ်မြေများ ပိုင်းခြားသတ်မှတ်ထားသည်။ ယေဘုယျအကျဆုံး ပိုင်းခြားနည်းမှာ သက်ရှိများ၏ ဆဲလ်အမျိုးအစားပေါ် မူတည်ခြင်း ဖြစ်သည်။ သေးငယ်၍ ရှင်းလင်းသော Prokaryotic ဆဲလ်နှင့် ပိုမိုကြီးမား၍ တည်ဆောက်ပုံရှုပ်ထွေးသော Eukaryotic ဆဲလ် ဟူ၍ဖြစ်ကြသည်။ ရှေးယခင်က Monera၊ Protista ၊ Plantae ၊ Fungi၊ Animalia ဟူသော ၅နိုင်ငံစနစ်ကို အသုံးပြုသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ၂ခုအတွင်း အသစ်ထပ်မံ တွေ့ရှိချက်များပေါ် မူတည်၍ ဒိုမိန်း ၃ခုစနစ်အား စတင် အသုံးပြုလာကြသည်။


ဒိုမိန်း ၃ခု စနစ် 


ဒိုမိန်း ၃ခု စနစ်အား ဘက်တီးရီးယား(Bacteria)၊ အာခီးရား (Archaea) နှင့် အျူကားရား (Eukarya)တို့ဖြင့် ဖွဲ့စည်းထားပြီး ၁၉၉ဝခုနှစ်တွင် အမေရိကန် ဇီဝပညာရှင် Carl Woese မှ စတင် မိတ်ဆက်သည်။


ဘက်တီးရီးယား (Bacteria) ဒိုမိန်း 


ဘက်တီးရီးယားများအား Prokaryotic ဆဲလ် တစ်ခုတည်းဖြင့် ဖွဲ့စည်းထားပြီး ဆဲလ်အတွင်း Nucleus မပါဝင်ပေ။ မိုက်ခရိုမီတာ အနည်းငယ်သာရှည်လျားပြီး ပုံသဏ္ဌာန်အားဖြင့် စက်လုံး၊ တုတ်ချောင်း၊ ခရုပါတ် အစရှိသဖြင့် အမျိုးမျိုး ကွဲပြားကြသည်။ ဘက်တီးယားများ သည် လူ့ခန္ဓာကိုယ်တွင်း၊ အက်ဆစ်ရေပူစမ်းများ၊ ရေဒီယိုသတ္တိကြွအမှိုက်များအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြား၌ အသက်ရှင်နေထိုင်နိုင်ကြသည်။ အများစုသော ဘက်တီးရီးယားမျိုးစိတ်များသည် လူသားအား အကျိုးပြုနိုင်သော်လည်း အချို့မျိုးစိတ်များမှာ ကာလဝမ်းရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ နူနာရောဂါ၊ အဆုတ်နာ ၊တီဘီရောဂါ အစရှိသည့် ရောဂါပေါင်းများစွာ ဖြစ်ပေါ်စေနိုင်သည်။ ထိုကဲ့သို့ အန္တရာယ်ပေးနိုင်သော ဘက်တီးရီးယားများကို ကာကွယ်ရန် Antibacterialခေါ် ပဋိဇီဝဆေးဝါးများအသုံးပြုကြသည်။


အာခီးရား(Archaea) ဒိုမိန်း


"ancient"ဟုအဓိပ္ပယ်ရပြီး ဘက်တီးရီးယားများကဲ့သို့ပင် ဆဲလ်တစ်ခုတည်းသာပါဝင်သည့် Prokayotes များ ဖြစ်ကြသည်။ ယခင်က ၎င်းတို့အား ထူးခြားသည့် ဘက်တီးရီးယားများအဖြစ် မှတ်ယူပြီး archaebacteria ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။ သို့သော် ဘက်တီးရီးယားများနှင့်မတူ ထူးခြားသည့် ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်များအား ရှာဖွေတွေ့ရှိပြီးနောက်ပိုင်း သီးခြားဒိုမိန်းတစ်ခုအဖြစ် ခွဲထုတ်ခဲ့သည်။ အာခီးရားများသည် ဘက်တီးရီးယားများကဲ့သို့ပင် လွန်စွာသေးငယ်သလို ပုံသဏ္ဌာန်အားဖြင့်လည်း များစွာဆင်တူကြသည်။ သို့ရာတွင် ဇီဝကမ္မဖြစ်စဉ်များအရ Eukaryotes များနှင့် ပိုမိုဆွေးမျိုးနီးစပ်သည်။ လွန်စွာအပူရှိန်ပြင်းထန်သည့် ရေအိုင်များ၊ ဆားငန်အိုင်များထဲတွင် အသက်ရှင်နိုင်ကြသည့် သက်ရှိများဖြစ်ကြသော်လည်း ရောဂါပိုးမွှားအဖြစ် အန္တရာယ်ပေးနိုင်ကြောင်း အထောက်အထား မတွေ့ရှိရသေးပေ။


အျူကားရား(Eukarya) ဒိုမိန်း


ပိုမိုကြီးမား၍ ရှုပ်ထွေးသော Eukaryotic ဆဲလ်များဖြင့် ဖွဲ့စည်းထားပြီး ထိုဆဲလ်များအတွင်းတွင် နျူကလီးယပ် Nucleus ပါဝင်သည်။ ကွဲပြားခြားနားသော Eukaryotic ဆဲလ်များပေါ်မူတည်၍ အျူကားရားဒိုမိန်းအား နိုင်ငံ၄ခု ထပ်မံခွဲခြားထားပြန်သည်။ ၎င်းတို့မှာ ပရိုတစ်တာ(Kingdom Protista)၊ အပင်(Kingdom Plantae)၊ မှို(Kingdom Fungi)နှင့် တိရစ္ဆာန်(Kingdom Animalia) တို့ဖြစ်ကြသည်။


ပရိုတစ်တာလောက(Kingdom Protista)


ပရိုတစ်တာများသည် လွန်စွာသေးငယ်သည့် microorganisms အျူကားရားများဖြစ်ကြပြီး အများစုမှာဆဲလ်တစ်မျိုးဖြင့်သာ ဖွဲ့စည်းထားသည်။ သို့သော် ဆဲလ်အမြောက်အမြားဖြင့် ဖွဲ့စည်းထားသည့် ပရိုတစ်တာများလည်းရှိသည်။ ယင်းတို့၏ ရိုးရှင်းသော ဆဲလ်တည်ဆောက်ပုံပေါ်မူတည်၍ အခြားသော အျူကားယားများဖြစ်ကြသည့် အပင်၊ မှို၊ တိရစ္ဆာန်တို့နှင့် ခွဲခြားထားသည်။ ပရိုတစ်တာများသည် ရေရှိသည့် ပတ်ဝန်းကျင်တိုင်းတွင် ပေါက်ဖွားရှင်သန်နိုင်ကြပြီး ဂေဟစနစ်တွင် ဘက်တီးရီးယားများကဲ့သို့ပင် အရေးပါသူများ ဖြစ်ကြသည်။ တိရစ္ဆာန်ကဲ့သို့သော ပရိုတစ်တာအား ပရိုတိုဇွား(Protozoa)၊ အပင်ကဲ့သို့သော ပရိုတစ်တာအား အယ်လ်ဂျေး(Algae) နှင့် မှိုကဲ့သို့သော ပရိုတစ်တာ(Slime Mold)ဟူ၍ ခွဲခြားထားသည်။ အချို့သော ပရိုတစ်တာများသည် ကပ်ပါးရောဂါပိုးမွှားများဖြစ်ပြီး ငှက်ဖျားရောဂါ၊ Sleeping sickness အစရှိသည့် ရောဂါအမြောက်အများ ဖြစ်ပွားစေသည်။


အပင်လောက(Kingdom Plantae)


Eukaryotic ဆဲလ်များဖြင့် ဖွဲ့စည်းထားပြီး နေရောင်ခြည်စွမ်းအင်အသုံးပြုကာ ကိုယ်ပိုင်အစာအဖြစ် အော်ဂန္နစ်မော်လီကျူးများ ထုတ်လုပ်သည့် သက်ရှိများကို အပင်ဟုခေါ်သည်။ နေရောင်ခြည်စွမ်းအင်ဖြင့် အစာချက်လုပ်ခြင်း(Photosynthesis)သည် အပင်နှင့်အခြားသက်ရှိများအား အဓိက ခွဲခြားပေးထားသည့်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အပင်များအား အုပ်စုခွဲခြားရာတွင် အစိမ်းရောင်ရေညှိ (Green Algae)၊ Bryophytes၊ Pteridophytes နှင့် အစေ့ရှိအပင်များ(Seed Plants) ဟူ၍ အကြမ်းဖျင်း ၄ပိုင်း ခွဲခြားထားသည်။ အပင်များ၏ နေရောင်ခြည်စွမ်းအင်ဖြင့် အစာချက်လုပ်ခြင်း (Photosynthesis)သည် ဂေဟစနစ်များအားလုံး၏ စွမ်းအင်နှင့် အော်ဂန္နစ်ပစ္စည်းများထုတ်လုပ်ရာ ပင်မအရင်းအမြစ် ဖြစ်သည့်အပြင် ကမ္ဘာလေထုတွင်း ဓာတ်ငွေ့များ အချိုးကျ ပေါင်းစပ်မှုကိုပါ ပြုပြင်ထိန်းချုပ်ပေးသည်။ ထို့အပြင် ဂေဟစနစ်အတွင်း တိရစ္ဆာန်များအတွက် အစားအစာနှင့် မှီခိုနေထိုင်ရာအဖြစ်ပါ အကျိုးပြုသည်။


မှိုလောက(Kingdom Fungi)


မှိုများအားလုံးအားEukaryoticဆဲလ်များဖြင့် ဖွဲ့စည်းထားပြီး ဆဲလ်တစ်မျိုးသာပါဝင်သော မျိုးကွဲအချို့လည်းရှိသည်။ ယခင်ကမှိုများအား အပင်များနှင့်အုပ်စုတူအဖြစ် သတ်မှတ်ခဲ့သော်လည်း အသစ်ထပ်မံတွေ့ရှိချက်များအရ သီးခြားအုပ်စုအဖြစ်ခွဲထုတ်ခဲ့သည်။ မော်လီကျူးသုတေ သနများအရ မှိုနှင့်တိရိစ္ဆာန် များမှာ ပိုမိုဆွေမျိုးနီးစပ် ကြသည်။သဲကန္တာရများအပါအဝင် ကမ္ဘာ့နေရာအနှံအပြား၌ မှိုတို့ရှင်သန်ပေါက်ဖွားနိုင် ကြသလိုရေထဲတွင်သာ ပေါက်ရောက်နိုင်သည့် မျိုးစိတ်များလည်းရှိသည်။ မှိုများသည်လိုအပ်သည့် အစာအဟာရများအား ပတ်ဝန်းကျင်မှစုပ်ယူ သည့်စနစ်အားအသုံးပြုကြပြီး ဘက်တီးရီးယားများကဲ့သို့ပင် ဂေဟစနစ်တွင်Decomposerများ ဖြစ်ကြသည်။ လက်ရှှိမှတ်တမ်းတင်ပြီးသော မှိုမျိုးစိတ်၁သိန်းကျော်အနက် ၃ဝရာခိုင်နှုန်းမှာ ကပ်ပါးများဖြစ်ပြီး အများစုမှာ အပင်များပေါ်တွင်သာ တွယ်ကပ်ကြသည်။သို့သော် မျိုးစိတ်၅ဝခန့်မှာ လူနှင့်တိရိစ္ဆာန်များ သို့တွယ်ကပ်တတ်ပြီး အဆုတ်တွင်မှိုစွဲခြင်းရောဂါ၊ အမျိုးသမီးလိင်အင်္ဂါတွင်မှိုစွဲခြင်းရောဂါနှင့် အခြားသောအရေပြားရောဂါများစွာ ဖြစ်ပေါ်စေနိုင်သည်။


တိရိစ္ဆာန်လောက (Kingdom Animalia)


လူနှင့်တိရိစ္ဆာန်တို့ပါဝင်ပြီး Eukaryoticဆဲလ်များစွာဖြင့် ဖွဲ့စည်းထားသည့်သက်ရှိများ ဖြစ်ကြသည်။ ထူးခြားသည့် ဝိသေသမှာ ကိုယ်တွင်းကလီစာ များဖြင့် အစာချေဖျက်ပြီး အဟာရများစုတ်ယူခြင်းဖြစ်သည်။ တိရိစ္ဆာန်အများစုမှာ လိင်မှုပြုခြင်းဖြင့် မျိုးပွါးကြပြီး ဥအုခြင်းအပြင်အကောင်လိုက်မွေးဖွါးကြသည်။ တိရိစ္ဆာန်အများစုတွင် ကြွက်သားနှင့်နက်ဗ်ဆဲလ်များရှိပြီး အစာရှာဖွေရာတွင် အဓိကအသုံးပြု ကြသည်။အချို့သောမျိူးစိတ်များတွင် ရှုပ်ထွေးကြီးမားသည့် နက်ဗ်ဆဲလ်ကွန်ယက်ခေါ် ဦးနှောက်ပါဝင်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသည်။ တိရိစ္ဆာန်များအား ကျောရိုးရှိနှင့် ကျောရိုးမဲ့ ဟူ၍ ယေဘူယျအုပ်စု ခွဲခြားကြသည်။


မိုနီရာလောက(Kingdom Monera)


ဇီဝဗေဒဘာသာရပ်ခွဲများ


ဇီဝဗေဒပညာရပ်သည် ကြီးမားကျယ်ပြန့်သောဘာသာရပ်ဖြစ်သောကြောင့် ဘာသာခွဲငယ်များဖြင့် အသေးစိတ်ပိုင်းခြားလေ့လာသည်။


သတ္တဗေဒ (zoology)


သတ္တဝါများအား လေ့လာသောဘာသာရပ်ဖြစ်သည်။


ရုက္ခဗေဒ (botany)


အပင်များအား လေ့လာသောဘာသာရပ်ဖြစ်သည်။


အဏုဇီဝဗေဒ (Molecular biology)


ဇီဝဗေဒအား မော်လီကျူးများအဆင့်ထိလေ့လာသော ဘာသာရပ်ဖြစ်ပြီး ဆဲလ်မျိုးကွဲများ ပေါင်းစပ်အလုပ်လုပ်ပုံအား အဓိကထားသည်။


Cytology(ဆဲလ်ဗေဒ ဝါ ကလပ်စည်းဗေဒ)


ဆဲလ်များ၏ အမူအကျင့်၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဆောင်ရွက်ပုံတို့အား လေ့လာသောဘာသာရပ်ဖြစ်သည်။


Genetics(မျိုးရိုးဗီဇဗေဒ)


သက်ရှိများ၏ အမွေဆက်ခံသည့်ဗီဇများအား လေ့လာသောဘာသာရပ်ဖြစ်သည်။


Evolutionary biology(ဆင့်ကဲပြောင်းလဲခြင်းဗေဒ)


သက်ရှိများ၏ မူလအစနှင့် ဆင့်ကဲပြောင်းလဲလာပုံအဆင့်ဆင့်အား လေ့လာသောဘာသာရပ်ဖြစ်သည်။


Taxonomy(ဇီဝမျိုးခွဲဗေဒ)


သက်ရှိများအား စနစ်တကျလေ့လာနိုင်ရန် မျိုးတူအုပ်စုခွဲ၍ အမည်ပေးသောဘာသာရပ်ဖြစ်သည်။


Ecology(ဂေဟဗေဒ)


သက်ရှိများနှင့် ၎င်းတို့၏ပတ်ဝန်ကျင်တို့ အပြန်အလှန်ဆက်စပ်အကျိုးပြုပုံအား လေ့လာသောဘာသာရပ်ဖြစ်သည်။


ကိုးကားကျမ်းစာရင်း

*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

*အခြေခံပညာ သင်ရိုးညွှန်းတမ်း နဝမတန်း 

*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

*Neil A.Campbell၊ Jane B.Reeceနှင့် Eric J.Simonတို့ရေးသားသည့် Essential Biology with Physiology

ခရစ်ဒစ် wiki