📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Thursday, August 20, 2020

မကာရလောပ အကျော် ခင်ကြီးဖျော်

မကာရလောပ အကျော် ခင်ကြီးဖျော် အတ္ထုပ္ပတ္တိအကျဉ်း 


မကာရလောပ အကျော် ခင်ကြီးဖျော်သည် သက္ကရာဇ် ၁၀၆၈-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ နံနက် ၄ ချက် တီးကျော်၌တောင်တွင်းကြီးမြို့နယ်၊ မြို့လုလင်မြို့၏ မြောက်ဖက် ပုတီးကုန်းရွာသား အဖ ဦးတိုးပြေ+ အမိ ဒေါ်မယ်ကြာ တို့မှဖွားမြင်သည်။ ငယ်မည်မှာ မောင်ဖျော် ဖြစ်သည်။


ငယ်ဘဝ


မောင်ဖျော်သည် အသက် ၇-နှစ်အရွယ်တွင် မြို့လုလင်မြို့၊ ကန်ရိုးကျောင်း ဘုန်းတော်ကြီးထံတွင် စာပေစတင်၍သင်ကြားရာ မြန်မာသင်ပုန်းကြီးကို နေ့ချင်းညချင်း တခဏအတွင်း တတ်မြောက်လေသည်။ သုံးလအတွင်း ပရိတ်ကြီး ၊ နမက္ကရ၊ လောကနီတိ ဆုံးမစာတို့ကို တတ်မြောက်၍ ကျောင်းသားလူငယ် အဖြစ်နှင့်ပင် ဇာတ်ကြီးဆယ်ဘွဲ့ ပါဠိ အနက်တို့ကို နှုတ်တက်ဆောင်၍ သဘောသဘာ၀ တို့ကိုလည်း မိမိရရ သိရှိလှသဖြင့် မေးသမျှ ခဲရာခက်ဆစ် တို့ကို ရုတ်တရက်ဖြေဆို နိုင်ပေသည်။ 


၁၀-နှစ်သားအရွယ်တွင် ကန်ရိုးကျောင်း ဆရာတော်ကို ဥပဇျွာယ်ပြု၍ ရှင်သာမဏေ ဘဝမှာ သဒ္ဒါ၊ သြင်္ဂ ိုဟ်၊ မာတိကာ၊ ဓာတုကထာ၊ အဘိဓာန်၊ ဆန်း၊ အလင်္ကာတို့ကို ကောင်းစွာ သင်ကြားတတ်မြောက်သဖြင့် ဆရာသမားတို့၏ ချီးကျူးမြှောက်စားခြင်းကို ရရှိလေသည်။ 


အသက် ၂၀ ပြည့်သောအခါ ရဟန်းဘောင်သို့ တက်၍ ရှင်သာမဏေဘဝက ရရှိမှည့်ခဲ့သော ရှင်ဉာဏဘွဲ့မှ ဦးဉာဏဘွဲ့သို့ မှည့်ခဲ့သော်လည်း ရဟန်းဘွဲ့ ဦးဉာဏ အမည်မှာ မထင်ရှား မကျော်စော၊ ငယ်မည် မောင်ဖျော်မှ ရဟန်းဖြစ်

 

သဖြင့် `ခင်ကြီးဖျော်´ဟူ၍သာ ကျော်စောထင်ရှားလေသည်။ ရဟန်းအဖြစ်သို့ ရောက်လျှင် တောင်တွင်းကြီးသို့သွား၍ စာတတ်အကျော် ဆရာတော်ဘုရားကြီးများထံ နည်းခံ၍ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို ကျနသေချာစွာ သင်ယူပြီးလျှင် ဗေဒင်၊ သက္ကဋ၊ ဓာတ်ဗိန္ဓောပညာ၊ ကဗျာ၊ လင်္ကာ စသည် တို့ကိုလည်း ခဏလွယ်ကူတတ်မြောက်တော်မူသဖြင့် နိုင်ငံပေါ်တွင် အလွန်တရာ ထင်ရှား ကျော်ကြားလေသည်။

 

ထိုသို့ လောကီ/လောကုတ္တ နှစ်လီစွယ်စုံ ပြည့်စုံလုံလောက် ကျမ်းဂန် တတ်မြောက်သော်လည်း အားရတင်းတိမ်ခြင်းမရှိဘဲ၊ လွန်ကဲသော ဆန္ဒအလျောက် ရဟန်း ၅-ဝါမြောက်တွင် ပေါက္ကံပြည် ရွှေကျောင်းဆရာတော် ဘုရားထံသို့သွားရောက်၍ သဒ္ဒါဘက်ဆိုင်ရာ ဘေဒစိန္တာ၊ သဒ္ဒနီတိ၊ ရူပသိဒ္ဓိ အစရှိသော ပါဠိ သဒ္ဒါ အဖြာဖြာတို့ကို ကျနသေချာဝေဖြာသိရှိ ထိမိအောင် သင်ကြားတော်မူပြန်သဖြင့် သဒ္ဒါအရာ ရည်တူမရှိ၊ ကဝိတန်ခွန် ထူးချွန်ပြောင်မြောက်မုံသောက်မာတင် အာဇာနည်ဝင် ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ခင်ကြီးဖျော်မှာ ရွှင်သောဉာဏ်၊ ထက်သောဉာဏ်၊နက်သောဉာဏ်၊ စူးရှထိုးထွင်းသောဉာဏ် တို့နှင့် ကုန်စင်အောင် စုံလင်ပြည့်ဝသဖြင့် မသိလှသောအရာ၊ မတတ်သောအရာ မရှိ သလောက်ဖြစ်၍ သာသနာဝင် ပညာရှိ အဆက်ဆက်တို့က မတစ်လုံးကျေသော`မကာရလောပခင်ကြီးဖျော်´ဟူ၍ ခေါ်စမှတ် ပြုကြသည်။ 


ထိုသို့ တူမတူအောင် လောကဓမ္မ နှစ်ဌာနတွင် တတ်ကျွမ်းလှသော ဂုဏ်၊ သီလ.သမာဓိ.ပညာဂုဏ် တို့နှင့် ပြည့်စုံတော်မူသောကြောင့် နေ လအသွင် အလွန်ထင်ရှားသဖြင့် `လူသတင်း လူချင်းဆောင်၊ ပန်းသတင်း လေညှင်းဆောင်´ဆိုသလို လူအများ၏ နှုတ်ဖျားမှ တဆင့်စကား ပေါက်ကြား၍ သွားကာ ၁၁၁၆-ခုနှစ်မှာ အလောင်းမင်းတရားကြီးနှင့် သားတော်ကြီး အိမ်ရှေ့ဥပရာဇာ တို့က ရတနာသိင်္ဃ ကုန်းဘောင်မြို့သို့ ပင့်ဆောင်ပြီးလျှင်`ဉာဏာ လင်္ကာရ သဒ္ဓမ္မ သေနာပတိ မဟာဓမ္မရာဇဂုရု´ ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းသည်။

 

ရတနာရွှေဘုံတုလွှတ်ကျောင်း တော်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းသည်။ ထို့နောက် သံဃရာဇာ သာသနာပိုင် အဖြစ်သို့ တင်မြှောက်ခံရသည့်အပြင် လောကီ၊ လောကုတ္တရာ အဖြာဖြာတို့၌တူမတူအောင်၊ အတုမရှိအောင် တတ်မြောက်တော်မူသဖြင့် `အတုလဆရာတော် ခင်ကြီးဖျော်´ဟူ၍လည်း ရှင်လူအများ တို့က ခေါ်ဝေါ်ကြသည်။ 


ပြုစုသောကျမ်းဂန်များ


သဒ္ဒါဘက်ဆိုင်ရာ ပုဒ်စစ် သုတ်စစ် သဒ္ဒါစစ် နည်းလေးဆယ်၊ သံဝဏ္ဏနာများကို မြန်မာစကားသွား တိတိကျကျမိမိရရ ရေးသားသောကြောင့် မြန်မာစာအရာ၊ သဒ္ဒါအရာမှာ ကျေးဇူးများသဖြင့် ယခုထက်ထိ သာသနာတော်မှာအစဉ်အဆက် သင်ကြား၍ ထင်ရှားသော ကျမ်းတစ်စောင် ဖြစ်လေသည်။ ထို့အပြင် အဘိဓမ္မာ အကောက်ကျမ်းများ၊ဆေးကျမ်းများ၊ ဓာတ်ကျမ်းများ၊ နက္ခတ်ကျမ်းများ၊ ဗေဒင်ကျမ်းများနှင့် အင်းအိုင် တောတောင် မြို့ပြဆိုင်ရာဗဟုသုတများစွာပါသော ဇမ္ဗူ့တန်ဆောင်ကျမ်းဇမ္ဗူကွန်ချာကျမ်း၊ ကဝေသာရကျမ်း၊ ရတုလင်္ကာများ၊ ဆုံးမစာများကို ရေးသားတော်မူခဲ့သည်။ ထို့အပြင် မင်းလက်ဝဲသုန္ဒရ၊ မင်းလက်ဝဲ နော်ရထာ စသော အမတ်ပညာရှိများ မေးလျှောက်ထားသော အမေးပုစ္ဆာပြဿနာများကို လည်း တခဏအတွင်း ရုတ်ခြည်း ဖြေဆိုတော်မူသည်။ ထိုအမေးအဖြေများပါသော `အမေးတော်အဖြေ ကျမ်း´များလည်း မှတ်သားဘွယ်ရာ အနှစ်သာရ အတိနှင့် ပြည့်စုံလျှက် ရှိပေသည်။

 

ဤမျှ မကသေး သီဟို၊ယိုးဒယား၊ တရုတ်၊ ဇင်းမယ်၊ ကသည်း၊ မဏိပူရပြည်များက မေးအပ်သောပုစ္ဆာ ပြဿနာများကိုလည်း ကောင်းစွာလွယ်ကူ ဖြေဆိုတော်မူသည်။ 


ဘဝနိဂုံး


မိမိတကာတော်ရင်း ဖြစ်သော နောင်တော်ကြီးမင်း လက်ထက် သက္ကရာဇ်၁၁၂၄-ခု၊ သက်တော် ၅၆-နှစ်၊ ဝါတော်၃၆-ဝါ တွင် စစ်ကိုင်း မြို့သို့ ကြွတော်မူခိုက် လေနာရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသည်။

 

 

မှတ်ချက်


အတုလဆရာတော် ခင်ကြီးဖျော် အပြင် အလောင်းမင်းတရားကြီး ကိုးကွယ်သော ဒီပဲယင်းမြို့၊ဥသျှစ်ကျေးရွာဇာတိလူမည် ဦးပန်းထွေး၊ ရဟန်းဘွဲ့ အရှင်ယသ သည်လည်း `အတုလယသ မဟာဓမ္မရာဇဂုရု´ဘွဲ့တံဆိပ်ဖြင့် အတုလသာသနာပိုင် ဆရာတော်တစ်ပါးရှိသေးသည်။ ထိုဆရာတော်သည် ဘိုးတော်ဘုရားလက်ထက်တွင် အတင်.အရုံကွဲပြားကြရာ ရှုံးသောကြောင့် ရာဇဝတ်တော်ဖြင့် လူထွက်ရသည် 


 မြန်မာ့ သမိုင်းတွင် ထိုကဲ့သို့ အတုလ ဆရာတော် ၂-ပါး ရှိခဲ့ပါ၏။ အခြားသော ဆရာတော် မှာ အလောင်းမင်းတရားကြီး “အတုလ ယသ မဟာဓမ္မ ရာဇဂုရု” ဘွဲ့ တံဆိပ်ဖြင့် ကိုးကွယ်သော ဒီပဲယင်းမြို့၊ ဥသျှစ် ကျေးရွာ ဇာတိ လူမည် ဦးပန်းထွေး၊ ရဟန်းဘွဲ့ အမည် အရှင် ယသ ဖြစ်ပါသည်။ သို့သော်လည်း- ဘိုးတော်ဘုရား လက်ထက်တွင် အတင် ဂိုဏ်း နှင့် အရုံဂိုဏ်း ဟူ၍ ကွဲပြားကြရာတွင် ရှုံးသောကြောင့် ရာဇဝတ်တော်ဖြင့် လူထွက် ခဲ့ရပါသည်။ အလောင်းမင်းတရားကြီး အမေး၊ အတုလ ဆရာတော် အဖြေ စာအုပ်ကိုလည်း မြန်မာပြည်တွင် ဝယ်ယူ ရရှိနိုင် ပါ၏။

အတုလ ဆရာတော် ခင်ကြီးဖျော် အနေဖြင့်မူ ပုတ္တောဝါဒ ဆုံးမစာ စသော ဆုံးမစာ များ၊ မာရ်နတ် အောင် ဘုရားရှိခိုးစာများ အပြင်၊ အဘိဓမ္မာ အကောက် ကျမ်းများ၊ ဆေးကျမ်းများ၊ ဓာတ်ကျမ်းများ၊ နက္ခတ်ကျမ်းများ၊ ဗေဒင်ကျမ်းများ နှင့် ဇမ္ဗူ့တန်ဆောင်ကျမ်း၊ ဇမ္ဗူ ကွန်ချာကျမ်း၊ ကဝေသာရကျမ်း၊ များကိုလည်း ပြုစု ရေးသား တော်မူခဲ့သည်။ 

အောက်ပါ ကျမ်းတို့မှာ ဆရာတော် ခင်ကြီးဖျော် ရေးသား ပြုစုခဲ့သော ကျမ်းများ ဖြစ်ပါသည်။

မြမ္မာ ဝစ္စဝါစက ကျမ်း၊

ဂဏ္ဍိပဗ္ဗ သမ္ဗန္ဓ ဆက္က ဝဏ္ဏနာ ကျမ်း၊

သုတ္တ မာလာဝုတ္တိ ကျမ်း၊

ပုဒ်စစ် သဒ္ဒါ စစ် သံဝဏ္ဏ နာ နည်းလေးဆယ် သဒ္ဒါငယ်၊ ကစ္စာယန အရကောက်ကျမ်း

ဉာဏ်ကောက်ကျမ်း၊

နေတ္တိဟာရ အကောက်ကျမ်း၊

ဝီထိ လက်ရိုးကျမ်း၊

အဘိဓမ္မာ ဂမ္ဘီရ ရတ္တဒေသနာ အရကောက်ကျမ်း၊

ဒွါဒသ ရာသီကျမ်း၊

ဒွါဒသ စိန္တန နက္ခတ်ကျမ်း၊

အာဒိ ကပ္ပကျမ်း၊

ကပ္ပလင်္ကာရ ကျမ်း၊ (မြန်မာ ဘာသာဖြင့် ပထမဆုံး စတင်ပြုစုခဲ့သူမှာ ရှင် ဥတ္တမသီရီ ဖြစ်၍- မြန်မာ ဘာသာအားဖြင့် မူရင်းကျမ်းကို အချို့က ဥတ္တမသီရီ ကျမ်းဟုလည်း ခေါ်ကြပါသည်။ စကားချပ်)

ကပ္ပ ဝဏ္ဏ နာကျမ်း၊

လက်ရိုး ဗေဒင် ဋီကာကျမ်း၊

ဓါတ်ကျမ်း၊

ဆနဝုတိ ဆေးကျမ်း၊

အသီတိ ဓါတ်ကျမ်း

မကာရလောပ အကျော် ခင်ကြီးဖျော် သက္ကရာဇ် ၁၀၈၆-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ (ခရစ် သက္ကရာဇ်- ၁၇၂၄-ခုနှစ်၊ မေလ ၉-ရက်၊ အင်္ဂါနေ့) နံနက် ၄ချက်တီး ကျော်၌ (ရှေး မြန်မာအချိန် စနစ်အရ အာရုံတက် အချိန် ဖြစ်ပါသည်။) တောင်တွင်းကြီး မြို့နယ်၊ မြို့လုလင်မြို့၏ မြောက်ဖက် ပုတီးကုန်းရွာသား အဖ ဦးတိုးပြေ နှင့် အမိ ဒေါ်မယ်ကြာ တို့မှ ဖွားမြင်သည်။

ငယ်မည်မှာ မောင်ဖျော် ဖြစ်ပြီး- မြို့လုလင်မြို့ ကန်ဦးကျောင်း ဆရာတော် ထံတွင် စတင်ပညာသင်ကြားသည်။ ဆရာတော် လောင်းလျာသည် ငယ်စဉ်ကပင်- အတိုင်း အဆမဲ့ အစားကြူး တတ်သဖြင့် ငယ်ဆရာ ဖြစ်သူ ကန်ဦး ဆရာတော်မှ- “မောင် ပဉ္ဇင်း ဒီအတိုင်းသာ ဆိုယင်ဖြင့် အသက်မရှည် နိုင်” ဟု သတိပေး ခဲ့ရပါသည်။


No comments: