📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Monday, August 24, 2020

ဂီတအကြောင်း (၅)

 ဂီတအကြောင်း (၅)


#ကာချင်း #လေးချိုး #သံချို #သဖြန်

#ငိုချင်း 



#ကာချင်း


ကာချင်းဟူသည် လက်တစ်ဖက်တွင် ဓား၊ လှံ စသည်တို့ကိုကိုင်လျှက် ကျန်တစ်ဖက်တွင် ကာကိုကိုင်ကာ ကသည့်အခါ သီဆိုသော သီချင်းဖြစ်သဖြင့် ကာချင်းဟူ၍ ခေါ်သည်။ မြန်မာစာပေသမိုင်းတွင် ရဲရင့် ခန့်ညား ထယ်ဝါသော ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေသည့် စစ်ချီသီချင်း အဖွဲ့ဖြစ်သော ကာချင်းသည် တစ်ခုအပါအဝင် ဖြစ်သည်။ ပင်းယခေတ် ကောင်းစားသည့် သက္ကရာဇ် ၆၇၄-ခုနှစ်၊ တစ်စီးရှင် သီဟသူမင်း လက်ထက်တွင် ကာချင်း ပေါ်ပေါက်လာခဲ့သည်။


ကာချင်း အဖွဲ့သည် ရဲရင့်၏၊ မာန်ဝင့်၏၊ တက်ကြွရွတ်ဆိုရသူ၏ စိတ်ကို မျိုးချစ်စိတ်ဖြင့် ပြည့်လျှမ်းစေသည်။ ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေ၏။ ဖြတ်လပ်မှု၊ စိတ်ထက်သန်မှု၊ စွန့်စားမှု၊ သတ္တိရှိမှုကို ဖြစ်စေသည်။ စစ်သွေးစစ်မာန်ကြွ၍ ဓားရေး၊ လှံရေး ပြလိုသော် စစ်သည် သူရဲကောင်းစိတ်မျိုး ဝင်စေသည်။ ထို့ပြင်တိုင်းပြည်၏ ပတ်ဝန်းကျင် သာယာပုံတို့ကို ရောယှက်၍ ဖွဲ့ဆိုထားခြင်းဖြင့် ဖတ်ရှုရသူ၏ စိတ်နုလုံးကို ညွှတ်နူး အေးချမ်းစေ၏။


သက္ကရာဇ် ရ၀၄-ခုနှစ်၊ မြင်စိုင်း ငါးစီးရှင်ကျော်စွာ ကိုယ်တော်တိုင် ကတော်မူသည့် ကာချင်းသည်လည်း တက်ကြွမှု၊ ရဲရင့်မှု အပြည့်အဝ ပါရှိလေသည်။


`တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်းတကောင်းသားလော၊ တကောင်းတကောင်း´

အစချီသော ပထမအပိုဒ်တွင် ကျုံးရေတံတိုင်း ကာဆီး၍ ဆင်မြင်းစစ်အင်အား ပြည့်စုံပုံကို ရေးဖွဲ့ခဲ့သည်။

`တာဝတိန်သာ နတ်ရွာလော၊ နတ်ရွာလော၊ ဟုတ်တည်းသျှင်ချင်း သျှင်ချင်း။ ဟုတ်တည်း ဆွေရင်း ဆွေရင်း။ ဟုတ်တည်းသည်းရင်း သည်းရင်း။ ။မြင်စိုင်းဟူသည်၊ ရွှေပြည် ရွှေပြည်´

စသည်အားဖြင့် မြင်စိုင်းပြည်သူ စစ်သည် သူရဲတို့၏ မျိုးချစ်စိတ် စစ်သွေးစစ်မာန် တက်ကြွလာအောင် ရာသီပန်းမန် မြို့ပြ အခြေအနေများနှင့် ရောစပ်ကာ ရေးဖွဲ့စပ်ဆိုခဲ့သည်။ ဤကာချင်းများကို သီဆိုကခုန်ခြင်းဖြင့် စစ်သွေးစစ်မာန် တက်ကြွကာ တိုင်းပြည်နှင့် အမျိုးကို ချစ်သည့်စိတ်များ တိုးပွားလာစေခဲ့သည်။


ကာချင်းသည် ရှေးကျသော မြန်မာကဗျာ အဖွဲ့ အနွဲ့တစ်မျိုးဖြစ်သည်။ ထိုကဗျာမှာ သီချင်းသဘောလည်း သက်ဝင်၍၊ ပင်းယခေတ်တွင် ဒိုင်းများ ကာများကို ကိုင် ဆောင်ကာ စစ်ဟန်ခင်းကျင်း ကခုန်ယင်း သီဆိုလေ့ရှိသဖြင့် ကာသီချင်း ကာချင်းဟုခေါ်ဆိုခြင်းဖြစ်သည်။


မြန်မာဂန္ဓဝင်တွင် ကာချင်းအနည်းငယ်မျှသာ တွေ့ရသည်။ ပြည်မင်း မျက်နှာရှည်လက်ထက် ရေးသားခဲ့သော 'အုံ့ကာမည်း ကြားကာရိုက်ကြိုး၊ ပျဉ်ထောင်မိုး' အစချီ ကာချင်းတစ်ပုဒ်၊ သက္ကရာဇ် ၆၇၄ ခုနှစ် ပင်းယ တစ်စီးရှင် သီဟသူမင်း လက်ထက် ရေးသားခဲ့သော 'ခါးပတ်တော်မှာ ရွှေခြည်စုံ၊ မှိုင်းလုံး ရွှေဝတ်လုံ၊ မလုံသာချမ်းအေး' အစချီ ကာချင်း တစ်ပုဒ် အပြင် သက္ကရာဇ် ရဝ၄ ခုနှစ် မြင်စိုင်း ငါးစီးရှင် ကျော်စွာမင်း ကိုယ်တိုင် သီဆိုကခုန်ခဲ့သော 'တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်း ဘကောင်း သားလော၊ ဘကောင်း ဘကောင်း'အစချီ ကာချင်းနှင့်'တာဝတိံသာ နတ်ရွာ လော၊ နတ်ရွာလော၊ ဟုတ်တည်း သျှင်ချင်း သျှင်ချင်း' အစ ချီသော ကာချင်းတို့ကိုသာလျှင် ယခုအခါ တွေ့ရတော့သည်။


ပင်းယခေတ် လွန်ပြီးနောက် အင်းဝခေတ် ကုန်းဘောင် ခေတ်များတွင် ကာချင်းများစပ်ဆိုသည်ကို မတွေ့ ရချေ။ ကာချင်းတွင် အဲအဏ်တို့တွင်ကဲ့သို့ ရာသီပန်းမာလ် မြို့ပြ အခြေအနေများကို ထည့်သွင်းစပ်ဆိုလေ့ ရှိသည်၊ ကာကို ကိုင် ၍ ကရသော သီချင်းဖြစ်သော်လည်း ရဲတင်း ရဲချင်း အဖွဲ့အနွဲ့ များလောက် စိတ်စိတ် စစ်သွေး ဇာတိမန်ကို နှိုးဆော်သော သီချင်းမျိုးကား မဟုတ်ချေ။


ကာချင်း၏ ကာရန်စနစ်မှာ လေးလုံးစပ် မဟုတ်သော်လည်း လေးလုံးစပ်မှ ဆက်ပွားသော စနစ်ပင် ဖြစ်သည်။ လူးတားများ တွင် ရတုညှပ်သကဲ့သို့ ကာချင်းတွင်လည်း သံပေါက်ညှပ်၍ စပ်ဆိုလေ့ရှိသည်။


#လေးချိုး


လေးချိုး သည် တက်သံ ခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခုနှင့် အောက်မြစ်သံ၊ ဝိသဇ္ဇနီသံတို့ဖြင့် ချရသော အချိုးနှစ်ခုပေါင်း အချိုးလေးခုပါဝင်သော မြန်မာကဗျာအမျိုးအစား ဖြစ်သည်။


လေးချိုးစပ်နည်း


ဒွေးချိုးနှင့် တြိချိုးစပ်နည်းကိုသိလျှင် လေးချိုးစပ်နည်းသည် မခက်ခဲပေ။ အခြေခံ ဒွေးချိုးအပေါ်တွင်တက်သံခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခု ထပ်ဆင့်လိုက်လျှင် လေးချိုးဖြစ်လာသည်။ လေးချိုးတွင်တတိယအချိုး၌ ခွာထောက်ကာရန် ပါလေ့ရှိသည်။


လေးချိုးဆိုသည်ကား အအုပ်အခံ ကာရန်အချိုး အစား လေးပိုဒ်တို့ဖြင့် ရေးသားစီကုံးရသော တေးမျိုးကိုဆိုလိုသည်။

ဥပမာ-

၁။ မြတ်လေးဖြူ စံပယ်သင်းပြန်တော့၊ နတ်သွေးတူ ရွယ်ယမင်းတွေက၊ သွယ်သွယ်ညှင်း ကုံးကာဆင်။ ။

၂။ စာပြန်ပွဲကိုလ၊ ဟန်နွှဲကာ တူနှစ်ဖော်နှင့်၊ အလှူတော်ကောင်းမှုပွား အောင်ကွယ်၊ သွားကြပျော်ရွှင်။ ။

၃။ နွေနယုန် မေထုန်လဟာမို့၊ မြေဝသုန် လေဟုန်ခပြန်တော့၊ ရွှေမှုန် ထပါလို့ ညိုလွင်လွင်၊ ဟိုတစ်ခွင်မှာဖြင် အုံ့ကာမှိုင်း။ ။

၄၊ စည်ပုစွန် ရိုက်ချုန်းရောင်ခြည်ဝှန်၍၊ တသွန်သွန် ဟန်ကုန်နွှဲပါလို့၊ အမ္ဗုန် မာန်ဟုန်နှင့် သဲလှတယ်ကွယ်၊ ရွှဲကြလူတိုင်း။

( နယုန်လဘွဲ့ လေးချိုး )


လေးချိုးကဗျာ ရေးသားရာ၌ အခံပိုဒ်နှစ်ခု၊ အအုပ်ပိုဒ်နှစ်ခု ရှိရမြဲဖြစ်သည်။ အခံပိုဒ်နှစ်ခုတွင် အက္ခရာ သို့မဟုတ် ပဒနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အချီအချဟု အခြင်းအရာအားဖြင့် ပါမြဲဖြစ်သည်။ သို့ဖြစ်၍ အခံပိုဒ်နှစ်ခုလုံးကို လဟုသံဖြင့်ချီ၍ ဂရုသံဖြင့် ချရမြဲဖြစ်သည်။ အအုပ်ပိုဒ်နှစ်ခုတို့တွင် ပထမချိုးဖြစ်သော အအုပ်ပိုဒ်ကို ပထမ အခံပိုဒ်ကဲ့သို့ ချီ၍ အခံပိုဒ်နှစ်ခုကဲ့သို့ ဂရုသံကာရန်တူအုပ်ကာ ချလိုရာ လဟုသံတစ်ခုခုသို့ ပြောင်း၍ချရသည်။ စတုတ္ထချိုးကိုမူ ဂရုသံဖြင့်ချီ၍ တတိယချိုး၏ အချနှင့် လဟုသံ ကာရန်တူ ချမြဲဖြစ်သည်။



အထက်ပါ စည်းမျဉ်းအရ အခံပိုဒ် ပထမအချိုးတွင် 'သင်း' ဟု အင်းကာရန် လဟုသံဖြင့် ချီ၍အဆုံး၌ 'ဆင်' ဟုအင်ကာရန် ဂရုသံဖြင့် ချသည်။ ထိုအတူ ဒုတိယအချိုးတွင် 'ပွဲ' ဟု အဲကာရန် လဟုသံဖြင့် ချီ၍ အဆုံး၌ ' ရွှင်' ဟု အင်ကာရန်ဂရုသံဖြင့်ချသည်။ တတိယအချိုး၌ 'နွေ နယုန် မေထုန်လဟာမို့' တွင် 'မို့' ဟု ပထမအချိုးကဲ့သို့ လဟုသံဖြင့် ပြန်ချီပြီးလျှင် ပထမ၊ ဒုတိယတို့၏ အချကာရန်တူ 'လွင်' ဟု ခံကာ 'ခွင်' ဟုအုပ်၍ 'မှိုင်း' ဟု လဟုသံဖြင့်ချသည်။ စတုတ္ထအချိုး၌ 'စည်ပုစွန်' ဟု အက္ခရာ သုံးလုံးရှိ 'စွန်' ဂရုသံဖြင့် ချီ၍ 'တိုင်း' စု တတိယ အချိုး၏ အချကာရန်တူ လဟုသံဖြင့်ချသည်။


လေးချိုးကို လေးဆစ်ဟူ၍လည်းခေါ်သည်။ လေးဆစ်ချိုးဟူ၍ လည်းခေါ်သည်။ လေးဆစ်ကို အခြားကဗျာများနှင့် မရောနှောဘဲ သီးခြား ရေးထားသော အချင်းမျိုးကို လေးဆစ်ဟူ၍ ခေါ်သည်။ တစ်နည်းအားဖြင့် အခြားကဗျာမှာ နောက်ဆုံးတွင် ရေးသောအချင်းမျိုးကို လေးဆစ်ဟူ၍ခေါ်သည်။ တစ်နည်းအားဖြင့် အခြားကဗျာမှာ နောက်ဆုံးတွင် ရေးသားလေး ဆစ်ကို သံထောက်ဟူ၍ခေါ်သည်။ တစ်နည်းအားဖြင့် အဆုံးလည်းမဟုတ်၊ တစ်ပုဒ်တည်း လေးဆစ်လည်းမဟုတ်ဘဲ အခြားစာများမှာ ရောနှောရေးသားထားသော လေးဆစ်ကို သဖြန်ဟူ၍ မှတ်ယူရေးသားလေ့ရှိသည်။ တစ်နည်း အားဖြင့် ကာလဒေသအလိုက် ခွန်းထောက်ဟူ၍လည်း ရေးသားကြသေးသည်။ ရှေးကျသော လေးဆစ်စာများမှာ လွန်စွာ စာလုံးနည်း၍ အဓိပ္ပာယ် ကျယ်ဝန်းပြီးလျှင် စာသားနကိုမှာလည်း တိုတိုကျဉ်းကျဉ်းသာ ရေးကြသည်။ ဤကဲ့သို့ ရေးသည်ကိုလေးဆစ်ဟု အမှတ်ပြုကြသည်။ လေးဆစ်ကို ချဲ့ထွင်ပြလျှင် လေးဆစ်ဘောလယ်ဟူ၍လည်းကောင်း၊ လေးဆစ်ပုလဲဟူ၍ လည်းကောင်း စာဟောင်းပေမူ ပုရပိုက်များတွင် တွေ့မြင်ရလေသည်။


ထို့ပြင် လေးချိုးသည် လေးချိုးငယ်၏ လေးချိုးလတ်၊ လေးချိုး ကြီးဟူ၍ သုံးမျိုးပြားပြန်၏။ ထိုသုံမျိုးတွင် လေးချိုးငယ်ကို လေးဆစ်သဖြန် ဟူ၍လည်းကောင်း၊ လေးဆစ်ကွန်းထောက် သဖြန်ဟူ၍လည်းကောင်း အထူး ပြု၍ခေါ်သည်။ လေးချိုးလတ်ကို လေးချိုးဟူ၍ပင် သာမညအားဖြင့်ခေါ် သည်။ လေးချိုးကြီးကို လေးချိုးကြီးဟူ၍လည်းကောင်း၊ အလွန်ကြီးက မဟာလေးချိုးကြီးဟူ၍လည်းကောင်း အထူးပြု၍ခေါ်သည်။ လေးချိုးကြီး သည်လည်း ကာလပေါ်လေးချိုးကြီး၊ ရှေးရိုးလေးချိုးကြီးဟူ၍ နှစ်မျိုးပြား၏။ ရှေးရိုးလေးချိုးကြီးကို သံချိုလေးကြီးဟူ၍လည်းခေါ်သည်။ တစ်နည်းအားဖြင့် စာပေဖြင့် လေးချိုးကြီး၊ စာထောင့်လေးချိုးကြီးဟူ၍လည်း နှစ်မျိုးပြားပြန်၏။ထိုမှတစ်ပါး ပုံကြီးသံ၊ စည်တော်သံ၊ တေးရိုးခေါ်သော သီချင်း မျိုးမှာလည်း အခံအချိုး အအုပ်အချိုးကွပ်သိမ်းချက်ထား၍ ရေးသမျှသည် လေးဆစ်ချိုးသဘောမျိုးအရင်းခံတွင် အသံယူအသံထားသာ ကွဲပြားကြလေသည်။


#သံချို


အသံချိုချိုသာသာရွတ်ရသော လေးချိုးကဗျာမျိုးဖြစ်သည်။ ရုပ်သေးပွဲများတွင် လက်စွဲတော်ရုပ်ခေါ် စာဆိုရုပ်ကို ကိုင်ရသော စာဆိုကိုင်သည် အလှူအကြောင်း၊ အလှူရှင်အကြောင်းတို့ကို ရုပ်သေးစင်လက်တန်းကိုကိုင်လျက် ဇဝနဉာဏ်ဖြင့် ချက်ချင်းဖွဲ့ဆိုလေ့ရှိသော ကဗျာမျိုးဖြစ်သည်။ ထို့ကြောင့် လျင်မြန်သော ဇဝနဉာဏ်ကိုပင် လက်တန်းဉာဏ်ဟု ဆိုကြခြင်းဖြစ်သည်။


သံချိုစပ်နည်း


သံချိုစပ်နည်းမှာ လေးချိုးစပ်နည်း အတိုင်းပင် ဖြစ်သည်။ အချိုး လေးချိုးပါသည်။ တတိယအချိုးတွင် ခွာထောက်ကာရန်ပါသည်။ ချီသံ ချသံအနေအထား၊ ကာရန် အနေအထား အနည်းငယ်ကွဲသည်။ သို့ရာတွင် သံချိုသီဆိုပုံကို နားထောင်ကြည့်မှသာလျှင် သံချို၏သဘောကို နားလည်နိုင်ပေမည်။ ကာရန်ယူပုံစနစ်မှာမူ လေးချိုး ကာရန်ယူပုံအတိုင်းပင် ဖြစ်သည်။


သံချိုစာဆိုများ


မြန်မာစာပေလောကတွင် ထင်ရှားသော သံချိုစာဆိုမှာ မောင်းထောင် ဦးကျော်လှ ဖြစ်သည်။ ဦးကျော်လှအပြင် သာဝတ္ထိဦးကြီး၊ အလုံမြို့ ကင်းစမ်းရွာက ဦးမြတ်ဝင်း၊ ကျောက္ကာရွာက ဦးကျော်၊ ချောင်းဦး ဆယ်ရွာက ဉာဏ်ကျယ် အမည်ခံ ဦးကြူ၊ မင်းစာဝန်နှင့် ဦးပျော်ဘွယ် စသည်တို့ ထင်ရှားကြသည်။ ဦးဉာဏ်ကျယ်နှင့် ဦးကျော်လှတို့သည် သံချိုစာဆိုပြိုင်ဖက်များ ဖြစ်ကြသည်။ ၁၉၃ဝ ခုနှစ်နောက်ပိုင်း ခေတ်စမ်းစာပေ ပေါ်ထွန်းသော ခေတ်တွင် ကဗျာစာဆို ဆရာဇော်ဂျီသည် သံချိုအများအပြား ရေးသားဖွဲ့ဆိုခဲ့သည်။


#သဖြန် 


ဒွေးချိုး၊ တြိချိုးနှင့် လေးချိုးတို့ကို တခါတရံ သဖြန် ဟု အမည်တပ်၍ခေါ်သည်ကို တွေ့ဖူးပေမည်။ ထိုသို့ခေါ်သည်မှာ သီဆို တီးမှုတ်မှုဆိုင်ရာ ဂီတသဘောကိုလိုက်၍ ဖြစ်သည်။ ပတ်ပျိုး၊ ယိုးဒယား စသည်တို့ကို သီဆိုတီးမှုတ်၍ ပြီးဆုံးသောအခါ အသံကိုဖြန်ဖြေသော သဘောဖြင့် ဒွေးချိုးကိုဖြစ်စေ၊ တြိချိုးကိုဖြစ်စေ၊ လေးချိုးကိုဖြစ်စေ သီဆို၍ အဆုံးသတ်လေ့ရှိသည်။ ထိုအခါမျိုးတွင် ဒွေးချိုးသဖြန်၊ တြိချိုးသဖြန်၊ လေးချိုး သဖြန်ဟု ခေါ်လေ့ရှိသည်။


သဖြန်ဆိုသည်မှာ ပတ်ပျိုးစသော အထက်သံသီချင်းကြီးများကို ဆိုပြီးနောက် အသံကိုသံမှန်သို့ပြန် ရောက်စေရန် သီဆိုရသောသီချင်းမျိုးဖြစ်သည်။ ယင်းသည် ပတ်ပျိုးစသောသီချင်းကြီးများပေါ်သည့်အခါကျမှ ပညာရှို မှည့်ခေါ်ကြဟန်တူသည်။


သဖြန်သည် အသံနှင့်အဖြန်ဟူသော စကားနှစ်လုံးကို ပေါင်းစပ်ထားခြင်းဖြစ်၍ သီချင်းသို့မဟုတ်အသံကိုပြန်စေ သောသို့မဟုတ်ပြန်ဖြေသောသီချင်းဟုအနက်ထွက်သည်။ ဒွေးချိုး၊ ဒွေးဆစ်၊ လေးချိုးလေဆစ်တို့သည်အဆစ်အပိုင်း အချိုးကိုစွဲ၍ ခေါ်သည့်အမည်ဖြစ်၍ သဖြန်သည်သီချင်းသံကိုအစွဲပြု၍ မှည့်ခေါ်ထားသောသီချင်းဖြစ်သည်။ များသောအားဖြင့်မူ ဒွေးချိုး၊ လေးချိုးစပ်သီချင်းမျိုးဖြစ်သည်။ ပတ်ပျိုးအချတွင် အဆိုများသည်။


သဖြန်ဆိုရာ၌ စည်းကိုက်ဝါးကိုက် ဆိုင်းတောနှင့် ဆိုရသည်။ လူပြိန်းတို့အဖို့သဖြန်သည် ခွန်းထောက်သံနှင့် မထူးခြားဟုထင်ရသည်။ သို့ရာတွင်သဖြန်ကိုငါးပေါက်သံဖြင့်ဆို၍ ခွန်းထောက်ကို ပုလဲပေါက်သံဖြင့်ဆိုရသည်။ ထို့ ကြောင့် *ဦးပြ ုံးချို၏မဟာဂီတပေါင်းချုပ်၌ သဖြန်ငါးပေါက်၊ ခွန်းထောက်ပုလဲဆိုရိုးတည်းဟု ရေးသားထားခြင်းဖြစ် သည်။


သဖြန်အမျိုးအစားအမျိုးမျိုးရှိသည်။ ယင်းတို့မှာ (၁)သံထောက်သဖြန်၊ (၂) ခွန်းထောက် သဖြန်(၃)ကွန်း ထောက်သဖြန်၊ (၄)ရေလားသဖြန်၊ (၅)ရေခင်းသဖြန်၊ (၆)ပုလဲပေါက်သဖြန်တို့ ဖြစ်သည်။


သံထောက်သဖြန်ဆိုသည်မှာ တက်သံ၊ သက်သံ၊ နိမ့်သံ၊ တိုင်သံတည်းဟူသောအသံလေးသံတို့ကို တထောက်နှစ် ထောက်ရပ်နားပြီး ရွတ်ဆိုရသည့်သဖြန်မျိုးဖြစ်သည်။ ခွန်းထောက်သဖြန်ဆိုသည်မှာ သီချင်းကြီး၊ ပြဇာတ်၊ စကားတို့၏အကြားဝယ်နှုတ်ခွန်းဖြင့် ထောက်ပြန်၍ ပြောဆိုမေးမြန်းရသည့်သဖြန်မျိုးဖြစ်သည်။ ကွန်းထောက် သဖြန်ဆိုသည်မှာ ဇာတ်ပွဲသဘင်တို့၌ မင်းသားမင်းသမီးတို့ ခရိးသွားရာတွင် ယာယီတဲနန်းဘုံကွန်းဆောက်၍ ရပ်နား နေသည်ကို ကွန်းထောက်နားသည်။ ကွန်းထောက်ချသည်ဟု ဆိုသည်။ ထိုအခါတွင်ရွတ်ဆိုရသော၊ သို့မဟုတ် ထိုသို့ ကွန်းထောက်ချသည်နှင့်အတူဖြစ်သည့် အကြောင်းအရာများ ကိုဖွဲ့ဆိုရသောသဖြန်မျိုးဖြစ်သည်ဟု မြန်မာစာညွန့်ပေါင်း ကျမ်းကဆိုသည်။ သို့ရာတွင် ဝဇီရဗုဒ္ဓိဦးဖိုးစိန်အလိုအားဖြင့် ထိုသဖြန်မျိုးကိုမြိုင်ထဖြစ်စေ၊ လွမ်းခြင်းဖြစ်စေ ဆိုပြီးမှဆက်လက်ဆိုကြရသဖြင့် မင်းသားကိုနှုတ်ထောက်၍ လျှောက် တင်ရသောသဖြန်ဖြစ်သောကြောင့်ခွန်း ထောက်သဖြန်ဟုသာ ခေါ်ဆိုထိုက်၏။ ကွန်းထောက်ခြင်း၊ စခန်းချခြင်းနှင့် မည်သို့မျှ မဆိုင်သောကြောင့် ကွန်းထောက်သဖြန်ဟုခေါ်ဆိုသည်မှာ အမှားသာဖြစ်သည်ဟု ဆိုသည်။


ရေလားသဖြန်ဆိုသည်မှာ မြစ်ချောင်းအင်းအိုင်တို့၌ ရေကစားသွားလာသည်တို့ကို စပ်ဆိုရသောသဖြန် ဖြစ်၏။ ရေခင်းသဖြန်ဆိုသည်မှာလည်း ရေပြင်ပေါ်၌တပ်ခင်းပြီး စံစားပျော်ပါးနေသည်ကို ဖွဲ့ဆိုသောသဖြန်မျိုးဖြစ် သည်။ ပုလဲပေါက်သဖြန်ဆိုသည်မှာ အထက်ပါခွန်းထောက် သဖြန်ကိုပင် ပုလဲပေါက်အသံဖြင့်ဆိုသည့်အခါ မှည့်ခေါ် သောအမည်ဖြစ်သည်။


သဖြန်များကိုယင်းသို့ဖွဲ့ဆိုသောအကြောင်းအရာအလိုက် အမည်ပေးရုံသာမက စပ်နည်းနှင့် အနက်တို့ကို လိုက်၍လည်း မှည့်ခေါ်ကြသေးသည်။ အချိုးနှစ်ချိုးရှိသောဒွေးချိုးရိုးရိုးကဗျာကို မူလရေးရိုးရေးစဉ်ထက် အနည်း ငယ်ပိုလွန်ကာ အက္ခရာလုံးရေများခြင်း၊ အပိုဒ်ရှည်ရှည်ထားခြင်းတို့ဖြင့် စီကုံးစပ်ဟပ်ခဲ့ပါလျှင် ဒွေးချိုးသဖြန်ဟုခေါ်ကြ သည်။


ပုံစံ ။ ။ အို•ရှုမောဖွယ်၊ထားကေသွယ်၊ သည်ဝယ်ပုံသို့၊မကြံလေသေး။ ဖြူဝန်းငယ်ရာပြိုင်သည်၊ညာပင်တိုင်၊


ရွှေဗွေမြင့်ငယ်ကို၊ပြန်ခွင့်ကနှေး ။ ။ (မြဝတီမင်းကြီးရေးအီနောင်ဇာတ်မှဒွေးချိုးသဖြန်) အချိုးသုံးချိုးစပ်သောကဗျာတွင် ရေးရိုးရေးစဉ်ထက် နည်းငယ်ပိုကာ စပ်ဟပ်ခဲ့ပါလျှင်တြိချိုးသဖြန်ဟုခေါ် သည်။


ပုံစံ ။ ။ သားရွှေဝင်လူကလေးတို့နှင့် အမေလေးပါမောင့်ဖခင်၊တိုင်းပြည်ကနှင်။ မဆင်ခြင်ဗေဒင်ထွက်စကား။ ပုဏ္ဏားဆရာဆိုနှင့်ဦးညိုကိုဗေဒင်ဆေးတယ်ရှင်


(အမယ်မင်း)မေးချက်ကခြား။ ။(မုံရွာဆရာခရေးတြိချိုးသဖြန်) အချိုးလေးချိုးပါသော လေးချိုး၊ သို့မဟုတ်လေးဆစ် ကဗျာတွင် ရေးရိုးရေးစဉ်ထက် အနည်းငယ်ပိုကာ စပ်ဟပ်ခဲ့ပါလျှင် လေးချိုးသဖြန်၊ သို့မဟုတ်လေးဆစ်သဖြန်ဟု ခေါ်သည်။


ပုံစံ ။ ၊၊သူဖြူလျှင်၊အယူဖြောင့်နိုင်ငဲ့၊သူမှောင့်မှာစိုးမိတယ်။ သနားရင်ဖြင့်၊မြင့်ဖျားဟေမာနှင့်၊ ချောင်သေလာရွှေဝါကွေ့မှာတောမွေ့တော့မယ်။ မသေရုံရွေဘုံကြီးမှာလသစ်သီးနှင့်ပွဲတော်တယ်၊ ဖန်ချယ်တဲ့ဝတ်လဲ။ မွှေးလို့ရယ်လှိုင်၊အုပ်လုံးစမ္ပာယ် ကြိုင်တဲ့၊မြကေခိုင်မင်ရေမှဲ့ကို၊


ရှင်းမဲ့ကြံဆဲ။ ။(လှိုင်ထိပ်ခေါင်တင်ရေးလေးဆစ်သဖြန်) အထူးမှတ်သားရန်ကား ဒွေးချိုး၊ လေးချိုးတိုင်း သဖြန်ဖြစ်နိုင်သော်လည်း သဖြန်တိုင်းဒွေးချိုး၊ လေးချိုးဟု မဆိုနိုင်ခြင်းပင်ဖြစ်သည်။ ပုံစံအားဖြင့် မိဖုရားမမြလေးဆိုရှစ်စုံရွက်ကြာပတ်ပျိုးတွင်- သနားမကြင်ရက်ကယ်မို့၊သူ့ထွက်ဖန်ရာဆယ်၊ ရေးနှောင့်အချယ်။အိုဘယ်ခါနေ့ငယ်မှ၊ကိုယ်တွေ့သည် ပူနယ်က၊ အေးလွယ်သည်မှန်း၊ ဟူ၍ချထားရာ ယင်းကဗျာသည်ဒွေးချိုး လည်းမဟုတ် လေးချိုးလည်းမဟုတ်ချေ။ သို့ရာတွင် သီဆိုသံ ကားသဖြန်သံ ပင်ဖြစ်သည်ကိုတွေ့ရသဖြင့် သဖြန်ဟုသတ်မှတ် ရလေသည်။


#ငိုချင်း


မြန်မာဇာတ်ပွဲတို့တွင် လွမ်းခန်း၌ ငိုသောအခါ ဆိုသော သီချင်းသည် ငိုချင်းဖြစ်သည်။ ငိုချင်းဟူသော စကား၏ ဗြုပ္ပါဒ် ကိုရှာသော်၊ ငိုဟူသောသဒ္ဒါနှင့် အချင်း (ရှေးရေး-အခြင်း) ဟူသော သဒ္ဒါ သို့မဟုတ် ငိုဟူသောသဒ္ဒါနှင့် သီချင်းဟူသော သဒ္ဒါနှစ်ခုတို့ ပေါင်းစပ်ထားသောစကား ဖြစ်သည်ဟု ယူဆရန် ရှိပေသည်။ ငိုသည်ဟူသည်မှာ စိတ်နှလုံးပူပန်သောက ရောက် သဖြင့် မျက်ရည်ယိုပြိုက် ရှိုက်ကြီးတငင် ဆိုမြည်တမ်းတခြင်း ပင် ဖြစ်၏။ ထိုကြောင့် ငိုချင်းသည် စိတ်နှလုံးပူပင် သောက ရောက်သည်ကို ဖွဲ့နွဲ့ သီဆိုအပ်သော သီချင်းဟု ဆိုအပ်၏။ ငိုချင်းဟူသော အသုံးအနှုန်းကို ရှင်အဂ္ဂသမာဓိ စပ်ဆို အပ်သော နေမိငရဲခန်းပျို့တွင် 'ရုံးစည်းသောင်းသောင်း၊ ငိုချင်း ပေါင်းလျက်၊ ဆိုးတောင်းခံဘက်၊ တရွာနက်သို့'ဟူဋ္ဌ၎င်း ၊ထို ဆရာတော်၏ သုဝဏ္ဏသျှံ သစ္စာခန်းပျို့တွင် 'ခွေ့ခွေ့ညိုးစွာ၊ ငိုခြင်းရာကား၊ သင်္ချာသုံးထောင်၊ တာပြည့်ဆောင်လျက်' ဟူ၍၎င်း ၊ရင်ခွင်ပိုက်ထား၊ မွေးသည့်သားကို၊ နှစ်ပါးတူညီ၊ လွမ်း ဟန်ချီလျက်၊ ဤကား ညဦးငိုချင်းတည်း'ဟူ၍၎င်း ၊တွေ့ရှိ ရ၏။ ထိုကြောင့် ငိုချင်းဟူသော ဝေါဟာရသည် အင်းဝခေတ် မြန်မာသက္ကရာဇ် ၉ဝဝ ခန့်လောက်ကပင် ပေါ်ပေါက်ခဲ့ပြီဟု ယူဆရန် အကြောင်းရှိ၏။ ထိုအင်းဝခေတ်ပေါ် ငိုချင်းများ သည် ကုန်းဘောင်ခေတ် နောက်ပိုင်းနှင့် ယခုခေတ်ပေါ် ငိုချင်း များနှင့် သီကုံးပုံချင်း တူချင်မှ တူမည်ဖြစ်သော်လည်း နှလုံး မသာမယာ စိတ်ပူပန်တမ်းတမှုကို ဖွဲ့နွဲ့သော အဖွဲ့အနွဲ့များပင် ဖြစ်၍ အခြေခံသဘောချင်းမှာကား တူညီကြပေလိမ့်မည်ဟု ယူဆ မှတ်ဖွယ်ရှိ၏။


အင်းဝခေတ်၌ ငိုချင်းကို မည်ကဲ့သို့ ဖွဲ့နွဲ့သည်ဟု ပြဆိုရန် သာဓက မရှိချေ။ ထိုကြောင့် ထိုခေတ်ရှိ ငိုချင်းအဖွဲ့အနွဲ့မှာ မည်သို့ရှိလေမည်ဟု ဖော်ပြရန် ခက်သည်။ သို့သော် စာပေ အနုပညာသဘော၌ စကားပြေမှ လင်္ကာ၊ လင်္ကာမှ ဂီတဟူ၍ တစ်ဆင့်ထက် တစ်ဆင့် တိုးတက်ပြောင်းလဲလေ့ရှိသည့် သဘောကို ထောက်ချင့်၍ လူတို့၏ ပရိဒေဝတောက်လောင်မှုကို သရုပ်ဖော်ကာ ကရုဏာရသကိုဖြစ်စေသော စကားပြေ အနှုန်း အဖွဲ့မှသည် လင်္ကာအဖွဲ့အနွဲ့၊ ဂီတအဖွဲ့အနွဲ့တို့သို့ အဆင့်ဆင့် တိုးတက်ကူးပြောင်းသည်ဟုဆိုလျှင် ယုတ္တိတန်ရာသည်။ ဤသို့ တိုးတက်ပြောင်းလဲတတ်သော သဘောနှင့်ယှဉ်၍ ကြည့်လျှင် မြန်မာသက္ကရာဇ် ၁၁၁၃ ခု ဟံသာဝတီရောက် မင်းတရားကြီး ဆိုသော အင်းဝမြို့ဖွဲ့ တမ်းချင်းသည် နှောင်းခေတ်၌ ခေတ် စားလာသောငိုချင်းတို့နှင့် သဘောသွားချင်း ဆက်စပ်နေသည် ဟု ယူဆရန်ရှိလေသည်။ယင်းတမ်းချင်းမှာ 'လုဇ္ဇတိပလုဇ္ဇတီတ လောကော၊ သဘောနိယံ၊ လောကဓံနှင့်ဆက်ဆံကြ ုံကြိုက်၊ ကိန်းခန်းလိုက်ဖြင့် ရစ်ပိုက်မြစ်ဆုံ၊ ရွေှဘုံအဝ၊ ပူရိန္ဒကား၊ နရ သနင်း၊ မင်းလည်းရှင်းကွာ၊ ပြည်ရွာပျက်စီး၊ တောကြီး ဟူ လောက်၊ မျက်မှောက်လင်္ကာ၊ သာသနာလည်း၊ ရောင်ဝါမလင်း၊ သို့ဖြစ်ခြင်းကို၊မြော်တင်းစေ့စေ့၊ ကြံအောက်မေ့သော်၊ ပျောင်းခွေ့ ညွတ်ခွေ၊ လွမ်းတာဝေခဲ့'ဟူ၍ ဖွဲ့နွဲ့လေရာ ရတုကဗျာ ဆန်လှ ပေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ရတုဖြင့် တမ်းချင်းကို ဆိုသည်ဟု မှတ်ယူရမည် ဖြစ်၏။


ဤတွင် နန်းတွင်းပြဇာတ်တို့၏ ငိုချင်းဖွဲ့နွဲ့ပုံတို့ကို လေ့လာ နိုင်ရန် ဖော်ပြလိုသည်။ ၁၁၂၉ ခုနှစ်လောက်တွင် ပေါ်ပေါက် သော အီနောင်နန်းတွင်း ဇာတ်တော်ကြီး၌ မင်းသမီးသည် 'မယ်တော်အရင်း၊ နှစ်ပါးမင်းတို့၊ မယွင်းဂတိ၊ သစ္စာရှိလည်း၊ မထိမပါး၊ စရကားနှင့်၊ လားလားဝေးလံ၊ စိတ်အကြံမျှ၊ မဆံ လွန်မိမှန်ပါသည်။ မောင်ကြီးဘုရား၊ သူတပါးသာ၊ မှန်းထား ရင်းသူ၊ ဖြစ်သည်မူလို့၊ ကြည်ဖြူညွတ်ခ၊ ဦးဆံသလို့၊ သက်မျှ မတူ၊ ချစ်ပန်းယူ၊ ကြည်ဖြူကျွန်မ မှန်ပါသည်။ သည်သစ္စာ အား၊ နတ်အများတို့၊ သနားချစ်ခင်၊ မစေချင်၍၊ ရန်စင်ဘေး ခွာ၊ ဖြစ်ပါစေသား၊ ရှင်နတ်များတို့'ဟု ဆို၍ ငိုသည်ဟု ဆိုပါ သည်။ ၁၁၈ဝ ပြည့်နှစ် တစ်ဝိုက်လောက်တွင် ခေတ်စားသော နန်းတွင်းရာမပြဇာတ်၌ မန်ဓောဓရီငိုချင်းဟူ၍ ပါရှိသည်။


ယင်းငိုချင်းမှာ 'အိုအိုအရှင်၊ ထိပ်ခေါင်တင်လေ၊ လင်္ကာပူရ၊ ပြည်ဌာနမှာ၊ တေဇကျော်ဟိုး၊ ဘီလူးမျိုးတွင်၊ တန်ခိုးထွန်းသစ်၊ မင်းတု ဖြစ်လို့၊ ဝန်းရစ်တင့်တယ်၊ ရွေှနန်းလယ်၌၊ မယ်နှင့် တကွ၊ စံပယ်ကြသော်'ဟူ၍ အစချီပြီးလျှင် 'မင်းရာဝဏ၊ ဒသဂီရိ၊ မည်ရှိတွင်မှန်း၊ မဲ့ထိပ်ပန်းငယ်၊ ညှိုးနွမ်းမသာ၊ သည်တစ်ခါမှာ၊ ကြံရာခက်ခဲ့ပြီတကား၊ သေချင်းတူပင်၊ မဲ့သခင်နှင့်၊ လျင်လျင် သေတည့်အောင်၊ မယ်တစ်ကောင်ကို တစ်ယောင်ယောင် မချန်ထားပါနှင့်၊ သျှင်နတ်များလေး'ဟု အဆုံးသတ်၏။ ဤငိုချင်းမှာလည်း တမ်းချင်းကဲ့သို့ပင် ရတု ဆန်ပေသည်။ နန်းတွင်းပြဇာတ်တို့တွင် ငိုချင်းအပြင် လွမ်းချင်းဟူ၍လည်း ရှိသေးသည်။ လွမ်းချင်း၏သဘောမှာ လွမ်းဆွတ်တမ်းတသော သဘော ပါဝင်၏။လှိုင်ထိပ်ခေါင်တင်ရေး ဝိဇယကာရီပြဇာတ်၌ 'လာမချော့လာနှင့်၊ တန်တော့ဖျရွှေကိုယ်၊ ဘုန်းမိုမိုငယ်၊ မယ်ကလိုမောင်မညှာလို့၊ ရှောင်ခွာစိမ်းရက်တယ်လေး။ ။ လှမြတ်စွာငယ်၊ မကြာစေကြောင်း၊ ရွှေစကြာညောင်းမည်လို့၊ သောင်းလုံးမှန်ကူ၊ ရွှေဗျာငြိမ့်နှင့်၊ ဆင်မိန့်တော်မူခဲ့၊ ဒါရူလုံး ကေဆံငယ်၊ တပြည့်စံ နှစ်ပြည်မွေ့လို့၊ သူမေ့တယ်လေး။ ။' ဟူ၍ ပါရှိသည်။


ဦးကြင်ဥ၊ ဦးပုညတို့၏ ပြဇာတ်တို့တွင် ငိုချင်းဟု သီးခြား မတွေ့စေကာမူ လွမ်းချင်းကိုမူ တွေ့ရပေသည်။ လွမ်းချင်းမှာ ငိုချင်း၏ ရှေ့ပြေးဟု ကြံဆနိုင်သည်။ သို့ရာတွင် လွမ်းချင်းကို အလွမ်းအတွက် ဖွဲ့နွဲ့ရာ၌သာမဟုတ်ဘဲ ဟာသရသ ပေါ်လွင် စေရန် ဖွဲ့နွဲ|့သည်လည်း ရှိသေးသည်။ပုံစံအားဖြင့်'စည်းစိမ်ကြီး ပါဘိ၊ ရုပ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထိုင်' ဟု အစချီ၍ 'အဆီရယ်ဖိမ်း၊ မှိန်းတဲ့ချည်နှင့်၊ မကြည်သမ်းဝေ၊ ထယ်မင်းပုံ နေလိုက်တယ်၊ နွားရေပြန့်အပေါ်မှာ၊ ခေါင်းကတော် ကိုယ်တိုင် နှိပ်ခါမှ၊ သူအိပ်တယ်လေး'ဟု အဆုံးသတ်သော လွမ်းချင်းသည် အလွမ်းထက် အသောဖက်ကို ယိုင်လေသည်။


မင်းတုန်းမင်းလက်ထက် ပြင်စည်မင်းသား ကံတော်ကုန်ရာ တွင် စာဆိုတော်မခွေးဆိုသော 'သုံးဆယ်ကပေါ်၊ နှစ်နှစ်ကယ် ကျော်သည်၊ မယ်တော်လည်ဆွဲး၊ မသဲးငဲ့တန်ဆောင်၊ မောင် မောင်ငယ့်နောင်ကြီး၊ အမိကြီးငဲ့သက်နှံ၊ ငါးထပ်ကယ်လည်ပေါ်၊ အိမ်ဖြူပျော်တယ်၊ ဘွားတော်နွဲ့နောင်း၊ မြင်မညောင်းတဲ့ ပေါင်းပြမှန်၊ လှေကားငါးဆူ၊ အိမ်ဖြူကျယ်ဝင်း၊ ပြတင်းရွေှချ၊ ကြီးတေဇနှင့်၊ ကျွန်တော်မငယ်တို့သခင်၊ ဘွားတော်ရှင်လဲ၊ ဝမ်းတွင်ကြည်ဖြူ၊ ရွေှကသိုဏ်းသို့၊ နေ့တိုင်းပြု၍၊ ရှုတော်မူ သည်၊ သဲအူရွေှပွင့်၊ ဘောင်းဝတ်ကငယ်ဖြူ၊ ရွေှခြူသာသာ၊ ရွေှကြိုးကြာကို၊ လျှင်စွာကလို့ မကြွသင့်'ဟူသော ငိုချင်းရှည် သည် ထိုခေတ်က ငိုခင်းရှည် ဖွဲ့နွဲပုံ ပြဆိုပေသည်။ ထိုပြင်လည်း မင်းတုန်းမင်းလက်ထက် စလင်းမြို့ ဦးမြတ်သာထွန်း ရေးသားသော 'ဟေမဝန်ဘွေ၊ သာလွန်မြေ၊ လက်ရွေှအုံးထောက်၊ စက်ပါသော် ပျော်နိုင်ဘူး၊ မူးနောက် နောက်နှင့်၊ ခင်ပွန်းပျောက်ပင်နန်းရှင်မှာ'ဟူသော ရှာပုံတော်ကြီး သည်၎င်း ၊တောင်တွင်းကြီး ဦးကြော့ရေးသားသော 'စုံနံ့သာမြိုင်၊ ရဂုံတွင်း၊ ထုံသင်းငယ်ကြိုင်၊ ဂနိုင်ဟေမ၊ နွေအစ၊ ရွေှများ ကလျာ၊ ဟိုခင်ကိုလျှောက်ပါလို့၊ လင်ပျောက်ကိုရှာခဲ့၊ ဂန္ဓမာငူ၊ မြေသလင်း၊ နေမင်းကပူသနှင့်၊ နန်းသူဒေဝီ၊ တွေ့နိုင်ဘဲဟာမို့၊ လဲလုပြီ'ဟူသော ရှာပုံတော်ကြီးသည်၎င်း ၊ငိုချင်းသဘောတွင် အပါအဝင်ဖြစ်သည်။


၁၂၃၈ ခုနှစ်တွင် ငိုချင်းရှည်ကို ဆတိုင်မွှတ်ဦ်းကူးသည် ပဋာစာရီ ပြဇာတ်၌၊ 'ဘယ့်နှယ်ကြံရပါမတုံး၊ မောင်ကြီးငယ်၊ အကြံမပေး၊ မောင်မှာအေးလို့၊ သားကလေး သည်နှစ်ကောင်နှင့်၊ စိုးပူလောင် ဒုက္ခများအောင်၊ မိပဋာသည်မယားကိုဖြင့် တင်စားမိပေါ့ဟဲ့လို့၊ တကတဲးကြိမ်းဝါးပြီးလျှင်၊ လူစိမ်းကားကြီးကိုယ် ပြုလိုက် ထာပလေ'ဟူ၍ သီကုံးရေးသားထားခဲ့သည်ကို တွေ့ရှိရသည်။ ဇာတ်သဘင် အသုံးအနှုန်းတွင် လွမ်းခန်း၌ ငိုကြရာဝယ် 'စာမူငို'ဟူ၍၎င်း ၊ ပြောဆို 'ဟူ၍၎င်း ၊ဆိုငို'ဟူ၍၎င်း ရှိကြသည်။စာမူငိုမှာ ရှေးပြဇာတ်ပါ စာစကားများကို ရိုးရိုး ရွတ်ဖတ်၍ ငိုခြင်းဖြစ်၏။ ပြောငိုမှာ ငိုချင်း၏ အဆုံးတွင် 'လေး' ဟူသော အသံနှင့်ချရသော ရှေးပြဇာတ်သုံး ငိုချင်းမျိုး ဖြစ်၏။ ယင်းတို့ကို သီဆိုရာ၌ စည်းဝါးမပါချေ။ ဆိုငိုဟူရာ၌ ငိုချင်းရှည်နှင့် ငိုချင်းတိုတို့ ပါဝင်သည်။ နှစ်မျိုးစလုံးကို စည်းနှင့်ဝါးနှင့် ဆိုရသည်။ ငိုချင်းရှည်မှာ ရှာပုံတော်ကြီးများ ၏ အလိုက်ဖြစ်သည်။ ငိုချင်းတိုမှာ ယခုကာလပေါ် ဇာတ်ပွဲ၌ ငိုချင်းချသော သီချင်းများ ဖြစ်သည်။ ငိုချင်း အဖွဲ့အနွဲ့ အမျိုး မျိုးတို့ကို ဇာတ်သဘင်တို့၌၎င်း၊ဘုန်းကြီးပျံဧယာဉ်ကျူးရာ၌၎င်း ၊နတ်သံနှော၍ ပြောငိုရာ၌ သက်ဆိုင်ရာတို့တွင် အသုံးပြုကြ၏။


တစ်နည်းအားဖြင့် ဇာတ်သဘင်တွင် ငိုပုံငိုနည်းသုံးမျိုး ရှိသည်ဟု အသိအမှတ်ပြုကြသေးသည်။ ဤသုံးမျိုးမှာ (က) ပြောငို၊ (ခ) အသော့ငို၊ (ဂ) အကြော့ငိုတို့ ဖြစ်ကြသည်။ ဤအချက်ကို ထင်ရှားအောင် ဦးအုန်းမြင့် (တို့ရှမ်းပြည်)သည် ဥစ္စာစောင့် မစောမြိုင်ပြဇာတ်မှ အောက်ပါအတိုင်း ကောက် နုတ် ဖော်ပြထားသည်ကို တွေ့ရသည်။ မစောမြိုင် တံခါးအထွက်၌ ခလုတ်တိုက်လဲလေရကား၊ 'အမယ်မင်းဒိဋ္ဌဒိဋ္ဌ၊ နိမိတ်ပြရော့ထင့်၊ ထိတ်စရဖြစ်နဲ၊ ခလုတ် တိုက်လို့မို့၊ ကျုပ်ငိုက်ဆိုက်လဲရလေ။ ထူတွဲသူတဖေကွာ၊ ကိုစိန်ခိုင်ရေ၊ သေမရဏာလားတော့မယ်ထင်ပါလား'ဟူသော အပူ တိုက်ပြောငိုဖြင့် ငိုချင်းချလေသည်။ ထိုနောက် တစ်ဖန် ဒွေးချိုးဖြင့် 'မလှုပ်နိုင်တယ်လေ၊ ခလုတ်စိုက်ဝင်အတိုက်တွင်မှ၊ ဘွင်ခိုက်အောင် မမြိုင်နာရ ချေပေါ့၊ အိုအဖေရဲ့၊ ခွေယိုင်ကာလဲ၊။ ။နိမိတ်ဆိုးရော့ထင့်၊ ထိတ်စိုးအောင်ကြ ုံတဲ့ အရေးရယ်က၊ အဖေရယ် တွေးတတ် နိုင်ဘဲ'ဟူ သော အသော့ငိုဖြင့် ငိုလိုက်ပြန်လေသည်။ ငိုချင်းဆိုင်းအဆုံးတွင် အိပ်မက်ရာမက် မကောင်းပုံ မျက်ခုံး လက်ရုံးလှုပ်ပုံ၊ ခလုတ်မတိုက်သင့်ဘဲ တိုက်ရပုံတို့ကို စကားဖန် ထိုးပြီးနောက် လေးချိုးကဗျာဖြင့် 'စိတ်မလုံ ထိတ်ရုံမကအောင် လို့၊ နိမိတ်ပုံ ဟိတ်စုံပြလေခြင်း၊ အဖေရယ်၊ တိတ္ထုံ အရရယ် က ဆိုးလှတယ်။ ပွားရတက်ရယ်နှင့် တံခါးအထွက်တွင်ဖြင့်၊ အားပျက်ကာ ခြေမခိုင်သမို့၊ ခွေယိုင်ကာ မေမြိုင်လဲ ရတယ်၊ သဲကြွေလုဖွယ်။ ။ဆုတ်ပြန်စေ ဒေဝါဆီးရော့သလား၊ ခလုတ် ဒဏ် ဝေဒနာကဖြင့် ကြီးလေပေါ့၊ တစ်ပြေတစ်ရွာခရီးဆီက ကြင်သူအစ်ကိုရယ်၊ ခင်ဖြူအပျိုမယ်ကိုတဲ့ မမြင်လာအား။ ။ ခေမွဲငယ်ကံ၊ သေကွဲရယ်ကြမ္မာဖန်လိမ့်မထင်၊ တစ်ရွာစံ မောင်နှင့်ဝေးစဉ်ဖြင့်၊ ထားမယ်မှာ အားငယ်လို့ဆွေးရတယ်။ မောင်ရေ ပြေးမြင်လှဲ့လား'ဟူသော အကြော့ငိုဖြင့် ငိုလိုက်ပြန် လေသည်။


အသော့ငိုမှာ ရုတ်တရက် တွေ့ကြ ုံရသောသောကပရိဒေဝကို ဖော်ပြပေသည်။ အကြော့ငိုမှာ တငွေ့ငွေ့ တမြေ့မြေ့ ခံစားနေရ သော သောကပရိဒေဝကို ဖော်ပြသည်။အသော့ငိုကို ဒွေးချိုးဖြင့် ရေး၍ အကြော့ငိုကို လေးချိုးဖြင့် ရေးကြလေသည်။ ကဗျာဖွဲ့ထုံး၌တွေ့ရသော နှစ်ဆစ်ချိုး၊ သုံးဆစ်ချိုး၊ လေး ဆစ်ချိုး ဟူသော အဖွဲ့အနွဲ့တို့ကို ငိုချင်းစပ်ဆိုရာ၌ အသုံးပြုကြ သည်။ ယင်းကို ပုံစံပြရလျှင် အောက်ပါအတိုင်း ဖြစ်၏။


နှစ်ဆစ်ချိုး

လမ်းမကြ ုံ၊ ပန်းတငုံ စံပယ်ဥကိုလ၊ မရှုချင်ဘူး။ မှာရက်ကယ်လွန်၊ ဝါချက်ကိုသည်မယ်ရွံလို့၊ စံစလွန် ကြာညောင်ရိပ်မှာလ၊ (မောင်ကြီးရေ) လွမ်းစိတ်နှင့်ကူး။ (ပြည်မြို့မောင်ဘိုးညွန့်ရေး)


သုံးဆစ်ချိုး

သားရွှေစင်၊ လူကလေးတို့နှင့်၊ အမေလေးပါ မောင့်ဖခင်၊ တိုင်းပြည်ကနှင်။ မဆင်ခြင်၊ ဗေဒင်ထွက်စကား။ ပုဏ္ဏားဆရာဆိုနှင့်၊ ဦးညိုကို ဗေဒင်မေးတယ်ရှင်၊ (အမယ်မင်း)မေးချက်ကခြား။ (မုံရွာမြို့ ဆရာခရေး)


လေးဆစ်ချိုး

လူအဖြစ်တွင်၊ ခုအသစ်ကြ ုံလှာပြန်။ ဟို့မစဲ၊ မှိုစွဲလောင်စာနှင့်၊ သန်ဘက်ခါတိုင်တိုင်လဲလို့၊ ဖိန်းနွဲခါမြန်မြန် ဆင့်စေတော့၊ အေးခွင့်မဖန်။ ဟိုရှေးခါနေ့လပြောင်းလျှင်လ၊ ပြေကောင်းတဲ့ပြေသင့်တန်၊ ကြံဖန်လို့ပူစိတ်စွဲ။ မေ့ကွက်ကိုရှာ၊ နေ့ရက်ကြာသာ ကြာတော့၊ မင်္ဂလာပုသိမ်ထည်နှင့်၊ မောင့်မျက်ရည် ကြည်ကြည်စို့ကို၊ ဖုန်းတို့မစဲ။ (ဆရာကြော့သမီးရေး) ထိုကဲ့သို့ရိုးသော အဖွဲ့အနွဲ့များအပြင်၊ ဆန်းပြားစွာ ဖွဲ့နွဲ့ သည့် ပဒေသာထပ်တွန့် ငိုချင်းများလည်း ရှိသေးသည်။ ဆတိုင်မွှတ်ဦးကူးသည် ယင်းထပ်တွန့်ငိုချင်းများကို ရေးသား စပ်ဆိုခဲ့ဘူးသည်။ အဖွဲ့အနွဲ့၏သဘောမှာ 'ဆန်းပွေပုံ ထူးစွာနပ် ပါဘိ၊ မန်းရွှေကုန် နှစ်ဦးနာဂရာရပ်မှာဖြင့်၊ ထူးကဗျာစပ်ပါလို့ ထင်ပေါ်ပေ၊ (အမယ်လေး) လူးလာခပ်ပါတဲ့ စင်မော်တွေ'ဟူ၍ ဖြစ်လေသည်။ ၁၂၇ဝ ပြည့်နှစ်တဝိုက်တွင် မစ္စတာမောင်မှိုင်း အမည်ခံ ဆရာလွန်းသည် ပြဇာတ်များကို ရေးသားသောအခါ ထပ်တွန့်ငိုချင်း ဖွဲ့နွဲ့နည်းတို့ကို အသုံးချလာလေသည်။ ပုံစံ အားဖြင့် မစ္စတာမောင်မှိုင်းမှာတော်ပုံဝတ္ထု၌ ကိုပေါ မျက်ရည်ကျ ပုံကို 'တစ်မယားသေလျှင် တစ်မယားနေစမြဲပေမဲ့၊ စလျားအခြေ နှစ်ပါးဂဟေမြဲမဲ့သူ့ရဲ့၊ (အမယ်မင်း) မယားအနေ ရဲရမလားဟဲ့ လို့၊ အလကား အမေက မဲမဲပြီး (ခင်အုံရယ်) အဖွားအေက ဆဲမှာက တမှုပါ'ဟူ၍ ဆရာလွန်းသည် ဖွဲ့နွဲ့ဆိုခဲ့သည်။ ဆတိုင်မွှတ် ဦးကူးခေတ်က ရေးသော ထပ်တွန့်ငိုချင်းများနှင့် ယှဉ်၍ ကြည့်နိုင်ပေသည်။ ကာရန်ကြွယ်ဝလာ လေလေ၊ ယင်းငိုချင်းတို့မှာ ရှည်လျား၍လာလေလေ ဖြစ်သည်။ထိုကြောင့် နောင်အခါတွင် ယင်းထပ်တွန့်ငိုချင်းတို့ကို ဆရာလွန်း၏ ကဗျူပဒေသ၌ လေးချိုးကြီးဟူ၍ ခေါ်တွင်ခဲ့ပြန်ရာ၊ ပြဇာတ်နှင့် ဇာတ်သဘင်တို့၏ ဂီတဆန်သော အဖွဲ့အနွဲ့တို့သည် ကဗျာ ဆန်သော အဖွဲ့အနွဲ့သို့ ပြန်၍ရောက်လေသည်။ ယခုအခါ မြန်မာ့ပြဇာတ်နှင့် ဇာတ်သဘင်တို့၌ကား ငိုချင်းချသည့် ဆိုင်းနှင့်ဖက်၍ သီဆိုမှသာလျှင် ငိုချင်းစစ်စစ်ဟု မှတ်ယူ ကြလေသည်။


မြန်မာဇာတ်သဘင်လောကတွင် ထင်ရှားခဲ့သော ဇာတ်ဆရာ ကြီး ဦးဖိုးစိန်သည် ငိုချင်းအဆို၌ တစ်မူထူးခြားသူ ဖြစ်သည်။


များစွာသော မြန်မာဇာတ်သဘင်ပညာသည် တို့သည် ဦးဖိုးစိန်၏ 'လေ'ကို အတုယူကြရသည်။ ဦးဖိုးစိန်၏ ငိုချင်းများမှာ ဇာတ်ပွဲတွင်ပါဝင်သူ အဓိကဇာတ်လိုက်တို့၏ သဘာဝကိုပေါ်လွင်အောင် ဖွဲ့နွဲ့သော သီချင်းများဖြစ်လေရာ မြန်မာပွဲကြည့်ပရိသတ်တို့၏ စိတ်တွင်စွဲ၍ ကျန်ခဲ့သည်သာ များပေသည်။ ယခုတိုင် ဦးဖိုးစိန်၏ ငိုချင်းများသည် လူထု၏ နှုတ်ဖျားတွင် မပျောက်မပျက်ဘဲ ရှိနေသေးသည်။ ချင်းကလေး မောင်ဖဝေးပြဇာတ်လာ 'ယာတောလယ်မှာ၊ ငါပြောမယ် ရွှေရှင် ဘုရင်ရဲ့၊ နင်ဆင်ခြင်ဦး'ဟူသော ငိုချင်း၊ မင်းကုသ ဇာတ်လာ 'မာန်ဝင်လာ အလှဂုဏ်ကိုးသူ့ရဲ့၊ အန်ချင်စရာ ငါ့ရုပ်ပုံ ဒီလောက်တောင် ဆိုးရော့သလား၊ ဘုံကြိုးပြတ်ပါတဲ့ နတ်မိမယ်တောင်၊ ဓာတ်သိလျှင် မပယ်ပါဘု ကျုပ်လူထူး' ဟူသော ငိုချင်း၊ ပဒကုသဇာတ်လာ 'အကြံခက်လေသနော်၊ သန်လျက် တော်ယူသည့် သူခိုးကို၊ သူ၏အမျိုးကို စကား ထုတ်ဖော်လို့ ပြောရမှာဖြင့်၊ ဓားကုပ်ပေါ်မှာဝဲ'ဟူသောငိုချင်း၊ ဆင်ကဲဘို့ မယ်ပြဇာတ်လာ 'ဒွေးမယ်နှစ်ဖော် သံဝါညှိပါလို့၊ မပြေးသော် ကုန်ရာရှိပါ့မလား၊ တန်ပါအမိ မဘို့မယ်'ဟူသော ငိုချင်း၊ သုရောနန္ဒီဇာတ်လာ 'ဆောင်လယ်ဘုံမှာလေ၊ မောင်မယ် စုံ၊ အတူစက်ရာက၊ ယူရက်ကာ အကြံပေါ်လို့၊ ရန်သူတော်နိုး' ဟူသော ငိုချင်းတို့မှာ ယနေ့တိုင် ထင်ပေါ်ဆဲပင် ဖြစ်၏။ ဆင်ကဲဘို့ မယ်ဇာတ်ပ ပိဋကတ်ဆရာမောင်ရေး၍ ဦးဖိုးစိန် သီဆိုသော သီချင်းတစ်ပုဒ်ကို ဦးဖိုးစိန်၏ ငိုချင်းများအနက် နာမူနာအဖြစ်ဖြင့် အောက်ပါအတိုင်း ဖော်ပြလိုက်ရပေသည်။ 'ပြေပေါ်မှာ၊ ရွေှကြော်ငြာထုတ်သံကြားရတာက၊ ဟုတ်မှန်ပါ့ မလားနော်၊ ဘဝင်မှာ ဆို့လှချည့်၊ ခင်ဘို့မယ်အကြောင်း။ ။ သတင်းမလှလိုက်ပုံက၊ အင်းဝစံ မဟေသီတင်မလို့တဲ့၊ ဒေဝီခင် တွေ့လျက်နဲ့ဖုံးကြယင်၊ ပြကတေ့အသက်ဆုံးအောင် ရင်ကို ခွဲ မလို့တဲ့၊ ဆင်ကဲမှာ ဒီလိုသာဖြင့်၊ ခုအခါ သူ့ရွာကမှမသွားဝံ့ ပါဘု၊ ကရုဏာ အမှုရှာတဲ့ စကားတွေက၊ ကြားရချက် မကောင်း။


ကိုးကား


* သာဦး-ရေး မြန်မာစစ်ချီသီချင်းအစ ကာချင်းက ဆောင်းပါးမှ၊ လုပ်သား ပြည်သူ့နေ့စဉ်(၁၀.၁၁.၁၉၆၆)

* တင်မိုး (ဩဂုတ် ၂၀၁၁). မြန်မာကဗျာဖွဲ့နည်း. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့.

* မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)

* မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

* မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)

* မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)



No comments: