📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Wednesday, August 19, 2020

လေထီးဗိုလ်အုန်းမောင် (ရဲဘော်ဖိုးသံချောင်း)

လေထီးဗိုလ်အုန်းမောင် (ရဲဘော်ဖိုးသံချောင်း) 

ဦးလေး ဗိုလ်အုန်းမောင်ကို ကျနော် ၉-၁၀ နှစ်သားအရွယ်တုန်းက ရန်ကုန်ထောင်ကြီးထဲမှာ ပတမဆုံး အကြိမ်အဖြစ် တွေ့ဖူးခဲ့တာဖြစ်ကြောင်း ကျနော် ရေးပြခဲ့ဖူးပါတယ်။ ကျနော့်အဖေ ထောင်ကျနေစဉ်တုန်းက ကျနော်အဖေ့ကို သွားတွေ့တော့ ထောင်ပိုင်တို့က ကျနော့်ကို မနက်ကနေ ညနေအထိ ထောင်ထဲရှိ အဖေနေတဲ့ (၅) တိုက်အထဲအထိ သွားလည်ခွင့်၊ အဖေနဲ့အတူ နေခွင့်ပေးတာပါ ။ (အခုခေတ်လူများအဖို့တော့ မယုံချင် ပုံပြင်လို ဖြစ်နေကြမယ်ထင်ပါတယ်)။ ထုံးစံအတိုင်း ထောင်ထဲမှာက သူရဲကောင်းတွေ၊ နာမည်ကြီး နိုင်ငံရေးသမားတွေ၊ စာပေသမားတွေ စုစည်းလေ့ရှိတာမို့ ကျနော့်ကို အဲဒီအထဲမှာ ကျနော့်ကို အဖော်လုပ်တဲ့၊ အသက်အတော်ငယ်တဲ့ ဗကပ က ကိုဖုန်းက “အဲဒါ ဗိုလ်အုန်းမောင်ပဲ” လို့ လက်ညှိုးထိုးပြပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် ကိုဖုန်းဟာ အရင်က အစိုးရရေတပ်က အရာရှိငယ် တယောက်ပါ။ တိုက်ရေယာဉ်တစင်းကိုမောင်းပြီး တွံတွေးဘက်ကို တောခိုခဲ့သူဖြစ်ပါတယ်။ (သူ့လိုပဲ ဗိုလ်ဉာဏ်မောင်ကလည်း မိတ္ထီလာ လေတပ်စခန်းကနေ လေယာဉ်ပျံတစီးနဲ့ တောခိုဖူးပါတယ်)။ သူပြရာကို လှမ်းကြည့်လိုက်တော့ အသက် ၄၀ လောက် ပိန်ပိန်လူတယောက် တုတ်ကောက်တချောင်းနဲ့ ထော့နင်း-ထော့နင်း လျှောက်လာနေတာကို တွေ့ရပါတယ်။ သူ့ခေါင်းပုံက အလယ်မှာမောက်နေပြီး ဆံပင်ကတော့ ကတုံးဆံတောက်ပါပဲ။ အသက်အရွယ်နဲ့ ဒဏ်အမျိုးမျိုးကြောင့် ဦးလေးဗိုလ်အုန်းမောင်ရဲ့ရုပ်ဟာ ပါးချောင်ကျ၊ မျက်တွင်းဟောက်နေတာပဲ တွေ့ရလေ့ရှိပါတယ်။ ပေါ်လွင်လှတဲ့နှာတံကို ထောက်ထားတဲ့ သူ့ရဲ့ပါးရိုးတွေဟာ ကြံ့ခိုင်လှပြီး နောင်မှာ ဖိနှိပ်သူ အာဏာပိုင်တွေနဲ့ ရင်ဆိုင်တိုင်း အဲဒီပါးရိုးကြီးတွေ တင်းနေတာဟာ ကျနော်တို့လို နောက်လိုက်တွေကို သိပ်အားတက်စေပါတယ်။ တကယ်တော့ သူ့ကို လူကိုယ်တိုင်မတွေ့ရမီကတည်းက ကျနော်ဟာ သူ့အကြောင်းကို အဖေနဲ့ တခြား ပုဒ်မ (၅) အကျဉ်းသားတွေဆီက ကြားထားပါပြီ။ လေထီးဆင်းတဲ့ကိစ္စအပြင် ဖမ်းမိတဲ့အခါမှာ အစိုးရက ဘယ်လိုနှိပ်စက်တယ်ဆိုတဲ့ အကြောင်းတွေရောပါ။ ကလေးတယောက်ရဲ့ မျက်စိထဲမှာ ဧရာမ သူရဲကောင်းကြီးတဦးဖြစ်နေတာကို နားလည်နိုင်ကြမယ် ထင်ပါတယ်။ အဲဒီနောက် ၁၄ နှစ်လောက်ကြာတော့ ဦးလေး ဦးအုန်းမောင်ကို ဘဝတူအဖြစ် ပြန်တွေ့ရပါတယ်။ ကိုကိုးကျွန်းပေါ်မှာပါ။ ကျနော်တို့အားလုံးကို တင်ခေါ်သွားတဲ့ ပြည်တော်အေး သင်္ဘောပေါ်ကဆင်းလို့ ကိုကိုးကျွန်းမြေကိုနင်းပြီး မီတာ ၅၀ လောက် လျှောက်ပြီးတဲ့နောက်မှာ ကျနော်တို့အားလုံးကို သဲသောင်ပြင်ပေါ်မှာ အထိုင်ခိုင်းပါတယ်။ ပြီးတော့ အကျဉ်းဌာန အထူးအရာရှိ ဗိုလ်ထွန်းရင်လောက မိန့်ခွန်းချွေပါတယ်။ ထောင်ထဲရောက်ရင် ဘယ်သူ ဘယ်နေရာရောက်လို့ ဘယ်လို ကန့်သတ်ထားမယ်ဆိုတာ ဘယ်သူမှပြောနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် အခုလို အားလုံးစုပြုံနေရတုန်းမှာ မြင်နိုင်သူအားလုံးကို ကြည့်ရပါတယ်။ နောက်ပြီး နေရာအသစ်တခုကိုရောက်ရင် ကိုယ့်ပတ်ဝန်းကျင်ကို အရင်ဆုံး အကဲခတ် စနည်းနာတာဟာ နိုင်ငံရေးအကျဉ်းသမားများရဲ့ အကျင့်တခုပဲ မဟုတ်ပါလား။ ဒီလိုနဲ့ ကျနော်တို့လည်း ပူလှတဲ့ သောင်ပြင်ပေါ်မှာထိုင်ပြီး စိတ်ပျက်စရာ၊ ရွံမုန်းစရာမိန့်ခွန်းကို စိတ်မပါ့တပါ နားထောင်ရင် တခြားလူတွေကို လှည့်ပတ်ကြည့်ကြပါတယ်။ ကျနော့်အထင်တော့ ဦးလေးဗိုလ်အုန်းမောင် ရုပ်ဘာမှပြောင်းမသွားဘူးပဲ။ အဲဒီနောက် အကျဉ်းစခန်းထဲရောက်တော့ ဆက်တိုက်ဆိုသလိုပဲ တခြား အင်းစိန်ထောင်ကပါလာတဲ့ ဘဝတူတွေဆီကနေ သူ့အကြောင်းတွေကို ဆက်ကြားရပါတယ်။ အင်းစိန်ထောင်တွင်းမှာ စစ်ဆင်ရေးစီမံကိန်းဆွဲပြီး ဖိနှိပ်ရာမှာ ဦလေးဗိုလ်အုန်းမောင်ကို ဝိုင်းရိုက်ကြလို့ နံရိုး သုံးချောင်းတောင် ကျိုးခဲ့သတဲ့။ ဒါကြောင့် သူ့ကျန်းမာရေးဟာ အတော်ကို မကောင်းဘူးတဲ့။ တီဘီရောဂါလည်း ရှိနေသတဲ့။ အဲဒီအချိန်မှာ သူ့အသက်က ငါးဆယ်လောက် ရှိနေပါပြီ။ ကိုကိုးကျွန်းပေါ်ကိုရောက်ပြီး နောက်တနေ့မှာ ပင်လယ်ထဲ ရေချိုးဆင်းခွင့်ရလို့ ရေချိုးဆင်းကြတဲ့အခါမှာ တွေ့ရတဲ့ ဦးလေးဗိုလ်အုန်းမောင်ရဲ့ပုံဟာ တကယ့်ကို ကမ္မဌာန်းရုပ်ပါ။ ထူးတာက ဒီကမ္မဌာန်းရုပ်ရဲ့နံဘေးမှာ ခွဲစိပ်ချုပ်ရိုးကြောင်းတွေ ပါနေတာပါပဲ။ ဒါပေမယ့် သူဟာ ကိုကိုးကျွန်းပေါ်က တိုက်ပွဲတွေကို မားမားမတ်မတ် ခေါင်းဆောင်နိုင်ခဲ့ပါတယ်။ နံရိုးကျိုးပေမယ့် နှလုံးက ခိုင်ကျည်ပါတယ်။ တုတ်ကောက်တချောင်းနဲ့ ထော့နင်း ထော့နင်းပဲ သဲသောင်ပြင်ပေါ် လျှောက်၊ ထောင်အာဏာပိုင်တွေကို တဖဝါးမဆုတ် ရင်ဆိုင်ခဲ့ပါတယ်။ ကျနော်တို့အားလုံးကိုယ်စား ထောင်အာဏာပိုင်တွေနဲ့ ရင်ဆိုင်ရာတဲ့အခါမှာ တုတ်ကောက်ကိုယ်စီနဲ့ ရပ်ပြီး ပြတ်ပြတ်သားသားပြောဆိုနေတဲ့ ဦးလေးဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့ နှစ်ဦးကို မြင်ရတာဟာ အင်မတန်မှ ကြက်သရေလည်းရှိ၊ အားလည်းတက်စရာလည်း ကောင်းလှပါတယ်။ ကိုကိုးကျွန်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ နီးစပ်သူတွေ၊ အလံနီနဲ့ နီးစပ်သူတွေနဲ့ မလညပ ခေါ် အရင် ပမညတ-ပြည်သူ့ရဲဘော်နဲ့ နီးစပ်သူတွေဆိုပြီး အဓိက အစုကြီးသုံးစုရှိခဲ့တာကို အများသိကြပါတယ်။ အဲဒီထဲမှာ ဗကပနဲ့ နီးစပ်သူတွေအစုဟာ အများဆုံးပါ။ ဒါပေမယ့် ဒီထဲမှာ ဗမာပြည်နေရာအရပ်ရပ်က လာတဲ့သူတွေ ပါဝင်ပါတယ်။ မန္တလေး၊ မြင်းခြံ၊ ပျဉ်းမနား စတဲ့ အထက်ဗမာပြည်ကလာတဲ့ လူတွေ၊ တောင်တွင်းကြီး၊ သရက် စတဲ့ ဗမာပြည်အလယ်ပိုင်းက လာတဲ့လူတွေ၊ ရန်ကုန်က လူတွေ၊ မြစ်ဝကျွန်းပေါ်က လူတွေ၊ ရခိုင်ပြည်နယ်က လူတွေ စသဖြင့် အနယ်နယ်အရပ်ရပ်ကပါ။ နောက်ပြီး နောက်ခံကိုပြောရရင်လည်း ကျောင်းသားအနွှယ်၊ အလုပ်သမားအနွှယ်၊ အမှုထမ်းအနွှယ်၊ လယ်သမားအနွှယ်၊ လက်နက်ကိုင်တော်လှန်ရေးထဲက လာတဲ့သူ တကယ့်ကို စုံမှစုံဖြစ်ပါတယ်။ တယောက်ကိုတယောက် မမြင်ဖူး၊ တယောက်နာမည်တယောက် မကြားဖူးတဲ့ လူတွေအများကြီး ဖြစ်ပါတယ်။ အဖမ်းခံကြရတာကလည်း ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြီးနောက် အဖမ်းခံရတာကနေ ၁၉၆၇ ခုနှစ် တရုတ်-ဗမာ အရေးအခင်းနောက် အဖမ်းခံရတဲ့သူအထိ အချိန်တွေကွာခြားနေပါတယ်။ ဒီအထဲမှာ အသက်အကြီးဆုံးက ၆၀ တန်း ဖြစ်တဲ့ မြစ်ဝကျွန်းပေါ်က အဘကြင်နဲ့ အမရပူရက ဦးခင်မောင်၊ အငယ်ဆုံးက ၁၈ နှစ်သား ရန်ကုန်၊ သာကေတက ကိုလှဌေး (အဖမ်းခံရတုန်းက အသက် ၁၄ နှစ် လောက်ရှိသေးတာပါ) တို့ ပါဝင်ပါတယ်။ ဒါကြောင့် အဲဒီလူတွေကို စုစည်းမိဖို့ လုပ်ရတဲ့အလုပ်ဟာ တကယ်ပဲ မလွယ်လှဘူး။ ဒီလိုအခါမှာ အားလုံးဟာ ဒီအဖိုးကြီးနှစ်ယောက်ကို ပုံအပ်ပြီး ဒီအလံအောက်မှာ စုဝေးခဲ့ကြပါတယ်။ အဲဒီလို ပုံအပ်ခဲ့ကြတဲ့အတွက် မှားတယ်လို့ ကျွန်းပေါ်မှာ၊ ထောင်ထဲမှာ၊ ထောင်ပြင်မှာ ဘယ်သူကမှ မခံစားခဲ့၊ မယူဆခဲ့ကြပါဘူး။ သူတို့များမရှိခဲ့ရင်ဆိုတဲ့ အတွေးမျိုးသာပေါ်တာ တွေ့ရပါတယ်။ ကိုကိုးကျွန်းပေါ်မှာ သူတို့နှစ်ဦးရဲ့ ဂုဏ်သိက္ခာကို တခြားဘယ်သူမှ မယှဉ်နိုင်ဘူးလို့ပြောရင် မလွန်ဘူးထင်ပါတယ်။ ဒါကို တခြားအဖွဲ့အစည်းတွေကလည်း အသိအမှတ်ပြုကြတဲ့သဘော ရှိပါတယ်။ သခင်ဘဝကတည်းက နိုင်ငံရေးလုပ်လာတဲ့၊ ဂျပန်တော်လှန်ရေးမှာ နာမည်ကျော်ခဲ့တဲ့၊ လက်နက်ကိုင်တော်လှန်ရေး လုပ်လာတဲ့၊ နှစ်ကျွန်းပြန် (နောက်တော့ သုံးကျွန်းပြန်) ဦးလေး ဗိုလ်အုန်းမောင်လိုလူကို နိုင်ငံရေးဝါမှာ ယှဉ်နိုင်သူမရှိပါဘူး။ ဒါပေမယ့် အဖွဲ့အစည်းတခုနဲ့ တခုမှာ အားလုံး တန်းတူ၊ အပြန်အလှန်လေးစားစွာ ဆက်ဆံကြပါတယ်။ တခြားအဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ တသီးပုဂ္ဂလတွေကလည်း ကိစ္စရှိရင် သူတို့ဆီကိုလာပြီး လေးလေးစားစား တိုင်ပင်ကြပါတယ်။ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးနဲ့ တဆက်တည်း ပဲခူးရိုးမမှာလည်း “ယဉ်ကျေးမှုတော်လှန်ရေး” ဖြစ်တော့ ကိုကိုးကျွန်းက ဗကပအနွှယ်တွေထဲကိုလည်း ဂယက်တွေရိုက်ခဲ့ပါတယ်။ အဲဒီလိုအခါမျိုးမှာ ဦးလေး ဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့သာ တည်တည်ငြိမ်ငြိမ် မခေါင်းဆောင်နိုင်ခဲ့ရင် ကိုကိုးကျွန်းသမိုင်းဟာ တမျိုးပြောင်းသွားနိုင်တယ် ထင်ပါတယ်။ သူတို့ဆီကို ရဲဘော်တွေက အယူအဆအမျိုးမျိုးတွေ သွားပြီးတင်ပြနေကြတာပါ။ အရမ်းတက်ကြွနေကြတော့ အပြောအဆို အသုံးအနှုန်း ပြင်းထန်တာတွေလည်း ပါပါတယ်။ တိုက်ပွဲတခုဖော်တယ်ဆိုရင် ရဲဘော်တွေက ‘ကျနော့်လည်း တိုက်ပွဲထဲပါခွင့်ပေးပါ’ ဆိုပြီး သွားနားပူနားဆာလုပ်တာမျိုးလည်း အမြဲလိုလို ရှိတတ်ပါတယ်။ အဲဒါမျိုးတွေကို ခေါင်းအေးအေး၊ စိတ်ရှည်ရှည်နဲ့ ကာလရှည်ကြာစွာ ပြန်ဆွေးနွေးရတယ်ဆိုတာ အဲဒီတုန်းက ကျနော့် အရည်အချင်းမျိုးနဲ့တော့ မဖြစ်နိုင်တာ အမှန်ပါပဲ။ နောက်အရေးကြီးတဲ့ ထောက်ပြစရာအချက်တခုက ကိုကိုးကျွန်းအကျဉ်းစခန်းမှာ ကျနော်တို့ ကျွန်းဖျက်သိမ်းရေး အစာငတ်ခံတဲ့ ပုံစံဖြစ်ပါတယ်။ ကိုကိုးကျွန်းအကျဉ်းစခန်းရဲ့ ထူးခြားချက်အရလို့ ပြောနိုင်ပါတယ်။ အဲဒါက တိုက်ပွဲ တိုက်တယ်ဆိုရင် အစာငတ်ခံသူတွေဟာ ထောင်အာဏာပိုင်တွေကို အစာငတ်ခံပြတာပဲ လုပ်ပါတယ်။ သူတို့ကိုယ်တိုင် အာဏာပိုင်တွေနဲ့ စကားပြောတာ၊ ဖြေရှင်းတာ လုံးဝမလုပ်တော့ဘဲ ပြင်ပမှာရှိတဲ့၊ တိုက်ပွဲဆောင်ပြင်ပမှာရှိတဲ့ ခေါင်းဆောင် ရဲဘော်တွေလက်ထဲ ဆုံးဖြတ်ခွင့်တွေ၊ နောက်ပြီး ကိုယ့်အသက်တွေကို လုံးဝ အပ်နှံထားလိုက်တာ ဖြစ်ပါတယ်။ အဲဒီတုန်းက တိုက်ပွဲဝင်ရဲဘော်များအနေနဲ့ ဦးလေး ဗိုလ်အုန်းမောင်နဲ့ ဆရာ ရာဂျန်တို့လက်ထဲကို ဒီလို အခွင့်အာဏာတွေနဲ့ ကိုယ့်အသက်တွေ အပ်နှင်းခဲ့တာကိုထောက်ရင် ဒါဟာ သူတို့အပေါ် နည်းနည်းနောနော ယုံကြည်မှု မဟုတ်ပါဘူး။ ကျနော့်တဦးချင်းအနေနဲ့ကတော့ အဲဒီတုန်းက၊ အဲဒီလို သူတို့နှစ်ဦးရဲ့ခေါင်းဆောင်မှု ခံယူခဲ့ရတဲ့အတွက် အသိပညာတွေ၊ သတ္တိတွေတိုးတဲ့အပြင် လမ်းမှန်ပေါ်လည်း လျှောက်နိုင်ခဲ့တာမို့ သူတို့ကို ကျေးဇူးတင်ရုံမက သူတို့နောက်က လျှောက်ခဲ့ရတဲ့အတွက် ဂုဏ်လည်းယူနေမိတာ အမှန်ပါပဲ။ ပုံတူကောက်ကြောင်း ပန်းချီ - မင်းကျော်ခိုင် အရေးတော်ပုံ ဂျာနယ် အတွဲ ၁၊ အမှတ် ၃ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

No comments: