ဂီတအကြောင်း (၄)
#အိုင်ချင်း #လူးတား #ဧချင်း #သာချင်း #လေးချိုးကြီး #ပျို့
#အိုင်ချင်း
အသံ အိုင်အိုင်၊ အသံ မြိုင်မြိုင်နှင့်
သံပြိုင်သီဆိုရသော အချင်းမျိုး ဖြစ်သောကြောင့် အိုင်ချင်း ဟုခေါ်သည်။ ကောက်စိုက်ရာတွင် မိန်းကလေးများ သီဆိုလေ့ရှိသော ကဗျာ တစ်မျိုးပင် ဖြစ်သည်။
အိုင်ချင်းစပ်နည်း
အိုင်ချင်းစပ်နည်းမှာ မခက်လှ။ အစချီရာတွင် ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောက်မတို့လေ ဟု အစချီသည်။ အဆုံးချရာတွင် အပျိုဖြူငယ်က ကျွမ်း၊ လွမ်းတုံ့တင် လေ ဟူ၍ ချသည်။ လှေနံဓားထစ်ကား မဟုတ်ချေ။ အပျိုဖြူငယ်နှမမှာ၊ ကြ ုံရတင်ရှင်၊ အပျိုဖြူ ငယ်ကပေါင်းပါတဲ့၊ သူကောင်းငယ်လေး စသည်ဖြင့် ရေးဖွဲ့လေ့ရှိသည်။ တခါတရံတွင် ချစ်တင်းငယ် နှောသည်၊ ပြောစို့ငဲ့လေး ဟူ၍လည်းကောင်း၊ မြင်တိုင်းမုန်းစရာ့၊ ဂုန်းမအို၊ ရေလိုခန်းခြောက်ပါစေသား ဟူ၍ လည်းကောင်း ရေးဖွဲ့တတ်သေးသည်။ ဉာဏ်ရှိသလို ဖွဲ့နိုင်ခွင့်ရှိသည်။ စည်းကြီးကမ်းကြီးကား မဟုတ်လှ။ ထို့ကြောင့် ကာရန်ယူပုံစနစ် အထူးမပြတော့ပြီ။
#လူးတား
လူးတားဆိုသည်မှာ မြန်မာဘာသာပေါရာဏ သက် သက်လူးတားလည်းရှိ၏။ မာဂဓ ဘာသာပုတမှရွေ့လျောလာသော လူးတား လည်းရှိ၏။ သက္ကတဘာသာ ပုတ၊ ပါဠိဘာသာ ပလုတတို့မှ ရွေ့လျား လာ သည်ဟုလည်းဆိုကြသည်။ မြန်မာဘာသာပေါရာဏ လူးတား၏အဓိပ္ပာယ်မှာ အဆုံးမှတစ်ဖန် အစပြန်၍ ပြုလုပ်သည်ဟု ဆိုလိုသည်။ လှေသမားဖောင် သမားများသည် ရေစီးသန်သည့်မြစ်ညာသို့ ဆန်တက်ရသည့်အခါများတွင် လှေနှင့် အတန်ကွာရေညာ အရပ်ချည်သာ ချိတ်သာရှိမည့်နေရာ၌ လှေဦး မှ ကြိုးစကိုချည်ထား၍ လှေသို့ပြန်လာကာ ထိုကြိုးစကို အမှီတကဲ ဆွဲငင် ဆန်တက်ကြပြီးလျှင် တစ်ဖန် ကြိုးစဆုံးပြန်က အထက်နည်းတူပြုလုပ်ကာ ဆန်တက်ကြသည်ကို ယခုတိုင် လူးတားပေါက်သည်ဟု ခေါ်၏။ လူးတား ဟူသော ကဗျာမှာလည်း အဆုံးစကားများကို အစထား၍ ပြန်လည်စပ်ဆို ရေးသားကြခြင်းဖြစ်သည်။ အလောင်းမင်းတရားကြီးလက်ထက် စိန္တကျော်သူ ဆို ကုန်းဘောင်မင်္ဂလာလူးတားတွင် ပထမအပိုဒ်၌ ဘုန်းပဒေသာ၊ ခက်ဖြာ ဆင့်စ၊ ပွင့်စလေ ဟု အစချီ၍ အာဟိန္ဒကျီး၊ ပွင့်နီးနီး ဟု အဆုံး သတ်သည်။ ဤ ပထမအပိုဒ်၏ အဆုံးစကားကိုပင် ဒုတိယအပိုဒ်၌ အာဟိန္ဒကျီး၊ ပွင့်နီးမှန်လှ၊ ကန်လှလေ ဟု အစချီ၍ စပ်ပြန်၏။ ကျန် နောက်အပိုဒ်များကိုလည်း ဤနည်းအတိုင်း စပ်ဆိုထား၏။ ထို့ကြောင့် လူး တားကဗျာစပ်ထုံးမှာ လှေသမား ဖောင်သမားများ လူးတားပေါက်သကဲ့သို့ အဆုံးမှတစ်ဖန် အစပြန်လည်ကောက်ငင်စပ်ဆိုရသဖြင့် လူတားဟု ခေါ် ဟန်တူသည်။ မာဂဘောသာ ပုတမှ လူးတားဖြစ်လာသည်ဟု ဆိုရာ၌ ပုတမှ ပြုတဖြစ်လာ၍ ထိုတွင် ပကျေ၍ လုတဖြစ်သည်။ ထိုလုတကိုပင် ဒီဃပြု ရာ လူးတားဖြစ်လာသည်။ အဓိပ္ပါယ်ကား ရှည်လျားစွာဆွဲငင်၍ ဆိုအပ်သော အသံဟုဖြစ်၏။ ပုတသံမှာ မျက်စိသုံးမှိတ်၊ လျှပ်သုံးပြတ်ခန့် ကာလထက် ရှည်လျားစွာ ဆွဲငင်ရွတ်ဆိုအပ်သော အသံဖြစ်၏။ ထို့ကြောင့် လူးတားဟူ သော ကဗျာမှာ ရှည်လျားစွာဆွဲငင်ရွတ်ဆိုအပ်သော ကဗျာတစ်မျိုးဟု ယူဆအပ်၏။ လူးတားကို အကြောင်းအရာအမျိုးမျိုးခံ၍ ဖွဲ့ကြ၏။ ၁၂ ရာသီဖွဲ့ လူးတား၊ ကုန်းဘောင် မင်္ဂလာလူးတား၊ အီနောင်လူးတားစသည်ဖြင့် အမျိုး မျိုးဖွဲ့ဆိုခဲ့ကြ၏။ သို့ရာတွင် မြန်မာစာပေတွင် လူးတားဟူသော ကဗျာမျိုး ကို ပျို့ရတုများလောက် အတွေ့မများချေ။
#ဧချင်း
ဧချင်းဆိုသည်မှာ ကလေးငယ်များအား ချော့သိပ်ရာတွင် သီဆိုရသော ကဗျာဖြစ်သည်။ နန်းတွင်းရှိ မင်းသား၊ မင်းသမီးငယ်များအား ဧယာဉ်တော် မင်္ဂလာ ဆင်ယင်ကျင်းပသည့် အခါများတွင် ပုခက်တွင်း၌ သိပ်၍ ပုခက်ကိုလွှဲရင်း သီဆိုကျူးရင့် ချော့မော့ရသော ကဗျာဖြစ်၍ ဂီတသဘောမျိုးတွင် သက်ဝင်သော သီချင်းပင် ဖြစ်သည်။
ဧကာရန္တနှင့် အစချီ၍ ဧကရန္တနှင့် အဆုံးသတ်ထားပြီး လျှင် ဂီတသဘောသက်ဝင်သော အဖွဲ့အနွဲ့မျိုးကို ဧချင်းဟု ခေါ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အကြောင်းချင်းရာ တို့ကို အေးချမ်း ငြိမ့်ငြောင်းစွာ ဖွဲ့ဆိုထားခြင်းများကို ဧချင်းဟု ခေါ်သည်။ ဧကရာဇ်၊ ပဒေသရာဇ်စသော ဘုရင်စိုးမင်းတို့၏ ရင်သွေးတော်များ ဖွားမြင်၍ မြပုခက်တင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပသည့်အခါ ထိုသဘင် အခမ်းအနားအတွက် စာဆိုတော်ပညာရှိ အမတ်များက ဧချင်းများကို ရေးသားဆက်သွင်းရပြီးလျှင် ဝေါကြီးမှူး၊ ပျော့ကြီးမှူးတို့က ထိုဧချင်းများကို ဖတ်လျှောက်သီဆို ရွှေနားတော်သွင်းရသည်။ ဧယာဉ်တင်အရွယ်ထက် လွန်မြောက်ကြီးပြင်းချိန်တွင် ရေးသားဆက်သွင်းသော ဧချင်းအဖွဲ့အနွဲ့များကိုမူ ရွှေနားတော်သွင်းဟု ခေါ်ဆို လေသည်။
အရပ်အသုံးအနှုန်းနှင့်ဆိုရလျှင် ဧချင်းများသည် ပုခက် လွှဲသီချင်း၊ ကလေးချော့သိပ် အိပ်မွေ့ချ သီချင်းမျိုးဖြစ်သည်။ ဧကာရန္တနှင့် အစချီ အဆုံးသတ်ထားခြင်းမှာ ဧကာရန္တသည် ရွတ်ဆိုရာ၌ လွန်စွာ ချိုသာငြိမ့်ငြောင်းသဖြင့် မဟာသွေး မဟာဆီ မင်းညီမင်းသားငယ်များကို ချော့သိပ်ရာတွင်သာမက အရပ်သူအရပ်သား ဆင်းရဲသားတို့သည်လည်း ထိုဧကာရန္တကို အသုံးပြုကာ
ဧ.......ဧ........အို.........ဖြင့် အစချီ၍ မိမိတို့၏ နုနယ် ကွေးလွေး ရင်သွေးငယ်များကို ချော့သိပ်ကြလေသည်။
ဧချင်းများနှင့် အရပ်သုံးကလေးချော့ သီချင်းများတို့၏ ခြားနားချက်မှာ ဧချင်းတို့သည် အရပ် ကလေးချော့သီချင်းများကဲ့သို့ ကလေးများသိနားလည်နိုင်သော အကြောင်းရပ်များကို ဖွဲ့ဆိုထားခြင်း မဟုတ်ဘဲ ဇာတိမာန်တက်ကြွစေသော အဖွဲ့အနွဲ့မျိုး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် စစ်သည်တော်များကို ရဲစိတ်ရဲမာန် သွတ်သွင်းပေးသော ငါးစီးရှင်ကျော်စွာ လက်ထက်က ပေါ်ပေါက်သည့် ကာချင်းဟုခေါ်သော ဂီတသီချင်းမျိုးနှင့် သဘောအားဖြင့် ဆက်သွယ်မှုရှိသည်။ သို့သော် ဧချင်းသည် ကာချင်းကဲ့သို့ ရဲရည် ရဲသွေးတို့ကို အကြမ်းအတမ်းလှုံ့ဆော်ပေးသော အဖွဲ့အနွဲ့မျိုးမဟုတ်ဘဲ နားဆင်ရသူအပေါင်းအား နားဝင် ငြိမ့်ညောင်းသာယာမှု ဖြစ်စေသည်နှင့်အမျှ ဇာတိသွေး ဇာတိမာန်တို့ကိုလည်း တဖွားဖွားတက်ကြွ ပေါ်ပေါက်စေသော အဖွဲ့အနွဲ့မျိုး ဖြစ်လေသည်။
ဧချင်းအစ
ဧချင်းသည် ပုဂံခေတ်ကပင် ပေါ်ပေါက်ခဲ့သည်ဟု ဆိုသော်လည်း အင်းဝခေတ်တွင်မှသာ အထင်အရှား တွေ့မြင်ရပေသည်။
သက္ကရာဇ် ၈၀၄-၈၃၀ တွင် ရတနာပူရ အင်းဝမြို့၌ စိုးစံတော်မူသော နရပတိမင်းနှင့် သက္ကရာဇ် ၈၁၇-၈၄၀ တွင် ရခိုင်ပြည်၌ စိုးစံတော်မူသော ရခိုင်ဘုရင် ဘစောဖြူတို့သည် ထီးပြိုင်နန်းပြိုင် ဖြစ်သည်သာမက စာပေတွင်လည်း စင်ပြိုင်ထောင်လေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်ဘုရင် ဘစောဖြူ၏ သမီးတော်ကို ရခိုင်ပညာရှိအမတ်ကြီး အဒူမင်းညိုက ဧချင်းဖွဲ့ဆိုသည့် အချိန်အခါ၌ အင်းဝတွင်လည်း သီဟသူ၏မြေးတော်၊ စလင်းသတိုးကျော် သမီး သခင်ထွေးကို မြန်မာပညာရှိ ရှင်သူရဲက ဧချင်းစပ်ဆိုသည်။
ဧချင်းတို့တွင် ဖွဲ့ဆိုထားသောအကြောင်းအရာတို့သည် ဧချင်းအဖွဲ့ခံ နန်းညွှန့်နန်းလျာ မင်းသား မင်းသမီးငယ်များ၏ ဆွေတော်စဉ်၊ မျိုးတော်စဉ်၊ ဘေးလောင်းတော်၊ ဘိုးလောင်းတော်များ၏ ဘုန်းလက်ရုံး တန်ခိုးအာဏာတို့ကို၎င်း ၊အဆိုပါမဟာဆီမဟာသွေး မင်းသားငယ်မင်းသမီးငယ်တို့၏ နောင်ကာလတွင် ထွန်းပလာမည့် ဘုန်းတန်းတေဇာတို့ကို၎င်း ၊
ဖော်ထုတ် ဖွဲ့နွဲ့ထားလေသည်။ ဧချင်းအဖွဲ့ခံ မင်းသားမင်းသမီးတို့၏ ဆွေစဉ်မျိုးဆက်များကို ဖော်ထုတ် ဖွဲ့နွဲ့ထားသဖြင့် ဧချင်းတို့သည် တစ်နည်းအားဖြင့် ရာဇဝံသဉာဏ်ကို ပေးသည်။ ရာဇဝင်ကို အထောက်အပံ့ပေးသည်ဟု ဆိုနိုင်သည်။
နောင်ကာလများတွင် ရာဇဝင်ကျမ်းပြုဆရာတို့သည် ဧချင်းများကို မှီငြမ်းပြုလျက် ရာဇဝင်နှင့်စပ်လျဉ်းသော အဖိုးတန် အထောက်အထားများကို ဧချင်း စာကိုယ်များမှ ထုတ်နုတ်၍ သက်သေထူကြလေသည်။
ဧချင်းစပ်ဆိုပုံမှာ လေးလုံးတစ်ပိုဒ် စပ်နည်းမျိုးဖြင့် တစ်ပြေးညီညာစွာ ကာရန်အသတ် ညီညွတ် မှန်ကန်အောင် စပ်ဆိုရသည်။ လက်ဦးပထမ အစပုဒ်၌ အစပိုဒ်၏ဂိုဏ်း၊ ဝဂ်၊ အက္ခရာ၊ မတြာ၊ ကာရန် ထားရမည့်အရာ၊ အချအပိုဒ်၏ ဂိုဏ်း၊ ဝဂ်၊ အက္ခရာ၊ မတြာ၊ ကာရန်၊ ကြိယာ၊ စာလုံးအနည်းအများ မည်သို့ထားသိုရမည်ကို၎င်း ၊နောက် နောက်အပုဒ်များတွင် အစအချ မည်သို့ထား၍စီကုံးရမည်ကို၎င်း ၊ညွှန်ပြသော စပ်ဆိုနည်း စည်းမျဉ်းဥပဒေများသည်
၁။ပျို့လင်္ကာ၊
၂။မော်ကွန်း၊
၃။သံပိုင်း၊
၄။သမိုင်း၊
၅။ရဲတင်း
ဟူသော ကဗျာခြောက်မျိုး စပ်ဆိုနည်းစည်းမျဉ်းများ အတိုင်းဖြစ်၍ ကျယ်ဝန်းလှပေသည်။
ဧချင်းကို သံတိုင် သံဖောက် ဖွဲ့ဆိုစီကုံးကြရာ သံတိုင် စပ်ဆိုနည်းသည် အထက်ဖော်ပြပါ ကဗျာ ခြောက်မျိုးစပ်ဆို နည်းများနှင့် မခြားလှချေ။ သံဖောက်စပ်ဆိုနည်းမှာမူ လက်ဦး ပထမပုဒ်၌ အစပုဒ်ထား၍ စပ်ဆိုပုံ၊ အတွင်းစာသား စကား ကာရန် မှန်ကန်ညီညွတ်အောင် စပ်ဆိုပုံများတွင် သံတိုင်အပိုဒ်များကို စီကုံးသည့်နည်းအတိုင်းဖြစ်၍ အချပါဒများတွင်မူ ခိုင်ညွန့်ခက်ဖြာချနည်း ဖြစ်သော ခုနှစ်လုံးချနည်းဖြင့် တစ်ပြေးညီညာစွာ ချရသည်။ ခုနှစ်လုံးစီပါသော အချပါဒနှစ်ခုပါရှိရ၍ အစအလယ် စကားလုံးခြောက်လုံး တို့သည် ပထမနှင့် ဒုတိယပါဒ တို့တွင် အတူတူကြီးသာဖြစ်၍ နောက်ဆုံးစာလုံးတွင်သာ ခြားနားမှုရှိရာ ပထမအချပါဒ၏ နောက်ဆုံးစာလုံးသည် လေ (လည်) ဖြစ်၍ ဒုတိယအချပါဒ၏ နောက်ဆုံး စာလုံးသည် လေး(လည်း) ဖြစ်စေရသည်။ နောက်နောက် အပုဒ်များ၏ စပ်ဆိုစီကုံးပုံမှာ လည်ကုပ်ချီ၊ အဖျားကောက် စပ်ဆိုနည်းအတိုင်း ဖြစ်လေသည်။
အရှည်အတိုထားပုံမှာ အချပါဒအလွတ် ငါးပါဒမှ ၁၆ ပါဒအထိ စပ်ဆိုလေ့ရှိကြ၍ ထိုထက် သာလွန်၍၎င်း။ယုတ်လျော့၍၎င်း တွေ့ရခဲပေသည်။
ရခိုင်မင်းသမီး ဧချင်း၊
သခင်ထွေး ဧချင်း၊
ဘုရင့်နှမတော်ဧချင်း၊
သခင်ကြီး ဧချင်း
တို့သည် ဖော်ပြရာချနည်းမျိုးနှင့် အနည်းငယ်ကွဲပြားသော်လည်း ဧချင်းအများစုသည်မူ ထိုချပုံချနည်းမျိုး လိုက်နာကြသည်ကို တွေ့ရလေသည်။
ဧချင်းများကို အင်းဝခေတ်ကစတင်၍ ထင်ထင်ရှားရှား တွေ့ရှိရသော်လည်း ယင်းခေတ်မတိုင်မီကပင် ထိုအဖွဲ့အနွဲ့မျိုးရှိခဲ့ပေမည်ဟု ခန့်မှန်းရပေသည်။ အင်းဝခေတ်မှသည်ကုန်းဘောင်ခေတ်အထိ ထင်ရှားစွာတွေ့ရသော ဧချင်းစုမှာ ဧချင်းဟောင်း ၁၂ စောင်နှင့် ဧချင်းသစ် ၄ဝ ကျော် ၅ဝ နီးပါးခန့် ဖြစ်သည်။ ထိုဧချင်းများတွင် ရခိုင်အမတ်ပညာရှိကြီး အဒူ မင်းညို ရေးသားသော ရခိုင်မင်းသမီး ဧချင်းကို ရှေးအကျဆုံး အဟောင်းဆုံး ဧချင်းအဖြစ် ထားရှိကြသည်။
ဧချင်းတို့သည် တောင်ငူခေတ်တွင် ပိုမိုထွန်းကားသည်။ ဧချင်းစာဆိုတို့သည် ဧချင်းခံသူ၏ ဘေးလောင်းတော်၊ ဘိုးလောင်းတော်များ ဖြစ်ကြသော ဘုန်းကြီးသည့် မင်းများကို ကောက်နုတ်ဖွဲ့ဆိုလေ့ရှိကြရာ တောင်ငူခေတ်၏ အကျော်အမော် စာဆိုတော်ကြီးတစ်ဦးဖြစ်သော နဝဒေးကြီးသည် မင်းတရားမယ်တော် ဧချင်းတွင် အမျိုးဂုဏ်ရည်ကို ပျူမင်းမှအစတည်၍ ထုတ်ဖော်ဖွဲ့ဆို ခဲ့လေသည်။
တောင်ငူခေတ်ဧချင်းများတွင် အဓိကထား၍ရေးသားကြ သောအချက်များကား မြို့ဖွဲ့နှင့်ဘုန်းတော်ဖွဲ့များဖြစ်သည်။ ဧချင်း စာဆိုတော်တို့သည် မိမိတို့၏အရှင်သခင် ဘုရင်မင်းမြတ်ကို အလွန်အကျူး ချီးမြှောက် ဖွဲ့ဆိုလေ့ရှိကြသည်။ မင်းဇေယျရန္တမိတ် စပ်ဆိုသော မင်းရဲနရာဧချင်းတွင် တောင်ငူမြို့တော်ကြီး၏ သာယာပုံကို တခမ်းတနားဖွဲ့ဆိုထားသည့်ပြင် မြို့၏ ကြီးကျယ်သာယာပုံကို သာမညအားဖြင့်မဖွဲ့ဘဲ ဆယ့်နှစ်ရာသီ ပတ်လုံး မြို့တွင်းမြို့ပြင်သာယာပုံကို ရာသီအပိုင်းအခြားနှင့်တကွ ပြလိုသဖြင့်·
…ဧ လျှံမောင်း လျှံမောင်း၊ ဆန်လေညောင်းနှင့်၊
တပေါင်းသာခေါင်၊ ပဇ္ဇုန်ဆောင်က၊ ညီနောင်မွေစစ် သီတာရစ်သည်၊ သျှင်ချစ်တိုင်မျှ၊ ရွှေနန်းက ပင်၊ ချီကြွလမ်းခွင်၊ မင်းမှတ် သင်မှ…ဧ ဟူ၍ တပေါင်းလကို၎င်း ၊
…ဧ အုံ့မှိုင်း အုံ့မှိုင်း၊ မင်းလွင်ဆိုင်းက၊ ပင်တိုင်ည|ာကူး၊ တန်ခူးသာလွန်း၊ တာလဆန်း သော်၊ ရေသွန်းသဘင်၊ ဆင်လည်းတစ်ချက်၊ မြင်းဆက်ချပ်ကာ၊ မြူတာကြိုင်ထွက်…ဧ ဟူ၍ တန်ခူးလကို၎င်း ၊
ဧ မှိုင်းပျ မှိုင်းပျ၊ တန်ခူကသည်၊ မိဿ ရာသီ၊ ပြိသ်သို့ချီ၍၊ တိမ်ဆီအာကာ၊ ဝိသာခါနှင့်၊ သော်တာမိုးလ၊ တူပြိုင်ပသော်…ဧ ဟူ၍ ကဆုန်လကို၎င်း။
လများကို အစဉ်အတိုင်း ၁၂ ရာသီ ပြည့်မီအောင် ဖွဲ့ဆို ထားသောကြောင့် ၁၂ ရာသီဖွဲ့များ၏ ရှေ့ပြေး လမ်းပြဟု ဆိုရပေမည်။ ထိုဧချင်းတွင် လျှံမောင်း လျှံမောင်း၊ အုံ့မှိုင်း အုံ့မှိုင်း၊ မှိုင်းပျ မှိုင်းပျ စသည်ဖြင့် အချို့သော အချီပိုဒ်များတွင် ယမကာချီနည်းဖြင့် အစုံအစုံချီ၍ထားရာ ရှင်အုံးညို ၏ ဂါထာ ၆ဝ ပျို့ကို ပြန်လည်သတိရ နိုင်ပေသည်။
#လေးချိုးကြီး (အခန်း(၅)မှာပါလာပါမယ်ခဗျာ )
#သာချင်း
သာချင်းဟူသောအဖွဲ့သည် ဟောစာနှင့် ခပ်ဆင်ဆင်တူသည်။ သာချင်းမပေါ်မီကဟောစာများပေါ်ပေါက် ၏။ နောက် တစ်ဖြည်းဖြည်းဟောစာများကို သာယာချေငံစွာ တစ်မျိုးတမည်ပြောင်းလွှဲဖွဲ့ဆိုကြကာ သာချင်းဟုအမည် ပေးကြဟန်တူသည်။ သာချင်းစပ်ဆိုရာ၌ စာဆိုသူလက်ထက် မတိုင်မီ ဖြစ်ပေါ်သောအကြောင်းအရာများကိုလည်း ကောင်း ၊ဇာတ်ဝတ္ထုများကိုလည်းကောင်း ဖွဲဆိုလေ့ရှိကြသည်။ စပ်ဆိုပုံ မှာလေးလုံးတစ်ပိုဒ် သို့မဟုတ်၊ငါးလုံးတစ်ပိုဒ်၊ သို့မဟုတ် ခြောက်လုံးတစ်ပိုဒ်ထား၍ရေးစပ်နိုင်သည်။ ရကန်စပ်ပုံစပ်နည်းနှင့် လည်း အနည်းငယ်ဆင်တူလေသည်။
'ဆင်ဖြူနာဂ၊ ဆဒ္ဒန္တလည်း၊ နတ်သစက်အောက်၊ လစဉ်ရောက်၍၊ နတ်လောက်ကညာ။ ။တိုင်းအ တည်တည်ပြည် အစို့စို့၊ ထီးတိုင်းတို့က၊ စက်ပို့နိယံ၊ သစ္စာနှံ၍၊ ကျွန်ခံလာသည်၊ ရတနာပူရ၊သားတော်မြေးမြစ်၊ ညွန့်သစ်စည် ပင်၊ ရာဇဝင် အခေါင်၊တပေါင်ကြွေးဟစ်၊ထွန်းရာဖြစ်သည်၊အောက်သေဋ္ဌဟု၊ ရွှေပြည်ဝကြီး' စသည်ဖြင့်ကာရန်အအုပ် အခံ ကန်၍သွား လေသည်။ ကာရန်ကန်ရုံမက ရကန်၌ကဲ့သို့ပင်အခြား ဆရာများကိုကန်ပုံ ရန်ပျိုးပုံလည်းဆင်ဆင် တူသည်။
သို့သော်ရကန်ဟူသော အဖွဲ့အနွဲ့သည် သာချင်းများ ပေါ်ပြီးနောက်မှ ပေါ်ပေါက်လာသောကြောင့် သာချင်းသည် ရကန်၏ရှေ့တော်ပြေးဖြစ်ကြောင်း ထင်ရှားသည်။ သာချင်းဟူသောအဖွဲ့အနွဲ့ကို ရှေးဦးစွာတီထွင်သူမှာ မင်းဇေယျရန္တမိတ်ဘွဲ့ခံ တောင်ခွင်မြို့စားဦးသာအောင် ဖြစ်လေ သည်။
ဦးသာအောင်သည် ဥတေနသာချင်း၊ ပဋာစာရီသာချင်းနှင့် စိဉ္ဇမာဏဝိ ကာသာချင်းတို့ကို ရေးသားခဲ့သည်။ ရှေးကလည်း သာချင်းနှင့်ဆင်တူသောအဖွဲ့မျိုးရှိတန်ရာ၏။ သို့သော်ဦးသာ အောင်၏သာချင်းသည် တွေ့ရသမျှသောသာချင်းများတွင် အကောင်းဆုံးဖြစ်လေသည်။ နန်းစဉ်စာတော်စာရင်းအရ စာပေ လောကတွင် ထင်ရှားလှသောသာချင်းများကား ဦးအောင်ဖြိုး ရေးသားသောရာမသာချင်း၊ ကျန်စစ်သားကြုတ် ဖွင့်ခန်းသာချင်း၊ အနော်ရထာစောတရုပ်ပြည်မှစွယ်တော် ပင့်ခန်းသာချင်း၊ ဗောဓိပင်ကိုမာရ်နတ်မင်းလုခန်းသာချင်း၊ မင်းဆက်ရာဇဝင်သာ ချင်း၊ မောင်ချင်းဖြူအမည်ခံစာဆိုတဦးဖွဲ့ဆိုသော ကျန်စစ်သား သာချင်းနှင့် ပုဂံငှက်ကြီးသာချင်း၊ ရေပုပ်ကျောင်းတကာဆို ယသောဓရာ ကန်တော့ခန်းသာချင်း၊ ဝိဓူရသာချင်း၊ တောထွက်ခန်းသာချင်း၊ နှစ်ကျိပ်ရှစ် ဆူသာချင်းနှင့် မရဏာသန္နသာချင်းတို့ဖြစ်ကြသည်။
#ပျို့
ပျို့သည် ပိုဒ်ရေများစွာပါဝင်သော လေးလုံးစပ် ကဗျာရှည်အမျိုးအစား ဖြစ်သည်။ အင်းဝခေတ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင်ခေတ်တို့တွင် ထွန်းကားခဲ့သည်။ စတင်ရေးသားခဲ့သူမှာ အသက် ၁၆ အရွယ်ရှိ ရှင်မဟာရဋ္ဌသာရ ဖြစ်သည်ဟု ဆိုသည်။
အဓိပ္ပာယ်
ပျို့၏ အဓိပ္ပာယ်ကို နှစ်သက်ခြင်းဟု ဖွင့်ဆိုသည်။ ပျို့ရေးသားသူကို ပျို့စာဆို ဟု ခေါ်သည်။
လှေသင်းအတွင်းဝန်၏ ဝေါဟာရလီနတ္ထဒီပနီ၌ ပျို့-ဟူ၍ ခေါ်ဝေါ်ရေးသားကြသည်မှာ-
“မနံ ပိနေတီတိ ပျို့-ဟု ဝိဂြိုဟ်ပြုသည်။ အနက်ကား- ယံကဗျံ၊ အကြင်ကဗျာသည်၊ မနံ၊ စိတ်ကို၊ ပိနတိ၊ နှစ်သက်စေတတ်၏၊ ဣတိ၊ ထို့ကြောင့်၊ တံကဗျံ၊ ထိုကဗျာသည်၊ ပျို့၊ ပျို့မည်၏။ ထို့ကြောင့် ပျို့ဟူသည် နှစ်သက်ခြင်း၊ ပြည့်ဖြိုးခြင်း၊ ထွန်းလင်းသော အရောင်အဝါရှိခြင်း တည်းဟူသော စကားသုံးရပ်ဖြစ်ကြောင်းကို ပြသော ပေါရဏတွင် ဆိုသဖြင့် ဤအရာ၌ နှစ်သက်မြတ်နိုးစေတတ်သည် သဘောရှိသည်ဟု ဆိုသည်။ အထောက်အထားအဖြစ်လည်း ဘုံခန်းတွင် -
“စုံမက်လှည့်တို့ ပျို့ရရို့လျှင်၊ နှစ်လို့ချင်ဘွယ်၊ ရူပကာယ်ကား” ဟူ၍၎င်း ၊
“သီးနုရှိလင့်၊ သီးမာရင့်လျက်၊ မှည့်နှင့်တချို့၊ နတ်မင်းတို့သည်၊ ချစ်ပျို့ လေးလေး မြတ်မြတ်တည်း” ဟူ၍၎င်း။
“ကြည့်မိတုံတုံ၊ အာရုံပျို့ပျို့၊ နှစ်လို့ပျော်ပျော်၊ ရှေးထက်သော်လည်း” ဟူ၍၎င်း၊
ဟတ္ထိပါလတွင်-
“လေးယောက်ပျို့ပျို့၊ အင်မချို့တည့်၊ သားတို့ ထံရင်း” ဟူ၍၎င်း၊
တနည်းလည်း ရှေးရှေးသော ကျမ်းပြုဆရာဆရာတို့သည်- “ယဿ ဘဂဝတော၊ အကြင်မြတ်စွာဘုရားအား။ ပိနာ၊ ပျို့ကုန်သော။ ဥရက္ခံသဗာဟဝေါ၊ ရင်ညှပ်ပခုံးလက်ရုံးတို့သည်။ သန္တိ၊ ရှိကုန်၏”- ဟူ၍ အနက်ပြန်ဆိုတော်မူကြ၏။
ထို့ကြောင့်- ပိန- သဒ္ဒါကဖြစ်သော (ပျို့) ဟူ၍ ယူသင့်သည်။ ဤအရာ၌ သူတပါးတို့၏ နှလုံးကို ကြည်လင်နှစ်မြို့စေလျက် စိတ်ပျိုကိုယ်နုစေတတ်သော အဖွဲ့ဖြစ်ခြင်းကြောင့် ပျို့ဟူ၍ ခေါ်ဝေါ်ရေးသားကြသည်။
အမျိုးအစား
ပျို့ကို အခြေခံအမျိုးအစားအားဖြင့် ၂ မျိုးရှိသည်ဟု သတ်မှတ်သည်။ ထိုအမျိုးအစား ၂ မျိုးမှာ –
ဇာတ်လမ်းပါသော ပျို့
ဇာတ်လမ်းမပါသော ပျို့ တို့ဖြစ်သည်။
အရေးပါသောအစိတ်အပိုင်း ပြင်ဆင်
ပျို့တစ်ပုဒ်၏ နိဂုံးဖော်ပြချက်သည် အရေးပါသောအစိတ်အပိုင်း ဖြစ်သည်။ နိဂုံးပိုင်းတွင်
စာဆို၏ ဘဝ
စာဖတ်ပရိတ်သတ်အပေါ် သဘောထား
အကြောင်းအရင်း
ရေးဖွဲ့ပြီးစီးချိန် တို့ကိုတွေ့ရသည်။
ပျို့တွင် ဇာတ်လမ်းကျောရိုးတည်ရာပြည်ကိုဖွဲ့ရာ၌ ပျို့စာဆိုကျင်လည်ရာမြို့ကို ထင်ဟပ်ဖွဲ့ဆိုကြသည်။
ပျို့ဆိုင်ရာမှတ်ချက်များ
မြန်မာစာပေစတင်ဖွံ့ဖြိုးသော အင်းဝခေတ်တွင် ပျို့စာဆိုတို့သည် ဇာတ်တော်ကြီးဆယ်ဘွဲ့အပါအဝင် ဗုဒ္ဓစာပေ ဝတ္ထုဇာတ်လမ်းများကို ပျို့ ဟုခေါ်သော ကဗျာဝတ္ထုများအဖြစ် ဝေဝေဆာဆာ ရေးဖွဲ့ကြသည်။
ကိုးကား
* မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)
*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
*မဟာဇေယသင်္ခယာဘွဲ့ခံ လှေသင်းအတွင်းဝန်၊ “ဝေါဟာရလီနတ္ထဒီပနီ”၊ ဟံသာဝတီပုံနှိပ်တိုက်၊ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ။
No comments:
Post a Comment