ပုဏ္ဏားတော်
တစ်ညနေခင်းမှာ မန္တလေးမြို့က လက်ဖက်ရည်ဆိုင်တစ်ခုမှာ ထိုင်နေတုန်း သူ့ကိုသတိထားမိတယ်။ အပြုံးချိုချို၊ စကားခပ်ဝဲ၀ဲ၊ မြန်မာလွယ်အိတ်ကလေးလွယ်ထားတဲ့ သူ့အသွင်က ပုဏ္ဏားတော်တစ်ယောက်ရဲ့ လက္ခဏာတွေ အတိုင်းပါပဲ၊ မြင်ရုံနဲ့ သတိထားမိစေခဲ့တယ်။ ဆိုင်အတွင်းက စားသုံးသူတွေကို လိုက်လံမိတ်ဆက်နေတဲ့သူ့ကို တချို့ကလည်း ငြင်းဆန်ကြတယ်။ တချို့ကလည်း လက်ခံကြတယ်။ ဘယ်လိုပဲ တုန့်ပြန်မှုတွေရှိပါစေ၊ သူကတော့ သူ့အလုပ်ကို သူဆက်လုပ်တယ်။
သူ့ရဲ့လုပ်ငန်းခွင်ကို ငေးမောကြည့်နေရင်း သူ့အကြောင်းကို ကျွန်တော်စိတ်ဝင်စားမိတယ်။ ဒါကြောင့် သူ့ကို လိပ်စာမေးပြီး သူ့ဘဝအကြောင်းကိုမေးဖို့ တစ်ညနေမှာ သူ့အိမ်ကို ကျွန်တော်ရောက်သွားတယ်။
“ ပြောရရင် အမျိုးသမီးဆုံးပါးပြီးနောက်ပိုင်း ဒုက္ခသုက္ခတွေ ရှိခဲ့တာပေါ့ဗျာ။ တချိန်က ရန်ကုန်မှာ တော်တော်လေးအလုပ်ကောင်းခဲ့တယ်။ အဆင်ပြေတယ်။ အမျိုးသမီးဆုံးပြီးနောက်ပိုင်းမှာတော့ ဒီပြန်လာပြီး မိတ်ပြန်ယူနေရတာပေါ့လေ” လို့ ပုဏ္ဏားတော် ဦးစိန်ထွန်းကပြောတယ်။
ကျွန်တော်ရောက်တဲ့အချိန်မှာ သူက သားတစ်ယောက်ကို ကျောင်းကြိုပြီးပြန်လာကာစ၊ သမီးဖြစ်သူကိုတော့ ခဏနေမှ သွားကြိုရဦးမယ်လို့ ဆိုတယ်။ မမှားသော ရှေ့နေ၊ မသေသော ဆေးသမား ဆိုတဲ့စကားလိုပဲ (၇)ရက်သားသမီးတွေကို အဆင်ပြေအောင်ကူညီတွက်ချက်ပေးနေတဲ့ ပုဏ္ဏားတော်တစ်ယောက်မှာလည်း အခက်အခဲတွေရှိပါလားလို့ ကျွန်တော်တွေးမိတယ်။
သူ့မှာ သားသမီး ငါးဦးရှိတယ်။အကြီးဆုံးသားက (၁၀)တန်းအောင်လို့ အလုပ်လုပ်နေပြီး အငယ်ဆုံးကလေးကတော့ အခုမှ (၄) တန်းကျောင်းသားအရွယ်။ သည်တော့သားသမီးတွေကိုပြုစုစောင့်ရှောက်ရင်း၊ အိမ်အလုပ်တွေကို လုပ်ရင်း ဗေဒင်လိုက်ဟောရင်း မိတ်တွေပြန်ရှာနေရတယ်လို့ သူ့ကပြောတယ်။
ဟိန္ဒူဘုရားပုံတွေနဲ့ ပြည့်နှက်နေတဲ့ အိမ်ရှေ့ခန်းလေးမှာထိုင်ရင်း သူ့ဘဝအကြောင်းကို မေးဖြစ်ခဲ့တယ်။ မကြာသေးခင်ကမှ ကျောင်းစာမေးပွဲဖြေပြီး ပြန်ရောက်လာတဲ့ (၄) တန်းကျောင်းသားကလေးကတော့ ကျွန်တော်တို့အနားလာထိုင်နေလိုက်၊ အတန်းဆုံးစာမေးပွဲပြီးလို့ ပျော်ရွှင်နေတဲ့ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ အိပ်ရှေ့မှာထွက်ဆော့လိုက်နဲ့ လူးလာခေါက်တုန့် ဖြစ်နေတယ်။
“ အဖိုးကလည်းဗေဒင်ဆရာပဲ၊ အဖေကလည်း ဗေဒင်သာမဟောခဲ့တာ။ မျိုးရိုးကိုက ဗေဒင်ပညာရှိ၊ ပုဏ္ဏားမျိုးရိုးတွေဖြစ်ခဲ့တာ” လို့ အစချီရင်း သူ့ဘဝအကြောင်းကို ဦးစိန်ထွန်းကပြောပြတယ်။
သူ့ကို မန္တလေးမြို့၊ ပုဏ္ဏားကုန်းမှာ မွေးခဲ့တယ်။ မျိုးရိုးစဉ်ဆက်က ပုဏ္ဏားတော်တွေမို့ မွေးချင်း(၅) ယောက်မှာ(၄) ယောက်က ဗေဒင်ဆရာတွေဖြစ်လာတယ်။ ဖခင်ဖြစ်သူကတော့ ဗေဒင်ပညာထက် အီလက်ထရောနစ်ပညာဘက်ကို ပိုစိတ်ဝင်စားပြီး အဲဒီခေတ်ကဖွင့်ခဲ့တဲ့ ရေဒီယို၊ ကတ်ဆက်ပြင်ဆိုင်လေးကလည်း အတော့်ကို အလုပ်ဖြစ်ခဲ့တယ်။
သူကလည်း ငယ်ငယ်ကတည်းက ဗေဒင်ပညာရှင်တွေကြားမှာနေလာခဲ့ရသူမို့ ဗေဒင်ပညာရပ်နဲ့ စိမ်းသူတစ်ယောက်တော့ မဟုတ်ခဲ့။ ရှစ်တန်းအထိ ပညာသင်ယူပြီးတဲ့အခါ ပုဏ္ဏားကုန်းက ဘကြီးတော်စပ်သူ ဘာသာရေးပညာရှိ အခါတော်ပေးဆရာကြီး ဦးပါဒ ဆီမှာ ဘာသာရေးစာပေနဲ့အတူ ဇာတာတွက်နည်း၊ ဟောနည်း၊ပြောနည်း စတဲ့ ဗေဒင်ပညာကို စနစ်တကျသင်ယူခဲ့တယ်။
“ ငယ်ငယ်ကတော့ ဘာသာရေးစာတွေသင်ရင်းနောက်ပိုင်း ကိုယ်ဝါသနာပါရင်ပါသလို သင်ကြတာပေါ့။ ဗေဒင်ပညာကို ဆက်သင်ရင်လည်းရတယ်၊ မသင်ရင်လည်းရတယ်။ ကျွန်တော်ကတော့ ဗေဒင်ပညာကို စိတ်ဝင်စားတယ်။ (၁၅)နှစ်လောက်မှာ ဒီအလုပ်ကိုလုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး ဆက်သင်ခဲ့တာ” လို့ သူက ဗေဒင်ပညာကိုသင်ယူဖြစ်ခဲ့ပုံကို ပြောပြတယ်။
မန္တလေးမြို့၊ပုဏ္ဏားကုန်းတစ်ဝိုက်မှာတော့ ဆရာကြီးဦးပါဒဟာ နာမည်ကျော်တစ်ဦးဖြစ်ခဲ့ပြီး ဗေဒင်ဆရာအတော်များများဟာ သူ့ဆီမှာ တပည့်ခံခဲ့ဖူးကြတယ်။
သူက ဗေဒင်ဟောတဲ့အခါ နေရာတစ်ခုမှာ အတည်တကျနေထိုင်ပြီးဟောခဲ့တာရှိသလို ပုဏ္ဏားတွေရဲ့ထုံးစံအတိုင်း ပိတ်ဖြူဝတ်၊ ထီးဖြူဆောင်းပြီး နယ်တကာလှည့်ရင်းလည်း ဗေဒင်ဟောခဲ့တယ်။ တစ်ခါတလေမှာ တစ်ယောက်တည်း၊ တစ်ခါတလေမှာလည်း ပုဏ္ဏားတွေအချင်းချင်းစုပြီးနယ်လှည့်ကြတယ်။ အဖွဲ့လိုက် လားရှိုး၊ မူဆယ်၊ တောင်ကြီး၊ ကျောက်မဲ စတဲ့အရပ်ဒေသတွေကို ခြေဆန့်ခဲ့ကြတယ်။
“ပထမဆုံးဟောတာက ကျွန်တော့်အသက် (၂၀) လောက်မှာ စဟောတယ်။ ဘုရားကြီးတောင်ဘက်မုခ်မှာ ဟောခဲ့တာ။ အဲဒီကနေ နယ်လှည့်ခဲ့တာပေါ့ဗျာ။ အသက် (၃၀) နောက်ပိုင်းမှာ နယ်လှည့်တယ်။ အခုမှ မန္တလေးပြန်ရောက်တာ (၇) နှစ်ပဲရှိသေးတာ။ ကျန်တာတွေက နယ်လှည့်ခဲ့တာတွေချည်းပဲ ” လို့ သူက ဆိုတယ်။
ပုဏ္ဏားတစ်ယောက် လိုက်နာရမယ့် စည်းကမ်းတွေအကြောင်းမေးကြည့်တော့ ခြေလေးချောင်းသားရှောင်တာ၊ သက်သတ်လွတ်စားတာ၊ ဘုရားကျောင်းသွားတဲ့အခါ၊ ဗေဒင်ဟောတဲ့အခါမျိုးတွေမှာ အဝတ်ဖြူဝတ်ရတာတွေနဲ့ ငယ်စဉ်မှာ စလွယ်တင်ရတဲ့အကြောင်းတွေကို ဦးစိန်ထွန်းက ရှင်းပြတယ်။
“ ရှေးတုန်းကဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြရတာ၊ အခုတော့ အဲလိုမရှိတော့ပါဘူး။ ယူရင်လည်း ဘာသာချင်းတူ၊ လူမျိုးချင်းတူတဲ့သူမျိုးပဲ ယူရတာ” လို့ သူကပြောပြတယ်။
၂၀၀၀ ပြည့်နှစ်လောက်ကစပြီး ရန်ကုန်မှာ သူ ခြေချတယ်။ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းထဲက ဟိန္ဒူဘုရားကျောင်းမှာ တည်းခိုရင်း မန္တလေးနဲ့ရန်ကုန်အသွားအပြန်လုပ်ပြီး ဗေဒင်ပညာနဲ့အသက်မွေးခဲ့တယ်။ အဲဒီကာလတွေမှာ အထူးသဖြင့် စီးပွားရေးနဲ့ အလုပ်အကိုင်ရေးရာဟောကိန်းတွေနဲ့ ပတ်သက်ပြီး သူအတော်နာမည်ရခဲ့တယ်။ လမ်းမတော်၊ လသာ၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာဈေး တစ်ဝိုက်မှာ သူ့ရဲ့ အဓိက မိတ်ဆွေတွေရှိခဲ့တယ်လို့ ဆိုတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သူက “ တချိန်က ရန်ကုန်မှာ နာမည်တော်တော်ရပြီး အဆင်ပြေတယ်။ ဗေဒင်ပညာနဲ့ပတ်သက်ပြီး အဆင်ပြေသွားကြလို့ ကန်တော့တာ၊ ပစ္စည်းတွေပေးတာမျိုး ရန်ကုန်မှာကြုံရတယ်။ ပြောရရင် ရန်ကုန်မှာ အအောင်မြင်ဆုံးပဲ။ သင်္ဘောသားတွေ၊ ကုမ္ပဏီပိုင်ရှင်တွေနဲ့ မိတ်လည်းတော်တော်ရတယ်။ ကိုယ့်ကို ပြန်ပြီးကျေးဇူးဆပ်တဲ့သူတွေလည်း တော်တော်များများ ရန်ကုန်မှာရှိခဲ့တယ်။ အမျိုးသမီးဆုံးပြီးနောက်ပိုင်းမှာတော့ မန္တလေးမှာ ပြန်ပြီး မိတ်ပြန်ယူနေရတာပေါ့” လို့ ဆိုတယ်။
ဦးစိန်ထွန်းရဲ့ ဇနီးဖြစ်သူကလည်း ပုဏ္ဏားမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ပါပဲ။ ဇနီးဖြစ်သူဘက်က အမျိုးအနွယ်တွေ အားလုံးလိုလိုကလည်း ဗေဒင်ပညာနဲ့ပဲ အသက်မွေးကြတယ်။ မျိုးရိုးတူချင်း အိမ်ထောင်ချပေးကြတဲ့ဓလေ့အတိုင်း သူ့အသက် (၃၀) အရွယ်မှာ အိမ်ထောင်ကျခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ ဇနီးဖြစ်သူ ကွယ်လွန်သွားတော့ ခရီးဝေးမသွားနိုင်တော့ဘဲ သားသမီးငါး ယောက်ကို စောင့်ရှောက်ရင်း မန္တလေးမှာပဲ ပြန်ပြီးအခြေချခဲ့တာဖြစ်တယ်။
သူ့ရဲ့ဗေဒင်ဟောသက် (၃၅) နှစ်တာကာလအတွင်း ကြုံတွေ့ရတဲ့အတွေ့အကြုံတွေကတော့ များပါတယ်။ အဲဒီအတွေ့အကြုံတွေက ငယ်စဉ်ကသင်ပေးလိုက်တဲ့ ဗေဒင်ပညာကို ပိုမိုမွမ်းမံသလို ဖြစ်စေခဲ့ပြီး ဟောပြောချက်တွေကို ပိုမိုတိကျလာစေခဲ့တယ်။ တိကျမှန်ကန်တဲ့ ဗေဒင်ဆရာတစ်ယောက်အဖြစ်ရပ်တည်နေနိုင်အောင်တော့ ပြင်ပစာပေဗဟုသုတတွေနဲ့ ခေတ်ပေါ်ဗေဒင်စာအုပ်တွေကိုလည်း တစ်ဖက်က လေ့လာခဲ့ရတယ်။
“ ငါးပါးသီလထိန်းတယ်။ ဘာသာရေးလုပ်တယ်။ သာရေးနာရေးကူညီတယ်။ အဲဒါတွေက ဗေဒင်ဆရာတစ်ယောက်ရဲ့ မှန်ကန်မှုကိုပိုပြီးအထောက်အကူပြုတယ်။ တတ်တဲ့ပညာကို ဆင့်ကဲသင်ပေးဖို့၊ မှန်မှန်ကန်ကန်လုပ်ဖို့၊ ဖြဲချောက်ပြီး ယတြာကြေးမတောင်းဖို့ လိုတာပေါ့။ နောက်ပြီး သောက်တာ၊ စားတာ၊ ပြောတာ၊ ဆိုတာတွေလည်း ရှောင်ရတယ်။ လူလေးစားအောင်နေဖို့လိုတာပေါ့ဗျာ” လို့ ဦးစိန်ထွန်းက ဆိုတယ်။
လက်ရှိမှာတော့ ဦးစိန်ထွန်းက မန္တလေးမြို့မှာပြန်လည်အခြေချရင်း လက်ဖက်ရည်ဆိုင်တွေ၊ ကားဂိတ်တွေ၊ အိမ်တွေ၊ ကုမ္ပဏီတွေမှာ ဗေဒင်လိုက်ဟောရင်း မိတ်တွေပြန်ယူနေရပေမယ့် နောက်ပိုင်းမှာ ရဲမွန်တောင်ရပ်ကွက်က သူ့အိမ်လေးထဲမှာပဲ ဗေဒင်ဟောခန်းဖွင့်ဖို့ ရည်မှန်းချက်ထားထားတာတွေ့ရတယ်။
“ ကလေးတွေကတော့ အလုပ်လုပ်တဲ့သူနဲ့ ကျောင်းတက်တဲ့သူနဲ့ဆိုတော့ ဒီပညာကို ယူမယ့်သူ လောလောဆယ်မှာ တစ်ယောက်မှမရှိသေးဘူး။ အကြီးဆုံးကလည်း ကုမ္ပဏီမှာ၊ အငယ်ဆုံးကလည်း ခုမှ ကျောင်းတက်နေတုန်းလေ” လို့ သူကပြောတယ်။
သူကတော့ ပုဏ္ဏားမျိုးရိုးကနေမွေးဖွားလာခဲ့တာကို ဂုဏ်ယူနေတယ်။ သားသမီးတွေကိုလည်း ခေတ်ပညာသင်ကြားပေးပြီး ဝါသနာပါရာကို လုပ်ခွင့်ပြုထားပေမယ့် သူ့စိတ်ထဲမှာတော့ ဗေဒင်ပညာကိုလည်း သင်ယူပြီး သူ့ရဲ့အမွေကိုဆက်ခံစေချင်ပုံရတယ်။
“ သူတို့ကို ပညာပေးခဲ့ချင်တာပေါ့။ စိတ်ကူးထဲမှာကတော့ ရှိတာပေါ့။ ဒါက မျိုးရိုးလေဗျာ” လို့ ဦးစိန်ထွန်းကဆိုတယ်။

No comments:
Post a Comment