📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Thursday, August 20, 2020

ဗန်းမော်တင်အောင်

ဗန်းမော်တင်အောင်


လူတယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းရမှာပဲ။ (ဆရာဗန်းမော်တင်အောင် မကွယ်လွန်မီ သားအား မှာကြားချက်)


အောက်တိုဘာ ၂၃၊ ၂၀၁၅ နေ့ဟာ ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၇ နှစ်မြောက်ပါ။ သူဟာ ဝတ္ထုနဲ့ လုံးခြင်း စာအုပ် ၇၇ အုပ်ရေးသားခဲ့သူ၊ လူထုနိုင်ငံရေးခေါင်းဆောင်၊ သတင်းစာဆရာ၊ အယ်ဒီတာ၊ သမိုင်း ပညာရှင် စတဲ့ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ကြွယ်ဝခဲ့သူတဦး မဟုတ်ပါလား။

စာရေးဆရာတွေဟာ သူတို့ကိုယ်သူတို့ ကလောင်အမည်ပေးတဲ့အခါ မွေးဖွား ဇာတိ မြို့ရွာဒေသကိုလိုက် အမည်ပေးတတ်ကြသလို ကြီးပြင်းလာမှ ပညာသင်ယူတဲ့ဒေသ မြို့ရွာတွေကို စွဲယူပြီး ကလောင် အမည်ယူကြတာလည်းရှိပါရဲ့။ ပဲခူးဇာတိ မောင်တင်ဦးဟာ ပညာသင်ယူ ကြီးပြင်းခဲ့တဲ့ ဗန်းမော်မြို့ကို စွဲယူလိုက်ပြီး ဗန်းမော်တင်အောင် ဖြစ်လာတာပါ။ 



အမည်ရင်း (မောင်တင်ဦး) ဗန်းမော်တင်အောင်ကို ဖခင် တရားဟောဆရာ ချင်းလူမျိုး ဦးမောင်နေ နဲ့ ပဲခူးမြို့သူ ဒေါ်စောမြိုင်တို့က ၁၉၂၀ ပြည့် ဇွန်လ ၉ ရက်၊ စနေနေ့က ပဲခူးမှာမွေးခဲ့ကြောင်း ဆရာကျော်သန်းမြင့် (ဗန်းမော်)က ရေးသားထားခဲ့ပါတယ်။ ဖခင် ချင်း နှစ်ချင်း တရားဟောဆရာရဲ့ တာဝန်ကျရာ ပဲခူး၊ တောင်ငူ၊ ဗန်းမော်မြို့တွေမှာ ပညာသင်ခဲ့ရသူ ဗန်းမော်တင်အောင်ဟာ ဆယ်တန်းကျောင်းသား ဘဝကတည်းက ဂျာနယ်၊ စာစောင်နဲ့ မဂ္ဂဇင်းတချို့မှာ ဝတ္တုတိုတွေ ရေးနေပါပြီ။ ဒီအချိန်ကတည်းက မာ့က်စ် လီနင်ဝါဒ အတွေးအခေါ်နဲ့ ခေတ်ရှေ့ပြေး စာပေ အတွေးအမြင်တွေ အရွယ်နဲ့မလိုက်အောင် ဗန်းမော်တင်အောင်မှာ ရှိနေပြီလို့ ဆရာကျော်သန်းမြင့် (ဗန်းမော်)က ဆိုခဲ့ပါတယ်။ 

 

အဖိနှိပ်ခံပြည်သူတွေရှေ့က  အလံဝှေ့ယမ်းနေတဲ့  စာပေခေါင်းဆောင် စာရေးဆရာဗန်းမော်တင်အောင်။

ဒါကတော့ ဗန်းမော်တင်အောင် ကွယ်လွန် နှစ် ၂၀ ပြည့်မှာ ဆရာတင်မိုး ရေးခဲ့တဲ့ ဂုဏ်ပြုကဗျာ အစပုဒ်ပါ။ 


ဗန်းမော်တင်အောင်ဟာ ၁၉၃၈ ခုနှစ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံမှာလည်း ဗန်းမော်ကနေ ကျောင်းသား ဘဝနဲ့ ပါဝင်ခဲ့ပါတယ်။ သူဟာ နိုင်ငံရေး အတွေးအခေါ်မှာ ရှေ့ပြေးနေသူ လို့ဆိုရပါမယ်။ ဖက်ဆစ်ကိုတိုက်ဖို့ ရဲဘော်သုံးကျိပ် ပြန်မဝင်ခင်ကပဲ ဖက်ဆစ်ကို တိုက်ရမယ်ဆိုတဲ့ အမြင်ရှိထားသူ။ ဒါကြောင့် အင်္ဂလိပ် တပ် ဗိုလ်သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ (ရိုးမတိုက်ပွဲ) နဲ့ (လွမ်းရစ်တော့သက်လှယ်ရယ်) လုံးချင်း ဝတ္တုကြီးတွေဟာ ဗန်းမော်တင်အောင်ရဲ့ ဖက်ဆစ်တော်လှန်ရေးသမားဘ၀ အတွေ့အကြုံတွေ ဖြစ်ကြပါတယ်။  


ဗန်းမော်တင်အောင်ဟာ ၁၉၄၂ ခုနှစ်မှာ ဒေါ်ခင်ဦးနဲ့ ဗန်းမော်မှာ လက်ထပ်ခဲ့ပါတယ်။ ဂျပန်ခေတ် ၁၉၄၂-၄၅ မှာ သူဟာ ပြည်မြို့မှာ သစ်တောဝန်ထောက်လုပ်ခဲ့ပြီး နောက်ပိုင်း ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်တို့မှာ အမှုထမ်းခဲ့ပါတယ်။ သူ့ရဲ့ (ဘုန်းမောင့်တယောက်ထဲရယ်) ပထမဆုံး လုံးချင်း ဝတ္ထုကြီးကို လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ်ကတည်းက ရေးသားထုတ်ဝေခဲ့ပြီးပါပြီ။ ဒီမှာပဲ ဗန်းမော်တင်အောင် ကလောင်ကို ယူလိုက်ပါတယ်။ 


ဒါပေမယ့် ၁၉၄၉ ခုနှစ်ကျမှ သစ်လုပ်ငန်းကို စွန့်ပစ်ပြီး စာပေလောကကို ဝင်ဘို့ပြည်မြို့ကနေ ရန်ကုန် ပြောင်းလိုက်တာ ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ် မှာ ကိုယ်တိုင် ဦးစီး အယ်ဒီတာ အဖြစ် လင်းယုန်ဂျာနယ်ကို ထုတ်ခဲ့သလို နောက်တနှစ်ကျတော့ လင်းယုန်သတင်းစာကို ထုတ်နေပါပြီ။ လင်းယုန်သတင်းစာ အာဘော်ခန်း ကနေ ဖဆပလ အစိုးရရဲ့ကမောက်ကမ လုပ်ရပ်တွေကို ဝေဖန်ချက်တွေ ကောင်းလွန်း (ပြင်းလွန်း) တာကြောင့် မကြာခဏ ထောင်ထဲရောက်လေ့ရှိသူ နရသိန် အကျဉ်းသားလည်း ဖြစ်နေခဲ့တယ်ဆိုပါတယ်။ 


လင်းယုန်ဂျာနယ်၊ သတင်းစာတွေကို ထုတ်ဝေခဲ့လို့ လင်းယုန်ကြီးလိုလည်း ဂုဏ်ပြု၊ ကင်ပွန်းတပ် အသိအမှတ်ပြု အခေါ်ဝေါ်ခံရသူ ဗန်းမော်တင်အောင်ဟာ ဝတ္ထုတွေလည်း အရေးမရပ်ခဲ့ပါဘူး။ သူ့ရဲ့ (သူပုန်ကြီး)၊ (အမေ)၊ (ပြည်တော်သာခင်ခင်ကြီး) စတဲ့ လူထု တိုက်ပွဲ အခြေခံ ဝတ္ထုကြီးတွေကြောင့် နာမည်ကျော် ပုဒ်မ ၅ ည နဲ့ ၁၉၅၂ ခုနှစ် အဖမ်းခံရပါတယ်။ ဒီလို အဖမ်းခံရတိုင်းလဲ ထောင်ထဲမှာ အချိန်ကြာတတ်ပြီး ကျွန်းအပို့ခံခဲ့ရလို့ကိုကိုးကျွန်း ရက် ၄၀ အစာငတ်ခံ တိုက်ပွဲကိုပါ သတ္တိရှိရှိ ဂုဏ်ရောင်ပြောင်ပြောင်  ပါဝင်တိုက်ခဲ့သူလည်းဖြစ်ပါတယ်။ 


လင်းယုန်ရဲ့အတောင်ပံရိုက်ချိုးဖို့

ကိုကိုးကျွန်းနဲ့ အကျဉ်းထောင်

ပင်လယ်ကျောက်ဆောင်နဲ့ လှိုင်း

မုန်တိုင်းတွေ ကြားထဲမှာ

ရဲရင့်စွာခေါင်းဆောင်

အဲ့ဒါ ဗန်းမော်တင်အောင်။ (တင်မိုး)


တကယ်တန်းက ကျနော် ဗန်းမော်တင်အောင်အကြောင်း ကောင်းကောင်း မသိခဲ့ပါ။ သူ့နာမည်ကတော့ နားထဲကြားနေခဲ့တယ်။ ကြားရတဲ့ အကြောင်းက ဗန်းမော်တင်အောင်နဲ့ ကိုကိုးကျွန်းမှာ အတူနေခဲ့ရသူ ရန်ကြီးအောင် ဦးစိန်ဝင်း (သုံးခွ) နဲ့ ကျနော်က အိမ်ချင်းကပ် နီးစပ် ခဲ့တာမို့ ဖြစ်ပါတယ်။ 

 

“ ဗန်းမော်တင်အောင်ဟာ အသက် ၅၀ ဖြစ်နေပေမယ့် ကျွန်း အစာငတ်ခံပွဲမှာပါခဲ့တာကွ၊ သူက စာရေးလဲကောင်း၊ သုံးသပ်ချက်လဲကောင်း၊ ယုံကြည်ချက်ကို ဘယ်တော့မှ မစွန့်ဘူး။ ဒါကြောင့်ခဏခဏ အဖမ်းခံရတာ။ ” ဆိုပြီး ဦးစိန်ဝင်းက ပြောခဲ့ဘူးပါတယ်။ သုံးခွမှာနေသူ ဦးစိန်ဝင်းဟာ ရန်ကုန်ရောက်တိုင်း ဗန်မော်တင်အောင်နဲ့ သွားတွေ့တတ်တယ်။ တခါက ဗန်းမော်တင်အောင်နဲ့ သွားတွေ့ဖို့ လုပ်နေတုန်း ကိုတင်အောင်ကို ထောက်လှမ်းရေးက ဆွဲသွားလို့ မသွားဖြစ်တော့ဘူး ဆိုတာမျိုးလဲ ကြားခဲ့ဘူးတယ်။ အဲ့ဒီ ကျွန်းကျဖက် ဦးစိန်ဝင်းရဲ့အိမ် စာအုပ်ဗီဒီုကြီးထဲကပဲ ဗန်းမော်တင်အောင်ရဲ့ “ လွမ်းရစ်တော့သက်လှယ်ရယ်” “ရိုးမတိုက်ပွဲ” “ပန်းဝေေ၀” “ မြိုင် ” စတဲ့ စာအုပ်တွေ ဖတ်ဖြစ်ခဲ့တာပါ။ 


ဗန်းမော်တင်အောင်ရဲ့ စာပေသြဇာ ကြီးမားခဲ့ပုံကို ဗွီဒီယို အင်တာဗျူးအတွင်း စာရေးဆရာမ မဝင့် (မြစ်ငယ်)က အခုလို ပြောပြခဲ့ပါတယ်။ 

 

“ စာဖတ်အားကောင်းယုံ၊ ဝါသနာပါယုံနဲ့ စာရေးဆရာ မဖြစ်ပါဘူး။ ကျမကို စာရေးဖို့ စိတ်ထက်သန်အောင် အား မွေး ပေးခဲ့သူ ဆရာတွေထဲမှာ ဆရာကြီး ဗန်းမော်တင်အောင် ပါ ပါတယ်။ အထူးသဖြင့် ဗန်းမော်တင်အောင်ရဲ့ -  မြိုင် ဝတ္ထုကို နှစ်သက်ပြီး ဒီထဲက ဇတ်လိုက် ကိုတင်ဦးလို ယောက်ျားမျိုးကို လိုလားခဲ့တဲ့အထိ သူ့ စာပေတွေ ကို စွဲလမ်း အတုယူခဲ့ပါတယ်။ ”  အလားတူ ကွယ်လွန်သူ ဆရာမ မိုးမိုး (အင်းယျား) ကလဲ “ မြိုင် ” ဝတ္ထု အပေါ် မဝင့် (မြစ်ငယ်) နဲ့ သဘောထား တူတယ်ဆိုတာကို ပြောပြခဲ့ဘူးကြောင်း ဆရာမ မဝင့်က အင်တာဗျူးမှာ ပြောသွားပါတယ်။ ဒါ့အပြင် နောင်မျိုးဆက်သစ် မိန်းကလေးတွေကိုလဲ “ မြိုင်” ဝတ္ထုကို ဖတ်ရှုပြီး အတုယူကြဘို့တိုက်တွန်းသွားပါတယ်။ 


အမိုက်မှောင်ဆုံး ကာလတွေမှာ

ထွန်းပလာခဲ့တဲ့စာပေကြယ်နီရောင်

အဲ့ဒါ ဗန်းမော်တင်အောင်. . .။ (တင်မိုး)


ဆရာကြီး ဗန်းမော်တင်အောင် (၁၉၂၀ - ၁၉၇၈) ဟာ အခုအထိ ရှိမယ်ဆိုရင် ၉၅ နှစ် ဖြစ်မှာပါ။ လာမဲ့ ၂၀၂၀ မှာဆို ဗန်းမော်တင်အောင် နှစ် ၁၀၀ ပြည့် ရောက်ပါတော့မယ်။ အခုန ပြောခဲ့ကြတဲ့ ” မြိုင်” အပါအဝင် ပင်ကိုယ်ရေး စာအုပ် ၇၇ အုပ် ရေးသား ထုတ်ဝေခဲ့တာကို အစပိုင်းက ပြောခဲ့ပြီး ဖြစ်ပါတယ်။ 


ဗန်းမော်တင်အောင် ပင်ကိုယ်ရေး စာအုပ်များ


၁။ လွမ်းရစ်တော့သက်လှယ် - မေတ္တာရိပ်မြုံစာပေ၊ ရန်ကုန် (၁၉၄၈) 

၂။ ဤလူ့ရိပ်မြုံ - နန္နာ စာပေ၊ ရန်ကုန် (၁၉၅၀) 

၃။ ဗန်းမော်တင်အောင်၏ ဘဝသံသရာ မကြင်ရမယ့် - ကိုယ့်ရဲဘော်နေအောင်၏ဘယ်ဝယ်မှန်းလှမ်းနှိုင်ပြီ (၁၉၅၀) 

၄။ ဒေါက်တာရေချမ်း - စာသဘင်တိုက်၊ ရန်ကုန် (၁၉၅၀)

 ၅။ ခင်မမကြူ - ပြည်သူအလင်းစာပေ၊ ရန်ကုန် (၁၉၅၁) 

၆။ ငွေနှင်းမှုံမှုံ - မြင့်မိုရ် စာအုပ်တိုက်၊ ရန်ကုန် (၁၉၅၁) 

၇။ သူပုန်ကြီး - ရောင်နီဦးစာပေ၊ ရန်ကုန် (၁၉၅၂) 

၈။ ပြည်တော်သာခင်ခင်ဦး - ရောင်နီဦးစာပေ၊ ရန်ကုန် (၁၉၅၂) 

၉။ ပြန်ကြုံတွေ့ရပါပြီ။ - ငြိမ်းစာပေ၊ ရန်ကုန် (၁၉၅၅) 

၁၀။ မခင်နီနှင့် လက်ရွေးစင် ဝတ္ထုများ - သီတာအေးပုံနှိပ်တိုက်၊ ရန်ကုန် (၁၉၅၇) 

၁၁။ မောင့်သက်လှယ် - မြန်မာပြည်စာအုပ်တိုက်၊ ရန်ကုန် (၁၉၅၇) 

၁၂။ မုန်တိုင်းကထန် - မြို့မစာနယ်ဇင်းဖြန့်ချိရေးဌာန၊ ရန်ကုန် (၁၉၅၇) 

၁၃။ ချောကလက်ဗိုလ်ကြီး - ပြည်သူအလင်းစာပေ၊ ရန်ကုန် (၁၉၅၉)

၁၄။ ငသြ -ကျော်ဦးစာပေ၊ ရန်ကုန် (၁၉၆၁) 

၁၅။ တတိယကမ္ဘာစစ်ကြီး ဖြစ်မည်လော -ကျော်ဦးစာပေ၊ ရန်ကုန် (၁၉၆၁) 

၁၆။ နှလုံးသားမေတ္တာမျက်ရည်တို့အကြောင်း - ချိုးဖြူစာပေ၊ ရန်ကုန် (၁၉၆၁) 

၁၇။ မမထား - ရွှင်ကြည်ကြည်၊ ရန်ကုန် (၁၉၆၁) 

၁၈။ မောင်လွမ်းေ၀ - မြင့်မိုရ်စာအုပ်တိုက်၊ ရန်ကုန် (၁၉၆၁) 

၁၉။ မမကြီး - မြင့်မိုရ်စာအုပ်တိုက်၊ ရန်ကုန် (၁၉၆၁) 

၂၀။ မြကေသီ - ပြည်သူအလင်းစာပေ၊ ရန်ကုန် (၁၉၆၁) 

၂၁။ မြန်မာနိုင်ငံတော်သမိုင်း - ရှုမဝစာပေတိုက် (၁၉၆၁) 

၂၂။ မှောင်ထဲကကဗျာတပုဒ် - စိန်ရတနာတိုက် (၁၉၆၁) 

၂၃။ လောပြဿနာ - ပြည်သူအလင်း (၁၉၆၁)

 ၂၄။ ဖြစ်လေရာဘ၀၀ယ် - ပြည်သူအလင်း (၁၉၆၁) 

၂၅။ ဘုန်းမောင်တယောက်ထဲရယ် - စာပန်းချီတိုက် ( စ - အကြိမ် ၁၉၆၁) 

၂၆။ အချစ်နှင့်စစ် - ခေတ်မြန်မာ စာပေတိုက် (၁၉၆၂) 

၂၇။ မုန်တိုင်းထဲက ကဗျာရှင် ရောင်နီဦးဆီ - ဂျိုးဖြူစာပေ (၁၉၆၂) 

၂၈။ မုန်းမေ့မှာစိုးလှသည် - ယမုံနာစာပေ (၁၉၆၂) 

၂၉။ ဘုန်းမောင့်မေတ္တာ - စာပန်းချီတိုက် (၁၉၆၂) 

၃၀။ ပန်းများပွင့်သောညတည - ရွှင်ကြည်ကြည်စာပေ (၁၉၆၂) 

၃၁။ ဒုတိယကမ္ဘာစစ်ကြီးနှင့်ဘာလင်အရေးတော်ပုံ - ပြည်သူအလင်းစာပေ (၁၉၆၂) 

၃၂။ ဆိုရှယ်လစ်ဋီကာ - ပင်းယစာပေ (၁၉၆၂) 

၃၃။ ချစ်အဏ္ဏဝါဘွေ - ရှုမဝပုံနှိပ်တိုက် (၁၉၆၂) 

၃၄။ ဝမ်းနည်းဝမ်းသာ - မြစာပေ၊ ဒု အကြိမ် (၁၉၆၂) 

၃၅။ ရဲဘော်အောင်ဒင် - ရှုမဝစာအုပ်တိုက်၊ (၁၉၆၂) 

၃၆။ ကျွန်တော် - ဂျိုးဖြူစာပေ (၁၉၆၃) 

၃၇။ ဆိုရှယ်လစ်အဘိဓါန် - ပင်းယစာပေ (၁၉၆၃) 

၃၈။ တရုပ်- ဆိုဗီယက် အရေးတော်ပုံ - ပြည်သူအလင်း (၁၉၆၃)

 ၃၉။ ဖုန်းမေ့လေသလား - မြစာပေ (၁၉၆၃) 

၄၀။ မခင်နီနှင့် ဝါးရမ်းပြေးအုန်းဖေ - ဝင်းမောင်ဦးစာပေဖြန့်ချိရေး၊ တ-ကြိမ် (၁၉၆၃) 

၄၁။ ရိုးမတိုက်ပွဲ - ဆန်းစာပေ (၁၉၆၃) 

၄၂။ ရွှေဥသြ - ယမုံနာစာပေ (၁၉၆၃) 

၄၃။ လူ့အောက်ကလူ (သို့) အညတြကြက်တော - အလိမ္မာစာပေ (၁၉၆၄)

 ၄၄။ မောင့်မေတ္တာ - ရန်ပုံခွင်းစာပေ၊ တ- အကြိမ် (၁၉၆၅)

 ၄၅။ မြိုင် - ယမုံနာစာပေ (၁၉၆၅) 

၄၆။ မိုးတောင်ကချုံး - ပြည်တော်ကြက်သရေပုံနှိပ်တိုက် (၁၉၆၇) 

၄၇။ မုန်တိုင်းထဲကလူ - ယမုံနာစာပေ (၁၉၆၇)

 ၄၈။ မိအေး - ရတနာသင်္ခစာပေ (၁၉၇၂)

 ၄၉။ မြန်မာမျိုးချစ်ပြောက်ကျားခေါင်းဆောင်ကြီးငမြတ်ထွန်း နှင့် ဝတ္ထုရှည်နှစ်ပုဒ်-ပုဂံ(၁၉၇၂) 

၅၀။ ရွှေပြည်တော်မျှော်တိုင်းဝေး - ပဒေသရာဇာစာပေ (၁၉၇၂) 

၅၁။ အဘမိုးကျော် - ဂုဏ်တန်ဝင်းစာပေ (၁၉၇၃) 

၅၂။ ဟေဝန်ပန်းမြိုင် - မိုးစန္ဒာစာပေ (၁၉၇၃) 

၅၃။ မြစ်ဧရာပေါ်ဝယ် - သင့် စာပေ (၁၉၇၃) 

၅၄။ မြရင်မ - ဆန်းညွန့်ဦး စာပေ (၁၉၇၃) 

၅၅။ ဒေါက်တာလွမ်းေ၀ - ပြည်သူ့အလင်းစာပေ (၁၉၇၃) 

၅၆။ ပုဂံရွှေပြည် - သင့်စာပေ (၁၉၇၄) 

၅၇။ မေခင် - ယမုံနာစာပေ (၁၉၇၄) 

၅၈။ မင်းပြစ်မင်းဒဏ် - ပြည်လုံးကျွတ်ဖြန်ချိရေး (၁၉၇၄) 

၅၉။ သဘာဝသိပ္ပံ တစေ့တစောင်းလေ့လာခြင်း - သင့်စာပေ (၁၉၇၄)

 ၆၀။ အနုစြင်္ကာဝဠာနှင့် မဟာစြင်္ကာဝဠာ - လူငယ်စာပေ၊ မန္တလေး (၁၉၇၄) 

၆၁။ ကြေးစား - အင်ကြင်းမြိုင်စာပေ (၁၉၇၅) 

၆၂။ ပန်းဝေေ၀ - ပြည်သူ့အလင်းစာပေ (၁၉၇၅) 

၆၃။ သဘာ၀ ဝတ္ထု (၁) - လူငယ်စာပေ၊ မန္တလေး (၁၉၇၆) 

၆၄။ ကမ္ဘာ့နိူင်ငံကြီးများနှင့် တတိယကမ္ဘာ - ရွှေကျေးစာပေ (၁၉၇၆)

 ၆၅။ သူ့ဇာတ်ကောင် သူ့ဝတ္ထုနှင့် သူ့စာရေးဆရာ - ရွှေအိုးစာပေ (၁၉၇၇) 

၆၆။ ရုပ်ကမ္ဘာ - လင်းယုန်စာပေ (၁၉၇၈) 

၆၇။ ပါမောက္ခ အုန်းကျော်နှင့် လမ်းဘယ်မမြင် - ဂျိုးဖြူစာပေ (၁၉)

 ၆၈။ ဆန့်ကျင်ဖက်၏ သမီးပျို - ဂျိုးဖြူစာပေ၊ ဒု- အကြိမ် (၁၉)

 ၆၉။ ညိုဝါရွှေနှင့် လက်ရွေးစင်ဝတ္ထုတိုများ - စာနယ်ဇင်းဖြန့်ချိရေး (၁၉ ) 

၇၀။ အမေ - လင်းယုန်စာပေ (၁၉၅) 

၇၁။ သင်းရနံ့လှိုင် - ထွန်းလင်းစာပေ (၁၉၈) 

၇၂။ ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း (၁၉၆၄) 

၇၃။ ဂျက်လန်ဒန် သူ့ဘ၀ သူ့စာပေ - ပန်းရိုင်းမြေ (၁၉၉၅) 

၇၄။ အေ- ပီ ချက်ကော့ဖ် ဝတ္ထုတိုများ - ကျော်လင်းစာပေ (၁၉၅၆) 

၇၅။ တာရာစ်ဘူလာဘာ - ကျော်လင်း စာနယ်ဇင်း (၁၉၅၇) 

၇၆။ သေလျှင်မြေကြီး - ယမုံနာစာပေ (၁၉၆၄) 

၇၇။ အိုင်းစတိုင်းနှင့်သူ၏ဓမ္မတရား - မုံရွေးစာအုပ်တိုက် (၁၉၉၀) 

 

သူ့ရဲ့ ပင်ကိုယ်ရေး ၇၇ အုပ်စာရင်း စာအုပ်ခေါင်းစဉ်တွေကို လေ့လာကြည့်ယုံနဲ့ ဗန်းမော်တင်အောင် ဆိုတာ ဘာလဲ ဆိုတာ ရိပ်မိနိုင်ပါတယ်။ ကျွန်းကျဖက် လူထုစိန်ဝင်းကတော့ “ ဆရာ ဗန်းမော်တင်အောင်ဟာ စာရေးအကောင်းကြီးမဟုတ်ပါ။ ဝတ္ထု ရေးသားခြင်း အတတ်ပညာရှုထောင့်က ကြည့်ရင် ဆရာ့ထက် ကိုး၊ ဆယ်ဆသာတဲ့ စာရေးဆရာတွေ အများကြီးရှိပါတယ်။ ဆရာ့ဝတ္ထုတွေ အတော်တော်များများက ပျင်းစရာ ကောင်းပါတယ်။ တချို့ဆိုရင် ဝတ္ထုနဲ့မတူပဲ နိုင်ငံရေးကြေညာစာတမ်းနဲ့ တူနေတာ မျိုးတောင် ရှိပါတယ်။ ဒါပေမယ့် စာဖတ်ပရိသတ်တွေက မငြိုငြင်ပါဘူး။ ဆရာ့စာတွေကို မက်မက်မောမော ဖတ်နေကြမြဲ ဖြစ်တယ်။ ဆရာ့ကိုလဲ ချစ်ခင်လေးစား ကြည်ညိုမြဲ ဖြစ်တယ်။ ဟော... အခု ဆရာမရှိတော့တာတောင် အတော်ကြာပြီ။ ဆရာ့စာဖတ်ပရိသတ်တွေက ချစ်ဆဲ၊ လွမ်းဆဲ၊ လေးစားကြည်ညိုဆဲ၊ ဆရာ့အမှတ်တရပွဲတွေ လုပ်ဆဲ လုပ်မြဲပါပဲ။ အဲဒါ ဘာ့ကြောင့်ပါလဲ။ 


ရှည်ရှည်ဝေးဝေး အဖြေရှာနေစရာ မလိုပါဘူး။ စာရေးမကောင်းပေမယ့် ဆရာဟာ စာကောင်းရေးသူ ဖြစ်လို့ပါ။ ဆရာရေးခဲ့သမျှ စာတွေမှာ တအုပ်မှ စာဖတ်ပရိသတ် ပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ စာမျိုး မပါပါဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုကို ဆရာဘယ်တော့မှ မစော်ကားပါဘူး။ ဆရာဟာ သူတကိုယ် ကောင်းစားရေးအတွက် စာဖတ်ပရိသတ် ပြည်သူလူထုကို ဘယ်တုန်းကမှ သစ္စာ မဖောက်ခဲ့ပါဘူး။ ဆရာ့ဘ၀ တလျှောက်လုံးမှာ ဆရာဟာ ပြည်သူလူထုနဲ့အတူ ရှိခဲ့ပါတယ်။ ဆရာက ပြည်သူကိုချစ်လို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။ စာရေးမကောင်းပေမယ့် စာကောင်းတွေရေးလို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။ ပြည်သူချစ်တဲ့ ဆရာ့နာမည်ဟာ ပြည်သူတွေကြားမှာ အမြဲ ရှိနေမှာပါ။ ပြည်သူချစ်တဲ့ဆရာ ဘယ်တော့မှ မသေပါ။ ” ဆိုပြီး ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၁၉)၊ စက်တင်ဘာ ၂၀၀၈ မှာရေးခဲ့ပါတယ်။ 


ကလောင်ခွဲ ၁၃ ခု နဲ့ ဗန်းမော်တင်အောင်


ဆီမီးခွက်၊ တင်ဦး၊ မောင်တင်အောင်၊ ဗန်းမော်တင်အောင်၊ တင်အောင် (ဟိုက်စကူးကျောင်းသား)၊ ဦးတင်အောင် (အယ်ဒီတာ)၊ ထွန်းလင်း၊ မဟာအောင်၊ မောင်မောင်လတ်၊ မောင်ရေချမ်း၊ လင်းယုန်၊ လင်းယုန် (ဗမာနိုင်ငံ)၊ မောင်အေးသွင် စသဖြင် ကလောင်အမည် ၁၃ ခုကို သုံးခဲ့ပါတယ်။ ရှုမဝဦးကျော် ရာပြည့် အမှတ်တရ ဆောင်းပါးကို ဗန်းမော်တင်အောင်က ရေးသားရာမှာ ဦးကျော်က သူ့ကို မောင်အေးသွင် လို့ ခေါ်ကြောင်း ထည့်ရေးထားတာဖတ်ရဘူးပါတယ်။ မဟာအောင် ကလောင်ခွဲကိုတော့ မဟာဆွေကို အားကျပြီး ပေးခဲ့တာဖြစ်နိုင်တယ်လို့ စာရေးဆရာ ကျော်သန်းမြင့် (ဗန်းမော်) က ရေးခဲ့ဘူးပါတယ်။ အခုဆို ၂၀၁၅ အောက်တိုဘာလ ၂၃ ရက်က ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၇ နှစ် မြောက်ပါ။


သေခြင်းသည်မဆန်း၊ ပန်းတပွင့်ကြွေ

လေတဝှေ့တိုက်၊ နှင်းတပြိုက်ကျျျ

တဘဝလျှင်၊ ခဏပင်တည့်

အသင်ထာဝရ၊ လူ့လောကမှ

လုံး၀ ပျောက်ဆုံးသွားခြင်း မဟုတ်ပါ။ (ဒေါင်းနွယ်ဆွေ)


ကွယ်လွန်ခြင်း ၃၇ နှစ်မြောက် အမှတ်တရ မန္တလေးက ဆရာညီပုလေးနဲ့ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) တို့ကလည်း ဗန်းမော်တင်အောင်ရဲ့ စာပေကျေးဇူးတွေကို တသသ သတိရနေကြတုန်းပါ။


လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့သားငယ် ဆရာ ညီပုလေးက “ ၃၇ နှစ်ကြာသွားပေမယ့် ကျနော်တို့မေ့မရတဲ့ စာပေပညာရှင်တွေထဲမှာ ဆရာကြီး ဗန်းမော်တင်အောင် ပါပါတယ်။ ဗန်းမော်တင်အောင်ရေးခဲ့တဲ့စာတွေက အများကြီး ဗမာစာပေမှာ ကျန်ခဲ့တယ်။ အခု လွတ်လပ်ပွင့်လင်းစ ဆရာကြီး စာအုပ်တွေ ပြန်ထုတ်ခွင့် ရလာတာ ဝမ်းသာတယ်။ သူရေးခဲ့တဲ့စာတွေဟာ ခေတ်ကတိုက်စားပေမဲ့ ပျောက်ပျက်သွားမှာ မဟုတ်ပဲ အမြဲရှင်သန်နေမှာ။ အဲ့ဒါဟာ သူ့ရဲ့အနုပညာစွမ်းအား၊ သူ့ရဲ့အတတ်ပညာ၊ သူ့ရဲ့နိုင်ငံရေးခံယူချက်၊ အဲ့ဒါတွေဟာ မဆုံးဘူး။ အမြဲတမ်းခေတ်မီနေတယ်။ ကျနော်က လေးစားလျှက်ပါ။ နောင်မျိုးဆက် ခု ခေတ် လူငယ်တွေဟာ သူ့စာအုပ်တွေကို သေသေခြာခြာ ဖတ်သင့်ပါတယ်။” လို့ အလေးအနက် ပြောပါတယ်။ 


ဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်) ကတော့ “ အတော်တန်ဘိုးရှိတဲ့  ပုဂ္ဂိုလ်ကြီး တယောက်ပါ။ သူ့စကားနဲ့ သူ့ကို ပြန် တန်ဖိုးဖြတ်ရရင် လူတယောက်ရဲ့တန်ဘိုးဟာ တဲ့။ သမိုင်းက သူ့ပုခုံးပေါ် ပင့်တင် ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက် သူ ကျေသလဲ အပေါ် မူတည်တယ်တဲ့။ အဲ့ဒီတော့ ဗန်းမော်တင်အောင်ဟာ မီလျံနာကြီး ဖြစ်အောင်လုပ်ရင် ဖြစ်အောင်ကလဲ အခြေအနေက ရှိပြီးသား။ ဒါပေမယ့် ဒါကိုမလုပ်ပဲ၊ လူထုဖက်ကကြည့်ပြီး လူထုဖက်က အမြဲ ရပ်တည်လာတဲ့လူ။ လူထုအကျိုးပြုခဲ့တဲ့လူ။ အဲ့ဒီတော့ သမိုင်းက ပစ်တင်လာတဲ့ တာဝန်ကို သူတော်တော် ကျေကျေပွန်ပွန် လုပ်ခဲ့တာပါ။ တခြား စာရေးဆရာတွေနဲ့ မတူတာက တခြားဟာတွေလို စာကို အပျော်ဖတ် သက်သက်မရေးဘူး။ စာပေနဲ့ လှုံ့ဆော်တယ်။ စာပေနဲ့ စည်းရုံးတယ်။ စာပေနဲ့ တော်လှန်ရမယ်ဆိုတဲ့ အတွေး အခေါ်တွေကို ရေးသွား ပေးသွားတယ်။ ” လို့ ပြောကြားသွားခဲ့ပါတယ်။ 


လူထုအတွက် ဗန်းမော်တင်အောင်ဟာ ဇနီးနဲ့ သားသမီး ၆ ယောက်အတွက် ဂရုစိုက်ချိန်နည်းပါးခဲ့တာကို ဘဝတလျှောက်လုံး ဇနီးသည် ဒေါ်ခင်ဦးက မကျေလည်ခဲ့ပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၃၇ နှစ် လင်းယုန်ကြီး ဗန်းမော်တင်အောင်ရဲ့ ဈာပနမှာ ဗန်းမော်တင်အောင်ကို ကြည်ညိုလေးစားသူ အများအပြား (ကျောင်းသား၊ အလုပ်သမား၊ ဈေးသည်တွေကအစ မုတ်ဆိတ်ဖွား မွတ်ဆလင်တွေ၊ ခရစ်ယန်သင်းအုပ်ဆရာတွေ၊  ဘုန်းကြီးရဟန်း၊ သီလရင်တွေအလယ် သုဘရာဇာနဲ့ သူတောင်းစားတွေ အဆုံး) တလေးတစား အရေးတယူ လာရောက် ပို့ဆောင် ဂါရဝပြုခဲ့ကြတာကို မြင်တွေအပြီးမှာ သူ့လင်သားအပေါ် အမြင်မှားခဲ့ကြောင်း ပြောခဲ့တာကို ဆရာကြီးပါရဂူက အခုလို ရေးသားခဲ့ဘူးပါတယ်။


 ဒေါ်ခင်ဦးက “ ကျမ သူ့ကို စောစောပိုင်းက အတော်ကလေး အထင်သေးခဲ့တယ်။ သူ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တယ်။ သူဟာ သူ့သားမယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး။ သူ့နိုင်ငံရေး၊ သူ့စာပေရေးနဲသူ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တယ်။ သူဟာ သူ့သားမယား၊ သူ့အိမ်ထောင်ကို ဂရုမစိုက်ဘူး။ သူ့နိုင်ငံရေး၊ သူ့စာပေရေးနဲ့သာ ပျော်မွေ့နေခဲ့တယ်။ စီးပွားရေးတို့ ဘာတို့ ဆိုတာကို သူလုံး၀ ထည့်မတွက်ဘူး။ ကျမတို့ကတော့ ငတ်တလှည့် ပြတ်တလှည့်ပဲ။ ကျမ သူ့အပေါ် အတော်ကလေး မကျေမနပ် ဖြစ်မိခဲ့တယ်။ အခုတော့ ကျမ မှားမှန်း သိရပါပြီ။ သူ့ကို အခုလို ပြည်သူက လေးစား ကြည်ညိုမှန်း သိရတော့ ကျွန်မ ကြက်သီးထမိတယ်။ ဒီလို ပြည်သူလူထုရဲ့ လေးစားကြည်ညိုမှုကို ကျွန်မ အရင်က အထင်ကြီးခဲ့တဲ့ ငွေကြေးနဲ့၊ စီးပွားရေးနဲ့ ဝယ်လို့ မရဘူးဆိုတာ ကျွန်မ အခု သဘောပေါက်ပါပြီ။ သူ့အပေါ် အမြင်မှန် ရပါပြီ။ ” လို့ လွန်ခဲ့တဲ့ ၃၇ နှစ် ဈာပနအပြီး ပြောခဲ့တယ် ဆိုပါတယ်။


သေခြင်းမဆန်းပါ။ ဖြစ်မြဲပါ။ တဘ၀ တခဏပါ။  ထာဝရ လူ့လောကမှ လုံး၀ ပျောက်ဆုံး မသွားပါ ဆိုသလိုပဲ ဗန်းမော်တင်အောင်ရဲ့ ပြည်သူ့အတွက် စာပေ ခံယူချက် အတွေးအမြင် အယူအဆတွေကလဲ ကွယ်လွန်ပြီး ၃၇ နှစ်တိုင် မပျောက်ဆုံးသေးပါ။ တသသ ရှိနေကြဆဲ လေးစား ဂုဏ်ပြုနေကြဆဲပင် မဟုတ်ပါလား။ ။ 


ကိုးကား။ ။


၁။ ဗန်းမော်တင်အောင် တိုင်းပြုပြည်ပြု စာရေးဆရာ၊ သတင်းစာဆရာ  (ပြည်သူ့ဘက်တော်သားများမှထုတ်ဝေ)

၂။ ဗန်းမော်တင်အောင်အမှတ်တရလေးများဆောင်းပါး။ မောင်ခင်မင်(ဓနုဖြူ) ဖေဖေါ်ဝါရီ၂၀၁၂လှိုင်းသစ်မဂ္ဂဇင်း

၃။ ၂၀၁၀ ခုနှစ်ထုတ် ရှုမဝဦးကျော် နှစ်တရာပြည့်မွေးနေ့ အမှတ်တရစာအုပ်ပါ ဗန်းမော်တင်အောင်၏ဝတ္ထု။  


No comments: