📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Wednesday, August 19, 2020

ရခိုင်သူဌေးကြီး ဦးရဲကျော်သူ (၁၈၃၃-၁၉၁၀)

 ရခိုင်သူဌေးကြီး ဦးရဲကျော်သူ (၁၈၃၃-၁၉၁၀)


ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပင်းဝါမြို့အနီး ပဲတလီ ကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင်တိုင်းရင်းသား ဦးဒိုးအောင်ကြွယ်ဖြစ်၍ ညီအစ်ကို ၄ ဦးတွင် တတိယ မြောက် ဖြစ်သည်။ 


အရွယ်ရောက်လျှင် ညီအစ်ကိုနှစ်ဦး မိမိတို့၏ဇာတိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အလုပ်ရှာရန် လာ ကြသည်။ ပထမဦးဆုံး စစ်တွေမြို့ ကန်ဒကာ သူဌေးကြီး ဦးသံခြွီ၏ ကုန်ရောင်းလှေတွင် လှေထိုးသား အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမက ဝီရိယရှိမှု အမြော်အမြင် ရှိမှုတို့ကြောင့် လှေထိုးသား မောင်ရဲကျော်သူကို သူဌေးကြီး ဦးသံခြွီက သမီးဖြစ်သူ မသံဒါဖြူနှင့် လက်ထပ် ပေးခဲ့သည်။ 

လက်ထပ်ပွဲပြီးနောက် ရရှိသော မင်္ဂလာ လက်ဖွဲ့ ရတနာရွှေငွေများကို စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာ ထိုခေတ် ထို အခါက ရခိုင်ပြည်နယ် စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည်။

ဦးရဲကျော်သူသည် အောက်ခြေမှ တက်လာသူ ဘဝနာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူ လယ်သမားများ အပေါ် စာနာမှုရှိသည်။ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းတွင် မိုးဘရားသား၊ စတီးဘရားသား၊ ဘလုတ် ဘရားသား စသည့် နိုင်ငံခြားကုမ္ပဏီများ၏ ဈေးနှိမ်မှုကို နည်းမျိုးစုံနှင့် ကာကွယ်၍ ရခိုင် တောင်သူလယ်သ မားများ မနစ်နာစေရန် စပါးဈေးကို ပိုမိုပေးခဲ့သည်။ ဦးရဲကျော်သူ၏ စီးပွားရေးလုပ်ငန်းများအနက် "ဦးရဲကျော်သူ အင်ကုမ္ပဏီလီမီတက်" လုပ်ငန်းသည် အထင်ရှားဆုံးဖြစ်သည်။ ဤလုပ် ငန်းတွင် ကုမ္ပဏီရှယ်ယာ ပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုတ်ငွေများကို ချက်လက်မှတ်စနစ် သုံး၍ ငွေချေးခြင်း၊ ရွှေပေါင်၊ မြေပေါင်လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ် ငန်းပိုင်ရှင်ဟု သတ်မှတ်ကြသည်။ 


ဦးရဲကျော်သူသည် ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လ ဝီရိယ တီထွင်ဉာဏ်နှင့် ပြည့်စုံ၍ လှေထိုးသားဘဝမှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘဝမမေ့ဘဲ လှေထိုးသားဘဝက အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊ ထူးခြားမှု တစ်ရပ် မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် တပည့်ကလေးနှင့် အတူ စစ်တွေမြို့ကိုလှည့်၍ "အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊မြစ်ရေထဲတွင် ငွေတွေ မျှောနေသည်၊ ဆယ်ယူကြလော့"ဟု ဆော်သြလေ့ရှိသည်။ 

ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့် အိန္ဒိယအစိုးရက ဖိတ်ကြား၍ အိန္ဒိယ သူဌေးများကို ချီးမြှင့်သည့် သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။ ဗြိတိသျှ မြန်မာပြည် ကော်မရှင်နာ၏ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ရသည်။

စီးပွားရေး အောင်မြင်လာသည်နှင့်အမျှ ဘုရားတည်၊ ကျောင်းဆောက် အလှူဒါနအမြောက်အမြား ပြုလုပ်ခဲ့ သည်။ အထင်ရှားဆုံးမှာ ကျောက်တော်ရှိ မဟာမုနိ ဘုရား သိမ်တန်ဆောင်းတော်ကြီး၊ ကြေးဆင်းတုတော် ကြီးတို့ ဖြစ်သည်။ ထိုစဉ်က ထင်ရှားသော လယ်တီဆရာတော်ကြီးကိုလည်း စစ်တွေမြို့သို့ပင့်၍ တရားပွဲများ ကျင်းပပေးခဲ့သည်။ လူမှုရေးအနေဖြင့် စစ်တွေ ဆေးရုံကြီး၌ အမျိုးသမီး သားဖွားဆောင် ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ ယခုအခါ သံကျောင်း (သို့) ဦးရဲကျော်သူကျောင်းဟု အမည်တွင်သော ဘုန်ကြီးကျောင်းကို သက်ရှိထင်ရှား ရှိစဉ်ကပင် ဆောက်လုပ်ရန် သစ်များဝယ်၍ စီစဉ်ခဲ့သည်။ နောင်အခါ ဖခင်ကို ရည်စူး၍ သားသမီးများက သံထည်များဖြင့် တည်ဆောက်ခဲ့သောကြောင့် သံကျောင်းဟု အမည်တွင်ခဲ့သည်။ 

ဦးရဲကျော်သူနှင့် ဒေါ်သံဒါဖြူတို့တွင် သားသမီး (၁၀)ဦး ထွန်းကား၍ သား(၄)ယောက်မှာ ထင်ရှားသည်။ သားအကြီးဆုံး ဦးချန်ထွန်းမှာ အင်္ဂလန်တွင် ဥပဒေပညာသင်ကြားခဲ့ပြီး ဥပဒေနောက်ဆုံးနှစ်၌ ပထမတန်း မှ အောင်မြင်ခဲ့ကာ နောင်အခါ ထင်ရှားသော ဥပဒေပညာရှင်တစ်ဦး ဖြစ်လာသည်။ ရန်ကုန်မြို့ကိုလိုနီလက်အောက်သို့ကျရောက်ခဲ့စဉ် ဆူးလေစေတီတော်ကို ဖြိုဖျက်ရန်ကြိုးစားရာ ဦးချန်ထွန်းက အင်္ဂလန်နိုင်ငံဝိတိုရိယဘုရင်မကြီးထံ စာရေးပြီးကန့်ကွက်သောကြောင့် ဆူးလေစေတီတော်ကြီး ပျက်စီးမည့်ဘေးမှကင်းဝေးခဲ့သည်။

ဦးရဲကျော်သူသည် အသက် ၇၇ နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ် နယုန်လပြည့်ကျော် (၁၃) ရက် အင်္ဂါနေ့ နံနက် (၈)နာရီတွင် ကွယ်လွန်ခဲ့သည်



No comments: