📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Thursday, August 20, 2020

သခင်ကိုယ်တော်မှိုင်း

သခင်ကိုယ်တော်မှိုင်း 


မြန်မာစာပေပညာရှင်၊ ကဗျာဆရာ၊ ရာဇဝင်

(သမိုင်း)ဆရာ၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့်

လွတ်လပ်ရေး တိုက်ပွဲ ဝင် မျိုးချစ်စာရေးဆရာ၊

 ငြိမ်းချမ်းရေး အကျိုးပြုသမား အဖြစ်ထင်ရှား

 ကျော်ကြားသူဖြစ်သည်။


ကလောင်အမည်အမျိုးမျိုးနှင့် ဆောင်းပါး၊ ကဗျာ မြောက်များစွာရေးသားခဲ့သည့်အနက် မစ္စတာမောင်မှိုင်း မှာပုံတော်၊ ဒေါင်းဋ္ဋီကာ၊ မျောက်ဋ္ဋီကာ၊ သခင်ဋ္ဋီကာတို့မှာ အထူးထင်ရှားသည်။


သခင်ကိုယ်တော်မှိုင်းသည် သီပေါမင်းပါတော်မူကာ မန္တလေးပျက်သည်ကို သိမှီခဲ့သူဖြစ်သည်။ သက်ရှိထင်ရှားမရှိတော့သည့်တိုင် မြန် မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် မျိုးဆက် အဆက်ဆက်တို့ အားသြဇာလွှမ်းမိုးဆဲဖြစ်သည်။


ငယ်ဘဝနှင့်ပညာရေး

သခင်ကိုယ်တော်မှိုင်းအား ပြည်မြို့အနီး ရွှေတောင်နယ် ဝါးလယ်ကျေးရွာတွင် လှည်းသမားတစ်ဦး ဖြစ်သူ အဖ ဦးစံထွန်း၊ အမိဒေါ်အုန်းတို့ ၁၂၃၇ခု တပေါင်းလပြည့်ကျော် (၁၄)ရက်၊ (၁၈၇၆ မတ်လ၂၃ရက်) ကြာသပတေးနေ့၌ ဖွားမြင်ခဲ့ပြီး ငယ်မည်မှာ မောင်လွန်းဖြစ်သည်။ မိခင်ဒေါ်အုန်းသည် အိမ်တွင်းလုပ်ငန်းများကို လုပ်ကိုင်ရင်း သားဖြစ်သူမောင်လွန်း အား စာရေး စာဖတ်သင်ကြားပေးခဲ့သည်။


 ထို့နောက်မိဘများမှ ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာ တော်ဘုရားကြီး ထံတွင်အပ်နှံပြီး ပညာသင်စေသည်။ မောင်လွန်းသည်ကျောင်းသားဘဝမှာပင်အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊ ပရိတ်ကြီး၊ သဒ္ဒါသဂြိုဟ် စသည်တို့ကို သင်ကြားတတ်မြောက်ခဲ့သည်။


မောင်လွန်းသည်ကျောင်းသားဘဝတွင် ရွှေတောင်မြို့၌သာနေခဲ့သည် မဟုတ် မိခင်ဖြစ်သူ၏မောင် ဦးရီးရဟန်းတော်နှင့် အညာဒေသများသို့လိုက်ပါရင်း ပညာသင်ယူခဲ့သည်။ သို့သော် နေရပ်ပြန်ရောက် ချိန်တွင် ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ထံတွင်သာ စာသင်သွားလေ့ရှိသည်။ တခါတွင် မောင်လွန်းသည် ဦးရီးရဟန်းနှင့်အတူ မန္တလေးမြို့ မြတောင်တိုက်၌ ရှိနေစဉ် သီပေါမင်းအား အင်္ဂလိပ်တို့ ခေါ်ဆောင်သွားသည့် ပါတော်မူအရေးအခင်းကြီးနှင့် ကြုံကြိုက်ခဲ့သည်။ ၁၀နှစ်အရွယ်ရှိပြီဖြစ်သောကြောင့် အမျိုးနှင့်နိုင်ငံအတွက် နာရကောင်းမှန်းသိကာ အခဲမကျေရှိခဲ့သည်။


ယင်းနောက်ရှင်သာမဏေဝတ်ကာ အလုံ၊ မုံရွာ၊ ချောင်းဦး၊ ဘုတလင်စသော အထက်အညာတခွင် ၌လည်းကောင်း ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးထံ၌ လည်းကောင်း ပညာများဆည်းပူးနေခဲ့သည်။ အသက်၁၉နှစ်အရွယ်တွင် ဖခင်ဦးစံထွန်းကွယ်လွန် သွားပြီး မရှေးမနှောင်းပင် ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးပါ ပျံလွန်တော်မူ သွားခဲ့သည်။ ထို့ကြောင့် လူထွက်ကာ မိခင်မုဆိုးမကြီးအား လုပ်ကျွေးမွေးမြူရန် ကြိုးစားရင်းရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။


စာစီသမားဘဝ

ရန်ကုန်သို့ရောက်ရှိပြီးနောက် ဆူးလေဘုရားလမ်း ဇမ္ဖူ့ကြက်သရေ စာပုံနှိပ်တိုက်၌ စာစီသမားအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ထိုအခါက ထိုတိုက်၌ အယ်ဒီတာ ဆရာကြန်၊ တောင်လုံးပြန်ဆရာမြ၊ လင်းလွန်းပင် ဆရာတော်လူထွက် ဆရာဦးပန်းလှိုင်တို့ ရှိနေကြသည်။


 မောင်လွန်းသည် အရည်အချင်းရှိသူဖြစ်သည့်အတိုင်း စာစီသမားဘဝမှ စာပြင်ဆရာ၊ အယ်ဒီတာကလေးဘဝ သို့မကြာမီအတွင်းမှာပင် တိုးတက်ရောက်ရှိ လာခဲ့သည်။ ပုံနှိပ်တိုက်ပိုင်ရှင် ဦးမောင်မောင်ခနှင့် ဒေါ်မမ လေးတို့ကလည်း မောင်လွန်းအား အလွန်ပင် ချစ်ခင်ကြသည်။


ပြဇာတ်ဆရာလွမ်း

ထိုအချိန်က နှစ်ပဲတန်ပြဇာတ်လွန်စွာ ခေတ်စားသောကြောင့် ပြဇာတ်စာအုပ်အများအပြားကို အားစိုက်ရေးသားခဲ့သည်။ ထိုစဉ်က အပျော်ဖတ် ဇာတ်စာအုပ်များ ပလူပျံအောင်ထွက်နေခဲ့ပြီး ကိုယ်တိုင်ရေးသာရေးသော်ငြား မနှစ်မြို့လှသောကြောင့် "အသုံးမကျသော ဇာတ်စာအုပ်"ဟု ရေးသားခဲ့ဖူးသည်။


 ထို့အပြင် ရေးသား ခဲ့သောပြဇာတ်များအားလုံးမှာ ကိုယ်တိုင်ရေးမဟုတ်ပဲ ဇတ်သဘင်စင်ထက်မှ လာသောဇာတ်များသာ ဖြစ်သည်ကတစ်ကြောင်း၊ ဆရာသမားများ၏ ဂုဏ်သိက္ခာများ ကိုထိခိုက်မည် စိုးသည်ကတစ်ကြောင်း အမည်ရင်းဖြင့်မရေးပဲ ရွှေတောင်မောင်လွမ်း ဟူသောအမည်ကို အသုံးပြုခဲ့သည်။ရေးသားခဲ့သော ပြဇာတ်စာအုပ်ပေါင်း ၈၀ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။


အိမ်ထောင်ရေး

ဇမ္ဗူ့ကြက်သရေပုံနှိပ်တိုက်၌ အလုပ်လုပ်ကိုင်နေစဉ်မှာပင် တိုက်ပိုင် ဦးမောင်မောင်ခနှင့် ဒေါ်မမလေးတို့က ကြည့်မြင်တိုင်သူ ဒေါ်ရှင်နှင့် အိမ်ထောင်ချပေးခဲ့သည်။


 ၁၂၇၇ခု အသက်၄၀အရွယ်၌ ဇနီးဒေါ်ရှင် ကွယ်လွန်ကာ သားသမီးလေးဦး ကျန်ရစ်ခဲ့သည်။ ၁၉၂၃-ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့၌ သမီးကြီး ဒေါ်မြရီသည် စာရေးဆရာ ဆရာဇေယျ နှင့် အိမ်ထောင် ပြုခဲ့သည်။


သတင်းစာဆရာဘဝ

ဇမ္ဗူ့ကြက်သရေပုံနှိပ်တိုက်အား အစုစပ်လိမိတက် သတင်းစာတိုက်လုပ်လိုက်ပြီးနောက် မကြာမီ ပုဏ္ဏားဦးဘဘေ ဆိုသူပိုင်ရှင် ဖြစ်လာခဲ့သည်။ လုပ်ငန်းတိုးတက် မှုမရှိသည့်အပြင် လခလည်းမမှန်၊ ဆရာရင်းများလည်း မရှိတော့သဖြင့် ရန်ကုန်သတင်းစာတိုက်သို့ ပြောင်းရွှေ့ အလုပ်လုပ်ခဲ့သည်။ ထိုတိုက်တွင် ဆရာလွန်းကမြန် မာစာအယ်ဒီတာ အဖြစ်လုပ်ကိုင်ရသည်။ စာတော်ပြန်အလုပ်ရသော်လည်း အလုပ်ပဲ ငြင်းပယ်ခဲ့သည်။


 ရန်ကုန်တိုင်း သတင်းစာ ဆုတ်ယုတ်လာသောအခါ မော်လမြိုင် သို့ပြောင်းကာ မြန်မာတိုင်းသတင်းစာ၌ အယ်ဒီတာ အဖြစ်လုပ်ကိုင်သည်။ မောင်သမာဓိအမည်ဖြင့် ဆောင်းပါးများရေးသားခဲ့သော်လည်း နိုင်ငံရေးဘက်သို့ မျက်နှာမမူသေးပေ။


 ဇနီးသည် မမာမကျန်း ဖြစ်ခြင်းကြောင့် မော်လမြိုင်သတင်းစာတိုက်မှ နှုတ်ထွက်ကာ ရွှေတောင်၌ ခေတ္တပြန်နေခဲ့သည်။ ၁၉၁၁သူရိယသတင်းစာ ကိုစတင်တည်ထောင်ကြရာတွင် ဆရာလွန်းကို ခေါ်ယူသဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ပြန်သည်။ ထိုအခါ ဆရာလွန်း၏ ကိန်းအောင်းနေခဲ့သော ဇာတိမာန်များရှင်သန်ကြီး ထွားကာ မျိုးချစ်စာပေများ၊ နယ်ချဲ့ဆန့်ကျင်ရေးစာပေများ စတင်ရေးသားခဲ့သည်။


ချဉ်ပေါင်ရွက်သည်မောင်မှိုင်း နှင့် မစ္စတာမောင်မှိုင်း

သက္ကရာဇ်၁၉၀၀ကျော်ခန့် မှစ၍မြန်မာ ပညာတတ်အချို့သည် မစ္စတာဆိုသည့် အသုံးအနှုံးအား မိမိတို့မြန်မာအမည်များ ရှေ့တွင်တပ်၍ ခေါ်ဝေါ်ကြသည်။


ထို ခေတ်ဗုဒ္ဓဘာသာ ကလျာဏရုဝ အသင်း၏ခေါင်းဆောင်များဖြစ်ကြသော ဦးမေအောင်၊ ဦးခင်စသည်တို့သည် မစ္စတာမေအောင်၊ မစ္စတာခင် စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲကြသည်။


 အသင်းအစည်းအဝေး မှတ်တမ်များတွင် မစ္စတာမေအောင်မှ အဆိုတင်သွင်းပြီး မစ္စတာခင်မှကန့်ကွက်ဟု ရေးမှတ်ကြသည်ဟု ဆိုသည်။ သခင် ကိုယ်တော်မှိုင်းသည် ထိုအပြုအမူများကိုမြင်သောအခါ လုံးဝနှစ်သက်ခြင်းမရှိ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန်ကျင်သည့်အပြင် လွတ်လပ်ရေကြိုးပမ်းနှင့်လည်းဆန့် ကျင်သည်ဟု ယူဆသည်။

၁၉၀၄ဝန်ကျင်ခန့်က ပြင်သစ်စာရေးဆရာ ဒူးမားရေးသားသောThe Count of Monte Cristoဝတ္ထုကို ဂျိမ်းလှကျော်က မောင်ရင်မောင် မမယ်မ ဟူ၍ဆီလျော် အောင်ဘာသာပြန်ထုတ်ဝေခဲ့ပြီး လွန်စွာရေပန်းစားခဲ့သည်။


 ဟံသာဝတီပိဋကတ်တိုက် ပိုင်ရှင် မစ္စတာရစ်ပလီဆိုသူသည် အားကျကာ ဝန်စာရေးဟောင်း ဦးကြီး အားအများကြိုက်မည့် ဝတ္ထုတပုဒ်ကို ရေးသားစေသည်။ ဦးကြီးသည် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္တုကို ရေးသားပေးရာ ၁၉၀၄ခုနှစ်တွင် ပထမတွဲကိုထုတ် ဝေနိုင်ခဲ့သည်။


 ချဉ်ပေါင်ရွက်သည် မောင်မှိုင်းသည် ဇာတ်လမ်းအရ အလွန်ယုတ်မာကောက်ကျစ်လှသော လူရှုတ်လူပွေတစ်ဦးဖြစ်ပြီး အမျိုးကောင်းသမီးများအား လှည့်ဖြားကာ ဥစ္စာပစ္စည်းတို့အား ယူငင်သည်။ ထိုခေတ်ကာလက လူကြီးများသည် ထိုဝတ္ထုကို ယုတ်မာညစ်ညမ်းသော ဝတ္ထုအဖြစ်မှတ်ယူပြီး လူငယ်များအား မဖတ်ရန် တားမြစ်ခဲ့ကြသည်။ ဖတ်ရှုလိုသူ လူငယ်အချို့သည် ထိုဝတ္ထုကို အိမ်သာအတွင်း ယူငင်၍ဖတ်ရှုခဲ့ရသည်ဟူ ဆိုသည်။


ထို့ကြောင့်လည်း သခင်ကိုယ်တော်မှိုင်သည် မောင်မှိုင်းအမည်ရှေ့တွင် မစ္စတာတပ်၍ သုံးစွဲလိုက်ရာ ဦးမေအောင်တို့လူစု မခံမရပ်နိုင်အောင် ဖြစ်ခဲ့ကြရသည်။


 ပြန်လည်ရန်တွေ့ကြသလို သတင်းစာမှလည်းပြန်လည် ချေပရေးသားကြသည်။ သို့သော် သခင်ကိုယ်တော်မှိုင်းကား မဖြုံ ထိုအမည်ဖြင့် ဆောင်းပါး၊ ကဗျာများကို အစဉ်တစိုက် ဆက်ရေးသွားရာ တစ်နှစ်ခန့်အကြာတွင် ဦးမေအောင်နှင့်တကွ မစ္စတာတပ်သူအပေါင်းသည် မစ္စတာဘဝမှ အနားယူသွားကြရလေသည်။


အမျိုးသားကောလိပ်ကျောင်းဆရာဘဝ

၁၉၂၀တွင် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ကြသော ကျောင်းသားတစ်စုမှ ရန်ကုန်မြို့ ဗဟန်းရပ်ကွက်ရှိ ကျောင်းတိုက်တစ်တိုက်တွင် အမျိုးသားကောလိပ်ကျောင်း အားစတင်တည်ထောင်ကြသည်။


ထိုအချိန်တွင် မစ္စတာမောင်မှိုင်းအမည်ဖြင့် စာပေလောက၌ ထင်ရှားပြီးဖြစ်သော ဆရာဦးလွန်း သူရိယသတင်းစာတိုက်မှထွက်ကာ ဝင်ရောက်ဆောင်ရွက်ပေးသည်။


ကနဦးတွင် မြန်မာစာ ပါမောက္ခဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာရာဇဝင်ပြောင်း၍ သင်ကြားသည်။ သို့ရာတွင်အမျိုးသားကောလိပ်မှာ အမျိုးသားပညာရေး ကောင်စီ၏ အထောက်အပံ့မရသဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာပြီး နောက်ဆုံးတွင်ကောလိပ်ကို ပိတ်ခဲ့ရသည်။


မစ္စတာမောင်မှိုင်းမှသည် သခင်ကိုယ်တော်မှိုင်းသို့သခင်ကိုယ်တော်မှိုင်းသည်

၁၉၃၄ခုနှစ်တွင် ပါတီသစ်တစ်ရပ်အနေဖြင့် ထင်ရှားလာသော တို့ဗမာအစည်းအရုံးကို သူ၏သြဇာတိက္ကမနှင့် ဝင်ရောက်အားပေးကူညီရာ ၁၉၃၆တွင် နာယကဖြစ်လာခဲ့သည်။ ထိုအခါတို့ဗမာအစည်းအရုံးဝင်များ၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင်အမည်ကို ခံယူသည်။


 ထိုအချိန်မှစကာ သခင်ကိုယ်တော်မှိုင်းဟူသော အမည်အား ကွယ်လွန်သည်အထိ အသုံးပြုသွားခဲ့သည်။ သခင်ကိုယ်တော်မှိုင်းသည် တို့ဗမာအစည်းအရုံးဝင် ခေတ်လူငယ်များ၏ အလုပ်လုပ်ပုံကို သ ဘောကျပြီး အကြံဉာဏ်များနှင့် အာပေးအားမြှောက် ပြုခဲ့ရာ ထိုလူငယ်များအနက် ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် သခင်အောင်ဆန်း၊ မြန်မာပြည်ဝန်ကြီးချုပ် ဖြစ်လာမည့် သခင်နုတို့ပါဝင်ကြသည်။


ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ

သခင်ကိုယ်တော်မှိုင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး ပြည်တွင်းစစ်ကြီး မဖြစ်ပွါးရန် အမျိုးမျိုးကြိုးစားခဲ့သည်။ ၎င်းနောက် ပြည်တွင်စစ်ကြီး ဖြစ်ပွါပြီး ရက်သတ္တပတ် အကြာတွင် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် တို့ဗမာအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းခဲ့သည်။


၁၉၄၈ စက်တင်ဘာ၁၄ရက် နေ့တွင် ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်း သခင်စံထွန်းလှဇရပ်၌ အဖွဲ့အစည်း ပေါင်းစုံကိုယ်စားလှယ်များ၏ အစည်းအဝေးတစ်ရပ် ကျင်းပြပြုလုပ်ပြီး ၁၇ဦးကော်မတီ နိုင်ငံတော်အေးချမ်းသာယာရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။


၁၉၄၈ဒီဇင်ဘာ ၂၅ရက်နေ့တွင် ရွှေတိဂုံစေတီတောင် ရာဟုဒေါင့် သံတန်ဆောင်းကြီး၌ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း၁၀၀ကျော်မှ ဆရာတော်၃၀၀၀ခန့်၊ အခြားဘာသာပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များနှင့် လူထုပရိတ်သတ် ၂၀၀၀ကျော်တက်ရောက်သော ပြည်တွင်းငြိမ်းချမ်းရေး စည်းဝေးပွဲကြီးအားဦးစီး ကျင်းပခဲ့သည်။


 ထို့နောက် ၁၉၅၁ခုနှစ်တွင် ပြည့်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ(People's Peace Front) ကိုဖွဲ့စည်းခဲ့ပြန်သည်။


၁၉၅၂ခုနှစ် မေလ ၁၀ရက်မှ ၁၄ရက်ထိ ဂျူဗလီဟောတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(ဗမာနိုင်ငံ)၏ ပြည်လုံးကျွတ် ညီလာခံစင်မြင့်ပေါ်မှ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်များ ချမှတ်ပြီး မေလ၁၀ရက်နေ့တွင် ပြည်တွင်းစစ်ရပ်စဲရန် ပန်ကြားလွှာကို ထုတ်ပြန်ခဲ့သည်။


 ၎င်းနောက် ၁၉၅၆ခုနှစ် ဖေဖေါ်ဝါရီလ၂၇ရက်နေ့မှ မတ်လကုန်အထိ အထက်မြန်မာပြည်တလွှားသို့ လှည့်လည်၍ ပြည်တွင်းငြိမ်းချမ်းရေး တရားများ လိုက်လံဟောပြောခဲ့သည်။ မတ်လ၃၁ရက်နေ့တွင် မန္တလေးအိမ်တော်ရာဘုရား ၁၄ခန်းဇရပ်ကြီး၌ လေးပြင်လေးရပ် ဆရာတော် ၁၄၃ပါးကို ပြည်တွင်းငြိမ်းချမ်းရေးပန်ကြးလွှာတစ်စောင် တင်ဆက်လျှောက်ထားပြီး သြဝါဒခံယူခဲ့သည်။


ထို့နောက်ပြည်တွင်းငြိမ်းချမ်းရေး ၈ဦးကော်မတီအားဖွဲ့စည်း၍ ၁၉၅၈ခုနှစ် မတ်လ၂၈ရက်နေ့တွင် တပြည်လုံးရှိ ခရိုင်မြို့နယ် အသီသီး၌ တပြိုင်နက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ သို့သော်၁၉၅၈တွင် အာဏာလွှဲပြောင်းမှုကြီး ပေါ်ပေါက်ခဲ့ပြီး ၈ဦးကော်မတီအားဖျက်သိမ်းပေးခဲ့ ရသည်။ ၁၉၆၀အရောက်တွင် ပြည်တွင်းငြိမ်းချမ်း ရေးနှိုးဆော်ရေးအဖွဲ့အား ထပ်မံဖွဲ့စည်းခဲ့ပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် သင်ပုန်းချေရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။


ကမ္ဘာလှည့် ငြိမ်းချမ်းရေးခရီးသည်

ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(ဗမာနိုင်ငံ)၏ ဥက္ကဋ္ဌကြီးအဖြစ် တညီတညွတ်တင်မြှောက်ခြင်း ခံရပြီးနောက် ကမ္ဘာ့နိုင်ငံအများအပြားသို့ လှည့်လည်ခဲ့သည်။ ၁၉၅၂ခုနှစ် ပီကင်းတွင် ကျင်းပခဲ့သည့် အာရှပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ ကြီးကိုလည်ကောင်း၊


၁၉၅၃ခုနှစ် တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တော် တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့် ကိုလည်ကောင်း တက်ရောက်ခဲ့သည်။ ထို့အပြင် ၁၉၅၇ခုနှစ် သိရိလင်္ကာနိုင်ငံ ကိုလံဘိုတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့်ကိုလည်း မြန်မာပြည်ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်၍ တက်ရောက်ခဲ့သည်။


ဘွဲ့နှင့်ဆုအမျိုးမျိုး


ကိုလိုနီခေတ်အတွင်းက ရန်ကုန်ယူနီဗာစီတီ မြန်မာစာပါမောက္ခအဖြစ် တစ်လ၃၀၀ကျပ်အဖြင့် အမှုထမ်းရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ တပည့်ရင်း ဖြစ်သူပြည်ထဲရေးဝန်ကြီး ဦးမေအောင်က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ယူရန် ပြောဆိုသော်လည်း လက်မခံခဲ့ပေ။


ထို့အပြင် ဝေလမင်းသားအား ကြိုဆိုဂုဏ်ပြုသည့် ပိုဒ်စုံရတုအား ငွေတစ်ထောင်ပေး၍ ရေးခိုင်းသော်လည်း ရန်သူကိုချီးမွမ်းထောပနာမပြုနိုင် ဟုခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။


 လွတ်လပ်ရေးရပြီးနောက် ပြည် ထောင်စုအစိုးရမှ အင်္လကာကျော်စွာ စာပေဘွဲ့ကိုပေးအပ်ခဲ့သည်။ မကြာမီပင် ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကြောင့် ဆိုဗီယက်ယူနီယံမှ စတာလင် ငြိမ်းချမ်းရေးဆုကို အပ်နှင်းခဲ့ပြန်သည်။


တဖန် အရှေ့ဂျာမဏီမှ ဒေါက်တာဘွဲ့ချီးမြင့်ခဲ့ပြန်သည်။ သခင်ကိုယ်တော်မှိုင်းသည် အဆိုပါ ဒေါက်တာဘွဲ့အား များစွာနှစ်မြို့ခြင်း မရှိသော်လည်း နှစ်နိုင်ငံ ချစ်ကြည်ရေး သဘောအရသာ လက်ခံခဲ့သည်ဟု ဆိုသည်။


နောက်ဆုံးနေ့ရက်များ

ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ အာဏာရလာပြီး ၁၉၆၃နိုဝင်ဘာတွင် အစိုးရနှင့်တောခိုအဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်သွားသည် သာမက နောက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ပါ ဖျက်သိမ်းခြင်းခံရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပျက်သွားချိန်မှစ၍ စိတ်ထိခိုက်ကာ အင်အားချိနဲ့ လာခဲ့သည်။


 သို့သော် အဖွဲ့ဖျက်သိမ်းခံရသည့်အကြောင်းအား တပည့်၊သား၊မြေးများမှ ဖုံးဖိထားခဲ့ကြသည်။ တနေ့တွင် ကွမ်းသီးထုတ်အား ပတ်ထားသည့် သတင်းစာစက္ကူမှ ထိုသတင်းအားသိရှိသွားကာ "တိုင်းပြည်တော့ပိုဆိုးတော့မှာပဲ" ဟုဆိုပြီး အိပ်ယာထဲလဲသွားသည်။


 ၁၉၆၄ခုနှစ်ဇူလိုင်၂၂တွင် သတိမရှိတော့ပဲ ၂၃ရက်နေ့နံနက်၁နာရီ အချိန်တွင် ကွန်လွန်အနိစ္စရောက်သွား ခဲ့သည်။ ကွန်လွန်ချိန်တွင် အသက်၈၉နှစ် ရှိပြီဖြစ်သည်။


ဈာပန

သခင်ကိုယ်တော်မှိုင်း၏ရုပ်ကလပ်ကို နေထိုင်ရာ စမ်းချောင်း၊ ချမ်းသာလမ်းရှိ နေအိမ်မှ အစိုးရဆောက်လုပ်ပေးသည့် စမ်းချောင်းပုဒမ္မာကွင်းရှိ မဏ္ဍတ်သို့ ဇူလိုင်၂၉ တွင်ရွှေ့ပြောင်းခဲ့သည်။ ထိုမဏ္ဍတ်အတွင်းတွင် သူ၏ အသုံးအဆောင်ပစ္စည်းများအား ပြခန်းသဖွယ်ပြသာထားခဲ့သည်။ နေ့လည်၂နာရီတွင် ပုဒမ္မာကွင်းမှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင်ပန်းခြံသို့ လူထုပရိတ်သတ်ထောင်ပေါင်းများစွာ လိုက်လံပို့ဆောင်ကြပြီး ဂူသွင်းမြှပ်နှံခဲ့သည်။


သခင်ကိုယ်တော်မှိုင်း ရေးသားပြုစုခဲ့သည် စာများ

သတင်းစာဆရာဘဝမှစ၍ ရေးသားပြုစု တည်းဖြတ်ခဲ့သော ဆောင်းပါး၊ ကဗျာ၊ လေးချိုး၊ ဋီကာပေါင်းများစွာ ရှိပြီး သခင်ကိုယ်တော်မှိုင်းပြုစုခဲ့သည့်စာများစာရင်း တွင်အကျယ်ကြည့်ပါ။


ပြည်သူ့ သမိုင်း အလျဉ်မှာ အဆက် မပြတ် ပါဝင် ခဲ့တဲ့ နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေနဲ့ ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၃) နှစ်မြောက် နှစ်လည် ဝမ်းနည်း အမှတ်တရ အဖြစ် ဆရာကြီးရဲ့ အတ္ထုပ္ပတ္တိကို စုဆောင်း ကူးယူ တင်ပြ လိုက်တာ ဖြစ်ပါတယ်။


သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)

အမည်ရင်း - မောင်လွမ်းမောင်

မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း

မွေးသက္ဗရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့

မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ

ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊

 မောင်သမာဓိ၊ မစောညွန့်မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်


ထုတ်ဝေ ခဲ့သော စာအုပ် စာရင်း

ညီတော် မင်းနန် ချွန်ခန်း ဟောစာသစ် (ရွှေတောင်မြို့ ဆရာလွန်း) - ၁၉ဝ၂ ခုနှစ်

ရွှေတိဂုံ ဘုရား အမှူးကို ကျား အဖူးတက်သော ဇာတ်ဆန်း (မောင်လွမ်း) - ၁၉ဝ၃ ခုနှစ်

ကျမိုင်းမောင် နှင့် စောမြိုင် ပြဇာတ် (ဆရာလွမ်း) - ၁၉ဝ၃ ခုနှစ်

ကုလားလေး ဗျတ်ဝိ ဗျတ္တ ပြဇာတ် (ပ - အကြိမ် - ဆရာလွမ်း) - ၁၉ဝ၅ ခုနှစ်

မော်လမြိုင် ရာဇဝင် ဝတ္ထု (ပထမတွဲ - ဆရာလွမ်း) - ၁၉ဝ၅ ခုနှစ်

ကဗျာသာရ မဉ္စူ (ဆရာလွမ်း) - ၁၉ဝ၆ ခုနှစ်

ဝရမတ္တ သံခိပ် အဖြေကျမ်း (ဒုတိယတွဲ - ဆရာလွမ်း) - ၁၉ဝ၆ ခုနှစ်

အလောင်းတော် သုဝဏ္ဏသျှံ ပြဇာတ် (ဆရာလွမ်း) - ၁၉ဝ၇ ခုနှစ်

ချင်းမလေး ဝါနု ပြဇာတ်သစ် (ဆရာလွမ်း) - ၁၉ဝ၈ ခုနှစ်

သူခိုး ထိလပ် ပြဇာတ် (ပ - ဒု) (ဆရာလွမ်း) - ၁၉ဝ၈ ခုနှစ်

ကျောက်ဝိုင်း သမိုင်း၊ ရေကင်းသူ မရွှေပွင့် ပြဇာတ်၊ ပထမတွဲ (ဆရာလွမ်း) - ၁၉ဝ၉ ခုနှစ်

ကဗျာသာရတ္တ သဂြုႋဟ် (ဆရာလွမ်း) - ၁၉၁ဝ ခုနှစ်

သီရိဓမ္မာ သောက မင်းကြီး ပြဇာတ် (ပ-တွဲ) (ဆရာလွမ်း) - ၁၉၁၁ ခုနှစ်

မြန်မာ ရာဇဝင်ချုပ်နှင့် ရွှေနတ်တောင် ဘုရားသမိုင်း (ဆရာလွန်း) - ၁၉၁၁ ခုနှစ်

လက်မှုပညာ ဋီကာ (Hard Book of Useful Recipes) - ၁၉၁၃ ခုနှစ်

ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်း) - ၁၉၁၄ ခုနှစ်

ကဆုန် ညောင်ရေသွန်းပွဲတော် အတ္ထုပ္ပတ္တိစာတန်း - ၁၉၁၄ ခုနှစ်

ဆောင်းပါး ပေါင်းချုပ်ကြီး (ပထမတွဲ) (မစ္စတာမောင်မှိုင်း) - ၁၉၁၄ ခုနှစ်

မှာတော်ပုံ ဝတ္ထု (ပထမတွဲ) (မစ္စတာမောင်မှိုင်း) - ၁၉၁၆ ခုနှစ်

အီနောင် နန်းတွင်းဇာတ်တော်ကြီး - ၁၉၁၇ ခုနှစ်

ဓမ္မစေတီ (မင်းအတ္ထုပ္ပတ္တိ) ဝတ္ထု - ၁၉၁၈ ခုနှစ်

ကေသာသီရိ နန်းတွင်း ဇာတ်တာ်ကြီး - ၁၉၁၈ ခုနှစ်

မှာတော်ပုံ ဝတ္ထု (ဒုတိယတွဲ) - ၁၉၁၉ ခုနှစ်

ပဲခူး ရာဇဝင် ဇာတ်တော်ကြီး - ၁၉၁၉ ခုနှစ်

ဒေါင်းဋီကာသစ် - ၁၉၂ဝ ခုနှစ်

ဘွိုင်းကောက် ဋီကာကြီး - ၁၉၂၁ ခုနှစ်

မှာတော်ပုံ ဝတ္ထု (တတိယတွဲ) - ၁၉၂၁ ခုနှစ်

မှန်နန်း ရာဇဝင်တော်သစ် (ပထမအုပ်) - ၁၉၂၂ ခုနှစ်

မျောက်ဋီကာ - ၁၉၂၃ ခုနှစ်

မျောက်ဂဏ္ဌိ - ၁၉၂၃ ခုနှစ်

ခွေးဋီကာ - ၁၉၂၅ ခုနှစ်

ဒေါင်းဂဏ္ဌိ (ပထမတွဲ) - ၁၉၃၁ ခုနှစ်

ဂဠုံပျံ ဒီပနီဋီကာ - ၁၉၃၁ ခုနှစ်

မန္ဈလေးမြို့ ရွှေရေးဆောင် ဆရာတော်ဘုရားကြီး ဦးကြည်၏ ထေရုပ္ပတ္တိကထာ - ၁၉၃၅ ခုနှစ်

ခွေးဂဏ္ဌိ (ပထမတွဲ၊ ဒုတိယတွဲ) - ၁၉၃၆ ခုနှစ်

သခင်ဋီကာ - ၁၉၃၈ ခုနှစ်

အာဇာနည်ဗိမာန် - ၁၉၄၈ ခုနှစ်

ဗမာ ပြည်တွင်းရေး မည်ကဲ့သို့ ဖြေရှင်း မည်နည်း သခင် ကိုယ်တော်မှိုင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး - ၁၉၄၈ ခုနှစ်

အနာဂတ် ဇာတ်ခုံ အိပ်မက် ဒီဠုံ ဋီကာ - ၁၉၅ဝ ပြည့်နှစ်

လေးချိုးပေါင်းချုပ် (ပထမတွဲ) - ၁၉၅၅ ခုနှစ်

လေးချိုးပေါင်းချုပ် (တတိယကြိမ်) - ၁၉၆၈ ခုနှစ်

မှာတော်ပုံ နှင့် စစ်ကိုင်းပြန် မှာတော်ပုံ - ၁၉၇၁ ခုနှစ်

လက်ရွေးစင် လေးချိုးတရာ - ၁၉၇၃ ခုနှစ်

တို့ဗမာ ဝတ်ရွတ်စဉ် - ၁၉၇၆ ခုနှစ်

အနုသာသနခေါ် ဂမီႝရပျို့အဖြေ

ဦးပုည မေတ္တာစာ

မှန်နန်းရာဇဝင်ချုပ်

ကုန်းဘောင်ပေါ်လစ်တစ်

ကလဟ ဝိနိစ္ဆယ

တက္ကသိုလ် ပန်တူဝိနိစ္ဆယ

ပဌမတ္ထဝိဘာဝနီ (ကျော်ဋီကာ)

အဝနန်းတော်

မြန်မာ့ဇေယာသဝဏ်

ကျော် ၄ ဆူ ဘုရားတိုင် လေးချိုးကြီးများ

သခင် ညီလာခံ သြဘာ ဆောင်းပါးများ

မင်္ဂလာရတုများ

အရေးတော်ပုံ ဆောင်းပါးများ

အရမ်းကာရ ဝိသောဓနီ

စုန်တော်မူမှာတမ်း


တည်းဖြတ်ခဲ့သော စာအုပ်များ

(မောင်စံသူ) ရွှေနန်းဘွဲ့ မှာတမ်း - ၁၉၁၃ ခုနှစ်

(မဏိကက်) နန်းတွင်း ဇာတ်တော်ကြီး - ၁၉၁၇ ခုနှစ်

(ဦးဘိုးသစ်) ကဗျာရေးနည်း နိသျှည်းကျမ်းကြီး - ၁၉၂၄ ခုနှစ်

(မောင်ချစ်စရာ) မြန်မာစာ ညွန့်ပေါင်း ဋီကာ - ၁၉၂၅ ခုနှစ်

တောင်တွင်းကြီးမြို့ ဆရာတော် ဟိတသိဒ္ဓက ဝတ္ထု - ၁၉၂၉ ခုနှစ်

ပုံတောင်နိုင် မော်ကွန်း - ၁၉ ? ခုနှစ်

(ဦးထွန်းဖေ) မြန်မာစာ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် - ၁၉၃၃ ခုနှစ်

ဒုတိယ နဝဒေး စကြာမင်း မယ်တော် ဆင်ဖြူရှင်မ ဧချင်း - ၁၉၃၄ ခုနှစ်

(သခင် လေးမောင်) ဒို့ဝတ္တရားကြီး - ?

မြဒေါင်းညို (ဦးအောင်သိန်း) ဝသုမြေ (ပထမပိုင်း) - ၁၉၃၈ ခုနှစ်

(ဦးအုန်းမောင်) ကျောင်းသုံး မြန်မာ ရာဇဝင်သစ် - ၁၉၄၈ ခုနှစ်

(ဗိုလ်သိမ်းဆွေ) ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ - ၁၉၅၁ ခုနှစ်

(မဟာတင်) လွတ်လပ်ရေး နှင့် ဗိုလ်ချုပ် မော်ကွန်း - ၁၉၅၂ ခုနှစ်

(ဆရာရွှေ)မြန်မာ ရှေးဟောင်း ကဗျာညွန့်ပေါင်း - ?

တရုတ် အရပ်ရပ်ရောက်သည့် အရေးတော်ပုံ -


No comments: