စစ်သတင်းထောက်ဦးလှမောင် (သို့မဟုတ်) ရုပ်ရှင်သရုပ်ဆောင် ဦးသာဂေါင်
Written by တင်နိုင်တိုး
ခေတ်ဟောင်း ရုပ်ရှင်ဇာတ်ကား အတော်များများတွင် ဟာသသရုပ်ဆောင် ဦးသာဂေါင်၏ ရယ်ရွှင်ဖွယ်ရာ သရုပ်ဆောင်ဟန်ကို တွေ့ရတတ်ပါသည်။ ယင်း ဟာသ သရုပ်ဆောင် ဦးသာဂေါင်မှာ တစ်ချိန်က ထင်ရှားခဲ့သည့် စစ်သတင်းထောက် တစ်ဦးလည်း ဖြစ်ပါသည်။
တောင်ငူဇာတိ
ဦးလှမောင် ခေါ် ဦးသာဂေါင်ကို ၁၄ မတ် ၁၉၁၁ ခုနှစ်တွင် တောင်ငူမြို့ အမှတ် ၃ ရပ်ကွက်၌ ဦးဖိုးသာ၊ ဒေါ်ရွှေမြင့်တို့က ဖွားမြင်ခဲ့သည်။ မွေးချင်း ရှစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ငယ်မည်က မောင်ရွှေပြည့် ဖြစ်သည်။ လူငယ်ဘဝကပင် အေဝမ်းရုပ်ရှင် ကုမ္ပဏီသို့ ရောက်ရှိကာ အေဝမ်း ဦးတင်မောင်ထံမှ ရုပ်ရှင်ပညာ သင်ယူခဲ့သည်။
ဘီအိုင်အေခေတ် စစ်သတင်းထောက်
ဦးသာဂေါင်သည် ဘီအိုင်အေခေတ်တွင် စစ်သတင်းထောက် တစ်ဦးအဖြစ် စစ်မြေပြင်သို့ သွားရောက် သတင်းယူခဲ့သူဖြစ်ပြီး ရုပ်ရှင်ဖြင့်လည်း မှတ်တမ်း တင်ပေးခဲ့သည်။ စစ်တောင်း တိုက်ပွဲတွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏ တပ်နှင့်အတူ လိုက်ပါကာ ရုပ်ရှင်ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။ ထို့အတူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်၏တပ်ဖွဲ့ အထက်ဗမာပြည်သို့ ချီတက်စဉ် အေဝမ်းဖလင်မှ ဒါရိုက်တာ ဦးတင်မောင်နှင့်အတူ လိုက်ပါကာ ဓာတ်ပုံနှင့် ရုပ်ရှင်မှတ်တမ်းများ ရိုက်ကူးပေးခဲ့သည်။
ရုပ်ရှင်လောကသို့
ဦးလှမောင်သည် စစ်ပြီးခေတ် အေဝမ်းရုပ်ရှင် ကုမ္ပဏီမှ ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားများတွင် လူရွှင်တော် ဦးသာဂေါင် အမည်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အေဝမ်းရုပ်ရှင်မှ တစ်သွေးတစ်မြေ၊ ချိန်တန်ပြီ၊ ချစ်သက်ဝေ၊ ဝိဉာဏ်မေတ္တာ၊ ဘုမသိဘမသိ၊ သားရွှေဒေါင်းတောင်၊ ရတနာပုံ၊ ဖာတစ်လုံးခေါင်းကျား စသည့် ဇာတ်ကားများတွင် ပါဝင်ခဲ့သည်။
ဦးလှမောင်က ဟာသလူရွှင်တော် အဖြစ်သာမက ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ ဖြစ်သည်။
ရုပ်ရှင်ဒါရိုက်တာ
ဦးသာဂေါင်သည် အချို့ရုပ်ရှင် ဇာတ်ကားများတွင် ဓာတ်ပုံသတင်းထောက် ဦးလှမောင်အဖြစ် တာဝန်ယူခဲ့ပြီး ဇာတ်ကား အချို့ကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ရာ စွယ်စုံရ အနုပညာရှင် တစ်ဦးဟု ဆိုနိုင်ပါသည်။ ဦးလှမောင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများမှာ မောင်မောင်စိုးရုပ်ရှင်မှ မေ့တွက်တာ၊ ရွှေစင် ရုပ်ရှင်မှ လူယောက်ျား၊ ကေတုမတီရုပ်ရှင်မှ ဒေါက်တာမာလာ စသည့် ဇာတ်ကားများ ဖြစ်ကြသည်။
ပန်းသာမစာဥ
ဦးသာဂေါင် ပါဝင်သရုပ်ဆောင်ထားသည့် ထင်ရှားသော ဇာတ်ကားများအနက် ပရိသတ် အကြိုက်တွေ့ခဲ့ရသည့် ဇာတ်ကား တစ်ကားမှာ သခင်ဘသောင်း၏ ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးတင်ဆက် ထားသည့် ပန်းသာမစာဥ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ဦးသာဂေါင်သည် ယင်းဇာတ်ကားတွင် ပန်းသာမြို့စား အနွယ်မှ ဆင်းသက်လာသော ဆင်းရဲနွမ်းပါးသူ ဦးပန်းအောင်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။
ဦးသာဂေါင်နှင့်အတူ အသက် ၁၁ နှစ် သားအရွယ် သားဖြစ်သူ မောင်မျိုးဆက်သည်လည်း မစာဥ၏မောင် စိန်းအောင် အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့သည်။ ဦးသာဂေါင်နှင့် ဇနီး ဒေါ်သိန်းဟန်တို့၏သား မောင်မျိုးဆက်မှာ ရုပ်ရှင်ရိုက်ကူးအပြီး ဂျစ်ကား အတိုက်ခံရသဖြင့် ကွယ်လွန်သွားခဲ့သည်။ မောင်မျိုးဆက်သည် မစ္စနယ်လ်ဆင် ကျောင်းသားကလေး ဖြစ်ပါသည်။
စစ်မြေပြင်သို့
ဦးသာဂေါင်သည် အေဝမ်းခြံ၌ လုပ်သားကလေး တစ်ဦးအဖြစ် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ဘီအိုင်အေတပ်များ စစ်မြေပြင်သို့ ချီတက်ကြစဉ် ဦးသာဂေါင်လည်း အတူလိုက်ပါ သွားခဲ့ခြင်း ဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏တပ် ရခိုင်သို့ စစ်ချီခဲ့စဉ်က ဦးသာဂေါင်သည် ဆင်းရဲပင်ပန်းစွာဖြင့် လိုက်ပါကာ စစ်မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ရုပ်ရှင်အနုပညာရှင်များ
မြန်မာ့လွတ်လပ်ရေး အတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြရာတွင် ရုပ်ရှင်နယ်မှ အနုပညာရှင် များသည်လည်း ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ခဲ့ကြသည်။ ဦးသာဂေါင်တို့ ရခိုင်ဒေသသို့ စစ်ချီတက်ခဲ့ ကြစဉ်ကလည်း ရှေ့ပြေးကင်းတပ်မှူးမှာ မာနရှင် ဇာတ်ကားဖြင့် ထင်ရှားခဲ့သူ ဒါရိုက်တာဦးဘရှင် ဖြစ်သည်။ ဦးဘရှင်သည် အင်္ဂလိပ်ခေတ် ဆပ်ပါးမိုင်းနား တပ်သားဟောင်းကြီး ဗိုလ်ဘရှင်အဖြစ် ဦးသာဂေါင်နှင့်အတူ ဦးဆောင် ချီတက်ခဲ့သည်။
ဆင်းရဲပင်ပန်းမှု
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏ စစ်ကြောင်းမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ရခိုင်ရိုးမကို ဖြတ်ကျော်ကာ ချီတက်ခဲ့ကြရရာ များစွာဆင်းရဲ ပင်ပန်းလှသည်။ တစ်ခါတစ်ရံ တောတွင်း၌ ဖြစ်သလို ချက်ပြုတ်စားသောက် ကြရ၏။ ဝမ်းပျက်ရောဂါ ဖြစ်ပွားမှုကြောင့် ရေကိုလည်း ခြိုးခြံချွေတာ သောက်ကြရသည်။ အချို့နေရာများတွင် သောက်ရေတွင်းတူးကာ ဆေးခတ်ပြီးမှ သောက်ကြရ၏။
တောစခန်းရောက် ဦးသာဂေါင်
တောစခန်း တစ်နေရာတွင် တွေ့ရသည့် ဦးသာဂေါင်၏ပုံကို ဘီအိုင်အေတပ်နှင့်အတူ ချီတက် လိုက်ပါသွားခဲ့သူ မိတ်ဆွေတစ်ဦးက '' တောလယ်ကောင် လက်ယက် တွင်းကလေး တစ်ခု၏ရှေ့တွင် ငှက်ပျောဖက်ပုံကို ခွကာ၊ ကာကီဘောင်းဘီတို၊ ကာကီအင်္ကျီ လက်တိုနှင့် ခြေပတ်ညိုညို ဒူးဆစ်အထိ ပတ်လျက် စစ်ဖိနပ်ကြီး စီးထားပြီး ဆောင့်ကြောင့်ကြီး ထိုင်နေသော ဗိုလ်သာဂေါင်ကြီးအား ချစ်ရေစင် ဇာတ်ကားတွင် ပန်းဒွေးကြီး အဖြစ်ဖြင့် မြင်ဖူးကြသူများအဖို့ တွေး၍မြင်ကြည့်ကြ စေချင်ပါသည်။ ကျွန်တော်နှင့် ဗိုလ်မင်းခေါင်တို့ နှစ်ဦးအဖို့တော့ ရယ်ချင်လွန်းပါလျက်နှင့် မနည်းကြိုးစား၍ ဣန္ဒြေ ဆယ်နေ ခဲ့ကြရပါတော့သည်'' ဟူ၍ ရေးသားဖော်ပြ ခဲ့ဖူးပါသည်။
ပြည်တွင်း သောင်းကျန်းမှုများ
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ပြည်တွင်း သောင်းကျန်းမှုများ ဆက်လက် ပေါ်ပေါက်ခဲ့ရရာ မြန်မာ့တပ်မတော် အနေဖြင့် တိုက်ခိုက်နှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ရသည်။ ထိုစဉ်ကလည်း ဦးသာဂေါင်သည် စစ်သတင်းထောက်အဖြစ် စစ်မြေပြင်ကို သံချပ်ကာ ကားများစီးလျက် လိုက်ပါကာ စစ်သတင်းများ ရယူခြင်း၊ ဓာတ်ပုံမှတ်တမ်းများ ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆေးစက်ကျရာ
ဦးသာဂေါင်သည် ရုပ်ရှင်လောက တွင်လည်း ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါသည်။ ဆေးစက်ကျရာ အရုပ်ထင်သူဟုပင် ဆိုနိုင်ပါသည်။ ရေငန်ပိုင် ဦးရှင်ကြီး အကြောင်း ရိုက်ကူးထားသော စောင်းတော်ရှင် ဇာတ်ကားတွင် ပြည်လှဖေ၏ သူငယ်ချင်းအဖြစ် အကောင်းဆုံး သရုပ်ဆောင် နိုင်ခဲ့သည်။ ရတနာပုံ ဇာတ်ကားတွင် တရားရုံး ဘီးလစ်စာရေးကြီးအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။
နောက်ဆုံး သရုပ်ဆောင်မှု
ဦးသာဂေါင်ခေါ် စစ်သတင်းထောက်အဖြစ် ထင်ရှားခဲ့သူ ဦးလှမောင်သည် ရုပ်ရှင်ဇာတ်ကားပေါင်း ၆၀ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့ရာ နောက်ဆုံး ပါဝင်ခဲ့သော ဇာတ်ကားမှာ ပြည်တော်အေး ရုပ်ရှင်မှ ချစ်သူ့လိမ္မာနှင့် ရွှေဗမာ ရုပ်ရှင်မှ မွန်းဂျန်းရုပ်ရှင် ဇာတ်ကားများ ဖြစ်ကြသည်။ ဦးသာဂေါင်သည် ၁၉၇၅ ခုနှစ် တပေါင်း ပွဲတော်တွင် ရုပ်ရှင်ပညာသည် များနှင့်အတူ နောက်ဆုံးကပြ ဖျော်ဖြေခဲ့သည်။
ဘဝနိဂုံး
ဦးသာဂေါင်သည် ၂ ဖေဖော်ဝါရီ ၁၉၇၆ ခုတွင် ရန်ကုန်မြို့ ဂေါ်ဒွင်လမ်း (ယခု မြို့မကျောင်းလမ်း)ရှိ စစ်ဆေးရုံသို့ တက်ရောက်ကာ သွေးတိုးနှင့် ဆီးချိုရောဂါများ ကုသခဲ့သည်။ ယင်းသို့ ကုသနေစဉ်အတွင်း ၁၉ ဖေဖော်ဝါရီ ၁၉၇၆ အသက် ၇၅ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။ ကွယ်လွန်စဉ် ဇနီးဒေါ်သိန်းဟန်နှင့် သားမောင်မျိုးတင့်တို့ ကျန်ရစ်ခဲ့သည်။
ဦးသာဂေါင်သည် မကွယ်လွန်မီကပင် ဆန္ဒအလျောက် မိမိ၏ ခန္ဓာကိုယ်အား ဆေးတက္ကသိုလ်(၁)သို့ လှူဒါန်းသွားခဲ့သည်။
မော်ကွန်းဝင် တတိယဆင့်
ဦးသာဂေါင်ခေါ် စစ်သတင်းထောက် ဦးလှမောင်၏ ဘီအိုင်အေ တပ်နှင့်အတူ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲများကို မှတ်တမ်းတင် ဓာတ်ပုံ၊ ရုပ်ရှင်များအား စွန့်စွန့်စားစား ရိုက်ကူးပေးခဲ့ခြင်း တို့ကြောင့် နိုင်ငံတော် အစိုးရက မော်ကွန်းဝင် တတိယဆင့် ပေးအပ်ချီးမြှင့် ခဲ့ပါသည်။
ရုပ်ရှင်သရုပ်ဆောင် ဟာသလူရွှင်တော် ဦးသာဂေါင် သို့မဟုတ် စစ်သတင်းထောက် ဦးလှမောင်ကား တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုခဲ့သူ အနုပညာရှင်တစ်ဦး ဖြစ်ပါသည်။
ကျမ်းကိုး ၁။ မြန်မာ့ရုပ်ရှင်သမိုင်း၊ ငွေရတုကာလ (၁၉၂၀-၁၉၄၅) ၂။ တောင်ငူနယ်ဖွားရုပ်ရှင်မင်းသား (မောင်ချိုမင်း-ကန္တရဝတီ) ကေတုမတီ မဂ္ဂဇင်းအမှတ်(၂)၊ ၂၀၀၈ ဒီဇင်ဘာ ၃။ စစ်ပြန်ကြီးဗိုလ်သာဂေါင်(ကြည်လွင်-မြို့မ) စစ်ပြန်မဂ္ဂဇင်း
ပန်းသာ မစာဥ ဇာတ်ကားမှ ဦးပန်းအောင် အဖြစ် ဦးသာဂေါင်၏ သရုပ်ဆောင်ဟန်

No comments:
Post a Comment