📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Friday, August 21, 2020

ကောလိပ်ဂျင်နေဝင်း

 ကောလိပ်ဂျင်နေဝင်း (1928 - 1983)


ငယ်ဘဝ

ကောလိပ်ဂျင်နေဝင်းကို ၁၉၂၈-ခုနှစ်၊ အောက်တိုဘာ(၁) ရက်နေ့တွင် ဟင်္သာတမြို့၊ ညောင်ပင်သာရွာ၌ အဖ အငြိမ်းစားရဲဝန်ထောက် ဦးသက်ဖေ နှင့် အမိ ကျောင်းဆရာမ ဒေါ်တင်တို့မှ တစ်ဦးတည်းသောသားအဖြစ် မွေးဖွားခဲ့သည်။ ငယ်နာမည်များ ဖြစ်သော ပါပူးနှင့် နေဒွန်း မှာ လူသိများသည်။ အဘိုးအဘွားနှင့် ဘကြီးတို့လက်အောက်တွင် ကြီးပြင်းခဲ့ရသည်။ ဘဝပေး အခြေအနေအရ ဟင်္သာတမြို့တွင် လှည့်လည်၍ နွားနို့ရောင်းရင်း၊ သတင်းစာပို့ရင်း ဟင်္သာတမြို့ မစ္စတာကမ်းမင်း ဟိုက်စကူး ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဝါသနာ အလျောက် ဘောလုံး ကိုလည်း ကြိုးစား ကစားခဲ့သည်။ 


ဘောလုံးသမား

ဒုတိယကမ္ဘာစစ်အပြီး ပညာတစ်ပိုင်းတစ်စနှင့် ၁၉၄၆ ခုနှစ်တွင် တပ်မတော်ရေတပ်တွင် ဝင်ရောက်အမှုထမ်းခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် ရေတပ်သားဘဝတွင် ဘောလုံးကစားရာ၌ ရေတပ်အသင်း လက်ရွေးစင် အဖြစ် နာမည်ကျော်ကြားခဲ့သည်။ ၁၉၅၀-ခုနှစ်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင် ဖြစ်လာသည်။ ၁၉၅၁ ခုနှစ်တွင် ရေကျော် ဒေါက်တာမောင်မောင်ပြေ ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ 

၁၉၅၁ ခုနှစ်တွင် ရေတပ်မှ ထွက်ပြီး ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားခဲ့ရာ ၁၉၅၈ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ မြန်မာခရစ်ယာန် အသင်း၏ ကူညီထောက်ပံ့မှု၊ တက္ကသိုလ် တက်ရောက်စဉ် တက္ကသိုလ် အားကစား အရာရှိ ဦးငြိမ်း၏ စောင့်ရှောက်မှုဖြင့် ဦးငြိမ်းနှင့် အတူ အဆောင်တွင် မှီခို နေထိုင်ပြီး ပညာသင် ကြားခဲ့သည်။ တစ်ဖက်ကလည်း တက္ကသိုလ်ရေကူးကန် ကြီးကြပ်ရေးမှူး အလုပ်ကို လုပ်ကိုင်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းတွင် ရှေ့တန်းလူအဖြစ် ပါဝင်ကစားခဲ့သည်။ ၁၉၅၅-ခုနှစ်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမား တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရပြီး အင်ဒိုနီးရှား၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ သွားရောက်ကစားရာ ခြေစွမ်းပြခဲ့သည်။ ၁၉၅၆-ခုနှစ်တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ချီးမြှင့်သော အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည်။ 

၁၉၅၆ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ ကျင်းပသော အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်၊ ပါကစ္စတန် လေးနိုင်ငံ ဘောလုံး ဗိုလ်လုပွဲသို့ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ရွေးချယ်သော အကောင်းဆုံး ဘောလုံးသမား ထူးချွန်ဆုကိုလည်း ရရှိခဲ့သည်။ 

၁၉၅၇-ခုနှစ် ရန်ကုန် တက္ကသိုလ် ဘောလုံး အသင်းကို ခေါင်းဆောင်ကာ ကာလကတ္တား ယူနီဗာစီတီ နှစ်တရာပြည့် အထိမ်းအမှတ်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။



သရုပ်ဆောင်ဘဝ

ဘွဲ့ရပြီးချိန်တွင် မီးရထားဌာနတွင် မီးရ ထားအရာရှိတာဝန် ထမ်းဆောင်ခွင့်ရရန် သူဆက်သွယ် ညှိနှိုင်းခဲ့သည်။ မီးရထားဌာနတွင် တာဝန် ထမ်းဆောင်ရန် သူဆက်သွယ် ညှိနှိုင်း နေစဉ်မှာပင် ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန်က စာရေးဆရာကြီး ဇဝန၏ အောင်မြင် ကျော်ကြား လှသည့် ကောလိပ်ကျောင်း သားဝတ္ထုအား `ကောလိပ်ဂျင်´အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးရန် စီစဉ် နေကြသည်။ ကောလိပ်ကျောင်းသား၏ အဓိက ဇာတ် ဆောင်သိန်းဖေ အဖြစ် ကျော်ကြားဆဲ မင်းသားများကို အသုံး မပြုလိုဘဲ သိန်းဖေ၏ စရိုက်နှင့် အံဝင်ဂွင်ကျ ဖြစ်သည့် တက္ကသိုလ် ကျောင်းသားကိုသာ စိစစ်ရွေး ချယ်ပွဲထုတ်ရန် ရည်ရွယ်သဖြင့် ဒါရိုက်တာ ဦးချင်းစိန်မှ ဦးငြိမ်းအား သင့်လျော်သူ ရှာဖွေပေးရန် အကူအညီ တောင်းခံခဲ့သည်။ ဦးငြိမ်း၏ တိုက်တွန်းအားပေးမှုဖြင့် သရုပ်ဆောင် လုပ်ရန် သူပိုင်းဖြတ်ပြီး ဒါရိုက်တာ ဦးချင်းစိန်နှင့် တွေ့ဆုံခဲ့သည်။ 

ဒါရိုက်တာ ဦးချင်းစိန်မှာ သရုပ်ဆောင်သစ်များ ဖြစ်သော အေဝမ်းဝေဇင်၊ မေမြ၊ အေဝမ်း သိန်းဇော်၊ မေလွင်မြင့်အောင်နှင့် မြင့်စိုးတို့အား မွေးထုတ်ခဲ့ ရုံမျှမက ဗိုလ်မြဒင် ရုပ်ရှင်ကားဖြင့် ဇာတ်ပို့ ထွန်းဝေအား ဇာတ်ဆောင် မင်းသား အဖြစ် လျှမ်းလျှမ်းတောက် ကျော်ကြားစေပြီး အကယ်ဒမီ ပါရစေခဲ့သည့် ဒါရိုက်တာကြီး ဖြစ်သည်။ သူ့အား တွေ့ဆုံပြီးသည်နှင့် မျက်နှာသွင်ပြင်၊ သွားလာ လှုပ်ရှားမှု၊ ပြောဟန် ဆိုဟန်နှင့် သူ့တွင် ကိန်းအောင်းနေသည့် သရုပ်ဆောင်ဗီဇ (Talent) တို့နှင့် ပျော် ပျော်ပါးပါး သွက်သွက် လက်လက်နေတတ်သည့် ကျောင်းသား သိန်းဖေ၏ စရိုက် ကိုက်ညီနေသည်ကို ဒါရိုက်တာ ဦးချင်းစိန်က သိလိုက်သည်။ ပြီးတော့ ဦးချင်းစိန်က သူ့အား ထိုစဉ်က ထင်ရှားနေသော အကယ်ဒမီ ဖိုးပါကြီးကဲ့သို့ ကျွဲကော်မျက်မှန်ကိုလည်း တပ်ဆင် သရုပ်ဆောင် စေခဲ့သည်။ ထို့နောက် စာရေးဆရာ၊ သတင်းစာ ဆရာ မောင်နေဝင်းနှင့် စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ပို့ လုပ်နေသူ တက္ကသိုလ် နေဝင်းတို့ ရှိနှင့်ပြီး ဖြစ်၍ ဘောလုံးသမား နေဝင်း အဖြစ် ကျော်ကြား ပြီး သူ့အမည်ကိုလည်း မပြောင်းလဲလိုတော့၍ နေဝင်း (ဘီအေ) ဟူသည့် သရုပ်ဆောင် အမည်ကို ကင်ပွန်းတပ် ပေးခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်ကားတွင် နေဝင်း(ဘီအေ)နှင့် အတူ ထပ်ဆင့် အကယ်ဒမီ မြင့်မြင့်ခင်၊ သိန်းဆွေမြင့် (ယခု ဇာတ်ပို့ ဦးဝင်းဆွေ)၊ ချစ်ဆွေလေးနှင့် ရွှေစင်မေတို့အား ဦးဆောင် သရုပ် ဆောင်စေခဲ့သည်။ 

ကောလိပ်ဂျင် ရုပ်ရှင်ကားအား ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုံတင်ခဲ့ရာ ရုံတင်စက ကျော်ကြားဆဲ မင်းသား မဟုတ်ဘဲ မင်းသားသစ် နေဝင်း (ဘီအေ) နှင့် သူ့ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး လူမဝင်ခဲ့၊ ဝင်ကြည့်မိသမျှ လူနည်းစု၏ တစ်ဆင့် စကားဖြင့် တဖြည်းဖြည်း လူကြည့် များလာပြီး ဝင်ငွေစံချိန် တင်သည် အထိ လူကြိုက်များခဲ့သည်။ နေဝင်း (ဘီအေ) အစား ရုပ်ရှင်ကြည့် ပရိသတ်ကလည်း သူ့အား ကောလိပ်ဂျင် နေဝင်း ဟု ပြောင်းလဲ သတ်မှတ်ခဲ့ကြပြီး ပိုမိုပေါ်လွင်ထင်ရှား လူသိများလာခြင်းဖြစ်သည်။ ကောလိပ်ဂျင်ရုပ်ရှင် ကားမှ သူ့စကား “ကြေပါတယ် မအေးစိန်” မှာလည်း ပြည်သူကြားသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက် ရောက်ရှိခဲ့သည်။ 

ကောလိပ်ဂျင် ရုပ်ရှင်တစ်ကားတည်းဖြင့် ဟာသသရုပ်ဆောင် မင်းသား အဖြစ် ရုပ်ရှင်ကြည့် ပရိသတ်က သူ့အား တခဲနက် အားပေးခဲ့သဖြင့် ရုပ်ရှင်ကြည့် ပရိသတ် ပေးသော ကောလိပ်ဂျင် နေဝင်း အမည်ဖြင့်ပင် ဟာသ ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူးခွင့် ရခဲ့သည်။ ဟာသ သရုပ်ဆောင် မင်းသားအဖြစ် ကျော်ကြား နေသော ကောလိပ်ဂျင်နေဝင်းအား ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ မောင်မောင်သောင်းက မုန်းရုပ်ရှင်ကားဖြင့် တည်တည် ငြိမ်ငြိမ် သဘာ၀ ဇာတ်ရုပ်ကို ပြောင်း၍ သရုပ်ဆောင်စေရာတွင်လည်း အောင်မြင်ခဲ့ ပြန်သည်။ ထို့နောက် ဟာသရုပ်ရှင်ကား များနှင့် သဘာ၀ ရုပ်ရှင်ကားများ အပြင် အချို့ ဒါရိုက်တာများက လှုပ်ရှားမှု (Action) အသားပေး ကားများကိုပါ အခါ အားလျော်စွာ ရိုက်ကူး သရုပ်ဆောင် စေခဲ့ကြသည်။ 

မန်းသူလေးမို့၊ ချစ်အမွှာ၊ ချစ်ပွေလီ၊ ယောက္ခမကြီးရေးတဲ့ ဖူးစာ အိမ်ထောင်စု၊ သီတာကို ဘယ်သို့ချစ်ရမယ်၊ ရွှေဝါ ချစ်ထုံးရယ်ဖြေ၊ ချစ်သောချစ်သူရယ်၊ မမုန်းလေနဲ့ ငပလီစသော ဟာသကားများ မုန်း၊ မျှော်၊ အဖြေ၊ အကယ်၍သာ ချစ်မြေ၊ မေတ္တာမိုးတပေါက်၊ ဘုရားမှာ တစ်ခါဆုံတယ်။ ပန်းပန်လျက်ပါ၊ ဇာခန်းစီးနောက်ကွယ်မှာ၊ ဝမ်းနည်းဝမ်းသာ၊ မောင့်မူပိုင်ရှင်၊ သံယောဇဉ်၊မောင်ချစ် နှမချစ်၊ စကားဝါ၊ မတဲ့ အတူနေ၊ စိတ်စေတသိက်၊ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ၊ ဘမှန်ဘဇံ အကြောင်း၊ အကာက အချစ်အနှစ်က မေတ္တာ၊ ပယင်းရောင်၊ အားနွဲ့သူပါရှင်၊ ဆိုက္ကားသမားဘခက်၊ သီတာ ပြုံး၊ သဘင်သည် မဝင်ရ၊ သမီးချော၊ ဘုံပြတ်ဘမောင် စသော သဘာ၀ ရုပ်ရှင်ကားများ မောင် ချစ်တဲ့သူအငိုတိတ်အောင်၊ ကျောက်ဘီလူးနှင့် ပပဝင်း၊ ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ၊ သည်တောင်ကို မောင်ဖြိုပါ့မယ်၊ တယ် တညင် စသော လှုပ်ရှားမှု အသားပေး ရုပ်ရှင်ကားများတွင် ကောလိပ်ဂျင်နေဝင်း အမည်ဖြင့်ပင် သူသရုပ်ဆောင်ခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင် ကားမှ စတင်ပြီး ကွယ်လွန်ချိန် အထိ ကျရာဇာတ်ရုပ်တွင် သူ့အဆက် မပြတ် သရုပ်ဆောင်ခဲ့ရာ ရုပ်ရှင်ကား နှစ်ရာ နီးပါးရှိမည်ဟု ခန့်မှန်းရပါသည်။ 

ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ အနက် ဒါရိုက်တာ ခင်စိုး၏ `ပယင်းရောင်´ ရုပ်ရှင်ကားတွင် ဘဝကို နာကျည်း၍ အရက်၏ ကျေးကျွန်ဖြစ်ရသူ အဖြစ် သရုပ် ဆောင်ထူးချွန်မှုကြောင့် ၁၉၆၉ ခုနှစ် အမျိုးသား ဇာတ်ဆောင်ဆုကို လည်းကောင်း၊ ဒါရိုက်တာ သုခ၏ အကာကအချစ် အနှစ်က မေတ္တာတွင် မိတဆိုးသမီးအား သဘောမတူသူနှင့် ပေါင်းဖက်၍ စွန့်ပစ်ပြီး ခါမှ မြေးကလေးအား တိတ်တခိုး ချစ်ရသူ အဖြစ် သရုပ်ဆောင် ထူးချွန်မှုကြောင့် ၁၉၇၉ ခုနှစ် အမျိုးသားဇာတ်ပို့ဆုကို လည်းကောင်း ချီးမြှင့်ခံခဲ့ရသည်။ 

ဇာတ်ကားပေါင်း ၁၆၄-ကား ပါဝင်ရိုက်ကူးခဲ့သည်။ ထင်ရှားကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင် အဖြစ် (ကညာပျိုနှင့်ဇရာအို) စသောရုပ်ရှင်တို့တွင်လည်း ထူးချွန်စွာသရုပ်ဆောင်နိုင်ခဲ့သည်။ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားမှာမင်းသိင်္ခ ဝတ္ထုကို ဒါရိုက်တာ မြတ်တင်အေး ရိုက်ကူးသော `ဘုံပြတ်ဘမောင်´ဖြစ်သည်။ 

မြန်မာ့ ရုပ်ရှင်သမိုင်းတွင် ဇာတ်ဆောင် မင်းသမီး မပါဝင်ဘဲ ရိုက်ကူး ရုံတင်ခဲ့သည့် ရုပ်ရှင်ကားအဖြစ် ဒါရိုက်တာ ဝင်းဦး၏ အတွယ် အတာနှင့် ဒါရိုက်တာခင်စိုး၏ ဆိုက္ကားသမား ဘခက်သာ ရှိခဲ့ပါသည်။ ဆိုက္ကားသမား ဘခက်တွင် ဇာတ်ဆောင် မင်းသမီးများ မပါဝင်ဘဲ ဇာတ်ပို့များကို သူပင်ဦးဆောင်သွားခဲ့ရာ ကောလိပ်ဂျင်နေဝင်း၏ အနုပညာ သတ္တိပင် ဖြစ်ပါသည်။ သဘင်သည် မဝင်ရ ရုပ်ရှင်ကားမှာ သူ ကွယ်လွန်သည်ထိ အခက်အခဲအမျိုးမျိုးကြောင့် ရိုက်ကူးပြီးစီးမှု မရှိခဲ့၊ သူကွယ်လွန်သွားသောအခါ လက်ကျန် ဇာတ်ကွက်များတွင် မင်းသားစိန်မြင့်ကို ဆက်လက် သရုပ်ဆောင် စေခဲ့ကြသည်။ မင်းသားနှစ်ဦး ပြောင်းလဲချိန်တွင် ကောလိပ်ဂျင်နေဝင်း၏ ဈာပနသတင်းအား ကြားညှပ်ပြ ခဲ့ကြသည်။ သဘင်သည် မဝင်ရ ရုပ်ရှင်ကားအား နှစ်ချို့ ရုပ်ရှင်ကားဖြစ်သော်လည်း ရုပ်ရှင်ကြည့် ပရိသတ်က သူ့ သံယောဇဉ်ဖြင့် တခဲနက် အားပေးခဲ့ရာ ဝင်ငွေ ကောင်းမွန်ခဲ့သည်။ ကောလိပ်ဂျင်နေဝင်း၊ မြတ်လေး၊ ကြည်ကြည်ဌေးနှင့် ဘေဘီနွဲ့တို့ အားပြိုင် သရုပ်ဆောင်သော ဒါရိုက်တာ ချစ်ခင်၏ ပန်းပန်လျက်ပါ ရုပ်ရှင်ကားမှာ လူကြိုက်များ ဝင်ငွေကောင်းရုံမျှမက ရန်ကုန်မြို့တွင် ရက်ရှည်ပြသမှု စံချိန်တင် ကားအဖြစ် မှတ်တမ်း တင်ခံခဲ့ရပါသည်။ 

၁၉၆၂-ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ နှင့် ဒေါ်ခင်တင့်တို့၏ သမီး ဒေါ်ခင်မာလာ နှင့် လက်ထပ်ခဲ့ပြီး မိုးမြင့်သော်တာ ရုပ်ရှင်ကုမ္ပဏီ တည်ထောင်ကာ ကိုယ်ပိုင်ရုပ်ရှင် ဇာတ်ကားများကို ရိုက်ကူး ထုတ်လုပ်ခဲ့သည်။ ဘာသာမတူ ကွဲပြားသူနှင့် လက်ထပ်ခဲ့သည်ဖြစ်သော်လည်း အောင်မြင်သောအိမ်ထောင်ရေး တည်ဆောက်နိုင်ခဲ့သည်။ ကောလိပ်ဂျင်နေဝင်းမှာ သူ၏ ချွေးနှဲစာဖြင့် မိုးမြင့် သော်တာ ရုပ်ရှင်ကို တည်ထောင်ပြီး ဒါရိုက်တာ မောင်မိုးသူ၏ တယ်တညင်နှင့် ဒါရိုက်တာ ခင်မောင်ရင်၏ ဘမှန် ဘဇံအကြောင်း ရုပ်ရှင်ကားများကို ကိုယ်တိုင် ထုတ်လုပ် သရုပ်ဆောင်ခဲ့သည်။ အချို့အောင်မြင် ကျော်ကြား သော မင်းသားများ ကဲ့သို့ ဒါရိုက်တာ မလုပ်ဘဲ သရုပ် ဆောင်သက်သက်သာ လုပ်ခဲ့သည်မှာလည်း ထူးခြားမှုပင်ဖြစ်သည်။ 

တိတ်ခွေဇာတ်လမ်း

၁၉၇၀ ပြည့်လွန် နှစ်များမှ စတင်ပြီး ကက်ဆက် ဇာတ်လမ်းများ ထွန်းကားခဲ့သည်။ ကက်ဆက် ဇာတ်လမ်းများမှာ ကက်ဆက် သီချင်းခွေ များနှင့် အတူ မြို့ပြတွင် မက ကျေးလက်အထိ အင်အား ကြီးမားစွာ ပြန့်နှံ့ခဲ့သည်။ ရုပ်မြင်သံကြားနှင့် ဗီဒီယို ရုပ်ရှင်ကားများ ထွန်းကားချိန် တွင်မှ ကက်ဆက် ဇာတ်လမ်းများ ဈေးကွက်ပျက် သွားခဲ့သည်။ သူကွယ်လွန်ချိန်မှာ ကက်ဆက် ဇာတ်လမ်းများ ချုပ်ငြိမ်းသွားသည်ဟု ဆိုနိုင်ပါသည်။ 

ကက်ဆက် ဇာတ်လမ်းမှာ အသံဖြင့် သရုပ်ဆောင်ပြရခြင်းဖြစ်ရာ ရုပ်ရှင်၊ ဗီဒီယိုနှင့် ပြဇာတ်မှာ ကဲ့သို့ မျက်နှာ အမူအရာနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို လှုပ်ရှား မှုကို ပြခွင့်မရပါ။ အသံဖြင့်သာ နားထောင်သူကို ခံစားအောင် စွမ်းဆောင်ရသဖြင့် ခက်ခဲနက်နဲ လှပါသည်။ ကက်ဆက် ဇာတ်လမ်းများ ထုတ်လုပ်မှုအား ကောင်းစဉ်က ရုပ်ရှင် သရုပ်ဆောင်များ ဇာတ်သဘင် ပညာရှင်များ၊ တေးသံရှင်များနှင့် အနုပညာ ဝါသနာရှင်များပါ အသံဖြင့် သရုပ်ဆောင်သည့် လုပ်ငန်းကို ဝင်ရောက်လုပ် ကိုင်ခဲ့ကြပါသည်။ အသံဖြင့် သရုပ်ဆောင်ရန် ကြိုးပမ်း အားထုတ်သူများပြားစွာ ပေါ်ထွန်းခဲ့သော်လည်း ပရိသတ်၏ အားပေး လက်ခံမှုကို ဦးဆောင် သရုပ်ဆောင် အဖြစ် သူသာ အပြည့်အ၀ ရရှိခဲ့ပါသည်။ ၁၉၇၀ ပြည့်လွန်မှ ၁၉၈၀ ပြည့်လွန်နှစ်များထိ ဆယ်နှစ်ကာလ ထုတ်လုပ်သမျှ ကက်ဆက် ဇာတ်လမ်း၏ ၇၅%ခန့်တွင် သူသာ သရုပ်ဆောင် ခွင့်ရခဲ့သည်မှာ ထူးခြားလှပါသည်။ 

သရုပ်ဆောင်အဖြစ်သာမက (ကိုဘထူး၊ မဦးခင်၊ တင်မောင်မောင်) စသည့် ကက်ဆက်ဇာတ်လမ်း အခွေများတွင် အသံဖြင့် ဖျော်ဖြေရာတွင်လည်း နာမည်ရသူဖြစ်သည်။ တိတ်ခွေဇာတ်လမ်းများ တစ်ခေတ်စန်းထသောအခါက အခွေတိုင်းလိုလို ကိုးဆယ်ရာခိုင်နှုန်း သူမပါလျှင် မပြီးသလောက် ဖြစ်ခဲ့သည်။ အထူးသဖြင့် ဗိုလ်အောင်ဒင် တိတ်ခွေဇာတ်လမ်းသည် အအောင်မြင်ဆုံး ဖြစ်ခဲ့သည်။ တိတ်ခွေဇာတ်လမ်း ၆၀၀ ခန့် အသံသွင်းခဲ့သည်။ 

ဘဝနိဂုံး

၁၉၈၃-ခုနှစ်၊ ဇွန်လ (၂)ရက်နေ့၊ နံနက်(၅)နာရီ(၅)မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ နာနတ်တော ခရစ်ယာန် သချုႋင်းတွင် ဂူသွင်း သြင်္ဂိုဟ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်မာလာနှင့် သား ရုပ်ရှင်သရုပ်ဆောင် ရာဇာနေဝင်း၊ သမီး အဆိုတော် ဟေမာနေဝင်း၊ ရူပါနေဝင်း အပါအဝင် သားသမီး ၃ ဦး ကျန်ရစ်ခဲ့သည်။  

သူကွယ်လွန်ပြီးချိန်တွင် ဇနီးသား သမီးများက သူ့အနုပညာ အမွေကို ထိုက် တန်စွာပင် ခံယူပျိုးထောင် နေကြသည်။ ဇနီးဖြစ်သူ ဒေါ်ခင် မာလာမှ ဒါရိုက်တာ ခိုင်မြတ်အောင် အမည်ခံယူပြီး ခိုင်တို့ ညီအစ်မ၊ ချစ်ရင် မပြေးနဲ့၊ မောင်ခေါ်ရာ လိုက်မှာလား ရုပ်ရှင်များနှင့် ဗီဒီယို ကားများစွာ ကိုမိုးမြင့်သော်တာ ရုပ်ရှင်မှ အောင်မြင်စွာ ရိုက်ကူးထုတ်လုပ် လျက်ရှိ သည်။ သမီးဖြစ်သူ ဟေမာနေဝင်းမှ စတိရီ ယိုတေး များရော မြန်မာ သံစဉ်တေး များပါ ပိုင်နိုင်စွာ သီဆိုပြီး ကျော်ကြားသော တေးသံရှင်ဘဝကို ခိုင်မာစွာ ရပ်တည် လျက်ရှိသည်။ ပြီးတော့ သားဖြစ်သူ ရာဇာနေဝင်း ကလည်း မိခင်၏ မြေတောင်မြှောက်မှုဖြင့် ရုပ်ရှင်ကြည့် ပရိသတ် လက်ခံအားပေးသော သရုပ်ဆောင်အဖြစ် အဖေ့ ခြေရာကို နင်း၍ ရုပ်ရှင်ကားများနှင့် ဗီဒီယိုကားများ အဆက်မပြတ် ရိုက်ကူးခဲ့သည်။ 

သရုပ်ဆောင်ခဲ့သော ဇာတ်ကားများ

ကောလိပ်ဂျင်

ကော်ကောင်

ချစ်အမြွာ

ချစ်နွေလီ

အိမ်ထောင်စု

မုန်း

မျှော်

ထားသခင်

မြီးကောင်ပေါက်

ရင်မှာပျိုးသောပန်း

ဦးကလိန်

တစ်ဆောင်းသစ်ပြန်ပြီ

ပန်းပန်လျက်ပါ

ဝမ်းနည်းဝမ်းသာ

သွေးနှင့်ချွေးနှင့် ရင်းသည့်မြေ

ကျောက်ဘီလူးနှင့် ပပဝင်း

မောင့်မူပိုင်ရှင်

ရင်ပွင့်လေသောအခါ

ပွင့်ဦးကြွေမှဖြင့်

ချစ်မြေ

တစ်မိုးသောက်သော်

ပယင်းရောင်

မေတ္တာမိုးမြေ

ဘယ်ပန်းသာလို့ယဉ်

ဘမှန်ဘဇံ အကြောင်း

ထိုက်

သိုး

ပန်းခင်းသောလမ်း

အကာကအချစ်၊ အနှစ်ကမေတ္တာ

ကညာပျိုနဲ့ ဇရာအို


No comments: