သခင်ယေရှု (ဂျီးစပ်စ်ခရိုက်) (၆ ဘီစီခန့် - အေဒီ ၃၀ ခန့်)
JESUS CHRIST (c.6 B.C – c. 30 A.D.)
လူ့သမိုင်းမှာ သခင်ယေရှု (ဂျီးစပ်စ်) ရဲ့ လူများအပေါ်မှာ ထားရှိခဲ့တဲ့ မေတ္တာတော် ကြီးမားထင်ရှားလှလို့ အခုကျော်စွာစာရင်းမှာ ထိပ်ဆုံးနီးနီးလောက်က ထည့်ထားတာကို ကန့်ကွက်သူ မရှိသလောက် ဖြစ်မယ်လို့ ထင်ပါတယ်။ သမိုင်းမှာ သြဇာအရှိဆုံး အယူဝါဒကြီးကို လှုံ့ဆော်ပြောဟောခဲ့ပေမယ့် ဘာပြုလို့ နံပါတ်(၁) မထွက်သလဲလို့သာ မေးတဲ့လူရှိမယ် ထင်ပါတယ်။
အခုလို နှစ်ကာလရှည်ကြာလာတဲ့အခါ ခရစ်ဝါဒကို သက်ဝင်ယုံကြည်တဲ့ လူဦးရေ အများဆုံး ဖြစ်နေပြီဆိုတာလည်း ငြင်းဖွယ်မရှိပါ။ ဒါပေမယ့် ဒီစာအုပ်မှာတော့ အယူဝါဒတစ်ခုစီရဲ့ သြဇာကို အခြေခံထားပြီး မတွက်ပါ။ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ စွမ်းရည်ကို စစ်ဆေးတွက်ချက်ဆုံးဖြတ်တာ ဖြစ်တယ်။ အစ္စလာမ် (Islam) နဲ့ မတူဘဲ ခရစ်ယာန် (Christian) က ဂျီးစပ်စ် (Jesus) နဲ့ စိန့်ပေါလ် (St. Paul) တို့နှစ်ဦး ထူထောင်ခဲ့တဲ့ သာသနာဖြစ်လို့ စွမ်းဆောင်ချက်ကို ဂုဏ်ပြုတဲ့အခါ တစ်ဦးစီ ပိုင်းခြားပြီး ထိုက်သင့်သလို ပြောရမယ့်သဘောရှိပါတယ်။
ခရစ်သာသနာရဲ့ အခြေခံ ခြိုးခြံကျင့်ကြံရမယ့်သဘောထားနဲ့ ဝါဒပိုင်းဆိုင်ရာ ပမြင်၊ ပြီးတော့ လူ့ကျင့်စဉ်သဘောထားအချုပ်ကို ဂျီးစပ်စ်က ပုံစံချပေးတယ်။ ခရစ်သာသနာကျမ်းစာ စည်းစနစ်ကျကျ ဖော်ထုတ်ပေးသူက စိန့်ပေါလ်ဖြစ်ပါတယ်။ ဂျီးစပ်စ်က စိတ်ပိုင်းဆိုင်ရာ ဟောပြောသွန်သင်တယ်။ ပေါလ်က ခရစ်ကိုးကွယ်မှုကို ပေါင်းစပ်ပေးတယ်။ အဲဒါအပြင် ဓမ္မသစ် (New Testament) ရဲ့ အများစုကို ရေးသားပေးသူဖြစ်တယ်။ ခရစ်ပထမရာစုနှစ်အတွင်းမှာ ခရစ်သာသနာကို ကူးပြောင်းဝင်လာသူ များလာအောင် လုပ်နိုင်စွမ်းတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။
ဂျီးစပ်စ်ဟာ (ဗုဒ္ဓတို့ မိုဟာမက်တို့နဲ့မတူဘဲ) အသက်ငယ်ငယ်မှာ ကွယ်လွန်သူဖြစ်လို့ သူ့လုပ်ငန်းကို ဆက်ခံမယ့် (တပည့်) နည်းနည်းပဲ ကျန်ရစ်တယ်။ ကွယ်လွန်ချိန်မှာ အဲဒီတပည့်အုပ်စုကို ဂျူး (Jew) လူမျိုးဂိုဏ်း အငယ်ကလေးတစ်ခုလို့ပဲ ခေါ်နိုင်မယ်။ ပေါလ်ရဲ့ အရေးအသားနဲ့ မနေမနားပြောဟောပြီး ခရစ်တော်ရဲ့ဝါဒ (အယူဟောင်းကိုစွန့်ပြီး အယူသစ်) ကို လက်ခံလာအောင် လုပ်နိုင်လွန်းလို့ ဂိုဏ်းငယ်ကလေးက အရှိန်အဟုန်နဲ့ အားကြိုးမာန်တက် လှုပ်ရှားလာတဲ့ ဂိုဏ်းကြီးဖြစ်လာပြီး ဂျူးတွေသာမကဘဲ ဂျူးမဟုတ်သူတွေပါ ပါဝင်ပြီး၊ ကမ္ဘာ့ယုံကြည်မှု ဘာသာတရားကြီးတစ်ခု အပါအဝင် ဖြစ်လာခဲ့ရတာပါ။
ဒီအချက်တွေကြောင့် ဂျီးစပ်စ်မဟုတ်၊ ပေါလ်ကိုပဲ ခရစ်ယာန်အယူဝါဒကို ပြုစုပျိုးထောင်သူလို့ သတ်မှတ်ချင်သူတွေ ရှိပါတယ်။ ဒီအတိုင်းဆက်ပြီး ကြံဆပါရင် ကျော်စွာစာရင်းမှာ ပေါလ်ကို ဂျီးစပ်စ်အထက်က ထားရမလိုဖြစ်နေပြီ။ ဒီလိုပြောတာအပြင် ပေါလ်သာမပေါ်ပေါက်ခဲ့ပါရင် ခရစ်သာသနာ ဘယ်အခြေရှိမလဲလို့ ပြောဖို့ခက်တယ်။ ပြီးတော့ ဂျီးစပ်စ်မရှိဘဲ ခရစ်သာသနာဟာ ဘယ်လိုမှ ပေါ်ထွန်းလာစရာ မရှိပါ။
ခရစ်ယာန်ကျောင်းတော်တွေမှာ ဆောင်ရွက်ဆဲ အပြောအဟော အကျင့်အကြံထုံးနည်းတွေနဲ့ ခရစ်သာသနာဝင်လို့ နာမည်ခံသူတချို့က ခရစ်အလိုတော်လို့ ခရစ်အမည်ကိုသုံးပြီး သူတို့သဘောရှိရာ လုပ်နေတာတွေကို ဂျီးစပ်စ်သာ မြင်ရတွေ့ရရင် ဘယ်နည်းနဲ့မှ သဘောတူခွင့်ပြုမှာ မဟုတ်တာတွေ ရှိနေပါတယ်။ ဥပမာ နည်းနည်းပဲ ပြောပါမယ်။ ခရစ်ယာန်ဂိုဏ်းအချင်းချင်း သာသနာရေးစစ် (Religious War) အမည်ခံပြီး တိုက်ခိုက်နေကြတာ၊ ဂျူးတွေကို နှိပ်ကွပ်ဖို့ ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်တဲ့ပွဲတွေ လုပ်ခဲ့တာတွေဟာ ဂျီးစပ်စ်ရဲ့ အရင်းမူလသဘောထားနဲ့ ဆိုဆုံးမချက်တွေကို အထင်အရှားဖြစ်လို့၊ ဂျီးစပ်စ်ကို အရင်းခံသွေးထိုး လှုံ့ဆော်ပေးသူလို့ ပြောဖို့ခက်တယ်။
အလားတူ စဉ်းစားစရာအချက်တစ်ခုက ခရစ်သာသနာဝင် အနောက်ဥရောပနိုင်ငံတချို့မှာ ခေတ်သစ်သိပ္ပံပညာ စတင်ထွန်းကားတာမှန်ပေမယ့် သိပ္ပံပညာထွန်းကားတာ ဂျီးစပ်စ်ကြောင့်လို့ မပြောသင့်ပါ။ ခေတ်ဦးခရစ်သာသနာဝင်တွေက ဂျီးစပ်စ်ပြောသမျှဟာ ရုပ်လောကကို ပိုပြီးသိမြင်အောင် သိပ္ပံနည်းကျစစ်ဆေးကြဖို့ တိုက်တွန်းခဲ့တာပါလားလို့ ယူဆကြမှာမဟုတ်ပါ။ အဖြစ်မှန်က ရောမ (Roman) ကမ္ဘာက ခရစ်သာသနာကို လက်ခံလာချိန်ဟာ လက်မှုအတတ်ပညာမှာရော သိပ္ပံကို ဝါသနာပါပြီး အများတကာစိတ်ဝင်စားမှုမှာပါ နှစ်မျိုးစလုံး အကြီးအကျယ် ကျဆင်းချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
နောင်တကယ် သိပ္ပံပညာ ဥရောပမှာ ခေါင်းထောင်တာဟာ ဥရောပဓလေ့အမွေ (Culture Heritage) ထဲမှာ သိပ္ပံနည်းကျ စုံစမ်းရှာဖွေကြတဲ့အထိ ရောက်အောင် တွန်းပို့တဲ့ လှုံ့ဆော်ချက်တစ်မျိုးမျိုး ပါနေလို့သာ ဖြစ်ရမယ်လို့ ထင်စရာပဲ။ အဲဒီတစ်မျိုးမျိုးဆိုတာကတော့ ဂျီးစပ်စ်နဲ့ မဆိုင်ပါ။ ဂရိပညာရှင် အရစ္စတိုတယ် (Aristotle) တို့၊ ယူကလစ် (Euclid) တို့ ရှေ့ဆောင်ရှေ့ရွက်လုပ်တဲ့ ဂရိ အကျိုးအကြောင်း ဆက်စပ်တွေးတောကြံဆပုံနဲ့ ဆိုင်တယ်။ အထူးဂရုထားပြီး မှတ်ရမှာက ခေတ်သစ်သိပ္ပံဟာ ခရစ်ကျောင်းတော် တန်ခိုးထွန်းတောက်ချိန်မှာ ပေါ်လာတာ မဟုတ်ပါ။ ခရစ်သာသနာကို ကြည်ညိုလေးစားစိတ်က ရှေ့ဆောင်လမ်းပြလုပ်တာ မဟုတ်ပါ။ ရီနေးဆန့် (Renaissance) ခေါ်တဲ့ အသိဉာဏ်အရင်းအငုတ်ကို ပြန်ပြီးဖော်ထုတ်တဲ့ အသိဉာဏ်ဟောင်း ဆန်းသစ်ခြင်း လှုပ်ရှားမှုနောက်က ကပ်လိုက်လာတဲ့ ကိစ္စဖြစ်တယ်။ အဲဒါအခါမှာ ခရစ်သာသနာရယ်လို့ မရှိခင်က ရှေးကထားရစ်ခဲ့တဲ့ အမွေအနှစ်ကို ပြန်လည်ဖော်ထုတ်ဖို့ ဥရောပတစ်တိုက်လုံး အားသွန်ကြိုးစားနေချိန်ပါပဲ။
ဂျီးစပ်စ်ဘဝဇာတ်လမ်းဟာ စာဖတ်သူတို့နဲ့ ရင်းနှီးပြီးဖြစ်တဲ့ ဓမ္မသစ်နဲ့ ဆက်သွယ်နေတယ်။ ဒါကြောင့် ဒီမှာ ပြန်မပြောပါရစေနဲ့တော့။ ဒါပေမယ့် ဖော်ထုတ်သင့်တဲ့အချက် နည်းနည်းရှိပါတယ်။ ပထမဦးဆုံး ဂျီးစပ်စ်ဘဝဆိုင်ရာ ပြောဆိုမှတ်သားချက်တွေက သိပ်သေချာလှပြီလို့ မထင်ပါနဲ့။ သူ့နာမည် အရင်းကိုတောင် မသိပါ။ ဖြစ်နိုင်တာက ဂျူးလူမျိုးမှာ အများဆုံး မှည့်လေ့မှည့်ထရှိတဲ့ ယေဟောရွှ (Yehoshua) (အင်္ဂလိပ်အသံနဲ့ ဂျိုရှုဝါ Joshua) ဖြစ်နိုင်တယ်။ မွေးတဲ့နှစ်၊ လလည်း ဒီလိုပဲ မသေချာပါ။ ခရစ်မမွေးမီ ၆ ဘီစီဆိုရင် ဟုတ်နိုင်စရာရှိပါတယ်။ ကွယ်လွန်တဲ့နှစ်ကို သူနဲ့နီးစပ်ပြီး သူ့ကိုကြည်ညိုတဲ့သူတွေက အကျအနသိမှာဖြစ်ပေမယ့် အခု အသေအချာ မသိကြတော့ပါ။ ဂျီးစပ်စ်ကိုယ်တိုင်က ဘာစာ၊ ဘာမှတ်တမ်းမျှ မထားခဲ့ပါ။ ရိုးရိုးပြောကြစို့ဆိုရင် ဓမ္မသစ် (The New Testament) ထဲပါသမျှပဲ တဆင့်ယူသုံးနေကြရပါတယ်။
ဒုက္ခပေးတဲ့ နောက်တစ်ချက် ရှိသေးတယ်။ နှုတ်ကပါဌ်တော်က မြွက်ကြွားတဲ့စကားတွေပဲ မညီမညွတ် ရှိနေတယ်။ ဥပမာ ရှင်မဿဲ (Matthew) နဲ့ ရှင်လုကာ (Luke) တို့၊ ဂျီးစပ်စ် နောက်ဆုံးပြောစကားကိုပဲ နှစ်ယောက်ပြောတော့ နှစ်မျိုးထွက်နေတယ်။ သူတို့လည်း ဓမ္မဟောင်း (The Old Testament) ကို တိုက်ရိုက်ကိုးကားပြီး ပြောကြတာဖြစ်ပါတယ်။
ဂျီးစပ်စ်ဟာ ဓမ္မဟောင်းကို ကိုးကားတာမဆန်းပါ။ ခရစ်ဝါဒကို မွေးဖွားပေးသူကိုယ်တိုင်က ဂျူးဝါဒကို အလွန်လေးစားမြတ်နိုးသူ ဖြစ်ပါတယ်။ ဂျီးစပ်စ်ဟာ ဓမ္မဟောင်းထဲက ဟီးဘရူးပရောဖက် (Hebrew Prophet) ကြီးတွေနဲ့ တူလိုက်တာလို့ နှိုင်းယှဉ်ပြီး မကြာခဏပြောတာကို ကြားရမှာ ဖြစ်ပါတယ်။ အဲဒီ ရှေးပရောဖက်တွေကို သူက အများကြီးအတုခိုး ပြောဆိုပြုမူတာတွေ ရှိတယ်။ အဲဒီပရောဖက်တွေလိုပဲ သူ့ကို လူတွေက သိပ်ကြည်ညိုကြတယ်။ သူ့ကို တွေးဖူးမြင်ဖူူးသူတိုင်း ကြာရှည်လေးမြင့် စွဲလမ်းချစ်ခင်ကြည်ညိုလို့ ကျန်ရစ်မြဲပါပဲ။ ပုဂ္ဂိုလ်စွဲ (Charismatic) စစ်စစ် ဖြစ်ပါတယ်။
မိုဟာမက်လို ယုံကြည်မှုနဲ့ နိုင်ငံရေးတွဲပုံမျိုးတော့ ဂျီးစပ်စ် လုံးဝမလုပ်ပါ။ နိုင်ငံရေးတွေ ဘယ်လိုပဲရှိရှိ လုံးဝမပတ်သက်အောင် နေတယ်။ ကွယ်လွန်ပြီးနောက် နှစ်တစ်ရာအထိပဲ ဆက်ပြီးတော့ နိုင်ငံရေးနဲ့ကင်းရှင်းပါတယ်။ ရေရှည်မှာတော့ ဒီပုဂ္ဂိုလ်နှစ်ဦးစလုံးပဲ နိုင်ငံရေးအပြောင်းအလဲတွေမှာ တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြီး အကြီးအကျယ် သြဇာလွှမ်းမိုးနိုင်တာကို တွေ့ရပါတယ်။ ဂျီးစပ်စ်က အကျင့်အကြံတွေမှာ အပြည့်အဝထိန်းချုပ်နိုင်တဲ့ သာသနာရေးခေါင်းဆောင် ဖြစ်ပါတယ်။
တခြားဘာမှမပါဘဲ အကျင့်အကြံခေါင်းဆောင်ဆိုရင် ဘယ်လိုအဆစ်အပိုင်းနဲ့ ကမ္ဘာကို လွှမ်းတာလဲလို့ မေးသင့်မေးထိုက်ပါတယ်။ ဂျီးစပ်စ်ရဲ့ အရင်းမူလအကျဆုံး ဆုံးမချက်က ရွှေဥပဒေ (Golden Rule) ဖြစ်တယ်။ ဒီရွှေဥပဒေကို ခရစ်သာသနာဝင်ရော ခရစ်သာသနာဝင်မဟုတ်သူပါ အလေးအမြတ်ထားပြီး အကောင်းဆုံး စာရိတ္တနီတိလို့ သဘောထားပြီး လိုက်နာကြတယ်။ အမြဲသဖြင့် မသွေမဖည် လိုက်နာနိုင်တယ် မဟုတ်ပေမယ့် ဒီလိုပဲ လိုက်နာကျင့်ကြံချင်တဲ့စိတ်ဆန္ဒ ရှိကြပါတယ်။ ဒီထုံးနည်းကို တစ်ကမ္ဘာလုံးလိုက်နာနိုင်အောင် သူက စတင်တီထွင်သူဆိုရင် သူ့ကို ဒီစာရင်းထိပ်ဆုံးမှာထားဖို့ ထိုက်တယ်။
အမှန်က ဂျီးစပ်စ်မမွေးမီ ကာလကြာမြင့်စွာကပဲ ဒီဥပဒေထုံးနည်းဟာ ဂျူးလူမျိုးတွေမှာ ရှိနေပြီး ဖြစ်ပါတယ်။ ခရစ်မပေါ်မီ တစ်ရာစုနှစ် (1st century B.C) ကပဲ ရဗ္ဗီ (Rabbi ကျမ်းဂန်ဆရာ) တွေရဲ့ခေါင်းဆောင် ဟိလ္လဲ (Hillel) က ရွှေဥပဒေကို ပြဋ္ဌာန်းတယ်။ ဂျူးဝါဒ (Judaism) မှာ ဒါတွေဟာ အရေးအပါဆုံး ဆုံးမချက်တွေလို့ ပြောခဲ့တယ်။ အနောက်ကမ္ဘာ (Western World) မှာပဲ ဒါမျိုးထွန်းကားသလား မေးရင် မဟုတ်ပါ။ တရုတ်ဒဿနိကပညာရှင် ကွန်ဖြူးရှပ် (Confucius) က ခရစ်မပေါ်မီ Aနှစ် ၅၀၀ (500 B.C) က အဲဒါကို ဖော်ထုတ်ပြီးသား ဖြစ်တယ်။ ပြီးတော့ မဟာဘာရတ (Mahabharata) ဆိုတဲ့ ဟိန္ဒူ (Hindu) ကဗျာရှည်ကြီးမှာလည်း ပါတယ်။ အမှန်ပြောရရင် ဒီရွှေဥပဒေကို သာသနာယုံကြည်မှုကြီးတွေ မှန်သမျှက လက်ခံပြီး ရှိနေပါတယ်။
ဒီလိုဆိုရင် ဂျီးစပ်စ်မှာ ကိုယ်ပိုင်စာရိတ္တဆိုင်ရာထုံးနည်း မရှိတော့ဘူးလား မေးပါ။ ရှိပါတယ်။ အယူအဆကို ထင်ထင်ရှားရှားတင်ပြတာကို ရှင်မဿဲ ၅း၄၃- ၄၄ မှာ ဖတ်ပါ။
‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ သားဖြစ်လိုသောငှာ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။’
အဲဒီစကားအထက်က (ရှင်မဿဲ ၅း၃၉) ‘နှောင့်ယှက်သောသူကို မဆီးတားနှင့်။ သင်၏ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ကျန်ပါးတစ်ဖက် လှည့်၍ပေးဦးလော့။ ’
ဒီစိတ်ကူးမျိုး ဂျီးစပ်စ်လက်ထက်က ဂျူးဝါဒမှာ ပါရှိပြီးဖြစ်နေတဲ့အပြင် အခြားယုံကြည်မှု အတော်များများမှာလည်း ပါရှိနေရင် ဒီလိုထူးခြားကောင်းမွန် သိမ်မွေ့တဲ့ အယူအဆဟာ ရှေးကအစ ထာဝရရှိခဲ့ပါကလားလို့ သိပါ။ ဒီယုံကြည်ချက်ကို လိုက်နာကျင့်သုံးသူများရင် ဂျီးစပ်စ်ကိုပဲ ဒီစာရင်းမှာ ထိပ်ဆုံးကတင်ထားဖို့ ဝန်မလေးသင့်ပါ။
ဒါပေမယ့် အမှန်ကိုပြောရရင် လူအများလိုက်နာခြင်း မရှိပါ။ ယေဘုယျလိုက်နာတယ်လို့တောင် မပြောနိုင်ပါ။ ခရစ်သာသနာဝင်တွေက ‘ရန်သူကိုချစ်ဖို့’ သြဝါဒဟာ အားလုံးကောင်းမွန်ပြည့်စုံတဲ့ကမ္ဘာဆိုရင် ငြင်းရန်မရှိပါ။ ငါတို့ကမ္ဘာမှာတော့ ဒီအတိုင်းဆိုရင် ဒုက္ခလှလှကြီးတွေ့မှာပဲလို့ ပြောကြမယ်။ ဒီအတိုင်း လိုက်နာဖို့ခက်တယ်။ ငါလိုပဲ သူလည်း လိုက်နာနိုင်မှာမဟုတ်လို့ တွေးတယ်။ ဒီတော့ သားသမီးတွေကိုလည်း ဒါကိုလိုက်ပြီး ဆိုဆုံးမခြင်း မရှိနိုင်ပါ။ အဲဒါကြောင့် ဂျီးစပ်စ်ရဲ့ထင်ရှားလှတဲ့ ဆုံးမချက်ဟာ ကောင်းလိုက်တာလို့ ပြောပေမယ့် ဘယ်သူမှ စမ်းမကြည့်ဖူးတဲ့ အကြံဉာဏ်အဖြစ်ပဲ ရှိနေပါတယ်။
ပြီး။
ဒေါက်တာသန်းထွန်း၏ကျော်စွာ ၁၀၀ စာအုပ်မှ
#LMA
No comments:
Post a Comment