📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Thursday, August 20, 2020

ဒေါက်တာဆွန်ယက်ဆင်

ဒေါက်တာဆွန်ယက်ဆင် 


တရုတ်ပြည်၏ ဖခင်ကြီး (သို့မဟုတ်) ဒေါက်တာဆွန်ယက်ဆင်

     

       ဟန်တရုတ်လူမျိုး၊ တော်လှန်ရေးသမားနှင့် နိုင်ငံ့ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကို ၁၈၆၆ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယနေ့အချိန်အထိ တရုတ်ပြည်မကြီးကသာမက၊ တရုတ်တိုင်ပေနယ်ကပါ တိုင်းပြည်၏ ဖခင်ကြီးဟု သတ်မှတ်ခံထားရသူဖြစ်သည်။

တရုတ်ပြည်၏ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖြုတ်ချပြီး တိုင်းသူပြည်သားအများကို ကိုယ်စားပြုသည့် သမ္မတနိုင်ငံတော်ကြီး (၁၉၁၂) ကို တည်ထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပထမဆုံးသော သမ္မတလည်းဖြစ်ပါသည်။

            တိုင်းပြည်တစ်ပြည်တွင် အုပ်ချုပ်သူလူတန်းစားရှိ၏။ အုပ်ချုပ်ခံလူတန်းစားဟူသည်လည်း ရှိ၏။ ထိုအုပ်ချုပ်သူ လူတန်းစားသည် ကိုယ့်မင်းကိုယ့်ချင်းသက်ဦးဆံပိုင် ဘုရင်လည်းဖြစ်ချင်ဖြစ်မည်။ ကိုလိုနီနယ်ချဲ့လည်း ဖြစ်ချင်ဖြစ်မည်။ ထိုအုပ်ချုပ်သူ လူတန်းစားသည် အုပ်ချုပ်ခံသူများက ရွေးကောက်တင်မြှောက်ထားခြင်း မဟုတ်သည့်အတွက် တနည်းမဟုတ်တနည်း ဖိနှိပ်မည်သာဖြစ်သည်။ ထိုအခါမျိုးမှာ ဖိနှိပ်ခံနင်းပြားတို့ဘက်မှ လွတ်မြောက်ရေးကို တိုက်ယူပေးမည့် အာဇာနည်များပေါ်ထွက်

လာလေ့ရှိသည်။ ဒေါက်တာဆွန်ယက်ဆင်သည် ထိုကဲံသို့သော အာဇာနည်တစ်ဦးဖြစ်ပါသည်။ သူတော်လှန်ခဲ့သည့် ဖိနှိပ်သူလူတန်းစားမှာ ကိုလိုနီနယ်ချဲ့မဟုတ်ပါ။ တရုတ်ပြည်ကြီးကို အစဉ်အဆက် အုပ်စိုးလာခဲ့ကြသည့် သက်ဦးဆံပိုင် မန်ချူးဘုရင်မင်းဆက်ဖြစ်ပါသည်။

            တရုတ်ပြည်မကြီး ဂေါင်ဒေါင်းပြည်နယ်မှာ မွေးဖွားခဲ့သည့် ဆွန်ယက်ဆင်မှာ လယ်သမားမျိုး ရိုးဖြစ်ပြီး အသက်၆နှစ်အရွယ်မှစ၍ မိဘကိုကူညီလျက် နွားကျောင်းသားအလုပ် လုပ်ခဲ့သူဖြစ်သည်။ အသက် ဆယ်နှစ်တွင် ပညာစသင်ခွင့်ရပြီး အသက် ၁၃နှစ်အရွယ်တွင် ဟိုနိုလူလူသို့ ပြောင်းရွှေ့လျက် အင်္ဂလိပ်စာ၊ယူကေနိုင်ငံသမိုင်း၊ သင်္ချာ၊သိပ္ပံနှင့် ခရစ်ယာန်ဘာသာရပ်များကို သင်ယူခဲ့သည်။ ထို့နောက် တရုတ်ပြည်သို့ ပြန်လာပြီး ခရစ်ယာန်သာသနာပြု ဂျွန်ကားဦးစီးဖွင့်လှစ်သည့် ဂေါင်ရှုဘိုဂျီဆေးရုံတွင် ဆေးပညာသင်ယူကာ ၁၈၉၂ ခုနှစ်တွင် ဟောင်ကောင်ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ရရှိသည်။ ထိုတက္ကသိုလ်မှ ပထမဆုံးဘွဲ့ရသည့် ဆရာဝန်နှစ်ဦးအနက်တစ်ဦးဖြစ်ပါသည်။

            ဆွန်ယက်ဆင်သည့် သက်ဦးဆံပိုင်ဘုရင်စနစ်ကို မနှစ်မြို့။အနောက်တိုင်းပြည်များမှာကဲ့သို့ စည်းမျဉ်းခံဘုရင်စနစ်ကို ပြောင်းလဲကျင့်သုံးစေလိုသည်။ ထိုအတွက်ကြောင့် ဆရာဝန်အလုပ်ကို လုံးဝစွန့်လွှတ်ခဲ့ပြီး အုပ်ချုပ်သူဘုရင်၏ အငြိုငြင်ကိုခံလျက် အမှောင်လောကသားများဟု သတ်မှတ်ခံ ရသည့် တော်လှန်ရေးသမား၊ ပြုပြင်ပြောင်းလဲရေးသမားဖြစ်လာသည်။ဆွန်ယက်ဆင်၏ ထင်ရှားသောနိုင်ငံရေး ခံယူချက်မှာ အမျိုးသားရေး၊ ဒီမိုကရေစီရေးနှင့် နိုင်ငံသားအများ ပျော်ရ့ွှင်ကျန်းမာရေး ဟူသည့် လူထုခံယူချက် သုံးရပ်ဖြစ်သည်။ ထိုသုံးချက်ပြည့်စုံမှသာလျှင် ငြိမ်းချမ်းရေး၊လွတ်လပ်ရေးနှင့် အခွင့်အရေးတူမျှရေးဟူသည့် အဆုံးစွန်သော ရည်မှန်းချက်သုံးရပ် ရရှိလိမ့်မည်ဟု ဆွန်ယက်ဆင်က ယုံကြည်သည်။

            ဆွန်ယက်ဆင်၏ ထင်ပေါ်ကျော်ကြားမှုသည် တရုတ်ပြည်မကြီးကို ကျော်လွှားလျက် တရုတ်အမျိုးသားများရှိနေသည့် အိမ်နီးချင်းတိုင်းပြည်များအထိ ပျံ့နှံ့ခဲ့သည်။ဘယ်နေရာမှာနေနေ တရုတ်လူမျိုးသည် တရုတ်လူမျိုးသာလျှင်ဖြစ်သည်ဟူသော ယုံကြည်ချက်ဖြင့် ဆွန်ယက်ဆင်သည် စင်္ကာပူ၊မလေးရှားစသည့် တရုတ်လူမျိုးအများအပြားနေထိုင်သည့် နိုင်ငံများသို့ စည်းရုံးရေး အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ သက်ဦးဆံပိုင်ဘုရင်ထံမှ တောင်းယူရသည့် လွတ်လပ်ရေးတိုက်ပွဲအတွက် နိုင်ငံရပ်ခြားရောက်နေကြသည့် တရုတ်အမျိုးသားများ၏ ထောက်ခံချက်ရရှိနိုင်ရေး အစွမ်းကုန်ကြိုးပမ်း ခဲ့သည်။ သူယုံကြည်သည့် လူထုခံယူချက် သုံးရပ်ကို လှည့်လည်ဝါဒဖြန့်ခဲ့သည်။ ၁၉၁၁တော်လှန်ရေးကြီးသည် အဝေးရောက်တရုတ်လူမျိုးများ အဓိကဆင်နွှဲခဲ့သည့် အောင်ပွဲဖြစ်သည်ဟု ဆွန်ယက်ဆင်ကခံယူခဲ့သည်။

            နိုင်ငံရေးသမားတို့ ထုံးစံအတိုင်း ဆွန်ယက်ဆင်၏ဘဝသည် အခက်အခဲအတိုက်အခံများ၊နယ်နှင်ဒဏ်များနှင့် ပြည့်နှက်နေသည့် ဘဝဖြစ်သည်။ ဘုရင်စနစ်ကျဆုံးသွားသည့်အခါ အသစ်ထွက်ပေါ် လာသည့် သမ္မတနိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာသည်။ ထိုစဉ်က တရုတ်ပြည်ကြီးကို အပိုင်းပိုင်းခွဲလျက် တဗိုလ်တမင်း အုပ်စိုးနေကြသည့် စစ်ဘုရင်များ၏ ရန်သူတော်လည်းဖြစ်လာသည်။ ကွန်မြူနစ်များနှင့် အထိအရှ မခံသည့် ညီညွတ်ရေးဖြင့် မဟာမိတ်ဖွဲ့ထားသည့် သူ၏ကူမင်တန်ပါတီမှာ သူကွယ် လွန်ပြီးနောက် နှစ်ခြမ်းကွဲလေသည်။ သူကွယ်လွန်ပြီးမှ ကူမင်တန်နှင့် ကွန်မြူနစ်တို့ အကြားဖြစ်ရသည့် ပြည်တွင်းစစ်ကိုမူ ဆွန်ယက်ဆင် မြင်မသွားရှာပါ။ ဆွန်ယက်ဆင်သည် ၁၉၂၅ခုနှစ် မေလ ၁၂ရက်၊ အသက် ၅၈နှစ်အရွယ်တွင် အသည်းကင်ဆာရောဂါဖြင့် ဘေဂျင်းမြို့၌ကွယ်လွန်သည်။

            နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီးများသည် အာဏာရအစိုးရများ၏ မူဝါဒများအပေါ်မူတည်ပြီး မှေးမှိန်ဖျောက်ဖျက်ခံရတာမျိုးရှိတတ်သည်။ မကြာသေးမီနှစ်များက တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် များသည် ဒေါက်တာဆွန်ယက်ဆင်အား တရုတ်ပြည်၏ စီးပွားရေးနှင့် အမျိုးသားရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ခေါင်းဆောင်ကြီးအဖြစ် ပြန်လည်ဖော်ညွှန်းလာကြတာ ရှိပါသည်။ တချို့ကလည်း တိုင်ဝမ်ကျွန်းရှိ ကူမင်တန်ထောက်ခံသူများနှင့် ညီညွတ်ရေးအတွက် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။ မည်သို့ဆိုစေ နှစ်စဉ်အလုပ်သမားနေ့(မေဒေး)နှင့် အမျိုးသားနေ့ရောက်တိုင်း တီယန်မန်ရင်ပြင်တွင် ဒေါက်တာဆွန်ယက်ဆင်၏ ပုံတူပန်းချီကားများ လာရောက်ပြသဂုဏ်ပြုကြသည့် အလေ့အထမှာ ယခုအချိန်အထိ ရှိနေဆဲဖြစ်လေသည်။


No comments: