ဂီတနက်သန်ကိုစောညိန်း (1925 - 1952)
(၁) ဆရာရန်ကုန် ဘဆွေ (၁၉၁၆-၁၉၈၆) ဟာ သူ့ရဲ့ ခေတ်ပြိုင် သမိုင်းထဲက နိုင်ငံရေး၊ စစ်ရေး၊ အနုပညာရေး စတဲ့ ဘ၀ အတွေ့အကြုံတွေကို ဝတ္ထုတွေ အဖြစ် ဖန်တီးခဲ့ပါတယ်။ ဖန်တီးမှု အတတ်ပညာ ကျွမ်းကျင်မှုကြောင့် ဝတ္ထုရဲ့ ရသကို ခံစားရသလို၊ သမိုင်း ဖြစ်စဉ်တွေကိုလည်း စိတ်ဝင်စားဖွယ် လေ့လာ မှတ်သား ကြရပါတယ်။
ဆရာရဲ့ “မင်းလိုလူစား အများကြီးဟေ့” လုံးချင်း ဝတ္ထုကို ခေတ်စာပေတိုက်က ၁၉၇၀၊ နိုဝင်ဘာလမှာ ပထမ အကြိမ် အုပ်ရေ ငါးထောင် ထုတ်ဝေခဲ့ပါတယ်။ ဒီဝတ္ထုမှာ ဆရာ ကျင်လည်ခဲ့ရတဲ့ ပြဇာတ် အတွေ့အကြုံကို နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုတွေနဲ့ ရောမွှေ ဖန်တီး ထားပါတယ်။ အဲဒီ ဝတ္ထုထဲက ဇာတ်ဆောင်တွေဟာ စိတ်ကူးနဲ့ ဖန်တီးထားတဲ့ သူတွေ မဟုတ်ဘဲ သူနဲ့ ခေတ်ပြိုင် သက်ရှိထင်ရှားကို နေခဲ့ပြီး သူနဲ့ ဆက်နွယ် ပတ်သက်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ဒီဝတ္ထုမှာ အဓိက ဇာတ်ဆောင် “ဆိုးပေ” ကလည်း ဆရာ ရန်ကုန်ဘဆွေရဲ့ ကိုယ်ပွားပါပဲ။ ပြီးတော့ ဂီတ လောကမှာ ကျော်ကြား ထင်ရှားခဲ့တဲ့ ဂီတနက်သန်ကိုစောညိန်း (၁၉၂၅-၁၉၅၂) လည်း ဇာတ်ဆောင်တစ်ဦး အဖြစ် ပါဝင်ခဲ့ပါတယ်။ ဆရာ ရန်ကုန်ဘဆွေက သူနဲ့ ကိုစောညိန်း ဆုံခဲ့ရတာဟာ ဝတ္ထုဆန် လှတယ်လို့ ဆိုပါတယ်။
(၂)
၁၉၄၅ ခုနှစ်၊ မတ် ဖက်ဆစ် ဂျပန်တော်လှန်ရေး အပြီးမှာ မြန်မာ တော်လှန်ရေး အင်အားစုတွေနဲ့ မဟာမိတ် တပ်တွေက မြန်မာပြည်ကို သိမ်းပိုက်ခဲ့ကြပါတယ်။ ၁၉၄၅၊ မေ ၁ မှာ အရှေ့တောင် အာရှ တောင်ပိုင်းစစ် ဌာနချုပ်က C.A.S (B) [Civil Affairs Service (Burma) ဆိုတဲ့ အုပ်ချုပ်ရေး စနစ်နဲ့ အုပ်ချုပ်ပါတယ်။ မြို့ပြအုပ်ချုပ်ရေးလို့ နာမည် ခံထားပေမယ့် တကယ်တမ်း ကျတော့ စစ်အုပ်ချုပ် ရေးပါပဲ။
ဗြိတိသျှ အစိုးရက ၁၉၄၅၊ မေ ၁၇ မှာ မြန်မာပြည် အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး စက္ကူဖြူ စာတမ်းကို ထုတ်ပြန် ကြေညာပါတယ်။ ဒီစက္ကူဖြူ စာတမ်းကို အခြေခံပြီး အိန္ဒိယ ဆင်းမလားမြို့မှာ ရှိတဲ့ မြန်မာပြည်ပြေး အစိုးရက ဆင်းမလား စီမံကိန်းကို ရေးဆွဲပါတယ်။ ဒီစက္ကူဖြူ စာတမ်း စီမံကိန်းနဲ့ ဆင်းမလား စီမံကိန်းတွေဟာ မြန်မာပြည်ကို ဆက်လက်ပြီး ကျွန်သက်ရှည်အောင် လုပ်ထားတာ ဖြစ်ပါတယ်။
မြန်မာ ပြည်သူတွေကလည်း ဖ၊ တ၊ ပ၊ လ (ဖက်ဆစ် တိုက်ဖျက်ရေး၊ ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်၊ နောင် ဖဆပလ) အဖွဲ့ချုပ်ကြီးရဲ့ အလံတော်အောက်မှာ တစည်းတရုံး ရှိကြပြီး မြန်မာပြည် လွတ်လပ်ရေး အတွက် နိုင်ငံရေး တိုက်ပွဲဝင် နေကြပါတယ်။ ဒီလို မြေပေါ် နိုင်ငံရေး တိုက်ပွဲနဲ့ အတူ မြေအောက်ပြောက်ကျား တပ်ဖွဲ့တွေကလည်း “လွတ်လပ်ရေး ရရင်ရ၊ မရရင်ချ”ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လက်နက်ကိုင် တော်လှန်ရေး အတွက် အသင့် ပြင်ဆင်ထား ကြပါတယ်။ ဒီလို အချိန်မှာ ဆိုးပေတို့ကလည်း ကက်စဘီ အုပ်ချုပ်ရေးနဲ့ အပြိုင် ဧရာဝတီ မြစ်၀ ကျွန်းပေါ် ဒေသမှာ စင်ပြိုင် အုပ်ချုပ်နေကြပါတယ်။
ဘိုကလေးမြို့နယ်၊ ငြုတ်ကောင်း သိမ်ချောင်း စခန်းမှာ ဆိုးပေ ခေတ္တစခန်းချ နေခိုက်မှာ စခန်းနဲ့ မိုင် ၅၀ ဝန်းကျင် အတွင်း မယုံသင်္ကာဖွယ်ရာ မျက်နှာစိမ်း တစ်ဦး ရောက်နေကြောင်း၊ ဒီမျက်နှာ စိမ်းလူငယ်က ရွာက လူငယ်တွေကို သိုင်းပညာ သင်ပေးနေသလို မယ်ဒလင်တီး၊ တယောထိုး လည်း သင်ပေးနေကြောင်း ဒီလူဟာ အင်္ဂလိပ် ရဲ့ စုံထောက်လို့ ယူဆရကြောင်း ဆိုးပေရဲ့ လူတွေ က သတင်း လာပေးကြပါတယ်။
ဒီလို သတင်းကို ဆိုးပေ ကြားလိုက်ရတော့ ဂျပန်ခေတ် အတွင်းက ဒီဒေသကို ဆိုးပေဟာ သိုင်းဆရာ ကိုဘငြိမ်း အဖြစ်နဲ့ ရောက်ခဲ့ရပုံကို ပြန်လည် သတိရလိုက်ပါတယ်။ အဲဒီတုန်းက ဒီဒေသမှာ အဓိပကတိ ဒေါက်တာဘမော်ရဲ့ ဆင်းရဲသား ဝံသာနု အဖွဲ့၊ အရပ်သားတွေ အခေါ်က “ဓားမ အဖွဲ့” က အင်အား အကြီးမားဆုံး ဖြစ်နေပါတယ်။ ဆိုးပေတို့က ဖက်ဆစ်ဂျပန်နဲ့ အတူ ဂျပန်ရဲ့ ရုပ်သေး အစိုးရ အဓိပကတိ ဒေါက်တာဘမော်ကို တော်လှန်ဖို့ ပြင်ဆင်နေကြတော့ ဒီအရပ်က လူတွေကို ကြိုးစား စည်းရုံးခဲ့ရပါတယ်။
နောက်တော့ ဒီတစ်နယ်လုံးဟာ ဆိုးပေတို့ရဲ့ ဘုမ္မိနက်သန် အောင်မြေ ဖြစ်လာခဲ့ပါတယ်။ ဒီလို ဘုမ္မိနက်သန် အောင်မြေထဲ မျက်နှာစိမ်း သိုင်းဆရာ လေးတစ်ယောက် ရောက်နေတယ် ဆိုတာဟာ ဆိုးပေအဖို့ သင်္ကာ မကင်းစရာ ဖြစ်နေပါတယ်။ သတင်း လာပို့တဲ့ သူ့လူတွေက သူတို့ လူတွေကို သိုင်းဆရာရွာက ပြန်မထွက်ရအောင် စောင့်ကြည့်နေကြဖို့ ထွက်ပြေးမယ် လုပ်ရင် အဆုံးစီရင် ပစ်ဖို့ တာဝန် ပေးထားခဲ့ကြောင်းကိုလည်း ဆိုးပေကို ပြောပြ လိုက်ကြပါသေးတယ်။ ဆိုးပေဟာ သူ့လူတွေ အကြောင်းကောင်းကောင်း သိထားတော့ ချက်ချင်းပဲ ဒေးဒရဲမြို့အနီးက“လေးရွာ”ကို ထွက်လာခဲ့ပါတယ်။
“လေးရွာ” ကို ရောက်တော့ ညဉ့်နက်နေပါပြီ။ ရွာထဲမှာ အလှူပွဲ ရှိလို့ ဇာတ်ပွဲ ကနေပါ တယ်။ သိုင်းဆရာလေးလည်း သူ့တပည့်တွေနဲ့ အတူ ဇာတ်ပွဲကြည့်နေကြောင်း သိုင်းဆရာလေး ရဲ့ တပည့် ဆိုသူတွေကလည်း ဆိုးပေရဲ့ လူတွေပဲ ဖြစ်ကြောင်း ဆိုးပေ သိလိုက်ရ ပါတယ်။ ဆိုးပေ လိုက်သွားပြီး သိုင်းဆရာလေးကို မလှမ်းမကမ်း ကနေ စောင့်ကြည့် အကဲခတ်လိုက်ပါတယ်။ ဆိုးပေ မြင်တွေ့ရပုံကို ဒီလို သရုပ်ဖော် ထားပါတယ်။
(အရပ်ငါးပေ ငါးလက်မခန့် ရှိပေလိမ့်မည်။ ပိန်သောကြောင့် အရိုးအဆစ် ရှည်ပုံ၊ ကြီးပုံရ၏။ အသားအရောင် ဖြူဖျော့ဖျော့ဖြစ်၏။ အားနည်းပုံ ရ၏။ ကိုယ်ဟန်သွယ်သွယ်ကြော့ကြော့နှင့် ယဉ်ကျေးပုံဟန်ရှိသော်လည်း မျက်လုံးက မာန ရောင်လွှမ်းနေ၏။ သူသည် တစ်တောင်တစ်မိုက် ခန့်ရှိသော ငှက်ကြီးတောင်ဓားကို ချိုင်းကြား၌ ညှပ်လျက် မြို့သားတို့သာ အသုံးပြုသည့် သိုးမွှေး လည်စည်းအနီကို နားရွက်နှစ်ဘက်ဖုံးလျက် ခေါင်းတွင် ပတ်ထား၏။ ထို့ကြောင့် လွမ်းရိပ် သမ်းဟန်ရှိသော သူ၏ဖြူဖျော့ဖျော့ မျက်နှာသည် တမျိုးတဖုံ ကြည့်ကောင်းလှ၏။) လို့ ဖြစ်ပါတယ်။ပြီးတော့ ဆိုးပေက (ဤကဲ့သို့သော ရုပ်လက္ခဏာမျိုးသည် အကယ်၍ သိုင်းဆရာ ဖြစ်စေဦး။ ခင်မင်ဖွယ်ကောင်းသော၊ အကျင့်စရိုက် ရှိသောသူ ဖြစ်တတ်၏။) ဆိုပြီးလည်း လူကဲခတ် မိလိုက်ပါတယ်။ ဆိုးပေက နောက်နေ့မှာ သိုင်းဆရာလေးကို သူ့ဆီ ခေါ်လာဖို့ သူ့လူတွေကို မှာခဲ့ပြီး ဇာတ်ပွဲ ကနေ ပြန်လာခဲ့ပါတယ်။ နောက်နေ့ နေ့လယ် (၁) နာရီလောက်မှာ ဆိုးပေတို့ လက်ဖက်ရည် ကြမ်းဝိုင်းထဲ ထိုင်နေ ကြတုန်းမှာ လေးရွာက ဆိုးပေရဲ့ လူတွေနဲ့ အတူ သိုင်းဆရာလေး ရောက်လာပါတယ်။ တောရပ် တောရွာတွေမှာ ဘယ်သွားသွား ဓားတွေ၊ လှံတွေကို ဆောင်လေ့ ရှိကြပါတယ်။ အခုလည်း သိုင်းဆရာလေးက ဓားကို လွယ်အိတ် လွယ်သလို ပုခုံး တစ်ဖက်မှာ လွယ်ထားပါတယ်။
သိုင်းဆရာ ကားနဲ့အတူ ပါလာတဲ့ တပည့်တွေက ဆိုးပေနဲ့ သိုင်းဆရာလေးကို မိတ်ဆက် ပေးလိုက်ပါတယ်။ ဆိုးပေက သိုင်းဆရာလေးရဲ့ လက်ကို ဖမ်းဆုပ် လိုက်ပါတယ်။ သိုင်းဆရာလေး ကလည်း ခင်မင်တဲ့ ဟန်ပန်နဲ့ ပြန်ဆုပ်ထားလိုက် ပါတယ်။ ဆိုးပေက သိုင်းဆရာလေးရဲ့ ပခုံးပေါ်က ဓားကို ဖျတ်ခနဲ ဖြုတ်ယူလိုက်ပါတယ်။ သိုင်းဆရာလေး မျက်နှာပျက်သွားပါတယ်။
ဆိုးပေက “ကျွန်တော် သိမ်းပေးမလို့ပါဗျ” လု့ိပြောကာ အနားက တိုင်တစ်တိုင်ပေါ်က သံချောင်းမှာ ချိတ်ထားလိုက်ပါတယ်။ ပြီးတော့ သိုင်းဆရာလေးကို လက်ဖက်ရည်ကြမ်း ဝိုင်းထဲ ဝင်ထိုင်ခိုင်းပြီး ဆိုးပေကလည်း သိုင်းဆရာလေးနဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်ပါတယ်။ ပြီးတော့ ဆိုးပေက သိုင်းဆရာလေးရဲ့ နာမည်၊ မိဘ၊ နေရပ်၊ အလုပ်နဲ့ လေးရွာကို ဘယ်လို ရောက်လာ ပုံတွေကို မေးပါတယ်။ သိုင်းဆရာလေးက ပြန်ဖြေပါတယ်။ သိုင်းဆရာလေးရဲ့ ဖြေပုံတွေက မရေမရာ ဖြစ်နေလို့ ဆိုးပေ ဘဝင်မကျ ဖြစ်သွားပါတယ်။ ဒီတော့ ဆိုးပေက ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါတယ်။
“အခု ခင်ဗျားတပည့် လုပ်နေကြတဲ့ ကျွန်တော့်ရဲ့ လူတွေက ကျွန်တော့်ဆီတမင် ခေါ်လာတာ။ သူတို့က ခင်ဗျားကို အင်္ဂလိပ်ရဲ့ သူလျှို၊ အင်္ဂလိပ်ဘက်က လွှတ်ထားတဲ့ အစိုးရ စုံထောက်လို့ ထင်နေကြတယ်။ တချို့က ခင်ဗျားကို သတ်ဖို့တောင် လုပ်နေကြပြီ။ သူတို့ ဒီလိုလုပ်ဖို့ ကျွန်တော့်ဆီ လာပြီး အကြောင်း ကြားတာနဲ့။ နေဦး ဒီလူကို တွေ့ပါရစေ ဆိုပြီး ကျွန်တော်က အဝေးကြီးက လိုက်လာပြီး ခင်ဗျားကို လာကြည့်တာ” လို့ ဖြစ်ပါတယ်။
သိုင်းဆရာလေးက အားတင်းပြီး ပြုံးနေပေမယ့် မျက်နှာ ပျက်နေတာကိုတော့ ဖုံးဖိလို့ မရပါဘူး။ ဒါနဲ့ အတူပါလာတဲ့ သူ့တပည့်တွေကို လှမ်းကြည့်လိုက် ပါတယ်။ သူ့တပည့်တွေ ကလည်း လက်ဖက်ရည်ကြမ်း ဝိုင်းမှာ ရှိနှင့်နေ ကြတဲ့ လူငယ်တွေလိုပဲ၊ မျက်နှာတွေ တင်းမာ နေကြတာ တွေ့လိုက်ရ ပါတယ်။ ပြီးတော့ အိမ်ရှေ့ဘက် ကရော၊ နောက်ဖေးဘက် ကပါ ဓားလှံ ကိုယ်စီနဲ့ လူငယ်တွေ တက်လာကြပါသေးတယ်။ သိုင်းဆရာလေးရဲ့ ပတ်ပတ်လည်မှာ လူ ငယ်လေးငါးဆယ် လောက် ဖြစ်သွားပါတယ်။ အိမ်ရှေ့ပေါက်နဲ့ နောက်ဖေးပေါက် တွေမှာလည်း သေနတ် ကိုယ်စီနဲ့ လူတချို့ ပိတ်ရပ်နေ ကြပါသေးတယ်။
ဆိုးပေက “ခင်ဗျား ဒီရွာကို ဘယ်လို ရောက်လာတယ်။ ဘာကြောင့် ရောက်လာတယ် ဆိုတာတော့ မပြောချင်လည်း နေပါလေ။ ကျွန်တော်တို့ ခင်ဗျားကို ယုံတယ်ပဲ ထားပါတော့။ ဒါပေမယ့် အခု ခင်ဗျား ပြောထားတဲ့ နာမည်က ခင်ဗျား နာမည်အစစ် မဟုတ်ဘူး။ အဲဒါကို ကျွန်တော်တို့ အလိုလို သိနေတယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း ခင်ဗျားကို ယုံသလို ခင်ဗျားကလည်း ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ နာမည် လောက်ကိုတော့ အမှန်အတိုင်း ပြောထားဗျာ” လို့ ပြောလိုက်ပါတယ်။
သိုင်းဆရာလေးက “ရန်ကုန်မှာ ကျွန်တော့်ကို ခေါ်ကြတဲ့ နာမည်ကတော့ စောညိန်းပါပဲ။ ရန်ကုန်က ကာတွန်း ကိုညီညီနဲ့ ကျွန်တော်နဲ့လည်း ခင်ပါတယ်။ ကျွန်တော့်ကို မယုံရင် အဲဒီကို လူလွှတ်ပြီး စုံစမ်းနိုင်ပါတယ်။ ကျွန်တော်ဟာ လူကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ အစိုးရ အမှုထမ်းလည်း မဟုတ်ဘူး။ အရင်ကလည်း မလုပ်ဖူးဘူး။ စာရေး ဝါသနာပါတယ်။ ဂီတ ဝါသနာ ပါလို့ တယောထိုးတယ်။ ကြည့်မြင့်တိုင် တဘက်ကမ်းက ဆရာကြီးဆီမှာ သိုင်းပညာသင် တယ်။ အဲဒီနောက် ကျွန်တော်အိမ်က ထွက်လာပြီး လျှောက်လည်တာပါပဲ။ ဘာရယ်လို့တော့ ရည်ရွယ်ချက် မရှိပါဘူး။ အဲဒါ ကျွန်တော် အမှန်အတိုင်း ပြောတာပါပဲ” ဆိုပြီး ရှင်းပြတယ်။
ဆိုးပေက “အေးဗျာ ခင်ဗျားပြောတာ ကျွန်တော်ယုံတယ်။ ဒါပေမယ့် ခင်ဗျားဟာ ဂီတ အနုပညာကို ဝါသနာပါတဲ့ တယောသမား သက်သက် တစ်ယောက်ဆိုရင် ကောင်းမယ်။ သိုင်းပညာကြီးကို ဝါသနာပါတယ် ဆိုတော့ တချို့ လူငယ်တွေက အထင် လွဲကုန်တာပေါ့လေ။ တယောတို့၊ မယ်ဒလင်တို့ကို သင်ပေးတယ် ဆိုရင် တစ်ယောက်၊ နှစ်ယောက် အလွန် လေးငါးယောက်ပဲ သင်ကြမယ် မှုတ်လား၊ သိုင်းတို့ ဘာတို့ဆိုတော့ လူငယ်တွေ ရွာလုံးကျွတ် သင်ချင်ကြတာပေါ့။ အဲဒီတော့ ဘေးက စောင့်ကြည့်နေကြတဲ့ သူတွေက တမျိုးတမည် ထင်လာတတ် ကြတာပေါ့”ဆိုပြီး ကြောင်းကျိုးပြ ပြောလိုက်ပါတယ်။
နောက်ဆုံး ဆိုးပေက “ကဲ ထားပါတော့ လေ။ ခင်ဗျား ကတိတစ်ခုပေးရမယ်။ ခင်ဗျား အခုနေတဲ့ရွာက ဘယ်သွားချင်သွားချင် အဲဒီရွာမှာ ရှိတဲ့ ထွန်းလှိုင်ကို လွှတ်ပြီး ကျွန်တော့်ဆီ အကြောင်းကြားခိုင်း။ ထွန်းလှိုင်ဆီက အကျိုး အကြောင်း သိပြီးမှသွား။ အဲဒီလို မဟုတ်ဘဲနဲ့ ခင်ဗျားသဘောနဲ့ ခင်ဗျား ထွက်သွားရင် ရွာအပြင်ဘက်ကို တစ်မိုင်လောက် လွန်မိတာနဲ့ ခင်ဗျား အတွက် စိုးရိမ် ရလိမ့်မယ်။ ကျွန်တော်က ခြောက်လှန့် နေတယ်လို့လည်း မအောက်မေ့ပါနဲ့။ ခင်ဗျားကို ကျွန်တော် ရင်းရင်းနှီးနှီးနဲ့ ပြောတာပဲ” လို့ သတိပေးလိုက်ပါတယ်။ ကိုစောညိန်းကလည်း ကတိပေးပါတယ်။
(၃) ဆရာ ရန်ကုန်ဘဆွေက ကိုစောညိန်းရဲ့ စရိုက်ကို ဒီလို ဖော်ပြထားပါတယ်။
(ဆိုးပေသည် စောညိန်း ဤအရပ်သို့ မည်သည့် အကြောင်းကြောင့် ရောက်လာသည်ကို ဝတ္ထု ဆန်ဆန်ပင် တွေးတော ယုံကြည်ထားခဲ့သည်။ ထို မိမိ၏ ယုံကြည်ချက်ကိုလည်း အမြဲပင် အတည်ပြုထားသည်။ တစ်နည်း ဆိုရသော် စောညိန်းသည် ဆိုးပေ၏ ခေါင်းထဲ၌ တွေ့ မြင်နေရသည့် ဝတ္ထု တစ်ပုဒ်ထဲက ထူးဆန်းသော ဇာတ်ကောင်မင်းသား တစ်ယောက် ဖြစ်နေရသည်။
ဆိုးပေ၏ မင်းသားသည် တယောတစ်လက်ကို ပိုက်လျက် မြန်မာပြည် အရပ်ရပ်ရွာစဉ် အနှံ့သို့ ရောက်ခဲ့သည်။ သူ ရောက်လေရာရာ အရပ်တို့၌ သူကိုယ်တိုင် ရေးစပ်သော သီချင်း တစ်ပုဒ်ကို ကိုယ်တိုင် သီဆို၍ တယောထိုးလေ့ ရှိသည်။ ထိုသီချင်းကို သီဆို၍ တယောထိုးတိုင်း သူ့စိတ်သည် သူ့ကိုယ်၌မရှိ။ သူ့အသံသည် တယောသံနှင့် အတူလွင့်ပါးကာ ကောင်းကင်ယံသို့ ပျံတက်လျက် ဟင်းလင်းပြင်ကြီးတွင် တစ်စုံတစ်ခုကို ရှာဖွေသည်။ သူ့စိတ်သည် ထိုသူ့အသံနှင့် တယောသံတို့ ရှာဖွေရာ နောက်သို့ တကောက်ကောက် လိုက်ပါ နေရာရှာ၏။ သီချင်းသံနှင့် တယောသံတို့ တိတ်ဆိတ်သွားသော အခါ သူ့စိတ်သည် အလွန်နွမ်းလျ မောပန်းစွာ သူ့ကိုယ် အတွင်းသို့ ရောက်လာရသည်။ ထိုအခါ သူ့မျက်လုံး၌ မျက်ရည်ကလေးများ ဝေနေတတ်သည်။ ထို့နောက် မည်သူ့မျှ စကား မပြောဘဲ သူသည် တစ်နေရာရာသို့ သွားလျက် တစ်ယောက်တည်း ထိုင်နေတတ် လေသည်။ ဆိုးပေသည် ထိုအကြောင်းကို သိရန် သူ၏ သီချင်းမှ တစ်ဆင့် ခြေရာခံ၍ လိုက်ခဲ့ရသည်။
“ဖြေလည်း မောင်မချိတော့တယ်။ စွဲလမ်းမိ ပေါ့ တစ်ပြည်သူရယ်၊ သံသရာ ဟိုအစ ဖြစ်လေ ရာဘဝက ချစ်ခွင့်ငယ်ကြုံ ကံဆုံလို့ရယ် ရေစက်နီးလို့ ထင်တယ်။ နဖူးစာရွာလည်” သီချင်းသည် “သံသရာ ဟိုအစကတည်းက ချစ်ခွင့်ဝယ် ကြုံ၍ ကံဆုံခဲ့သော “သူ” နှင့် နဖူးစာ ရွာလည်၍ တွေ့ ခဲ့ပြီးနောက် “စိမ်” ခေါ်၍ ပြေးသကဲ့သို့ ပျောက်ကွယ် သွားလေသော အခါ ဤကမ္ဘာမြေကို အခါခါ လှန်၍ ရှာစေဦး၊ နေနှင့် လ မရှိ၍ အလင်းရောင် မရသဖြင့် မမြင်ရစေဦး လက်ဖြင့် စမ်းသပ်၍ ရှာနေရသည်ဖြစ်စေ သံသရာ မဆုံးမချင်း လိုက်ရှာနေပါတော့မည် ဟူသော အဓိပ္ပာယ်ကို ဆောင်နေ၏။ ဆိုးပေသည် စောညိန်း၏ ခံစားချက်ကို စိတ် ဝင်စား၏။ စောညိန်းကို သနား၏။ နောက်ဆုံး၌ စောညိန်းနှင့် ခင်မင်သွားရ၏) လို့ ဖြစ်ပါတယ်။
(၄)
ဆောင်းပါးရှင် စောနိုင်ဦးဆိုသူက ၂၀၀၂ သြဂုတ်ထုတ် မြားနတ်မောင် မဂ္ဂဇင်းမှာ “မိုးအစ မိုးအလယ် မိုးအဆုံး (ဂီတနက်သန် ကိုစောညိန်း (၁၉၂၅-၁၉၅၂) ရွှေရတု အမှတ်တရ” ဆောင်း ပါးကို ရသနွယ်ပြီး တင်ပြခဲ့ပါတယ်။ ဆရာ ရန်ကုန်ဘဆွေ တင်ပြပုံနဲ့ နှိုင်းယှဉ်ကြည့်ဖို့ ထပ်ဆင့် တင်ပြလိုက်ပါတယ်။
(ကိုစောညိန်း ငယ်စဉ်က (၂) လမ်းရှိ ဦးဘိုးအေးကျောင်းတွင် ပညာသင်ရာ “ခင်” ဆိုသော မိန်းကလေး တစ်ယောက်နှင့် သိကျွမ်းခဲ့ရ သည်။ “ခင်” တို့က ကြွယ်၀ ချမ်းသာသည်။ ဓနဂုဏ် အသိုင်းအဝိုင်းကြားမှာ ကြီးပြင်း လာရသူ ဖြစ်သည်။ ဖြူစင် ချောမောသော အသားအရေ ရှိပြီး စိတ်သဘောထားမှာလည်း စင်ကြယ် သန့်ရှင်းသည်။ ထို့ကြောင့် ကိုစောညိန်းက “ခင့်” ကို စံပယ်ပန်းကလေးနှင့် တင်စားခဲ့သည်။
“___ မူမှန် အမင်ပွင့်၊ အဖြူခံ အဆင်းနှင့် အသွင်တင့်ယဉ်ကျေးပါပေတယ်___ငွေရည် ငယ်သွေး၊ ရိုးရိုးလေးနဲ့ မြင်သူငေးဖွယ်၊ ဘယ်ဆုတောင်းလဲကွယ် စံပယ်ရယ်၊ အပျိုတော်ဝင် အရွယ်၊ ချစ်ချစ်ဖို့ ကောင်းလွန်းတယ်။ (စံပယ်)၄ ဖြူစင်ကြယ်သူလေးကို သည်အမည် ပေးချင်ပါပြီ ကွယ်”
ကိုစောညိန်းတို့က ဓနဂုဏ် ချို့တဲ့သော်လည်း ဉာဏ်ကောင်းသည်။ ဂီတ၊ စာပေ၊ အနု ပညာ၌ ဝါသနာ ထုံသည်။ ရည်ရည်မွန်မွန် ရှိပြီး ခင်မင်စရာ ကောင်းသောကြောင့် လူတိုင်းက ချစ်ခင်ကြသည်။ “ခင်” မှာလည်း လူတိုင်းထဲက တစ်ယောက်မို့ ကိုစောညိန်းကို ခင်မင်တွယ်တာ စွဲလမ်းခဲ့ရသည်။ သူတို့ နှစ်ဦးသည် တစ်ဦးကို တစ်ဦး တွယ်တာ သံယောဇဉ် ဖြစ်နေခဲ့ကြသော်လည်း ဖွင့်ပြောဖို့မှာ လက်တွေ့တွင် မဖြစ်နိုင်ဘဲ ရှိနေသည်။ တစ်ဖက်သားမှာလည်း မိန်းကလေး တန်မဲ့ ဖွင့်ပြောရမှာခက်သလို၊ တစ်ဖက်သား ယောကျ်ားလေးမှာလည်း မတန်သည့်ပန်းကို မလှမ်းဝံ့ဝံ့ ဖြစ်နေခဲ့ရသည်။ မည်သို့ပင် ဖြစ်စေ “ခင့်” အား တစ်နေ့နေ့တွင် ဖွင့်ပြောနိုင်လိမ့်မည် ဟု အားခဲထားစဉ်မှာပင် သူတို့ နှစ်ဦးအား ဒုတိယ ကမ္ဘာစစ်ကြီးက တနယ်တကျေးဆီသို့ ခွဲပစ်လိုက် လေသည်။ စစ်အတွင်းတွင် ကိုစောညိန်းသည် အလျဉ်း သင့်သလို “ခင့်” အကြောင်းကို လိုက်လံစုံစမ်း သည်။ “ခင်” နှင့် ရင်းနှီးခဲ့သူများနှင့် တွေ့တိုင်း “ခင့်” အကြောင်းကို မေးသည်။ ကြုံလျှင် ကြုံသလိုလည်း “ခင့်” ကို ရှာဖွေ နေမိတော့သည်။ လောကသစ္စာ၊ မရမတ္ထ သစ္စာကို ရှာဖွေရန် ခက် ခဲသလို “ခင့်” ကို ရှာရသည်မှာလည်း လွယ် လှသည်တော့ မဟုတ်။
“___ တရွေ့ရွေ့ ဝေးပါလို့၊ ရေမြေ အဏ္ဏဝါ ကမ္ဘာ မြေခြားရာဝယ်၊ ထွက်ပြေးရှောင်ဖယ်၊ ပြေး ရှောင်ဖယ်၊ မောင့်အပေါ်ဝယ် မူလွန်းအားတယ် ကွယ်၊ နာရီတွေ နှောင်းရက်တွေဟာ ညောင်းပါလို့ရယ်၊ လရာသီတွေ (ပြောင်းကာ)၂ နှစ်ပေါင်း တွေ ကြာခဲ့ပေါ့ မဟာကပ်ကမ္ဘာ မြေလွှာပြင် ဝယ်၊ မြူခြေငွေနှင်းကျကာ ဆင်းသည့်နှယ်၊ သင်္ကာ ယုံမှားလွဲစွာ မှောင်မည်းဝိဇ္ဇာပိတ်ကွယ်၊ သြော် တွေ့နိုင်ခဲလှတယ်___”
ရေမြေဆုံးစေသည့်တိုင် “ခင့်” ကို ရှာဖွေ မည်ဟု အားခဲထားသော်လည်း “ခင်” နှင့် ပတ် သက်၍ သတင်းဆိုးတစ်ခု ကြားခဲ့ရသည်။ မိတ် ဆွေတစ်ဦး၏ ပြောပြချက်အရ “ခင့်”မှာ မိဘများ ပေးစားသော စက်သူဌေးသား တစ်ဦးနှင့် လက်ထပ်သွားပြီဟု သိလိုက်ရသည်။ ရွှေသည်းမှာ ပျိုးပါတဲ့ မညှိုးပင် ကလေးသည် ကြွေကြွေကာ နွမ်းခဲ့ရလေပြီ။ သူ့အား အရိုင်းစံပယ်မို့ ပစ်ပယ် ခဲ့ပြီး နန်းထိုက်တဲ့ ပန်းမကိုဋ် သခင်ကို ရွေး သွားသည်ဟုသာ မှတ်ယူလိုက်သည်။ ယင်း နောက်နေ့မှစ၍ သူသည် လောင်ကျွမ်းခဲ့ရသော အသည်းနှလုံးအား ဂီတနှင့် ဖုံးဖိကုစားခဲ့ရသည်) လို့ ဖြစ်ပါတယ်။
(၃) ဆရာ ရန်ကုန်ဘဆွေက ကိုစောညိန်းရဲ့ စရိုက်ကို ဒီလို ဖော်ပြထားပါတယ်။
(ဆိုးပေသည် စောညိန်း ဤအရပ်သို့ မည်သည့် အကြောင်းကြောင့် ရောက်လာသည်ကို ဝတ္ထု ဆန်ဆန်ပင် တွေးတော ယုံကြည်ထားခဲ့သည်။ ထို မိမိ၏ ယုံကြည်ချက်ကိုလည်း အမြဲပင် အတည်ပြုထားသည်။ တစ်နည်း ဆိုရသော် စောညိန်းသည် ဆိုးပေ၏ ခေါင်းထဲ၌ တွေ့ မြင်နေရသည့် ဝတ္ထု တစ်ပုဒ်ထဲက ထူးဆန်းသော ဇာတ်ကောင်မင်းသား တစ်ယောက် ဖြစ်နေရသည်။
ဆိုးပေ၏ မင်းသားသည် တယောတစ်လက်ကို ပိုက်လျက် မြန်မာပြည် အရပ်ရပ်ရွာစဉ် အနှံ့သို့ ရောက်ခဲ့သည်။ သူ ရောက်လေရာရာ အရပ်တို့၌ သူကိုယ်တိုင် ရေးစပ်သော သီချင်း တစ်ပုဒ်ကို ကိုယ်တိုင် သီဆို၍ တယောထိုးလေ့ ရှိသည်။ ထိုသီချင်းကို သီဆို၍ တယောထိုးတိုင်း သူ့စိတ်သည် သူ့ကိုယ်၌မရှိ။ သူ့အသံသည် တယောသံနှင့် အတူလွင့်ပါးကာ ကောင်းကင်ယံသို့ ပျံတက်လျက် ဟင်းလင်းပြင်ကြီးတွင် တစ်စုံတစ်ခုကို ရှာဖွေသည်။ သူ့စိတ်သည် ထိုသူ့အသံနှင့် တယောသံတို့ ရှာဖွေရာ နောက်သို့ တကောက်ကောက် လိုက်ပါ နေရာရှာ၏။ သီချင်းသံနှင့် တယောသံတို့ တိတ်ဆိတ်သွားသော အခါ သူ့စိတ်သည် အလွန်နွမ်းလျ မောပန်းစွာ သူ့ကိုယ် အတွင်းသို့ ရောက်လာရသည်။ ထိုအခါ သူ့မျက်လုံး၌ မျက်ရည်ကလေးများ ဝေနေတတ်သည်။ ထို့နောက် မည်သူ့မျှ စကား မပြောဘဲ သူသည် တစ်နေရာရာသို့ သွားလျက် တစ်ယောက်တည်း ထိုင်နေတတ် လေသည်။ ဆိုးပေသည် ထိုအကြောင်းကို သိရန် သူ၏ သီချင်းမှ တစ်ဆင့် ခြေရာခံ၍ လိုက်ခဲ့ရသည်။
“ဖြေလည်း မောင်မချိတော့တယ်။ စွဲလမ်းမိ ပေါ့ တစ်ပြည်သူရယ်၊ သံသရာ ဟိုအစ ဖြစ်လေ ရာဘဝက ချစ်ခွင့်ငယ်ကြုံ ကံဆုံလို့ရယ် ရေစက်နီးလို့ ထင်တယ်။ နဖူးစာရွာလည်” သီချင်းသည် “သံသရာ ဟိုအစကတည်းက ချစ်ခွင့်ဝယ် ကြုံ၍ ကံဆုံခဲ့သော “သူ” နှင့် နဖူးစာ ရွာလည်၍ တွေ့ ခဲ့ပြီးနောက် “စိမ်” ခေါ်၍ ပြေးသကဲ့သို့ ပျောက်ကွယ် သွားလေသော အခါ ဤကမ္ဘာမြေကို အခါခါ လှန်၍ ရှာစေဦး၊ နေနှင့် လ မရှိ၍ အလင်းရောင် မရသဖြင့် မမြင်ရစေဦး လက်ဖြင့် စမ်းသပ်၍ ရှာနေရသည်ဖြစ်စေ သံသရာ မဆုံးမချင်း လိုက်ရှာနေပါတော့မည် ဟူသော အဓိပ္ပာယ်ကို ဆောင်နေ၏။ ဆိုးပေသည် စောညိန်း၏ ခံစားချက်ကို စိတ် ဝင်စား၏။ စောညိန်းကို သနား၏။ နောက်ဆုံး၌ စောညိန်းနှင့် ခင်မင်သွားရ၏) လို့ ဖြစ်ပါတယ်။
(၅)
ကိုစောညိန်းက ဒီလို “ခင့်” ကို ကမ္ဘာကုန် ကျယ်သရွေ့ လိုက်ပြီး ရှာနေစဉ်မှာပဲ ဆရာ ရန်ကုန် ဘဆွေနဲ့ ဆုံခဲ့ရတာ ဖြစ်ပုံရပါတယ်။ ဆရာရန်ကုန် ဘဆွေနဲ့ ကိုစောညိန်းတို့ ဝတ္ထုဆန်ဆန် ပထမ အကြိမ် ဆုံခဲ့ရပြီးနောက် ဒုတိယ အကြိမ် အနု ပညာနဲ့ ဆက်နွယ်ပြီး ဆုံဆည်းကြဖို့ အကြောင်း တစ်ရပ်က ဖန်လာပြန်ပါတယ်။
ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်ခေတ်မှာ ရုပ်ရှင် အနုပညာသည်တွေဟာ ရုပ်ရှင်ဖလင် အခက်အခဲကြောင့် ရုပ်ရှင် မရိုက်ကြရလို့ ဝမ်းရေး ပြဿနာ ကြုံလာကြရပါတယ်။ ဒီတော့ ရုပ်ရှင် အနုပညာသည် တွေဟာ ကိုယ့်အုပ်စုနဲ့ကိုယ် ပြဇာတ် အဖွဲ့တွေ ဖွဲ့ပြီး နယ်လှည့် ကပြခဲ့ကြရာ ကနေ ရန်ကုန်မြို့ ကန်တော်ကြီးစောင်းမှာ ပြဇာတ် ရုံတွေ ပေါ်ပေါက်လာတော့ ရန်ကုန်မြို့မှာ ပြဇာတ် ခေတ်တစ်ခေတ် ထွန်းကား လာခဲ့ပါတယ်။ မြန်မာနိုင်ငံ စာရေးဆရာ အသင်းကလည်း ပြဇာတ်တွေ၊ နှစ်စဉ်တင်ဆက်ကပြခဲ့ကြပါတယ်။ ဒီလိုနဲ့ တချို့ မြို့ကြီးတွေမှာလည်း ဝါသနာရှင်တွေ စုပေါင်းပြီး ပြဇာတ် အဖွဲ့တွေ ပေါ်ပေါက် လာခဲ့ကြပါတယ်။
ဘိုကလေးမြို့မှာလည်း ကိုအောင်စိန် ဦးဆောင်တဲ့ မီးသတ်တပ်ဖွဲ့နဲ့ ဘုံဝါဒ အဖွဲ့ လူငယ်တွေကလည်း ပြဇာတ်အဖွဲ့ဖွဲ့ပြီး ဆိုးပေ ဒါရိုက်တာ လုပ်တဲ့ “ခဝဲပွင့်ချိန်” ဆိုတဲ့ ပြဇာတ် တစ်ပုဒ်ကို ကပြခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက် ပြီး ဂီတလုလင်မောင်ကိုကိုက (ဂီတလုလင် မောင်ကိုကိုနှင့် စကားပြောခြင်း၊ မောင်ရစ်၊ ရုပ်ရှင် တေးကဗျာ၊ ဇန်နဝါရီမှ မေထိ၊ ၂၀၀၆) မှာ ဒီလို ပြောပြခဲ့ပါတယ်။
(တော်လှန် ရေးပြီးတော့ ဆရာတို့ အဖွဲ့ဟာ ရောဂါထပြီး ပြဇာတ် ကဖြစ်တယ်။ အဲဒီလက တန်ဆောင်မုန်း လပြည့်ကာလ ဖြစ်တယ်။ ဒါရိုက်တာက ဗဆွေလေး ဖြစ်တယ်။ (အဲဒီတုန်းက ဖ၊ ဆ၊ ပ၊ လ အမှုဆောင်နဲ့ ပြည်သူ့ အရေးတော်ပုံ ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဗဆွေ ရှိနေလို့ ရန်ကုန်ဘဆွေကို ဘဆွေလေးလို့ လူတွေက ခေါ်ကြပါတယ်။) ပရိသတ်က သဘောကျတယ်။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်။ အရမ်း အောင်မြင်တယ်။ ဒါနဲ့ မြို့သားတွေက မြှောက်ပေးကြတယ်။ နယ်လှည့် ကပြရင် ကောင်းမယ်လို့ အကြံပေး ကြတယ်။) လို့ ဖြစ်ပါတယ်။
“ခဝဲပွင့်ချိန်” ပြဇာတ် အောင်မြင်ပေမယ့် ပြဇာတ်အဖွဲ့ထဲ ပါဝင်တဲ့ လူတစ်ချို့ရဲ့ စည်းကမ်း မဲ့မှုကြောင့် ရန်ကုန်ဘဆွေ (ဆိုးပေ) က “စအို ပွင့်ချိန်” လို့ ကင်ပွန်းတပ်ပြီး ပြဇာတ်နဲ့ ကင်းကင်း ရှင်းရှင်း နေလာခဲ့ပါတယ်။ ဒါပေမယ့် ကိုအောင် စိန် ဦးဆောင်တဲ့ ပြဇာတ် အဖွဲ့ကတော့ ပြန်လည် ဖွဲ့စည်းပြီး နယ်လှည့် ကပြခဲ့ကြပါတယ်။
ပြဇာတ်အဖွဲ့ ကျိုက်လတ်ကို ရောက်တော့ အခြေအနေ မကောင်းတာနဲ့ အစုဝင်သူတွေက လည်း ဖြစ်၊ သရုပ်ဆောင ်တွေလည်း ဖြစ်ကြတဲ့ လူတချို့က သူတို့ အစုဝင်ငွေတွေကို ပြန်ယူပြီး ဘိုကလေးကို ပြန်မယ်ဆိုပြီး ပြန်လာကြတယ်။ ဒီတော့ ပြဇာတ်အဖွဲ့ ခေါင်းဆောင် ကိုအောင်စိန် က ပြဇာတ်ကပြတာကို နှစ်ညနားပြီး ဆိုးပေဆီ ကို ပြေးလာခဲ့ပါတယ်။ ဆိုးပေကို ဝင်ကူပေးဖို့ တောင်းပန်တယ်။ ဆိုးပေကလည်း သူ့တာဝန် တွေကို အဖွဲ့ချုပ်က ရပ်ဆိုင်းခိုက်နဲ့ ကြုံကြိုက် နေသော ကျိုက်လတ်ကို ကိုအောင်စိန်နဲ့ အတူ လိုက်သွားခဲ့ပါတယ်။
ဆိုးပေက အခြေအနေကို လေ့လာတယ်။ ကပြနေတဲ့ ပြဇာတ် နှစ်ပုဒ်ထဲက တစ်ပုဒ်ကိုပဲ ပရိသတ်က ကြိုက်ရုံလောက်ပဲ ရှိပါတယ်။ ဒီတော့ ဆိုးပေက အစီအစဉ်တွေ လုပ်တယ်။ အဲဒီ အချိန်က ဂီတလုလင် မောင်ကိုကိုက သီချင်းတွေ မရေးသေးဘူး။ ဒါနဲ့ ဆိုးပေက ကိုအောင်စိန်ကို ခေါ်ပြီး “လေးရွာ” မှာရှိတဲ့ ကိုစောညိန်းကို သွားတွေ့တယ်။
“ကိစ္စမရှိပါဘူး။ ဒီလို အခက်အခဲတွေ ကြားထဲမှာ ဖြစ်အောင် တိုးနိုင်မှ ကျွန်တော်က စိတ်ပါတာ” ဆိုပြီး ဆိုးပေနဲ့ အတူ ကိုစောညိန်း လိုက်လာခဲ့ပါတယ်။ အထက်က အင်တာဗျူးမှာပဲ ဂီတလုလင် မောင်ကိုကိုက “ကိုဗဆွေလေး လူတစ်ယောက်ကို ခေါ်လာတယ်။ ဆံပင်ရှည် ရှည် ညှဉ်းသိုးသိုးနဲ့ ပိန်ပိန်ပါးပါး။ သူက သီချင်း လည်း ရေးတတ်တယ်။ တယောလည်း ထိုးတတ်တယ်တဲ့။ ဒါနဲ့ ဆရာတို့ အဖွဲ့ကလည်း သူ့ကို ဝမ်းသာစွာ ကြိုဆို လက်ခံခဲ့တာပေါ့။ အဲဒီ လူ ဘယ်သူ ထင်သလဲ။ မြန်မာဂီတ သမိုင်းမှာ တသီးတသန့် ထင်ရှား ကျော်ကြားလာမယ့် သူလေ။ သူက ဂီတနက်သန် ကိုစောညိန်း ဆိုတဲ့ လူငယ် တစ်ယောက်လေ” လို့ ဆိုပါတယ်။
ကျိုက်လတ်ကို ပြန်ရောက်တော့ ဆိုးပေက ပြဇာတ်ဆက်က နိုင်ဖို့ ကြိုးစားတယ်။ တီးဝိုင်း ကိုမောင်ကိုကိုနဲ့ ကိုစောညိန်းတို့က တာဝန်ယူတယ်။ ဆိုးပေက အချိန်နှစ်နာရီလောက် ကပြနိုင် မယ့် ရှေ့ပိုင်းပြဇာတ်တိုလေးတွေကို ရေးတယ်။ “တာဝန်” ဆိုတဲ့ ပထမဆုံး ပြဇာတ်တိုလေးမှာ ခေါင်းဆောင် မင်းသားက ကိုစောညိန်း၊ ဒုတိယ ခေါင်းဆောင် မင်းသားက ဆိုးပေ။ ဗိုလ်ရဲချစ်နဲ့ သူ့ရဲဘော်တွေက ဇာတ်ပို့ဇာတ်ရံတွေ၊ လူကြိုက် များပြီး အောင်မြင်သွားတယ်။ နောက် ပြဇာတ်တိုလေးတွေမှာ ကိုစောညိန်း ဝင်မပါတော့ဘူး။ တီးဝိုင်းကိုပဲ တာဝန် ယူနေခဲ့တယ်။ ဇာတ်ဝင် သီချင်းတွေ ရေးပေးတယ်။
တစ်ညမှာ ပရိသတ်အကြိုက်ဆုံး “ကိုပေါဂူ” ပြဇာတ်က ခေါင်းဆောင် မင်းသားကို မသမာသူ တချို့က အရက်တွေတိုက်၊ ဆေးခြောက်နဲ့ ချက်ထားတဲ့ ကြက်သားကို ကျွေးလို့ အမူးလွန်ပြီး ပြဇာတ်ကို တပိုင်းတစနဲ့ ဆက်မကနိုင်တော့ဘူး။ ပြဇာတ်ကို ရပ်ပစ်လို့လည်း မဖြစ်ဘူး။ ဒီတော့ ဆိုးပေက ကိုစောညိန်းရဲ့ စရိုက်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင်သစ်ကို ဖန်တီးပြီး ကိုစောညိန်းကို ဆက်ပြီး ကပြစေပါတယ်။
“မရဏ မောင်းသံ” လုံးချင်း ဝတ္ထုမျိုးကို ရေးဖူးခဲ့ပြီး ဦးပုည၊ ဦးကြင်ဥ၊ မန်လည် ဆရာ တော်တို့ရဲ့ စာတွေကို အချက်ပိုင်ပိုင် ဌာန်နဲ့ မာန်နဲ့ ပရိသတ်ကို လှုပ်ခတ်သွားအောင် သရုပ် ဆောင်နိုင်တဲ့ ကိုစောညိန်း ဆိုပြီး ဆိုးပေက ဝမ်းသာ အားရ ချီးကျူးခဲ့ပါတယ်။ “ကိုပေါဂူ” ပြဇာတ် ဟာ အရင်ကထက်ပိုပြီး ပရိသတ်ရဲ့ အကြိုက်ကို ရရှိနိုင်ခဲ့ပါတယ်။
ပြီးတော့ ဆိုးပေရဲ့ “စစ်ပြန်” ပြဇာတ်ရှည် ကြီးကြောင့် ပိုအောင်မြင်လာခဲ့ပြီး အခြေခိုင်လာ ခဲ့ပါတယ်။ ကျိုက်လတ်ကနေ ဒေးဒရဲ၊ ဒေးဒရဲ ကနေ ဖျာပုံကို ရောက်တော့ ရန်ကုန်ကိုတက်ပြီး ကပြဖို့ စီစဉ်ကြပါတယ်။ ဒါပေမယ့် ပြဿနာ တွေက ရှိနေတယ်။ ကိုစောညိန်းက “တကယ်လို့များ အင်မတန် အခြေအနေ ဆိုးတဲ့ အကြောင်းမျိုးနဲ့ တိုက်ဆိုင်လာရင် ဒီလူတွေ အားလုံးရဲ့ ဝမ်းရေးအတွက် ကျွန်တော်က လမ်းပေါ်မှာ တယော ထိုးပြီးတောင်း ကျွေးပါ့မယ်” ဆိုပြီး ရဲရဲကြီး တာဝန် ခံလိုက်ပါတယ်။
ပြဇာတ် အဖဲ့ွသားတွေက ကိုစောညိန်းဟာ ရဲဘော်ကြီး လီနင်လောက် စွမ်းဆောင်နိုင်မယ့် ပုဂ္ဂိုလ်ကြီးဖြစ်ပြီး အဆိုအတီးမှာလည်း ဗီသိုဗင် လောက်တော်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဆိုပြီး ချီးကျူးသြဘာ ပေးကြပါတယ်။ တကယ်လည်း ကိုစောညိန်း ပြောသလို ဖြစ်လာခဲ့ ပါတယ်။ ဆိုးပေနဲ့ ကိုအောင်စိန်တို့က ရန်ကုန်ကို ကြိုတင် သွားကြပါတယ်။ ပြဇာတ်အဖွဲ့က ဖျာပုံ ကနေ သမ္ဗာန်နှစ်စင်းနဲ့ လိုက်လာခဲ့ကြပါတယ်။ သမ္ဗာန်ဆရာတွေက လမ်းခရီးမှာ တစ်ညပဲ အိပ်ရမယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် လေနဲ့ရေတို့ အဆင်မသင့်တော့ တွံတေးမှာ နောက် တစ်ညအိပ်ဖို့ ကြုံလာရပါတယ်။ စားနပ်ရိက္ခာက တစ်ရက်စာပဲ ပါလာတော့ တွံတေး အရောက် ညမှာ ထမင်း ငတ်ကြရပါတော့တယ်။
အဲဒီ အချိန်မှာ ကိုစောညိန်းက သူ့ဝတီ အတိုင်း ယောကို ကောက်ကိုင်လိုက်ပြီး ဆွေး နယ်ချဲ့ လွမ်းတေးဖွဲ့ပါတော့တယ်။ လူတွေက အိမ်ပေါ်က ဆင်းလာကြပြီး နားထောင်ကြပါတယ်။ လူတွေက ပြဇာတ် အဖွဲ့ဖြစ်ကြောင်းနဲ့ ညနေ ထမင်း မစားကြရသေးကြောင်းကို သိသွား ကြတော့ ချက်ချင်းပဲ ထမင်းပွဲကြီး စီစဉ်ပြီး အချို၊ အကြမ်း၊ လက်ဖက်၊ ကွမ်း၊ ဆေးတွေနဲ့ တည်ခင်း ကျွေးမွေးကြ ပါတယ်။ ကိုစောညိန်းရဲ့ ဂီတ အနုပညာ အစွမ်းနဲ့ ပြဇာတ် အဖွဲ့သားတွေရဲ့ အငတ် ပြဿနာကို ဖြေရှင်း ပေးနိုင်ခဲ့ပါတယ်။
(၆)
ရန်ကုန်မြို့ ကန်တော်ကြီးစောင်းက နာမည်ကြီး နေသူရိန်ပြဇာတ်ရုံကြီးမှာ “စစ်ပြန်” ပြဇာတ်ကို ကတော့ ပရိသတ် အကြိုက်ဆုံး ပြဇာတ် ဖြစ်သွားပြီး သတင်းစာတွေက ချီးကျူးရေးသား ကြပါတယ်။ ဂီတလုလင် မောင်ကိုကိုက (အဲဒီတုန်းက ပြဇာတ်တွေဟာ ဟာသနဲ့ အချစ်ကိုပဲ ဦးစားပေး တင်ပြနေကြတော့ “စစ်ပြန်” ဆိုတဲ့ ခေါင်းစီးက အရမ်း ထူးဆန်းနေတယ်။ ပြဇာတ်ထဲက အကြောင်းအရာနဲ့ စကားလုံးတွေကလည်း သိပ်သစ်ဆန်းနေတယ်။ ဘီအိုင်အေ၊ ဘီဒီအေ တပ် တွေမှာ အနစ်နာခံ တိုက်ပွဲဝင်ပြီး ခြေပြတ်၊ ဒူးပြတ် ဖြစ်ခဲ့ကြရတယ်။ ခုတော့ လွတ်လပ်ရေးဆိုတာ ဘယ်မှာလဲ။ ဘယ်တော့ လွတ်လပ် ရေးရမှာလဲ ဆိုတဲ့ အကြောင်းအရာတွေ ဖြစ်နေတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လာကြည့်ပြီး မျက်ရည်တွေ ဘာတွေ ကျသွားတယ် ဆိုတော့ အနုပညာ အရ အောင်မြင်တာပေါ့။ ဒါနဲ့ ဆရာတို့ ရဲ့ ပြဇာတ် အဖွဲ့ကြီးကိုလည်း အဲဒီ နေသူရိန်မှာ ပဲ ဖျက်ခဲ့ကြပါတယ်။) လို့ ဆိုပါတယ်။
ကိုစောညိန်းနဲ့ ပတ်သက်ပြီး ဂီတလုလင် မောင်ကိုကိုက (ဆရာတို့ ပြဇာတ် အဖွဲ့ကြီး ပျက်သွားတော့ သူ့သမာဓိ သတင်းစာမှာ ဝင်ပြီး အလုပ် လုပ်တယ်လို့ ကြားမိတာပါပဲ) လို့ ဆိုပါတယ်။ တကယ်လို့များ ပြဇာတ်အဖွဲ့ကြီး ဆက်လက် ရှင်သန်နေခဲ့ရင် လက်စောင်းထက်တဲ့ ရန်ကုန် ဘဆွေကြောင့် ကိုစောညိန်းဟာ နာမည်ကျော် ပြဇာတ်မင်းသား ပြီးတော့ ရုပ်ရှင်မင်းသား ဖြစ်လာ လေမလား ဆိုပြီး ကျွန်တော် တွေးကြည့်နေမိပါ တယ်။
တက္ကသိုလ်မောင်ယဉ်သူ
(ပေဖူးလွှာ မဂ္ဂဇင်း၊ ဖေဖေါ်ဝါရီလ ၂၀၁၁)
No comments:
Post a Comment