📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Friday, August 21, 2020

Nguyen Van Troi ( ငုယင်ဗန်ထရွိုင်း )

 Nguyen Van Troi ( ငုယင်ဗန်ထရွိုင်း )


ဖိနှိပ်အုပ်စိုးသူတွေဟာ အရင်းရှင်နယ်ချဲ့မျက်နှာဖုံးစွပ်၍လည်းလာမည်။ ဖက်ဆစ်မျက်နှာဖုံး စွပ်၍လည်းလာမည် ဒါပေမယ့်သူတို့တွေရဲ့အတွင်းသရုပ်က ကောက်ကျစ်စဉ်းလဲခြင်း၊ ယုတ်မာခြင်း၊ အနိုင်ကျင့်ဗိုလ်ကျသည်၊ လက်ဦးမှု အရယူကြသည်။ သူတို့တွေအတွက်က ဘာမဆိုလုပ်ရဲကြသည်။ ရက်ရက်စက်စက်ညင်းပန်းနှိပ်စက် ရက်ရက်စက်စက် သတ်ဖြတ်ရဲကြသည်။ အကျိုးစီးပွားအတွက် အဓမ္မမှုအားလုံးကို ပြောင်ပြောင်တင်းတင်းကျူးလွန်ရဲသည်။ သူတို့တွေမှာ လူမျိုးဆိုတာမရှိ၊ တိုင်းတပါးမရှိ၊ အရှေ့အနောက်မရှိ၊ အသားအရောင်မရှိ၊ ဘာသာတရားဆိုတာလည်း အယောင်ဆောင်ကိုးကွယ်မှုတွေပဲရှိတယ်။ သူတို့တွေရဲ့အကျိုးစီးပွားကို ဆန့်ကျင်သူမှန်သမျှ အားလုံးကို ဤအတိုင်းပင်ပြုမူနှိပ်စက်သည်။ အဲဒီလို အဖိနှိပ်ခံ မှန်သမျှသူတွေဟာလည်း တန်ပြန်သက်ရောက်မှုတွေက သဘောထားမပြောင်းလဲပါ။

နအဖစစ်အုပ်စုရဲ့ ဖိနှိပ်မှုမျိုးစုံအောက်က မြန်မာ့လူ့အဖွဲ့အစည်းသည် ကျေပြုန်းပျက်စီးခံနေကြရ သည်။ လူငယ်တွေဆိုရင်လည်း ပြားပြားမှောက်၍ နေကြရသည်။ မလှုပ်နိုင်မရုန်းနိုင်တဲ့ကြားကပဲ သူရဲကောင်းတွေပေါ်ထွက်လာခဲ့ကြသည်။ အဖိနှိပ်ခံတို့၏ လွတ်မြောက်ရေးတိုက်ပွဲတိုင်းမှာ လူငယ်တွေဟာ စွန့်လွှတ်ကြသည်။ မြန်မာ့သမိုင်းစဉ်၏ အရိပ်မှာတော့ “ဒေါင်း” အလံနီကြီးရဲ့အောက်တွင်... သူရဲကောင်းတို့များစွာ.... သခင်အောင်ဆန်း၊ ဗိုလ်အောင်ကျော်၊ကိုဗဟိန်း၊စသဖြင့် အာဇာနည်ပီသစွာဖြင့် လူငယ်သူရဲကောင်းများဟာ ကမ္ဗမည်းထိုး၍မကုန်နိုင်ပါဘူး..။


အမေရိကန် သမ္မတ ထရူးမင်း၏ “ဒိုမီနို သီအိုရီ” တန်ခိုးကြောင့် ဗီယက်နမ်တောင်ပိုင်းသည် အမရိကန်နယ်ချဲ့ရုပ်သေးအစိုးရ၏ လက်အောက်တွင် ရှိနေပြီး မြောက်ပိုင်းဗီယက်နမ်မှာမူ သမ္မတကြီး ဟိုချီမင်းဦးဆောင်သည့် ကွန်မြူနစ်တို့၏အောက်၌ရှိ၍နေသည်။ “ဆိုင်ဂုံ” နှင့် “ဟနွိုင်း”အားနယ်ချဲ့အရင်းရှင်နှင့် ကွန်မြူနစ်တို့က ခွဲ၍ယူထားကြသည်။ အမေရိကန်မရိန်း တပ်သားတို့ကား တောင်မြောက်နယ်စပ်စည်းကိုဖြတ်ကျော်ရန်ကြိုးစား၍နေကြ၏။ အမေရိကန် လေတပ်မှ B-25, B-52 ဗုံးကြဲလေယာဉ်ကြီးများက မြောက်ဗီယက်နမ်၏ မြို့များပေါ်သို့ ဗုံးကြဲ၍ တိုက်ခိုက်ကြသည်။ အမေရိကန်သံချပ်ကာကားများက “ဗီယက်ကောင်း” တို့အားကြိတ်နင်းရန် အမှတ်(၁၅) မျဉ်းပြိုင်စည်းဆီသို့ အပြင်းမောင်းနှင်သွားကြသည်။ မြောက်ဗီယက်နမ်ရှိ ဥက္ကဌကြီး ဟိုချီမင်း၏လွတ်မြောက်ရေးတပ်သားများက ရိုင်ဖယ်သေနတ်များဖြင့် ခုခံကာကွယ်၍ နေကြ၏။ “ဆိုင်ဂုံ”မှနယ်ချဲ့နှင့် ရုပ်သေးအစိုးရအားမောင်းထုတ်နိုင်ရန်“ဗီယက်ကောင်း”တို့သည် ပျောက်ကျားစစ်ဖြင့် တိုက်ပွဲ ဝင်၍နေကြသည်။ အမိပြည်သူတို့ ဖိနှိပ်မှုအောက်မှလွတ်မြောက်ရေးအတွက်.....။ မလှုပ်နိုင် မရုန်းနိုင် လမ်းစမပေါ်နိုင်တဲ့ကြားထဲကနေ ပေါ်ထွက်လာ သူကတော့ အာရှမှလူငယ်တစ်ဦး.. ဗီယက်နမ်မှ “ငုယင်ဗန်ထရွိုင်း” ဆိုတဲ့လူငယ်လေးပါ။ ဗီယက်နမ်လွတ်လပ်ရေးဖခင်ကြီး“ဟိုချီမင်း”နှင့်ဗီယက်နမ်မျိုးချစ်သူရဲကောင်း ထောင်သောင်း တို့၏ တိုက်ပွဲသမိုင်းစာမျက်နှာများမှာဂုဏ်ရောင်ပြောင်မြောက်စွာဖြင့်...။


“ငုယင်ဗန်ထရွိုင်း” သမိုင်းကား....။


“ငုယင်ဗန်ထရွိုင်း”သည် ကွမ်နန် ဇာတိသားဖြစ်သည်။ ကွမ်နန် ခရိုင်က ဗီယက်နန်နိုင်ငံ၏ တောင်ပိုင်းတွင်ရှိသည်။ ဗန်ထရွိုင်း၏ ကလေးဘဝသည် ကြေကွဲစရာပါ။ မိခင်ဟာ စစ်ကြောင့်ရွာမှာ မနေဝံ့၊ တောတောင်များအတွင်းသို့ သားငယ် ဗန်ထရွိုင်းအားချီပိုးရင်းရှောင်ပုန်းခဲ့ရတယ်။ ဆိုးရွားလှတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့်ပဲ ဗန်ထရွိုင်း၏ မိခင်ဟာတောတွင်း၌ပင်သေဆုံးခဲ့ရ၏ အဖေက မိသားစုစားဝတ်နေရေးအတွက် အလွန်ဝေးကွာသည် အရပ်တွင် အလုပ်လုပ်ကိုင်ရ၏ မိသားစုနှင့် အမြဲမရှိ၊ နှစ်အတန်ကြာမှ အိမ်သို့ပြန်လာနိုင်၏ ဤတွင် “ဗန်ထရွိုင်း”သည် ဦးလေးနှင့်အစ်ကိုကြီးတို့၏ အုပ်ထိန်းမှုအောက်၌ ကြီးပြင်းခဲ့ရ၏ ဗန်ထရွိုင်း(၁၅)နှစ်သားအရွယ်တွင် “ဆိုင်ဂုံ”သို့သွားရန် သူဆုံးဖြတ်လိုက်သည်။ “ဒါနန်း”ရှိအစ်ကိုကြီးနှင့် အတူနေသော “ဗန်ထရွိုင်း”သည် ဆင်းရဲမွဲတေလွန်းလှသော အစ်ကိုကြီး၏ မိသားစုအပေါ်တွင်မှီခို၍နေထိုင်ရသည်ကို စိတ်မကောင်း...။ “ဗန်ထရွိုင်း” ၏ အစ်ကိုကြီးသည်အလုပ်လုပ်သည် သို့သော်ထိုစဉ်က တောင်ဗီယက်နမ်တွင် ပင်ပင်ပမ်းပမ်းလုပ်သော်လည်း မိသားစုရဲ့ စားဝတ်နေရေးကိုမျှ ဗီယက်နမ်လူမျိုးများသည် မဖြည့်ဆီးနိုင်ကြ၊ ချမ်းသာသူတို့ကတော့... ကျိကျိတက်ချမ်းသာ၍ နေကြသည် ဤသူတို့ကား လူနဲစု၊ ဗီယက်နမ်လူမျိုးစုကြီးမူ ဆင်းရဲတွင်း၌ နစ်ဆဲ....။

“ဆိုင်ဂုံ” ရောက်တော့.. ဗန်ထရွိုင်းဟာ ရပ်တည်ရေးအတွက် ဆိုက္ကားနင်းသည် သို့သော် တယောက်၏ ဝမ်းကားနပ်မှန်အောင် ဝမ်းမဝခဲ့။ ဤသို့ဆိုက္ကားနင်းရင်းမှ ဆင်းရဲသူဗီယက်နမ် အများစုကြီးအား တွေ့ရသည်။ ချမ်းသာလွန်းလှသော လူကုံတန်အချို့အားလည်းတွေ့ရပြန်သည်။ ဒါပေမယ့် သူတို့တွေက “ဆိုင်ဂုံ” တွင်လူနည်းစု။ ကြားလူတန်းစားဟူ၍မရှိ။ ဆင်းရဲချမ်းသာကွာဟလှလွန်းသော “ဆိုင်ဂုံ”ပါလားဟူ၍ ဗန်ထရွိုင်း ဆိုက္ကားနင်းရင်းတွေးသိလာရသည်။ ဆိုင်ဂုံတွင် ဆိုက္ကားနင်းသမားဘဝမှ လျှပ်စစ်စက်ရုံတစ်ခု သို့ ပြောင်းခဲ့၏ ဤတွင် ဆိုင်ဂုံရှိ လျှပ်စစ်စက်ရုံတွင် လျှပ်စစ်အလုပ်သမားလေးတစ်ဦးဖြစ်လာခဲ့ တော့သည်။ ဤတွင်ပင်...“ဖန်သီကျူရင်” နှင့်တွေ့ခဲ့ကြခြင်းပင်ဖြစ်သည်။ “ဖန်သီကျူရင်”က “ဆိုင်ဂုံ”ရှိ အထည်ချုပ်စက်ရုံမှအလုပ်သမတစ်ဦး....။


“ဆိုင်ဂုံ”ရောက် လျှပ်စစ်အလုပ်သမားလေး “ငုယင်ဗန်ထရွိုင်း”သည်မြေအောက်လူငယ်သမဂ္ဂ သို့ဝင်၏ လူငယ်သမဂ္ဂအဖွဲ့ဝင်သစ် “ဗန်ထရွိုင်း”သည် မြေအောက်သမဂ္ဂမှ ဖွင့်လှစ်သည့်သင် တန်းသို့ လျှို့ဝှက်၍တက်ခဲ့ရ၏ သင်တန်းတွင် သင်တန်းဆရာက “ဗန်ထရွိုင်း”အားမေး၏ 

“ ရဲဘော်ဟာ လျှပ်စစ်ဌာနက အလုပ်သမားတစ်ယောက်ပဲမဟုတ်လား။ ကဲ... ဒီလိုဆိုရင် ခင်ဗျားအိမ်မှာ လျှပ်စစ်ပစ္စည်းဘယ်လောက်များ တပ်ဆင်ထားသလဲ။ လျှပ်စစ်မီးရောထွန်းနိုင် ရဲ့လား ”။ 

“ဟင့်အင်း... လျှပ်စစ်နဲ့ပါတ်သတ်လို့ ဘာတစ်ခုမှ မရှိပါဘူးဗျာ။ မီးရောင်ဆိုတာက ရေနံဆီမီးခွက်လောက်ထွန်းပြီး နေရပါတယ်။ ကျနော်တို့တစ်ခရိုင်လုံးက လူတွေကလည်း ဒီအတိုင်းပါပဲ”

“လျှပ်စစ်အလုပ်သမားတွေမှာ လျှပ်စစ်မီးတောင်မသုံးစွဲရဘူး။ ဒါဟာ တရားနည်းလမ်းကျတယ် လို့ ခင်ဗျားထင်သလား ကြည့်စမ်း။ အမေရိကန်တွေနေတဲ့ နေရာတွေကိုသွားကြည့်စမ်းပါ သူတို့ရဲ့ ခွေးတွေနေတဲ့ ခွေးအိမ်လေးတွေမှာတောင် လျှပ်စစ်မီးရှိတယ်။ လျှပ်စစ်အလုပ်သမား တွေက တနေ့နေ့မှာ အလုပ်မလုပ်ပဲနေကြည့်လိုက်စမ်းပါလား။ တမြို့လုံးမှောင်ကျမှာပေါ့။ ဒီကောင်တွေဟာ လက်နှိပ်ဓါတ်မီးတဝင်းဝင်းနဲ့ အမှောင်ထဲမှာ ဟိုစမ်း ဒီစမ်းနဲ့ လုပ်နေရမှာပဲ လျှပ်စစ်ဓါတ်အားပေးစက်ကြီးတွေလည်လာအောင် သူတို့ဘာလုပ်တက်မှာလဲ”


အချိန်ကာလအားဖြင့်

၁၉၆၄ ခုနှစ်၊ မေလ(၁၀)ရက်။

တနင်္ဂနွေနေ့၊ နံနက် ၉း၀၀ နာရီ။

ပုလိပ်“၈”ယောက်သည် “ငုယင်ဗန်ထရွိုင်း”၏နေအိမ်အတွင်းသို့ ရုတ်တရက်ပင် ရောက်၍ လာကြ၏ ထိုစဉ်၌ “ဗန်ထရွိုင်း”သည် အိမ်တွင်မရှိ။ မနေ့မနက်ကတည်းမှ အိမ်မှထွက်သွား၍ နေခဲ့သည်။ “ည”တွင်လည်းပြန်မအိပ်။ ဇနီးသည်“ဖန်သီကျူရင်”တဦးသာ အိမ်တွင် ရှိ၍နေ၏။ ရဲများသည် လူတစ်ယောက်အား ဒရွတ်တိုက်ဆွဲပြီး အိမ်အတွင်းသို့ ခေါ်လာကြ၏ သူ၏လက်များကိုလည်းနောက်ဘက်မှနေ၍ လက်ထိပ်ခပ်ထား၏။ သူ့အဝတ်အစားများသည် ရိုက်နှက်ထားသည့်အတွက် စုတ်ပြဲ၍နေသည်။ အင်္ကျီကြယ်စေ့များက မရှိတော့။ အပြာရောင်အင်္ကျီသည်“သွေး”များ“ရွှံ့” များကြောင့် အရောင်ပြောင်း၍နေပြီ။ သူ့မျက်နှာသည် ထုထောင်းရိုက်နှက်ထားသော ဒါဏ်ရာဒါဏ်ချက်တို့ကြောင့် ရောင်ကိုင်း၍နေသည်။ ဆံပင်များက ဖရိုဖရဲ...။ ဒါဏ်ရာတို့က သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တွင်လည်းရှိ၏ ပြီးလျှင်....။ ခြေ၊ လက်၊ ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးတို့၌...ကွဲ၍သွေးယိုစီးနေသောဒါဏ်ရာ၊ ညိုမဲ၍ ဖူးရောင်နေသာ ဒါဏ်ရာ...။ 

“ကျူရင် .... ငါတော့အဖမ်းခံရပြီ ”

ရဲများ ဒရွတ်တိုက်ဆွဲခေါ်လာသည့်သူမှ ဖန်သီကျုရင်အား လှမ်းအော်၍ ပြောလိုက်သည်။ ကောင်းလီတံတားအား မိုင်းထောင်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ မော်တော်ယာဉ်အား ဗုံးခွဲတိုက်ခိုက်ရန် လုပ်ဆောင်စဉ် “ငုယင်ဗန်ထရွိုင်း” အဖမ်းခံလိုက်ရ၏။ တညလုံးရိုက်နှက်စစ် ဆေးပြီး သူ၏နေအိမ်သို့ခေါ်လာခြင်းဖြစ်သည်။ ရဲတို့အိမ်အတွင်း အနှံ့ရှာဖွေကြမည်ဖြစ်သည်။ ဤနေရာတွင် ဘာသာပြန်ဆိုသူ ဆရာထက်မြက်က ဤသို့ရေးထား၏။


“ ဗုံးတွေ ဘယ်နေရာအဝှက်ထားတယ်ဆိုတာ မင်းငါတို့ကိုပြောပြမယ်ဆိုရင်တော့ ဒီအခန်းဟာ မင်းတို့နှစ်ယောက်အတွက် အချစ်အသိုက်မြုံလေးတစ်ခု ဆက်ဖြစ်နေရဦးမှာပေါ့။ ဆက်ပြီးငြင်းဆန်နေရင်တော့ ဒီအခန်းဟာ ငရဲခန်းဖြစ်သွားလိမ့်မယ်။ ပြီးတော့ ဒီအထဲမှာပဲ မင်းသေသွားလိမ့်မယ် ”


“ ဗုံးတွေဘယ်နေရာမှာရှိတယ်ဆိုတာ ကျုပ်.....မသိဘူး ”


ပုလိပ်တွေဟာ “ထရွိုင်း”ကို တွန်းလိုက်ထိုးလိုက်ပြီး၊ အတင်းရိုက်နှက်ထိုးကြိတ်တော့တာပါပဲ။ နောက် သူ့ကိုလျှပ်စစ်ကျင်စက်နဲ့“ တို့”ကြတယ်။ ကျင်စက်ရိုက်တာတွေဟာ သိပ်ပြင်းထန်လွန်း တော့ “ ထရွိုင်း”ဟာနောက်ပြန်လဲကျသွားပြီး ကုတင်ပေါ်မှာတွန့်လိမ်နေရှာတယ်။

ဒီနောက်မှာ ရိုက်နှက်ညှင်းပန်းတာတွေရပ်ပြီး သူတို့က “ထရွိုင်း”ကိုမေးပြန်တယ်။


“ ဗုံးတွေဘယ်မှာလဲ”


“ ထရွိုင်း” ဟာသိပ်ကိုမောဟိုက်ပင်ပန်းနေရှာတယ်။ ဒါပေမယ့် သူစကားပြောတယ်။ သူ့အသံ ဟာအရင်ကထက်တောင် ပိုပြီးကျယ်နေတယ်။


“မသိဘူးလို့ ကျုပ်ခင်ဗျားတို့ကို ပြောခဲ့ပြီး၊ ဒါကိုမှ ခင်ဗျားသိချင်နေတုန်းပဲဆိုရင် ဖိနှိပ်သူတွေရှိတဲ့ နေရာတိုင်းမှာ ဗုံးတွေရှိတယ်လို့သာ မင်းတို့မှတ်ထားလိုက်စမ်းပါ”


ငုယင်ဗန်ထရွိုင်း နဲ့ပတ်သတ်ပြီးသူ၏ ဇနီး ဖန်သီကျူရင် ကိုပါအာဏာပိုင်ပုလိပ်တို့က ဖမ်းဆီးလိုက်သည်။ ပြီးလျှင် သူမအား အမျိုးသမီးအကျဉ်းထောင်အတွင်းချထားလိုက်၏ မကြာမီအတွင်း “ကျူရင်”အား “ငုယင်ဗန်ထရွိုင်း”၏ဇနီးဖြစ်မှန်းအကျဉ်းကျသူအမျိုးသမီးများ သိ၍ သွားကြသည်။ အကျဉ်းကြသူများအားလုံးက လွတ်မြောက်ရေးတိုက်ပွဲတစ်ခုခုတွင် ပါဝင် ပတ်သတ်၍ဖမ်းဆီးခြင်းခံထားရသူများဖြစ်ကြသည်။ သူတို့သည် “ငုယင်ဗန်ထရွိုင်း”အားသိကြ သည်။ သူတို့သည် “ငုယင်ဗန်ထရွိုင်း”အားလေးစားကြသည်။ ထို့ကြောင့် ... “ဗန်ထရွိုင်း” ၏ ဇနီး “ကျူရင်”ကိုလည်းအားလုံးက နွေးထွေးစွာဂရုစိုက်ကြ၏။ အားပေးကြ၏။ တနေ့မနက်အကျဉ်းကျသူ အမျိုးသမီးများ အကျဉ်းတိုက်အတွင်းမှ ထွက်၍အပြင်တွင်နေပူဆာ လှုံခွင်ရကြသည်။ နေပူဆာလှုံရင်းစကားပြော၍ နေကြ၏။ သို့သော် ပုလိပ်များအလစ်တွင် တိုးတိုးပြောကြရခြင်းဖြစ်သည်။ သူတို့က “ကျူရင်”အား “ဗန်ထရွိုင်း”၏အကြောင်းများ မေးကြသည်။ 


“အစ်မရယ် တခြားလူတွေကတော့ သူတို့ရဲ့ခင်ပွန်းတွေ ဇနီးသည်တွေရဲ့တော်လှန်ရေးလုပ်ငန်း တွေမှာ ကူညီလိုက်ကိုင်တယ်။ ကျမကြတော့ “ထရွိုင်း”ကိုအကူအညီမပေးယုံသာမကဘူး၊ သူလုပ်တဲ့လမ်းပေါ်မှာ ပိတ်ရပ်ခဲ့တယ်၊ ကျမကိုသူအယုံအကြည်မရှိမှာကို ကျမနောင်တရ ဝမ်းနည်းနေမိတာပါ”

“သူက မကြာမကြာ ကျမကို အပြစ်ပြောတယ်။ ကျမက အိမ်နီးချင်းတွေအပေါ် မဆင်မခြင် ဆက်ဆံပြောဆိုလို့ရှိရင်သူက ကျမကိုဝေဖန်တတ်တယ်။ သူကအဝတ်အစားလော်လီတာကို လည်းမကြိုက်ဘူး” သူကပြောပါတယ်။

ငါတို့ဟာ လုပ်သားပြည်သူတွေဖြစ်တယ်။ ဒီတော့ ငါတို့ဟာ အဝတ်အစား လော်လီတာ အတုခိုးတာတွေမလုပ်သင့်ဘူး”

“ကျမ်ရဲ့အဝတ်တွေကာ အပြာရင့်ရင့်အရောင်တို့ အဖြူရောင်တို့ဆို သူသဘောကျတယ်။ သူဟာ ရုပ်ရှင်လည်းမကြည့်ဘူး။ သူက..... 

“ဆိုင်ဂုံ” ဟာ “ဟနွိုင်း” လို့ဖြစ်လာရင် ငါတို့ရုပ်ရှင်တွေအများကြီးကြည့်ကြမယ်လို့ပြောတယ်။ တစ်နှစ်လောက်အတွင်းမှာ ကျမတို့ဟာ ရုပ်ရှင်ဆိုလို့ တကြိမ်ပဲသွားခဲ့ဘူးတယ်”


“ဗန်ထရွိုင်း”အား နယ်ချဲ့လက်ကိုင်ဒုတ် တောင်ဗီယက်နမ်အစိုးရမှ သေဒါဏ်စီရင်ချက်ချမှတ်ခဲ့ သည်။ မကြာ....။ ဗင်နီဇွဲလားနိုင်ငံမှ ပြောက်ကျားမျးာက အမေရိကန်တပ်မှ ဗိုလ်မှူးကြီး စမိုးလင်းအား ဖမ်းဆီးလိုက်ကြသည်။ ပြီးလျှင် ကြေငြာတော့သည်။ ဗီယက်နမ်မှ “ငုယင်ဗန်ထရွိုင်း”အားလွှတ်ပေးလျှင် အမေရိကန်ဗိုလ်မှူးကြီးအားပြန်၍ လွှတ်ပေးမည်။ ဤသို့ မဖြစ်ပါက .... အမေရိကန်ဗိုလ်မှူးကြီးအား သတ်ပစ်မည်။ “ငုယင်ဗန်ထရွိုင်း”အသက်နှင့် “စမိုးလင်း”အသက်အား လဲလှယ်မည်ဖြစ်သည်။ အဖိနှိပ်ခံနိုင်ငံတကာပြည်သူတို့၏ ရပ်တည်ချက်ကား သမိုင်းတွင်လှ၏။ ဖောက်ပြန်သူတို့က ဖောက်ပြန်သည့်နည်းပရိယာယ်များ ဖြစ်သာ တုံ့ပြန်ခဲ့သည်။ ဗင်နီဇွဲလားပြောက်ကျားတို့ကား သဘောတူညီချက်အရ... ယုံကြည်ပြီး အမေရိကန်ဗိုလ်မှူးကြီး“စမိုးလင်း”အားလွှတ်ပေးခဲ့သည်။ 

သို့သော် “ငုယင်ဗန်ထရွိုင်” ကား......။ 


၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်။ 

ချီဟွာ အကျဉ်းထောင် မနက်(၁၁)နာရီ။


“ငုယင်ဗန်ထရွိုင်း”အား “ချီဟွာ” အကျဉ်းထောင်ကြိုးတိုက်အတွင်းမှ ထောင်အာဏာပိုင်များက ခေါ်ထုတ်၍ လာသည်။ ဤခရီးက “ ငုယင်ဗန်ထရွိုင်း”အားလူသတ်သမားများက သေနတ်ဖြင့် ပစ်သတ်မည့်“သတ်ကွင်း”သို့ သွားရန်ခရီးဖြစ်၏။ ဤသည်ကို “ဗန်ထရွိုင်း”လည်းသိ၏။ ဖောက်ပြန်သည့်ဖိနှိပ်သူအစိုးရသည် နောက်ဆုံးဤသို့ပင်ပြုလိုက်ကြမည်။ ဤသည်ကို “ဗန်ထရွိုင်း”က လေးလေးနက်နက်သိပြီးဖြစ်၏။ မရွံ့၊မတွန့်၊ ရဲရဲ....။ 

“ထရွိုင်း”အား လက်မရွံ့သေနတ်ပစ်တပ်ဖွဲ့နှင့် မျက်နှာချင်းဆိုင်ရလို့ရှိရင် သူကြောက်လန့်တ ကြားဖြစ်ပြီး သူတို့စွဲချက်တင်ထားတာ တချို့ကိုဝန်ခံလိမ့်မယ်လို့ သူတို့မျှော်လင့်ခဲ့လို့ဘဲ။ သူတို့ရဲ့အလိုတော်ရိ ကြေးစားသတင်းစာဆရာတွေသူလျှိုဒလန်တွေကို အသင့်ထားပြီး “ထရွိုင်း”ကိုဒေါသထွက်အောင်မေးခွန်းမဟုတ်တာတွေလျှောက်မေးမယ်။ ခြေလှမ်းမှားအောင်ထောင်ချောက်ဆင်မယ်စသဖြင့်ပေါ့။ 

“ထရွိုင်း” ကြိုးတိုက်ထဲက ထွက်လာတာကိုမြင်လိုက်ကြတာနဲ့ သူတို့တုန်လှုပ်အောင်မလုပ်နိုင် ဘူးဆိုတာ အာဏာပိုင်တွေသိလိုက်ကြရတယ်။ “ထရွိုင်း”ဟာ သတင်းစာဆရာတွေကိုပြုံးပြီး ကြည့်လိုက်တယ်။တချို့လူတွေဟာ ဒီလိုအသတ်ခံရခါနီးမှာဆိုရင် ကြောက်လန့်တုန်လှုပ်ကြ တယ်။ “ထရွိုင်း”ကတော့ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပါပဲ။ 

“အခုလာတဲ့ ခင်ဗျားတို့ သတင်းစာဆရာတွေဟာ ဘာတွေဖြစ်နေလဲဆိုတာသိပြီးဖြစ်မည်။ အမေရိကန်တွေဟာ ကျနော်တို့နိုင်ငံကိုဝင်ရောက်ကျူးကျော်ပြီးရာဇဝတ်မှုတွေကျူးလွန်နေ တယ်။ ကျနော်တို့ပြည်သူတွေကို အနိုင်ယူဖို့ စီမံကိန်းတစ်ခုလုံးကို “မက်နာမာရား”လုပ်ခဲ့ တာပဲ။ ကျနော်တို့ ပြည်သူတွေကို ကျနော်ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဘူး။ ဗီယက်နမ်တောင် ပိုင်းမှာ ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့ “မက်နာမာရား”ကိုကျနော်ရှင်းပစ်ချင်တယ်။ 

သတင်းစာဆရာတစ်ဦးက မေးသည်။ “ ခင်ဗျားမသေခင်မှာ ဘယ်လိုအကြောင်းအရာကို စိတ်မချမ်းမသာဖြစ်မိပါသလဲ” “ငုယင်ဗန်ထရွိုင်း”မှ ချက်ချင်းပြန်ဖြေလိုက်၏ “ ကျနော်စိတ်မချမ်းသာတာ တစ်ခုပဲရှိတယ်။ အဲ့ဒါကတော့ “မက်နာမာရား”ကို သေအောင် မသတ်လိုက်ရတာဘဲ။” 


“ဗန်ထရွိုင်းအား သေနတ်နှင့်ပစ်သတ်ရန်အသင့်ဖြစ်၍နေပြီ။ “ဗန်ထရွိုင်း”၏ မျက်လုံးအား အဝတ်အစားအနက်ဖြင့်စည်းရန် အာဏာပိုင်များက ပြုလုပ်သည်။ “ဗန်ထရွိုင်း”က လက်မခံ..။ 


“ငါ့မျက်နှာကိုမစည်းနဲ့၊ ဒီမြေကို မင်းတို့ငါ့ကိုကြည့်ခွင့်ပေးရမယ်။ ငါချစ်မြတ်နိုးလှတဲ့ ငါ့မြေကိုငါ့ကိုကြည့်ခွင့်ပေးရမယ်”


အာဏာပါးကွက်သား သေနတ်သမားများသည် “ဗန်ထရွိုင်း”ရင်သို့ မောင်းပြန်ရိုင်ဖယ်သေနတ် များဖြင့်ချိန်၍ထား၏


“ဒိုင်း”


ပါးကွက်သား၏ သေနတ်ကျည်ဆံခဲဖူးသည် “ဗန်ထရွိုင်း”၏ ရင်အုံသို့ ထိုးဖောက်၍သွား၏ 


“ဗီယက်နမ် အဓွန်ရှည်ပါစေ။”


“ဗန်ထရွိုင်း”၏ နှုတ်မှကြွေးကြော်လိုက်၏။ ရင်တွင်းမှာသောအသံ....။ သွေးတို့သည် ကျည်ဆံ ဒါဏ်ရာဝမှ ထွက်၍ကျလာသည်။ ရဲရဲ.....။ 


“ဒိုင်း”


“ဟိုချီမင်း သက်တော်ရာကျော်ရှည်ပါစေ”

“ဟိုချီမင်း သက်တော်ရာကျော်ရှည်ပါစေ”


သေနတ်သံများနှင့် “ငုယင်ဗန်ထရွိုင်း”၏ ကြွေးကြော်သံများသည် ချီဟွာအကျဉ်းထောင်၏ လူသတ်ကွင်းအတွင်း လုံးထွေး၍ နေတော့သည်။ 


“ဗီယက်နမ် အဓွန်ရှည်ပါစေ။”

“ဟိုချီမင်း သက်တော်ရာကျော်ရှည်ပါစေ”




အသက်ပေါင်းများစွာ သေနေကြတယ် ဒါပေမယ့် ငုယင်ဗန်ထရွိုင်းတယေက်ကတော့ သူတို့တွေရဲ့ရင်ထဲမှာဘယ်တော့မှသေမသွားပါ...။ 

ဖန်သီကျူရင်တယောက်ဟာ ဗန်ထရွိုင်းပြောခဲ့သောဒီစကားတခွန်းကိုတော့ဘယ်တော့မှ မမေမသွားပါဘူး...။ 

“ မင်းနဲ့ငါဟာ အကြာကြီးကွဲကွာချင်ကွဲကွာသွားကြလိမ့်မယ်။ ဘယ်လိုအခြေ အနေမျိုးပဲဖြစ် နေဖြစ်နေပေါ့ကွယ်၊ ရန်သူကိုမကြောက်ပါနဲ့။ တော်လှန်ရေးထဲပါဝင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါ။ မင်းနဲ့အတူ အကျဉ်းကျခဲ့တဲ့ ရဲဘော်တွေရဲ့ သွန်သင်မှုတွေ၊ လမ်းညွှန်မှုတွေအတိုင်း လိုက်နာ ဆောင်ရွက်ပါ ကျုရင်” 



“ငုယင်ဗန်ထရွိုင်း”စာအုပ်အား ဘာသာပြန်ဆိုခဲ့သည့် ဆရာထက်မြက်၏ အမှာစာမှ(ဒုတိယအကြိမ် ထုတ်ဝေခြင်း) ကောက်နုတ်၍ ဖော်ပြလိုပါသည်။ 

“အတိတ်၏ခြေရာ” (Retrospeet) ဆိုသောဗီယက်နမ်စစ်အပေါ်ပြန်လည်သုံးသပ်သော စာအုပ်တအုပ်အား မကြာမီကထုတ်ဝေခဲ့သည်။ ထိုစာအုပ်ကြောင့် အမေရိကန်တနိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ ထိုစာအုပ်ရေးသူကား“ ဗီယက်နမ်တွင် ကျနော်တို့ဝင်တိုက်ခဲ့ သည်မှာ မှားသည်။ အလွန်မှားသည်။ ဆိုးဆိုးဝါးဝါးကိုမှား ပါသည်။(Terribly Wrong) ဟူ၍ရေးထားပါသည်။ စာရေးသူမှာ “မက်နာမာရား” ဖြစ်သည်။ သူသည် ဗီယက်နမ်စစ်ပွဲ တွင်းက အမေရိကန်ကာကွယ်ရေးဝန်ကြီးဖြစ်သည်။ သူ့အား ဗီယက်နမ်မှ အမျိုးသားသူရဲ ကောင်း “ငုယင်ဗန်ထရွိုင်း”မှ ဗီယက်နမ်စစ်၏။ တရားခံဟူ၍ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့၏။




ကိုးကားချက်

စာအုပ်အမည် - ငုယင်ဗန်ထရွိုင်း

ဘာသာပြန်သူ - ထက်မြက် (ဒုတိယအကြိမ်မြောက် ထုတ်ဝေခြင်း)

မူရင်းစာရေးသူ - Tran Dinh Van )


No comments: