စိုင်းထီးဆိုင်
ဆွဲအားကောင်းသူ သုံးဦး
လောကမှာ ပရိသတ်ကို အဆွဲဆောင်နိုင်ဆုံးသူ သုံးဦးကတော့-
(၁) ဘာသာရေးခေါင်းဆောင်၊
(၂) စစ်ခေါင်းဆောင်
(၃) အနုပညာရှင် တို့ဖြစ်တယ်။
ဘာသာရေးခေါင်းဆောင် စစ်ခေါင်းဆောင် ဒီနှစ်ယောက်ဟာ ဘယ်ကိုသွားသွား သူတို့ အနီးအနားမှာ လူတွေရုန်းရုန်းနဲ့ ဝန်းရံနေသလို နာမည်ကြီး အနုပညာရှင်တစ်ဦးလဲ ဘယ်နေ ရာမှာရောက်ရောက် ပရိသတ်တွေ ရုတ်ရုတ်သဲသဲဖြစ်စမြဲပါ။ သူတို့မှာ လူများစုရဲ့ အာရုံကို ဆွဲ ဆောင်နိုင်တဲ့ စွမ်းအား စွမ်းပကားတွေရှိတယ်။ နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်လဲပဲ အဲဒီအ တိုင်းပါပဲ။
စိုင်းထီးဆိုင်ရဲ့ မွေးရာပါဒီဇိုင်းကတော့ သူများနဲ့မတူ တစ်မူထူးခြားနေလေရဲ့။ အသံ ကောင်းသလောက် ရူပါက သိပ်မဖြောင့်တော့ သူ့ကိုချစ်တဲ့ သူ့ရဲ့ပရိသတ်ကတော့ သူ့ကို ရွှေ ဥသြလို့ ချစ်စနိုးခေါ်ကြတယ်။ သူ့ရဲ့ ထင်ရှားတဲ့ ပို့စ်ကတော့-
(၁) မျက်မှန်ထူထူ
(၂) ဂငယ်နှုတ်ခမ်းမွှေးစူစူ
(၃) သွားခေါနေတဲ့သူ ပါပဲ။
ဇာတိချက်ကြွေ မွေးရပ်မြေ
၁၉၅၀ ပြည့် စက်တင်ဘာလ ၂၃ ရက် စနေနေ့မှာ အဘဦးနန္ဒာ (ရှမ်းလူမျိုးများဟာ ငယ်နာမည်များရှိကြသော်လည်း ရှင်ပြုတဲ့အချိန် ကျောင်းတော်ပေါ်ကနာမည်ကို အစွဲပြုပြီး လူထွက်လာသော်လည်း ဘုန်းကြီးကျောင်းနာမည်ကိုသာ ဆက်ခေါ်လေ့ရှိကြတယ် ဒါကြောင့် စိုင်းထီးဆိုင်ရဲ့ ဖခင်နာမည်က ဦးနန္ဒာတဲ့။ မသိရင် ဘုန်းကြီးနာမည်လို့ ထင်နေဦးမယ်) အမိ ဒေါ်နန်းအိမ်တို့က ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့မှာ မွေးဖွားခဲ့တယ်။ တစ်အူတုံဆင်း များကတော့ စိုင်းထီးဆိုင်၊ နန်းဝင်းထိန်၊ နန်းမြင့်ဦး၊ နန်းသိန်းထွေးး၊ စိုင်းအောင်ထီးခမ်းတို့ပါ။
ငယ်ငယ်ကတည်းက အသားညိုတဲ့အတွက် သူ့ကို အိုက်တူး လို့ခေါ်ကြတယ်။ မွေးနေ့ မွေးနံနာမည်ကတော့ စိုင်းတင်ဦးဖြစ်ပြီး ကိုရင်ဝတ်တုံးကတော့ နာမည်က ရှင်ဓမ္မရက္ခိတ တဲ့။ သူဟာ ငယ်စဉ်ကတည်းက လင်းခေးမြို့အနီး စီးဆင်းသွားတဲ့ နမ့်တိန်းမြစ်မှာ ရေသွားချိုးတိုင်း သံစဉ်မပီ ကာရံမညီတဲ့ တေးသံလိုလို သီဆိုလေ့ရှိတယ်။ အသက်ငါးနှစ်အရွယ် လင်းခေးမြို့ အထက်တန်းကျောင်းမှာ အခြေခံမူလတန်းတက်ခဲ့တယ်။ တစ်ဝက်တစ်ပျက်နဲ့ ကျောင်းပြောင်း ကာ လွိုင်လင်မြို့ Sacred Heart Convent High School ခရိယာန်သာသနာပြုကျောင်းမှာ သွားနေတော့ သူ့နာမည်က ရစ်ချတ်နန္ဒာဖြစ်သွားတယ်။
အနုပညာမျိုးစေ့
လွိုင်လင်ကွန်ဗဲန့်ကျောင်းတက်တုံးက စစ္စတာပီးယားက သူ့ကို ကြိုးလေးကြိုးပါတဲ့ ယူ ကလီလီ တီးခတ်စရာ ဘင်ဂျိုတစ်မျိုးလက်ဆောင်ပေးခဲ့လို့ အဲဒီကစပြီး အနုပညာနဲ့ စတင်ရင်း နီးလာတယ်လို့ ဆိုရမယ်။ လွိုင်လင်မှာ စတုထ္ထတန်းအောင်တော့ ပဉ္စမတန်းကို တောင်ကြီးမှာ သွားတက်ရတယ်။ ဘခင်ဦးနန္ဒာက သူ့သားကို တောင်ကြီး National Christian High School မှာ သွားအပ်သော်လည်း အဆောင်မရတော့တဲ့အတွက် သူငယ်ချင်းဖြစ်သူ ဦးထမ်းရွက်ထံ သွားအပ်ထားလိုက်တော့ အဲဒီမှာ စိုင်းဆိုင်မောဝ် စိုင်းလောဝ်ဆိုင်တို့နဲ့ ညီအစ်ကိုလို ခင်မင်ရင်း နီးသွားတယ်။ အနုပညာဝါသနာပါတဲ့သူတွေဆိုတော့ အနုပညာ အကြောင်းတွေကိုပဲ သူတို့ ဆွေး နွေးဖလှယ်ခဲ့ကြတယ်။ နောက်ပိုင်း စိုင်းထီးဆိုင်အဆောင်ရ တော့ National Christian High School ကို ပြန်ရောက်သွားကာ ကိုမောင်မောင်နဲ့တွေ့ပြီး ဂစ်တာတီးခတ်နည်းကို သင် ယူခဲ့တယ်။ ဂစ်တာတီးချင်လွန်း သီချင်းဆိုချင်လွန်းလို့ တောင်ကြီး ယဉ်ကျေးမှု အသင်းကို လည်း ဝင်ခဲ့တယ်။ အချိန်တိုင်းလိုလို သီချင်းဆို ဂစ်တာတီးနေတော့ နဝမတန်းမှာ သူစာမေး ပွဲကျခဲ့တယ်။ ဒါကြောင့် အဖေဖြစ်သူက သူ့ကို တောင်ကြီးမှာ မထားတော့ပဲ လွိုင်လင်ကို ပြန် ပို့လိုက်တယ်။ လွိုင်လင်မှာတော့ အပေါင်းအသင်းသိပ်မများတာကြောင့် အလည်အပတ်လည်း နဲခဲ့ပြီး သီချင်းတွေ တော်တော်များများရေးဖြစ်သွားတယ်။ ကိုးတန်းအောင်တော့ တောင်ကြီးကို ပြန်လာခဲ့ရတယ်။ ဒါကြောင့် ၁၉၆၉ မှာ ရှမ်းစာပေဆွေး နွေးပွဲလာတက်တဲ့ စိုင်းခမ်းလိတ်နဲ့ စတင်သိခွင့်ရခဲ့တယ်။ စိုင်းခမ်းလိတ်ရေးတဲ့သီချင်းသစ် တွေကိုလည်း အပြင်းပြေ သီဆိုဖို့ များ စွာရလိုက်တယ်။
ရှမ်းစာပေသမိုင်း
ရှမ်းစာပေကော်မရှင် ညီလာခံကတော့ ရှမ်းစာမူသစ်ကို အတည်ပြုဖို့ ရှမ်းပညာရှိကဝိ များ တောင်ကြီးမှာ လာစည်းဝေးကြခြင်းဖြစ်တယ်။ ရှေးအကျဆုံး ရှမ်းစာပေကတော့ ယခု တ ရုတ်စာလို ရုပ်သဏ္ဍာန်စာလုံးဖြစ်မှာပါ။ ယခုတရုတ်စာလုံးတစ်လုံးဟာ အဓိပ္ပါယ်တူပေမယ့် အသံထွက်မတူပါဘူး။ တောင်ပိုင်းတရုတ်က အသံတစ်မျိုး၊ မြောက်ပိုင်းတရုတ်က အသံ တစ် မျိုး။ ဂျပန်ကတစ်မျိုး၊ ကိုးရီးယားက တစ်မျိုး အသံထွက်ကြတယ်။ သမိုင်းပညာရှင်အချို့ ခန့် မှန်းယူဆတာကတော့ ဘီစီ ၈၄၃ ခုမှာ သာကီနွယ် အဘိရာဇာမင်းက ကောလိယတိုင်း ကနေ ပြီး တကောင်းကို ရောက်လာကာ စာပေတွေလည်း ပါလာတယ်လို့ယူဆတယ်။ တကောင်းက နေတဆင့် ဘိန္နကမင်းက မောင်ရှမ်းပြည်ကို ထပ်မံယူဆောင်လာတယ်လို့ ဆိုတယ်။ စာလုံး ပုံစံကတော့ သက္ကတသဏ္ဍာန်ပါ။ နန်ချောင်ခေတ် ဘုရင်ဆိုင်လောဝ်ပီ လက်ထက် (အေဒီ ၇၂၈-၇၄၈)မှာတော့ ရှမ်းစာအတွက် အသုံးမဝင်တဲ့ သက္ကတစာလုံးများကို ဖယ်ထုတ်ပြီး လေး ဒေါင့်ပုံစံစာလုံး ၁၈ လုံးကို ပြုပြင်အသုံးပြုကာ ပဲပင်ပေါက်ရှည်စာ(ခေါ်)လိက်ထိုငေါက်ယောဝ်း ဖြစ်လာတယ်။ အေဒီ ၁၃၁၂ မောဘုရင် ဆေခန်ဖလက်ထက်မှာတော့ ပုံစံရှည်နေတဲ့ စာလုံးကို အတိုပြန်ပြင်လိုက်တော့ ပဲပင်ပေါက်တိုစာ (ခေါ်) လိက်ထိုငေါက်ပွတ် (ခေါ်) ယခု မောရှမ်း စာဖြစ်လာတယ်။ အေဒီ ၁၄၀၈-၁၄၂၈ မှာတော့ ရေးသားရလွယ်ကူအောင်လေးဒေါင့် စာလုံး ကို အဝိုင်းအဖြစ် ပြောင်းလဲ အသုံးပြုလာကာ ယခု ရှမ်းစာမူဟောင်းဖြစ်လာတယ်။
စာပေဆိုတာ တစ်ခေတ်နဲ့ တစ်ခေတ် အမြဲပြောင်းလဲနေလေတော့ ဒုတိယကမ္ဘာစစ်ပြီး တဲ့နောက် ဆရာတော်ဦးဝိဇယနန္ဒ၊ စဝ်ဆိုင်မိန်း(ကျိုင်းတုံ)တို့ဦးဆောင်ပြီး ရှမ်းအဝိုင်းစာလုံး မူ ဟောင်းရဲ့ လိုအပ်ချက်များကို ထပ်မံဖြည့်စွက်ကာ အသံထွက်မှန် ရှမ်းစာမူသစ်ကို စီစဉ် ခဲ့ တယ်။ သို့သော် ရှမ်းပြည် ဗမာပြည် နိုင်ငံရေးအခြေအနေကလည်း မငြိမ်သက်တာကြောင့် ဒီစာတွေဟာ မပြန့်နှံ့ခဲ့ပါ။ နောက်ပိုင်း မူကွဲတွေလည်း အမျိုးမျိုးထွက်လာတဲ့အတွက် တစ်ခု တစ်စုတည်းဖြစ်အောင် ဆရာတော်သံဃာတော်များ၊ ရှမ်းပညာရှိကဝိများ၊ တက္ကသိုလ်ကျောင်း သားများ အကြိမ်ကြိမ် အစည်းအဝေးခေါ်ပြီး ရှမ်းစာပေမူသစ်ကို အတည်ပြု ပြဌာန်းခဲ့တယ်။
တောင်ကြီး ရှမ်းစာပေကော်မရှင်အစည်းအဝေးမှာ စိုင်းခမ်းလိတ်က မန်းတက္ကသိုလ် ကျောင်းသားကိုယ်စားလှယ်အဖြစ် ရှမ်းစာပေအတွက် တက်ကြွစွာ လှုပ်ရှားခဲ့တယ်။ ဒါကြောင့် စိုင်းထီးဆိုင်အတွက် စိုင်းခမ်းလိတ်နဲ့ ခင်မင်ရင်းနီးဖြစ်အောင် အကြောင်းကဖန်တီးလာတော့ တယ်။ သူတို့နှစ်ယောက် ဆုံတွေ့ခြင်းဟာ မြန်မာပြည်အနုပညာလောကအတွက် ကိုယ်ပိုင် သံစဉ်နဲ့ သစ်လွှင်တဲ့ တေးသီချင်းတွေ များစွာ ပေါ်ထွက်လာမယ်ဆိုတာ ဘယ်သူကမှ မထင် ခဲ့ဘူး။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ ခေတ်သစ်ကိုယ်ပိုင်သံစဉ်သီချင်းများ စည်ပင်စေတဲ့ ခေတ်လို့ ဆိုရပါမယ်။
ဘာကြောင့် စိုင်းထီးဆိုင်လို့ခေါ်သလဲ
၁၉၆၂ ခု တော်လှန်ရေးကောင်စီတက်လာပြီးတဲ့နောက် ကွန်ဗဲင့်ကျောင်းတွေကို နိုင်ငံ တော်ပိုင်အဖြစ် သိမ်းလိုက်တယ်။ ဒါကြောင့် ရစ်ချတ်နန္ဒာလည်း ခေတ်ပြောင်းတော်လှန်ရေး နှင့်အညီ နာမည်အသစ်ပြောင်းချင်လာတော့ ရှမ်းကဝိတစ်ဆူဖြစ်တဲ့ တောင်ကြီးမှာရှိတဲ့ ဦးခွန် မဟာ (တန့်ယန်း-မိုင်းရယ်)ထံသွားပြီး ရှမ်းနာမည်အသစ်သွားတောင်းတယ်။ ဦးခွန်မဟာ လဲ တွက်ချက်ကြည့်ပြီးတော့ ထီးဆိုင် (ထီး= အထွဋ်အထိပ်၊ ဆိုင်=တန်ဖိုးရှိသောကျောက်) လို့ တကယ်ကောင်းပေ့ဆိုတဲ့ နာမည်ပေးလိုက်တယ်။
ဝါသနာ
လွိုင်လင်မှာ ကိုးတန်းအောင်ပြီး တောင်ကြီးမှာ ဆယ်တန်းလာတက်တဲ့အချိန် ဝါသနာ ဆိုတာ တားလို့မရပါ ဆိုတဲ့အတိုင်း အကြောင်းတိုက်ဆိုင်လာရင် ဝါသနာနဲ့ အသက်ရှင်ချင်ကြ တယ်။ စိုင်းထီးဆိုင်ရဲ့ ဝါသနာကတော့ အနုပညာ ဆိုတော့ ထိုင်းနိုင်ငံမှာ သီချင်း သွားသွင်းဖို့ ကြိတ်ကြံစည်နေတယ်။ စိုင်းဆိုင်မောဝ်နဲ့ အတူ ကျိုင်းဟဲမှာ သီချင်းသွားသွင်းဖို့ နမ့်စန်မြို့မှာ အချိန်အချက်ပြုထားတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိုင်းထီးဆိုင် နမ့်စန်ကောင်ဘွိုင်ကား တန်းကြီးကို မမီတော့ပါဘူး။ ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လင်းခေးတောလမ်းအတိုင်း ကုန်သည်တွေနဲ့အတူ ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ကို ရောက်ခဲ့တယ်။ ထိုင်းနိုင်ငံထဲဝင်ဖို့ ထိုင်းနယ်ခြားစောင့်ရဲနဲ့ အဆင်မပြေလို့ စိုင်းထီးဆိုင် တောင်ကြီးကိုအရောက် ပြန်လာသော် လည်း ဆယ်တန်းစာဖြေစာရင်းသွင်းဖို့ အချိန်မမီတော့ပါဘူး။ တစ်နှစ်အောက်လိုက်ရတော့ တယ်။ ဒါကြောင့် ဖခင်ဖြစ်သူစိတ်ဆိုးပြီး သူ့ကို လင်းခေးပြန်ခေါ်သွားတယ်။ လင်းခေးမှာ ဆယ်တန်းဖြေပြီးတဲ့နောက် ရန်ကုန်မှာ အရှေ့တောင်အာရှ အားကစားပွဲရှိလို့ သူငယ်ချင်းတွေ နဲ့အတူ ရန်ကုန်ကို ရောက်သွားတယ်။ ရန်ကုန်ရောက်သွားတော့ သူငယ်ချင်း စိုင်းစိုးမြင့်နဲ့အ မှတ်မထင် သွားဆုံတွေ့ရင်း စိုင်းစိုးမြင့်က ဒီတစ်ပတ် မြန်မာ့အသံ ရှမ်းတိုင်းရင်းသား အစီ အ စဉ်မှာ သီချင်းအသစ် သွင်းဖို့ အစီအစဉ်ရှိကြောင်း ပြောလာတယ်။ စိုင်းထီးဆိုင်ကို သီချင်းဆိုဖို့ တောင်းဆိုလာတော့ ရေငတ်သူ ရေတွင်းထဲကျသလိုဖြစ်သွားလေရော့။ အဲဒီပွဲဦးထွက်မှာ ရှမ်း သီချင်း တ၊င်း၈ှဂ့်ကွခေ်,ဂူခေ်း၈ှ၊င်;rဝု. = အကျည်းတန်ချစ်သူ၊ ဂေု.၈ှဂ့်မိူင်းဂရ၁် = ရေခြား မြေခြား ချစ်သူ၊ ခေူခေ်း၈ှ၊င်;လီ = အလှပဂေးနွမ်း စတဲ့သီချင်းတွေဟာ လူကြိုက်များခဲ့တယ်။
တက္ကသိုလ်ကျောင်းသားဘဝ
ဆယ်တန်းအောင်ပြီး မန်းတက္ကသိုလ်မှာ ဒဿနိကဗေဒ တက်ခွင့်ရတော့ စိုင်းခမ်းလိတ် တို့နဲ့ ပြန်ဆုံခွင့်ရလာတယ်။ အနုပညာဝါသနာတူတဲ့ စိုင်းခမ်းသီနဲ့ ပိုမိုခင်မင်ရင်းနီးလာတဲ့အ တွက် စိုင်းခမ်းလိတ်လည်း သူ့ညီလေးရဲ့ သူငယ်ချင်းဆိုပြီး စိုင်းထီးဆိုင်ကို ပိုမိုအသိအမှတ်ပြု လာခဲ့တယ်။ သူတို့နှစ်ဦးရဲ့ အသိအမှတ်ပြုမှုဟာ တစ်နိုင်ငံလုံးအတွက် ဂီတသမိုင်းတစ်ရပ် မှတ်တိုင်ထူခဲ့တယ်။ မန်းတက္ကသိုလ်ကိုရောက်လာတော့ စိုင်းထီးဆိုင်လည်း အနုပညာ မိတ် ဆွေတွေ များသထက်များလာတယ်။ ကိုနေဝင်း (မောင့်လပြည့်ဝန်း)နဲ့လည်း ခင်ခွင့်ရသွား တော့ အဲဒီတုံးက ညစဉ်ညတိုင်း မန်းပျိုဖြူတွေရဲ့ တက္ကသိုလ်အဆောင်ရှေ့မှာ မောင်းလပြည့် ဝန်းသီချင်းကို စိုင်းထီးဆိုင် ဂစ်တာအိုတစ်လုံးနဲ့ ဆိုခဲ့တယ်။ သူ့ရဲ့ပင်ကိုယ်သံကိုက ကရုဏာ သံပါတော့ နားထောင်ရတဲ့သူတိုင်း ဘဝင်ခိုက်သွားတယ်။ တက္ကသိုလ်အဆောင်ရှေ့မှာ စိုင်း ထီးဆိုင်အဖွဲ့ သီချင်းလာဆိုပြီဆိုရင် MASU ကမမတွေ တစ်ဆောင်လုံး ငြိမ်ပြီး သူ့သီချင်း ပြီးတဲ့ အထိ နားထောင်နေကြတယ်။ အဆောင်မှူးတွေလည်း သူ့သီချင်းသံစဉ်မှာ မျှောသွား စမြဲပါ။ တက္ကသိုလ်တက်စဉ် သူ့ကို ချစ်စနိုးနာမည်ပေးကြတယ်။ ရွှေဥသြတဲ့။ ဥသြငှက်ဟာ အနက် ရောင်ဖြစ်ပြီး မလှပေမယ့် အသံကကောင်းတယ်။ ဥသြ ဥသြလို့ တစ်ပုဒ် တည်းထပ်ခါ ထပ်ခါ ဆိုသော်လည်း ကြားရသူတိုင်း မရိုးနိုင်ဘူး။ စိုင်းထီးဆိုင် အဆောင်ရှေ့မှာ သီချင်းဆိုပြီး သွားရင် မာစူးကမမတွေက အဆောင်မှူးကနေတဆင့် စားစရာတွေ ပို့ပေး လိုက်တယ်။ ပေါက် ဆူးလို့ ဆိုရမှာလားမသိ။ သူတို့ခေတ်တုံးက သူ့ရဲ့သီချင်းသံဟာ လသာတဲ့ တက္ကသိုလ်ညကို အလှဆင်ပေးပြီး သူကတော့ အမှောင်ထုထဲက ကိုရုပ်ဆိုးဖြစ်နေလေရဲ့။
၁၉၇၃ ခု ဝါသနာတူများဖြစ်ကြတဲ့ စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ ခွန်မျိုးလွင်၊ စောသိမ်း ဝင်းတို့ပူးပေါင်းပြီး The Outsiders တီးဝိုင်းအဖွဲ့ကို တည်ထောင်ကာ တက္ကသိုလ် နယ်မြေမှာ ဖျော်ဖြေပေးကြတယ်။ မောင်မယ်သစ်လွှင်ကြိုဆိုပွဲတို့ ကျောင်းသူကျောင်းသားဟောင်းများ နှုတ်ဆက်ပွဲတို့မှာ တီးခတ်ရတဲ့အတွက် မန်းတက္ကသိုလ်ကစပြီး သူတို့အဖွဲ့ကို လူသိများလာ တယ်။ အဲဒီခေတ်တုံးက ခေတ်လူငယ်တွေ ဆံရှည်ဂုတ်ဝဲ ထားတဲ့ခေတ်ဆိုတော့ သူတို့အဖွဲ့ တွေလည်း ဆံရှည်ဂုတ်ဝဲတွေပဲ။ ၁၉၇၈ စာရေးသူ မေမြို့ကျောင်းတက်တုံးက ကန်တော်ကြီး မှာ ဆံရှည်ထားတဲ့ စိုင်းထီးဆိုင်ကို ဦးစွာမြင်ဖူးခဲ့တယ်။ သူက ပင်နီရှမ်းဘောင်းဘီ၊ ရှမ်းအင်္ကျီ ရှတ်အဖြူဝတ်ပြီး ဂစ်တာတစ်လုံးနဲ့ တက္ကသိုလ်ရှမ်း ကျောင်းသားကျောင်းသူအဖွဲ့နဲ့ အတူ မေမြို့ကို picnic လာလည်တုံးကပါ။ ကောင်းစွာမှတ်မိ တာကတော့ သူ့ရဲ့ မျက်မှန်ထူကြီးပဲ။ အဲဒီတုံးက သူ့ချစ်သူဘယ်သူလဲဆိုတာ စာရေးသူ မသိပေမယ့် သူအချစ်ဆုံးကတော့ သူ့ရဲ့ ဂစ်တာပဲဖြစ်မှာပါ။ အားလုံးပျော်အောင် သူက ဂစ်တာနဲ့ သီချင်းတွေ သီဆိုပေးတယ်။
အဆိုတော်ဘဝ
နိုင်ငံကျော်အဆိုတော်တစ်ယောက် ဖြစ်လာဖို့မလွယ်ပါဘူး။ ပထမခြေလှမ်းကတော့ မန္တလေး Center တေးသံသွင်းမှာ သီချင်းစသွင်းတယ်။ တီးခတ်သံတွေ မကောင်းလို့ မအောင် မြင်ပါ။ မျှော်လင့်ချက် အိပ်မက်သာဖြစ်ခဲ့လေရဲ့။ ဒီ့ထက်ဒီ ကောင်းသထက်ကောင်းအောင် ဒုတိယခြေလှမ်းကတော့ ရန်ကုန် ဦးဘသိန်း စတူဒီယိုမှာ သွားသွင်းတယ်။ စီးရီးတစ်ခွေ ဖြစ် လာတော့ ဈေးကွက်ထဲတင်ဖို့ ခြေလှမ်းလှမ်းကြည့်တော့ ရန်ကုန်က တေးသံသွင်းတွေ လက်မ ခံပြန်ဘူး။ တစ်ချို့ကမမေးလာတယ်
ဘာသီချင်းလဲ
ဗမာသီချင်းပါ
နိုင်ငံခြားသံစဉ်နဲ့တီးတာလား
မဟုတ်ဘူး ကိုယ်ပိုင်သံစဉ်ပါ
ဟေ ကိုယ်ပိုင်သံစဉ်ဆိုတော့ သူများကို ဘယ်မီမလဲ။ နိုင်ငံခြားသံစဉ်ကို ငါတို့က နား ထောင်လို့တောင်မရဘူး။ မင်းတို့က ကိုယ်ပိုင်သံစဉ်နဲ့ ဆိုတော့ ဝေလာဝေးပဲ။ ခေတ်သစ် ဗမာ သီချင်းကို ငါတို့ဗမာကိုယ်တိုင်ဆိုတာတောင်မှ ငါတို့က နားမထောင်နိုင်ဘူး၊ မင်းတို့က ရှမ်းဖြစ် ပြီး ဗမာသီချင်းဆိုတယ် ဆိုတော့ ပိုပြီးတော့ နားထောင်နိုင်မှာမဟုတ်ဘူး . . . တဲ့
သူတို့စီးရီးသစ်အတွက် တေးသံသွင်းအားလုံးလိုလို ခေါင်းခါပြီး အဖြေပေးလိုက်တယ်။ တေးသံသွင်းတွေ ဖြန့်ပေးဖို့ အသနားခံတဲ့ မျက်နှာနဲ့ သီချင်းတစ်ပုဒ်ကို ၂ ကျပ်နဲ့ အချို့ဆိုင်မှာ ဈေးတဲ့ခဲ့တယ်။ တစ်ချို့ဆိုင်ကတော့ လုံးဝလက်မခံတဲ့အပြင် ပစ်ပစ်ခါခါပြောတာလဲရှိလေရဲ့။ စိတ်ဓါတ်ကျတယ် စိတ်ဓါတ်ကျတယ် ဆိုတဲ့သီချင်းအတိုင်း အော်ရလေမလားပဲ။ ဒါပေမယ့် အောက်ကို ပြုတ်ကျသွားတဲ့ စိတ်ဓါတ်ဟာ မဟာပထဝီမြေကြီးနဲ့ ထိပြီးရင် အပေါ်ကို ပြန်ခုန် တက်တတ်တယ် ဆိုတာ မမေ့ပါနဲ့။ ရန်ကုန်မှာ အလုပ်မဖြစ်လို့ တောင်ကြီးကိုတက်လာကာ မောဝ်တေးသံသွင်းက ကြည် ဖြူစွာလက်ခံပြီး ဖြန့်ပေးတော့ အားရှိလာသလိုလိုဖြစ်သွားတဲ့ အပြင် သူငယ်ချင်းဖြစ်သူ အောင်ခင်မြင့် (ဂျေမောင်မောင်)လည်း တောင်ကြီးရောက်ခိုက် သူ တို့သီချင်းတွေကို ရန်ကုန်ကို ပြန်သွားဖြန့်ပေးတော့ တော်တော်ကို ပြန့်သွားတယ်။
၁၉၇၃ ခုမှာပဲ သူတို့ရဲ့ The Outsiders အဖွဲ့နဲ့ စိုင်းခမ်းသီ၊ စောဂျက်ဆင်၊ စောဂျော် နီတို့ရဲ့ အဖွဲ့ Highlanders ပူးပေါင်းပြီး နိုင်ငံကျော် The Wild Ones အဖွဲ့ဖြစ်လာတယ်။ ဒီအဖွဲ့နာမည်နဲ့ ရန်ကုန်မှာ နွေရာသီ ဆိုတဲ့ စီးရီးတစ်ခွေသွားသွင်းတယ်။ ခွေဖြန့်တဲ့ အချိန် တေးသံသွင်းကလူတွေ အိပ်ရေးပျက်တဲ့အထိ ငွေတွေရေတွက်ရလို့ ခွေရောင်းကောင်းတဲ့ အကြောင်း အသံသွင်းပေးတဲ့ ကိုမောင်မောင်တောင် အံ့သြသွားတယ်။ နောက်ထပ်သွား သွင်းတဲ့ တတိယစီးရီးကတော့ မန္တလေးရောက် ရှမ်းတစ်ယောက်ပါ။ ဒီစီးရီးကြောင့် စိုင်းထီး ဆိုင်ရဲ့နာမည်လည်း တစ်နိုင်ငံလုံးသိသွားလေတော့တယ်။ တေးသံသွင်းတွေလည်း လက်မ လည်အောင် အခွေတွေကူးနေရတော့တယ်။ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်တွေမှာလည်း မန္တလေးရောက်ရှမ်းတစ်ယောက်သီချင်းသံ ညံသွားတော့တယ်။
စိုင်းထီးဆိုင်ရဲ့ သီချင်းတွေက ဗမာသီချင်းတွေများပါတယ်။ ဗမာစီးရီးတွေထဲမှာ ရံခါ ရံခါ ရှမ်းသီချင်းသံ တစ်ပိုဒ်စ နှစ်ပိုဒ်စ ညှပ်ပါလာတာကို ကြားရတဲ့ ရှမ်းတွေအဖို့ သကြားပေါ် က သကာခဲပါပဲ။ ဒီလိုနဲ့ သူ့ရဲ့သီချင်းတွေ ဆက်တိုက်ထွက်ထွက်လာတော့ ပရိသတ်ကလည်း သူ့အသံနဲ့ ရင်းနီးသထက် ရင်းနီးလာတော့တယ်။ တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ စာသား တွေကလည်း ခန့်ညားသလို စိုင်းထီးဆိုင်ရဲ့ အသံကလည်း ကောင်းလွန်းတာကြောင့် သူတို့ နှစ်ယောက်ပေါင်းမိခြင်းဟာ ရှည်လျှားတဲ့ခရီးအတွက် မီးရထားသံလမ်းလိုပါပဲ။ တချို့ အဆို တော်တွေ သီချင်းဆိုတယ်။ ကောင်းတယ်။ နာမည်ကြီးလာတယ်။ ဒါပေမယ့် အဓိက ပြဿနာ ကတော့ သီချင်းရေးပေးတဲ့သူမရှိလို့ အခက်အခဲကြုံရတတ်တယ်။ စိုင်းထီးဆိုင်အတွက်တော့ သူ့ဘက်ကရောင်းက စိုင်းခမ်းလိတ်တစ်ယောက်လုံးရှိနေလေတော့ သူများလို တေးရေးဆရာ ရှာဖို့ ပြဿနာမရှိခဲ့ပေ။ သူကိုယ်တိုင်လည်း သီချင်းရေးစပ်တတ်သူ ဖြစ်သေးတယ်။ သူတို့နှစ် ယောက်ရဲ့ မဆုတ်မနစ်ကြိုးစားမှုကြောင့် ပြိုင်တူ နာမည်ကြီးလာတော့တယ်။ တေးဆိုသူနဲ့ တေးရေးသူအကြားမှာ သူတို့နှစ်ယောက်လို ဒွန်တွဲနာမည်ရလာ ဖို့ ဖြစ်ခဲတယ်။ တချို့ တေးဆို သူသာ နာမည်ကြီးသွားပြီး တေးရေးသူကတော့ နောက်ကောက် ကျန်ခဲ့တယ်။ ဘယ်သူမှ မသိ ကြဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ စိုင်းထီးဆိုင်ဆိုတဲ့ သီချင်းကလည်း စိုင်းခမ်း လိတ်ရေးမှ ပရိသတ် သဘောတွေ့ မနောခွေ့ဖြစ်သလို စိုင်းခမ်းလိတ်ရေးတဲ့သီချင်းကလည်း စိုင်းထီးဆိုင်ဆိုမှ ကြိုက်ကြတယ်။ သူတို့နှစ်ယောက်ကတော့ လေတံခွန်နဲ့ကြိုးဖြစ်ပြီး ပရိသတ် ကတော့ တိုက်ခတ်တဲ့လေနဲ့တူတယ်။
လောကဓံ
စိုင်းထီးဆိုင်ရဲ့ သီချင်းခွေတွေ အရောင်းသွက်လှပြီး ပိုပိုပြီးတော့ နာမည်ကြီးလာလေ တော့ မနာလိုသူတွေလည်း ရှိစမြဲပါ။ ဒါကြောင့် နည်းလမ်းမျိုးစုံနဲ့ စိုင်းထီးဆိုင် နာမည်ပျက် အောင် လုပ်ဆောင်လာကြတယ်။ ကာတွန်းရုပ်ပြောင်တစ်ခုက ဘယ်လိုလှောင်ပြောင်ထားသ လဲဆိုတော့ မြန်မာဂျိမ်းစပွန်းလို့ဆိုရတဲ့ ကာတွန်းရုပ်ပြောင် တစ်ခု (ပေါ်ဆန်းမွှေး လို့ထင်တယ် စာရေးသူ သိပ်မမှတ်မိတော့ဘူး) စိုင်းထီးဆိုင်သီချင်းကို သူက နားထောင်ရင်း ကက်ဆက် ခလုတ်တစ်ခု ကိုနှိပ်လိုက်တယ်တဲ့။ သွားခေါခေါ မျက်မှန်ထူထူ ဆံရှည်ရှည်နဲ့ ခေါင်းလောင်း ဘောင်းဘီ ဝတ်ထားတဲ့ စိုင်းထီးဆိုင် ကက်ဆက်ထဲက နေထွက်လာတယ်။ ဂျိမ်းစပွန်းလို အစွမ်းထက်တဲ့ ပေါ်ဆန်းမွှေးက စိုင်းထီးဆိုင်ရဲ့ လည်ပင်းကို ဆုပ်ကိုင်ပြီး မင်းဘာဖြစ်လို့ မြန်မာသီချင်း ပီအောင် မဆိုသလဲ ဟင် မင်းရဲ့သွားကလည်း ခေါနေသေးတယ် ဆိုပြီး ပလာ ယာနဲ့ စိုင်းထီး ဆိုင်ရဲ့ သွားတွေကို နှုတ်ပစ်လိုက်တယ်။ နှားရင်းရိုက်ပြီး ကက်ဆက်ထဲ ပြန် သွင်းလိုက်တယ်။ ဒါဟာ စိုင်းထီးဆိုင် လှောင်ပြောင်သရော်ခြင်းပါ။ စိုင်းထီးဆိုင်ကတော့ သူဝါ သနာလမ်းကြောင်းအတိုင်း ဆက်လျှောက်ပြီး လောကဓံကို အေးဆေးစွာ ဖြတ်သန်းလျက်ပါ။ တချို့ကာတွန်းကတော့ လမ်းဘေးက ဘိနပ်ဆိုင်နားမှာ ထီးဆိုင်ဖွင့်ထားတဲ့ပုံတွေ လမ်းပေါ်မှာ က စိုင်းထီးဆိုင်နဲ့ တူတဲ့ သူက မျက်လုံးပြူးပြီး လန့်နေတဲ့ပုံတွေ သရော်နည်းမျိုးစုံပါပဲ။ သို့သော် လေတံခွန်ဆိုတာ လေတိုက်နှုန်းအားကောင်းလာပြီး ခံနိုင်မှုမရှိရင်တော့ စုတ်ပြတ်သွားမယ်။ ဒါမှမဟုတ် ယိမ်းယိုင်သွားမယ်။ ဒါမှမဟုတ် ကြိုးပြတ်သွားမယ်။ လောကဓံတရားဆိုတာ ဘယ် သူမှ မလွတ်နိုင်ဘူး။ ဒါပေမယ့် ကြံ့ခိုင်မှုရှိရင်တော့ ကျော်လွှားနိုင်ပါတယ်။ စိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်တို့နှစ်ယောက် ထပ်တူခံရတဲ့ လောကဓံလှိုင်းကြီး တစ်ခုကတော့ မောတော့ မော တာ ပေါ့ ဒါပေမယ့် မမောဘူး ဆိုတဲ့ သီချင်းစာသားပါ။ စာရေးသူဖတ်မိ မှတ်မိသလောက်တော့ သတင်းစာ ဆောင်းပါးတစ်ခုက အဲဒီ မောတော့မောတာပေါ့ ဆိုတဲ့ စကားလုံးတွေကို နှာဘူး အသံ ကိလေသာအသံဆိုပြီး ပစ်ပစ်ခါခါ ဝေဖန်ထားတယ်။ အဲဒါကို သီချင်းမဖွဲ့သင့်ဘူး စသ ဖြင့်ပေါ့။ အမှန်ကတော့ စိုင်းခမ်းလိတ်ရေးတဲ့သီချင်းဟာ သမီးရည်းစားနှစ်ယောက် ဘီးကလေး နဲ့ အတူလည်ချိန် သဘာဝကျကျရေးဖွဲ့ထားတဲ့ စာသားပါ။ အားလုံးလည်း ကြားဖူးပြီးသားပါ သိပ်မောသွားလား မောင်ရယ်တဲ့ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူး . . . ဒါပေမယ့် ဆောင်းပါးရေးတဲ့သူက အတွေးလွန်ပြီး သူ့ဝါသနာပါရာ စိတ်ထက်သန်ရာ ကြောင်ကြိုကြောင် ကြားလျှောက်တွေးသွားတယ် ထင်ပါရဲ့။ ထားပါတော့။
အနုပညာစကားဆိုတာ ကိုယ်လိုတဲ့ဘက်ကို ဆွဲယူလို့ရစမြဲပါ။ ဒါပေမယ့် မောတော့ မောတာပေါ့ ဆိုတဲ့စကားဟာ လူကြီးလူငယ် လူရွယ်လူလတ်တွေရဲ့ ပါးစပ်ဖြားမှာ စွဲသွားခဲ့ တယ်။ တစ်ခုခုလုပ်ပြီး မောသွားပြီဆိုရင် အဲဒီစကားကို အမောပြေအဖြစ် အမေးအဖြေ လုပ် တော့တာပဲ။ စာရေးသူတို့တောင် ခဏခဏအသုံးပြုသေးတယ်လေ။ ဒီကဲ့ရဲ့သံကို ကြားရ တော့ စိုင်းခမ်းလိတ်အတွက် ကျေနပ်ပါတော့ ဆိုတဲ့ သီချင်းတစ်ပုဒ်ရေးဖြစ်အောင် ရေးလိုက် သေးတယ်။ ခေါင်းမမော့ပါဘူး ငုံ့ဆဲပါ မင်းအလိုကျပါ . . . .
လူဖြစ်လာရင် လူတိုင်းရဲ့ ချဉ်ဖတ်ကို မဖြစ်နိုင်သလို လူတိုင်းရဲ့ အချစ်တော်လည်း မဖြစ်နိုင်ပါဘူး။ စိုင်းထီးဆိုင်ကို ချစ်တဲ့ပရိသတ်ကတော့ ရှမ်းသံဝဲဝဲ ချစ်စရာလေး လို့ပြောတဲ့ သူတွေလည်း မနဲဘူး။ ကဲ့ရဲ့တဲ့အထဲမှာ ပါးစပ်ပုတ်တဲ့ ရှမ်းအချို့လဲပါသေးတယ်။ စိုင်းထီးဆိုင် က ဗမာသီချင်းပဲဆိုတယ် ရှမ်းလိုမဆိုဘူး တဲ့။ တကယ်တမ်း ဉာဏ်ဦးနှောက်နဲ့ ဆင်ခြင်ကြည့် ရင် စိုင်းထီးဆိုင် နိုင်ငံကျော်အဆိုတော် ဖြစ်လာခြင်းဟာ-
(၁) ရှမ်းတစ်ယောက်ဖြစ်ပြီး မြန်မာသီချင်းကို သူများနဲ့တန်းတူ၊ သူများထက်ကျော်လွန်အောင် ဆိုနိုင်ခြင်း။
(၂) မိမိရဲ့ နာမည်ကို စိုင်းထီးဆိုင် ဆိုပြီး ရဲရဲရင့်ရင့် ရှမ်းနာမည်တပ်ထားခြင်း။
(၃) စိုင်းထီးဆိုင်ရဲ့ ကျော်ကြားမှုကြောင့် ရှမ်းလူမျိုးတို့ရဲ့ ဂုဏ်မြင့် ဂုဏ်တင့်ခဲ့ခြင်း။
(၄) တစ်ခါတစ်လေ စတိတ်စင်ပေါ်မှာ ရှမ်းဝတ်စုံဝတ်ပြီး သီချင်းဆိုခြင်း၊ ညာလက်မှာ ဆေးမှင် ကြောင်ထိုးထားသဖြင့် ရှမ်းဖြစ်ကြောင်း သက်သေပြခြင်း၊ မိုင်ဆုံ မင်္ဂလာပါ စသဖြင့် ရှမ်းလိုနှင့် ပရိသတ်ကို နှုတ်ဆက်ခြင်း စတာတွေဟာ မိမိရဲ့ ဇာတိမျိုးရိုးဂုဏ်ကို ဖေါ်ညွှန်းခြင်း။
(၅) သူရဲ့ ဗမာစီးရီးထဲမှာ ရှမ်းသီချင်းများ ကြားညှပ်၍ သီဆိုတာဟာ ရှမ်းပြည်နဲ့ ဝေးကွာနေတဲ့ ရှမ်းများအတွက် မိမိတို့ရဲ့ အမျိုးအနွယ်ကို မမေ့ရန် သတိပေးသလိုဖြစ်နေခြင်း စတာတွေဟာ ရှမ်းပြည်သားအဖို့ များစွာ တန်ဖိုးရှိတယ်လို့ စာရေးသူယူဆတယ်။ စိုင်းထီးဆိုင် သီချင်းအသစ် စထွက်လာတိုင်း နဂိုအဟောင်းလောက် မကောင်းတော့ဘူးလို့ ထင်ပေမယ့်ကြာကြာနာထောင် လေလေ ပိုပို ကောင်းလေလေဖြစ်ခဲ့တယ်။ အဟောင်းတွေလည်း ယနေ့တိုင် မရိုးနိုင်သေးပါ ဘူး။
အကောင်းအဆိုး ဒွန်တွဲမျိုး
နာမည်ကြီးတဲ့သူတွေဟာ များသောအားဖြင့် နာမည်ဆိုးလည်း ထွက်တတ်ပါတယ်။ စိုင်းထီးဆိုင်လဲ အဲလိုပါပဲ။ စင်းလုံးချောကောင်းမွန်တာတော့ ဘယ်သူမှ မဖြစ်နိုင်ဘူး။ ၁၉၇၇ တုံးက မူးယစ်ဆေးဝါးမှုကြောင့် စိုင်းထီးဆိုင် ထောင်ကျခဲ့တယ်။ တချို့လည်း စိုင်းထီးဆိုင် တမင်သက်သက် ထောင်ချောက်ဆင်ခံရတယ်လို့ပြောကြတယ်။ သူ့ပရိသတ်တစ်ချို့ အဲဒီ သ တင်းကြားတော့ လာဖမ်းတဲ့သူရဲ့ အိမ်ကိုတောင် ခဲမိုးသွားရွာတယ်လို့ပြောတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စိုင်းထီးဆိုင်ဟာ စိုင်းထီးဆိုင်ပါပဲ။ နာမည်ကြီးတဲ့ပုဂ္ဂိုလ်အချို့ဟာ နာမည်ပျက်ထွက်သွားရင် စုံးစုံးမြုပ်သွားတော့တယ်။ စိုင်းထီးဆိုင်ကတော့ အဲလိုမဟုတ်ဘူး။ သူ့ချစ်တဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ဖြောင့်မှန်စွာ ရပ်တည်ခဲ့တယ်။ စတိတ်ရှိုးပွဲလုပ်တိုင်း စိုင်းထီးဆိုင်ပါရင် လက်မှတ်တွေ ရှိသလောက်ကုန်သွားတော့တာပဲ။ ဒါကြောင့် ကန်ထရိုက် တွေ စိုင်းထီးဆိုင်ကို အလုအယက်ငှားကြတော့တယ်။ စိုင်းထီးဆိုင်ဟာ ပရိသတ်ကို ချစ်တဲ့သူ တစ်ယောက်ဖြစ်လို့ ပရိသတ်တွေကလည်း သူ့ကို ချစ်ကြတယ်။ လေးစားကြတယ်။ သူများ မတုနိုင်တဲ့ သူ့ရဲ့ အနုပညာပါရမီတစ်ခုကတော့ သူဟာပရိသတ်ကို ကောင်းစွာ ထိမ်းနိုင်ခြင်းပါ။ တစ်ချို့ အဆိုသမားတွေ စတိတ်စင်ပေါ် ခုန်လိုက်ပေါက်လိုက်ပရိသတ်စိတ်ဝင်စားအောင် လုပ်သော်လည်း စိုင်းထီးဆိုင်ကတော့ သမားရိုးကျ ဂီတာလွယ်ပြီး သီချင်းဆိုကာ ပရိသတ်ကို ထိမ်းသွားနိုင်ခဲ့တယ်။ ရှိုးပွဲတိုင်းလိုလို စိုင်းထီးဆိုင် တက်မဆိုခင်က ပရိသတ်တွေ လှုပ်လှုပ်ရွ ဆူဆူညံညံဖြစ်နေပေမယ့် နောက်တစ်ဖန် အလှည့်ကျတာကတော့ စိုင်းထီးဆိုင်ဖြစ်ပါတယ် … လို့ကြားလိုက်တာနဲ့ လက်ခုပ်သံတွေ မိုးထက်ညံပြီး ပွဲကြည့်ပရိသတ်တွေ ငြိမ်ကျသွားတယ်။ သူသီချင်းတစ်ပုဒ်ဆိုပြီးတိုင် လက်ခုပ်သံတွေဟာ ပိုပြီး ကျယ်လောင်တယ်။
ရှိုးပွဲတွေမှာ ပွဲထိမ်းဖို့အတွက် နာမည်ကြီးတဲ့သူကို နောက်မှာ ထားလေ့ရှိတယ်။ တစ်ခါ တစ်လေ ပွဲစီမံသူ စိုင်းထီးဆိုင်ကို ပွဲမထုတ်သေးရင် ပွဲကြည့်ပရိသတ်က စိုင်းထီးဆိုင် ထွက်လာ ခိုင်းပါ ဆိုပြီး အတင်းတောင်းဆိုတယ်။ အဲဒါကတော့ ပွဲကြည့်ပရိသတ်တွေ သူ့ရဲ့ သီချင်းသံကို မြတ်နိုးကြောင်း သက်သေပါ။ တစ်ခါ ပဲခူးရှိုးပွဲ တစ်ခု လက်မှတ်ရောင်းပြီး ကြော် ငြာတုံးက စိုင်း ထီးဆိုင်လည်းပါလို့ လက်မှတ်တွေ အကုန်ကုန်သွားတယ်။ ရုံပြည့်ရုံလျှံဖြစ်သွား တယ်ပေါ့။ နာမည်ကြီးအဆိုတော်တွေကို နောက်ပိုင်းအစီအစဉ်တွေမှာထဲ့တဲ့အတွက် တစ်ကြောင်း၊ ညဉ့် နက်လာတာက တစ်ကြောင်း၊ အိမ်ပြန်ချင်တာကတစ်ကြောင်း၊ စိုင်းထီးဆိုင် ရဲ့နားဝင်ပီယံ အ သံလေးကို ကြားချင်တာကြောင့် တစ်ကြောင်း စိုင်းထီးဆိုင်ကို ဆိုခိုင်းဖို့ အော်ကြတော့တယ်။ တက်လာတိုင်း စိုင်းထီးဆိုင်မဟုတ်သေးဘဲ ဖြစ်နေလေတော့ ပရိသတ်တွေ ဆူဆူပူပူဖြစ်လာ တယ်။ တစ်ချို့မစောင့်နိုင်တာကြောင့် အပြင်ဘက်ထွက်လာပြီး အဆိုတော်တွေနေတဲ့ နေရာ အထိ လာကြည့်ကြတယ်။ စိုင်းထီးဆိုင်ကို မတွေ့တာကြောင့် ပရိသတ်တွေ စိတ်ဆိုးပြီး ငါတို့ ကို လိမ်ပြီး လက်မှတ်တွေရောင်းတယ် ပွဲထဲပြန်ဝင်လာတယ်။ စိုင်းထီးဆိုင် မပါဘဲ လက်မှတ် ကို လိမ်ရောင်းတယ်ဆိုတဲ့ သတင်းလဲ ချက်ချင်းဆိုသလို ပျံ့သွားတော့ ပရိသတ်တွေ စိတ်ဆိုး ကြပြီး ထိုင်ခုံတွေကို စတင်ရိုက်ချိုးလာတော့တယ်။ အခြေအနေမဟန်တော့တာကြောင့် အ နောင်ဇာလည်း ပရိသတ်ကို ခေတ္တသီးခံဖို့ ပြောသော်လည်း ပရိသတ်က ပိုပြီးတော့ သောင်း ကျန်းလာကာ ပွဲပျက်လုမတတ်ဖြစ်သွားခဲ့တယ်။ တက်ဆိုတဲ့အဆိုတော်တိုင်းလိုလို အဆဲခံ ရတော့ ဘယ်သူမှ မတက်ဆိုရဲတော့ဘူး။ ရှေ့ပိုင်းမှာ ထိုင်တဲ့ပရိသတ်တွေလည်း နောက်က ဆူညံသံကြောင့် ထိုင်ရမလို ထရမလို ဖြစ်နေပြီး ပွဲထိမ်း မနိုင်သိမ်းမရဖြစ်တော့မယ့် အချိန်မှာ ရန်ကုန်က ကားတစ်စီး ပွဲခင်းထဲကို ဝင်လာတာတွေ့ရတော့ ပွဲစီစဉ်သူက ကားဆီ တစ်ခါ တည်း ပြေးသွားပြီး ကားထဲမှာ စိုင်းထီးဆိုင်ကို တွေ့ရတော့ သူထကလုမတတ် ဝမ်းသာသွား တယ်။ ပွဲအခြေအနေပြောပြကာ စိုင်းထီးဆိုင်ရဲ့ လက်ကိုဆွဲပြီး ချက်ချင်း စတိတ်စင်ပေါ်တက် ခိုင်းလိုက်တယ်။
စိုင်းထီးဆိုင်လည်း ချက်ချင်း သူချစ်တဲ့ ပရိသတ်ရှေ့အရောက်ရောက်လာပြီး ဂါရဝပြု မိုက်စ် ကိုင်ကာ ကျွန်တော်ချစ်တဲ့ ပရိသတ်များခင်ဗျား ကျွန်တော် စိုင်းထီးဆိုင် ရောက်လာ ပါပြီ။ လမ်းမှာ ကားပျက်သွားလို့ ကျွန်တော်လည်း တစ်လမ်းလုံး စိတ်ပူနေပါတယ်။ ကျွန်တော့် ကို မျှော်နေမယ့် ပရိသတ်များအတွက်လည်း စိတ်ပူမိပါတယ်။ နောက်ကျပြီးရောက်လာတဲ့ ကျွန် တော့ကို ခွင့်လွှတ်ကြပါခင်ဗျား၊ ဒီည ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကျွန်တော့်ရဲ့ ပရိ သတ်များကို ဖျော်ဖြေပေးပါ့မယ်ခင်ဗျား . . . အဲဒီအသံကြားလိုက်တော့ လက်ခုပ်သံတွေ ညံ သွားလေတော့တယ်။ ဆူညံနေတဲ့ ပရိသတ်တွေလည်း ချက်ချင်းငြိမ်သက်ကာ ဝမ်းသာ မျှော်လင့်ချက်တွေ လင်းလက်လာလေတော့တယ်။ စိုင်းထီးဆိုင်လည်း ရွှေဟင်္သာနားခိုက်၊ ရွှေဟင်္သာ ပျံမှာစိုး၊ ပျံသာပျံပါ ရွှေဟင်္သာ nun stop သီချင်းသုံးပုဒ်အပါအဝင် ပရိသတ်ကြိုက် တဲ့ သီချင်းတွေနဲ့ ပွဲထိမ်းသွားခဲ့တော့တယ်။ အဲဒီပွဲကတော့ စိုင်းထီးဆိုင် ကယ်လိုက်တဲ့ပွဲလို့ ဆိုရမယ်။ သူဘယ်ရှိုးပွဲကို သွားဆိုဆို သူဆိုပြီးတာနဲ့ နောက်တစ်ပုဒ် နောက်တစ်ပုဒ်လို့ ပရိသတ်တွေ အမြဲတောင်းဆိုတယ်။ သူလည်းနောက်တက်မည့်သူကို အားနာနာနဲ့ ထပ်ဆိုပေး သော်လည်း နောက်တစ်ပုဒ်က ထပ်တောင်းနေဆဲပါ။ သူ့အလှည့်ဆိုပြီးသွားတာနဲ့ တချို့ရှိုးပွဲ တွေဟာ လူတွေလည်း တစ်ခါတည်း ကျဲသွားတော့တယ်။
စိုင်းထီးဆိုင်ဟာ ဗမာသီချင်းခွေတွေ များစွာ ထွက်နိုင်ခဲ့ပေမယ့် ရှမ်းသီချင်းခွေကတော့ ဗမာခွေတွေလောက် သိပ်မများဘူး။ ဒါပေမယ့် နာမည်ကြီး လူကြိုက်များတဲ့ ရှမ်းသီချင်းတွေ ရှမ်းပရိသတ်များ စိတ်ကြိုက်ဖြစ်အောင် သူဆိုသွားခဲ့တယ်။ ဒီ့အပြင် ဗွီဒီယိုခေတ် တစ်စခန်းထ လာတဲ့အချိန် စိုင်းထီးဆိုင်လည်း အကယ်ဒမီမေသန်းနုနဲ့အတူ လေညာအရပ်ကအချစ် ဇာတ် ကားဟာ တော်တော်ကို နာမည်ကြီးသွားတယ်။ မစ ္ဆရိယ၊ အချစ်အတွက်တစ်ဖန်မွေးဖွားခြင်း တို့ကတော့ အဲလောက် နာမည်မကြီးခဲ့ဘူး။
စိုင်းထီးဆိုင်ဟာ ရိုးရိုးအေးအေး နေတတ်ပြီး ဝါကြွားတတ်သူမဟုတ်။ ဝါသနာတူများ ကိုလည်း လေးစားတတ်ပြီး အားပေးတတ် နှစ်သိမ့်တတ်တယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ရှိုးပွဲ တစ်ခုမှာ ဘိုဖြူက သူ့သီချင်းတွေကို ဆိုတာ သူကြားရတော့ သူဘိုဖြူရဲ့ အသံကို ချီးကျူးပြီး အားပေးခဲ့တယ်။ ဘိုဖြူက မောင့်လပြည့်ဝန်းသီချင်းဆိုပြီးသွားတဲ့အချိန် စိုင်းထီးဆိုင်ကိုယ်တိုင် ဘိုဖြူကို ဆုသွားချခဲ့တယ်။ မြင့်မားတဲ့အနုပညာစိတ်ဓါတ်ကို ဖေါ်ပြခြင်းပါ။ ကျော်ဟိန်း၊ မေဆွိ၊ ဘိုဖြူ၊ ခင်မောင်တိုးတို့ စိုင်းထီးဆိုင်သီဆို သွားတဲ့ သီချင်းတွေကို ပြန်ဆိုသွားတာ သူတို့လည်း ထိုက်သင့်သလောက် နာမည်ရသွားကြတယ်။ ဒါပေမယ့် ကော်ပီဟာ မူရင်းလောက် ဘယ် ကောင်းနိုင်မလဲ။ စိုင်းထီးဆိုင်ရဲ့ mode က သူများနဲ့ မတူဘူးလေ။
အနုပညာလောကမှာ ကြာရှည်စွာ ရပ်တည်နိုင်တဲ့ စိုင်းထီးဆိုင်လိုမျိုးလူဟာ ရှားပါးလှ ပါတယ်။ အထင်သာ အမြင်သာဆုံးတစ်ခုကတော့ စိုင်းထီးဆိုင် နှစ် ၅၀ ပြည့် ရွှေရတု မွေးနေ့ လုပ်တုံးက သူနဲ့အတူ ခေတ်ပြိုင်ဖြစ်တဲ့သူတွေအားလုံး အဆိုတော်တွေအားလုံး သူ့သီချင်း တွေကို တစ်ယောက်တစ်ပုဒ် ပြန်လည်သီဆိုသွားခဲ့တာ စိုင်းထီးဆိုင်ရဲ့ အသံဟာ ရွှေဥသြ လို ဖြစ်နေပြီး သူတို့အားလုံးကို ကျော်ဖြတ်ကာ တက်သစ်စတွေနဲ့ ရင်ဘောင်တန်းနေတာ တွေ့ ရတယ်။ ပြည်ပရောက် မြန်မာပြည်သားတွေရဲ့ ဖိတ်ခေါ်မှုကြောင့် စိုင်းထီးဆိုင်လည်း နိုင်ငံခြား မှာ သွားရောက်ဖျော်ဖြေခဲ့တယ်။
သူ့ရဲ့ နိုင်ငံရပ်ခြား နောက်ဆုံးဖျော်ဖြေမှုကတော့ ၂၁၀၂ ခု (ခရစ် ၂၀၀၇) ဒေါက်တာအရှင်ဓမ္မသာမိ ဖိတ်ကြားချက်အရ အင်္ဂလန် အောက်စ်ဖို့ ရှမ်းနှစ် သစ်ကူးမှာ သွားဖျော်ဖြေခြင်းပဲဖြစ်တယ်။
အမေရိကန်သံရုံးမှာ အလုပ်လုပ်တဲ့ ဗမာသီချင်းကြိုက်တဲ့ အမေရိကန်သူတစ်ယောက် က စိုင်းထီးဆိုင်အသံနဲ့ပတ်သက်လို့ ဒီလိုပြောဖူးတယ်။ စိုင်းထီးဆိုင်လိုအသံမျိုးနဲ့ ငါတို့အမေရိ ကန်နိုင်ငံမှာဆိုရင် သူဌေးဖြစ်ပြီ တဲ့။ ဒါပေမယ့် စိုင်းထီးဆိုင်ကတော့ ဒီနိုင်ငံမှာ သူဌေးလည်း မဖြစ်သလို သူဆင်းရဲလည်း မဖြစ်ခဲ့ပါ။ ဝါသနာကို အခြေခံပြီး အနုပညာသမားဘဝနဲ့ သားမ ယားကို အလုပ်အကျွေးပြုသွားနိုင်ခဲ့တယ်။ သူ့ဇနီးကတော့ ခင်သန်းစိုးဖြစ်ပြီး သူ့အပေါ် မှာ သစ္စာရှိတဲ့သူလို့ ဆိုရပါမယ်။ စိုင်းထီးဆိုင် ထောင်ကျတုံးက ဘယ်သူမှ သူ့ကို လာမကြည့် ပေမယ့် သူမကတော့ ကဲ့ရဲပြစ်တင်တဲ့ကြားကနေ သူ့ကို လာကူညီတယ်။ The friend in need is a friend in deed ဆိုတဲ့အတိုင်း ထောင်ကထွက်လာပြီး အိမ်ထောင်ဖက်အဖြစ် စိုင်းထီးဆိုင် က ခင်သန်းစိုးကိုပဲ ရွေးချယ်လိုက်တော့တယ်။ ခင်သန်းစိုးနဲ့အတူ (၁) စိုင်းခိုင်ခမ်း၊ (၂) နန်းစမ် ဟွမ်၊ (၃) နန်းယုခေါင် သားသမီး သုံးယောက်ထွန်းကားခဲ့တယ်။
၂၀၀၈ ခု တာချီလိတ်ကနေ သီချင်းသွားဆိုပြီး ရန်ကုန်ပြန်ရောက်လာချိန် အစာအိမ် နာ၊ အူယောင်ရောဂါဖြစ်ပြီး ကုမရနိုင်တော့တဲ့အတွက် (၁၀၊ ၃၊ ၂၀၀၈) နံနက် ၅း၄၅ နာရီ အချိန် ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စရောက်ခဲ့တယ်။ သူ့ကို သြင်္ဂိုဟ်တဲ့ နေ့ ဟာ သူ့ကိုချစ်တဲ့ပရိသတ်တွေက သူ့ကို နောက်ဆုံးအနေလိုက်ပို့ခြင်းနဲ့ လွန်စွာစည်ကား ခဲ့ တယ်။
စိုင်းထီးဆိုင်ဟာ လူသေသော်လည်း နာမည်မသေသေးပါ။ ကျားသေဟာ မိမိရဲ့ သား ရေကို ထားရစ်ခဲ့သလို စိုင်းထီးဆိုင်သေသော်လည်း သူ့ရဲ့ နာမည်ကောင်းတွေ ထားရစ် ခဲ့ တယ်။ သူဟာ သူ့အနုပညာနဲ့ ရှမ်းလူမျိုးအတွက် ဂုဏ်မြင့်စေတဲ့သူဖြစ်ခဲ့လို့ ရှမ်းပြည်နယ်လုံး ဆိုင်ရာ ပိဋကတ်ရှမ်းဘာသာပြန်အဖွဲ့ချုပ်က ပင်လုံမြို့ ပရိယတ္တိသဒ္ဓမ္မပါလ စာပွဲတော် နှစ် (၅၀)ပြည့် ရွှေရတုသဘင်ပွဲတော်မှာ စိုင်းထီးဆိုင်အား ရှမ်းအနုပညာရှင် ထူးချွန်ဆုကို ကျပ်ငွေ ဆယ်သိန်းနဲ့ အတူ ချီးမြင့်ခဲ့တယ်။ ၁၃၇၀ ပြည့် ကဆုန်လဆန်း ၁၃ ရက် ဆုပေးပွဲအခမ်းအနား ကို သားဖြစ်သူ စိုင်းခိုင်ခမ်းက ဖခင်ကိုယ်စား တက်ရောက်ယူခဲ့တယ်။ စိုင်းထီးဆိုင်တစ် ယောက် သူဒီဆုကို ရသွားတယ်ဆိုတာ သူမသိခဲ့တာကတော့ ဝမ်းနည်းစရာပါ။ စိုင်းထီးဆိုင် သေဆုံးသွားပေမယ့် သူ့ရဲ့သီချင်းသံတွေကတော့ ပရိသတ်တွေအကြားမှာ ပျံ့လွှင့်နေဆဲပါ။ ဒို့တတွေက သူ့ကို မပြန်နဲ့ဦး မပြန်နဲ့ဦးကွယ် လို့ ဆိုပေမယ့် သူကတော့ ရှမ်းသီချင်းနဲ့ နှုတ်ဆက်ကာ ထွက်သွားခဲ့တယ်။
မိူဝ်းယဝ့် မိူဝ်းယဝ့် မိူဝ်းလွရ၁်းလွရ၁်း
ပြန်ပြီ ပြန်ပြီ ဖြေးဖြေးပြန် တဲ့. . .။
စိုင်းထီးဆိုင်တစ်ယောက် ကောင်းရာသုဂတိသို့ လားပါစေ။
မူရင်း လင့် http://shanviews.com/?p=266
မူရင်း လင့် (ရှမ်းဘာသာ) http://shanviews.com/?p=55
No comments:
Post a Comment