မောင်ခင်မင် ( ဓနုဖြူ )
ငယ်စဉ်ကျောင်းသားဘဝကတည်းက သူရေးတဲ့စာအုပ်တွေကို ကျွန်တော်ဖတ်ခဲ့ရတယ်။အခြေခံပညာအဆင့်မှာ မြန်မာစာ စာစီစာကုံး စာအုပ်တွေကို ဖတ်ရင်း၊ ကျက်ရင်း ကျောင်းစာမေးပွဲတွေကို ကျော်ဖြတ်ခဲ့ဖူးတယ်။ အခြေခံပညာအဆင့်ပြီးလို့ နည်းနည်းလေးအရွယ်ရောက်လာတဲ့အခါ ဝါသနာပါရာစာအုပ် စာပေတွေဖတ်ရှုရင်းနဲ့လည်း သူ့ရဲ့စာအုပ်တွေနဲ့ ထိတွေ့ခဲ့တယ်။
သူ့ရဲ့စာအုပ်တွေမှာ “ မြန်မာဘာသာစကားပညာရှင်များနှင့်ဘာသာစကားအမြင်” “လူအမျိုးမျိုး ဘဝအထွေထွေ” “သက်တံရောင်စုံဘာသာစကား” “ချစ်သူများကိုအဆုံးစီရင်ခြင်း” စတဲ့စာအုပ်တွေကနေ နောက်ဆုံးထွက်ရှိတဲ့ “စကားစာအလင်္ကာ”ဆိုတဲ့စာအုပ်အထိ မြန်မာစာအကြောင်း၊ မှားယွင်းတတ်တဲ့အရေးအသားတွေ၊ အသံထွက်တွေ၊ မြန်မာစာနဲ့ပတ်သက်ပြီးလုပ်ဆောင်ခဲ့တဲ့ဆရာ့ဆရာကြီးတွေအကြောင်း၊ မြန်မာ့စာပေသမိုင်းကြောင်းတွေကို တစိုက်မတ်မတ်ရေးသားခဲ့တာကို တွေ့ရတယ်။
ကျောင်းပြီးဆုံးလို့ လုပ်ငန်းခွင်ထဲရောက်လာတော့လည်း သူစာအုပ်တွေကို သီးသန့်အလုပ်တစ်ခုအနေနဲ့ ကျွန်တော်လေ့လာရပြန်တယ်။ လုပ်ငန်းခွင်လိုအပ်ချက်အရ သတ်ပုံသတ်ညွှန်းတွေ၊ သဒ္ဒါအထားအသိုတွေကို သိအောင် သူ့စာအုပ်တွေကို လက်ကိုင်ထားခဲ့ရပြန်တယ်။
တစ်ခါတလေ လုပ်ငန်းခွင်ကပေးတဲ့ ကာလတိုသင်တန်းလေးမှာလည်း သူနဲ့ကိုယ်တိုင်တွေ့ဆုံပြီး မြန်မာစာနဲ့ ပတ်သက်တဲ့ရေးထုံးတွေ၊ သဒ္ဒါပိုင်းဆိုင်ရာအထားအသိုတွေကို မေးမြန်းခွင့်ရခဲ့ဖူးတယ်။ မြန်မာလူမျိုးဖြစ်တဲ့ ကျွန်တော်ဟာ တကယ်တမ်းတော့ မြန်မာစာကိုတတ်သယောင်ယောင် ပီပီပြင်ပြင်မတတ်သေးတာ သူနဲ့တွေ့မှ သတိထားမိခဲ့ရတယ်။
“ ကိုယ့်ကိုယ်ကိုယ်ကျေနပ်တယ်။ တချို့ကပြောကြတယ်။ ဘာလို့မြန်မာစာယူလဲ၊ ဒီပြင်ဘာသာယူရင် ဒီထက်ကြီးပွားမှာပေါ့တဲ့။ မကြီးပွားလည်းနေပါစေ၊ မြန်မာစာယူတဲ့အတွက်ကြောင့် ကိုယ့်စိတ်ထဲကျေကျေနပ်နပ်နဲ့ ကိုယ်လိုချင်တဲ့အနေအထားရောက်လာတာပဲ။ ကိုယ့်စိတ်ထဲကျေနပ်ရင်ပြီးတာပါပဲဆိုပြီး မြန်မာစာကိုပဲ တသက်လုံး အာရုံစိုက်ပြီး ဒါကိုပဲ မြတ်မြတ်နိုးနိုးလိုလိုလားလားနဲ့ ယူခဲ့တာ။ ဟိုးတုန်းကတည်းကပြောကြပါတယ်။ မြန်မာစာမယူဘဲ သင်္ချာယူရင်ပိုက်ဆံချမ်းသာပြီ၊ ကျူရှင်ပြစားရင်တောင် ကျူရှင်ဆရာကြီးဖြစ်တာပေါ့ဆိုပြီး။ သင်္ချာယူရင် နိုင်ငံခြားတွေဘာတွေသွားရမှာပေါ့။ ဒေါက်တာဘွဲ့တွေရမှာပေါ့။ မြန်မာစာယူတော့ ဘာလုပ်မလဲလို့ တချို့တွေ ပြောကြတယ်။ ကိစ္စမရှိပါဘူး၊ ရပါတယ် ပေါ့။ အခုနေစဉ်းစားကြည့်ရင် မြန်မာစာယူခဲ့တဲ့အတွက် မြန်မာစာကိုအကြောင်းပြုပြီး သင့်တင့်လျောက်ပတ်တဲ့အနေအထားတစ်ခုကိုရတယ်။ မြန်မာစာယူတဲ့အတွက်ကြောင့် ကလောင်တစ်ချောင်းကိုင်ရတယ်။ဒီပြင်ဘာသာယူရင် ဒေါက်တာဘွဲ့ရမှာပေါ့လို့ပြောပေမယ့် အခုမြန်မာစာယူရင်း နေရင်းထိုင်ရင်းနဲ့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရခဲ့တာပဲလေ။ သူ့ကုသိုလ်ကံနဲ့သူပဲလေ။ နိုင်ငံခြားမသွားရဘူးဆိုတာက ပညာတော်သင်မသွားရပေမယ့် သင်ကြားပို့ချတဲ့အတွေ့အကြုံတွေရတာပဲ။ ဒါတွေဟာ ကိုယ့်ဘဝအတွက် ကျေနပ်စရာပဲ” လို့ မြန်မာစာဆရာကြီး ဦးခင်အေး ကဆိုတယ်။
ကျွန်တော်ငယ်စဉ်ကတည်းက လေးစားခဲ့ရတဲ့၊ မောင်ခင်မင်(ဓနုဖြူ) ဆိုတဲ့ကလောင်နဲ့ စာပေလောကမှာထင်ရှားတဲ့ ဆရာကြီးဦးခင်အေးရဲ့ဘဝဇာတ်ကြောင်းကို အခုတော့ ကျွန်တော်ကိုယ်တိုင် မှတ်တမ်းတင်ခွင့်ရခဲ့တယ်။
ဓနုဖြူမြို့နယ်အပိုင်၊ မြို့နဲ့ ၁၄ မိုင်ကွာဝေးတဲ့ ကျုံတနီးဆိုတဲ့ကျေးရွာလေးမှာ လယ်သမားမိဘနှစ်ပါးကနေ ၁၉၄၀ ပြည့်နှစ်မှာ သူ့ကို မွေးဖွားခဲ့တယ်။ မွေးချင်း ၂ ယောက်သာရှိတဲ့ သူတို့မိသားစုလေးဟာ လယ်ပိုင်ယာပိုင်နဲ့ အတန်အသင့်ပြည့်ပြည့်စုံစုံ၊ အေးအေးချမ်းချမ်းနေထိုင်နိုင်ခဲ့တယ်လို့ဆိုရမယ်။ ကျေးရွာမူလတန်းကျောင်းမှာ မတက်ရောက်ခင်ကတည်းက အိမ်မှာ အဘိုးဖြစ်သူရဲ့သင်ကြားပေးမှုနဲ့အတူ ၄ နှစ်သားအရွယ်လောက်ကတည်းက သူကစာဖတ်၊ စာရေး တတ်ခဲ့တယ်။
အဘိုးဖြစ်သူက ရွာကလူတွေကိုစာသင်ပေးခဲ့တာကြောင့် တရွာလုံးက “ဆရာလေး” လို့ခေါ်ကြတယ်။ အရမ်းလည်း လေးစားကြတယ်။ဒါကြောင့် ငယ်ငယ်ကတည်းက အဘိုးဖြစ်သူကို အားကျပြီး ကျောင်းဆရာအလုပ်ကို သဘောကျနေခဲ့တယ်။ အဘိုးရဲ့ သင်ကြားပြသမှုကိုခံယူရင်း၊ အဘိုးရဲ့ စာအုပ်စာပေတွေကို ဖတ်ရှုရင်း ငယ်စဉ်ကတည်းက စာဖတ်ဝါသနာက သူ့မှာ အမြစ်တွယ်လာခဲ့တယ်။
အဲဒီလို ကျေးရွာမူလတန်းကျောင်းမှာ ပညာသင်ယူရင်း အေးအေးချမ်းချမ်းဖြတ်သန်းနေစဉ်မှာပဲ သူ့အသက် ၉ နှစ်သားအရွယ်လောက်မှာ မမျှော်လင့်ဘဲ အလှည့်အပြောင်းတစ်ခုနဲ့ ကြုံလာတယ်။ အဲဒါကတော့ တိုင်းပြည်မငြိမ်းချမ်းတဲ့ကာလမှာ KNDO သူပုန်တွေက ရွာကိုမီးရှို့ဖျက်ဆီးခဲ့တာပါပဲ။ သူပုန်တွေလာမယ်ဆိုတာ သတင်းကြိုတင်ရထားတဲ့အတွက် သူတို့မောင်နှမသားချင်းတွေဟာ မြို့ပေါ်ကိုထွက်ပြေးတိမ်းရှောင်ခဲ့လို့ ဘာအန္တရာယ်မှမကြုံခဲ့ရပေမယ့် ရွာမှာအိမ်စောင့်ကျန်ရစ်ခဲ့တဲ့ ဖခင်ဖြစ်သူကတော့ အသက်ဆုံးရှုံးခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ရတယ်။
အဲဒီနောက်တော့ မိခင်ဖြစ်သူဟာ စိတ်လေလေနဲ့ အညာဘက်က ဆွေမျိုးသားချင်းတွေရှိရာ ကျောက်ပန်းတောင်းမြို့နယ်က အင်းကန်ကျေးရွာမှာ တစ်နှစ်ကျော်လောက် နေထိုင်ခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်၊ သူ(၁၀)နှစ်သားလောက်မှာတော့ သူတို့မိသားစုဟာ အညာကနေ ရန်ကုန်ကိုပြောင်းရွှေ့လာခဲ့ကြပြီး အဲဒီတုန်းက နယ်ကနေစစ်ပြေးလာတဲ့သူတွေ၊ ကျူးကျော်သူတွေနဲ့ ပြည့်နှက်နေတဲ့ ဗဟန်းကြားတောရလမ်းမှာ တစ်လ ၁၅ ကျပ်ပေးရတဲ့ အိမ်ငယ်လေးကိုငှားရမ်းနေထိုင်ခဲ့ကြတယ်။
အဲဒီအချိန်မှာသူက ၄ တန်းဖြေပြီးစ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းဆက်မတက်နိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ စာပေဖတ်ရှုမှုကိုမပျက်ယွင်းစေမယ့် အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်။ သူနေထိုင်ရာအိမ်ရဲ့ရှေ့မှာဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံလူငယ်များအစည်းအရုံး စာကြည့်တိုက်မှာ နေ့စဉ်ထုတ်သတင်းစာတွေ၊ စာအုပ်စာပေတွေ ဖတ်ရှုခွင့်ရခဲ့သလို ရပ်ကွက်ထဲမှာနေတဲ့ ဦးသိန်းမြင့်ဆိုတဲ့ သတင်းစာရောင်းတဲ့ပုဂ္ဂိုလ်ကြီးကလည်း စာဖတ်ဝါသနာပါတဲ့သူ့ကို သတင်းစာတွေ ပေးဖတ်ခဲ့တယ်။ ကျောင်းဆက်မတက်ဖြစ်ပေမယ့် စာပေနဲ့မပြတ်တဲ့ ပတ်ဝန်းကျင်တစ်ခုနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။
ကျောင်းပညာကိုတော့ ဆက်မတက်ဖြစ်ဘဲ ဆော့ကစားလိုက်၊ စာဖတ်လိုက်နဲ့ ၃ နှစ်လောက်အချိန်လောက်အချိန်တွေကုန်လွန်လာတော့ ပတ်ဝန်းကျင်ကလူတွေကလည်း မိခင်ဖြစ်သူကို ကျောင်းထားဖို့တိုက်တွန်းလာကြတယ်။အဲဒီနောက် ကန်တော်ကြီးရပ်ကွက်က ကန်တော်ကြီးမြူနီစီပယ်ကျောင်းမှာ သူ့ကိုကျောင်းအပ်ခဲ့တော့ ၁၃ နှစ်သားအရွယ်မှ ၄ တန်းကိုပြန်နေခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ပညာရေးလမ်းကြောင်းက ဖြောင့်ဖြူးခဲ့တယ်လို့ ဆိုရပါမယ်။
ဆရာကြီးဟာ ငယ်စဉ်ကတည်းက မြန်မာစာနဲ့ သင်္ချာဘာသာရပ်တွေမှာထူးချွန်ခဲ့သူဖြစ်တယ်။ ကန်တော်ကြီးမြူနီစီပယ်ကျောင်းမှာပညာသင်ကြားနေစဉ် ၃တန်းကိုသင်တဲ့ ဆရာတစ်ယောက်က ၁၀တန်းစာမေးပွဲဖြေရတယ်။ သူ့ကိုစာသင်ပေးတဲ့ ဆရာကြီးဦးတင်က အဲဒီ ၁၀ တန်းမေးခွန်းကိုယူပြီးသူ့ကိုဖြေခိုင်းကြည့်တော့ အောင်မှတ် ၄၀ ရခဲ့တယ်။ အဲဒီနှစ်က ၄တန်းစာမေးပွဲမှာ သင်္ချာနဲ့ ပထဝီဘာသာရပ်တွေမှာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်။
၅ တန်းကနေ ၇ တန်းအထိကိုတော့ ဗဟန်းအစိုးရအထက်တန်းကျောင်းမှာ တက်ရောက်ပညာသင်ကြားခဲ့တယ်။ သူ ၆ တန်းအရောက်မှာတော့ မိခင်ဖြစ်သူပါ ဆုံးပါးသွားခဲ့တဲ့အတွက် ကြီးတော်ဖြစ်သူက ပြုစုစောင့်ရှောက်ခဲ့တယ်။
စာပေမျိုးစေ့အခံရှိတဲ့သူ့အတွက်တော့ ဗဟန်းအစိုးရအထက်တန်းကျောင်းမှာ ၃ နှစ်တာနေလာခဲ့တာဟာ စာပေနဲ့ပတ်သက်ပြီး အလေ့အကျင့်တွေရလာခဲ့တယ်လို့ ဆိုနိုင်တယ်။ ကျောင်းသားသမဂ္ဂစာစောင်ထုတ်တော့ ဝတ္ထုတိုလေးတွေ ဖော်ပြခွင့်ရခဲ့သလို ကျပန်းစကားပြောပြိုင်ပွဲတွေ၊ စကားရည်လုပွဲတွေမှာ ပါဝင်ခွင့်ရခဲ့တယ်။
သူ ၆ တန်းနှစ်မှာ မိဘတွေမရှိတော့ပေမယ့် စာတော်တဲ့အတွက် ပညာသင်ထောက်ပံ့ကြေးအဖြစ် တစ်လ(၇)ကျပ်ရခဲ့တယ်။ အဲဒီငွေဟာ သူ့အတွက်ကျောင်းစာအုပ်နဲ့ ကျောင်းဝတ်စုံတွေဝယ်ယူဖို့ လုံလောက်ခဲ့တယ်။
၇ တန်းနှစ်ရောက်ပြန်တော့လည်း စကောလားရှစ်လျှောက်ထားခဲ့တာ ရခဲ့တယ်။ စကောလားရှစ်က တစ်လ (၁၅) ကျပ်ရတော့ သူ့အတွက် ပိုအဆင်ပြေခဲ့တယ်။၁၉၅၇ ခုနှစ်မှာတော့ ရန်ကုန်ခရိုင်မှာ ပထမ နဲ့ ၇ တန်းစာမေးပွဲကိုအောင်ခဲ့တယ်။
၇ တန်းအောင်ပြီးတဲ့နောက်မှာတော့ အထက၁ ဗဟန်းမှာ ၈ တန်းနဲ့ ၉ တန်း တက်ရောက်ပညာသင်ကြားခဲ့တယ်။ စာထူးချွန်တဲ့အတွက် စကောလားရှစ် ၂ နှစ်ဆက်ရခဲ့တယ်။၁၉၅၉ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုတဲ့အခါ ကျောင်းမှာဖြေဆိုတဲ့ လူ ၃၆၀ မှာ သူတစ်ဦးတည်းသာအောင်မြင်ခဲ့တဲ့အပြင် မြန်မာစာနဲ့ သင်္ချာဘာသာရပ်တွေမှာ ဂုဏ်ထူးပါခဲ့တယ်။ အဲဒီနှစ်က တက္ကသိုလ်ဝင်တန်းေအောင်မြင်သူတွေထဲမှာ မြန်မာစာဂုဏ်ထူးရခဲ့တာဟာ သူတစ်ဦးတည်းရှိခဲ့တယ်။ငွေတာရီရွှေတံဆိပ်ဆုနဲ့ လှသမိန်ရွှေတံဆိပ်ဆုတွေလည်း ရခဲ့တယ်။
ပညာရေးဘက်မှာ ထူးချွန်ခဲ့ပေမယ့် တစ်ဖက်မှာတော့ ဘဝအခြေအနေက နေရေးထိုင်ရေးအတွက် အခက်အခဲတွေနဲ့ကြုံခဲ့တယ်။ ၁၀ တန်းအောင်စာရင်းထွက်တဲ့အချိန်မှာပဲ ဗဟန်းက ရပ်ကွက်တွေကို ဖျက်သိမ်းတော့ ရွှေဂုံတိုင်ကို ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်။ သိပ်မကြာခင် ရွှေဂုံတိုင်က ရပ်ကွက်တွေကိုလည်း ဆက်ပြီး ဖျက်သိမ်းတော့ တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်ကို ပြောင်းရွှေ့ခဲ့ရပြန်တယ်။
၁၀ တန်းအောင်ခဲ့ပေမယ့် တက္ကသိုလ်ဆက်တက်ဖို့တော့ သူစိတ်မကူးရဲ။ အလုပ်လုပ်ရင်း သက်ကြီးတက္ကသိုလ် ဆက်တက်ဖို့ပဲစိတ်ကူးခဲ့ပေမယ့် တစ်ဖက်က ဆရာသမားတွေကလည်း ပညာထူးချွန်တဲ့သူ့ကို တက္ကသိုလ်ဆက်တက်စေချင်ကြတယ်။ ပညာရေးအတွက်ကုန်ကျစရိတ်တွေကို ပေးမယ်လို့လည်း အားပေးကြတာနဲ့ တက္ကသိုလ်လျှောက်လွှာတင်ခဲ့တယ်။
တက္ကသိုလ်ဝင်တန်းမှာလည်း ဝိဇ္ဇာတွဲမှာ ထိပ်ဆုံးနားကပဲအောင်မြင်ခဲ့တော့ စကောလားရှစ်အဖြစ် တစ်လကို ၇၅ ကျပ်နဲ့ ၂ နှစ်ရခဲ့တယ်။ အဲဒီကာလမှာပဲ ကျောက်မြောင်း၊ မနော်ဟရီရပ်ကွက်မှာနေတဲ့ ဦးဟုတ်စွန်းက ဇနီးဖြစ်သူ ဒေါ်စိမ့်ကြည် ကွယ်လွန်တဲ့အထိမ်းအမှတ်နဲ့ ပညာသင်ဆုပေးခဲ့တယ်။ တစ်လ ၇၅ ကျပ်နှုန်းနဲ့ ၄ နှစ်ပေးမှာဖြစ်တယ်။ ကျောင်းဥပဒေအရ ကျောင်းသားတစ်ယောက်ဟာ စကောလားရှစ် ၂ ခုယူခွင့်မရှိတာကြောင့် ၄ နှစ်စာရမယ့် ဒေါ်စိမ့်ကြည် ပညာသင်ဆုကိုပဲ သူရွေးချယ်ခဲ့တယ်။
“ အဲဒီစတိုင်ပင်ပေးတဲ့ မိသားစုကို ကျေးဇူးတင်တယ်။ အဲဒီတုန်းက ကိုယ်တိုင်ကလည်း သွားမတွေ့ရဲတော့ မတွေ့ခဲ့ရဘူး။ သူတို့ရဲ့အထောက်အပံ့နဲ့ ကျောင်းဆက်တက်ခဲ့ရတာ” လို့ ဆရာကြီး ဦးခင်အေးက ပြောတယ်။
တက္ကသိုလ်ကို စိတ်ကြိုက်မြန်မာစာ၊ အနောက်တိုင်းရာဇဝင်နဲ့ သက္ကတဗေဒဘာသာရပ်တွေနဲ့ တက်ရောက်ပညာသင်ကြားခဲ့ပြီး ပထမနှစ်ကိုထီးတန်းကောလိပ်မှာတက်ခဲ့ရတယ်။ တောင်ဥက္ကလာပကနေ ထီးတန်းကို မီးရထားလပေးလက်မှတ်လုပ်ပြီး ကျောင်းတက်ခဲ့တယ်။ မနက် ၉ နာရီတန်းကို တက်နိုင်အောင် အိမ်ကနေ ၆ နာရီလောက်ထွက်၊ ကံဘဲ့ဘူတာကို ၄၅ မိနစ်လောက်လမ်းလျှောက်ပြီး ရး၂၀ မီးရထားနဲ့စီး၊ ဟုမ်းလမ်းမှာဆင်းပြီးကျောင်းကိုလမ်းလျှောက်၊ ဒီလိုပုံနဲ့ ကျောင်းကိုအသွားအပြန်လုပ်ခဲ့ရတယ်။ မိုးလင်းသွား၊ မိုးချုပ်မှ အိပ်ပြန်ရောက်ခဲ့ပေမယ့် ခက်ခက်ခဲခဲပဲ ကြိုးစားပညာသင်ယူခဲ့တယ်။
အဲဒီအချိန်မှာတော့ သူ့အနေနဲ့ မောင်ခင်မင်(ဓနုဖြူ)ဆိုတဲ့ကလောင်နာမည်နဲ့ သွေးသောက်မဂ္ဂဇင်းနဲ့ ကျောင်းစာစောင်တွေမှာ ဆောင်းပါးတွေ စာတိုပေစတွေ ရေးသားစပြုနေပါပြီ။
၁၉၆၀ ပြည့်နှစ်မှာတော့ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့ပြီး အမှတ်ကောင်းမွန်တဲ့အတွက် ဂုဏ်ထူးတန်းကို ဆက်ပြီးတက်ရောက်ခွင့်ရခဲ့ပြန်တယ်။ ဂုဏ်ထူးတန်းတက်တဲ့အခါ မြန်မာစာပါမောက္ခက ဆရာကြီးမင်းသုဝဏ်ဖြစ်ပြီး ပြင်ပစာစစ်အဖြစ်လာရောက်စစ်ဆေးတဲ့သူကတော့ ဆရာကြီး ဦးဖေမောင်တင်ဖြစ်ပါတယ်။
ဂုဏ်ထူးတန်းကို မြန်မာစာနဲ့ပဲ ဆက်လက်သင်ကြားခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ ဂုဏ်ထူးတန်းကို ပထမတန်းကပဲ ဖြေဆိုအောင်မြင်ခဲ့တယ်။ ဂုဏ်ထူးတန်းအောင်မြင်ပြီးတဲ့အခါ ပါမောက္ခချုပ်ဆီကို အတူတက်ခဲ့ကြတဲ့ သူတို့သူငယ်ချင်း ၄ ဦး သွားပြီး ကျူတာလုပ်ချင်ကြောင်းပြောတဲ့အခါ ပါမောက္ခချုပ်ဦးမောင်မောင်ကြီးက ဝန်ထမ်းရေးရာဌာနကိုသွားပြီးလျှောက်လွှာတင်ခိုင်းခဲ့တယ်။
၁၉၆၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်မှာတော့ သူတို့သူငယ်ချင်း ၄ ဦးလုံးကို အလုပ်ခန့်ခဲ့ပြီး သူကတော့ ပုသိမ်ကောလိပ်၊ မြန်မာစာဌာနမှာ အလုပ်ရခဲ့တယ်။
“ တစ်လ ၃၀၀ ရတယ်။ ဂုဏ်ထူးတန်းအောင်ဆိုတော့ ၇၅ကျပ်ရတယ်။ စုစုပေါင်း ၃၇၅ ကျပ်ရတယ်။ အားလုံးအဆင်ပြေပြေစားသောက်နိုင်တယ်။ ကြိုက်သလောက် စာအုပ်တွေဝယ်နိုင်တယ်။ အိမ်ကိုလည်း ငွေပို့နိုင်တယ်။ ငွေ တန်ဖိုးရှိတဲ့ခေတ်ကိုး” လို့ ဆရာကြီးကပြောပြတယ်။
မြန်မာစာဌာနမှာ နည်းပြဆရာဖြစ်လာတဲ့အခါ သူ့ရဲ့အသက်က ၂၃ နှစ်ပဲရှိသေးတာကြောင့် ကျောင်းသားတချို့နဲ့ဆိုရွယ်တူလောက်ပဲ ဖြစ်နေခဲ့တယ်။ ပုသိမ်တက္ကသိုလ်မှာ ၂ နှစ်တာဝန်ထမ်းဆောင်ပြီးတဲ့အခါ ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာ ၃ နှစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲဒီနောက် ၁၉၆၈ ခုနှစ်မှာတော့ ပညာရေးတက္ကသိုလ်ကိုရောက်ခဲ့ပြီး ၁၉၇၇ ခုနှစ်အထိ ၉ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်။
“ အဲဒီကာလဟာ ကျွန်တော့်အတွက် အပျော်ဆုံးကာလဖြစ်ခဲ့ရတယ်။ ပညာရေးတက္ကသိုလ်ဟာ ကျွန်တော့်အတွက် နတ်ရေကန်ပါပဲ။ပညာရေးတက္ကသိုလ်မှာ နည်းပြဆရာဆိုပေမယ့် ရှိသမျှအတန်းတွေဝင်ရတယ်။ ပထမနှစ် B.Ed ကနေ ပဉ္စမနှစ် B.Ed အထိ အတန်းအားလုံးကို သင်ခွင့်ရခဲ့တယ်။စာတွေဖတ်ရတယ်။လေ့လာရတယ်။ သင်ကြားရတယ်။ အရေးပါတဲ့အတွေ့အကြုံတွေကို ကောင်းကောင်းရခဲ့တယ်။ သင်ကြားရေးနဲ့ပတ်သက်ပြီး လူလားမြောက်ခဲ့တယ်။တစ်ဖက်ကလည်း စာပေတွေရေး၊ ကျောင်းမှာလည်း စာတမ်းဖတ်နဲ့ စာပေလောကမှာလည်း လူလားမြောက်လာခဲ့တယ်” လို့ ဆရာကြီးဦးခင်အေးကဆိုတယ်။
နည်းပြဆရာအဖြစ် (၁၄ ) နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှာတော့ ပုသိမ်ကောလိပ်ကို လက်ထောက်ကထိကအဖြစ် တစ်ကျော့ပြန်ရောက်ခဲ့တယ်။ ပုသိမ်ကောလိပ်မှာ ၃ နှစ်နေခဲ့ပြီးတဲ့အခါ ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ရောက်ရှိခဲ့တယ်။
ပညာရေးတက္ကသိုလ်မှာတာဝန်ထမ်းဆောင်နေစဉ် ဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်စုစုနွယ်နဲ့ ၁၉၇၃ ခုနှစ်မှာ အိမ်ထောင်ပြုခဲ့တယ်။ဦးထွန်းလင်းခြံလမ်းက အိမ်အမှတ် ၃၅ မှာ နှစ်ဦးသားဘဝကိုထူထောင်ရင်း ရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့တယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့ သမီးတစ်ယောက်ဖွားမြင်ခဲ့တယ်။ ဆရာမဒေါ်စုစုနွယ်ကလည်း နည်းပြတာဝန်ထမ်းဆောင်ရင်း ရာထူးအဆင့်ဆင့်တိုးရင်း နောက်ဆုံးမှာ ရန်ကုန်တက္ကသိုလ်မှာ သူနဲ့အတူလက်တွဲတာဝန်ထမ်းဆောင်ခဲ့ကြတယ်။
“ ကျူရှင်ပြဖို့ဆန္ဒမရှိလို့ ဘယ်သူမှ ကျူရှင်မပြဘူး။ စာရေးပြီး ရောင့်ရောင့်ရဲရဲနေတယ်။ ဘဝတစ်လျှောက်လုံး ဘယ်တော့မှ ကျူရှင်မပြခဲ့ဘူး” လို့ ဆရာကြီးကဆိုတယ်။
အဲဒီနောက် ဦးထွန်းလင်းခြံလမ်း အိမ်နံပါတ် ၃၅ ကနေ မြန်မာစာဌာနကနေ အိမ်ခန်းပေးတဲ့အခါ အဲဒီအိမ်ခန်းကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။
၁၉၉၇ ခုနှစ်မှာတော့ ဂျပန်နိုင်ငံ အိုဆာကာနိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် ၂ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်မှာနေထိုင်ခဲ့ရတာက သူ့အတွက် အတွေ့အကြုံအရရော ငွေရေးကြေးရေးအရပါ အထောက်အပံ့ဖြစ်ခဲ့တယ်လို့ ဆိုနိုင်တယ်။ အဲဒီမှာရတဲ့ဝင်ငွေလေးတွေနဲ့ လက်ရှိနေထိုင်တဲ့ လှည်းတန်းက တိုက်ခန်းလေးကို ဝယ်ယူနိုင်ခဲ့တယ်။
ဂျပန်နိုင်ငံကပြန်လာပြီးတဲ့နောက်မှာတော့ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခရာထူးနဲ့ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့တာ အငြိမ်းစားယူတဲ့ ၂၀၀၆ ခုနှစ်အထိပါပဲ။ ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေစဉ် Ph.D တွေအတွက် သင်ရိုးညွှန်းတမ်းတွေရေးဆွဲခဲ့သလို သင်တန်းသားတွေလည်းမွေးထုတ်ခဲ့တယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံပြုပြင်ပြောင်းလဲရေးတွေမှာလည်း ပါဝင်ဆောင်ရွက်ခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ၂၀၀၂ ခုနှစ်မှာ ချီးမြှင့်ခံခဲ့ရတာကတော့ သူ့ဘဝအတွက် မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်။ နိုင်ငံတော်ကပေးအပ်တဲ့ ဝိဇ္ဇာပညာထူးချွန်ဆု(ဒုတိယဆင့်)ကိုလည်း ၂၀၀၇ ခုနှစ်မှာ ချီးမြှင့်ခံခဲ့ရတယ်။
ဆရာကြီးရဲ့စာပေသမိုင်းတစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ပထမဆုံးထုတ်ဝေတဲ့စာအုပ်ဖြစ်တဲ့ “ စကားပြေသဘောတရား စကားပြေအတတ်ပညာ” ဆိုတဲ့စာအုပ်က ၁၉၇၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး လက်ရှိအချိန်ထိ ၆ ကြိမ်တိုင်တိုင် ရိုက်နှိပ်ခဲ့ပြီးဖြစ်ပါတယ်။၁၉၈၇ ခုနှစ်က ကထိကရာထူးနဲ့ တာဝန်ထမ်းဆောင်နေစဉ်ရေးသားခဲ့တဲ့ “ မြန်မာစကား မြန်မာစာရုပ်ပုံလွှာ” ဆိုတဲ့စာအုပ်ဟာ စာပေဗိမာန်ဆုရခဲ့ပြီး သူ့အတွက်စာပေတွေဆက်လက်ရေးသားဖို့ စိတ်အားထက်သန်မှုတွေဖြစ်ခဲ့တယ်။
စာမူတွေဆက်တိုက်ရေးဖြစ်သလို ထုတ်ဝေသူတွေကလည်း စုစည်းပြီးထုတ်ဝေခဲ့ကြတဲ့အတွက် စာအုပ်တွေက ဆက်တိုက်ထွက်လာခဲ့တယ်။ “ နှစ် ၄၀ ဘဝမှတ်တိုင်များ” ဆိုတဲ့ သူ့ရဲ့ဘဝမှတ်တမ်းစာအုပ်ကတော့ အမျိုးသားစာပေဆု( စာပဒေသာဆု) ရခဲ့တယ်။
အငြိမ်းစားယူပြီးနောက် ၂၀၀၉ ခုနှစ်မှာ “ ဘာသာအမြင် စာပေအမြင်” ဆိုတဲ့စာအုပ်နဲ့ အမျိုးသားစာပေဆု ရခဲ့ပြန်တယ်။ အဲဒီနှစ်မှာပဲ ဂျပန်အတွေ့အကြုံတွေကိုရေးသားထားတဲ့ “အိုဆာကာဧည့်သည်” ဆိုတဲ့စာအုပ်ကလည်း သုတစွယ်စုံ စာပေဆုရခဲ့တယ်။ ၂၀၁၀ ပြည့်နှစ်မှာ “ ကိုလိုနီခေတ်မြန်မာစာပေသမိုင်း” ဆိုတဲ့စာအုပ်က ထွန်းဖောင်ဒေးရှင်းဆုရခဲ့သလို ၂၀၁၂ ခုနှစ်မှာ “ ဆရာဝန်တင်ရွှေတသက်တာစာပေဆု”လည်း ရခဲ့တယ်။
လက်ရှိအချိန်အထိ စာအုပ်ပေါင်း (၆၃) အုပ်ထွက်ရှိပြီးဖြစ်သလို ဆောင်းပါးပေါင်း ၂၀၀၀ ကျော်နဲ့ သုတေသနစာတမ်း ၃၀ ကျော်ရေးသားခဲ့ပြီးဖြစ်ပါတယ်။
ဆရာကြီးဦးခင်အေးဟာ လက်ရှိအချိန်အထိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှာ အပတ်စဉ်သင်ကြားပို့ချနေဆဲဖြစ်သလို မြန်မာစာအဖွဲ့မှာလည်း အချိန်ပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေတာ ၂၀၀၉ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
အခုအချိန်မှာ အသက်(၇၄) နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီးဦးခင်အေးဟာ မြန်မာစာပေလောကအတွက် စာပေတွေဆက်ရေးရင်း၊ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာလည်း ပါရဂူတန်းတွေကို သင်ကြားပို့ချရင်း၊ ပြင်ပစာစစ်အဖြစ်ဆောင်ရွက်ရင်း ဘဝကို ဆက်လက်ဖြတ်သန်းနေပါတယ်။
“ စာပေကတော့ ရေးနိုင်သလောက်ဆက်ရေးနေဦးမှာပါ။ စာအလုပ်၊ ပေအလုပ်ကိုပဲ ဆက်လုပ်ဦးမယ်လို့ ခံယူထားပါတယ်” လို့ ဆရာကြီးက ဆိုပါတယ်။

No comments:
Post a Comment