📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Wednesday, August 19, 2020

အောင်သင်း (၁၉၂၇ - ၂၀၁၄ )

 အောင်သင်း (၁၉၂၇ - ၂၀၁၄ )

 

၁၉၂၇ – ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင်ရပ်နေ၊ အဖ-သခင်ညီမောင်နှင့် အမိ-ဒေါ်ရွှေကြင်တို့က ဖွားမြင်သည်။ သားသမီး(၃)ယောက်အနက်-အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာလည်း ဦးအောင်သင်းပင်ဖြစ်သည်။

 

၁၉၃၂ – အသက်(၅)နှစ်အရွယ်တွင် တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ရှိ ဆရာဦးသာဒွန်းဇံ၏ မူလတန်း ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းအောင်ပြီးနောက် တောင်တွင်းကြီးမြို့ ”မိုးထိ” မြန်မာ အထက်တန်းကျောင်းတွင် အလယ်တန်းပညာများ ဆက်လက်သင်ကြားခဲ့သည်။

၁၉၃၈ – ဆဌမတန်းတွင် ကျောင်းသားသပိတ်နှင့်ကြုံခဲ့သည်။ ထိုနှစ်၌မိခင်ကွယ်လွန်သည်။

၁၉၃၉ – သတ္တမတန်း၌ ပညာသင်ကြားနေစဉ် ပညာဘက်၌ အာရုံလျော့နည်းလာသဖြင့် စာမေးပွဲကျရှုံးခဲ့သည်။ ထို့နောက်ကျောင်းထွက်နေစဉ် ဖခင်နောက်အိမ်ထောင်ပြုသည်။

 

၁၉၄၁ – ရှင်သာမဏေဝတ်၊ သာမဏေဘဝနှင့် ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ သာမဏေဘဝမှ ထွက်လိုက်ရသည်။

၁၉၄၇ -ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇-တွင် ပြည်သူ့ရဲဘော် တပ်ဖွဲ့သို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။ ထိုမှ တစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးအဆင့်ထိတိုင်အောင် တာဝန်ယူဆောင်ရွက်ခဲ့သည်။

၁၉၄၉ – ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်၌ ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရပြီး မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရ။ နိုဝင်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့။

 

၁၉၅၂ – တောင်တွင်းကြီးမြို့သို့ ပြန်ရောက်လာကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့။

၁၉၅၃ – တက္ကသိုလ်ဝင်တန်းအောင်။ အောက်တိုဘာလတွင် မိုးထိ အထက်တန်းကျောင်း၌ အလယ်တန်းပြ ဆရာအဖြစ် ဝင်ရောက် အမှုထမ်းခဲ့။

၁၉၅၆ – အလယ်တန်းပြဆရာအလုပ်မှထွက်၍ မကွေးကောလိပ်၌ ဥပစာ-ဝိဇ္ဇာတန်းကို စတင်တက်ရောက်ခဲ့ သည်။

၁၉၅၈ – ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့။ ‘သရက်ထောင်ဖောက်စဉ်က’ ကိုယ်တွေ့ဆောင်းပါး ရေးသားကာ ရှုမဝမဂ္ဂဇင်းသို့ ပို့ခဲ့(ထိုစဉ်က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာများ မထည့်ရန် ရှုမ၀ က ဆုံးဖြတ်ထား၍ ဆောင်းပါးကို ပြန်ပို့ပေးခဲ့။) မြဝတီမဂ္ဂဇင်းသို့ ပေးပို့ခဲ့။

၁၉၅၉ – မေလထုတ် မြဝတီမဂ္ဂဇင်းတွင် ”သရက်ထောင်ဖောက်ခဲ့စဉ်က” ဆောင်းပါးဖော်ပြခံရ။(အောင်သင်း၏ ပထမဆုံး စာပေလက်ရာဖြစ်။)

၁၉၆၀ – ဝိဇ္ဇာတန်းကို မြန်မာဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ်ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိက ဘာသာတွဲဖြင့် အောင်မြင်ခဲ့။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများထုတ်ဝေသော ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါး(၂)ပုဒ်(”လူသေလူမဖြစ်မီက ရှင်ဥက္ကဌ” ဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်)နှင့် အင်္ဂလိပ်ကဗျာဘာသာ ပြန်(၁)ပုဒ်ကို ရေးသားခဲ့(မောင်သံနိုင်-အမည်ဖြင့်)။

၁၉၆၁ – ဘီအီးဒီဆက်တက်နေစဉ် မြန်မာစာဌာန ပါမောက္ခဦးဝန်လက်ထက်၌ ‘မြန်မာစာမဟာဝိဇ္ဇာ အရည် အချင်းစစ်သင်တန်း တက်ရောက်ခွင့်”ဖြေဆိုအောင်မြင်ခဲ့။

 

၁၉၆၂ – ရန်ကုန်တက္ကသိုလ်၌ နည်းပြဖြစ်လာ။ ”စာဆိုတော်” ပြားငါးဆယ်တန် မဂ္ဂဇင်းလေး၏ စာပေညွှန်ကြား ရေးမှူး(တာဝန်ခံ အယ်ဒီတာမှာ-တပ်မတော် မင်းရဲထွန်း ဖြစ်သည်)။ ထိုစာစောင်တွင် လစဉ် ၃-၄ ပုဒ်ရေး၍ ‘မောင်သံနိုင်’အမည်ဖြင့် ပြန်သုံးခဲ့။ နောက်ပိုင်းတွင် အမည်ရင်း ”အောင်သင်း” ဖြင့်သာ အသုံးပြုခဲ့။

၁၉၆၃ – မော်လမြိုင် ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ခဲ့။ ”ကံ့ကော်မြိုင် စာတန်းများ” စာစု၌ စာတန်း(၃)ပုဒ်ရေးခဲ့ ရာ (၂)ပုဒ်ကို ထိုစဉ်က အလယ်တန်း၊ အထက်တန်းမြန်မာစကားပြေ လက်ရွေးစင်တို့တွင် ကျောင်းသုံးပြဌာန်းခဲ့။

၁၉၆၅ – မေလတွင် ပြင်ဦးလွင်စစ်တက္ကသိုလ် မြန်မာစာဌာနသို့ လက်ထောက်ကထိကရာထူးနှင့် ပြောင်းရွှေ့ အမှုထမ်း။

၁၉၆၆ – ”စိတ်ပင်လယ်စာတမ်းများ” အတွက် စာတမ်းငယ်(၂)ပုဒ် ရေးပေးခဲ့။

၁၉၇၀ – အောက်တိုဘာလတွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းဆက်တက်ခဲ့။

၁၉၇၁ – ရှုမဝမဂ္ဂဇင်း၌”မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ” စာပေဝေဖန်ရေးဆောင်းပါးကို ရေးခဲ့။ ထိုအချိန်မှစ၍ စာပေသဘောတရား စာပေဝေဖန်ရေးများကို ဆက်တိုက်ရေးခဲ့။

၁၉၇၄ – ”ဝတ္ထုတိုများ လေ့လာချက်စာတမ်း” ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့်အောင်မြင်ခဲ့သည်။

၁၉၇၇ – ”စာပေရေးရာဆောင်းပါးများ” စာအုပ်ထွက်ခဲ့။

 

၁၉၇၈ – ဧပြီလတွင် နိုင်ငံရေးလှုပ်ရှားမှု၌ ပါဝင်ပတ်သက်သည်ဟု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ယူဆ သောကြောင့် အလုပ်မှထုတ်ပယ်ခြင်းခံရ။ ထိုအချိန်မှစ၍ အလွတ်နည်းပြတန်းများတွင် မြန်မာစာပေသင်ကြားပေး ခြင်း၊ စာပေရေးသားခြင်းတို့နှင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ ယနေ့အထိဖြစ်သည်။

၁၉၈၃ – နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ်(၁)မှစ၍ (၂၅)လတိုင်တိုင် ”အကြိုက်ဆုံးဝတ္ထုတိုကဏ္ဍ” ကို လစဉ်ရေးသားခဲ့။ ဤနောက်ပိုင်းတွင် မဂ္ဂဇင်းများတွင် အလျဉ်းသင့်သလို ရေးဖြစ်ခဲ့။ ပိဋကတ်မိတ်ဆက်၊ ဂန္တဝင် မိတ်ဆက် စသည်ဖြင့် လူငယ်များအတွက် ရည်ရွယ်ရေးသော စာအုပ်များထွက်ခဲ့။

၁၉၉၄ – ”ဝတ္ထုရေးရာဆောင်းပါးများ” ထွက်။

၁၉၉၅ – မေလတွင်”အမွေ” စာအုပ်ထွက်(မိုးမိုး(အင်းလျား) အမှတ်တရဟောပြောပွဲမှ ဟောပြောချက်များ)။ ဝင်းငြိမ်း အင်တာဗျူး ”စာပေလူကြမ်းမင်းသား အောင်သင်းနှင့်တွေ့ဆုံပေးခြင်း”ထွက်။

၁၉၉၈ – ”မျိုးဆက်သစ်တိုးတက်ရစ်ဖို့”(တ)အကြိမ် ပြန်ထွက်။ ”ကိုယ်ကျင့်နဲ့ပညာ”စာအုပ်ထွက်။

၁၉၉၉ – ”အကြိုက်ဆုံးဝတ္ထုတိုများနှင့် သုံးသပ်ချက်များ”(ပ၊ဒု)ထွက်။

၂၀၀၀ – ”လက္ခံလိုက်စမ်းပါ တကယ့်အနုပညာ” စာအုပ်ထွက်။ ”နှစ်ကိုယ်သိ” (နိုင်ငံတကာဝတ္ထုတိုဘာသာပြန်)ထွက်။

၂၀၀၂ – ”ရှင်ဘုရင်ပါပဲနှင့် ရွှေပြည်တန်သော ဆောင်းပါးများ”။ ”လှလိုက်တာနော်နှင့် ရသစာတမ်းငယ်များ”။ ”ကမ္ဘာပြဿနာရှင်းတဲ့နေ့နှင့် ရသစာတမ်းငယ်များ”စာအုပ်များထွက်။

၂၀၀၄ – ”ကန့်ကူလက်လှည့်”စာအုပ်ထွက်။

 

နောက်ပိုင်းတွင်လည်း စာအုပ်များ ဆက်လက်ထွက်ရှိခဲ့။ 

ဆရာအောင်သင်းသည် စာပေများပြုစုရင်း 

အသက် ၈၈ နှစ် တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း  ၂၀၁၄ အောက်တိုဘာ ၂၅ ရက်  မနက်  ၁၀ နာရီ ၇ မိနစ်မှာ  လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါသည် ။


No comments: