ဒေါ်နွဲ့နွဲ့စန်း
ဆိုဗီယက်ပြန်ရဲ့ ဘဝဇာတ်ကြောင်း
သန်လျင်မြို့၊ အောင်ချမ်းသာ ရပ်ကွက်ထဲက အတွင်းဘက် ကျကျ နေရာ တစ်ခုမှာ ““အမေများရွာ””လို့ နာမည် တပ်ထားတဲ့ ခြံဝင်းတစ်ခု ရှိပါတယ်။ တစ်ထပ် တိုက်ပုလေးတွေ နဲ့ တည်ဆောက်ထားတဲ့ အဲဒီ ခြံဝင်းထဲမှာ ရုပ်ရှင် လောကက သက်ကြီး အနုပညာရှင် အချို့ စုစည်း နေထိုင် ကြပါတယ်။ အိုးပိုင် အိမ်ပိုင်မရှိဘဲ ဘဝကို ခက်ခဲစွာ ရုန်းကန် ဖြတ်သန်း နေကြရတဲ့၊ နွမ်းပါးတဲ့ ဇာတ်ပို့ ဇာတ်ရံ အနုပညာ ရှင်ကြီးတွေ အတွက်ကတော့ ““အမေများရွာ”” ဟာ ကန္တာရထဲက အိုအေစစ်လေး တစ်ခုလိုပါပဲ။
အမေများ ရွာဖြစ်ပေါ်လာဖို့ အတွက် နှစ်ပေါင်းများစွာ တစ်စိုက် မတ်မတ် ကြိုးစား လာခဲ့သူကတော့ အမေများ အဖွဲ့ကို ဦးဆောင်သူ တစ်ယောက် ဖြစ်တဲ့ ဒေါ်နွဲ့နွဲ့စန်းပါ။
အငြိမ့်သဘင် လောကမှာ ““ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း””ရယ်လို့ နာမည် တစ်လုံးကို ရေးထိုးထား နိုင်ခဲ့ပြီး ရုပ်ရှင် လောကမှာလည်း အကယ်ဒမီ ရွှေစင် ရုပ်တုကို ပိုင်ဆိုင် ထားခဲ့သူ ဒေါ်နွဲ့နွဲ့စန်းကို ““အမေများရွာ”” မှာ ကျန်းမာစွာ တွေ့ခဲ့ရပါတယ်။
ဒေါ်နွဲ့နွဲ့စန်းကို မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ နယ်ထဲက လင်းကတော ကျေးရွာမှာ ၁၉၄၁ ခုနှစ်က မွေးဖွားခဲ့တာဆို တော့ အခုဆိုရင် အသက် (၇၄) နှစ်ရှိပါပြီ။ သို့တိုင်အောင် သူ့ဘဝ၊ သူ့ အကြောင်းတွေ ကို သွက်လက်စွာ ပြန်ပြောင်း ပြောပြရင်း စကားသံ နဲ့ လေယူ လေသိမ်း က အစ ငယ်မူ ငယ်သွေး အတိုင်း ကြည်လင် ပြတ်သား နေဆဲ ဖြစ်တာကို တွေ့ရတယ်။
ရိုးသားတဲ့ တောင်သူ မိဘနှစ်ပါးက မွေးဖွားလာတဲ့ ဒေါ်နွဲ့နွဲ့စန်းဟာ မွေးချင်း ငါးဦးထဲမှာ သုံးယောက်မြောက် ဖြစ်ပါတယ်။ အနုပညာမျိုး ရိုးလည်း မရှိပါဘဲ သူတစ်ဦးတည်း အငြိမ့်သဘင် နဲ့ ရုပ်ရှင် လောကကို ရောက်ရှိ လာခဲ့တာပါ။ သူမ ငယ်စဉ်ဘဝမှာပဲ ဖခင်ဖြစ်သူက ကွယ်လွန် သွားခဲ့တာမို့ (၃၅) နှစ် အရွယ် မိခင်ဖြစ်သူဟာ ကျန်ခဲ့တဲ့ ကလေး တစ်သိုက်နဲ့ ဘဝကို ဆက်လက် ရုန်းကန် ဖြတ်သန်း လာခဲ့ရတယ်။
သူမ ခုနစ် နှစ်သမီး အရွယ်မှာ နယ်မှာရှိတဲ့ ထန်းပင်တွေ၊ လယ်မြေတွေကို ရောင်းချပြီး မန္တလေးမြို့ကို ပြောင်းရွှေ့ လာခဲ့တယ်။ မန္တလေး ရောက်တဲ့အခါ မန္တလေး ပန်တျာကျောင်း မှာ စတင်ပညာ သင်ကြားခဲ့ရတယ်။
““ပန်တျာကျောင်း ဆိုတာ အဲဒီတုန်းက ဘုန်းကြီး ကျောင်းသားတွေ၊ ဆိုင်းသမား သားသမီးတွေပဲ တက်ကြတာလေ။ ဝဏ္ဏကျော်ထင် ဒေါ်သြဘာသောင်းက ကဗျာလွတ် အကကို သင်ပေးတယ်။ ဦးရွှေဒေါင်းညို က ယောကျာ်းလေး အကကို သင်ပေးတယ်”” လို့ ဒေါ်နွဲ့နွဲ့စန်းက ငယ်ဆရာတွေကို ပြောပြတယ်။
သူမနဲ့ တစ်တန်းတည်း တက်ရောက် ပညာ သင်ကြားခဲ့ပြီး ထင်ရှားခဲ့တဲ့ သူတွေကတော့ ဒေါ်အမာစိန်၊ ပန်တျာ ကျင်ကျင်မြိုင်၊ လှထိပ်တင်၊ ယုဝတီ မြင့်မြင့်၊ မရှပ်တေး၊ ညိုညိုစန်း စတဲ့ သူတွေ ဖြစ်ပါတယ်။ သူမ ရောက်ကာစက ပန်တျာကျောင်း ဟာ မန္တလေး မီးသတ်ကြီး ဘေးမှာ တည်ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ မန္တလေး နန်းရှေ့ကို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့တယ်။
ညောင်ရမ်း ဆရာတော် ဘုရားကြီး ပျံလွန်တော် မူတဲ့အခါ မန္တလေး ပန်တျာကျောင်း က အဖွဲ့တွေ ရန်ကုန်ကို ဆင်းပြီး ကပြဖို့ အခွင့်ကြုံ လာခဲ့တယ်။ အဲဒီပွဲမှာ ယဉ်ကျေးမှုဝန်ကြီး ဦးခင်မောင်လေး က သူတို့ မန္တလေး ပန်တျာ အဖွဲ့ကိုရော၊ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်းရယ် လို့ ဖြစ်လာမယ့် နွဲ့နွဲ့စန်း ကလေးကိုရော သတိပြု မိခဲ့တယ်။ ထူးချွန်တဲ့ သူမရဲ့ကဗျာလွတ် အက ကိုလည်း ချီးကျူးခဲ့တယ်။ ဒါကြောင့် တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ်မှာ သူမကို ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး အကကို သေချာ သင်ခိုင်းခဲ့တယ်။ ဒီလိုနဲ့ သူမဟာ အသက် ရှစ်နှစ် အရွယ်မှာပဲ ပထမဆုံး နိုင်ငံခြား ခရီးစဉ် အဖြစ် တရုတ် နိုင်ငံမှာ သွားရောက် ဖျော်ဖြေခဲ့ရတယ်။
တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် အပြီးမှာတော့ မန္တလေး ပန်တျာကျောင်းမှာပဲ ဆက်လက် နေထိုင်ပြီး၊ ယိုးဒယား အကနဲ့ အငြိမ့် အကတွေ ကို ဒေါ်သြဘာသောင်း ဆီမှာ ဆက်လက် သင်ယူခဲ့တယ်။ (၁၀) နှစ် သမီး အရွယ်မှာတော့ ပန်တျာကျောင်း မှာ အတော်လေး ပညာစုံခဲ့ပြီ ဖြစ်ပါတယ်။
နောက်တော့ မန္တလေးက အငြိမ့် တည်ထောင်သူ ဦးမန်းရီက ““မင်္ဂလာအငြိမ့်”” ဆိုတဲ့ အမည်နဲ့ အငြိမ့် တည်ထောင်ပြီး သူမက အငြိမ့် မင်းသမီး ဘဝနဲ့ စတင် ကပြခဲ့ရတယ်။ အဲဒီတုန်းက အတူကပြ ဖျော်ဖြေခဲ့ရသူ တွေကတော့ ဦးရွှေဒေါင်း၊ ဦးငွေမောင်းစတဲ့ လူရွှင်တော် ကြီးတွေ ဖြစ်ပါတယ်။
မန္တလေးမှာ အခြေစိုက်ပြီး အငြိမ့် ကပြ နေရပေမယ့် နိုင်ငံတော် ပွဲတွေ၊ အခမ်းအနားတွေ ရှိတဲ့အခါ ရန်ကုန်ကို ဆင်းလာပြီး မကြာခဏ ကပြ ဖျော်ဖြေခဲ့ရတယ်။ အိန္ဒိယ ဝန်ကြီးချုပ် နေရူးနဲ့ သူ့ရဲ့ ကတော်တို့ မြန်မာနိုင်ငံကို အလည် လာခိုက်မှာ ယိုးဒယား အကနဲ့ ဖျော်ဖြေတဲ့ အခါ အက ကောင်းလွန်းလို့ ဆိုပြီး အသက် (၁၄) နှစ် အရွယ်အငြိမ့် မင်းသမီးလေး နွဲ့နွဲ့စန်းဟာ ထဘီတစ်ထည် ဆုချ ခံခဲ့ရပါတယ်။
ဒီလိုနဲ့ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်းရယ် လို့ နာမည် မကျော်သေးခင် မှာဘဲ ရန်ကုန် နဲ့ မန္တလေး ကူးလူး ဆက်ဆံ ကပြ ဖျော်ဖြေရင်း အငြိမ့် မင်းသမီးလေး နွဲ့နွဲ့စန်းဟာ နာမည်ရ လာခဲ့တယ်။ သမ္မတ မန်းဝင်းမောင် လက်ထက် မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော် ပွဲတွေ၊ အခမ်းအနား တွေတိုင်းမှာ သူမဟာ လိုက်လံကပြ ဖျော်ဖြေ ခဲ့ရတယ်။
သူမအသက် (၁၈) နှစ် အရွယ်လောက် မှာတော့ သူမရဲ့ဘဝမှာ အရေးပါတဲ့ ပြည်ပ ခရီးစဉ် တစ်ခုဖြစ်တဲ့ ဆိုဗီယက် ပြည်ထောင်စုကို ချစ်ကြည်ရေး ခရီးစဉ် အဖြစ် တခြားသော အနုပညာရှင်တွေနဲ့ အတူ လိုက်ပါခွင့် ရခဲ့တယ်။ ရွှေမန်း ဦးတင်မောင်၊ ဦးကနက်စိန်၊ ဦးစိန်အောင်မင်း၊ ဦးဟန်ပ၊ ဦးဘသန်း စတဲ့ နာမည်ကြီး အနုပညာရှင် ကြီးတွေနဲ့ အတူ လူ (၃၀) ပါဝင်တဲ့ မြန်မာ အနုပညာရှင် အဖွဲ့မှာ သူမဟာလည်း တတ်ကျွမ်းတဲ့ အနုပညာနဲ့ ကပြ ဖျော်ဖြေခွင့် ရခဲ့တယ်။ မြန်မာ့ အနုပညာကို ဆိုဗီယက် ပြည်ထောင်စု သားတွေ သိမြင် တွေ့ရှိခဲ့ရတယ်။
ဆိုဗီယက် ပြည်ထောင်စု က ပြန်လာခဲ့ပြီး နောက်မှာတော့ ““ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း”” ဆိုတဲ့ နာမည်ကို ခံယူပြီး အငြိမ့်ဆက် ကခဲ့တယ်။ နောက်ထပ် ပြည်ပ ခရီးစဉ် တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် ကိုတော့ တရုတ် မြန်မာ နယ်နိမိတ် ရေးဆွဲရေး ကိစ္စနဲ့ ပတ်သက်ပြီး သူမ အသက် (၂၀) အရွယ် လောက်မှာ သွားဖြစ်ခဲ့တယ်။
အဲဒီ ခရီးစဉ် မှာတော့ မြန်မာ အနုပညာ အဖွဲ့ဟာ ကျော်ဆွေ၊ အကော်ဒီယံ အုန်းကျော်၊ ကိုမြကြီး၊ စံရှားတင်၊ ခင်ယုမေ စတဲ့ နယ်ပယ်စုံ က အနုပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်မှာလည်း မြန်မာ့ အနုပညာတွေ ကို အားလုံး တက်ညီ လက်ညီနဲ့ ဖျော်ဖြေ ခဲ့ကြတယ်။
သူမ အသက် (၂၀) အရွယ် လောက်မှာပဲ မန္တလေးမြို့က စက်သူဌေး ဦးမောင်မောင်ခင် နဲ့ အိမ်ထောင် ကျခဲ့တယ်။ အိမ်ထောင်ကျ ပြီးနောက် မှာတော့ ခင်ပွန်း ဖြစ်သူရဲ့ ဂရုစိုက်လွန်းမှုတွေ နဲ့ အတူ သူမလုပ်ချင်တဲ့ အနုပညာ အလုပ်တွေကို အကန့် အသတ်နဲ့ပဲ လုပ်ကိုင်ခွင့် ရခဲ့တော့တယ်။ အငြိမ့် လောက အပြင် ရုပ်ရှင် လောကကိုပါ ဝင်ရောက်ချင် တဲ့ သူမ အတွက် ““ မည်သူမျှ မတွဲရ၊ မဖက်ရ”” စတဲ့ ကန့်သတ်ချက် တွေနဲ့ လုပ်ကိုင်ခွင့် ပေးတဲ့ ခင်ပွန်း ဖြစ်သူကြောင့် အများကြီး အနှောင့်အယှက် ဖြစ်ခဲ့ရတယ်။
““မုန်း””၊ ““မိုးညအိပ်မက်မြူ”” စတဲ့ ရုပ်ရှင် ဇာတ်ကားတွေကို ရိုက်ကူးခွင့် ရခဲ့ပေမယ့် အနုပညာ အလုပ်တွေကို သူလုပ်ချင်တဲ့ ပုံစံအတိုင်း လွတ်လွတ် လပ်လပ် လုပ်ကိုင်ခွင့် မရခဲ့တာကြောင့် ရလာတဲ့ အခွင့်အရေး တိုင်းကို ဖမ်းဆုပ်ခွင့် မရခဲ့ဘူးလို့ ဒေါ်နွဲ့နွဲ့စန်းက ဆိုတယ်။ အိမ်ထောင်ကျပြီး နှစ် နှစ်လောက် အကြာမှာတော့ ဘာ အနုပညာ အလုပ်ကိုမှ လုပ်ကိုင်ခွင့် မရတော့ လောက်အောင် ခင်ပွန်း ဖြစ်သူရဲ့ တင်းကျပ်တဲ့ ချုပ်ချယ်မှုတွေနဲ့ ကြုံခဲ့ရတယ်။
““သူ့ကို ချစ်လို့ ယူခဲ့တာ မဟုတ်ဘူး။ မန္တလေးမှာ ကနေရင်း တောင်ပြုန်း သွားမယ် ဆိုပြီး ခိုးပြေးခဲ့တာ။ ကိုယ်က ဘာ ဗဟုသုတ မှ မရှိဘူးလေ။ နောက်မှ ရှေ့နေနဲ့ တိုင်ပင်ပြီး လက်ထပ်ခဲ့တာ”” လို့ဒေါ်နွဲ့နွဲ့စန်း က ပြောပြတယ်။
ခင်ပွန်း ဖြစ်သူ ဦးမောင်မောင်ခင်နဲ့(၁၁) နှစ်ကြာ ပေါင်းသင်းခဲ့ပြီး နောက်ဆုံးမှာ သဘောထား မတိုက်ဆိုင်တဲ့ အတွက် လမ်းခွဲခဲ့တယ်။ ဦးမောင်မောင်ခင် နဲ့ သားသမီး နှစ်ဦး ရခဲ့တယ်။
ခင်ပွန်းဖြစ်သူ နဲ့ လမ်းခွဲခဲ့ပြီးတဲ့ နောက်မှာတော့ အငြိမ့် ပြန်ကရင်း ဘ၀ ရပ်တည် ခဲ့တယ်။ အရွယ်က လည်း နုပျိုးသေးချိန်မို့ စီးပွားရေး အတွက်လည်း တစ်ဖက်က လုပ်ရင်း တစ်ဖက် ကလည်း ပိုးပန်းလာ သူတွေကို ရှောင်တိမ်းရင်း အခက် အခဲတွေ အများကြီးနဲ့ ရင်ဆိုင် ခဲ့ရတယ် လို့ ဒေါ်နွဲ့နွဲ့စန်းက ဆိုတယ်။
ရန်ကုန်မြို့၊ မဂိုလမ်း မှာ နွဲ့နွဲ့စန်း အကသင်တန်းဆိုပြီး သင်တန်း တစ်ခု ဖွင့်လှစ် ခဲ့သလို ဒါရိုက်တာ ဘိုကလေး တင့်အောင်၊ ဂီတလုလင် ဦးကိုကို၊ ဒေါ်ကြည်ကြည်ဌေး တို့ ဦးဆောင်တဲ့ ““ဂီတ ပဒေသာ ပြဇာတ်ကြီး”” နဲ့လည်း မြန်မာပြည် အနံှ့ လှည့်လည် ကပြခဲ့တယ်။
ရုပ်ရှင် လောက ကိုတော့ ကိုအောင်ဆွေ၊ ကျော်ဟိန်း တို့ ပါဝင်တဲ့ ““မဟာဗောဓိ”” ရုပ်ရှင်ကားနဲ့ တစ်ကျော့ပြန် ပြန်လည် ဝင်ရောက်ခဲ့ပြီး အဲဒီ နောက်ပိုင်း ကတည်းက ဇာတ်ကားတွေ ပုံမှန် ပြန်လည် ရိုက်ကူး ဖြစ်ခဲ့တယ်။ ဒုတိယ မင်းသမီး နေရာက ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးရင်း ဗီဒီယိုခေတ် ရောက်လာတော့ အမေခန်းတွေ မှာ သူမဟာ နာမည်ကြီး ဖြစ်လာခဲ့တယ်။ ၁၉၉၃ ခုနှစ်မှာတော့ ““သရဖူ”” ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့တယ်။
““ဘဝမှာ အကယ်ဒမီ အခါခါ လွဲခဲ့ရတယ်။ အင်းလေးမှာ ရွာတဲ့မိုး၊ လွဲတယ်။ မုန်း၊ လွဲတယ်။ မူပိုင် ချစ်သူ၊ လွဲတယ်။ သရဖူ မှာကတော့ ကိုယ် မကြိုက်ပေမယ့် ရခဲ့တယ်”” လို့ ဒေါ်နွဲ့နွဲ့စန်းက ပြန်ပြောပြတယ်။
ဇာတ်ပို့ ဘဝမှာ အကယ်ဒမီ ဆု ရပေမယ့် သူမအတွက် ဝမ်းသာတဲ့ စိတ်နဲ့ ထူးထူး ခြားခြား မခံစားရဘူး လို့လည်း ဆိုပါတယ်။
““သူများတွေ ကတော့ အကယ်ဒမီ ရရင် ငိုကြတယ်။ ငါလည်း ငိုရင် ကောင်းမလားပေါ့။ မငိုဘဲ နေရင်ရော ကောင်းပါ့မလားပေါ့။ တွေးနေခဲ့တာ။ စိတ်ထဲမှာ ဝမ်းမသာဘူး။ အကယ်ဒီမီ ပွဲမလုပ်နိုင်ရင် ငါတော့ ဒုက္ခဆိုပြီး တစ်ချိန်လုံး တွေးနေခဲ့တာ”” လို့ ဒေါ်နွဲ့နွဲ့စန်းက အကယ်ဒမီ ရွှေစင် ရုပ်ရရှိခဲ့တဲ့ ခံစားချက် ကို ပြောပြတယ်။
တကယ်လည်း ဘဝမှာ အခက် အခဲတွေ နဲ့ ရင်ဆိုင် လာရတဲ့ အခါ သူမ ရရှိထားတဲ့ အကယ်ဒမီ ရွှေစင် ရုပ်တု က ရွှေကြယ်ပွင့်လေး ကို ငွေကျပ် (၃၀၀၀၀) နဲ့ အပြင်မှာ ထုတ်ရောင်းခဲ့ ရပါတယ်။
ဒေါ်နွဲ့နွဲ့စန်းဟာ ပထမ ခင်ပွန်း ဖြစ်သူ ဦးမောင်မောင်ခင် နဲ့ လမ်းခွဲပြီး ငါးနှစ်လောက် အကြာမှာ ဦးတင်ဦးလေးနဲ့ ထပ်မံ အိမ်ထောင်ပြု ခဲ့ပါတယ်။ ဒါပေမယ့်လည်း စီးပွားရေး အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် သားတစ်ဦး ရရှိပြီး၊ အိမ်ထောင်သက် (၁၀) နှစ်လောက်မှာ ထပ်ပြီး လမ်းခွဲ ခဲ့ရ ပြန်ပါတယ်။
သူမ အကယ်ဒမီ ရခဲ့တဲ့ ၁၉၉၃ ခုနှစ် မှာပဲ အမေများ အဖွဲ့ကို စတင် ထူထောင်ပြီး သြင်္ကန် ကာလတွေမှာ လိုက်လံ ကပြခဲ့တယ်။ အမေများ အဖွဲ့မှာ ပါဝင်ကြသူ အများစုဟာ ဆင်းရဲ နွမ်းပါးတဲ့ ဇာတ်ပို့၊ ဇာတ်ရံ သက်ကြီး အနုပညာရှင်တွေ ဖြစ်ပြီး အဖွဲ့ တည်ထောင် ကာစ မှာ လူ (၃၀) ရှိခဲ့ရာက နေ အခုဆိုရင် (၁၃ ) ဦးပဲ ရှိပါတော့တယ်။ အဲဒီ (၁၃) ဦးထဲမှာ လည်း စတင် တည်ထောင်ချိန် ကနေ ယနေ့အထိ ကျန်ရှိ နေကြသူ က ဒေါ်နွဲ့နွဲ့စန်း၊ ဒေါ်ထိပ်တင်ထား၊ ဒေါ်အေးကြည်နဲ့ ဒေါ်သဲနုခိုင် တို့ပဲ ရှိကြ ပါတော့တယ်။ ကျန်တဲ့ အမေများ အဖွဲ့ဝင်တွေ ကတော့ နှစ်ပေါင်း (၂၀) ကျော် ကာလ အတွင်းမှာ တဖြုတ်ဖြုတ် ကွယ်လွန် ခဲ့ကြပြီ ဖြစ်ပါတယ်။
““ဇာတ်ပို့ ဇာတ်ရံတွေ ဆိုတာက တစ်နှစ်မှ ရုပ်ရှင် သုံးကားလောက် ရိုက်ရတာ။ အနုပညာကြေးလည်း နည်းတော့ မပြေ လည်ကြဘူး။ ဇာတ်ပို့ ဇာတ်ရံ အများစုက မွဲတေ နေကြတာ။ အခု ကိုလူချောတို့ အဖွဲ့ဆို လည်း ဆင်းရဲ ကြတာပဲလေ”” လို့ ဒေါ်နွဲ့နွဲ့စန်းက ပြောတယ်။
အမေများ အဖွဲ့ကို စတင် ထူထောင်စဉ် ကတည်းက အဖွဲ့ဝင်တွေ ရဲ့ နေရေး အတွက် နေစရာ အိမ်ရာတစ်ခုကို ဖန်တီးဖို့ စိတ်ကူးနဲ့ ကြိုးစားခဲ့တယ်။ သူမရဲ့ အဲဒီ စိတ်ကူးလေး ဟာ ၂၀၀၆ ခုနှစ် လောက်က စပြီး တဖြည်းဖြည်း တိုးတက် ရုပ်လုံး ပေါ်လာခဲ့တော့ အခုဆိုရင် အခန်း ဖွဲ့စည်းပုံ အရ လူ (၁၆) ယောက် လောက် နေထိုင်လို့ရတဲ့ ““အမေများ ရွာ”” ဆိုတဲ့ အဆောက်အအုံ ကလေး က ရှိလာခဲ့ပါပြီ။
ဒီအိမ်ရာလေး ဖြစ်ပေါ်လာဖို့ အတွက် ဝိုင်းဝန်း ကူညီပေး ခဲ့ကြတဲ့ သူတွေ ကတော့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေ ဖြစ်ပြီး သူတို့ကို လည်း ဘုရားရှိခိုးတိုင်း အမြဲ မေတ္တာ ပို့သ နေတယ်လို့ ဒေါ်နွဲ့နွဲ့စန်းက ဆိုတယ်။
ဒါပေမဲ့ ဒီအိမ်ရာလေး အဆင်ပြေပြေ လည်ပတ်ဖို့နဲ့ ရေရှည် ရပ်တည်ဖို့ အတွက် ကတော့ ဆက်လက် ရုန်းကန် နေရဆဲ အခြေ အနေပါ။ ရုပ်ရှင်နဲ့ ဗီဒီယို ရိုက်ကူးလို့ ရတဲ့ အနုပညာ ကြေးလေးတွေရယ်၊ အလှူရှင်တွေ ရဲ့ ဝိုင်းဝန်း လှူဒါန်းမှုတွေ ရယ်ကြောင့် ““အမေများရွာ”” လေးဟာ တစ်လချင်းစီ အသက် ဆက်နိုင် နေပေမယ့် ရေရှည် ရပ်တည်ဖို့ အတွက်တော့ ငွေပဒေသာ ပင်လေး တစ်ခု ရှိစေချင်တယ် လို့ ဒေါ်နွဲ့နွဲ့စန်းက ပြောတယ်။
ဒေါ်နွဲ့နွဲ့စန်းဟာ ဘ၀ တစ်လျှောက်လုံး မှာ လူမှု ထူးချွန်ဆု၊ သုခုမဧကရီ ဘွဲ့ အပါအဝင် နိုင်ငံတော် သမ္မတတွေ နဲ့ မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ခဲ့တဲ့ အခြားသော နိုင်ငံ့ ခေါင်းဆောင်တွေရဲ့ ဆု တံဆိပ်တွေကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်အထိ လူချမ်းသာ တစ်ဦးအဖြစ် ရပ်တည်နိုင်ခြင်း မရှိတာကတော့ သူမရဲ့ ပရဟိတ အလုပ်တွေကြောင့် လို့ ဒေါ်နွဲ့နွဲ့စန်းက ဆိုပါတယ်။
““အမေများ အဖွဲ့ကို ထူထောင်တုန်း ကလည်း အိမ်ပိုင် မရှိခဲ့ဘူး။ အခု ထိလည်း မရှိဘူး။ နိုင်ငံတော်က ချပေးခဲ့တဲ့ တိုက်ခန်းတွေ ကတော့ အထိုက်အသင့် ရခဲ့တယ်။ ဒါပေမဲ့ လူမှုရေး လုပ်ငန်းတွေ မှာပဲ အကုန် ပြန်လှူခဲ့တယ်”” လို့ ဒေါ်နွဲ့နွဲ့စန်းက ပြောတယ်။
ရုပ်ရှင် ဇာတ်ကားပေါင်း (၁၅၀) လောက် နဲ့ ဗီဒီယို ဇာတ်ကားပေါင်း အမြောက် အမြား ရိုက်ကူးခဲ့သူ ဒေါ်နွဲ့နွဲ့စန်းဟာ လက်ရှိ မှာလည်း အမေအခန်း၊ အဘွားအခန်း ကနေ ဇာတ်ကားတွေ ဆက်လက် ရိုက်ကူး နေဆဲပါ။ သြင်္ကန် ကာလတိုင်း မှာလည်း အမေများ အဖွဲ့ကို ဦးဆောင် ပြီး ကပြ ဖျော်ဖြေ နေဆဲပါ။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ ဇာတ်ပို့ ဇာတ်ရံအလွှာ ဥက္ကဋ္ဌ အဖြစ် (၁၂) နှစ်ကြာ တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံ သဘင် အစည်းအရုံး မှာလည်း အတွင်းရေးမှူး အဖြစ် ဆောင်ရွက်နေဆဲပါ။
““ မသေမချင်းတော့ ဆက်လုပ် သွားရမှာပဲလေ။ အနုပညာနဲ့ ပတ်သက် ရင်တော့ အခု အချိန်အထိ လေ့လာနေတုန်း၊ သင်ယူ နေတုန်းပါ ပဲ”” လို့ ဒေါ်နွဲ့နွဲ့စန်းက ဆိုပါတယ်။

No comments:
Post a Comment