📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Friday, August 21, 2020

မဟာပညာကျော်

 မဟာပညာကျော်


မဟာပညာကျော် အမတ်ကြီးသည် မြောက်ဦးခေတ် မင်းဗာကြီး (သက္ကရာဇ် ၈၉၃-၉၅၁) မှ မင်းရာဇာကြီး (သက္ကရာဇ် ၉၅၅-၉၇၄) တိုင်အောင် မင်းခြောက်ဆက်မျှ မင်းတိုင်ပင် အမတ်ကြီးအဖြစ် ထင်ရှားကျော်စော ခဲ့သူဖြစ်သည်။ ထိုအမတ်ကြီးကား အခြားတရားသူကြီးတို့ မှန်ကန်အောင် မဆုံးဖြတ်နိုင်သည့် အမှုအခင်း များကို တရားမျှတစွာ ဖော်ထုတ်နိုင်စွမ်းရှိသည်။ တိုင်းရေး ပြည်ရေး စစ်မက်ရေးမှစ၍ မင်းရေးအဖြာဖြာကို အမတ်ကြီး လျှောက်ထားချက်အတိုင်းသာ ဘုရင်မင်းမြတ်က ဆောင်ရွက်ရသည်။ အမတ်ကြီး၏ လျှောက်ထုံး များမှာ မြန်မာစာပေတွင် လွန်စွာအရေးပါသော ကျမ်းဖြစ်၍ သီးသန့်ထုတ်ဝေပြီးဖြစ်သည်။ မဟာပညာကျော် ဖြတ်ထုံးမှာ ဘားနတ် (အမျိုးသားစာကြည့်တိုက်) ပေမူတွင် အခန်း(၄၀) ပါရှိသည်။ "ဓညဝတီ အရေးတော် ပုံကျမ်း" ဟူသည်မှာလည်း အများအားဖြင့် မဟာပညာကျော်၏ လျှောက်ထုံးများကို အခြေခံ၍ ရေးသားဖော် ပြသော ကျမ်းဖြစ်သည်။ မဟာပညာကျော်၏ မွေးဖွားသက္ကရာဇ်ကို တိကျစွာမသိရသော်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သက္ကရာဇ် (၈၉၃)နှစ် မင်းဗာကြီးနန်းတက်တော်မူသောအခါ "ကောင်းထင်ကျော်စား" အမတ်အဖြစ် အမှုတော်ထမ်းရွက်နေပြီ ဖြစ်သည်။ သို့ရာတွင် ထင်ပေါ်ကျော်ကြားခြင်းကား မရှိသေးချေ။ မင်းဗာကြီး နန်းတက်ပြီးနောက် အိန္ဒိယပြည်သို့ ချီတော်မူကြံသည်။


ထိုအခါ အမတ်ကြီး လျှောက်ထားသည်များကို ကောင်းစွာစီရင်ပြီးနောက် အိန္ဒိယပြည်သို့ ချီတက်တော်မူ သည်။ သက္ကရာဇ်ကား (၈၉၄)ခု တန်ဆောင်မုန်းလဆန်း (၉)ရက်နေ့ ဖြစ်သည်။ ထိုသို့ ချီတက်ရာတွင် ဘုရင် ၏စီးတော်ဆင် "ဇီဝစိုး"  လည်းတိုက်ဆင် ခုနစ်ရာရံ၍ ပါဝင်သည်။ စီးတော်ဆင် ဇီဝစိုးသည် လမ်းခရီး၌ က ညင်သစ်တစ်ပင်ကို မာန်ဝင်၍ ထိုးလေရာ ကညင်ပင်သည် အမြစ်ကလဲကြောင်းနှင့် ဆင်ကဲတို့လျှောက် လာသည်။ မိုဃ်းစဲကျွန်း သူကြီးလှအောင်ကလည်း ငါးကျွဲတစ်ကောင် ဆက်လှာသည်။ ထိုအတိတ်နိမိတ် နှစ် ခုကို အမတ်ပညာရှိ ဝိမလ (မဟာပညာကျော်)က ရုတ်ခြည်းကောက်ကာ လျှောက်သည်မှာ...


" ကာလာဝက၊ ဂင်္ဂေယျနှင့်၊ ပဏ္ဍရခေါ်၊ ပေါက်ကျော်တမ္ဗ၊ ဝိင်္ဂလဟု၊စသည်ကျော်တိုး၊ ဆယ်ဆယ်မျိုးထက်၊ တန်ခိုးအလွန်၊ ဆဒ္ဒန်ပြောင်မြတ်၊ ပတ်ရက်ညီစွာ၊ လက္လဏါကား၊ သန္တာစွယ်ရောင်၊ အာပေါင်စွေးစွေး၊ ဖွေး ဖွေးဖြူစင်၊ ငွေသွင်အလား၊ စွယ်ဖျားအညီ၊ လက်ယာချီ၏၊ နာရီနှစ်ဖက်၊ နားရွက်နားနု၊ မစူမညွတ်၊ သရ ပတ် သို့၊ မပြတ်မစောက်၊ နောက်ရှေ့ဦးကင်း၊ မစင်းမတုံ၊ ကိုယ်လုံးကျော့ရှင်း၊ ရေဆင်းညှာတင်၊ လေးခွင်စက်ဝန်း၊ မချန်မပူ၊ ရှစ်ခူအစွန်း၊ လဝန်းသဏ္ဍါန်၊ မင်းရှေ့ခံငို၊ အသံသွန်နည်း၊ ရေကြည်းနှစ်သွယ်၊ ညာဘက်မရွေး၊ အ ပြေးအသွား၊ နဂါးဦးချီ၊ ရာသီသုံးမည်၊ ငါးတည်သုံးကျက်၊ မုန်သက်မကြူး၊ ထိပ်ဦးလည်တိုင်၊ ကြံ့ခိုင် စွမ်းသန်၊ ရဲမာန်တည်းတည်း၊ ခြေသည်းနေချက်၊ ကျောက်မျက်နီလာ၊ အမာမခြား၊ နှာမောင်းဖျားတွင်၊ ပတ္တ မြားရိပ်၊ အရောင်ဘိတ်သို့၊ အအိပ်သုံးထွေ၊ အနေလေးပါး၊ အစားသုံးချက်၊ အကွက်မသန်း၊ တောင်ကျွန်းဇမ္ဗူ၊ ဆင်ဟူ သမျှ၊ မာနအပြိုင်၊ ဦးဆိုင်မတန့်၊ ကြောက်လန့်ရှောင်ပြေး၊ မြသွေးနှာချပ်၊ ပြီးစပ်ရာဟု၊ စက္ခုတော်မြဲ၊ ပုလဲ အာနီ၊ စုံညီမယွမ်း၊ ဆင်များမင်းကား၊ နေ့ချင်းမလောက်၊ ခြောက်ဆယ်ခန့်ကွာ၊ ယူဇနာကို၊ မကြာလျင် မြန်၊ နေ့ချင်းပြန်သည်၊ ဆဒ္ဒန်ပေါက်ပြောင် ယဉ်ကျော်၊ ဆင်တော်မြတ်မျိုး၊ ဇီဝစိုးလျင်၊ အောင်မင်္ဂလာ၊ မကြာ ကွန့် မြူး၊ တပ်တော်ဦးတွင်၊ ကညင်သစ်ကြီး၊ ကျိုင်းထီးတမျှ၊ ပမာဏကို၊ ငင်ချထိုးလှဲ၊ ခြိမ့်သဲပဲ့တင်၊ ရှင်ခွင်တုန် ရိုက်၊ တိုက်စက္ကဝါ၊ နှံစွာကြောက်မင်း၊ မာန်သွင်းအလို၊ ထိုကုလားပြည်၊ မတည်ထွားညက်၊ ပျက်စည်မလွဲ၊ ငါး ကျွဲဆက်လှာ၊ ဘင်္ဂါဆယ့်နှစ်၊ ပုဆစ်ညွန့်ထုပ်၊ လက်အုပ်ရှက်မြှောက်၊ ရွှေစက်အောက်သို့၊ ပို့ရောက်လာပြီ၊ ဒီ လီပဆာ၊ ဇာတာနွမ်းညှိုး၊ ခိုကိုးမည်ချည်း၊ အလဲလှည်း၍၊ ကပ်ဆည်းဝင်းလာ၊ ရတနာတွေ၊ မိဃ်းသို့ရွေ့မျှ၊ ကြက်သရေစုံ၊ ရွေဘုံရိပ်ဖွား ၊ကုလားမင်းသွေး၊ ဆင်းငြိမ်းလေးကို၊ အရေးတော်တန်၊ ဆက်မည်မှန်သည် လျင် မြန်ပြီးစီး ဘုန်းနေမီး"... ဟူ၏။


ဘုရင်မင်းဗာကြီးလည်း ဆင်ကောင်း ဆင်မြတ်တို့၏ လက္ခဏါနှင့် အထူးနှစ်သက်ကျေနပ်၍ စစ်တကောင်း မြို့သည် ရှေးဘီတော် ဘိုးတော်လက်ထက် အမတ်ဝိမလတို့ အမျိုး စားရိုးဖြစ်သည်ဟုဆိုကာ ဝိမလအမတ် အား စစ်တကောင်းမြို့ကို မြို့စားပေးတော်မူသည်။ ဤသို့လျှင် ဝိမလသည် စစ်တကောင်းစားအမည်ဖြင့် နေ့ချင်းကျော်စောထင်ရှားခြင်းသို့ ရောက်လာခဲ့လေသည်။ ဘုရင်မင်းတရားကြီး၏ အနားတွင် အမြဲတစေ ခစားထမ်းရွက်ကာ "မဟာပညာကျော်" ဟူသော ဂုဏ်ထူးဘွဲ့ထူးဖြင့် ဘုရင့်အတိုင်ပင်တော်ခံရသည်။


သက္ကရာဇ် (၉၀၈) ခုနှစ်တွင် ဟံသာဝတီဘုရင် မင်းတရား ရွှေထီးသည် ဓညဝတီရခိုင်ဲပည်ကြီးကို လုပ်ကြံရန် ချီလာ၍ လောင်းကြက်မြို့ဟောင်းတွင် တပ်ချလာသည်။ ၎င်းနောက် မြောက်ဦးမြို့ကို တိုက်လေရာ ကြိုတင်စီစဉ်ထားသော မင်းဗာဘုရင်၏ အစီအမံကြောင့် အသေအပျောက်များလှ၍ ဆုတ်ခွာခဲ့ပြီး ယောက်ဖ တော်ကျော်ထင်နော်ရထာ အပြန်တွင် မဟာပညာကျော် အမတ်ကြီးကို ထည့်လိုက်၍ သံတမန်နည်းဖြင့် ဖြေ ရှင်းစေလေသည်။


မင်းတရား ရွှေထီးထံရောက်လျှင် ပြည့်ရှင်မင်းတို့ ထိန်းသိမ်းစောင့်ရှောက်အပ်သော တရားဓမ္မကို ပြသ လျှောက်ထားလေရာ မင်းတရားရွှေထီးလည်း လွန်စွာပင် သဘောကျ နှစ်ခြိုက်တော်မူ၍ မဟာပညာကျော် ကို ရွှေအသပြာတစ်ရာ၊ ငွေအသပြာတစ်ရာ ဆုပေးတော်မူသည်။ ၎င်းနောက် ဟံသာဝတီသို့ ပြန်တော်မူ သည်။ ဤကား သတ္တဝါများ သေကြေပျက်စီးခြင်းမှ ကာကွယ်နိုင်ခဲ့သည့် မဟာပညာကျော်၏ သံတမန်စွမ်းပ ကားပင်ဖြစ်သည်။


သက္ကရာဇ် (၉၁၅)ခုနှစ်၊ နန်းတက်သော မင်းတိက္ခာလက်ထက် သက္ကရာဇ် (၉၁၈)ခုနှစ် နန်းတက်သော မင်း စောလှလက်ထက်၊ သက္ကရာဇ် (၉၂၆)ခုနှစ် နန်းတက်သော စကြာဝတေးလက်ထက်တို့တွင်လည်း မဟာပ ညာကျော်သည် ဘုရင့်အတိုင်ပင်ခံ ဘဝနှင့်ပင် စားမြဲမပြတ် ခံစားခွင့်ရရှိခဲ့သည်။


သက္ကရာဇ် (၉၃၃)ခုနှစ် မင်းဗာကြီးသားအထွေး မင်းဖလောင်းလက်ထက်တွင် မဟာပညာကျော်သည် အထူး ကိုးစား ယုံကြည်ခြင်းကို ခ့ခဲ့ရသည်။ မဟာပညာကျော် လျှောက်ထုံးဟူသော ကျမ်းစာမှာ ဤမင်းလက်ထက် တွင် ဖြစ်ပွားခဲ့သော အရေးအခင်းပြဿနာများကို ဖြေရှင်းလင်း ပေါ်ပေါက်လာအောင် လျှောက်ထုံး၊ ဖြတ် ထုံးပင်ဖြစ်သည်။


ငွေထွေးခံ၊ ရွှေကွမ်းချပ်၊ ပတ္တမြားလက်စွပ်၊ စီးတော်ဆင် စသည်ဖြင့် ပြဿနာ တစ်ရပ်ရပ်ကို ဖြေရှင်းရတိုင်း ဘုရင်မင်းကြီးထံမှ ဆုတော်လာဘ်တော်များ ချီးမြှင့်ခံရမြဲဖြစ်သည်။


အထူးသဖြင့် မင်းနေပြည်တော် မြောက်ဦးသည် မြို့သက်ကုန်ပြီးဖြစ်သောကြောင့် ဓညဝတီမြို့ဟောင်းကို တည်တော်မူသင့်ကြောင်း ဟူးရားဖြူ၊ ဟူးရားညိုတို့က လျှောက်ထားသည်ကို မဟာပညာကျော်က မပြောင်း သင့်ကြောင်း၊ လောကီ လာကုတ္တရာ နှစ်ဖြာသောသောအကျိုးကိုရှု၍ "ရမ်းဗြဲငယ်" စားကျေးမြို့တစ်မြို့ ထပ် မံ၍ပေးမြဲအတိုင်း ချီးမြှင့်သည်။ မဟာပညာကျော်၏သား ကျီးညိုကိုလည်း ရောင်ဖြူမြို့ကိုစားစေ၍ ဆွေစပ် မျိုးဆက် ချီးမြှင့်မြှောက်စား မွေးမြူခြင်းခံရသည်။


သက္ကရာဇ် (၉၅၉) ခုနှစ်တွင် တော်ငူဘုရင် မင်းရဲကျော်ထင်က ဓညဝတီကို ကူညီတိုက်ပေးပါက ဟံသာဝတီ ကို ပေးပါမည်ဟု စစ်ကူတောင်းသဖြင့် သားတော်အိမ်ရှေ့မင်း မင်းခမောင်းနှင့်အတူ မဟာပညာကျော် ကိုယ်တိုင် ဟံသာဝတီသို့ စစ်ထွက်ခဲ့ရလေသည်။


သက္ကရာဇ် (၉၆၀)ပြည့်တွင် မင်းရာဇာကြီးသည် မဟာပညာကျော် အမတ်ကြီးနှင့်တကွ ကိုယ်တော်တိုင် ချီတက်၍ ပဲခူးအနောက်ဘက် ဟံသာဝတီ ဇိုင်းဂနိုင်းတွင် တပ်ချကာ ပခူးကိုဝိုင်းရံလေသည်။ ဟံသာဝတီ တိုင်း အောင်နိုင်ပြီးနောက် မင်းရာဇာကြီးလည်း ယိုးဒယားကို ဆက်လက်တိုက်ခိုက်ရာ ယိုးဒယားမင်း ဗျာသ မွန်ကို ဖမ်းမိ၍ ယိုးဒယားမင်းက လက်ဆောင်ဖြင့် ပြန်၍တောင်းယူစေသည်။ တောင်ငူမင်းလည်း ကတိအ တိုင်း ပဲခူးနန္ဒဘုရင်၏ သမီးတော်နှင့် ဆင်ဖြူ လက်နက်များဆက်လေသည်။


မင်းရာဇာကြီးလည်း တောင်ငူမင်းဆက်သသော လက်ဆောင်ပဏ္ဍာနှင့်တကွ သက္ကရာဇ် (၉၆၁)ခုတွင် ရခိုင် သို့ ပြန်ခဲ့ရာ လမ်းခရီးအကြား ပုသိမ်အနီး မော်တင်စွန်း အရောက်တွင် အသက်အရွယ် ကြီးရင့်ပြီးဖြစ်၍ ခရီး ပန်းကာ မဟာပညာကျော် ကွန်လွန်သည်။ မင်းရာဇာကြီးလည်း မဟာပညာကျော်အား ကောင်းမွန်စွာ သဂြိၤုဟ်၍ ဂူသင်္ချိုင်းပေါ်တွင် စေတီတည်ထားခဲ့ရာ ယခုတိုင် မော်တင်စေတီဟု ခေါ်ဝေါ်လျက်ရှိကုန်၏။


မဟာပညာကျော် ကွယ်လွန်သော် ၎င်း၏သား ကျီးညိုကို အဖနည်းတူ စစ်တကောင်းမြို့ကိုစားစေ၍ "ပညာ ဝံသ" အမည်ဖြင့် အမတ်ကြီးအရာကို ထမ်းရွက်စေသည်။ မင်းရာဇာကြီး၏သား မင်းခမောင်း( သက္ကရာဇ် ၉၇၄-၉၈၄) လက်ထက်နှင့် ၎င်း၏သား သီရိသုဓမ္မရာဇာမင်း (သက္ကရာဇ် ၉၈၄-၁၀၀၀) လက်ထက်တို့တွင် မဟာပညာကျော်၏မြေး ၊ပညာဝံသ၏သား င/လက်ရုံးသည် ပညာရှိအဖြစ်ထင်ရှား ခဲ့ပြန်သည်။ သိုက်တက် င/လက်ရုံးအဖြစ် ထင်ရှားခဲ့သည်။ သီရိသုဓမ္မရာဇာ ဘုရင်သည် ပညာရှိ င/လက်ရုံးလျှောက်ထားချက်ကို မ နာယူဘဲ ဂရုမပြုလေသောကြောင့် င/ကုသလအမတ်ကြိးနှင့် နတ်သျှင်မယ်မိဖုရားတို့၏ လောကီအတတ် ပညာဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရပေသည်။ ဤတွင် သာကီဝင်မင်းဆက်ပြတ်၍ အမတ်မျိုး မင်းဆက် သစ် ပေါ်ပေါက်ခဲ့သည်။


ဤသို့လျှင် အမတ်ကြီး မဟာပညာကျော်နှင့် သား၊ မြေးတို့သည် ပညာရျိ အမတ်မျိုးအဖြစ် ရခိုင်ရာဇာဝင်၌ ထူးချွန်စွာ အမှုထမ်းခဲ့ကြပေသည်။


နောက်ထပ်တွေ့ရှိရသော အထောက်အထားများအရ မဟာပညာကျော်သည် လျှောက်ထုံး လင်္ကာများသာ မက ရခိုင်တိုင်းရင်းသားတို့၏ ဆယ့်နှစ်လရာသီ ဧကပိုဒ်ရတုကိုလည်း ဖွဲ့ခဲ့ကြောင်း ပေမူတွင် တွေ့ရှိရပေ သည်။


မဟာပညာကျော်သည် ၎င်း၏ တစ်ဆယ့်နှစ်လ ရာသီဘွဲ့တွင် အထက်ဝဠာ၌ နေ၊ လ၊ နက္ခတ်တာရာတို့ လှည့်ပတ်နေပုံ၊ ဥတု၊ ရာသီ၊ လ၊ ရက်၊ နာရီ၊ တဝဲလည်လည်ဖြစ်နေပုံ၊ ဤရာသီကိုမှီ၍ သစ်ပင်ပန်းမာန်တို့ ဖူးပွင့်ကြပုံ၊ သက်ရှိသတ္တဝါ ကျေးငှက်တို့ ပျော်မြူးကြပုံတို့ကို ရာသီအလိုက် ဖွဲ့နွဲ့ထားပေသည်။ ရခိုင်ရိုးရာ သုတေသီတို့အဖို့ အဖိုးထိုက်တန်လှပေသည်။


တစ်ဆယ့်နှလရာသီဘွဲ့


ညွန့်လန်းမင်္ဂလာ၊ မော်ခမ်းဖြာစိမ့်၊ မဟာကပွေ၊ မီးရေလေကြောင့်၊ ဖျက်ရေတည်ထွန်း၊ လေးကွန်းမြင့်မိုရ်၊ ယုဂ္ဂါန်ထိုနှင့် ရေညိုသီတာ၊ တာရာနက္ခတ်၊ အချိန်မနှောင်း။


တန်းခူးမာသိန်၊ ဖန့်ချိန်ခြိမ်းစ၊ ကြယ်ဖုသျှတိ၊ မိဿရာသီ၊ နှစ်ယံချီသော်၊ သင့်ညီစိတ်ကြ၊ ဆိတ်မြူးကလျက်၊ တာရဆံကျင်၊ သဇင်ရေသွန်း၊ ကံ့ကော်ပန်းနှင့်၊ ထူးဆန်းရင့်ခတ်၊ သူရိန်နတ်လည်း၊ မိန်းမတ်ရိပ်သွား၊ သုံးဖ ဝါးဟု၊ ပိုင်းခြားလှည့်က၊ နေ့ညနာရီ၊ သုံးဆယ်စီတည်း။


ရာသီပြိဿ၊ ကဆုန်လဝယ်၊ မာဃနေငြိန်၊ ကျော်ရှိန်သဲသဲ၊ ညောင်ရေပွဲဟာ ပွင့်မြဲစံကား၊ နှစ်ဖဝါးတိ၊ နွား လားဥဿဖ၊ တံဌနရာ၊ သန်းခေါင်မှာတွင်၊ သိဿာခါညီ၊ ညဉ့်နာရီထိ၊ ထာဝိသာဖွယ်၊ သုံးဆယ်နှစ်ကွ့၊ နာရီ စေ့က။


မြူငွေံမှုန်မှုန်၊ လနံယုန်ဝယ်၊ မေထုံရာသီ၊ ကိန္နရီဖိုမ၊ ဇေဌသံကြိန်း၊ သူရိန်စစ၊ ဥတ္တရ ဘရရုံဏီ၊ ညဉ့်နာရီတိ၊ ဆဝိသတိ၊ ဇောတြိနေး၊ ပန်းမြတ်လေးနှင့်၊ ငွေသွေးစမ္ပယ်၊ ကြယ်ဖွေစံပေး၊ ကေးဝဋ်တာရာ၊ ဧကာဖဝါး၊ တပြန်ထားရှင့်။


ဝါဆိုကရကတ်၊ နေခြည်ပြတ်က၊ စိတ်တြနှင့်၊ ဒေဝနတ်စက်၊ ပုန်းညက်ပွဲ့မြဲ၊ ပဉ္စင်းပွဲလျင်၊ သဲသဲသိမ့်အောင်၊ သန်ခေါင်ချိန်မှန်၊ ပြပ္ပာသံနှင့်၊ ဆဒ္ဒါန်တာရာ၊ ရုပ်ဝါထူးချွန်၊ လတ်ပုဇွန်ဟု၊ ရိပ်မွန်ပဖါး၊ သုန်ညတွက်ကြုံ၊ နာရီဆုန်ရှင်၊ နေ့သုံးခေါက်ဆယ်၊ ညရောက်ဇောပီ၊ ရင့်ကျူးချီ၏။


ရာသီထိန်ဆောင်၊ ဝါခေါင်လဝယ်၊ ဖန်ရောင်ငြိမ်းလာ၊ ဝိဿခါနှင့်၊ ခတ္တာပန်းလှိုင်၊ သန်းခေါင်တိုင်က၊ မြင်း တာရာနှင့်၊ ထွန်းပသာရဝံ၊ ရုပ်မွန်ခြင်သေး၊ စာရေးတံပွဲ၊ နှစ်ဆယ့်ခြောက်ည၊ ဇရတြိ၊ နေ့ကိန်းနာရီ၊ ကံညီဖ ဝါး၊ တပြန်ထားရှင့်။


မှတ်သားမြဲသွင်း၊ တော်သလင်းဝယ်၊ နေမင်းဝင်က၊ မူလနက္ခတ်၊ ရုံးမှတ်ဒေဝ၊ နတ်မိမ္ဓတိ၊ မွေးပျရမာ၊ သန်း ခေါင်ခါကို၊ ပြုပ္ပာပရပိုက်၊ ရေနှိုက်သဘင်၊ လှေပွဲဆင်၍၊ မွန်ဖျင်ငြိမ်လစ်၊ သုံးဆယ့်နှစ်တိ၊ နေ့ဖြစ်နာရီ၊ ညဉ့် ထာဝီတိ၊ ရာသီကံမှ၊ တာရဦးပျိုင်း၊ ရိပ်တိုင်းဖဝါး၊ ဒေဟုလားရှင့်။


စည်းလျားမချွတ်၊ လဝါကျွတ်မူ၊ တူရာသီလ၊ နေ့နှင့်ညကို၊ တွက်ဆနာရီ သုံးဆယ်စီတိ၊ သုံရဝီဂေါယာ၊ လှည့် ကာကွယ်လွန်၊ သရဝန်ဟု၊ မိုးဃ်စွန်ပြောင်လျက်၊ ညဉ့်နှစ်ချက်ကို၊ ရှည်လျက်ထွန်းပ၊ ကှိတကနှင့်၊ အဿဝနီ၊ တရီဖဝါး၊ ငါးပါးကြာပန်း၊ ထူးဆန်းချိန်ခွင်၊ နတ်လျင်ကိုင်ဟန်၊ သဏ္ဍာန်ရုပ်ကျော့၊ ကံတော့ပွဲကြီး၊ ဆီမီးမြင့် မိုရ်ရောင်၊ တိုင်းလုံးပြောင်မျှ။


တန်ဆောင်မုန်းချီ၊ ရာသီပြိစ္ဆ၊ ဇရဖဝါး၊ ပျော်ပါးမြူးကွန်၊ ကင်းပုဇွန်ဟု၊ ပွဲမွန်ကထိန်၊ မာရဇိန်ကို၊ ကောင်း ငြိမ်းလှူဒါန်း၊ ခဝဲပန်းဟု၊ ညဉ့်သန်းယံမှာ ကြတ္ထတ၊ ငြိမ်းစနေခြည်၊ တည်သည်နက္ခတ်၊ သတ္တဗီသျှ၊ ချင်းမြညဉ့် ရီ၊ ပါတီတြိ၊ ထာဝီမှန်သော်၊ နေ့ကိန်းခေါ်၏။


နတ်တော်မှန်လှ၊ ဟင်းသတာရာ၊ မဟာပိန်းနဲ၊ ဆွဲရထားငင်၊ ကမုံးအင်နှင့်၊ သဇင်ပျံ့သင်း၊ မန္ဓာန်မင်းတိုင်၊ ပျော်ခင်းအန၊ နတ်နန်းလှ၏၊ ပဉ္စငါးခု၊ ဖဝါးစု၍၊ ဓနူရာသီ၊ သန်ခေါင်ရီက၊ မိက္ကသီမည်၊ ရောင်ခြည်ရဝိန်၊ ဖန် ရှိန်ကါယ်က၊ ဥက္ကရာပရပိုက်၊ မွန်းဆိုက်တည့်တုန်း၊ ဆယ့်သုံးနှစ်လီ၊ နေ့နာရီကို၊ ညပြီတွက်ရေး၊ သုံးဆယ့် လေးတိ။


စဉ့်ရှေးပြောဆို၊ လပြည်သိုဝယ်၊ ခွာညိုနွယ်ပန်း၊ မကန်းရုပ်လှ၊ မကာရတိ၊ ဖုသျှသန်ခေါင်၊ နေရောင် ပျောက် ပြီ၊ ဘရနီဟု၊ နာရီထွက်ဖွဲ့၊ သုံးဆယ့်ခြောက်ည၊ ဇံရနွေးနေ့၊ ဘဝါနေ့ ပျောက်ပြန်၊ ပုဇွန်တာရာ၊ ရောင် မြလျှံ လင်း၊ နေလျှံကင်းက၊ မြင်းခင်းသဘင်၊ စီရင်ခန့်မြဲ။


တပို့တွဲဝယ်၊ ပေါက်လေဆူးပန်း၊ ညဉ့်သန်းချိန်က၊ ကြယ်မာဃနှင့်၊ တာရချိန်စင်း၊ နေမင်းဝင်ရီ၊ ရောဟနီတိ၊ နာရီတိဝ၊ ဆနွေးချမှ၊ ဇရကြိန်း၊ နေ့ကိန်းနာရီ၊ ကုံရာသီဟု၊ လှူကောင်းမှုဖြင့်၊ ရာကုမီးဖုံး၊ တိုင်းလုံးလျှံဖြိုး၊ ကြာသွတ်အိုးနှင့်၊ ကြာမျိုးစိုက်ထ၊ ပဉ္စဖဝါး၊ ယူသွားဆောင်းယောင်း၊ လတပေါင်းဝယ်၊ ချိန်မောင်းရိုက်ချီး၊ နစ် ယံတီးက၊ ချိန်တုလနှင့်၊ ဥတ္တရ တရဘူနိ၊ ညနာရီဟု၊ နာရီတွက်စစ်၊ နှစ်ဆယ့်ရှစ်ကို၊ နေ့ဖြစ်မှန်လှ၊ ဒွေးတိ ညတိ၊ ဇရာဘဝါး၊ ရုပ်ထားမလွှတ်၊ ငါးခြင်းပွတ်ဟု၊ ပွင့်ဝတ်သရဖီ၊ အညီအင်းကြင်း၊ နေလျှံလင်းက ၊ကဿဒ တိ၊ များလှအညီ၊ သဲစေတီကို၊ မြောက်ချီရွှင်ပျ၊ လှူဒါန်းကြရှင့်။


စာကိုး-*တက်ထွန်းနီ(မြောက်ဦး) "ရက္ခိုင်ရာသီလိုက် နက္ခတ်"၊ ရခိုင်တွဲ-၄၊စာ-၁၀၉။


ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ)


ရခိုင်စာဆိုတော်များ စာအုပ်မှ ကူးယူဖော်ပြသည်

http://kyawkk.blogspot.com/2015/04/blog-post.html?m=1


No comments: