📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Wednesday, August 19, 2020

ရတနာနတ်မယ်

 ရတနာနတ်မယ်  


ရတနာ နတ်မယ်သည် ကနောင် မင်းသားကြီး၏ မြစ်တော် ဖြစ်ပြီး ၎င်း၏မိခင်မှာ မင်းမျိုး မင်းနွယ်ဖြစ်သော လင်းပင်ထိပ်တင် မလတ်ဖြစ်ပါသည်။ သူမ၏ ဖခင်မှာ Mr.Herbert Bellamy ဖြစ်ပါသည်။ ရတနာနတ်မယ်ကို ၎င်း၏မိဘများသည် အသက်ကြီးမှ မွေးဖွားသည့်အတွက် နတ်ကပေးသော ကလေးဟုဆိုကာ ရတနာ နတ်မယ်ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ငယ်စဉ်က ရတနာ နတ်မယ်သည် ပြင်ဦးလွင်မြို့ စိန်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်းတွင် အထက်တန်းထိ ပညာသင်ကြားခဲ့ပြီး မြင်းစီးခြင်း၊ တန်းနစ်ရိုက်ခြင်းတို့တွင် ထူးချွန်သူ ဖြစ်ပါသည်။ အရပ်အမောင်း ကောင်းပြီး ဖခင်မှာ မျက်နှာဖြူ ဖြစ်သည့်အတွက် အသားဖြူပြီး၊ မိခင်မှာ မဟာမျိုးနွယ် ဖြစ်သောကြောင့် အလွန်နန်းစံသူ ဖြစ်ပါသည်။

ရတနာနတ်မယ်သည် သူ့ခေတ် သူ့အခါက ယနေ့စကားဖြင့် ပြောရလျှင် အလွန်လန်းပြီး၊ မိုက်သူဖြစ်ပါသည်။ ရတနာ နတ်မယ်သည် ၁၉၅၄ ခုနှစ်တွင် မန္တလေးသြင်္ကန်၌ ပြည်ထောင်စု အလံကို ဖက်ရှင်ထွင်ပြီး ထမိန်ချုပ် ဝတ်သည့်အတွက် ဒဏ်ငွေရိုက်ခြင်း ခံရပါသည်။ ထိုစဉ်ကာလက ရတနာနတ်မယ်၏ အလှတွင် ယစ်မှုးခဲ့သော ဗိုလ်ချုပ်ကြီး နေဝင်း၏ ကိုယ်ရံတော် တစ်ဦးဖြစ်သူ ဗိုလ်ကြီးတင်ဦး ဆိုသူသည် ရတနာ နတ်မယ်ကို မရ၍ မိမိကိုယ်ကို suicide လုပ်သွားခဲ့ပါသည်။ ထိုစဉ်အခါက ရတနာနတ်မယ်နှင့် အတွဲဆုံးသူမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်သော ဗိုလ်မှူးကြီး ကြည်မောင် (Colonel G.S) ဖြစ်ပါသည်။ ကျန်းမားရေးဝန်ကြီး၊ ၎င်းနောက် ဗြိတိသျှ သံအမတ်ကြီး အဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ ဆရာသမားများ၏ ပြောပြချက်အရ Colonel ကြည်မောင်မှာ ဥပဓိရုပ် အလွန်ကောင်းပြီး၊ မိန်းမများ သဘောကျသော ရုပ်ဖြစ်ပါသည်။ Ball Dance ကရာတွင် ၎င်းတို့နှစ်ဦးမှာ အလွန် လိုက်ဖက်သည်ဟု ပြောကြပါသည်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် ၎င်း၏ ဘဝသက်တမ်း တစ်လျှောက်တွင် တရားဝင် ဇနီးများမှာ (၅) ဦး ရှိပါသည်။ ၁၉၃၁ ခုနှစ်တွင် ပတမဆုံးဇနီ အဖြစ် ဒေါ်သိန်းညွှန့် ဆိုသောသူအား လက်ထပ်ခဲ့ပါသည်။ ဒုတိယ ဇနီးမှာ ဒေါ်တင်တင်ဖြစ်ပြီး၊ ၁၉၃၇ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့တွင် လက်ထပ်ခဲ့ပါသည်။ ဒေါ်တင်တင်နှင့်သား (၂) ဦးထွန်းကားခဲ့ပြီး ၎င်းတို့မှာ ဦးငွေစိုး၊ ဦးအေးအောင်ဝင်းတို့ ဖြစ်ကြပါသည်။ တတိယ အိမ်ထောင်မှာ ဒေါ်ခင်မေသန်း (ခေါ်) Kitty ဘသန်းဖြစ်ပြီး ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် လက်ထပ်ခဲ့ပါသည်။ ဒေါ်ခင်မေသန်းမှာ ဦးနေဝင်း ဘဝတွင် အချစ်ဆုံးဇနီး ဖြစ်ခဲ့ပြီး၊ ဦးနေဝင်းဘ၀ အတွက်ကိုလည်း များစွာ အထောက်အကူ ပြုခဲ့သူဖြစ်ကြောင်း ဦးနေဝင်း၏ အနီးကပ် နေခဲ့သော တပည့်များ၏ ပြောကြားချက်အရ သိရှိရပါသည်။ ဒေါ်ခင်မေသန်းသည် နံနက် အိပ်ယာထပြီး (၇) နာရီခန့်တွင် နံနက်စာ စားသုံးနေစဉ်တွင် ဦးနေဝင်းအား ကမ္ဘာ့သတင်းများ၊ မြန်မာ့သတင်းများ အားလုံးကို ရှင်းပြလေ့ရှိကြောင်း ဦးနေဝင်း၏ အနီးကပ် လုံခြုံရေးကို တာဝန်ယူသူ ဗိုလ်ကြီး လှမောင်မှာ ပြောပြခဲ့ပါသည်။ ဒေါ်ခင်မေသန်းသည် ဘုန်းကြီးသော်လည်း အသက်မရှည်ခဲ့ပါ။ အသက် (၄၇) နှစ်တွင် ကွယ်လွန်ခဲ့ပါသည်။ ဦးနေဝင်းနှင့် ဒေါ်ခင်မေသန်းတို့သည် သားသမီး (၃) ယောက် ထွန်းကားခဲ့ပါသည်။ ၎င်းတို့မှာ ဒေါက်တာ စန္ဒာဝင်း၊ ဒေါက်တာ ကြေးမုံဝင်းနှင့် ကိုဖြိုးေ၀၀င်းတို့ ဖြစ်ကြပါသည်။ ဒေါ်ခင်မေသန်း ကွယ်လွန်ပြီးနောက် ၁၉၇၃၊ ဧပြီလ (၇) ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် သမိုင်းဋ္ဌာနမှ ဆရာမ ဒေါ်နီနီမြင့်နှင့် လက်ထပ်ခဲ့ပါသည်။

ဒေါ်နီနီမြင့်နှင့် လက်ထပ်ပြီး (၂) နှစ်ခန့်အကြာတွင် ဒေါ်နီနီမြင့်၏ အစ်မဖြစ်သူ ဒေါ်ညိုညိုမြင့်သည် ကုန်သွယ်ရေး (၅) အထည်အလိပ်မှ ဖြတ်စညှတ်စများနှင့် ပတ်သက်၍ အမှုဖြစ်ပြီး ဦးနေဝင်းသည် ဒေါ်နီနီမြင့်အား ကွာရှင်းခဲ့ပါသည်။ ၎င်းနောက် ဦးနေဝင်းသည် မူလကပင် အဆက်အသွယ် ရှိခဲ့သော ရတနာ နတ်မယ် (ခေါ်) Ms. June Rose Bellamyအား ၁၉၇၆၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ADလမ်းရှိ ၎င်း၏နေအိမ်၌ ပဉ္စမမြောက်ဇနီး အဖြစ် လက်ထပ်ခဲ့ပါသည်။ မှတ်မှတ်ရရ ထိုလက်ထပ်ပွဲတွင် အဖြူရောင်များကို မဝတ်ဆင်ရန် တားမြစ်သောကြောင့် တိုက်ပုံအနက်နှင့် သွားခဲ့ ရပါသည်။ ရတနာနတ်မယ်သည် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာသွားပြီး အီတလီနိုင်ငံသူ အဖြစ် ခံယူထားသောကြောင့် ၎င်းမြန်မာနိုင်ငံသို့ ပြန်လာရေး အတွက်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပြင်ဆင်ခဲ့ရပါသည်။ ထိုစဉ်က Forgood ထွက်သွားသူများသည် မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ဝင်ခွင့် မရှိပါ။ သို့သော် ဦးနေဝင်းအတွက် ထိုဥပဒေကို ပြင်ဆင်ခဲ့ရပါသည်။ ရတနာနတ်မယ်သည် အပျိုတစ်ဦး မဟုတ်ပါ။ သူ၏ ပထမ အိမ်ထောင်မှာ WHOမှ မြန်မာနိုင်ငံတွင် တာဝန်ကျသော ဆရာဝန် တစ်ဦးဖြစ်ပြီး ၄င်နှင့်လက်ထပ်ကာ အီတလီနိုင်ငံသို့ လိုက်ပါသွားခြင်း ဖြစ်ပါသည်။ ၎င်းတွင်သား (၂)ယောက် ရှိပါသည်။ သားကြီးမှာ မိုက်ကယ်ဖြစ်ပြီး၊ သားအငယ်မှာ မောရစ်ဆိုသူ ဖြစ်ပါသည်။ သားအငယ်မှာ မော်တော်ယာဉ် မတော်တဆမှုနှင့် သေဆုံးခဲ့ပါသည်။ ထိုစဉ်ကာလက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီသည် နိုင်ငံတော်၏ စီးပွားရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသများတွင် စပါးပြီး စပါး စီမံကိန်းကို ဆောင်ရွက်နေသော ကာလဖြစ်ပြီး ပါတီ၏ ဗဟိုကော်မတီဝင်များသည် နယ်အသီးသီးသို့ ဆင်းကာ စီမံကိန်း အောင်မြင်ရေး အတွက် အားစိုက်နေရသော ကာလဖြစ်ပါသည်။ သို့သော် ပါတီ ဥက္ကဋ္ဌကြီးမှာ မယားပြီး မယား စီမံကိန်းဖြင့် အလုပ်ရှုပ်လျှက် ရှိပါသည်။ အလုံလမ်း သမ္မတအိမ်တော်ရှိ လွတ်လပ်ရေး ညစာစားပွဲတွင် ရတနာနတ်မယ်သည် သား (၂)ဦးဖြင့် လွတ်လပ်ရေး ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ သား (၂) ဦးမှာ ခေါင်းပေါင်း၊ တိုက်ပုံတို့ဖြင့် မြန်မာမှုပြု၍ တက်ခဲ့သည်ကို တွေ့ရပါသည်။

ဦးနေဝင်းနှင့် ရတနာနတ်မယ်တို့၏ အိမ်ထောင်ရေး သက်တမ်းသည် အလွန် တိုတောင်းပါသည်။ အားလုံးသိကြသည့်အတိုင်း ဦးနေဝင်းမှာ အာဏာရှင်တစ်ဦး ဖြစ်၍ သူ့အား ဝေဖန် ပြောဆိုမှုများကို လက်ခံတတ်သူ တစ်ဦး မဟုတ်ပါ။ တိုင်းပြည်၏ ကျဆုံးစပြုနေသော စီးပွားရေး အခြေအနေများကို လည်းကောင်း၊ ပြည်သူတို့၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီပေါ်တွင် ယုံကြည်မှု မရှိသည်များကို လည်းကောင်း၊ ပါတီ၏ ထိပ်တန်း ဗဟို ကော်မတီဝင်များသည် အခွင့်ထူးခံ ဖြစ်နေသည်များကို လည်းကောင်း ထောက်ပြသော အခါတွင် ဦးနေဝင်းသည် ရတနာနတ်မယ် အပေါ် ဒေါသထွက်ပြီး ဆေးလိပ်ခွက်ဖြင့် ပစ်ပေါက်ခဲ့ပါသည်။ ဤသို့ဖြစ်ပြီး နောက်တစ်နေ့တွင် ရတနာနတ်မယ်သည် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပါတော့သည်။ အချို့ကလည်း ရတနာနတ်မယ်သည် CIA၏ Agent တစ်ဦးဖြစ်ကြောင်း ပြောကြပါသည်။ ၎င်းတို့၏ အိမ်ထောင်ရေး သက်တမ်းသည် (၅)လခန့်ဖြင့် ပြိုကွဲပျက်စီး သွားပါတော့သည်။ ဦးနေဝင်းသည် အာဏာရှင် ပီသစွာ ၎င်းလုပ်လိုသည်များကို မဖြစ်ဖြစ်အောင် လုပ်လေ့ရှိသူတစ်ဦး ဖြစ်ပါသည်။ မူလ ကတည်းကပင် ရတနာ နတ်မယ်သည် ကိုယ်နှင့်ရေရှည် လက်တွဲနိုင်ခြင်း ရှိ/မရှိကို မစဉ်းစားဘဲ လက်ထပ် ထိန်းမြားခဲ့ပါသည်။ တိုတောင်းသော အချိန်ကာလတွင် ကွဲကွာသွားကြပါသည်။ သူသည် နိုင်ငံ့ခေါင်းဆောင် တစ်ယောက် ဖြစ်နေသည်ကို စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်ခဲ့ပါက ရတနာနတ်မယ်အား လက်ထပ်ယူရန် ဆုံးဖြတ်ခဲ့မည် မဟုတ်ပါ။ သို့သော် အာဏာရှင်တစ်ဦး ပီသစွာ ၎င်းလုပ်ချင်သည်ကို ဖြစ်မြောက်အောင် လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ တိုင်းပြည်အတွက်ကို လည်းကောင်း၊ မိမိအသိုင်းအဝိုင်း အတွက်ကို လည်းကောင်း လုံးဝစဉ်းစားခြင်း မရှိခဲ့ပါ။ ဤဖြစ်ရပ်ကြောင့် သူ၏သိက္ခာ ကျဆင်းမှုကိုလည်း အလေးထားခြင်း မရှိခဲ့ပါ။ ယင်းအတွက်ကိုလည်း သူသည် နောင်တရရှိပုံ မပေါ်ပါ။

ရတနာ နတ်မယ်နှင့် ကွဲပြီးနောက် ဦးနေဝင်းသည် ဒေါ်နီနီမြင့်အား ပြန်လည် ပေါင်းထုတ်ခဲ့ပါသည်။ ရတနာ နတ်မယ်သည် ယခုအခါတွင် အီတလီနိုင်ငံ Florence မြို့တွင် နေထိုင်လျှက်ရှိပြီး Studio June Bellamyဆိုသော Cooking School ဖွင့်ထားပါသည်။ သူ့တွင် ယခုတိုင် မြန်မာ့ အငွေ့အသက်များကို တွေ့နိုင်ပြီး သူ့အဘိုး လင်းပင် မင်းသားကြီးနှင့် ရေနံသာ ခင်ခင်ကြီးတို့၏ မင်္ဂလာပွဲပုံကိုလည်း ရေးဆွဲထားပါသည်။ မြန်မာနိုင်ငံသို့ နာဂစ်အပြီးတွင် လာရောက်ခဲ့ပြီး ကုသိုလ်ရေးနှင့် လူမှုရေး လုပ်ငန်းတို့ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါသည်။ အခု အသက် (၈၀) ရှိပြီဖြစ်သော ရတနာနတ်မယ်သည် ဗုဒ္ဓဘာသာ ပီသစွာ တက်နိုင်သလောက် လှူဒါန်းလေ့ရှိပြီး တန်ခူးလတိုင်း နှစ်သစ်ကူးပွဲ ပြုလုပ်လေ့ရှိပါသည်။ သူမသည် ဦးနေဝင်းနှင့် ပတ်သက်၍ မှတ်ချက် ချခဲ့သည်မှာ ဉာဏ်နီ ဉာဏ်နက်နှင့် အရာရာကို ကြိုးကိုင်ခြယ်လှယ်နိုင်သူ တစ်ဦး ဖြစ်ကြောင်း သိရပါသည်။

ကိုရင်မောင်



No comments: