ဂျာနယ်ကျော်မမလေး၏ ဘဝနှင့် စာပေလက်ရာများ
ဂျာနယ်ကျော်မမလေးသည် ရသစာပေရေးသားသော စာရေးဆရာမကြီးဖြစ်၍ အရေးအသားလှပခြင်း၊ ကြည်လင်ခြင်း၊ မိမိခံစားမှုကို ပေါ်လွင်အောင် ရသဖြင့်ဖော်ပြနိုင်ခြင်းတို့အတွက် သူ့စာပေကို လူတိုင်းမြတ်နိုးကြသည်။ သူ့တွင် ထက်မြက်သောနိုင်ငံရေးအမြင်ရှိသည်။ ဘိုကလေးမြို့၊ တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးနှင့် တက်ခေတ်အမျိုးသမီးဥက္ကဌပီပီ မြစ်ဝကျွန်းပေါ်တလျှောက် အရင်းရှင်သွေး စုပ်မှု များအကြောင်း ဟောပြောခဲ့သူဖြစ်သည်။ အမျိုးသမီးနိုင်ငံရေးလှုပ်ရှားမှုသမိုင်းး၌ သခင်မဒေါ်တင်လှို၏ ဟောပြောချက်များမှာ တစ်ချိန်က အာဏာပိုင်တို့ စောင့်ကြည့်နားထောင်ရသည် အထိ ဖြစ်သည်။
သူ့ဘဝအကြောင်းနှင့် သူ့ပတ်ဝန်းကျင်သာမက အမျိုးသမီးများ၏အိမ်ထောင်ရေး၊ ကိုယ်လက်ကြံ့ခိုင်ရေး၊ အမျိုးသားများ၏ အထင်သေး မှုများ၊ ဆင်းရဲသားလက်သုပ်သည်၊
အိမ်စေမလေး၊ တောင်သူလယ်သမားသရုပ်ဖော်၊ ထီစာရေးမလေးများ၊ မုဆိုးမဘဝ၏သိမ်ငယ်ပုံ၊ သူပုန် များအား အလင်းဝင်ရန်တိုက်တွန်းချက်၊ ပြည်ထောင်စုနေ့အတွေ့အကြုံဆောင်းပါးများအပြင် တိုင်းရင်းမြန်မာဆေးပညာပေး ထက်မြက် ပုံဆောင်းပါးများကိုလည်း ရေးသားပြုစုခဲ့သူ ဖြစ်သည်။
သူ၏ ကလောင်အမည်ခွဲများမှာ ‘ဘိုကလေး မတင်လှိုင်’၊ ‘လှတခိုင်’ ၊ ‘ရဝေလှိုင်’ နှင့် ‘ဂျာနယ်ကျော် မမလေး’ တို့ဖြစ်သည်။
သူစာပေလောက ရောက်ရှိလာပုံမှာလည်း ထူးဆန်းသည်ဟု ဆိုရပေမည်။ အမျိုးသမီးများကြက်တောင်ရိုက်သည်ကို အမြင်ကပ်နေသော အမျိုးသမီးတစ်စု၏ ‘ပစ်စာ’ ပစ်၍ ပြက်ရယ်ပြုသည့်အတွက် မိမိကပြန်လည်ဆောင်းပါးရေးသားခဲ့ရာမှ စာပေနယ်ထဲသို့ရောက်ရှိလာသည်။
ဤသည်နှင့်ပတ်သက်၍ ဂျာနယ်ကျော်မမလေးသည် ၁၉၅၇ ခုနှစ်၊ နိုဝင်ဘာလထုတ် ရှုမဝမဂ္ဂဇင်းတွင် ‘စာပေဆု’ အမည်ဖြင့် ဆောင်းပါး၌ အောက်ပါအတိုင်း ရေးသားဖော်ပြထားသည်။
“… ကျွန်မစာရေးဆရာဖြစ်လာပုံသည် ကိုယ်၌က စာပေဝါသနာထုံ၍၊ စာပေနှင့်နီးစပ်၍၊ စာရေးဆရာဖြစ်လိုသောဆန္ဒရှိ၍ စာပေနယ်ထဲ ရောက်ကာ စာရေးဆရာဖြစ်လာရခြင်းမဟုတ်ပေ။ စာပေလောကသို့ရောက်သွားအောင် ကျွန်မကိုတွန်းထိုးပို့လိုက်၍ စာရေးဆရာဖြစ် လာ ရသည်မှာ အမှန်စင်စစ် ‘ပစ်စာ’ ကလေးတစောင်ကြောင့် ဖြစ်လေသည်။ ကျွန်မမှာ ပစ်စာတစောင်ကြောင့် စာရေးဆရာဖြစ်လာရသောကြောင့် ထိုပစ်စာသည် ကျွန်မ၏ဘဝမှတ်တမ်းတွင် အရေးပါသောစာတစောင်ဖြစ်သည်။
အသက် ၁၈ နှစ်အရွယ်လောက်၌ ဘိုကလေးမြို့တွင် နေထိုင်ခဲ့စဉ် ပစ်စာတစောင်ရလေသည်။ ကျွန်မကို အရပ်က မျက်စိမွေးစူးးလွန်း၍ မျက်မုန်းကျိုးကျိုးဖြင့် ပစ်သောစာလည်းဟုတ်၏။
ကျွန်မအပျိုအရွယ်၌ရခဲ့သော ပစ်စာကား …. “မြို့မျက်နှာဖုံးလူကုံထံ သမီးတစ်ယောက်ဖြစ်လျက်နှင့် မိန်းကလေးဣန္ဒြေတစ်စက်မှမ ရှိဘဲ ကာလသားကလေးတွေနဲ့တွဲပြီး သွားလာနေရုံမက တစ်ဆင့်တက်ပြီး ခုန်ပေါက်ပျံလွှား ကြက်တောင်ရိုက်ကစားနေတာဟာ မြို့မျက်နှာကို အိုးမည်းသုတ်နေတာနဲ့ အတူတူပဲ။ အပျိုလေး၊ အရွယ်လေး ဣန္ဒြေမှမထောက်၊ ခုန်လိုက်ပေါက်လိုက်နဲ့ မြို့လယ်ကောင်မှာ ကာလသား တွေနဲ့ကစားနေတာ ရပ်တန်းကရပ်ရင်ရပ်၊ မရပ်ဘဲဆက်ပြီး ညနေတိုင်းကစားနေရင် အမည်နာမနဲ့တကွ မြန်မာ့အလင်းသတင်းစာ မောင်း သတင်းထဲထည့်ပြီး အရှက်ခွဲမယ်။ စောင့်သာကြည့်”
လျှို့ဝှက်သော အမျိုးသမီး ၁၅ ဦးအဖွဲ့
ကျွန်မသည် ကျွန်မ၏အပေါင်းအသင်းသူငယ်ချင်းများဖြစ်သော ရွယ်တူတန်းတူ ယောက်ျားကလေးတစ်စုနှင့် ညနေတိုင်း (ဘက်မင်တန်) ကြက်တောင်ရိုက်ကစားလေသည်။ ထိုကာလ ထိုအချိန်တုန်း၌ ဘိုကလေးမြို့တွင် လူကုံထံ သမီးပျိုကလေးများသည် အိမ်ပြင်ထွက် သော အလေ့မရှိကြပေ။ မိန်းမပျိုကလေးတယောက်တည်း လမ်းပေါ်မှာ မတွေ့ရချေ။ အပျိုကလေးဖြစ်လာလျှင် အိမ်တွင်းအောင်းကြသည်။ ပိုက်ဆံကျိကျိတက်ချမ်းသာ၍ ကြပ်ကြပ်ဂုဏ်ရှိလျှင် မြို့တွင်ပွဲလမ်းသဘင်ရှိမှသာ သမီးပျိုလေးကို ပွဲထုတ်ကြသောအလေ့ရှိ၏။ သမီးပျို၏ ရွှေရုပ်လွှာကို လူတကာမမြင်စေရ။ နေရာတကာမတွေ့စေရ။ အပျိုဈေးကောင်းအောင် အိမ်ပြင်ထုတ်ခြင်းမရှိ။
ထိုခေတ်ကမိန်းမပျိုများမှာ အိမ်တွင်းအောင်းနိုင်မှ အဖိုးတန်ပြီး လင်ကောင်းရသည်။ မြို့အုပ်၊ ဝန်ထောက်၊ အိုင်စီအက်စ် စသောဂုဏ်ပုဒ်တို့နှင့် ပြည့်စုံပြီးသော သားရှင်တို့သည် ဒီစကြိတ်မြို့နယ်များမှ အိမ်တွင်းအောင်းသူဌေးသမီးကလေးတွေကို စနည်းနာ၍ သတင်းနား ထောင်ကာ ပိုက်စိတ်တိုက်ရှာဖွေကြလေသည်။ ပိုက်ဆံချမ်းသာသူ၊ အနေအထိုင်ဗိုင်းကောင်း ကျောက်ဖိ၊ အိမ်ပြင်မထွက်၊ အိမ်တွင်းအောင်းသူစသည့်ဂုဏ်ပုဒ်တို့နှင့် ပြည့်စုံနေလျှင် သားရှင်များဘက်မှ ရာထူးဂုဏ်နှင့် သမီးရှင်ဘက်မှ ငွေနှင့်စပ်လျက် အရောင်းအဝယ်တည့်သွားကြလေ သည်။
ယင်းကဲ့သို့အချိန်အခါ၌ ကျွန်မသည် အပျိုကလေးအရွယ် လူမမြင်ချင်အဆုံး လမ်းမ ပေါ်ရောက်နေ၏။ လူတကာမြင်နိုင်သည့်လမ်းပေါ်တွင် ယောက်ျားကလေးများနှင့်တွဲ၍ ခုန်ပေါက်ကစားနေသည်ကို ထိုခေတ်မျက်စိနှင့်လျှင် မျက်စိမွေးစူးချင်စရာပင်တည်း။
မြို့ပေါ်တွင် စာကြည့်တိုက်ထောင်သောကိစ္စ၊ စကားရည်လုပွဲလုပ်သောကိစ္စ၊ ဆွမ်းကြီးလောင်းအသင်းကိစ္စ၊ ပြေးပွဲပြိုင်ပွဲကစားခုန်စားပွဲကိစ္စ၊ လူငယ်များအသင်း၊ နိုင်ငံရေးအသင်း စသော မြို့ရေးရွာရေးအသင်းအပင်း ဝေယျာဝစ္စအတွက် လူစုလူဝေးနှင့် စုဝေးပေါင်းစပ်၍ လုပ် လေသောလုပ်ငန်းတိုင်း ကာလသားတအုပ်ထဲတွင် မိန်းမဆို၍ ကျွန်မတယောက်တည်း အပျိုလေးဖြစ်သည်။
ကျွန်မသည် အသင်းအတွက်၊ မြို့ရေးရွာရေးကိစ္စအတွက် ကာလသားတအုပ်နှင့် တအိမ်တက်ဆင်း ပိုက်ဆံအလှူခံသည်။ တအိမ်တက် ဆင်း စာအုပ်စာတမ်းအလှူခံသည်။
လူတကာမြင်နိုင်သည့်လမ်းပေါ်တွင် ယောက်ျားကလေးတစ်စုနှင့် သွားအတူလာအတူရှိသောကျွန်မကို မျက်မုန်းကျိုးနေကြရာတွင် လမ်း ပေါ်ထွက်၍ ယောက်ျားတစုနှင့် ကြက်တောင်ရိုက်ကစားပြန်ခြင်းကြောင့် ကြည့်မရရှုမရအောင် မျက်စိမွေးစူးလာကြကာ ပစ်စာပစ်ကြခြင်း ဖြစ်လေ၏။
ကျွန်မလက်ထဲရောက်လာသောပစ်စာထဲ၌ ယောက်ျားကလေးတွေနှင့် သွားအတူ လာအတူ တွဲနေခြင်း၊ ကြက်တောင် ဝင်ရိုက်ကစားခြင်း တို့သည် မြို့ပေါ်၌အပြစ်ကြီးတခုကျူးလွန်နေသကဲ့သို့ ဖြစ်နေသည်။ လျှို့ဝှက်သောအမျိုးသမီး ၁၅ ဦးအဖွဲ့သည် ခေတ်နောက်ကျကာ မိန်းမပီပီ အမြင်ကျဉ်းသည်ဟုထင်မိသည်။ ကျွန်မအမြင်၌ ကြက်တောင်ရိုက်ကစားခြင်းသည် မြို့မျက်နှာအိုးမည်းသုတ်ခြင်းဟု ယူဆလက်ခံ နိုင်ခြင်းမရှိ၊ ယောက်ျားကလေးများနှင့် ခင်မင်ခြင်း၊ မိတ်ဆွေဖြစ်ခြင်းသည် ဣန္ဒြေနှင့်မဆိုင်၊ အပျိုနှင့်မဆိုင်၊ ဣန္ဒြေမမဲ့၊ အပြစ်မရှိဟု ယုံကြည်၏။
ကျွန်မထံသို့ ရောက်လာသောပစ်စာကို ဘိုကလေးတစ်မြို့လုံးသာမက တစ်နိုင်ငံလုံးသိအောင်ဖော်ပြချုင်မိသည်။ ပစ်စာကိုဖော်ပြလျက် ကျွန်မ၏ အယူအဆ၊ အတွေးအခေါ်၊ အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်းကြီး ရေးသားချေပလိုက်ချင်မိသည်။
၁၅ ဦးအဖွဲ့က သတင်းစာထဲထည့်မည်ဟု ခြိမ်းခြောက်လိုက်သည့်အတိုင်း ကျွန်မ၏ချေပချက်ဆောင်းပါးကို မြန်မာ့အလင်းသတင်းစာ၌ ထည့်ဖြစ်အောင်ထည့်မည်ဟု သန္နိဋ္ဌာန်ချလိုက်လေသည်။ ထို့ကြောင့် ပစ်စာသည် သတင်းစာထဲတွင် ဆောင်းပါးရေးရန် ကျွန်မကို နေ့စဉ် တွန်းထိုးရေးခိုင်းနေတော့သည်။
စာပေနှင့်ပတ်သက်၍ ဝါသနာထုံသူတို့ကဲ့သို့ ဆောင်းပါးရေးရန် ကဗျာစပ်ရန်စိတ်ကူး တစ်ခါမျှ မပေါ်မိ။ ဝါသနာလည်းမထုံ။ ကျွန်မမှာ ဆောင်းပါးကို ဘယ်ပုံဘယ်နည်းရေးရမှန်းမသိအောင် ခက်နေလေသည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းထဲ၌ပါသော ဆောင်ပါးများကို ရေး နည်းရေးဟန် လေ့လာဖတ်ရှုကြည့်သည်။
ကျွန်မမှာ ပစ်စာကို ချေပရေးသားဖို့ရာ အခက်အခဲတွေ့ကြုံနေစဉ် စာရေးကောင်းတယောက်ဖြစ်နိုင်တယ်ဟု ဆရာအားပေးဖူးသော စကား ကိုသတိရကာ အားတက်လာလျှက် ကြိုးစားပမ်းစားရေးသည်။
ကျွန်မ၏ အယူအဆ၊ အတွေးအခေါ်၊ အတွေ့အကြုံများဖြင့် ချေပရေးသားသည်။ ကျွန် မဆောင်းပါးကို အယ်ဒီတာထံပေးသောစာမျိုးဆန်ဆန် ရေးသည်။ ဆောင်းပါးထဲ၌ ပစ်စာကို သူ့အတိုင်းကူးထည့်သည်။
‘အယ်ဒီတာ မြန်မာ့အလင်းသတင်းစာ’ ဟု လိပ်မူတပ်လျက် ဆောင်းပါးပို့လိုက်ပြီး သတင်းစာထဲတွင် ဆောင်းပါးပါမပါ စောင့်ဖတ်နေရာ ငါးလခနဲ့ကြာမြင့်ပြီးနောက် တနေ့ မမျှော်လင့်ဘဲ မြန်မာ့အလင်းဘယ်ဒီတာထံမှ ဆောင်းပါးနှင့်ပတ်သက်၍ ပြန်စာရလေသည်။ “သူလိုလူ’ စာအုပ်အစတွင် ဖော်ပြရေးသားထားခဲ့ဖူးသည့်အတိုင်း ကျွန်မ၏ချေပရေးသားချက်ဆောင်းပါးကို ပယ်ထားသောစာများအကြားမှ သွားတွေ့ ကာ အယူအဆ၊ အရေးသားကို နှစ်သက်သဘောကျသွားလျက် ဆောင်းပါးများရေးပို့ပါရန် ကျွန်မထံသို့ တိုက်တွန်းတောင်းပန်တော့သည်။
ကျွန်မသည် ယင်းပစ်စာကြောင့် သတင်းစာတိုက်နှင့် ဆက်သွယ်သွားမိလျက် ဆောင်းပါးများ အကြိမ်ကြိမ်ရေးပို့ပေးကာ စာပေနယ်ထဲသို့ ရောက်ခဲ့ရသည်။
သို့ကလို ပစ်စာတစ်စောင်ကို အကြောင်းပြု၍ မိမိက ပြန်လှန်ဆောင်းပါးရေးသားခဲ့ရာမှ စာပေနယ်ထဲ့သို့ရောက်ခဲ့ခြင်းဖြစ်ရာ နုနယ်ပျော့ ပျောင်းသော အမျိုးသမီးပင်ဖြစ်လင့်ကစား ကြံ့ခိုင်ထက်မြက်သော စိတ်ထားရှိကြောင်း အကဲခတ်နိုင်ပါသည်။
ဘိုကလေး မတင်လှိုင်ကလောင်အမည်ဖြင့် ၁၉၃၆ ခု မြန်မာ့အလင်းသတင်းစာပါ “အမျိုးသမီးများ ‘ဏာကြီးသတ်’ ဉာဏ်ရှိကြရန်” ဆောင်း ပါးသည် ပထမဆုံးပုံနှိပ်စာမူဖြစ်သည်။
၁၉၄၁ ခု၊ မေလထုတ် ဂျာနယ်ကျော်တွင် ‘မသိရလေခြင်း’ ဟူသောဝတ္ထုကို စတင်ရေးသားခဲ့သည်။
အဆိုပါဝတ္ထုကို မူလက စိတ်ကူးထဲ၌ ဇာတ်လမ်းလည်းမရှိ၊ ဝတ္ထုမရေးဖူးသူအဖို့ ရေးဟန်ရေးနည်းအကျင့်မရှိဘဲ ရေးရန်ရွံ့နေခဲ့သည်။
ရေမကူးတတ်သောသူတယောက်ကို ရေကူးတတ်အောင် မြစ်ထဲကန်ချလိုက်၍ မနစ်အောင် ယက်ကန်ယက်ကန်ကူးရင်ဖြင့် ရေကူးတတ် သွားသူကဲ့သို့ပင် ဂျာနယ်ကျော်အယ်ဒီတာဦးစောဦးက ဂျာနယ်ကျော်တွင် ထည့်သွင်းဖော်ပြရန် အတင်းရေးခိုင်းရာမှ ရေးဖြစ်သွားသော ဝတ္ထုဖြစ် သည်။
ဂျာနယ်ကျော်မမလေးရေးသားခဲ့သော စာနယ်ဇင်းများမှာ မြန်မာ့အလင်းသတင်းစာ၊ ဂျာနယ်ကျော်၊ ရှုမဝ၊ ကမ္ဘာ့ဒိုင်ဂျက်၊ ကလောင်ရှင် ဂျာနယ်၊ ဂန္တဝင်ဂျာနယ်၊ သွေးသောက်၊ ငွေတာရီ၊ စာပေဂိမန္တစာစောင်၊ စန္ဒာ၊ ဒီမိုကရေစီ ဒေသန္တရဂျာနယ်၊ နဝဒေး၊ ပေဖူးလွှာ၊ ဖြူနီညိုပြာ၊ မြဝတီ၊ ရွှေမြို့တော်မဂ္ဂဇင်း၊ ရှုထောင့်ဂျာနယ်တို့ ဖြစ်ကြသည်။
ဂျာနယ်ကျော်မမလေးရေးသားခဲ့သော လုံးချင်းဝတ္ထုများအနက် ‘သူလိုလူ’ ၊ ‘သူလိုမိန်း’၊ ‘မုန်း၍မဟူ’ ၊ ‘ရင်နင့်အောင်မွှေး’၊ ‘ရင်မှတရှိုက်’ နှင့် ‘သွေး’၊ ‘စိတ်’ တို့မှာ ထင်ရှားသည်။
အဆိုပါဝတ္ထုများအနက် ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ ‘မုန်း၍မဟူ’ ဝတ္ထုသည် ၁၉၅၅ ခုနှစ်ထုတ် ရှုမဝမဂ္ဂဇင်းအတွဲ ၈၊ အမှတ် ၉၆ တွင် စတင်ဖော်ပြသောဝတ္ထုဖြစ်သည်။ ရှု မဝတိုက်မှပင် ပထမဆုံးလုံးချင်းဝတ္ထုအဖြစ် ထုတ်ဝေခဲ့၍ ယနေ့အထိ ၁၂ ကြိမ်အထိ အကြိမ် ကြိမ်ရိုက်နှိပ်ထုတ်ဝေခဲ့ရသည့် စာအုပ်ဖြစ်သည်။ နိုင်ငံရပ်ခြားဘာသာများစွာသို့လည်း အကြိမ် ကြိမ်ပြန်ဆိုခြင်းခံရသော ထင်ရှားလှသည့် မြန်မာဝတ္ထုစာအုပ်လည်း ဖြစ်သည်။
ယင်းဝတ္ထု၌ အသွင်မတူ၊ စရိုက်မတူသော ဇာတ်ကောင်တို့ဖြင့် ဇာတ်လမ်းဆင်ထားသော ဝတ္ထုဖြစ်သည်။ ဗိုလ်စိတ်ဝင်၍ သခင်အ ခေါ်ခံပြီးလျှင် ဗမာ့အမူအရာ လုံးလုံးပျောက်ကာ မျက်နှာဖြူစနစ်အတိုင်း နေထိုသူမြန်မာလူမျိုး စပါးအဝယ်တော်နှင့် စပါးပွဲစားကြီး၏ သမီး ထွေး၊ ထိုသူ့အောက် အသက် ၂၀ ငယ်သူတို့လုပ်ငန်းကိုအကြောင်းပြု၍ ဆက်သွယ်မိကာ ချစ်ကြိုက်လက်ထပ်လိုက်ပြီးနောက် ပေါ်ပေါက် လာသောပြဿနာများကို ဇာတ်လမ်းဖွဲ့ထားသည်။ မုန်း၍မဟုတ်ပါဘဲလျက် စေတနာအပြည့်ရှိနေလင့်ကစား အမြင်မတူမှု၊ မလိုက်လျော နိုင်မှုတို့ကြောင့် အဆင်မပြေဖြစ်ရသော အိမ်ထောင်ရေးဘဝတခုကို တင်ပြထားသည်။ ဤဝတ္ထုတွင် ဘဝလေ့လာမှု၊ ဘဝအမြင်ရှိမှုတို့ကို ရသပေါ်အောင် သရုပ်ဖော်ရေးဖွဲ့ထားနိုင်သဖြင့် ၁၉၅၅ ခုနှစ်အတွက် စာပေဗိမာန်ဝတ္ထုရှည်ဆုကို ချီးမြှင့်ခဲ့လေသည်။
‘မုန်း၍မဟူ’ ဝတ္ထုကို ပီကင်းတက္ကသိုလ် အရှေ့တိုင်းဌာနမှူး ၁၉၈၅ ခု၊ စက်တင်ဘာလတွင် ‘ဘူရီဟန်’ (Bu Shi Hen) အမည်ဖြင့် တရုတ် ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ပြီး အမှာစာတွင် ‘အနောက်တိုင်းကို အထင်ကြီးချင်တာတွေ၊ ကိုယ့်ကိုယ်ကိုနိမ့်ကျတယ်လို့ထင်တဲ့လူငယ် တွေအတွက် သတိပေးတဲ့ခေါင်းလောင်းသံ’ ဟု ဖော်ပြခဲ့ဖူးပါသည်။
၁၉၉၁ ခုတွင်မူ အမေရိကန်၊ အိုဟိုင်းအိုးတက္ကသိုလ် အပြည်ပြည်ဆိုင်ရာလေ့လာရေး ဌာနမှ Not out of Hate အမည်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ပြီး အမှာစာရေးသူ မစ္စက်အင်နာဂျေအားလော့ (Mrs Anna Jone Allot) (မြန်မာအမည် ခင်ခင်ချော) က ‘မြန်မာစာပေသမိုင်းတွင် ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ကဏ္ဍနှင့် မြန်မာစာပေလော့လာသူများအတွက် အနောက်နိုင်ငံနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို ပဋိပက္ခ အသွင်ကို ထင်ရှားထူးခြားစွာဖော်ပြနိုင်သောဝတ္ထု’ ဟု သုံးသပ်ထားသည်ကို တွေ့ရပါသည်။ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုသူမှာ ‘မာ ဂရက် အောင်သွင်’ ဖြစ်ပြီး သမိုင်းဌာနတွဲဖက်ပါမောက္ခ ဝီလျံဖရက်ဒရစ် (William H.FrederiK) က တည်းဖြတ်ပေးခဲ့သည်။
‘မုန်း၍မဟူ’ ဝတ္ထုကိုပင် ၁၉၉၄ ခုနှစ်တွင် ပြင်သစ်ပါမောက္ခ Jean Claude Auge နှင့် ဒေါက်တာခင်လေးမြင့် (ဆရာမကြီး ဂျာနယ်ကျော်မမ လေး၏သမီး) တို့က ပြင်သစ်ဘာသာပြန်ဆိုကာ အာရှိစာပေဌာန (မြန်မာစာ) ၏ L’Harmatan စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ရုရှား ဘာသာသို့ V.D.Mazo က ပြန်ဆို၍ သိပ္ပံပညာတံခွန်အသင်းမှ ထုတ်ဝေခဲ့သည်။ ဥဇဘက်နိုင်ငံကလည်း ဥဇဘက်ဘာသာပြန်ဆို ထုတ်ေ၀ ခဲ့ကြောင်း သိရသည်။
ဆရာမကြီး ဂျာနယ်ကျော်မမလေး၏ အခြားထင်ရှားသောဝတ္ထုမှာ ‘သူမ’ဖြစ်သည်။ ဤဝတ္ထုကို စက္ကူရှားပါးသော ဂျပန်ခေတ်အတွင်းက ပထမအကြိမ်အဖြစ် အုပ်ရေတထောင်ရိုက် နှိပ်ထုတ်ဝေရသည်။ ယင်းဝတ္ထုနှင့်ပတ်သက်၍ ဒုတိယအကြိမ်ဝေခြင်း (၁၉၅၇) အတွက် အမှာ စာရေးသားရာတွင် ဤဝတ္ထုကို စာရေးသူက ‘လက်တည့်စမ်းရေးကျင့်ခဲ့သောဝတ္ထု’ ဟု ဆိုထားသည်။
‘သူမ’ ဝတ္ထုသည် စိတ်ကူးယဉ်ဇာတ်လမ်းဝတ္ထု ဖြစ်သည်။ ဆရာမကြီး ဂျာနယ်ကျော်မမလေးသည် ဂျပန်ခေတ်က သခင်သန်းထွန်း (နောင် ဗကပဥက္ကဌ ထောင်တွင်းကျဆုံး) နှင့် အိမ်ချင်းကပ်နေခဲ့သည်။ ထိုစဉ်က သခင်သန်းထွန်းသည် လူပျိုဖြစ်သည်။ အဖော်တစုနှင့် ဖြစ်က တတ်ဆန်း တရုန်းရုန်းနေကြသည်။ ဂျာနယ်ကျော်မမလေးက သခင်သန်းထွန်းအိမ်ကို ပြင်ဆင်မွမ်းမံပေးခဲ့ရသည်။ စည်းကမ်းကလနားများ သတ်မှတ်ပေးခဲ့ရသည်။
“အမျိုးသမီးများနှင့်ပတ်သက်၍ အိမ်မှုလုပ်ငန်းနှင့်စပ်လျဉ်းသော အသိဉာဏ်ကျယ်ပြန့်လာစေသည့် ဝတ္ထုကြောင်းကိုရေးရန် ဝတ္ထုဇာတ်လမ်း တွေးခေါ်ရာတွင် သခင်သန်းထွန်း၏အိမ်ကြီးကိုပြေးမြင်လိုက်ကာ ဝတ္ထုဇာတ်လမ်းအစရသွားလေ၏” ဟု ‘သူမ’ ဝတ္ထု ဒုတိယအ ကြိမ်ထုတ် ဝေခြင်းအမှာစာတွင် စာရေးသူကဝန်ခံထားသည်။ ‘သူမ’ သည် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည့်အလျောက် ဖတ်၍ကောင်းသည်။ လူကြိုက်များသည်။ ရုပ်ရှင်ရိုက်လိုကြသည်။ ယင်းနှင့်ပတ်သက်၍ ဒုတိယနှိပ်ခြင်းတွင်ပင် စာရေးသူက …
“ဤဝတ္ထုကို ယခု (၁၉၅၇) ပြန်ဖတ်ကြည့်ရာတွင် စိတ်ကူးဉာဏ်ကွန့်ထားသော စိတ်ကူးယဉ်ဝတ္ထုဟု မြင်နေမိသည်။ စာပေနှင့်ဘ၀ ပေါင်း စပ်ကာ သရုပ်ဖော်စာပေမျိုးကိုရေးရန် အားသန်ရှေးရှုနေခိုက် ဝတ္ထုရေးစ လွန်ခဲ့သောဆယ်နှစ်နှစ်ကရေးခဲ့သောဝတ္ထုကို ရှုမဝက နားပူ လွန်းသဖြင့် ရုပ်ရှင်ရိုက်ဖို့ရန် ဖြည့်စွက်ရေးပေးရခြင်း ဖြစ်ပါ၏” ဟူ၍ ဖော်ပြထားသည်။
အမှန်တရားကို သိက္ခာနှင့်ရင်း၍ဖော်ထုတ်ခဲ့သော စိတ်ဓာတ်အင်အားခိုင်မာလှသည့် ရဲရင့်ပြတ်သားလှသော အမျိုးသမီးတဦး၏စရိုက်၊ တွေ့ကြုံရသောဘဝဇာတ်လမ်းတစ်ခုကို ‘စိတ်’ ဝတ္ထုတွင် ဖတ်ရှုနိုင်သည်။
၁၉၆၇ ခုနှစ်၊ ဧပြီလမှစ၍ ရှုမဝမဂ္ဂဇင်းတွင် အခန်းဆက်ရေးသားဖော်ပြခဲ့သော ‘ရင်နင့်အောင်မွှေး’ ဝတ္ထုသည် ဆရာမကြီး၏ ထင်ရှားသော ဝတ္ထုဖြစ်သည်။
မွန်မြတ်အထက်တန်းကျသော မြန်မာအမျိုးသမီးများပေါ်ထွက်လာစေရန် ဦးတည်ချက်အခိုင်အမာနှင့်ရေးခဲ့သောဝတ္ထုဖြစ်သည်။
အဆိုပါဝတ္ထုကို ၁၉၆၇ ခုနှစ်၌ ဂျာနယ်ကျော်မမလေး စာပေတိုက်နှင့်ပထမအကြိမ်ထုတ်ဝေခဲ့သည်။ ယခုအခါ သတ္တမအကြိမ်အဖြစ် ၂၀၀၄ ခုနှစ်၊ ဧပြီလတွင် ရတနာပုံစာပေတိုက်မှ ထုတ်ဝေခဲ့သည်။
ယင်းဝတ္ထုနှင့်ပတ်သက်၍ စာရေးသူကစာအုပ်မှာတွင် …
“ကျွန်မ၏ ဘဝတစ်လျှောက်လုံး ဘယ်အခါမှ အားလပ်ခွင့်မရှိခဲ့ဘဲ နေ့ရှိသရွေ့ အလုပ် ကိစ္စအမျိုးမျိုးနှင့် လူနာများဖြင့်သာ အလုပ်ရှုပ်လျက် အချိန်ကုန်ခဲ့ရသည်။ စာရေးရန်ဝတ္ထုရှည်မ ထားနှင့် ဝတ္ထုတို၊ ဆောင်းပါးများကိုပင် မရေးနိုင်အောင် အားလပ်ခွင့်အချိန်မျိုး မရှိသလောက် ဖြစ်နေသည်။ နိုင်ငံတော်အစိုးရက ကျွန်မကိုထိန်းသိမ်းထားသည့်အခါ နေ့ရှိသရွေ့၊ အချိန်ရှိ သရွေ့ ပင်ပန်းကြီးစွာ လုပ်ငန်းအမျိုးမျိုးနှင့် အလုပ်များခဲ့ရသော ကျွန်မမှာ အနားရခွင့်၊ အားလပ်ခွင့်ရသကဲ့သို့ ဖြစ်ရသည်။ ခြံနှင့်ဝင်းနှင့်၊ အိမ်တစ်လုံးနှင့် သီးသီးသန့်သန့် ကျွန်မတကိုယ် တည်း အေးအေးဆေးဆေးနေထိုင်ရသည့်အချိန်ကာလ၌ စားရေးချင်စိတ်ဖြစ်ပေါ်လာသည်။ စာရေးချင်စိတ်ဖြစ်ပေါ်လာ၍ စာရေးရန် အချိန် ရှာကြည့်သည်။
ကျွန်မကိုထိန်းသိမ်းထားခိုက် ကျွန်မပြုလုပ်ထားသော ကျွန်မ၏ အဓိဋ္ဌာန်ချက်များနှင့် နေ့စဉ်အချိန်ဇယားကို ဖော်ပြလိုပါသည်။
အဓိဋ္ဌာန်ချက်။ ။ လွှတ်သည့်နေ့အထိ သက်သတ်လွတ်စားရန် ၈ ရက်၊ ဥပုသ်နေ့တိုင်း ဥပုသ်မပျက်စောင့်ရန်၊ ရံဖန်ရံခါ ဥပုသ်ရက်ရှည် ၁ လ၊ ၂ လ၊ ၃ လ၊ ၅ လအထိစောင့်ရန်၊ ဂုဏ် တော်ပုတီး နေ့စဉ်ပုတီးပတ် ၁၈၀၀ စိပ်ရန်၊ နေ့စဉ် အရုဏ်တက်ထွက်ပြုစနေမင်းနှင့် ဝင်မည့် ဆဲဆဲနေမင်းကို တစ်နေ့မပျက် သစ္စာပြု၍ မောရသုတ်ရွတ်ဆိုရန်။
အချိန်ဇယား။ ။ နံနက် ၄ နာရီမှ ၈ နာရီ။ ရေးချိုး၊ ဘုရားရှိခိုး၊ ခြံဝင်းထဲ၌ပုတီးစိပ်၊ လမ်းလျှောက်၊ ခြံဝင်းလှည့်ရှင်း၊ ကော်ဖီသောက်။
နံနက် ၈ နာရီမှ ၁၂ နာရီ။ ပုတီးစိပ်၊ ဘုရားရှိခိုး၊ ပဋ္ဌာန်းတက်၊ အိမ်သန့်ရှင်းရေးလုပ်၊ အ ဝတ်လျှော်၊ ရေစိမ်၊ ရေချိုး၊ ဘုရားရှိခိုး၊ ဆွမ်းတော်ကပ်၊ နံနက်ထမင်းစား။
နေ့ ၁၂ နာရီမှ ၂ နာရီ။ ၁ နာရီအိပ်ချိန်၊ ၁ နာရီစာဖတ်ချိန် သို့မဟုတ် တရားထိုင်။
၂ နာရီမှ ၆ နာရီ။ ရေးချိုး၊ ကော်ဖီသောက်၊ ပုတီးစိပ်၊ ရေစိမ်၊ ပုတီးစိပ်၊ ညစာထမင်း စား။
၆ နာရီမှ ၉ နာရီ။ ဘုရားရှိခိုး၊ ခြံဝင်းထဲ၌ ၂ နာရီလမ်းလျှောက်ရင်းပုတီးစိပ်၊ ရေချိုး၊ ကျွဲနို့သောက်၊ စာဖတ် (သို့မဟုတ်) အိမ်သို့စာရေး၊ အိပ်။
ဤအဓိဋ္ဌာန်ချက်၊ ဤအချိန်ဇယားအတိုင်း မပျက်မကွက်ပြုလုပ်ခြင်းကြောင့် ကျွန်မမှာ လူနှင့်မတူဘဲ စက်နှင့်အလားတူကာ တရက်မပျက် အဓိဋ္ဌာန်ချက်နှင့် အချိန်ဇယားအတိုင်း သုံးနှစ်သုံးမိုး ပြုလုပ်ခဲ့သည်။
ဘုရားငါးချိန်ရှိခိုး၍ ရေငါးချိန်ချိုးရန်၊ ဂုဏ်တော်ပုတီး၊ ၁၈၀၀ စိပ်ရန် နေ့စဉ်နေ့တိုင်း ပြုလုပ်ရမည့် ကျွန်မ၏အချိန်ဇယားကြောင့် ထိန်းသိမ်း ခံထားရသည့် သုံးနှစ်နှင့် နှစ်လနေခဲ့ရသောအချိန်ကာလသည် အချိန်ကို ကျွန်မကအစိုးမရဘဲ ကျွန်မကို အချိန်ကသာ အစိုးရထားသည်။
စာရေးချင်စိတ်ဖြစ်ပေါ်လာ၍ နာရီနှင့်ကိုက်ထားသော အချိန်ဇယား၌စာရေးရန် အချိန်ရှာကြည့်သောအခါတွင် နေ့ ၁၂ နာရီမှ နေ့ ၂ ချက်။ အိပ်ရန်၊ စာဖတ်ရန်၊ ဇယားချထားသော အချိန် ၂၄ နာရီရှိ၍ ထိုအချိန်သည်သာလျှင် ကျွန်မ၏အားလပ်ခွင့်ကိုယ်ပိုင်အချိန်ကို ရှာတွေ့ သည်။ ၁ နာရီအိပ်၍ ၁ နာရီဝတ္ထုရေးရန် သို့မဟုတ် မအိပ်ဘဲ ၂ နာရီစလုံးရေးရန် ပြင်ဆင်သတ မှတ်လိုက်သည်။
ဝတ္ထုဇာတ်လမ်းနှင့် ရည်ရွယ်ချက်ကို ကျွန်မ ပထမစဉ်းစားရသည်။ ကျွန်မ၏အာရုံထဲ၌ အမျိုးသမီးများအတွက် အကျိုးပြုစေမည့် ဇာတ်လမ်း တပုဒ်ရေးရန် အကြမ်းအားဖြင့် အတွေးပေါ်လာသည်။ မြန်မာအမျိုးသမီးလေးတစ်ဦး၏ ကောင်းမြတ်သောအရည်အသွေးဖြစ်သည့် မိန်းမ ပီသမှုကို မြန်မာ့ယဉ်ကျေးမှုမျိုးရိုးစဉ်လာ၊ ဓလေ့ထုံးစံ၊ စည်းကမ်းစသည်များဖြင့် စပ်ဖျော်၍ ပုံစံလောင်းကာ ရုပ်လုံးဖော်ပြရန် စိတ်ကူးရရှိ သည်။ မြန်မာအမျိုးသမီးကလေးတဦးဖြစ်လာလျှင် လောကီရေးရာနှင့် ကြည့်လျှင်သောလလည်းကောင်း၊ လောကုတ္တရေးရာနှင့်ကြည့်လျှင် သော်လည်းကောင်း၊ ယဉ်ကျေးမှုနှင့်ကြည့်လျှင်သော်လည်းကောင်း လိုက်နာကျင့်သုံးမှတ်ယူ ပြုမှုရမည့်အချက်အလက်တို့မှာ များမြောင်လှ ရကား ယင်းအချက်အလက်များထဲမှ အခြေခံဖြစ် သော ရတနာသုံးပါး ကြည်ညိုသူ၊ အနန္တောအနန္တဂိုဏ်းဝင် မိဘ၏ဂုဏ်ကျေးဇူးကိုသိတတ်၍ မိဘကို ရိုသေလေးစားသူ၊ ကုသိုလ်ကောင်းမှုတို့၌ အလွန်မွေ့လျော်တတ်သူ ရောင့်ရဲတတ်သော စိတ်နှလုံးရှိသူ၊ လုံ့လဝီရိယဇွဲရှိသူ၊ နူးညံ့ သိမ်မွေ့သူ၊ ပညာရှိသူ၊ ယဉ်ကျေးလိမ္မာသူ၊ မိန်းမပီသသူ စသည့်အချက်များဖြင့် ပုံလောင်း၍ ရုပ်လုံးထုရာ၌ ဝတ္ထုထဲ၌သာရှိသော စိတ်ကူး ယဉ်ဇာတ်ကောင်မျိုးမဖြစ်စေဘဲ တကယ့်လူ့လောကထဲ၌ရှိသော သဘာဝကျနသည့် ဇာတ်ကောင်ကလေးဖြစ်စေရန် အားထုတ်ဖို့ကြိုးစားရမည်ဖြစ်နေသည်။
မြန်မာအမျိုးသမီးတို့၏ မျိုးရိုးစဉ်လာ၊ ထုံးတမ်း၊ ကျင့်ဝတ်စရိုက်၊ ယဉ်ကျေးမှုတို့ဖြင့် ဖီလာဆန့်ကျင်ဘက်နိုင်သော အနောက်တိုင်းစရိုက်တုကာ လျှပ်ပေါ်လော်လီ၍ပုံပျက်ပန်းပျက် သရုပ်ပျက်ပုံစံများကို ဟုတ်လှပြီ၊ ကောင်းလှပြီဟု မျက်စီမှောက်နေကြသော အမျိုးသမီးတို့နှင့် နှိုင်းယှဉ် ၍ ချိန်းထိုးပြရန်ပါ ရည်ရွယ်ချက်အကြမ်းအားဖြင့် ချမှတ်လိုက်သည်။
ဆက်လက်ဖော်ပြပါမည် ။
ဂျာနယ်ကျော်မမလေး၏ ဘဝနှင့် စာပေလက်ရာများ – အပိုင်း (၂)
ဒီဇင်ဘာ ၁၀၊ ၂၀၁၁
ကျွန်မစာရေးတိုင်း အချိန်ကို ကျွန်မက အစိုးရမှရေး၍ ဖြစ်သည်။ လွတ်လွတ်လပ်လပ် ညဘက်လူခြေတိတ်ချိန်မှ နံနက်လင်းအထိဖြစ်စေ ရေးလေ့ရှိသည်။ စာမူအရေးကြီး၍ အခြေအနေအရ နေ့လယ်၌ ရေးရမည်ဆိုလျှင်လည်း အခန်းတခါးပိတ်ကာ ထမင်းမှန်းမသိ၊ ဟင်းမှန်း မသိ မပြီးမချင်း မထတမ်းရေးတတ်သည်။ ဒီအချိန်က ဒီချိန်ဟု အချိန်ကန့်သတ်၍ တစ်ခါမှ စာမရေးခဲ့ဘူးချေ။
‘ရင်နင့်အောင်မွှေး’ ဝတ္ထုကို ကျွန်မရေးခဲ့ရပုံမှာ ကျွန်မရေးဆွဲထားသော အချိန်ဇယားထဲမှာ ကျွန်မကိုယ်ပိုင် အချိန်ဖြစ်သော နေ့လယ်၁၂ နာ ရီမှ နေ့လယ် ၂ နာရီအတွင်း ၁ နာရီ၊ ၂ နာရီသာလျှင် တစ်နေ့စာ စာရေးနိုင်သော အချိန်သည် စိတ်အနှောင့်အယှက်ကြုံခဲ့ရသည်။ စိတ်သန်လှစွာ သွန်၍ရေးနေခိုက် ၂ ချက်ထိုး သည်နှင့် ရှေ့ဆက်၍ မရေးနိုင်တော့ဘဲ ဖောင်တိန်ကိုပစ်ချလိုက်ရကာ စိတ်ပုတီးကောက် ကိုင်ရသည်။
ရေးရင်းပင် အပြေးအလွှားပေါ်နေသော စကားလုံးများ၊ အကြောင်းအရာမှား တဆင့်တည်းရှိပါလျက်နှင့် တပိုင်းတစ ဖြုတ်ချ လိုက်ရသောအခါ၌ ရေငတ်လွန်း၍ ရေသောက်နေခိုက် မဝမီ ရေခွက်ကိုပုတ်ချခံလိုက်သကဲ့သို့ အာသာမပြေ ဆတ်တငံ့ငံ့ကြီး ခံစားရသော ခံစားချက်မျိုးကို ၂ နာရီထိုးတိုင်း နေ့စဉ်ခံစားလျက်ရှိရသည်။ ရေးရင်းတဆက်တည်းပေါ်နေသော စကားလုံးများနှင့်အတွေးများကို နှမြော လွန်း၍ ဘယ့်နှယ်ရှိရှိ ပြီးအောင်ဆက်၍ရေးမည်ဟု ကြံစည်၍လည်းမဖြစ်နိုင်။ ၁၈၀၀ အဓိဋ္ဌာန်ပြုထားသော ပုတီးက ကျွန်မကိုချလိုက်တော့ဟု တချက်လွှတ်အမိန့်ပေးနေသကဲ့သို့ ဖြစ်နေသည်။
တခါတရံ ည ၉ နာရီမှ ၁ ချက်၊ ၂ ချက်အထိ အချိန်ပြောင်း၍ ရေးချင်လှသည်။ အဓိဋ္ဌာန်အတိုင်း နံနက် ၄ နာရီထိုး၍ ထရသည်ဖြစ်၍ တည ကုန်ထိုင်ရေးလျှင် ကျန်းမာရေး မုချထိခိုက်မည်ဖြစ်ခြင်းကြောင့် ည ၉ နာရီ၌ စာရေးချင်လှသည့်စိတ်ကို ပြန်၍ချုပ်ထားရသည်။
စောစောက အဓိဋ္ဌာန်မလုပ်မိလိုက်လျှင်ကောင်းမှာဟု ဆတ်တငံ့ငံ့ ခံစားရသောအဖြစ်မျိုးကိုခံစားရတိုင်း ကိုယ့်ဟာကိုယ်ပင် အပြစ်တင် မိပြန်သည်။
ယင်းသို့ဖြင့် တနေ့တွင် ရေးနိုင်သောအချိန် ၁ နာရီ၊ ၂ နာရီနှင့်သာ ဤဝတ္ထုကိုရေးခဲ့သည်။ ရေးနေရင်းမှ အကြောင်းအားလျော်စွာ ဆက်မ ရေးဖြစ်ဘဲ ၈ လခန့်ပစ်ထားသည်လည်း ရှိ၏။ ၃ လခန့်ဝေးနေသည်မျိုးလည်း ရှိ၏။ တနေ့အတွက် ကောက်သင်းကောက်သလို စာ ကြောင်းရေ ၁၀ ကြောင်း၊ ၁၅ ကြောင်းစုရသည်လည်း ရှိသည်။ စာမျက်နှာ ၁၀ မျက်နှာ၊ ၁၅ မျက်နှာ စုရသည်လည်းရှိသည်။ အစက ပြန် ကောက်ရန် အတွေးမပေါ်၍ စိတ်အနှောင့်အယှက် ဖြစ်လျက် စာတစ်လုံးမှ မရေးဖြစ်သည့်နေ့လည်းရှိသည်။ အချိန်ကိုလု၍ စာရေးရမှု၊ အချိန်ကို ကန့်သတ်၍စာရေးရမှု၊ ဦးနှောက်ပင်ပန်းမှု၊ စိတ်ပင်ပန်းမှုမျိုးကို မလွှဲမရှောင်သာ နေ့စဉ်နှင့်အမျှ ရင်ဆိုင်ရကာ နောက်ကျားလိုက် သလိုပင် ရေးခဲ့ရသည်။
ထိန်းသိမ်းထားသည့် သုံးနှစ်ပတ်လုံးကို အဓိဋ္ဌာန်ချက် ထိုအချိန်ဇယားအတိုင်း မပျက်မကွက် နေ့စဉ်နေ့တိုင်း သံသရာစက် လည်ပတ်လျက် ရှိရာ ကျွန်မကို လွှတ်သည့်နေ့၌ ဤ ဝတ္ထု မှာ (၃၄) ခန်းသာပြီး၍အဆုံးသတ်ရန် အခန်း (၁) ခန်း ကျန်သေးသည်။ ကျွန်မလွတ်မြောက် လာပြီး ‘ရှုမဝ’ အယ်ဒီတာအဖွဲ့က ရှုမဝမဂ္ဂဇင်းကို ဤဝတ္ထုဖြင့်ကူညီရန်ပြောလာသည့်အခါ၌ လွတ်လွတ်ချင်း စာအုပ်ထုတ်ရန် ရည်ရွယ်ထား ချက်ကို ပယ်လျက် ရှုမဝအခန်းဆက်ဝတ္ထုရှည်ထည့်ရန် စေတနာရှိရှိ စာမူကြီးကို ထိုးအပ်ကူညီလိုက်ရသည်။
ရှုမဝ၌ ကျွန်မဝတ္ထုမပါမီ ကြော်ငြာလေသည်။ ‘ဂျာနယ်ကျော်မမလေး ၃ နှစ်တွင်းအချိန် ယူရေးသားခဲ့သော …ဟူသည့် ရှုမဝကြော်ငြာကို ဖတ်ရသောအခါ၌ အချိန်မယူနိုင်ဘဲ မရရအောင် အချိန်ရှာ၍ လုံးလည်ချာလည်လိုက်အောင် ရေးခဲ့ရသည့်ဖြစ်အင်ကို ပြန်၍မြင်ယောင်မိ ကာ ကျွန်မပြုံးနေမိသည်’ ဟူ၍ ရေးသားဖော်ပြထားသည်။
“ဂျာနယ်ကျော်မမလေးသည် မိန်းမသားတဦး၏ စိတ်တွင်းခံစားချက်ကို အနုစိပ်၍ ခြယ်မှုန်းရေးသားတတ်သူဖြစ်သည်။ ဂျာနယ်ကျော်မမ လေး၏ စကားပြေအရေးအသားမှာ သူ့ခံစားချက်၊ သူ့အတွေးအခေါ်ကို သူကိုယ်တိုင်ကတဆင့်ပြောပြနေသလို ညက်ညောသည့် အရေး အသားမျိုးဖြစ်သည်” ဟု လင်းယုန်နီက မှတ်ချက်ပေးဖူးသည်။
ဆရာဒဂုန်တာရာကလည်း …
“ဂျာနယ်ကျော်မမလေး၏ဝတ္ထုတိုများသည် အားလုံးလိုလိုပင် ဝတ္ထုအတတ်ပညာနှင့် ပြည့်ဝလှပေသည်။ ‘အေးအေး’ မှာ စာရေးသူ၏ ပြုပြင် ရေးဝါဒကို ဖော်ပြထားသည်။ ‘ဗာဟီရ’ မှာ အိမ်ထောင်၏ ပိုက်ဆံအိတ်သဘောကို ဖွင့်ပြထားသည်။ ‘သည်ဆောင်း’ နှင့် ‘သည်မိုး’ မှာ ပစ္စည်းမဲ့ဆင်းရဲသားတောသားဘဝ၏ ပန်းချီကားချပ်ဖြစ်လေသည်။ သရုပ်သဏ္ဍာန်လည်း ပေါ်လှ၏။ လွမ်းစရာလည်းကောင်းလှ၏။
‘တရားပုလိပ်စောင့်’ မှာ ပုလိပ် (ရဲ) အဖွဲ့သားတိုင်းဖတ်ထိုက်သော ပြုပြင်ရေးဆန်ဆန်ဝတ္ထုတိုဖြစ်၏။ ‘မိန်းမပီပီ’ ကား မင်းပိုင်းစိုးပိုင်း ကတော်များ၏ နေမှုထိုင်မှုမှ အိမ်ထောင်သိမ်းဆည်းရေး အအက်အနာများကို ကြည့်ရှုတွေ့မြင်ချက်ဖြစ်၏။
ဂျာနယ်ကျော်မမလေးကား ဝတ္ထုရေးဆရာတို့၏ အရည်အချင်းတရပ်ဖြစ်သော စေ့ငုသေချာစွာ သိမြင်ကြည့်ရှုတတ်ခြင်းဖြင့် ပြည့်ဝလှ သည်။ သူမ၏ဝတ္ထုတိုများတွင် အသေးစိတ် မှုန်မှုန်သေးသေးများပင်ပါ၍ အားကောင်းသောမှန်ဘီးလူးနှင့်ကြည့်သကဲ့သို့ ပီသခြင်း အသေး စိတ်များပါ အကုန်လာ၍ ထင်ပေသည်။
၎င်းအပြင် မမလေး၏အတွေးအခေါ်များမှာ မိန်းမပီသပြီးလျှင် ဖတ်ချင်စဖွယ်ကောင်းလှသည်။ စာပေမွေ့သူတို့သည် စေ့စပ်၍ သေသပ်လှပ သော ရှုမငြီးကိုဖတ်၍ ဝတ္ထုတို၏အရသာကို ခံစားနိုင်လိမ့်မည်ဟု မျှော်လင့်မိလေသည်” ဟူ၍ ဂျာနယ်ကျော်မမလေး၏ဝတ္ထုတိုများ ကိုဝေဖန်ထားလေသည်။
ဂျာနယ်ကျော်မမလေးရေးသားခဲ့သော စာပေလက်ရာများမှာ ဝတ္ထုရှည် ၁၄ ပုဒ်ရှိ၍ ဝတ္ထုတို ၃၀ ပုဒ်ရှိသည်။ ဝတ္ထုရှည်များမှာ …
(၁) အေးအေး – ဂျာနယ်ကျော် ၁၉၄၅ သြဂုတ်လ
(၂) ကျွန်တော့်သားလေး – ဂျာနယ်ကျော် ၁၉၄၆ သြဂုတ်လ
(၃) လူ – ဂျာနယ်ကျော် ၁၉၄၉ ဇန်နဝါရီ
(၄) နတ်ရေးငယ်ရွှေစာ – ရှုမ၀ ၁၉၅၃ ဒီဇင်ဘာ
(၅) ရွှေလင်းယုန် – ရှုမ၀ ၁၉၅၄ ဇူလိုင်
(၆) လောကီရတနာ – ရှုမ၀ ၁၉၅၄ အောက်တိုဘာ
(၇) မုန်း၍မဟူ – ရှုမ၀ ၁၉၅၅ မေလ
(၈) မေတ္တာ – ရှုမ၀ ၁၉၅၆ စက်တင်ဘာ
(၉) သူမ – ရှုမ၀ ၁၉၅၇ မတ်
(၁၀) ရင်နင့်အောင်မွှေး – ရှုမ၀ ၁၉၆၇ ဧပြီ
(၁၁) ရဲဘော်ခင်မှတ်တမ်း- ငွေတာရီ ၁၉၆၈ ဇန်နဝါရီလ
(၁၂) ရင်မှာတရှိုက် – စန္ဒာ ၁၉၇၀ သြဂုတ်
(၁၃) သွေး – ရှုမ၀ ၁၉၇၃ ဧပြီ
(၁၄) အဖြူ တို့ဖြစ်ကြသည်။
ဝတ္ထုတိုများမှာ -
(၁) မသိရလေခြင်း ဂျာနယ်ကျော် ၁၉၄၁ မေ
(၂) မိခွေး၊ မိခွေး ဂျာနယ်ကျော် ၁၉၄၅ အောက်တိုဘာ
(၃) အခုအမျိုးသားနေ့ ဂျာနယ်ကျော် ၁၉၄၅ နိုဝင်ဘာ
(၄) ဗာဟီရ ဂျာနယ်ကျော် ၁၉၄၅ ဒီဇင်ဘာ
(၅) မိန်းမပီပီ ဂျာနယ်ကျော် ၁၉၄၆ မေလ
(၆) သည်မိုး ဂျာနယ်ကျော် ၁၉၄၆ ဇူလိုင်
(၇) သည်ဆောင်း ဂျာနယ်ကျော် ၁၉၄၆ ဒီဇင်ဘာ
(၈) မှန်မှန်ကန်ကန် ဂျာနယ်ကျော် ၁၉၄၈ ဇူလိုင်
(၉) မိန်းမဝတ္ထု ရှုမ၀ ၁၉၅၁ မေ
(၁၀) စိရိတ္တမဏ္ဍိုင် ရှုမ၀ ၁၉၅၂ ဇွန်
(၁၁) မုဆိုးမ ရှုမ၀ ၁၉၅၃ စက်တင်ဘာ
(၁၂) ခေမာရီ ဂန္တဝင်ဂျာနယ် ၁၉၅၄ မတ်
(၁၃) ပျို့ကရုဏာ ရှုမ၀ ၁၉၅၃ နိုဝင်ဘာ
(၁၄) ကာဖီ ရှုမ၀ ၁၉၅၄ သြဂုတ်
(၁၅) ဗမာ့ငြိမ်းချမ်းရေး ရှုမ၀ ၁၉၅၄ မတ်
(၁၆) မြက်ကလေးတပင် ရှုမ၀ ၁၉၅၄ နိုဝင်ဘာ
(၁၇) မေ့အိပ်မက် ရှုမ၀ ၁၉၅၅ ဖေဖော်ဝါရီ
(၁၈) ကုသိုလ်ပေါ့ဟယ်… ရှုမ၀ ၁၉၅၆ ဧပြီ
(၁၉) ဘဝအဖော် ရှုမ၀ ၁၉၅၆ ဇူလိုင်
(၂၀) ဥမ္မသကာ မြဝတီ ၁၉၅၆ နိုဝင်ဘာ
(၂၁) အဝယ်နှင့်အရောင်း ရှုမ၀ ၁၉၅၇ ဒီဇင်ဘာ
(၂၂) တွေးတစိမ့်စိမ့် ရှုမ၀ ၁၉၅၈ ဇွန်
(၂၃) လှတမျက်နှာ ရှုမ၀ ၁၉၅၈ ဧပြီ
(၂၄) တသက်မှာ တခါကြုံသည် ရှုမ၀ ၁၉၅၈ ဇူလိုင်
(၂၅) ပျိုလေးတို့အိမ်ခေါင်မိုး ရှုမ၀ ၁၉၅၉ စက်တင်ဘာ
(၂၆) သံသရာဘေး ရှုမ၀ ၁၉၅၉ နိုဝင်ဘာ
(၂၇) သည်အပူ ငွေတာရီ ၁၉၆၁ ဇူလိုင်
(၂၈) အားမကျပေါင်ရှင် နဝဒေး ၁၉၆၃ ဇန်နဝါရီ
(၂၉) နီးလျက်နှင့်… စန္ဒာ ၁၉၇၀ ဇန်နဝါရီ
(၃၀) ထိုအမော ဖြူနီညိုပြာ ၁၉၇၀ နိုဝင်ဘာ စသည်တို့ဖြစ်သည်။
အဆိုပါဝတ္ထုများအနက် မြက်ကလေးတစ်ပင် ဝတ္ထုတိုကို ၁၉၆၈ ခုနှစ်၊ ဂျာမန်ဘာသာ၊ တွေးတစိမ့်စိမ့်ဝတ္ထုတိုကို ၁၉၈၄ ခုတွင် ရုရှားဘာသာ၊ သွေးဝတ္ထုကို ၁၉၇၇ ခုတွင် ဂျပန်ဘာသာ၊ မုဆိုးမကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းခံရသည်။
ဂျာနယ်ကျော်မမလေး ရေးသားခဲ့သောစာအုပ်များအနက် ‘မုန်း၍မဟူ’ စာအုပ်ကို ၁၉၅၅ ခုနှစ်အတွက် စာပေဗိမာန် (ဝတ္ထုရှည်ဆုကိုလည်း ကောင်း၊ တွေးတစိမ့်စိမ့်ဝတ္ထုပေါင်းချုပ် စာအုပ်ဖြင့် ၁၉၆၃ ခုနှစ်အတွက် အနုပညာဆိုင်ရာ (ဝတ္ထုတိုပေါင်းချုပ်) တတိယဆုတို့ကိုလည်း ကောင်း) အသီးသီးရရှိခဲ့သည်။
ထို့ပြင် ဂျာနယ်ကျော်မမလေးသည် ခရီးသွားမှတ်တမ်း၊ ဆေးပညာ၊ ဘာသာပြန်၊ အတ္ထုပ္ပတ္တိနှင့် အထွေထွေစသည့် ဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။
ခရီးသွားမှတ်တမ်း ဆောင်းပါးများအနက် ‘အရှေ့တခွင်ရောက်ခဲ့စဉ်က’ (၁၉၅၁)၊ ‘မြစ် ကြီးနား ကချင်မနောပွဲ’ (၁၉၅၃)၊ ‘ငွေနှင်းစိုစိုမော်စကို’ (၁၉၅၃)၊ ‘သီရိလကျ်ာတောင်မြေ’၊ ‘ဟီရိုရှီးမား’ (၁၉၅၈) ‘စာပေခရီးသည်’ (၂၀၁၀) စသည်တို့ကို ရေးသားခဲ့သည်။
ဂျာနယ်ကျော်မမလေးသည် မြန်မာ့ဆေးပညာ နေလဝိဇ္ဖာနည်းကို ၁၅ နှစ်ခန့်ဆည်းပူး လေ့လာခဲ့ပြီး၊ နိုင်ငံတော်ဆေးဝါးလုပ်ငန်းစက်ရုံသို့လည်း သွားရောက်လေ့လာ၍ တိုင်းရေးဆေး ပညာဆောင်းပါးများကို သွေးသောက်၊ ရှုမဝမဂ္ဂဇင်းများ၌ ရေးသားခဲ့သည်။ သူသည် ရန်ကုန် မြို့အနော်ရထာလမ်းပေါ်ရှိ သီဟရတနာပုံနှိပ်တိုက်တွင် နေ့စဉ်ဝေဒနာရှင်များအားတွေ့ဆုံကာ ဆေးဝါးဓာတ်စာပေး၍ မြန်မာ့ဓာတ်နည်းဖြင့် ကုသပေးလျက် ကျန်းမာအောင် နေထိုင်စား သောက်တတ်ဖို့ သတိပေးရင်း ဆေးပညာပေး ဆောင်းပါးများ ရေးခဲ့သည်။ ၁၉၅၃ ခုတွင် သွေး သောက်မဂ္ဂဇင်းတို့၌ ရေးသားခဲ့ပြီးသော ဆေးပညာဆောင်းပါးများကို စုစည်း၍ ၁၉၆၂ ခုနှစ် တွင် ‘ဆေးပညာဆောင်းပါးများ’ အမည်ဖြင့် လည်းကောင်း၊ ၁၉၆၇ ခုတွင် မြန်မာ့ဆေးပညာ စာ အုပ်ကိုလည်းကောင်း ထုတ်ဝေခဲ့သည်။
ထို့ပြင် အေးအေး၊ မိခွေးမိခွေး၊ ဗာဟီရ၊ အမျိုးသားနေ့၊ တရားပလိပ်စောင့်၊ မိန်းမပီပီ၊ သည်ဆောင်း၊ မာမရှိန်း၊ သည်မိုးစသော ဝတ္ထုတိုများ ကိုစုစည်း၍ ‘ရှုမငြီး’ အမည်ရှိ ဝတ္ထုတို ပေါင်းချုပ်ကိုလည်း ထုတ်ဝေခဲ့သည်။
အတ္ထုပ္ပတ္တိစာပေအနေနှင့်ကား ရုပ်ရှင်မင်းသမီး ကြည်ကြည်ဋ္ဌေးအကြောင်းကို ရေးဖွဲ့ထားသော ‘မာလာရီ’ စာအုပ်နှင့် ခင်ပွန်းဖြစ်သူ ဂျာနယ် ကျော် ဦးချစ်မောင်၏ဘဝကို ရေးသားထားသော ‘သူလိုလူ’ စာအုပ်တို့ကို တွေ့ရသည်။
မာလာရီစာအုပ်တွင် ဒါရိုက်တာဗိုလ်ကလေးတင့်အောင်၊ အေဝမ်းဦးတင်မောင်၊ ဦသုခ၊ အောင်မြင့်မြတ်၊ ကြည်ကြည်ဋ္ဌေး၏သား မောင်ပါတို့ ၏ မှတ်တမ်းများကိုပါ ပူးတွဲဖော်ပြထားသည်။
အတ္ထုပ္ပတ္တိဆောင်းပါးအနေနှင့်မူ ၂၂ ပုဒ်ရှိသည်ကို တွေ့ရသည်။
‘သူလိုလူ’ အတ္ထုပ္ပတ္တိစာအုပ်နှင့်ပတ်သက်၍ ဂျာနယ်ကျော် အယ်ဒီတာဂုဏ်ရောင်က … “အအိပ်မမှန်၊ အစားမမှန်သဖြင့် အသားရေခြောက် ခန်းလျက် မျက်တွင်းမျက်ချောင်ကျ နေသော လူပျိုအယ်ဒီတာချုပ်တစ်ဦးသည် သူအလုပ်လုပ်လျက်ရှိသော သတင်းစာတိုက်ကြီးအား သူ၏တစ်ကိုယ်လုံးကို အပ်နှံလျက် သူ၏ ဦးနှောက်မှယိုစိမ့်၍ထွက်သော အခိုးအလျှံဖြင့် သူ၏တိုင်းပြည်ကို ပူဇော်လျက်ရှိနေစဉ် သူနှင့်တခါ ဘူးမျှ မျက်နှာချင်းမဆိုဘူးသော မိန်မပျို တစ်ဦးသည် သူ့မျက်မှောက်၌ ဘွားခနဲပေါ်လာကာ သူ၏အကျင့်လွန်မှုကို ကြေးမုံဖြင့်ပြပြီး နောက် မပျော့မတင်းသော စောင်းသံကို တီးပြခဲ့လေသည်။
အယ်တီတာချုပ်သည် ထိုစောင်းသံရှင်ကြောင့် သူ၏ဘဝကို သူပြန်၍ မြင်လာလေသည်။ စောင်းသံရှင်ကို သူအလွန်ကျေးဇူးတင်လေသည်။ သူသည် ကျေးဇူးတင်လွန်းသဖြင့် စောင်းသံရှင်နှင့် အနီးစပ်ဆုံးသောဘဝသို့ရောက်အောင် အမိအရ ကြိုးပမ်းခဲ့လေသည်။ အယ်ဒီတာချုပ် သည် စောင်းသံရှင်ကို ရခဲ့လေသည်။
ဂျာနယ်ကျော်မမလေးသည် စောင်းသံရှင်အဖြစ်ဖြစ် ဂျာနယ်ကျော်ဦးချစ်မောင်၏ အယ်ဒီတာဘဝ၊ ဦးချစ်မောင်၏ ဆန်းကြယ်သောနဖူးစာ၊ ထူးခြားသော စိတ်နေသဘောထား၊ ဦးချစ်မောင်၏ အိမ်ထောင်သည်ဘဝမှာသည် ကွယ်လွန်သည့်အချိန်အထိ ဂျယ်နယ်ကျော်မမလေး သည် ဦးချစ်မောင်၏ အနီးစပ်ဆုံးနေရာ၌ ရောက်နေသည့်ဇနီးသည်ဘဝမှ မြင်ရပုံကို စာပန်းချီရေးဖွဲ့၍ ပြထားသည်” ဟူ၍ ရေးသား ထားလေသည်။
သူလိုလူ (ပထမတွဲ) ပထမနှိပ်ခြင်းစာအုပ်အမှာစာ၌ ဂျာနယ်ကျော်မမလေးက သူလိုလူစာအုပ်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ရေးသား ခဲ့သည်။
ဂျာနယ်ကျော်တွင် ‘သူလိုလူ’ ဝတ္ထုရေးမည်ဟု ကြော်ငြာစဉ်က ဤဝတ္ထုရေးဖို့ရာ ကြော်ငြာခြင်းမဟုတ်ဘဲ မိန်းကလေးများအတွက် အိမ် ထောင်ရေးတွင် အိမ်ထောင်ရွေးနည်းဝတ္ထုတစ် ပုဒ်ကို ‘သူလိုလူ’ အမည်ပေး၍ ထုတ်ဝေရန်သာ ကြော်ငြာခဲ့ခြင်းဖြစ်သည်ကို ဂျာနယ်ကျော်ပရိ သတ်တိုင်း သိရှိပေလိမ့်မည်။
ဤဝတ္ထုဖြစ်ပေါ်လာအောင် လှုံ့ဆော်တိုက်တွန်း တောင်းပန်သည့်သူမပေါ်ပေါက်က ကျွန်မသည် ‘သူလိုလူ’ အမည်နှင့် ဤဝတ္ထုကို ရေးဖြစ် လိမ့်ဦးမည်မဟုတ်ပေ။
ဆရာဖြစ်သူအား လေးစားကြည်ညိုချစ်ခင်၍ ဆရာ့အကြောင်းအရာ အတ္ထုပ္ပတ္တိကိုသာ အတ္ထုပ္ပတ္တိရင်းအတိုင်း သူလိုလူတစ်ယောက် သူလို ရှိခဲ့ဖူးခြင်းအကြောင်းကို ‘သူလိုလူ’ ဝတ္ထုအဖြစ်နှင့်ရေးပါရန် တက္ကသိုလ်ကိုမျိုးသန့်က အကြိမ်ကြိမ်အဖန်ဖန် အတန်တန်လာရောက် တိုက် တွန်းရုံမက၊ မကြာမီထုတ်ဝေခဲ့သည့် ဦးချစ်မောင်၏ မှတ်တမ်းဒိုင်ယာရီထဲတွင် ‘ဘယ်ရှေးကံ အဘိရာစရယ်ကြောင့်၊ သိလာရခုပုံ’ ဆိုသည့် ဇနီးဖြစ်သူအား အဆန်းတကြယ်တွေ့ရပုံကို ရေးစပ်ထားခဲ့သည့်ကဗျာမှာ ဖတ်ရသူတိုင်းထူးထူးဆန်းဆန်း အကြောင်းပါပုံပါနည်းကို သိ ချင်ကြားချင်ကြသည်တစ်ကြောင်း၊ ဦးချစ်မောင်မှာ အဘက်ဘက်ကပြည့်စုံဖူလုံနေသ့ည့် ဗဟုသုတပိဋကတ်အိုးကြီးတစ်ဆူဖြစ်၍ မုချ ဧကန် ဗဟုသုတဖြစ်ဖွယ်၊ မှတ်သားဖွယ်ကောင်းလောက်အောင် ထူးထူးခြားခြားအတွေးဖြင့် ပြည့်သိပ်နေမည့်အပြင် မိန်းမမြင့်လျှင် ခေါင်းမ ဖော်ဝံ့သူဖြစ်၍ ‘ဘုန်းကြီး’ ဟု ခေါ်တွင်ခြင်းခံခဲ့ရသော ဦးချစ်မောင်၏ အချစ်ဇာတ်လမ်းမှာ ဆန်း ဆန်းပြားပြား တစ်ခမ်းတစ်နားရှိပေလိမ့်မည်ဟု သိချင်စိတ် ယိုဖိတ်ပြင်းထန်လှပြီး ဦးချစ်မောင်၏ အဆွယ်အပွား သားသမီးများအတွက်သော်လည်းကောင်း၊ ဦးချစ်မောင်ကို ကျွန်တော်ကဲ့ သို့ လေးစားကြည်ညိုသူတွေအတွက်လည်းကောင်း၊ ဦးချစ်မောင်နှင့် ဇနီးဖြစ်သူတို့တွေ့ဆုံကြပုံအစမှ သေးဆုံးသွားသည့် နောက်ဆုံး အချိန်အထိ ဦးချစ်မောင်၏အတွင်းရေးကြီးကို တိုင်းပြည်တွင် မှတ်တမ်းတင်ထားအပ်ပါ ရေးသားထုတ်ဝေသင့်ပါသည်ဟု အကြိမ်ကြိမ် အဖန်ဖန် အတန်တန် မေတ္တာရပ်ခံ တောင်းပန်လွန်း၍ သူလိုလူတစ်ယောက် သူ့လိုရှိခဲ့ဖူးခြင်းကို မူရင်းအတိုင်း ရေးသားမှတ်တမ်းတင် အပ်သည်ဟု ယူဆခဲ့သည့်အတိုင်း ဤဝတ္ထုကြီးကို စာဖတ်ပရိသတ်ရှေ့မောက်သို့ အရောက်တင်ပို့လိုက်ဖြင်းဖြစ်လေသည်။
အနောက်နိုင်ငံတွင် ထင်ရှားကျော်ကြားသူ ပုဂ္ဂိုလ်ကြီးများ၏ Auto Biography စာအုပ်ကြီးများမြောက်မြားစွာ ထွက်ပေါ်နေခဲ့သည်ကား ကြာခဲ့ချေပြီ။ မြန်မာပြည်တွင်မူ ဤလိုစာအုပ်မျိုးများထွက်ပေါ်မလာထူးသေး၍ အရေးစောနေမည်လောဟူ၍လည်း ချိန်ဆမိလေသည်။ ကွယ်လွန်သူ၏ အတွင်းရေးများဖြစ်၍ ၎င်း၏အတွင်းရေးများကို ဤပုံထုတ်ဖော်ရေးသားခြင်းကြောင့် စာဖတ်သူပရိသတ်အဖို့ အကျိုးဖြစ် ထွန်းနိုင်ဖွယ်ရာ ရှိပါမည်လောဟုလည်း ချိန်ဆမိသေးသည်။
သို့သော် ကွယ်လွန်သူ ဦးချစ်မောင်ရှိစဉ်က တနေ့နေ့တွင် ‘ကျွန်မ၏ခင်ပွန်း’ ဟူ၍ ကျွန်မ၏ခင်ပွန်းသည်၏ အတ္ထုပ္ပတ္တိကြီးကို ရေးသားကာ ခင်ပွန်းသည်အား ပေးအပ်ရန်နှင့် ဦးချစ်မောင်ကလည်း ‘ကျွနု်ပ်၏ဇနီး’ ဟူသော စာအုပ်တစ်အုပ်ရေးပြီး ဇနီးဖြစ်သူအားပေးအပ်ရန် တစ်ဦး နှင့်တစ်ဦး ကတိကဝတ်ထားခဲ့ကြခြင်းသည်ပင် ဤစာအုပ်ထွက်ပေါ်လာရခြင်း၏ အ ကြောင်းရင်းဖြစ်ပေတော့သည်။ ဤသို့ ကတိကဝတ် ထားခံသည့်အချိန်ကစ၍ ‘ကျွန်မ၏ ခင်ပွန်း’ နာမည်ဖြင့် ပေါ်ထွန်းရမည့်စာအုပ်ကြီးအတွက် ဦးချစ်မောင်၏အကြောင်းအရာဥဿုံကို နေ့စဉ် မပြတ် စုဆောင်းရေးသားမှတ်တမ်းတင်ခဲ့ရပေသည်။ သို့သော် ထိုကဲ့သို့လက်ထပ်ပြီးမှ တစ်နေ့မပြတ် စုဆောင်းသိုသိပ်ထားသည့် ဖိုင်တွဲ မှတ်တမ်းမှတ်စုများမှာ ဂျပန်ခေတ်တွင် ပြည်လမ်းရှိ ဆရာဖြစ်သင်ကောလိပ်ကျောင်းနှင့် မျက်နှာချင်းဆိုင်အိမ်တွင်နောက်စဉ်က အင်္ဂလိပ် တို့ဝင်ခါနီး ပြင်းထန်သော ဗုံးမိသွား၍ အိမ်ကြီးပျက်စီးသွားရာက မှတ်တမ်းတချို့ပါ ပျက်စီးပျောက်ပျက်ကုန်ခဲ့၍ ကိုးနှစ်တိုင်တိုင် စုဆောင်း လာသမျှ ပျက်စီးရလေစွဟု စိတ်နှလုံးယူကျုံးမရဖြစ်ရပြီး ‘ကျွန်မ၏ခင်ပွန်း’ ဟူသောနာမည်ဖြင့် စာအုပ်ကြီးထုတ်ဝေဖို့ရန် မဖြစ်နိုင်တော့ပြီဟု မှတ်ထင်ခဲ့မိလေသည်။ ယခုသော် အတ္ထုပ္ပတ္တိမဟုတ်သော်လည်း ‘သူလိုလူ’ ဝတ္ထုကြီးအဖြစ်နှင့် ရေးဖို့ရာဖြစ်ပေါ်လာ၍ နဂိုရည်ရွယ်ချက်ကား တစ်စိတ်တစ်ဝက် ပြည့်မြောက်သွားသည်ဟုဆိုရပါပေမည်” ဟူ၍ ရေးသားခဲ့လေသည်။
ဗဟုသုတမြောက်မြားစွာ ရလိုသူများ၊ ကိုယ်ကျင့်တရား ကောင်းမွန်လိုသူများ၊ ထက်မြက်ခိုင်မာသည့် အမျိုးသမီးဖြစ်လိုသူများ၊ နောင်တ ခေတ်တွင် အနာဂတ်ကိုစိုးပိုင်ကြမည့်လူ ငယ်များ မလွတ်တမ်း ဖတ်သင့်သည့်စာအုပ်ဖြစ်သည်။
ယခုအခါ ‘သူလိုလူ’ စာအုပ်ကို ၂၀၀၃ ခုနှစ်၊ သြဂုတ်တွင် ဒဿမအကြိမ်မြောက်အဖြစ် သီဟရတနာစာပေတိုက်က ထုတ်ဝေခဲ့ပြီးဖြစ်သည်။
‘သူလိုလူ’ စာအုပ်နှင့်ပတ်သက်၍ ဆရာမ စောမုံညင်းက …. “စာတစ်အုပ်ဖြစ်အောင် လူတိုင်းရေးနိုင်ကြပါသည်။ သို့ရာတွင် မိမိဘဝမှန်ကို ဖွင့်အန်၍ အရင်းတိုင်းဖောက်သည်ချဝံ့သောသတ္တိ၊ သရုပ်မှန်ပေါ်လာအောင် တင်ပြနိုင်စွမ်းရှိဖို့မှာမလွယ်ကူပါ။ သူ့အရေးအသား ပြောင် မြောက်မှုနှင့်အတူ ဖတ်ရသူမှာ လိုက်ပါ၍သွားခဲ့ရသည်” ဟူ၍ ကောက်ချက်ချထားသည်။
အရပ်ရှည်၍ အသားညိုကာ မျက်လုံးမျက်မှန်စူးရှသည့် ဆရာမကြီး ဂျာနယ်ကျော် မမလေးကို ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကမာကလူကျေားရွာ၌ အဖ ဒေါ်ဆင် ဘဏ်မန်နေဂျာ ဦးပျားချို၊ အမိ ဒေါ်ကွီတို့မှ ၁၉၁၇ ခု၊ ဧပြီလ ၁၃ ရက် သောကြာနေ့တွင်ဖွားမြင်သည်။ မွေးချင်းငါးဦးအနက် စတုတ္ထမြောက်ဖြစ်သည်။ အမည်ရင်းမှာ မတင်လှိုင်ဖြစ်သည်။
၁၉၂၂ ခုနှစ်တွင် ဖျာပုံအေဘီအမ်ကျောင်းတွင် ကျောင်းစနေခဲ့ပြီး ဘိုကလေးမြို့အစိုးရ ကျောင်းမှ ၁၉၂၇ ခုနှစ်တွင် သတ္တမတန်းအောင်သည်။ ထို့နောက် ရန်ကုန်မြို့မအမျိုးသမီး ကျောင်း၌ နဝမတန်း၊ ၁၉၃၂ အထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၈ ခု၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ်ဦးချစ်မောင်နှင့် လက်ထက်သည်။ ၁၉၄၆ ခု၊ ဧပြီလ ၃ ရက်နေ့ ခင်ပွန်းဖြစ်သူ ဂျယ်နယ်ကျော်ဦးချစ် မောင်ကွယ်လွန်၍ သားနှစ်ဦး သမီးတစ်ဦးကျန်ရစ်ခဲ့သည်။ ခင်ပွန်းဖြစ်သူ စတင်တည်ထောင်ခဲ့သော ဂျာနယ်ကျော်မဂ္ဂဇင်း ကို ဦးစီးထုတ် ဝေခဲ့သည်။ ထို့နောက် ၁၉၅၉ ခု၊ မေလ ၁၄ ရက်နေ့တွင် ဦးအောင်ဇေယျနှင့် ဒုတိယအိမ်ထောင်ပြုခဲ့သည်။
ဘိုကလေးမြို့ တို့ဗမာအစည်းအရုံးတွင် အဖွဲ့ဝင်နှင့် တက်ခေတ်အမျိုးသမီးအဖွဲ့ ဥက္ကဌ (၁၉၃၆-၃၇)၊ ဂျာနယ်ကျော်ထုတ်ဝေသူ၊ ဂျာနယ် ကျော်နှင့် ပြည်သူ့ဟစ်တိုင်သတင်းစာအယ်ဒီတာ (၁၉၃၉)၊ အမျိုးသမီးကလောင်ရှင်အသင်း ဒုတိယဥက္ကဌနှင့်ကလောင်ရှင်မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ (၁၉၄၇)၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဌ (၁၉၄၈-၄၉)၊ မြန်မာနိုင်ငံစာရေးဆရာ စာပေကလပ်အတွင်းရေးမှူး (၁၉၆၁-၆၂) တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တရုတ်နှင့် ဆိုဗီယက်သို့ ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် (၁၉၅၂)၊ အာရှတိုက် စာရေးဆရာများ ကွန်ဖရင့် (နယူးဒေလီ) (၁၉၅၅)၊ အဏုမြူဆန့်ကျင်ရေးကွန်ဖရင့် (ဂျပန်)(၁၉၅၈)၊ ဂျပန်ဘာသာ ပြန် ‘သွေး’ ဝတ္ထုအတွက် ဂုဏ်ပြုဖိတ်ကြား ခြင်း (ဂျပန်) (၁၉၈၀) စသည်ဖြင့် နိုင်ငံရပ်ခြားသို့ သွားခဲ့သည်။
၁၉၈၂ ခု၊ ဧပြီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ အသက် ၆၅ နှစ်သာရှိသေးသည်။ သူကွယ်လွန်ပြီး သုံးနှစ်အကြာတွင် သူနှင့်ရေးဖော် ရေးဖက်ဆရာမကြီး လူထုဒေါ်အမာက …. “သူနဲ့ကျွန်မက အသက်ချင်းမတိမ်းမထိမ်း၊ စာပေဝါသနာ အတူပါကြ၊ အယ်ဒီတာတွေနဲ့ အတူ အကြောင်းပါကြ၊ ကိုယ်ကိုယ်တိုင် စာရေးဆရာ၊ သတင်းစာဆရာတွေဖြစ်လာကြ၊ စာပေ ယုံကြည်ချက်ကို ဆုပ်ကိုင်ရင်း ကြုံတွေ့ရတဲ့ ခလုတ်ကန်သင်းတွေကို ရင်ဆိုင်ကျော်လွှားကြရ တဲ့ ဘဝတူတွေ။
ဒေါ်တင်လှိုင်ရဲ့ ဘဝအားမာန်က မြန်မာမိန်းမတစ်ယောက်အနေနဲ့ တင်းပြည့်ကျပ်ပြည့် ရှိပါတယ်။ မြန်မာမပီသပါတယ်လို့ သူ့ဘဝကို မြင် တိုင်းကြားတိုင်း မုဒိတာဖြစ်မိတယ်။ လူဆို တာ ‘လှေခွက်ချည်းဆန်မယ်၊ အလံမလှဲဘူးဟေ့’ လို့ လူတိုင်းကြွေးကြော်ချင်ကြတာပေါ့။ နို့ပေ မယ့် တကယ့်လှေခွက်ချည်းဆန်ရတဲ့အခါ ထန်လှတဲ့မုန်တိုင်းရဲ့လှိုင်းလေ၊ ကြမ်းလှတဲ့ရေကြောကို အန်တုပြီး မိန်းမတန်မဲ့ တိုက်ပွဲလံကို ထူရတာမို့ တယ်မလွယ်ပါဘူး။ ဒေါ်တင်လှိုင်က ဒီကိစ္စမျိုးအတွက် သူ့သတ္တိကို မကြာခဏသုံးခဲ့ရှာပါတယ်။ နောက်ပိတ်ဆုံးအနေနဲ့ သတ္တဝါ တိုင်းကြောက်တဲ့သေမင်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာတောင် သူယုံကြည်တဲ့ တိုင်းရင်းဆေးဝါးကိုသာမှီဝဲပြီး အဆုံးစွန်သောအဖြစ်ကို အရောက် ခံလိုက်သတဲ့။ ဒါဟာ နှယ်နှယ်သတ္တိမှ မဟုတ်ပါ ဘဲကလား။
အဲဒီလို သတ္တိဗျတ္တိနဲ့ ကလောင်ရှင်အမျိုးသမီးတစ်ဦး၊ စာရေးကြစို့ဆိုတော့လည်း ဝတ္ထုတိုတွေ၊ ဆောင်းပါးတိုရှည်တွေကို အများကြီး ဖန်တီး သွားခဲ့တဲ့ အမျိုးသမီး၊ အယူအဆတစ်ခုကို တင်ပြကြစို့ဆိုရင်လည်း သူယုံကြည်တာဆိုရင် ဖတ်ရသူ တစ်ဖက်သားစိတ်ထဲမှာလည်း ဟုတ် မှာပဲလို့ ထင်စွဲလာရအောင်ရေးစွမ်းတဲ့ ကလောင်ရှင်တစ်ဦးမို့ လွမ်းမိတယ်” ဟူ၍ ၁၉၈၅ ခု၊ ဖေဖော်ဝါရီလထုတ် ကလျာမဂ္ဂဇင်းတွင် အမှတ် တရဖော်ပြထားလေသည်။
မည်သို့ဆိုစေ ဂျာနယ်ကျော်မမလေးသည် ခင်ပွန်းသည်၏ စာပေလက်ငုတ်လုပ်ငန်းကို သတ္တိရှိရှိ ဆက်လက်လုပ်ကိုင်ရင်း အမျိုးသမီး ထုကြီးနှင့်တကွ နိုင်ငံအကျိုးပြုစာပေများဖြင့် စာပေတာဝန်ကျေပွန်ခဲ့သော စာရေးဆရာ၊ သတင်းစာဆရာမကြီး ဂျာနယ်ကျော်မမလေး၏ စာပေလက်ရာများသည် နောင်နှစ်ပေါင်းများစွာ အရှည်တည်တံ့၍ နိုင်ငံနှင့်ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်နေမည်မှာ ဧကန်ပင်တည်း။
စာကိုး
(၁) ဂျာနယ်ကျော်မမလေး၊ သူလိုလူ ရန်ကုန် သီဟရတနာစာပေတိုက်၊ ဒသမအကြိမ် ၂၀၀၃ သြဂုတ်။
(၂) ဂျာနယ်ကျော်မမလေး၊ ဘဝပုံရိပ်များ ရန်ကုန်၊ သီဟရတနာ ဒုကြိမ် ၂၀၀၆၊ ဇူလိုင်။
(၃) ဂျာနယ်ကျော်မမလေး၊ ရင်နင့်အောင်မွှေး ရန်ကုန်၊ ရတနာစာအုပ်တိုက် သတ္တမကြိမ် ၂၀၀၄ ဧပြီ။
(၄) စောမုံညင်း “ဂျာနယ်ကျော်မမလေး၏ စာပေများ” ရှုမဝမဂ္ဂဇင်း ၁၀၈၂ ဇွန်။ စာ ၁၆၃ – ၁၆၇။
(၅) လူထုဒေါ်အမာ၊ “မမခင်နဲ့ မမလေးတို့ကို လွမ်းပါဘိတယ်” ကလျာ မဂ္ဂဇင်း။ အမှတ် ၂ (၁၉၈၅ ဖေဖော်ဝါရီ)
(၆) ဒဂုန်ရွှေမျှား၊ မြန်မာနိုင်ငံစာပေဆုများ စာပေဗိမာန် ပကြိမ် ၁၉၇၂
by Nay Zaw on Wednesday, December 7, 2011 at 10:12am
No comments:
Post a Comment