📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Thursday, August 20, 2020

ထူးအိမ်သင်

 ထူးအိမ်သင်


မွေးနာမည် - ကျော်မြင့်လွင်

မွေးဖွါး - ၁.၇.၁၉၆၃

ပုသိမ်မြို.၊မြန်မာ



သေဆုံး - ၁၄.၈.၂၀၀၄(အသက် ၄၁)

ရန်ကုန် ၊မြန်မာ


သီဆိုခဲ့သောတေးဂီတ - ရော့ခ်, ပေါ.ရော့ခ်


အလုပ်အကိုင် - အဆိုတော် ၊ တေးရေးဆရာ


တူရိယာ - ဂီတာ ၊စန္နယား ၊ဒရမ်


လှုပ်ရှားခဲ့သောခုနှစ် ၁၉၈၆ - ၂၀၀၄


Website www.htooeinthin.com


ထူးအိမ်သင်သည်ကျော်ကြားသောအဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်သည်။ အနုပညာ အသိုင်းအဝိုင်းမှ ခင်မင်သူများက ကို ငှက်ကြီးဟု

ခေါ်ကြသည်။ ရင်းနှီးတဲ့သူများကလည်း ကိုဘဲဥဟုခေါ်ကြသည်။


ကိုယ်‌ရေးကိုယ်‌တာ


အဘဦးထွန်းမြင့်(ကျန်းမာရေးအရာရှိ)နှင့် အမိဒေါ်မြရင်(သူနာပြုဆရာမကြီး)တို့မှ ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌မွေးဖွားခဲ့သည်။ မွေးချင်း ၆ ယောက်အနက် သားအကြီးဆုံးဖြစ်သည် ။ ငယ်နာမည် သန်းထွန်းစိုးမှ ပြောင်းလဲခဲ့သော အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး ကိုငွေသီးဟုအဓိပ္ပာယ်ရသော “ပေါ်စွမ်း”ဟူသည့် မွန်ဘာသာဖြင့်ငယ်နာမည်လည်းရှိခဲ့သည် ။ သျှပ်၊ ဘဲဥ ၊ငှက်ကြီးစသည်ဖြင့်လည်း ချစ်စနိုးခေါ်ဝေါ်ကြသည်။ ထူးအိမ်သင်၏ဇနီးမှာ မသွယ်သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာမိကွန်ထော ဖြစ်သည်။


ပညာရေး


အ.မ.က (၂၀) ပုသိမ်‌တွင် မူလတန်းပညာကို သင်‌ကြားခဲ့ပြီး အ.ထ.က(၃) ပုသိမ်‌မှ အထက်‌တန်းအောင်‌မြင်‌ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်းရှိ ပုသိမ်‌ဒေသကောလိပ်‌သို့တက်‌ရောက်‌ခဲ့သည်။ ၁၉၈၁ ခုနှစ်‌တွင် မိသားစုနှင့်အတူ မော်‌လမြိုင်‌သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မော်လမြိုင်‌တက္ကသိုလ်‌မှ ရုက္ခဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။


ဂီတနှင့်ပတ်သတ်သော ငယ်ဆရာများမှာ ဦးကျောက်စိမ်း နှင့် ဦးစန်းတင့်(လမ်းစဉ်လူငယ်ဘင်ခရာတပ်ဖွဲ့၊ ပုသိမ်မြို့) ဖြစ်ပြီး မော်လမြိုင်မြို့၌ ဦးအောင်စိုး ( KC.Francis ) ထံတွင် ဂီတပညာနှင့် ဂီတသင်္ကေတများကို ဆက်လက်ဆည်းပူးခဲ့သည်။


အနုပညာလှုပ်‌ရှားမှု


၁၉၈၁ ဒေသကောလိပ်ကျောင်းသားဘဝတွင် “ မြ ” အမည်ရှိ ကျောင်းတွင်းကဗျာစာအုပ်ထဲ၌ ကလောင်အမည် သျှပ်မှူးကျော် ဖြင့် ကဗျာများရေးသားခဲ့သည် ။ ထိုစာအုပ်တွင် ပါဝင်ခဲ့သော ကဗျာဖြစ်သည့်


“ အမေ ...


အမေ ဝမ်းရည်စပ်တယ်ဆိုရင် ခွင့်လွှတ်ပါ ။


သားရင်ထဲမှာ ကဗျာ ”


ဟူသော ကဗျာမှာ သူ့အား ကဗျာဆရာအဖြစ်ထင်ရှားအမှတ်ရစေခဲ့သည် ။ ထို့နောက် ၁၉၈၂ တွင် ကလောင်အမည် လင်းထက် ဖြင့် “မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍ ” ဝတ္ထုတိုကို ရှုမဝ မဂ္ဂဇင်းတွင် စတင်ရွေးချယ်ခြင်းခံခဲ့ရသည် ။ လင်းထက် နာမည်ဖြင့်ပင် ကဗျာရေးခဲ့သည် ။ သူ၏ အခြားကလောင်အမည်တစ်ခုမှာ ရဲသင်ရန် ဖြစ်သည်။ ထူးအိမ်သင် အမည်ဖြင့် ရေးသားခဲ့ပြီး ပုံနှိပ်ဖော်ပြခဲ့သည့် တစ်ပုဒ်တည်းသောကဗျာမှာ “သက်တန့်မြစ်” ဖြစ်ပြီး သရဖူမဂ္ဂဇင်း(ဟောင်း) နှစ်ပတ်လည်အထူးထုတ်တွင် ပါဝင်ခဲ့သည် ။ ၁၉၈၆ ခုနှစ်တွင် "နာရီပေါ်မှမျက်ရည်စက်များ" တေးစီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်‌ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ ၁၉၈၆ မှ ၂၀၀၄ ခုနှစ် ကွယ်လွန်သည်အထိ တစ်ကိုယ်တော်တေးစီးရီးပေါင်း ၁၄ ခွေ ထွက်ရှိခဲ့ပြီး ဂီတညီအစ်ကိုမောင်နှမများနှင့်အတူ တွဲဖက်သီဆိုခဲ့သော စီးရီးပေါင်း များစွာရှိခဲ့သည် ။ စာရေးဆရာမ ဂျူး ၏ ရေမြောသီး အမည်ရှိ အသံထွက်ဝတ္ထုခွေ တွင် မြရဲ့လ ဝတ္ထုတိုကို ရွတ်ဖတ်ပေးခဲ့သည် ။


ရေးဖွဲ့ခဲ့သော ကဗျာများ


အမေ

အသက်သည် အိပ်မက်

မြ

အစ၏အဆုံး (သို့) အဆုံး၏အစ

မနှင်းဖြူ

စင်သီယာ ၁

စင်သီယာ ၂

စင်သီယာ ၃

စင်သီယာ ၄

စင်သီယာ ၅ 


တစ်ကိုယ်တော် တေးစီးရီးများ


နာရီပေါ်မှ မျက်ရည်စက်များ (၁၉၈၇ )

မှော်ဆရာအိမ်မက် (၁၉၈၈၊ဖေဖော်ဝါရီ)

သက်ငြိမ် (၁၉၈၉၊ အောက်တိုဘာ)

အတ္တပုံဆောင်ခဲများ (၁၉၉၁၊ ဇန်နဝါရီ)

အကြင်နာအိပ်မက် (၁၉၉၁၊ ဇွန်)

အရင်အတိုင်း (၁၉၉၁ ၊ ဒီဇင်ဘာ)

စကားလုံးမရှိတဲ့ကောင်းကင် (၁၉၉၅၊ ဖေဖော်ဝါရီ)

ထူးအိမ်သင် unplugged live (၁၉၉၆၊ ဒီဇင်ဘာ)

မြို့ပြလရောင်တမ်းချင်း (၁၉၉၆၊ အောက်တိုဘာ)

ဝင်ရိုးစွန်းမီး (၁၉၉၇၊ ဖေဖော်ဝါရီ)

အမေ သို့မဟုတ် အကြွင်းမဲ့ မေတ္တာတော်သီချင်း (၁၉၉၇၊ မေ)

အမှတ်တရ ဒဏ်ရာသီချင်းများ (၁၉၉၉၊ ဂျွန်)

အစိမ်းရောင်ရက်စွဲများ (၂၀၀၁၊ နိုဝင်ဘာ)

တစ်‌နေ့စာအလွဲများ (၂၀၀၃၊ အောက်တိုဘာ)

ချစ်ခြင်းအားဖြင့် (၂၀၀၅၊ သြဂုတ်)

သီချင်းခွေကြမ်း 


သူကွယ်လွန်ပြီးနောက် ၂၀၀၅ ခုနှစ် သြဂုတ်လတွင် သူနောက်ဆုံးသီဆိုသွားခဲ့သော သီချင်းများအား စုစည်း၍ ချစ်ခြင်းအားဖြင့် ဟူသော အခွေကို ဖြန့်ချီခဲ့သည် ။


နိုင်‌ငံရေးလှုပ်‌ရှားမှု


၁၉၈၈ အရေးအခင်းအပြီးတွင် မြန်‌မာနိုင်‌ငံလုံးဆိုင်‌ရာကျောင်းသားများဒီမိုကရက်‌တစ်‌တပ်‌ဦး(ABSDF)၌ ပြန်‌ကြားရေးတာဝန်‌ခံအဖြစ် အဆိုတော်‌မွန်းအောင်‌နှင့် အတူ ခေတ္တမျှ တာဝန်‌ထမ်းဆောင်‌ခဲ့သည်။ "အရေးကြီးပြီ" ဆိုသောတိုက်‌ပွဲဝင်‌သီချင်းကို ထိုစဉ်‌ကရေးစပ်‌ခဲ့ခြင်းဖြစ်‌သည်။ ထို့နောက် မြို့ပေါ်‌သို့ပြန်‌လာပြီး အနုပညာလုပ်‌ငန်များကို ဆက်‌လက်‌လုပ်‌ဆောင်‌ခဲ့သည်။


ဘဝနိဂုံး


၁၄-၈-၂၀၀၄ နံနက် ၁၁:၄၀ အသက်‌၄၂နှစ်‌အရွယ်‌တွင် ကွယ်‌လွန်‌ခဲ့သည်။

အခြား


သူ့ကိုချစ်တဲ့ ပရိသတ်တွေက သူ့ကိုအမှတ်တရအဖြစ် ထူးအိမ်သင်ဒေါ့ကွန်း (http://www.htooeainthin.com/) ဟုသော ဝက်ဆိုဒ်လေးတစ်ခုကို ပူးပေါင်း တည်ဆောက်ပေးခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင် သူ့၏ လုပ်ဖော်ကိုင်ဖက်များ၊ ငယ်ပေါင်းများဖြစ်သော တေးရေးဆရာများ၊ ကဗျာဆရာများ၊ စာရေးဆရာများနှင့် စာနယ်ဇင်းသမားများ စသည်တို့ရေးသားခဲ့ကြသည့် သူကွယ်လွန်ခြင်း ၂ နှစ်ပြည့်အမှတ်တရစာများကို သူ၏ ငယ်သူငယ်ချင်းဖြစ်သူ စာရေးဆရာ ကဗျာဆရာ သိမ်းတင်သား (ကြွက်နီ)မှ စီစဉ် စုစည်း၍ အစိမ်းရင့်ရောင်ရက်စွဲများ အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည် ။ 


အမှတ်တရအဖြစ် https://sites.google.com/site/myanmarsite1/home/hta/htoo-ein-thin မှကူးယူဖော်ပြပါသည်


No comments: