📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Friday, August 21, 2020

ဆီးပန်းနီ ဆရာတော် ထေရုပ္ပတ္တိ

ဆီးပန်းနီ ဆရာတော် ထေရုပ္ပတ္တိ

ဆီးပန်းနီဆရာတော်သည် အနောက်မင်းကွန်းဆက်တွင် မြန်မာသက္ကရာဇ် ၁၁၇၃ ခုနှစ် ပြာသိုလ် လပြည့်ကျော် ၁ ရက် စနေနေ့ ဖွားမြင်သည်။ ခမည်းတော်မှာ အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်မင်းတရားကြီးလက်ထက် အတိုင်ပင်ခံ အမတ်ကြီး မဟာရာဇသြင်္က ံဖြစ်သည်။ မယ်တော်၏ အမည်ကိုမူ မသိရသေး။ ငယ်မည် မောင်မှော် ဟုတွင်ခေါ်လေသည်။ ရတနာပူရ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော်ဘုရားလက်ထက် စလင်းမင်းသားကြီး ဆရာတော်နှင့် မြသိန်းတန်ဆရာတော် တို့၏အထံ၌ ကျောင်းသားဘဝမှ သာမဏေအထိ နည်းခံသင်ကြားခဲ့သည်။ သာမဏေဘွဲ့မှာ ရှင်နရိ န္ဒ ဖြစ်သည်။


ပိဋကတ်စာပေတွင် အလွန်ထူးချွန်ရကား ကျောင်းသားအဖြစ်ဖြင့် တကြိမ်၊ သာမဏေအဖြစ်ဖြင့် နှစ်ကြိမ်၊ ပေါင်းသုံးကြိမ်မျှ ပိဋကတ်သုံးပုံကို စာတော်ပြန်ပွဲ၌ ဝင်နွှဲပြန်ဆို၍ အောင်မြင်တော်မူခဲ့၏။ ရဟန်းအဖြစ်သို့ ရောက်ပြီးနောက် ရွှေဘိုမင်းနှင့် ပုဂံမင်းတို့ လက်ထက်တွင် အမရပူရမြို့ မိုးထိတိုက်၌ နေထိုင်လျက် ပြည်ဆရာတော်ဘုရားကြီးနှင့် မိုးထိဆရာတော် ဘုရားကြီးတို့ထံ၌ ပညာဆက်လက် ဆည်းပူးခဲ့လေသည်။


ယင်းသို့ဖြင့် ပိဋကတ်စာပေတွင် ပါရဂူရောက်၊ ထူးချွန် တတ်မြောက်သောအလျောက် ပဉ္စမ သင်္ဂ ါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီး လက်ထက်၌ နရိ န္ဒာဘိသီရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု ဟူသော ပထမဘွဲ့တော်၊ နရိ န္ဒာဘိသီရိသဒ္ဓမ္မဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု ဟူသော ဒုတိယတံဆိပ်တော်တို့ကို ခံယူရရှိလေသည်။ မှတ်ချက် - မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ တွင် ဤဘွဲ့ ၂ ခုကို ဖော်ပြရာ၌ တခုတည်းဖြစ်နေသည်။ သတိချွတ်ဟန်တူ၏။


မင်းတုန်းမင်းတရားကြီးသည် ထူးမြတ်လှသော ပဉ္စမ သင်္ဂ ါယနာတင်ပွဲကြီးကို ကျင်းပရာတွင် ဆီးပန်းနီဆရာတော်သည် ပိဋကတ်သုံးပုံကို ကြီးကြပ်တည်းဖြတ်တော်မူခဲ့၏။ မန္တလေးရွှေမြို့တော်ကြီးကို မြို့သစ် တည်ထောင်သောအခါတွင်လည်း ရပ်ကွက် အမည်များကို ရွေးချယ်ရာ ပြည်ကြီးကျက်သရေ၊ ပြည်ကြီးပျော်ဘွယ်၊ ကျွန်းလုံးဥသျှောင်၊ ချမ်းမြသာစည်၊ ပတ်ကုံးဝန်းကျင်၊ မဟာနွယ်စဉ်၊ ပုလဲငွေရောင် စသော ၄၉ ရပ်ကွက်၏ အမည်များကို ဆရာတော်ပေးခဲ့လေသည်။


သားတော် သီပေါမင်းတရားလက်ထက် ရောက်သောအခါတွင်လည်း နရိ န္ဒာဘိဓဇ အတုလ ဓိပတိ သီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု ဟူသော တံဆိပ်နာမံတော်ကို ထပ်မံ ဆက်ကပ်လှူဒါန်းခြင်း ခံရလေသည်။ ဆရာတော်သည် သက်တော် ၇၇၊ ဝါတော် ၅၇ ဝါ၊ သက္ကရာဇ် ၁၂၅၀ပြည့် ကဆုန်လပြည့်ကျော် ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူလေသည်။


ဂန္တဝင်စာပေများ။


ဆရာတော်ဘုရားသည် ရဟန်း ဆယ်ဝါမှစ၍ စာပေများကို တစတစရေးသားခဲ့ရာ ယင်းစာပေများကို ဆရာတော်ဘုရား၏ မြေးတော် ဦးကလျာဏက စနစ်တကျ စီစဉ်လျက် ကဝိမဏ္ဍန မေဒနီကျမ်းဟု အမည်တပ်ကာ မန္တလေးမြို့ ဆိုင်းတန်းရပ် ရတနာသိဒ္ဓိ ပုံနှိပ်တိုက်မှ ၁၂၆၉ ခု ကဆုန်လက ပုံနှိပ် ထုတ်ဝေခဲ့ဘူးလေသည်။ ထိုကျမ်းတွင် ကဏ္ဍအသီးသီး ခွဲထားရာ..


၁။ ၀ န္ဒနာကဏ္ဍ.....ရှိခိုးခန်း။

၂။ သြဝါဒကဏ္ဍ....ဆုံးမစာခန်း။

၃။ ကဗျာဗန္ဓ္ဓကဏ္ဍ....ကဗျာဖွဲ့ဆိုမှုခန်း။

၄။ သေလက္ခရကဏ္ဍ....ကျောက်စာခန်း။

၅။ ဇာတကကဏ္ဍ....ဇာတ်တော်များခန်း။

၆။ ဘုမ္မကဏ္ဍ....ဘုံခန်းဝတ္ထု။

၇။ နိရိယကဏ္ဍ....ငရဲခန်းဝတ္ထု။

၈။ ဘုံခန်းနှင့် ငရဲခန်းဝတ္ထု။

၉။ အထွေထွေခန်း ဟူ၍ ၉ ခန်း တွေ့ရှိရပေသည်။


ဤတွင် ဆုံးမစာခန်းနှင့် အထွေထွေခန်းတို့၌ ဆရာတော်၏ ထူးခြားပြောင်မြောက်သော လက်ရာများကို တွေ့ရပေသည်။ ဆုံးမစာခန်းတွင်

၁။ ခတျောဝါဒ.....မင်းကိုဆုံးမစာ

၂။ ဥပသကောဝါဒ.....ဒါယကာတို့အား ဆုံးမစာ

၃။ အရညကောဝါဒ.....တောရပုဂ္ဂိုလ်တို့အား ဆုံးမစာ...ဟူ၍ တွေ့ရပေသည်။


မင်းကို ဆုံးမသောစာ၌ မင်းတုန်းမင်း၏ သားတော် တဦးဦးကို ရည်ရွယ်၍ ရေးသည်ဖြစ်ရာ သီပေါမင်းသားကိုပင် ဆိုလိုသလော မသိပေ။


ပိုင်းဖြတ်ချိုမြ၊ သုံးကဏ္ဍဖြင့်၊ မြွက်ဟသာမော၊ ကျဉ်းမျှဟောသား၊ ခတျောဝါဒ၊ နာမထင်စွာ၊ အလင်္ကာကို၊ ကဗျာညှင်းညှင်း၊ နားတော်သွင်းပိမ့်၊ နွားမင်း၊ မြင်းမင်း၊ ဆိတ်ဆင်မင်းနှင့်၊ ဒေါင်းမင်းကြိုးကြာ၊ သံသာဥသြ၊ ညှို့လိုက်ရောသည်၊ ဥဘတောဆဇ္ဇ၊ ဂန္ဓ္ဓာရက၊ စသည်ခုနှစ်၊ ညှို့မှဖြစ်သား၊ နှစ်သက်စဖွယ်၊ စောင်းသံနှယ်သို့၊ ညာဘယ်ရှက်ကူး၊ သားတော်ဦးသည်၊   ၊ နူးတော့ ရွှေနားတော်ကြားတည်း.....။


ဆရာတော်၏ ကဗျာအဖွဲ့အနွဲ့များမှာ လွန်စွာပြေပြစ်ခန့်ညား၍ မဓုရတာဂုဏ်မြောက်ပေသည်။ ဆုံးမစာများထဲတွင် ကြားညှပ်၍ လောဘ၊ မောဟ၊ ဒေါသ ဟူသော တရားသုံးပါးကို မသိမ်းဆည်းလျှင်၊ အပယ်လေးပါးသို့ ရောက်ရာရောက်ကြောင်း သံဝေဂ ရတုပိုဒ်စုံတခု ရေးသားထားရာ လွန်စွာတရားရဖွယ် ကောင်းလှပေသည်။ (ဤတွင် မပြသာ၍ ချန်ခဲ့ရတော့မည်)


နွား၏ လျှောက်လွှာ


လူ့ဘဝနှင့် အနီးစပ်ဆုံး တိရိစ္ဆာန်ထဲတွင် အတော်အသင့်ဆုံးဟု ဆိုရမည့် နွားပင်လျှင် တိရိစ္ဆာ နဂတိနွား၏ အဖြစ်ဆိုးဝါးပုံ၊ သတိ သံဝေဂ ရမိပုံကို  နွားကိုယ်တိုင်က ပြောဆိုသည့်အလား ရေးသားထားသည်မှာ သနားစဘွယ်လည်းကောင်း၍ ထိတ်လန့်ဘွယ်ကလည်း ကောင်းလှပေသည်။


ဘုရားကျွန်တော်၊ မှည့်ခေါ်တွင်ငြား၊ ငမိုက်နွားလျှင်၊ လျှောက်ကြားပါသည်၊ အတည်တည်ကို၊ မလည်မသုန်၊ နာကြကုန်လော့၊ ကံဟုန်မျှော်လွင့်၊ ပို့သဖြင့်လျှင်၊ ယခင့်ရှေးခါ၊ ဆက်များစွာတည့်၊ ဗြဟ္မာမိုးနတ်၊ လေးကျွန်းပတ်သား၊ မန္ဓ္ဓာတ်မင်းစစ်၊ ကျွန်တော်ဖြစ်၍၊ မြစ်အောက်ဥတ္တရာ၊ ကျွန်းမှလာသည်၊ ကညာမျိုးမြတ်၊ မိမယ်နတ်နှင့်၊ ပြသာဒ်ရိပ်လယ်၊ စံပယ်ရွှင်မြူး၊ ပျော်ခဲ့ဖူး၏။ အထူးထွေလာ၊ လူ့ပြည်မှာတည့်၊ ယုတ်မာညစ်ကျု၊ မကောင်းမှုကို၊ ပြုမိသောအား၊ ကျွန်ငနွားလျှင်၊ ဆန်းပြားသဏ္ဌာန်၊ ရှိဘွယ်ဟန်နှင့်၊ တိရိစ္ဆာန်ဟူသည်၊ ချင်းတို့ပြည်၌၊ ကျင်လည်ခဲ့ရ၊ ဤဘ၀၀ယ်၊ စိမ်းမြညွန့်ရှင်၊ ရံဘန်တွင်လည်း၊ မြက်ပင်မတွေ့၊ ကောက်ရိုးသွေ့မျှ၊ လွေ့လွေ့ရမ်းရမ်း၊ ဝမ်းမပြည့်ရ၊ သောက်ရေမှလည်း၊ ဖြူစွနောက်ကျိ၊ ညွန်တစိနှင့်၊ အိုင်ကြီးအထဲ၊ ပြစ်ချွဲပူငန်၊ နေရဟန်လည်း၊ ရွှံ့ညွန်မလွတ်၊ တီမျှော့ကျွတ်နှင့်၊ မိုးစွတ်နေပူ၊ ဆင်းရဲဟူသည်၊ သူများတွက်တာ၊ ကျွန်တော့မှာတည့်၊ စုလာသော့နှယ်၊ ဒုက္ခကြွယ်၏၊ ခိုင်းပယ်ခါလျှင်၊ ကျွန့်သခင်ကား၊ အားအင်မတန်၊ လှည်းပြည့်ဝန်ကို၊ ညွန်တွင်ချနှစ်၊ ပုံကောင်းနှစ်မျှ၊ ကြွေးဟစ်မောင်းမဲ၊ ကြောငြာဆဲလျက်၊ ထိပ်ကွဲနံကွာ၊ တံပြာနှင်တံ၊ သံချွန်ဆူးသွတ်၊ ရိုက်ထိုးခတ်၍၊ ရွတ်ရွတ်ဆောလျှင်၊ ကြည်းကုန်းခင်သို့၊ တင်ပါရသည်၊ ဒုက္ခရည်ကို၊ လေးမည်ပရိသတ်၊ ရှုပါလတ်လော့၊ စောထွတ်ဘုန်းဝှန်၊ ဘုရားဉာဏ်လျက်၊ တိရိစ္ဆာန်ဘုံ - ဆင်းရဲပုံကို၊ ကုံမမြင်ရာ၊ အောက်သုံးရွာကား၊ ဘဇာတစိ၊ ဆိုဘွယ်ရှိအံ့၊ သိရင်းတိုင်းတွင်၊ သတိတင်၍၊ ဆင်ခြင်ပါနော်၊ လူ့ပြည်ပျော်တို့၊ ကျွန်တော်ငနွား၊ လျှောက်ဝံ့ကြားသည်၊ တရားညီမျှ ကိုယ်ပင်သောဝ်...။


စကြာဝတေးမန္ဓ္ဓာတ်မင်း ဖြစ်ခဲ့ဘူးပါလျှက် မလိမ္မာ၍ နွားဖြစ်နေရသူက ကံကောင်းထောက်မ၍ လူ့ဘဝကို ရရှိနေသူများအား သတိပေးပုံကလေးမှာ သံဝေဂယူစရာကောင်းလှ၏။ လယ်တီဆရာတော်ဘုရား၏ နွားသားမစားရေး မေတ္တာစာအတွက် အထက်ပါ ကဗျာကလေးသည် ထိရောက်သော အကျိုးကို ပြုနိုင်ပေလိမ့်မည်။ ဤကဗျာ၏ အာဘော်ကို ကြည့်လျှင်ပင် ဆရာတော်၏ ဉာဏ်ရည်ကို ရိပ်စားမိနိုင်ပါသည်။


အရညကော ဝါဒတွင် ဆုံးမထားသည့် စာပိုဒ်ကလေးအချို့မှာ..



မိခင့်ဆံထုံး၊ ဘလက်ရုံး၊ နှလုံးခိုင်ကြံ့စေ


သုမေဓာထုံး၊ မှတ်ယူကျုံး၊ စွဲသုံးကျင့်ပါလေ


လျှို့ဝှက်လုံးလုံး၊ ကိုယ်ကိုဖုံး၊ ဆုံးဆုံးမမနေ....ဟူ၍၎င်း...။



တောတောင်လျှိုတိုး၊ လန့်မစိုး၊


သူ့ကိုမကိုး၊ ကိုယ့်ကိုကိုး


ကိုယ့်ကို ကိုယ်ကိုး၊ တောင်နှယ်ကိုး၊

ကိုယ်ကိုတိုးတိုး၊ ကိုယ်ပင်နှိုး။....ဟူ၍၎င်း...ရေးသားထားရာ စကားလုံးကလေးများမှာ သိပ်သည်း ညက်ညောလှပေသည်။ အဖွဲ့အနွဲ့ကို ပြဆိုရာတွင်လည်း ကဗျာတပုဒ်နှင့်တပုဒ် မတူစေရ။ ရတုချဘွယ် နည်းစုံအောင် ရေးပြလေသည်။ ထို့ပြင် မုတ္တာရွှဲသီ၊ ဝဲရိုက်ဝဲသွင်း၊ ကျပန်းသံပေါက်၊ နွယ်ပန်းသံပေါက်၊ မြင်းစိုင်းသံပေါက် စသည့် ရေးနည်းများကိုလည်း ပြဆိုခဲ့ပြန်သည်။


ကဗျာဗန္ဓ္ဓအခန်းတွင် မြတ်စွာဘုရား၏ အောင်ခြင်းရှစ်ပါးကို တခုစီတခုစီ အဖြစ်အပျက်များနှင့်တကွ ပြည့်ပြည့်စုံစုံ ရေးသားဖွဲ့ဆိုထားရာ လင်္ကာပိုဒ်ပေါင်း (၁၄၄) ပိုဒ်မျှ ရှိပေသည်။ ဆရာတော်သည် အောင်ခြင်းရှစ်ပါး၏ သရုပ်ကို ဖော်ထုတ်ရာ၌ စိတ်ရှည်လက်ရှည် ဂရုတစိုက် ရေးခဲ့ဟန်တူ၏။ လင်္ကာစာသွား၊ စကားထားတို့မှာလည်း ချောမွေ့လှပေသည်။ ဤမျှလောက်ပြည့်စုံ၍ ရှည်လျားသော အောင်ခြင်းရှစ်ပါးလင်္ကာသည်၎င်း၊ ပျို့သည်၎င်း၊ ရကန်သည်၎င်း ရှေးရှေးက မရှိခဲ့ဘူးပေ။


ပါတော်မူတမ်းခြင်း 



သီပေါမင်းတရား ပါတော်မူသွားသောအခါ ဆရာတော်သည် လွန်စွာစိတ်လက် မရွှင်မလန်း၊ မချမ်းမမြေ့ ဖြစ်ရလေသည်။ တရားတော်နှင့် ဖြေရန်လည်း မတတ်နိုင်၊ လျစ်လျူရှု၍လည်း မနေတတ်၊ မျက်မှောက်တွင် တွေ့ကြုံရှုမြင်နေရသည့် အဖြစ်အပျက်တို့က အမျိုးသားစိတ်ဓါတ်ကို ရိုက်ခတ်လာသဖြင့် အဗျာကတာဓမ္မာနှင့်ဝေးပြီး ဒေါသရိပ်ကလေးများ ပြေးလာမိသည်။ ထို့ကြောင့်ပင်..



မြန်မာဘုရင်၊ ဇာတာပြင်လည်း၊ မစင်သန့်ကြိုက်၊ နိစ်ပြဆိုက်က၊ မှားမိုက်လှစွာ၊ ကိုယ့်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည့်၊ မှူးကြီးမတ်ငယ်၊ မာလောနွယ်တို့၊ ဝှက်ကွယ်လှည့်ဝိုက်၊ သူ့ဘက်လိုက်၍၊ စရိုက်စောင်းငဲ့၊ သစ္စာမဲ့ကြောင့်၊ နှစ်ဆယ့်ခုနှစ်၊ နန်းစံရှစ်တွင်၊ ကသစ်ဘုံနေ၊ သိကြားကြွေသို့ - ချက်ရွှေသိုရာ၊ မန်းပြည်သာမှ၊ မိစ္ဆာမောဟ၊ ပြွမ်းပြွမ်းထသည့်၊ ကုလားနိုင်ငံ လွှဲပြောင်းစံရှင့် -


ဟူ၍ ရေးချလိုက်မိသည်။ ထိုစဉ်က “ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်” ဟူ၍ ကင်းဝန်မင်းကြီး ဦးကောင်း လိမ်ဉာဏ်ဆင်၍ မြန်မာဘုရင်ကို နန်းချသည်ဟု လူအများ ပြောဆိုပြစ်တင်နေကြသည်။ ဆရာတော်သည် မြန်မာဝန်ကြီး မှူးကြီးတို့ ဂိုဏ်အသီးသီးကွဲ၍ ထင်ရာစိုင်းနေကြပုံ၊ အာဏာရှိသူကိုသာ မျက်နှာလိုအားရ ကပ်ပါးရပ်ပါးပြုမူနေကြပုံ စသည်တို့ကိုမြင်၍ စိတ်ပျက်စွာ ရေးလိုက်ဟန်တူ၏။ ထိုစာသည် ကင်းဝန်မင်းကြီးအဘို့ အတော် ထိခိုက်သည်ဖြစ်ရကား ကင်းဝန်မင်းကြီးက - မန်းမကိုဋ်မှာမှ အစချီသော လေးချိုးဖြင့် ပြန်လည်ချေပလေသည်။


ထိုလေးချိုးတွင် ကောသလအိမ်မက် ၁၆ ချက်အရ ပျက်ချိန်တန်၍ ပျက်ရပုံ၊ မှူးမတ်တို့၏ အပြစ်မဟုတ်၊ ရှေ့ဆောင်နွားလား အကောက်သွားသောကြောင့်၊ နောက်နွားစဉ်ဆိုက် အကောက်လိုက်ကြပုံ၊ ပျက်ချိန်ကျပြီမို့ ကောင်းကင်နက္ခတ်တာရာတို့ ဖောက်ပြန်နေကြပုံ စသည်ဖြင့် မင်းကိုအပြစ်တင်သရောင်၊ နက္ခတ်ကိုပင် အပြစ်တင်သရောင်နှင့် ဘုရားဟောသင်္ခါရတရားကို ထုတ်ပြကာ မလိမ့်တပတ်လုပ်၍ထား၏။



(မှတ်ချက် - ဤလေးချိုးကို ကင်းဝန်မင်းကြီးမရေးဟု အချို့က ဆိုကြသော်လည်း ဆီးပန်းနီဆရာတော်၏ မြေး ဦးကလျာဏ ကိုယ်တိုင်က ကင်းဝန်မင်းကြီးရေးသည်ဟု မှတ်သားထားသည်။)


ထို့ကြောင့် ဆရာတော်က တဖန် ထပ်မံ၍ ယင်းလေးချိုးကိုဖြေသည့် တမ်းချင်းဧကပိုဒ်လင်္ကာကို ရေးသားရပြန်သည်။



တဖန်မှတ်စေ၊ ထပ်၍ဖြေပိမ့်၊ သံဝေရမှု၊ ရှေးကပြုသည်၊ ရတုဖိုးထိုက်၊ ဧကပိုဒ်ကို၊ လိုက်၍ဖြေပေ၊ ဉာဏ်ကဝေတို့၊ ဖြစ်လေရှေးက၊ ကောသလ၏၊ သောဠသဇာတ်၊ အတ္ထုပ္ပတ်နှင့်၊ သတ္တဝါ့ကြမ္မာ၊ သင်္ခါတရား၊ နွားလားရှေ့ဆောင်၊ ပမာမြှောင်လျက်၊ မင်းခေါင်ကိုသာ၊ ပြစ်ရှာဖန်ဖန်၊ ဆိုပြန်ဘိဘိ၊ ထိထိပါးပါး၊ စကားဖောက်လှဲ၊ ကိုယ်ကိုလွှဲလည်း၊ မလွှဲစသာ၊ ဤအရာဝယ်၊ ပမာထင်ထင်၊ ကဗျာတင်က၊ ပေါက်ပင်ကိုင်းငြိတ်၊ ဗျိုင်းနိမိတ်ကို၊ ဖိုလ်ဟိတ်ခတ်ကာ၊ စပ်၍ရှာမူ၊ သတ္တဝါဘူဇဂ၊ ချင်းမူလဟု၊ သိရသောနှယ်၊ မလွတ်ဘွယ်တည့်၊ နွယ်မာလောညွန့်၊ ဆင်ခြေကွန့်လည်း၊ မလွန့်မသာ၊ အကြောင်းမှာကား၊ ငယ်စွာနုမြစ်၊ ကြလိုမျှစ်သို့၊ မြေးမြစ်အလား၊ မင်းနှစ်ပါးတို့၊ တိုင်းကားနှင်းထပ်၊ ကိုယ်ကိုအပ်၍၊ ပညာတ်စေကြောင်း၊ မှူးမတ်ပေါင်းအား၊ ဆိုးကောင်းအရေး၊ လွှဲဝေပေးလျှက်၊ တရွေးတရတီ၊ တဗီဇဝါ၊ တမြူလွှာမျှ၊ ရသာအထူး၊ ဂုဏ်ကျေးဇူးကို၊ မှူးမတ်ထံမှ၊ မခံရရှင့်..။



နီးရာကိုကပ်၍ တွယ်တတ်သော သစ်တက်နွယ်နှင့်တူသည့် မှူးကြီး မတ်ကြီး ဝန်ကြီးဆိုသူတွေကို ဆရာတော်သည် အတော်ပင် မကျေနပ်ဟန်တူ၏။ မင်းတုန်းမင်းတရားကြီး လက်ထက်မှစပြီး မင်းဆရာဖြစ်ခဲ့သောကြောင့်လည်း အတွင်းသိ အပြင်သိ ဓါတ်သိ ရပ်သိ ဖြစ်နေရကား ဆရာတော်ကို ဆင်ခြေကန်၍ မရပေ။ မာလောနွယ်တွေ (ဝါ) ကပ်ပါးရပ်ပါး ဖော်လံဖား ဝန်ကြီးတွေက ဘယ်လိုပင် ဆင်ခြေကန်လင့်ကစား၊ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ်....ဆိုသည့်စကားအတိုင်း မှူးမတ်ဝန်ကြီးတွေ အပေါ်မှာသာ တာဝန်ကျသည်။ မလိမ္မာသေးသည့် အကလေးအရွယ် မြေးသဖွယ်ဖြစ်သော မင်းနှစ်ပါးကို တာဝန်ပုံ၍ လွှဲမချပါနှင့်။ မင်းနှစ်ပါးတို့က အစစ အရာရာ တိုင်းရေးပြည်ရေးဟူသမျှကို မင်းကြီးတို့ထံ အပ်နှံထားပါလျှက်နှင့် မင်းနှစ်ပါးခမျာမှာ ဝန်ကြီး မှူးကြီးများထံမှ ကျေးဇူးကို တပြားသား တရွေးသားမျှ မခံစားရဘဲ ဒုက္ခခံစရာရှိတော့သာ ၎င်းတို့ခံသွားရရှာသည်။....ဟူ၍ ဆရာတော်သည် မကျေနိုင် မချမ်းနိုင်သည့် စိတ်ရင်းကို ရှင်းထုတ်၍ ရေးသားလိုက်သည်။


သို့သော် ပြီးသည့်ကိစ္စကား ပြီးပေပြီ။ ပြုပြင်၍လည်း မရနိုင်တော့။ ထို့ကြောင့် နောင်လာ နောင်သားတွေ သံဝေဂပွားရင်း အမျိုးသားစိတ်ဓါတ် ရင့်သန်စေကြရန် ဆရာတော်သည် ဤသို့ နိဂုံးချုပ်လိုက်ပါသည်။


သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ ကြုံရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် အော် ကောင်း၏။...


မင်းလည်းသုဉ်း၊ ထီးနန်းလည်းသုဉ်း၊ တိုင်းပြည်လည်း သုဉ်းခဲ့ပြီဖြစ်သော သုညခေတ်ကြီးနှင့် ရင်ဆိုင်ရ၍ တရွေးသားမျှ တန်ဘိုးမရှိသော ဘဝတွင် ငါတို့သည် လူဖြစ်လာရသည်ထက် သေရသည်ကပင် မြတ်ပါသေးတကား ဟု ဆရာတော် ရေးသားလိုက်ပုံမှာ မြန်မာ့လွတ်လပ်ရေးအတွက် စာပေအလင်းရောင်တစ်ခု ဖြစ်ပါတော့သည်။ ဆရာတော်၏ အထက်ပါစာပုဒ် ကလေးကို အကြိမ်ကြိမ်ရှု၊ တထပ်ထပ်ဖတ်၊ အခါခါ ရွတ်၍ ကျွန်ဇာတ်ကို ဆန့်ကျင်လိုသည့် စိတ်ဓါတ်များကို ကျွနု်ပ်တို့ မွေးမြူခဲ့ရပေသည်။


ဆရာတော်သည် ဤစာကို ရေးသောအခါ သက်တော် ၇၄ နှစ်ရှိပေပြီ။ ကျွန်ဖြစ်ရသည်ထက် သေရသည်က ကောင်းသေးဟု ညည်းညူသည့်အတိုင်း ဆရာတော်၏ ဆ န္ဒ္ဒကား ပြည့်ဝခဲ့ပါပြီ။ ဆရာတော် မမြင်လို၊ မရှုလို၊ မနေလိုသည့် ကျွန်အဖြစ်နှင့် ဆရာတော်သည် ကြာရှည်စွာ ရင်မဆိုင်လိုက်ရ။ သက်တော် ၇၇ နှစ် ၊ ကျွန်ဖြစ်ပြီး ၂ နှစ်နှင့် ၁ လ အကြာတွင် ကျွန်ဘဝကို စွန့်ပစ်ကာ ဘဝနတ်ထံသို့ ပျံတော်မူရှာခဲ့လေပြီ။


ဆရာတော်၏ စေတနာ၊ ဆရာတော်၏ မေတ္တာနှင့် ဆရာတော်၏ စာပေများကို ကျွနု်ပ်တို့သည် မြတ်နိုးစွာ လေ့လာဆည်းပူးသင့်ကြပါသည်။ မြန်မာ့လွတ်လပ်ရေးအတွက် ဆရာတော်၏ တာဝန်ကား ကျေပွန်သွားခဲ့ပြီတကား။



ရှုမဝမဂ္ဂဇင်း ၊ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ။




ဆရာကြီး နန်းညွန့်ဆွေ၏ သတင်းအချို့


http://wikimyanmar.co.cc/wiki/index.php?title=နန်းညွန့်ဆွေ

http://www.irrawaddy.org/bur/index.php/news/1-news/3634-2010-07-15-07-55-42

http://www.mizzimaburmese.com/news/obituary/5713-2010-07-14-13-38-22.html

http://moemaka.com/index.php?option=com_content&task=view&id=6773&Itemid=2



No comments: