📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Thursday, August 20, 2020

နိုင်ချစ်သောင်

မွန်အမျိုးသား ခေါင်းဆောင်ကြီး နိုင်ချစ်သောင် 


WRITTEN BY မွန်သမိုင်း ပြုစုရေး အဖွဲ့


မော်လမြိုင်မြို့နယ် ကတိုးကော့နှပ်ရွာနေ အဖနိုင်အောင်ဒွန်း၊ အမိ မိမြမေတို့မှ ဖွားမြင်သော သားရတနာ (၃) ယောက်အနက် သားလတ်ဖြစ်သော မင်းချစ်သောင် ကို ၁၁ -၁၀ - ၁၈၉၉ နေ့တွင် မီးရှုးသန့်စင်ဖွားမြင်ခဲ့သည်။ ကတိုးကော့နှပ်ရွာရှိ အစိုးရ မူလတန်း ကျောင်းတွင် မြန်မာစာ စတုတ္ထတန်း အောင်မြင်ခဲ့ပြီးနောက် ၁၉၁၁ ခု ဇွန်လမှစ၍ မော်လမြိုင်မြို့ရှိ အစိုးရအထက်တန်းကျောင်းသို့ပြောင်းရွေ့ ပြီး ပညာ ဆက်လက်သင်ကြားရာ ၁၉၁၆ ခုနှစ်တွင် အင်္ဂလိပ်မြန်မာ သတ္တမ တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်သဖြင့် အထက်တန်း ပညာသင် စကောလားရှစ် ဆုကို ဆွတ်ခူးရ ရှိခဲ့သည်။


၁၉၁၆ ခုနှစ်တွင် ကျင်းပသော အထက်တန်း စာမေးပွဲကို ဖြေဆိုရာတွင် မင်းချစ်သောင်သည်၊ ဘာသာရပ် ရှစ်ရပ်အနက် ခုနှစ်ဘာသာ ဖြစ်သော အင်္ဂလိပ်စာ၊ ရှေ့ပြေးအင်္ဂလိပ်စာ မြန်မာစာ၊ ပါဠိ၊ သချာၤ (၁) သချာၤ(၂) တို့နှင့်ပထဝီ ဘာသာရပ်များတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သဖြင့် ဥပစာ ကောလိပ်တက်ရန် စကောလားရှစ်ဆုကို ထပ်မံရရှိခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ဥပစာတန်းကို သချာၤ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာ ရပ်များတွင် ဂုဏ်ထူးဖြင့် အောင်မြင်ပြန်သဖြင့် အထက်တန်း ကောလိပ် စကောလားရှစ်ဆုကို ဆွတ်ခူး ခဲ့ပြန်သည်။


၁၉၂၃ ခုနှစ်တွင် ဓာတုဗေဒ ဂုဏ်ထူးတန်း သိပ္ပံဘွဲ့ကို ထူးချွန်စွာ အောင်မြင်ခဲ့ပြန်သည်။ သိပ္ပံဘွဲ့စာမေးပွဲ ဖြေဆိုရာတွင် တစ်တန်းလုံး ရမှတ်အများဆုံး ရရှိသဖြင့် ထိုစဉ်က နိုင်ရွှေလေး၏ ရွှေတံဆိပ်ကို ဆွတ်ခူး ရှိခဲ့သည်။


ထို့အပြင် နိုင်ငံခြား ပညာသင် စကောလားရှစ် အထူးဆုကိုလည်း ရရှိပြီး အင်္ဂလန်ပြည် လန်ဒန်မြို့ရှိ အင်ပီရိယာ ကောလိပ်နှင့် တော်ဝင်သိပ္ပံ ကောလိပ်များသို့ ပညာတော်သင် သွားရောက် နိူင်ခဲ့သည်၊၊


၁၉၂၆ မှ ၁၉၂၈ ခုနှစ်အတွင်း ဓာတုဗေဒပညာကို သူတေသနပြုခဲ့သဖြင့်အေ၊ အာ၊ စီ၊ အက်စ်နှင့် ဒီ၊အိုင်၊ စီဘွဲ့များကိုရရှိပြီး မဟာသိပ္ပံ (သုတေသန) ဒီဂရီကို လန်ဒန်တက္ကသိုလ်မှ အောင်မြင်စွာ ဆွတ်ခူး နိုင်ခဲ့သည်။


၁၉၂၈ ခုနှစ် အောက်တိုဘာလတွင် အမိမြန်မာနိူင်ငံသို့ပြန်လာခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင် သုတေသန လက်ထောက်အဖြစ် (၁၉၃၀) ခုနှစ်အထိ၊ ဆရာအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၃၀ ခုနှစ်မှာ ဒီဇင်ဘာလ (၁) ရက်နေ့မှ စပြီး ရိုးသား၍ ပညာထူးချွန်သော နိုင်ချစ်သောင်အား နိူင်ငံတော်ဓာတုဗေဒဝန်အဖြစ် နိူင်ငံတော် အစိုးရက ခန့်ထားခဲ့ပါသည်။ ၁၉၅၁ ခုနှစ် စက်တင်ဘာလတွင် နိုင်ချစ်သောင်သည်၊ အမေရိကန်နိုင်ငံတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဓာတုဗေဒ နှီးနှော ဖလှယ်ပွဲသို့တက်ရောက်ကာ နှီးနှောခဲ့သည်။


၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော အိမ်စောင့် အစိုးရ လက်ထက်တွင် စက်မှုလက်မှု သတ္တုတွင်း အလုပ်သမား နှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနများကို တာဝန်ပေးအပ်ပြီး ဝန်ကြီးအဖြစ် ခန့်ထားခြင်း ခံခဲ့ရသည်။ ၁၉၅၀ ခုနှစ်တွင် အစိုးရ ကချီးမြှင့်သောသီရိပျံချီဘွဲ့ကိုရရှိခဲ့သည်။ ဓါတုဗေဒဝန်၊ ဝန်ကြီးအဖြစ် တာဝန်များကို ထမ်းဆောင်နေစဉ် ကာလအတွင်း သံခင်းတမန်ခင်း ကျွမ်းကျင်သော နိုင်ချစ်သောင်ကို ၁၉၅၆ အစိုး၏ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်အဖြစ် တရုတ်နိူင်ငံသို့ စေလွတ်ခဲ့ပြီး အပြန်ခရီးတွင် မြောက်ဗိယက်နမ် နိုင်ငံသို့လည်း ချစ်ကြည်ရေး အဖြစ် ခရီးဆက်ခဲ့သည်။ ၁၉၆၀ ခုနှစ်ဧပြီလ (၄) ရက်တွင် အိမ်စောင့်အစိုး ရသက်တမ်း ကုန်ပြီး ဝန်ကြီး ဦးနုု တက်လာသောအခါ သမတဟောင်း ဒေါက်တာဘဦး၊ တရာဝန်ကြီးဟောင်း ဦးသိန်းမောင်၊ ဦးတင် (မြန်မာ့ အလင်းတရား ဝန်ကြီးဟောင်း ဦးအုန်း ဖေတို့နှင့်အတူ နိုင်ချစ်သောင်သည် ဝန်ကြီး အဖွဲ့၏ အကြံပေး ကော်မတီလူကြီး အဖြစ် ခန့်ထားခြင်း ခံရပြန်သည်။ ယင်းအဖွဲ့သည်၊ ၁၉၆၂ ခုနှစ်မတ်လ (၂) ရက်တော်လှန်ရေး အစိုးရ တက်လာသည့် နေ့တွင် သက်တမ်း ကုန်ဆုံးခဲ့သည်။


နိုင်ချစ်သောင်သည် နိူင်ငံတော်၏ အမှုကိုထူးချွန်စွာထမ်း ဆောင်ခဲသဖြင့်နိုင်ငံတော်အစိုးရ ချီးမြှင့်သောနိူင်ငံ ဂုဏ်ရည်ဘွဲ့ပထမဆင့်ကိုရရှိခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ ရွှေတိဂုံဂေါပက၏ နာယကအဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းခံရပြန်သည်၊ ကွယ်လွန်ခဲ့သည်အထိ ဂေါပက၏ နာယကအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။


ဒုတိယ ကမ္ဘာ စစ်ပြီးသည့် ၁၉၄၇ ခုနှစ်မှစ၍ နိုင်ချစ်သောင်သည် မြန်မာနိုင်ငံ သုတေသန အသင်းတွင် အဖွဲ့ဝင်တစ်ဦး အဖြစ် စိတ်ပါဝင်စားစွာဆောင်ရွက်ခဲ့ရာ၊ ၁၉၅၇ ခုနှစ်တွင်အသင်း၏ ဥက္ကဌအဖြစ်တင်မြှောက်ခြင်းခံရပြန်သည်။ ထူးချွန်ထက်မြက်သော ဥက္ကဌဖြစ်၍ အသင်းကြီးက ထပ်မံ ခန့်ထားလိုသဖြင့် ၁၉၅၆ မှ ၁၉၅၈ တိုင် သုံးနှစ်ခန့် အသင်း၏ ဥက္ကဌအဖြစ် တဆက်တည်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင်ကျင်းပသော မြန်မာနိုင်ငံ သုတေသန အသင်း၏ ရွှေရတုသဘင် အခမ်းအနား ကြီးတွင်လည်း သဘာပတိအဖြစ် တင်မြှောက်ခြင်း ခံရသည်။ ယင်းနှစ်တွင် နိုင်ချစ်သောင်သည် ယဉ်ကျေးမှု ဌာနဝန်ကြီးဖြစ်သည့် အားလျော်စွာ ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့် အသင်း၏ ရွှေရတုသဘင် ကျင်းပရေးတွင် လိုအပ်သော ရန်ပုံငွေများကို ကူညီနိုင်သောကြောင့် အသင်း၏ ရွှေရတု သဘင်သို့တက်ရောက်ရန် အင်္ဂလန်၊ ပြင်သစ်၊ ထိုင်း၊ တရုတ်နိုင်ငံ ဟောင်ကောင်၊ တောင်နှင့်မြောက်ဗိယက်နမ် နိုင်ငံများမှ တတ်သိ ပညာရှင်များကို ဘိတ်ကြားနိုင်ခဲ့သည်။


ဓါတုဗေဒမင်းကြီးနှင့် ဝန်ကြီး နိုင်ချစ်သောင်သည် မဟတ္တမဂန္တီ အထိမ်းအမှတ် ထာဝရ ရန်ပုံငွေ အဖွဲ့များတွင် ၁၉၆၄ ခုနှစ်မှစ၍ ဥက္ကဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။ ၁၉၆၅ ခုနှစ် မတိုင်မီကလည်း မြို့မအမျိုးသား အထက်တန်းကျောင်း၏ ကျောင်းအုပ်ချုပ်ရေး ကော်မတီတွင် ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဇိဝိတဒါနသံဃဆေး ရုံအုပ်ချုပ်ရေး ကော်မိတီ ဥက္ကဌ အဖြစ်လည်း နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။


၁၉၄၆ ခုနှစ် ဒုတိယ ကမ္ဘာစစ်ပြီးနောက် ရန်ကုန်မြို့တွင် ရာမညတိုင်းလုံး ဆိုင်ရာ မွန်အသင်းကြီးကို ပြန်လည်ဖွဲ့စည်းသည့်အခါ နိုင်ချစ်သောင်သည် ဘဏ္ဍာရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၄၇ ခုနှစ်မှစ၍ ယင်းအသင်းတွင် ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်းကြီး၏ ဥက္ကဌအနေဖြင့် အသင်း၏ ရည်ရွယ်ချက်ဖြစ်သော မွန်စာပေ ယဉ်ကျေးမှူ၊ ပညာ၊ ဘာသာ၊ သာသနာရေး ဘက်တို့တွင် တိုးတက်ကြီးပွားလာရန် အစဉ်သဖြင့်ကြိုးစား ဆောင်ရွက်ခဲ့သည်။


မွန်လူမျိုးများ မျက်စိပွင့်လင်းလာရန်ရည်ရွယ်ကာ ရာမညမွန် အသင်းအနေဖြင့်မွန်သတင်းစဉ်ကို တစ်လတကြိမ် ထုတ်ဝေခဲ့သည်။ မွန်ဖတ်စာအုပ်များကိုလည်း သူငယ်တန်းမှ စတုတ္ထတန်းအထိ အသင်းအနေဖြင့်ထုတ်ဝေနိုင်ရန် ငွေအား၊ လူအား၊ စသည်ဖြင့် ကမကထပြု ကူညီခဲ့သည်။


ထိုစဉ်က ဥက္ကဌကြီး နိုင်ချစ်သောင်သည် အသင်းရန်ပုံငွေအတွက် လစဉ်ကြေးအဖြစ်ကျပ် ၁၀၀ (ကျပ်တစ်ရာ) ကို လစဉ်ကူညီထောက်ပံ့ခဲ့သည်။ ရာမညမွန် အသင်းအနေဖြင့် မွန်ဘာသာ၊ ပရိယတ္တိသာသနာကို ပိုမို တိုးတက် ထွန်းကားလာစေရန် အလို့ငှာ ရန်ကုန်မြို့သွေးဆေးကန်မွန်ကျောင်းတွင် နှစ်စဉ်နိုင်ငံလုံးဆိုင်ရာ မွန်ဘာသာပရိယတ္တိစာပြန်ပွဲကြီးကို မပြတ်ကျင်းပခဲ့သည်။ ၁၉၅၃ ခုနှစ်တွင်ကျင်းပသည့် မွန်ဘာသာပရိယတ္တိစာပြန်ပွဲကြီးတွင် (ပထမ၊ ဒုတိယ၊ တတိယ၊ ရရှိအောင်မြင်ကြသော မွန်ရဟန်း (၃) ပါးတို့အား အသင်း၏စရိတ်ဖြင့် ယိုးဒယားပြည်ရှိ မြဘုရားသို့ ဘုရာဖူးကြွရန် အသင်း၏ အတွင်းရေးမှုး နိုင်ပန်းလှအား လိုက်ပို့စေနိုင်ခဲ့သည်။


မွန်ကျေးလက်ဒေသအသီးသီးများမှ မွန်လူငယ်များအား မိမိတို့ဝါသနာ အလိုက်၊ အရည်အချင်း အလိုက် တက်ရောက်သင်ကြားလိုသော သင်တန်းများ၊ သူနာပြုသင်တန်းများနှင့်အခြား အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများသို့ အခက်အခဲမရှိ တက်ရောက်နိုင်ရန် အစဉ်သဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်။


၁၉၅၂ - ၅၃ ခုနှစ်များတွင် ရာမညမွန်အသင်း၏ အတွင်းရေးမှူး နိုင်ပန်းလှအား စေလွှတ်၍ ပဲခူးဟင်္သာကုန်းအနီးတွင် မွန်ကျေးရွာကြီး တရွာဖြစ်သော “မွန်စံပြကျေးရွာ” ကို တည်ထောင်စေခဲ့ရာ၌ အဖက်ဖက်မှ အားကျိုးမာန်တက် ကူညီခဲ့သည်။ ယင်းဒေသတွင် မွန်အမျိုးသားကျောင်းနှင့်ကျန်းမာရေး ဆေးပေးခန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ နိုင်ချစ်သောင်၏ ဦးဆောင်မှုအောက်တွင် သထုံနှင့် ကျိုက္ခမီခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာတိုင်းတွင် ဝရာမညမွန်အသင်းခွဲများ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အချို့သောမွန်ကျေးရွာကြီးများတွင် မွန်အမျိုးသား ကျောင်းများကိုဖွင့်လှစ်ပေးခဲ့သည်။ ကော့ဘိန်းရွာ မွန်အမျိုးသားကျောင်းတွင် ဆရာနိုင်သောင်းဖေ၊ ဆရာနိုင်ထွန်းလှိုင် နှင့်ဆရာနိုင်ဘရိတို့ ဆောင်ရွက်ခဲ့ပြီး ကော့နှပ်ရွာတွင်ဆရာမ မိစောရှင်၊ ကမာဝက်ရွာတွင် ဆရာနိုင်အောင်မွှေး၊ ပဲခူးမွန်စံပြရွာတွင် ဆရာနိုင်ခင်မောင်ကြီး၊ ထုံးအိုင်ရွာတွင် ဆရာမမိကွန်းရှင် တို့ ထိုစဉ်က အမျိုးသားကျောင်းများ၏ ကျောင်းဆရာ၊ ဆရာမများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။


မွန်စကား တတ်သော ပညာအုပ် တဦး ထားပေးရန် ဥက္ကဌ ကြီး၏ မေတ္တာ ရပ်ခံချက်အရ အစိုးရက ပညာအုပ်နိုင် ထွန်းသိန်းအား မော်လမြိုင်နယ်တွင်ခန့်ထားပေးနိုင်ခဲ့သည်။ ထို့ပြင် အစိုးရ မူလတန်းကျောင်းများတွင် မွန်စာသင်ကြားခွင့်နှင့် မွန်စာပြ ဆရာများခန့်ထားပေးရန် နိုင်ချစ်သောင်ခေါင်းဆောင်သော ရာမညမွန်အသင်းကြီး၏ မေတ္တာ ရပ်ခံချက်အရ မွန်ကျေးရွာများရှိ မူလတန်းကျောင်းတိုင်းတွင် မွန်စာပြဆရာတစ်ဦးစီ အစိုးရက ခန့်ထားပေးခဲ့သည်။ မွန်စာ သင်ကြားရေးကို စစ်ဆေးရန် ပညာအုပ်နှစ်ဦးတို့အားလည်း အစိုးရကခန့်ထားပေးခဲ့သည်။



ထို့ပြင် မွန်ဘာသာကို အလယ်တန်းနှင့်အထက်တန်းများတွင်လည်း ဆက်လက်သင်ကြားခွင့်ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်၊ ပဉ္စမ၊ ဆဌမ နှင့် သတ္တမတန်း မွန်ကျောင်းသုံးစာအုပ်များကို မွန်ရေးရာအဖွဲ့မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။


ရာမညမွန်အသင်းလူကြီးများနှင့်အတူ ရန်ကုန်မြို့ရွှေဂုံဘုရားလမ်းရှိ မွန်ပိဋကတိတိုက်ကို ၁၉၆၀ ခုနှစ်အတွင်းပြီး မြောက်အောင် တည်ဆောက်ပေးခြင်းအားဖြင့် အသင်း၏ရည်ရွယ်ချက်များဖြစ်သည့် မွန်စာပေ ယဉ်ကျေးမှုများ တိုးတက်ရန် ပိုမိုဆောင်ရွက်နိုင်ခဲ့သည်သာမက ရပ်ဝေးရပ်နီးမှ ဘုရားဖူး ရဟန်းရှင် လူအပေါင်းတို့အား လေးဆူဓာတ်ပုံရွှေတိဂုံဘုရားကြီး ကိုလာရောက်ဖူးမျှော်နိုင်ရန်အတွက် တည်းခိုနိုင်သည့်အဆောက်အအုံအဖြစ် ဆောက်လုပ်လှူတန်းပေးနိုင်ခဲ့သည်။ ထို့အပြင ်မွန်ပိဋကတိတိုက်ကြီးကို တည်ဆောက်ပေးခြင်း အားဖြင့် အခြားလူမျိုးရေးအသင်းအဖွဲ့နှင့် မြို့နယ်အသင်းအဖွဲ့ပေါင်းများစွာတို့အား အလှူအတန်းပြုခြင်း အစည်းအဝေး ကျင်းပခြင်းကိစ္စများအတွက် စုရပ်အဆောက်အုံအဖြစ် ဆောက်လုပ်ပေးနိုင်ခဲ့သည်။



ရာမည်မွန်အသင်း ဥက္ကဌနိုင်ချစ်သောင်သည် ရာမညမွန်အသင်းလူကြီးများနှင့်အတူ မော်လမြိုင်မြို့ရှိ ရာမညမွန်အမျိုးသားအထက်တန်းကျောင်းအတွက် အသင်းနာယကလူကြီးတစ်ဦးဖြစ်သောသတိုသီရိသုဓမ္မ ဆာဦးသွင်ထံမှ အလှူငွေ ၄၀၀၀၀- (လေးသောင်း) ကျပ် လက်ခံရရှိခဲ့သဖြင့် မွန်အမျိုးသားကျောင်းကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ရာမညမွန်အမျိုးသားအထက်တန်းကျောင်းကို ဖွင့်လှစ်ပေးခြင်းအားဖြင့်မွန်ဒေသကျေးရွာအသီးသီးမှ မွန်လူငယ်များသည် အမျိုးသားစိတ်နိုးကြားလာကြကာ ပညာရေးဘက်တွင်လည်း အထူးတိုးတက်စေနိူင်ခဲ့သည်၊၊


၁၉၅၇ ခုနှစ်ခန့်က နိုင်ငံတော်အစိုးရကဖွဲ့စည်းပေးသည့် မွန်ရေးရာအဖွဲ့တွင် ဝန်ကြီးနိုင်ချစ်သောင် သည် အရေးပါသောအဖွဲ့ဝင်လူကြီတဦး အဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်၊ ယင်းမွန်ရေးရာအဖွဲ့တွင် ဥက္ကဌ ဖြစ်သူမှာ အတွင်းဝန်မွန် ထွန်းသောင်ဖြစ်ပါသည်။ မွန်ရေးရာအဖွဲ့ဝင်ါလူကြီးများအနက် ရာမညတိုင်းလုံးဆိုင်ရာမွန်အသင်း၏ အကျိုးဆောင် အတွင်းရေးမှုးလည်း ဖြစ်ပြီး မွန်ယဉ်ကျေးမှုအရာရှိလည်းဖြစ်သော နိုင်ပန်းလှနှင့် အဖွဲ့ဝင်လူကြီးများဖြစ်သည့် တက္ကသိုလ်သမဝါယမ နိုင်မြတ်ထွန်း၊ အရေးပိုင်နိုင်ဘိုးကျေး၊ ပဲခူးမိစောရှင်နှင့် နာယကအရှင် နာဲဝါယမ တို့သည်လည်း မွန်ရေးရာ အဖွဲ့ဝင်ကော်မတီဝင် လူကြီးများဖြစ်ကြသဖြင့် မွန်ရေးရာ ကိစ္စများကို အကောင်အထည်ဖော်ရာ၌ အထူးအော်မြင်ခဲ့သည်။


မွန်ရေးရာ အဖွဲ့အနေဖြင့်အောင်မြင်စွာ ဆောင်ရွက်နိုင်ကဲ့သည့် ကိစ္စများအနက်မော်လမြိုင်မြို့တွင် ယဉ်ကျေးမှုစာကြည့်တိုက်နှင့် ပြတိုက်တစ်ခုဖွင့်လှစ်နိုင်ခဲ့ပြီး မော်လမြိုင် ဥပစာကောလိပ်တွင် ထိုစဉ်က မွန်ဘာသာကို သင်ကြားလိုသော ကျောင်းသူကျောင်းသားများအား အပို ဘာသာ တရပ် အနေဖြင့် မြန်မာစာနှင့်ပူးတွဲ၍ မွန်ဘာသာကိုရွေးချက်နိုင်ခွင့်ရရှိအောင် ဖန်တီးနိုင်ခဲ့သည်၊၊ မော်လမြိုင် ဥပစာကောလိပ်တွင် ထိုစဉ်က မွန်ဘာသာ လက်ထောက် ကထိက နိုင်ထွန်းရွှေအား တက္ကသိုလ်က ခန့်ထားစေခဲ့သည်။ ရန်ကုန်မြို့ရှိပန်တျာကျောင်းတွင် မွန်ကဏ္ဍ တရပ် ထားရှိစေပြီး မွန်ပန်တျာနည်းပြဆရာအဖြစ် ဆရာနိုင်ခင်မောင်ကြီးအား ခန့်ထားစေခဲ့သည်။ ကဇာတ်ဌာနတွင် မွန်အနူပညာ သည်များအား လည်းခန့်ထားစေခဲ့ပြီး မွန်ရေးရာ အဖွဲ့မှကြီးမှူး ကျင်းပသည့် မွန်ရေးရာ ညီလာခံနှင့်မွန်စာပေ ယဉ်ကျေးမှု ကပွဲ၊ ပြပွဲ ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပါသည်။ မော်လမြိုင်၌သာမက ရန်ကုန်မြို့နှင့်ပဲခူး မြို့တွင် မွန်ရေးရာ ညီလာခံနှင့် ကပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းမွန်ရေးရာပွဲများကို ၁၉၆၂ ခူနှစ်မတ်လတွင် နောက်ဆုံးအကြိမ်အဖြစ် မော်လမြိုင်မြို့၌ စည်ကားစွာ ကျင်းပ နိုင်ခဲ့ပြီး အဖွဲ့၏ သက်တမ်းမှာလည်း ထိုနှစ်တွင် ကုန်ဆုံးခဲ့သည်။


ဥက္ကဌ နိုင်ချစ်သောင်သည် မွန်အမျိုးသား နေ့ပွဲနှင့် မွန်ပြည်နယ်နေ့ပွဲများတွင် နှစ်စဉ် အားပေး ကူညီခဲ့သည်၊၊ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ မွန်ပိဋကတ်တိုက်နှင့် ကပ်လျက် တည်ဆောက်ထားသော မွန်ဓမ္မာရုံကြီး ဖြစ်မြောက်ရေး ကိစ္စတွင်လည်း ဥက္ကဌကြီး နိုင်ချစ်သောင်သည် ထာဝစဉ်အားပေးကူညီခဲ့သည်၊၊


“အိမ်မှာ ကျုပ်သားသမီးတွေနဲ့ စကားပြောတဲ့အခါ မွန်စကားကိုသာ သုံးပါတယ်” ဆိုတဲ့စကားဟာ ကွယ်လွန်သည်အထိ ဥက္ကဌကြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိတယ်။



No comments: