ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ် သည် ရခိုင်လူမျိုးတို့ အစဉ်တစ်စိုက်နေထိုင်သော ပြည်နယ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိသည်။ ရှေးအခါက ရခိုင်ဘုရင်များ အုပ်စိုးရာ တိုင်းပြည်နိုင်ငံ ဖြစ်ခဲ့၏။ အေဒီ ၁၅ ရာစုမှ ၁၇ ရာစုအတွင်း ရှေးရခိုင်ဘုရင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် အိန္ဒိယနိုင်ငံ တြိပူရဒေသတို့ကို လက်အောက်ခံ အဖြစ် သိမ်းသွင်းနိုင်ခဲ့သည်။ ရခိုင်ဘုရင်များ တန်ခိုး အထွတ်အထိပ်သို့ ရောက်ရှိစဉ် ရခိုင်ဘုရင့်နိုင်ငံ၏ အကျယ်အဝန်းသည် ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှ မော်လမြိုင် ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ကျယ်ပြန့်ခဲ့သည်။ ရခိုင်လူမျိုးတို့၏ မူရင်း ရခိုင်ပြည် သည် ဘင်္ဂလားနယ်စပ် နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်းနယ်မြေ) အထိ ရှည်လျားသော ရခိုင်ကမ်းရိုးတန်းဒေသ ဖြစ်သည်။
တည်နေရာနှင့် အကျယ်အဝန်း
ရခိုင်ပြည်နယ်သည် ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြှောင်ဒေသတွင်တည်ရှိသည်။ ရှေးရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသော ဒေသလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်တည်ရှိ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဘင်္ဂလားပင်လယ်အော်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၀မိနစ် နှင့် ၂၁ ဒီဂရီ ၃၀မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀မိနစ် နှင့် ၉၄ ဒီဂရီ ၂၀မိနစ်ကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၄,၂၀ဝ စတုရန်းမိုင်ကျယ်ဝန်းသည်။
ရခိုင်ပြည်နယ်အလံ
( အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရခိုင်ပြည်နယ်အလံ )
ရခိုင်ပြည်နယ်အလံကို ရှေးခေတ်ကပင် အသုံးပြုခဲ့သော အောင်လံ၏ အခြေခံအမှတ်အသားကို မူတည်ခဲ့သည်၊၊အောင်လံအတိုင်းအတာမှာ ခေတ်အဆက်ဆက်က အသုံးပြုခဲ့သော အောင်လံ၊ ကောင်းရှည်ရေအတွက်နှင့် အခုခေတ်ကိုက်ညီအောင် အသုံးပြုနိုင်ဖို့အတွက် မူလအတိုင်းအတာကိုမှီပြီး အချိုးအစားအလိုက် ပြုပြင်ခဲ့ကြသည်။ မူလအတိုင်းအတာ အချိုးအစားမှာ အလျား ကိုးတောင် အနံ ခြောက်တောင် ဖြစ်သည်။အောင်လံ၏ အရောင်အဆင်းကို မူလရောင်စုံအတိုင်း အတည်ပြုခဲ့ကြသည်။ မူလရောင်စဉ် အဆင်းမှာ ဖြူရောင်ထက်ဝက်နှင့် အနီရောင်ထက်ဝက်ဖြစ်သည်။ အပေါ်ပိုင်းထက်ဝက်မှာ အဖြူရောင်ဖြစ်ပြီး အောက်ပိုင်းထက်ဝက်မှာ အနီရောင်ဖြစ်သည်။အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်ရေးစိတ်ဓာတ်ရှိခြင်း၊ အမျိုးသီလနှစ်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်ရေး စိတ်ရှိခြင်းနှင့် ဖြူစင်တည်ကြည်စောင့်ထိန်းအပ်ရေး ကိုယ်ကျင့်တရားရှိခြင်းများ ဖြစ်သည်။ အနီရောင်၏ သဘောမှာ ရဲရင့်တည်ကြည်ရေး သတ္တိနှင့် ခိုင်ခံ့တည်ကြည်ရေး ဇာတိသွေး၊ ဇာတိမာန် ရှိခြင်းများကို ဖော်ဆောင်သည်။
ရခိုင်ပြည်နယ်တံဆိပ်
( အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရခိုင်ပြည်နယ် တံဆိပ်နှင့် အလံ )
ဝေသာလီခေတ် ရခိုင်ဒင်္ဂါးများ
ရခိုင်လူမျိုးများ သုံးစွဲခဲ့သော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားသည်။ ဝေသာလီခေတ် ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားရေး၊ အနုပညာ ဓနဥစ္စာ ကြွယ်ဝခြင်းနှင့် ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားခဲ့ခြင်းကို ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်သည်။ ထိုဝေသာလီခေတ် ဒင်္ဂါးကို သဇင်ပန်းခွေ နှစ်ခက်ဖြင့် ခြံရံထားပါသည်။ ရခိုင်ပြည်နယ် တံဆိပ်၏ အပေါ်ထိပ်တွင် ကြယ်ဖြူတစ်ပွင့်၊ အောက်ဖက်တွင် "ရခိုင်ပြည်နယ်"ဟု ရေးသားဖော်ပြထားပြီး သဇင်ပန်းခွေနှစ်ခက်ဖြင့် ခြံရံထားပါသည်။
မြို့တော်
ရခိုင်ပြည်နယ်၏ မြို့တော်မှာ စစ်တွေမြို့ဖြစ်သည်။
ရာသီဥတု
ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် မုတ်သုံရာသီဥတုမျိုးရှိသည်။ အပူအအေးပြောင်းလဲမှုမပြင်းထန်ပေ။ ပျှမ်းမျှအပူချိန်မှာ အပူဆုံးဖြစ်သည့် မေလတွင် ၈၄° ဖာရင်ဟိုက် နှင့် အအေးဆုံးဖြစ်သည့် ဇန်နဝါရီလ ၇၀° ဖာရင်ဟိုက် ဖြစ်ကြသည်။ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ခြင်း၊ ရခိုင်ရိုးမတောင်တန်းက မုတ်သုံမိုးများ ရွာသွန်းစေခြင်းတို့ကြောင့် မိုးများသည့် ဒေသဖြစ်သည်။ နှစ်စဉ်ပျှမ်းမျှ မိုးရေချိန်များမှာ သံတွဲမြို့တွင် ၂၂၁ လက်မ၊ ကျောက်ဖြုမြို့တွင် ၁၈၆ လက်မ၊ စစ်တွေမြို့တွင် ၂၀၃ လက်မ အသီးသီးရှိကြသည်။ ထို့ပြင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများဒဏ်များအဖြစ် နေအိမ်များ ပျက်စီးခြင်း နှင့် ရေကြီးခြင်းတို့ကိုလည်း မကြာခဏ ခံစားရတတ်သည်။ မုန်တိုင်းအများစုမှာ မိုးဦးနှင့် မိုးနှောင်းကာလများတွင် သာဖြစ်ပေါ်လေ့ရှိပြီး တခါတရံတွင်သာ မိုးလယ်ကာလများတွင် တိုက်ခတ်လေ့ရှိသည်။
ဆက်သွယ်ရေး
ယခင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ လေကြောင်းလမ်းနှင့် ရေလမ်းတို့ကိုသာ အဓိကအားထားကြရသည်။ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ နှင့် အမ်း တို့တွင် လေယာဉ်ကွင်းရှိသည်။ စစ်တွေ-ရန်ကုန် ကားလမ်း၊ ကျောက်ဖြူ-ရန်ကုန် ကားလမ်း ထင်ရှားသည့် လမ်းများ ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးသည် တစ်နှစ်ထက်တစ်နှစ် အနည်းငယ်စီ တိုးတက်လာလျှက် ရှိသည်။
စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
စာပေ
ရခိုင် စာပေသည် ဓညဝတီခေတ် (အေဒီ တစ်ရာစု) ခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဓညဝတီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့အပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓညဝတီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သွျှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင်ကျောက်စာများအနက် လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့မှာ ထင်ရှားသည်။ လောင်းကြက်တောင်မောင် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ထင်ရှားသည်။
မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
အောက်အာကာဗွီ၊ ဝါယောထွီ၍ရီထက်ကားမြီ၊ မြီထက်လီနှင့်ပထဝီဟု၊ ထူထု နှစ်သိန်း၊လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာညီစွာဝန်းလည်၊ ကျောက်တိတည်ကား
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။
ယဉ်ကျေးမှု
၁။ မယိမ်တက်
၂။ ရခိုင်သမက်တက်
ရိုးရာဓလေ့
၁။ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ
၂။ ကုန်းပြိုင်လောင်းပြိုင်ပွဲ
၃။ သြင်္ကန်လ ရခိုင်ပြိုင်လောင်းပွဲ
၄။ ပန်းရထားဆွဲပွဲ
တက္ကသိုလ်နှင့် ကောလိပ်များ
၁။ စစ်တွေတက္ကသိုလ်
၂။ စစ်တွေနည်းပညာတက္ကသိုလ်
၃။ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)
၄။ ကျောက်ဖြူပညာရေးကောလိပ်
၅။ နည်းပညာကောလိပ်(သံတွဲ)
၆။ တောင်ကုတ်ဒီဂရီကောလိပ်
၇။ နည်းပညာကောလိပ်(ကျောက်ဖြူ)
ဒေသထွက်ကုန်များ နှင့် စီးပွားရေး
ဆန်စပါးစိုက်ပျိုးရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်း နှင့် ဝါး၊ ဓနိ အစရှိသည့် သစ်တောထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများရှိသည်။ ဒေသထွက်ကုန်များကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မြန်မာနိုင်ငံအနှံ တင်ပို့ရောင်းချသည်။
တွင်းထွက်
ရခိုင်ကမ်းလွန်တွင် နာမည်ကျော် မြန်မာ့သဘာဝဓာတ်ငွေ့သိုက်များ ရှိသည်။ ရမ်းဗြဲကျွန်းနှင့် မိုးစည်ကျွန်းတို့တွင် ရေနံအနည်းငယ်ထွက်သည်။ တောင်ကုတ်မြို့နယ် နေပူတောင်မှ စကျင်ကျောက် ထွက်သည်။
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ
ရခိုင်ပြည်နယ်တွင် ခရိုင် (၅)ခု၊ မြို့နယ် (၁၇) မြို့နယ်၊ မြို့ (၂၆) မြို့၊ ရပ်ကွက် (၁၇၀) ၊ ကျေးရွာအုပ်စု (၁၀၃၅) ။ ရွာပေါင်း (၃၇၃၈) ရှိသည်။
ပါဝင်သောမြို့နယ်များ
၁။ စစ်တွေမြို့နယ်
၂။ ပုဏ္ဏားကျွန်းမြို့ နယ်
၃။ ပေါက်တောမြို့နယ်
၄။ ရသေ့တောင်မြို့နယ်
၅။ မြောက်ဦးမြို့နယ်
၆။ ကျောက်တော်မြို့နယ်
၇။ မင်းပြားမြို့နယ်
၈။ မြေပုံမြို့နယ်
၉။ မောင်တောမြို့နယ်
၁၀။ ဘူးသီးတောင်မြို့နယ်
၁၁။ ကျောက်ဖြူမြို့နယ်
၁၂။ ရမ်းဗြဲမြို့နယ်
၁၃။ မာန်အောင်မြို့နယ်
၁၄။ အမ်းမြို့နယ်
၁၅။ သံတွဲမြို့နယ်
၁၆။ တောင်ကုတ်မြို့နယ်
၁၇။ ဂွမြို့နယ်
စိတ်ဝင်စားဖွယ် သွားရောက် လည်ပတ် လေ့လာသင့်သည့် နေရာများ
စိတ်ဝင်စားဖွယ် သွားရောက် လည်ပတ် လေ့လာသင့်သည့် နေရာများပြင်ဆင်
၁။ မြောက်ဦးနန်းတော်ရာ နှင့် ဘုရားပုထိုးများ
၂။ ငပလီကမ်းခြေ အပန်းဖြေစခန်း နှင့် ကမ်းသာယာကမ်းခြေ
၃။ ဦးရာဇ်တောင်စေတီ
၄။ ဓညဝတီမြို့ဟောင်းနှင့် ကျောက်တော်မဟာမုနိဘုရား
၅။ ဝေသာလီဘုရားကြီး နှင့် ဝေသာလီမြို့ဟောင်း
၆။ စစ်တွေပွိုင့်
ရခိုင်ပြည်နယ်ရှိ ကျွန်းများ
၁။ ဖရုံကာကျွန်းများ
၂။ ရမ်းဗြဲကျွန်း
၃။ မာန်အောင်ကျွန်း
ကိုးကား
(May 2015) Census Report, The 2014 Myanmar Population and Housing Census 2. Naypyitaw: Ministry of Immigration and Population, 17။
နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း
D.P.S. MYANMAR GUIDE MAP. 2000.
No comments:
Post a Comment