ကင်းဝန်မင်းကြီးဦးကောင်း
မြန်မာဘုရင်တို့၏ သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲကာ အနောက်ဥရောပနိုင်ငံများကဲ့သို့ အစိုးရဝန်ကြီးအဖွဲ့ဖြင့် အုပ်ချုပ်သော စည်းမျဉ်းခံဘုရင်စနစ်ကို လိုလားသူ တိုင်းပြည်ပြု သုခမိန်ကင်းဝန်မင်းကြီးဦးကောင်း သည် မြန်မာ့သမိုင်းတွင်သာမက မြန်မာ့ စာပေသမိုင်း တွင်လည်း အထူးထင်ရှားလှသော ပညာရှင် တစ်ဦးဖြစ်ပေသည်။
သို့သော အဖြစ်အပျက်မှန်ကို မသိသူအချို့က `ဦးကောင်းလိမ်ထုတ် သီပေါပြုတ်´ ဟူသော စာအရ၊ ကင်းဝန်မင်းကြီးသည် အထက်မြန်မာပြည်ကို ဗြိတိသျှတို့ လက်သို့ လက်သိပ်ထိုးအပ်ခဲ့သည်ဟု အယူမှားကာ သိနားလည်ခဲ့ကြသည်။
ကင်းဝန်မင်းကြီးသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ခေတ်မမှီဘဲ ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံကို ခေတ်မီတိုးတက်နေသော အခြားနိုင်ငံတို့နှင့် ရင်ပေါင်တန်းလိုက်နိုင်အောင် စီမံအုပ်ချုပ်ရေး၊ တရားဥပဒေရေး၊ နိုင်ငံခြားဆက်သွယ်ရေး၊ ပြုပြင်ပြောင်းလဲရေးတို့ကို အားသွန်ဆောင်ခဲ့သည့် ပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။
● ငယ်စဉ်ဘဝ
မင်းသတိုးသုဓမ္မမဟာသက်တော်ရှည် ဟူသော ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူခြင်းကိုခံရသော ဝန်ရှင်တော်၊ ကင်းဝန်၊ သေနတ်ဝန် လက်ကိုင်မြို့စား မင်းကြီး ဦးကောင်းသည် စစ်ကိုင်းတိုင်း၊ ပုလဲနှင့် ဆားလင်းကြီးမြို့နယ်များဖြစ်သော ဗန့်ကျီတိုက်နယ်၊ မုန်တိုင်ပင် (မုန်တိုင်ပင်ရွာ) တွင် အဖ အတွင်းခြောက်စုနတ်သျှင် ရွေးတပ်၍ အမှုထမ်းနေသော သွေးသောက်ကြီးဦးမှို၊ အမိ ဒေါ်နှင်းဆီတို့မှ ၁၁၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (ခရစ် ၁၈၂၂ ခု၊ ဖေဖော်ဝါရီလ ၃ ရက်) တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ချင်းဖြစ်၍ ညီအစ်ကိုမောင်နှမ ခုနစ်ယောက်အနက် ဒုတိယသားဖြစ်သည်။ အသက်ခုနစ်နှစ်တွင် ငှက်ပျောတောရွာ ကျောင်းထိုင်ပုဂ္ဂိုလ် ခင်ကြီးဦးဆန်းထံတွင် ပညာသင်ကြား၍ အသက် ၁ဝ နှစ်တွင် ရှင်သာမဏေဖြစ်သည်။
ဗန့်ကျီဒိုင် နတ်သျှင်ရွေးသေနတ်စုထဲမှ ဖြစ်သည့်အတိုင်း မိမိဖခင်၏ တပ်ရင်းတွင် စစ်မှုထမ်းရန် တာဝန်ရှိသော်လည်း သာသနာ့ဘောင်သို့ တက်ရောက်သဖြင့် စစ်မှုမထမ်းရပေ။ ရဟန်းဘွဲ့မှာ ဦးအာသဘဖြစ်သည်။ ကိုရင်ဘဝနှင့် ရဟန်းဘဝတို့တွင် စာပေပရိယတ္တိ၌ လွန်စွာ စိတ်အားထက်သန်၍ များစွာ အလားအလာရှိ လေသည်။ ရဟန်းခံပြီးနောက် မကြာမြင့်မီအတွင်း ဗုဒ္ဓဘာသာပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ အစရှိသော သင်ရိုးကျမ်းဂန်များကို အမရပူရမြို့ သာသနာပိုင် ဗားကရာ ဆရာတော်ဘုရားကြီး အမှူးရှိသော ကျမ်းတတ်ကျမ်းပြု ဆရာတော်တို့ထံမှ သဘောအဓိပ္ပာယ်နှင့်တကွ ကျနစွာသင်ကြားပြီးလျှင် ပိဋကတ်ကျမ်းဂန်၊ လောကီကျမ်းဂန်များနှင့် စပ်သည့် ဂန္တန္တရ ဗဟုသုတများကို ရဟန်းပညာရှိ၊ လူပညာရှိတို့ထံ ဆွေးနွေးမေးမြန်း၊ နည်းနာခံယူ လေ့လာမှတ်သားနေထိုင်သည့်အတွင်း အမရပူရ စတုတ္ထနန်းစံ ပုဂံမင်းတရားကြီးလက်ထက် မင်းတုန်း တောင်စဉ်ခုနစ်ခရိုင် အသုံးကံကျွေးခံ ညီတော် လွှတ်တက်မင်းသားကြီးသည် မင်္ဂလာအိမ်တော် စံတော်မူသောအခါ ပညာဗဟုသုတအရာ လေ့လာရှာမှီးသူတို့ကို အလိုရှိတော်မူသည့်အလျောက် ရွှေရေးကျောင်းဆရာတော်ကြီး ဦးဝိသုဒ္ဓအား စုံစမ်းမေးမြန်းလျှောက်ထားရာ ဦးဝိသုဒ္ဓက မိမိ၏ တပည့်ရင်းဖြစ်သော ဦးအာသဘအား အကြောင်းကုန်ပြန်ကြား၍ လူဝတ်လဲစေပြီး မင်းတုန်းမင်းသားထံ ခစားစေသည်။ မင်းတုန်းမင်းသားကြီးက ခေါ်တော်မူပြီးလျှင် ကျန်းဂန်နှင့် စပ်သည့် စကား၊ ပျို့ကဗျာနှင့် စပ်သည့်စကား ခဲရာခဲဆစ်များကို မေးမြန်းတော်မူ၍ ဖြေဆိုတင်လျှောက်ပြီးနောက် ကဗျာဗန္ဓ ဖွဲ့ဆိုရေးသားဆက်သရန် အလိုတော်ရှိရာ သဘောအဓိပ္ပာယ်ကို အမိန့်တော်မြတ်ရှိပြီးလျှင် ပုရပိုက်ကန့်ကူ ပေးအပ်တော်မူသောကြောင့် ရှေ့တော်မှောက်တွင် ကန့်ကူလက်မှမတန့်ရဘဲ ခဏချင်းဖွဲ့ဆိုစီကုံး ရေးသားဆက်သနိုင်ခဲ့သည်။
ဤကဲ့သို့ စေခိုင်းတော်မူသည့်အတိုင်း အလိုတော်ကျ လျင်မြန်စွာ ဖွဲ့ဆိုစီကုံးရေးသားဆက်သနိုင်သဖြင့် အပါးတော်တွင် မြဲစွဲစွာ ထမ်းရွက်နေထိုင်ရမည့် အမိန့်တော်မြတ်အရ မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ်ကစ၍ မင်္ဂလာအိမ်တော်တွင် မြဲစွဲစွာ ခစားထမ်းရွက်နေထိုင် ရလေသည်။ မင်းတုန်းမင်းသားကြီးက `ငချင်း´ ဟူသောအ မည်မှာ မဖွယ်မရာ မလျောက်မပတ် သေနတ်ဝန်မောင်ကောင်း အမည်ခံစေ´ဟု အမိန့်ချမှတ်ရာ မောင်ချင်းမှ မောင်ကောင်းအမည်သို့ ပြောင်းလဲခဲ့ရသည်။ ထို့နောက် နေမျိုးနရာစည်သူ ဟူသော နေမျိုးဘွဲ့ကို နောင်တော် ပုဂံမင်းတရားကြီးထံ တင်လျှောက်အသနားခံတော်မူပြီးလျှင် မင်္ဂလာအိမ်တော် ဘဏ္ဍာစာရေး ခန့်ထားတော်မူသည်။ ဤတွင်မက မင်းတုန်းမင်းသားကပင် ကြပ်မတ်၍ ဘကြီးတော်လက်ထက်၌ မှန်နန်းအပျိုတော်ဖြစ်ခဲ့သော ဆင်ကြန်သခင်နှင့် လက်ဆက်ပေးသည်အထိ ဂုဏ်ရည်တင်ခြင်းခံခဲ့ရသည်။ သို့ကလို ဘဏ္ဍာစာရေးရာထူးဖြင့် အမှုထမ်းနေစဉ် မောင်ချင်းအမည်မှ မောင်ကောင်းဟု ပြောင်းလဲခေါ်ခဲ့၏။
မင်းတုန်းမင်းတရားကြီး အထွတ်အမြတ်သို့ရောက်တော်မူသောအခါ မင်းလှသိင်္ခဟူသော မင်းတပ်ဘွဲ့နှင့် စစ်ကိုင်းနယ် ရွာသစ်ကြီးရွာကို စားရ၍ ရွှေတိုက်စိုးအဖြစ် အမှုထမ်းရသည်။ ရွှေတိုက်စိုးအရာနှင့် အမှုတော်ကို ထမ်းရွက်နေစဉ် သက္ကရာဇ် ၁၂၁၈ ခုနှစ်အတွင်း `တိံသနိပါတ် တိဏ္ဍုကဇာတ်ကို ပျို့လင်္ကာစီကုံးရေးသားဆက်သွင်းရမည်´ အမိန့်တော်မြတ်အရ ပျို့လင်္ကာပုဒ်ရေ ၁ဝဝ ကို ၁၅ ရက်ခန့်အပြီး ဆက်သွင်းရာ များစွာ နှစ်သက်အားရတော်မူသဖြင့် ရွှေတိုက်စိုးအရာဌာနမျှနှင့် မတန်ချေ။ တိုင်းပြည်နိုင်ငံမှုကို စီမံဆောင်ရွက်နိုင်သော မှူးကြီးမတ်ကြီး အရာဌာနသို့ ရောက်အောင် ထမ်းရွက်စေမည်။ ရည်ရွယ်မျှော်တော်မူပြီးလျှင် နိုင်ငံတွင်းမှု၊ နိုင်ငံခြားမှု၊ မြို့လုပ်ကျုံးတာ စသော လုပ်ကြီးဆောင်မှု၊ ကုန်းကြောင်း ရေကြောင်းနှင့်ဆိုင်သော စစ်သူရဲမက်မှု၊ တရားရာဇဝတ်မှု မှ စ၍ အရပ်ရပ် အမှုကြီးငယ်တို့နှင့် ဆက်ဆံရာ မင်း၏ အာဏာတော်ထားရာ အမှာတော်ရေးအရာ ပုခန်းကြီးမြို့စီရင်စု သပြေငါးရွာစား ခန့်ထားတော်မူသဖြင့် လွှတ်တော်တွင် ဝန်ရှင်တော်မင်းကြီးများ ဝန်ထောက်တော်မင်းများ၏ အမိန့်တော်နာခံ၍ ထမ်းရွက်နေထိုင်ရမည်။
ဤကဲ့သို့ အမှာတော်ရေးအရာနှင့် လွှတ်တော်တွင် ထမ်းရွက်သည့်အတွင်း မန္တလေးအရပ်၌ မြို့နန်းတည်ထောင် စံနေတော်မူရန် ရဟန်းပညာရှိ၊ မှူးမတ်ပညာရှိတို့ စာဆက်သွင်းချက်အတိုင်း မြို့နန်းတည်ထောင်ရန် အခမ်းအနားရှိသည်များကို ဝန်ရှင်တော် မြတောင်မြို့စား သေနတ်ဝန်ကြီး ဆင့်ဆိုရာ နာခံထမ်းရွက်ရမည် စေခိုင်းတော်မူသောကြောင့် မြို့ရာ နန်းရာများကို ချင်းနင်း ကြည့်ရှုတော်မူပြီးလျှင် `ဤကား စေတီတော်ကြီး တည်ရာဌာန၊ ဤကား ကျုံးတော်ကြီး တည်ရာဌာန၊ ဤကား စေတီတော်ကြီး တည်ရာဌာန၊ ဤကား မဟာသကျမာရဇိန်ကျောက်သလင်း ရုပ်ပွားတော်ကြီး တည်ရာဌာန၊ ဤကား ကျောင်းတော်ကြီး တည်ရာဌာန၊ ဤကား သိမ်တော်ကြီး တည်ရာဌာန၊ ဤကား သုဓမ္မာဇရပ်တော်ကြီး တည်ရာဌာန´ ဟူသော ခုနစ်ဌာနနှင့်တကွ အရပ်ရပ် လုပ်ဆောင်တည်ထားရန် အဆောက်အဦဌာန ရှိသည်များကို တိုင်းတာမှတ်သား စနစ်ပုံစံရေး၍ မပြတ်တင်လျှောက်ခြင်းများကို အားရနှစ်သက်တော်မူသည်နှင့် သက္ကရာဇ် ၁၂၁၉ ခုနှစ်အတွင်း လွှတ်တော်စာရေးကြီးအရာ ခန့်ထားတော်မူသည်။
လွှတ်တော်စာရေးကြီးအရာနှင့် ထမ်းရွက်နေစဉ်အတွင်း၌လည်း `ရတနာပုံ ရွှေမြို့တော်ကြီးတည် စာတမ်းကို ရေးသားဆက်သွင်း ရမည်။ အရပ်ရပ် စာဟောင်း စာတမ်းများတွင် ပျက်စီးချွတ်ယွင်းမှုရှိသည်များကိုလည်း ကြည့်ရှုပြင်ဆင်ရမည်´ အမိန့်တော်မြတ်အရ စာတမ်းအချီးနိဒါန်းစကား ရေးသားဆက်သွင်းရာ အားရတော်မူ၍ စာရေးတော်ကြီးတို့ အစဉ်သနားတော်မြတ်ခံမြဲထက်တိုး၍ မဟာမင်းကျော်စည်သူဟူသော မဟာဘွဲ့နှင့် ကတ္တီပါဗောင်း ရွှေစလွယ်ကိုးလွယ် စသော အစီးအနင်း အဆောင်အယောင်များကို သနားတော်မြတ်ခံရသည်။
ထိုမှတဖန် သက္ကရာဇ် ၁၂၂၃ ခုနှစ်အတွင်း နယ်သီးခြားဖြစ်သော တိုက်ကျန် ၁ဝ ရွာ၊ ရွှေယင်းမာရွာ၊ ချောင်းဦး ၁ဝ ရွာ များနှင့်တကွ ကုန်းကြောင်းသေနတ်အမှုထမ်း အစုဦးရေ ၂၂ အနက် မြောက်ထားဝယ်၊ တောင်ထားဝယ် စသော အတွင်းခြောက်စု၊ ကိုယ်ရံတော်အမှုထမ်း လူနှစ်သောင်းကျော်တို့၏ နေရပ်ဌာနဖြစ်သော သုံးတိုက်ခြောက်ဝေပုံတို့ဖြင့် တန်ဆာဆင်အပ်သော အလုံမြို့ကို မြို့ဝန်အရာခန့်ထား သူကောင်းပြုတော်မူသည်။ အလုံနယ်မှာ မဟာဗန္ဓုလ မွေးဖွားကြီးပြင်းရာ ဒေသလည်းဖြစ်သည်။
အလုံမြို့ဝန်အဖြစ် ထမ်းရွက်နေစဉ် စီမံအုပ်ချုပ်ခြင်း၊ တရားစီရင်ခြင်းတို့၌ အထူးအောင်မြင်သည့်အလျောက် အလုံနယ်မှာ ငြိမ်းချမ်း စည်ပင်သာယာဝပြောခဲ့လေသည်။ အလုံဝန်အဖြစ် ဦးကောင်း၏ အုပ်ချုပ်မှုနှင့် တရားစီရင်မှုအာဏာတို့ကို လွှတ်တော်ကသာ ပြင်ဆင်ပယ်ဖျက်နိုင်၏။ ဤသို့ ဆောင်ရွက်နေစဉ်အတွင်း စာပေဝါသနာပါသည့်အလျောက် ပြုစုရေးသားခဲ့သဖြင့် နေပြည်တော်၌ပင် ကျော်ကြားခဲ့သည်။ အလုံဝန်ဖြစ်နေစဉ် ဝန်ကတော် ဆင်ကြန်သခင်မှာ အလုံသို့ မလိုက်ခဲ့ချေ။ ထိုစဉ်အတွင်း အလုံမြို့သူကြိး ဦးအို၊ မမကြီး တို့၏ နှမ မရွှေမေနှင့် လက်ဆက်ခဲ့ပြန်သည်။
ယင်းနောက် သက္ကရာဇ် ၁၂၂၆ ခုနှစ်အတွင်း တောင်ငူ ရမည်းသင်း သစ်တောများတွင် သစ်အလုပ်အဆောင် နေရာမကျ၊ အခွန်ဘဏ္ဍာတော် ယုတ်လျော့မှုရှိသည်နှင့် တောင်င၊ူ ရမည်းသင်း မြို့ရွာများကို ဝေခန့်တော်မူရန် စီမံတော်မူပြီးလျှင် အလုံမြို့ဝန် အရာမှ ပြောင်း၍ လွှတ်တော်စာရေးကြီးအရာ တစ်ဖန်ခန့်တော်မူသည်။
● ကင်းဝန်ဖြစ်လာခြင်း
၁၂၂၈ ခုနှစ်တွင် မြင်ကွန်း၊ မြင်းခုံတိုင်အရေး ပေါ်ပေါက်ခဲ့၍၊ အိမ်ရှေ့မင်း ကနောင်မင်းသားကြီး ကျဆုံးရသဖြင့် မင်းတုန်းမင်းတရားကြီးသည် လွှတ်တော်စာရေးကြီး ဦးကောင်းအား နေပြည်တော်သို့ ပြန်လည် ခေါ်ယူတော်မူပြီးလျှင် မင်းကြီးမဟာစည်သူ့ဘွဲ့ နှင့် ဝန်ထောက်တော်ရာထူးဖြင့် အပါးတော်၌ ခစားစေသည်။ အရေးတော်အေးငြိမ်းသွားသောအခါ၌ ကြည်းကင်း ရေကင်း စသည်တို့ကို အုပ်ချုပ်ရန် ဝန်ထောက်ကင်းဝန်ရာထူးသို့ တိုးမြှင့်ခန့်ထားခဲ့လေသည်။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီး ဦးကောင်းဟု ကျော်ကြားလာလေ သည်။
နေပြည်တော်မြို့ကြီး ရွာကြီးတို့တွင် ကင်းဝန်ဟူရာ၌ အကာအကွယ် အစောင့်အရှောက်ထားသော ကင်းစစ်သည်တို့ကို အုပ်ချုပ်ခန့်ခွဲရန်သာမဟုတ်သေး၊ နယ်စပ်ဒေသတို့တွင် ကူးလူးဆက်ဆံရောင်းဝယ်နေသော ကုန်သည်ခရီးလမ်းတို့ကိုပါ အုပ်ချုပ်၍ အကောက်အခွန်များ စီးကြပ်ရသည့် တာဝန်လည်း ပါဝင်သည်။
၁၂၃၂ ခုနှစ်တွင် အောက်မြစ်စဉ် မြို့ရွာများမှာ အင်္ဂလိပ်ပိုင်နယ်မြေနှင့် နီးစပ်ယှက်တင်နေ၍ ဆက်သွယ်မှု ပြေပြစ်လျက် ရာဇဝတ်ရေး ကင်းလွတ်လုံခြုံအောင် ကင်းဝန်မင်းကြီးကို ထိုမြစ်စဉ်ရှိ မြစ်စဉ်ဝန်၊ စစ်ကဲ၊ အကြီးအအုပ် စသူတို့ကို ကြီးကြပ်အုပ်ချုပ်ရန် ခန့်ထား၏။ ကင်းဝန်မင်းကြီးသည် မင်းလှမြို့နေ၍ ဤအရေးကြီးသော တာဝန်သစ်ကို အောင်မြင်စွာ ထမ်းရွက်ခဲ့လေသည်။
● နိုင်ငံခြားသို့ သံအဖြစ် သွားရောက်ခြင်း
ဗြိတိန်နိုင်ငံနှင့် ပိုမိုရင်းနှီးစွာ တိုက်ရိုက်ဆက်ဆံနိုင်ရန် လည်းကောင်း၊ ဥရောပတိုက်ရှိ အခြားနိုင်ငံကြီးများနှင့်လည်း နိုင်ငံခြားဆက်သွယ်မှု ရရှိရန် လည်းကောင်း၊ ၁၂၃၃ ခုနှစ် တပေါင်းလဆုတ် ၉ ရက်နေ့တွင် မင်းတုန်းမင်းတရားကြီး စေလွှတ်သောသံအဖွဲ့ကို ကင်းဝန်မင်းကြီး ဦးကောင်း ဦးဆောင်ခဲ့၏။ ထိုသံအဖွဲ့မှာ မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ ပထမဦးဆုံး စေလွှတ်ခဲ့သော သံအဖွဲ့ဖြစ်သည်။ သံအဖွဲ့တွင် ဝန်ကြီး ကင်းဝန်မင်းကြီး မဟာစည်သူ (ဦးကောင်း) က သံကြီး၊ ဝန်ထောက်ပန်းတဉ်းဝန် - မဟာမင်းလှကျော်ထင် (ဦးရွှေဘင်)၊ ဝန်ထောက် ဖန်ချက်ဝန် - မဟာမင်းကျော်ရာဇာ (ဦးရွှေအိုး) တို့က သံလတ်နှင့် စာရေးကြီး မင်းလှဇေယျသူ (ဦးခြိမ့်) က သံငယ်အဖြစ် ပါဝင်ကြပြီး ဘုရင့် ရာဇသဝဏ်လွှာများ၊ လက်ဆောင်ပဏ္ဍာတော်များ၊ သယ်ဆောင်သွားရောက်ခဲ့ကြသည်။ ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ အီတလီနိုင်ငံသို့ သွားရောက်ကာ နိုင်ငံအစိုးရချင်း ဆက်သွယ်ရေး၊ ကုန်သည်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် စီးပွားရေး ဆက်သွယ်မှုများကို ဆောင်ရွက်ခဲ့သည့်ပြင် ထိုနိုင်ငံတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးတပ်များဖွဲ့ပုံနှင့် ကာကွယ်ရေးစီမံမှုတို့ကို လေ့လာခဲ့၏။ ပညာသင်ကြားရေး၊ ဝန်ထမ်းလုပ်ငန်း၊ ငွေနှင့် ဘဏ်စနစ်၊ ကြေးနန်းနှင့် စာပို့တိုက်လုပ်ငန်း၊ ပြတိုက်၊ ဇာတ်သဘင် စသည်တို့ကိုလည်း ဆည်းပူးလေ့လာခဲ့သည်။ ထူးခြားသည်မှာ အင်္ဂလန်ပြည်မှ မပြန်မီ ပြင်သစ်သို့ဝင်၍ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံကာ ပြင်သစ်အစိုးရနှင့် မဟာမိတ်စာချုပ်တစ်ခုကို မြန်မာသက္ကရာဇ် ၁၂၃၄ ခုနှစ်၊ ပြာသိုလဆုတ် ၁၁ ရက်နေ့တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ယင်းစာချုပ်အမည်မှာ ၁၈၇၃ ခု၊ ပြင်သစ်နှင့် မြန်မာ နှစ်နိုင်ငံ အချင်းချင်း ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် ဟူ၍ ဖြစ်သည်။ ကင်းဝန်မင်းကြီး ဦးဆောင်သော အဖွဲ့သည် ၁၂၃၄ ခု တပို့တွဲလပြည့်ကျော် ၁ ရက်၊ ကြာသပတေးနေ့တွင် အင်္ဂလန်ပြည်မှ ပြန်လည်ထွက်ခွာခဲ့ ကြသည်။ အပြန်ခရီးတွင်လည်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို ဝင်ရောက်ဖြတ်သန်းပြီး အီတလီနိုင်ငံ ရောမမြို့သို့ သွားရောက်ကာ ပုပ်ရဟန်းမင်းကြီး၊ အီတလီမင်းတို့နှင့် တွေ့ဆုံကြသည်။ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ) တွင် ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ပြီး စွယ်တော်ပွားတစ်ဆူကိုလည်း ပင့်ဆောင်ခဲ့သည်။ အိန္ဒိယဘုရင်ခံထံသို့လည်း ဝင်ရောက်ခဲ့ပေ၏။ ရန်ကုန်သို့ ရောက်သောအခါ အသွားခရီးကဲ့သို့ပင် အင်္ဂလိပ်အရာရှိများ၏ နှောင့်ယှက်ရှာဖွေ စစ်ဆေးမှုများ ခံခဲ့ရပေသည်။
သံအဖွဲ့သည် ချစ်ကြည်ရေး ဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးညှိနှိုင်းမှုများနှင့်အတူ အင်္ဂလန်ပြည် ဥရောပနိုင်ငံများမှ မဟာမိတ်စာချုပ်များ၊ လက်ဆောင်ပဏ္ဏာတော်များ သယ်ဆောင်လျက် မိမိတို့၏ ရတနာပုံမြို့တော်သို့ ၁၂၃၅ ခု၊ ကဆုန်လဆန်း ၆ ရက် (၁၈၇၃ ခု၊ မေလ ၂ ရက်) သောကြာနေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်။ ဤသံအဖွဲ့၏ ဆောင်ရွက်မှုကြောင့် ကုန်းဘောင်ရာဇဝင်ကြီးတွင် ကောင်ဒီရော်ရွှဟု ခေါ်သော Count de Rochechouart သူသည် မန္တလေးမြို့သို့ ပြင်သစ်သံအဖြစ် ရောက်လာခဲ့လေသည်။ ၁၂၃၅ ခုနှစ်၊ တပေါင်းလဆုတ် ၁၂ ရက်နေ့တွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်၍ ပြင်သစ်နိုင်ငံသို့ မြန်မာသံအဖွဲ့တစ်ဖွဲ့ ထပ်မံသွားရောက်ခဲ့ရာ ပြင်သစ်သံ ကောင်ဒီရော်ရွှပါ လိုက်ပါသွားခဲ့သည်။ ပြင်သစ်သို့သွားရာတွင် စင်္ကာပူမှတဆင့် သွားခဲ့သည်။ ဤသံအဖွဲ့သည် ပြင်သစ်-မြန်မာ ဆက်ဆံရေးအတွက် အကျိုးထူးဖွယ်ရာ ရှိသော်လည်း ပြင်သစ်-မြန်မာ ဆက်ဆံရေးအတွက် အကျိုးထူးဖွယ်ရာရှိသော်လည်း ပြင်သစ်-မြန်မာ ဆက်ဆံရေး၊ အင်္ဂလိပ်-မြန်မာဆက်ဆံရေး တို့ကို များစွာ ဂယက်ရိုက်ခဲ့ပြီး မြန်မာပြည်၏ နိုင်ငံရေးကစားကွက်၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်ခဲ့သည်။
၁၂၃၆ ခုနှစ်တွင် ကင်းဝန်မင်းကြီးမှာ သေနတ်ဝန်အဖြစ် ခန့်အပ်ခြင်းခံရ၍ မြောက်ထားဝယ်၊ တောင်ထားဝယ် စသော သေနတ်အစု ၂၂ တပ်၊ စစ်သည်ငါးသောင်း (၅၀,၀၀၀) ကျော်တို့ကို အုပ်ချုပ်ခန့်ခွဲရ၏။ ထိုအချိန်မှစ၍ ကင်းဝန်မင်းကြီးမှာ နိုင်ငံကာကွယ်ရေးနှင့် စစ်မှုရေးရာ တို့တွင် ပိုမိုတာဝန်ယူကာ ဆောင်ရွက်ခဲ့ရ၏။ သေနတ်ဝန်ရာထူးမှာ ကြည်းတပ်များကို ကြီးကြပ်အုပ်ချုပ်ရသဖြင့် သြဇာအာဏာရှိသည်။ ထို့နောက် ၁၂၃၇ ခုနှစ်တွင် လယ်ကိုင်းမြို့စားအဖြစ်ပါ သနားတော်မြတ်ခံရသည်။
● အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး
ဒီမိုကရေစီဝါဒ ထွန်းကားသော ဥရောပနိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည့်အတိုင်း၊ မိမိနိုင်ငံ တိုးတက်ရေးအတွက် ဗြိတိန်နိုင်ငံ သို့ ဘုရင်၏ အာဏာကို ကန့်သတ်ကာ ဝန်ကြီးအဖွဲ့နှင့် တိုင်းပြည်ရေးရာများတွင် စီမံခန့်ခွဲသွားနိုင်သည့် စည်းမျဉ်းခံဘုရင်စနစ်တစ်ခုကို တီထွင်ရန် ကင်းဝန်မင်းကြီး ကြိုးစားခဲ့သည်။ သို့ဖြစ်၍လည်း မင်းတုန်းမင်းနတ်ရွာစံသောအခါတွင် မိမိ၏ သြဇာညောင်းမည့် သီပေါမင်းသားကို ထီးနန်းဆက်ခံစေရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ၁၂၄ဝပြည့်ုနှစ်တွင် သီပေါမင်း နန်းတက်ပြီးနောက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကို စတင်ခဲ့သည်။ နိုင်ငံတော်အုပ်ချုပ်ရေးတွင် ၁၄ ဌာနခွဲပြီးလျှင် မိမိကမူ ကာကွယ်ရေးဌာနဟု ခေါ်ရမည့် ကြည်းတပ်များကို တာဝန်ယူအုပ်ချုပ်ကာ နိုင်ငံတော်၏ ကာကွယ်ရေးကို စီစဉ်ခဲ့သည်။ တိုင်းပြည်အုပ်ချုပ်ရာ၌လည်း လွှတ်တော်တွင် အခွန်အာဏာများကို ပိုမိုရရှိအောင် ဆောင်ရွက်ခဲ့၏။ လွှတ်တော်အစည်းအဝေးတို့တွင် ဘုရင်ကိုယ်တိုင်သော်လည်းကောင်း၊ အိမ်ရှေ့မင်းသားသော်လည်းကောင်း၊ သဘာပတိအဖြစ် ဆောင်ရွက်မြဲဖြစ်သော်လည်း၊ မြင်ကွန်း၊ မြင်းခုံတိုင်အရေး ပေါ်ပေါက်ပြီးသည့် အချိန်မှစ၍ ဤအစဉ်အလာမှာ ပျက်ပြားသကဲ့သို့ရှိရာ လွှတ်တော်အစည်းအဝေးများတွင် ကင်းဝန်မင်းကြီးပင် ဦးဆောင်ခဲ့ရ၏။ အုပ်ချုပ်ရေးအသစ်မှာ ဘုရင်၏အာဏာကို ကန့်သတ်ရန်ဖြစ်သဖြင့် ကန့်သတ်ခြင်းမခံလိုသူတို့ဘက်မှ အတိုက်အခံများ ပေါ်ပေါက်ခဲ့၏။ သို့ဖြစ်၍လည်း သီပေါမင်းလက်ထက် နောက်ပိုင်းတွင် ကင်းဝန်မင်းကြီးမှာ တန်ခိုးမှိန်ကာ ဘုရင့်ယောက္ခမ ဆင်ဖြူမရှင်အမှူးရှိသော တိုင်းတားမင်းကြီးတို့က သြဇာထက်၍ လာလေသည်။ ဤသို့အားဖြင့် အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ကင်းဝန်မင်းသည် စိတ်တိုင်းကျ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။
● နိုင်ငံခြားဆက်သွယ်ရေး
ဗြိတိသျှတို့၏ နယ်ချဲ့စစ်ခြေလှမ်းကို ကောင်းစွာရိပ်စားမိသည့်အလျောက် နိုင်ငံခြားဆက်သွယ်ရေး ကျားကစားမှုအောင်မြင်စေရန် ကင်းဝန်မင်းကြီးသည် ပြင်သစ်အစိုးရကို ကျားတစ်ကောင်အနေဖြင့် အသုံးပြုရန် ကြိုးစားခဲ့ပေသည်။ ပြင်သစ်အစိုးရကို ကျားတစ်ယောက် အနေဖြင့် အသုံးပြုရန် ကြိုးစားခဲ့ပေသည်။ ထိုသို့ကြိုးစားခဲ့သော်လည်း ဗြိတိသျှတို့နှင့် ပဋိပက္ခမဖြစ်အောင် လိမ္မာပါးနပ်စွာ ဆက်ဆံရေးသိမ်းမွေ့မှုများကို တစ်ဖက်မှ ဆောင်ရွက်ခဲ့သည်။ မင်းတုန်းမင်းလက်ထက် ဗြိတိသျှဝေလမင်းသား အိန္ဒိယနိုင်ငံသို့ ရောက်လာစဉ်က မြန်မာနိုင်ငံအစိုးရ၏ ကိုယ်စားလှယ်အဖြစ် သွားရောက်နှုတ်ဆက်ခဲ့သည်။ ဗြိတိသျှကုမ္ပဏီကြီးများနှင့် ဆက်သွယ်မှုတို့တွင်လည်း မိမိ၏ အစိုးရငွေရရေးတွင် ဗြိတိသျှကုမ္ပဏီသို့ ကျေနပ်မှုရအောင်လည်း ဆောင်ရွက်ခဲ့၏။ သို့ပင်ဖြစ်လင့်ကစား ပြင်သစ်တို့မှာ အနည်းငယ် တန်ခိုးမှိန်နေသည့်အချိန်၊ ဗြိတိသျှတို့၏ နယ်ချဲ့စီမံကိန်း အလွန်အရှိန်ကောင်းနေသော အချိန်ဖြစ်သည့်အပြင် မိမိနှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် လွှတ်တော်ဝန်ကြီးတို့ကို မိမိအမြင်သို့ပါအောင် ဆွဲဆောင်နိုင်စွမ်း မရှိခဲ့သောကြောင့် ကင်းဝန်မင်းကြီး၏ နိုင်ငံခြားဝါဒနှင့် လုပ်ငန်းများမှာ မအောင်မြင်ခဲ့ပေ။ ပြင်သစ်တို့နှစ် မဟာမိတ်အဖြစ် ဆက်သွယ်မှုများကို ဗြိတိသျှအစိုးရက ပြင်သစ်အစိုးအား ကန့်ကွက်ခြ့သည်။ ကန့်ကွက်ရုံသာမက ပြင်သစ်တို့ အချိန်မဆိုင်းမီ မြန်မာနိုင်ငံကို လက်ရသိမ်းယူရန် ၁၂၄၇ ခုနှစ်တွင် အကြောင်းပြ စစ်ကြေညာခဲ့လေသည်။
ကင်းဝန်မင်းကြီးသည် မိမိ၏ အရှင်ပေါ်၌ သစ္စာရှိသည်။ `ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်´ ဆိုသော စကားတို့မှာ မမှန်ချေ။ အင်္ဂလိပ်တို့ ချီတက်လာစဉ် သီပေါမင်းတရား လွတ်ရာသို့ရှောင်ရှားကာ ပြန်လည်ခုခံနိုင်ဖို့ အကြံဉာဏ်ပေးခဲ့၏။ သို့ရာတွင် ယောက္ခမတော် ဆင်ဖြူမရှင်မိဘုရားနှင့် မိဘုရားခေါင်ကြီး စုဘုရားလတ်တို့ မမာမကျန်းဖြစ်ခြင်း၊ သမီးတော်များ ငယ်ရွယ်ခြင်းစသည့် အကြောင်းတို့ကြောင့် ဘုရင်ကိုယ်တိုင်က မထွက်ခွာလိုဟု ငြင်းဆိုးခဲ့၏။ ကင်းဝန်မင်းကြီးသည် လူသတ်ဝါဒကို လုံးဝမနှစ်မြို့။ မင်းတုန်းမင်း နတ်ပြည်စံ၍ မင်းပြောင်းမင်းလွှဲတွင် မင်းညီမင်းသားတို့အား စီစဉ်ရန် ကြံစည်ကြစဉ် မိမိစွမ်းအားရှိသမျှ ဟန့်တားကန့်ကွက်ခဲ့၏။
မိမိတန်ခိုးမှိန်စဉ်တွင် ဆောင်ရွက်နိုင်စွမ်း မရှိခဲ့သော်လည်း မိမိဆောင်ရွက်နိုင်သည့်အခါ၌ ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထိုမှတစ်ပါး ကင်းဝန်မင်းကြီးသည် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့၏။ ၁၂၄၅ ခုနှစ်တွင် သူ၏အစီအမံဖြင့် သူတစ်ပါးအိမ်တွင် ကြေးယူ၍ ကျွန်အဖြစ် အသက်မွေးနေကြသော လူကြီး ၂၄၀၊ ကလေးသူငယ် ၁၁၅၄ ယောက် ကို ငွေအမ်းရွေးယူပြီးလျှင် သူတို့ဆန္ဒအလျောက် သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့၏။ ထိုအစီအမံတို့ကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးခဲ့၏။
● ဘဝနိဂုံး
အင်္ဂလိပ်တပ်များချီတက်လာစဉ်တွင်သီပေါမင်းကိုယ်တိုင်က လွတ်ရာလွတ်ကြောင်း မရှောင်လိုဟု ဆိုသည့်အပြင် ဗြိတိသျှတို့ တောင်းဆိုသည်ကို ကျေအေးစွာ အပြည့်အစုံပေးမည်ဖြစ်ကြောင်း၊ သတ္တဝါတို့ အသက်မသေစေရန် တိုက်ခိုက်မှုမရှိစေလိုကြောင်းဖြင့် အမိန့်ပေးသောကြောင့် အင်္ဂလိပ်တို့ချီတက်လာစဉ်တွင် ဟန့်တားတိုက်ခိုက်မှုမရှိရန်နှင့် အင်္ဂလိပ်တို့ကလည်း မတိုက်ခိုက်ရန် စီစဉ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
ဤသို့အားဖြင့် အားမတန်မာန်လျှော့ကာ အညံ့ခံခြင်းသာဖြစ်သည်။ ကင်းဝန်မင်းကြီးသည် သီပေါမင်း ပါတော်မူပြီးနောက် ဗြိတိသျှတို့ တောင်းပန်သည့်အတိုင်း လွှတ်တော်၊ မှူးတော်၊ မတ်တော်တို့နှင့်အတူ နိုင်ငံတော်အုပ်ချုပ်ရေးကို ကူညီခဲ့၏။ ၁၂၅၉ ခုနှစ်တွင် ဒုတိယဘုရင်ခံ၏ ဥပဒေပြု မင်းတိုင်ပင်အဖြစ် အမှုထမ်းခဲ့သည်။ အနိစ္စမရောက်မီ တွေ့မြင်ခဲ့သူတစ်ဦးက ကင်းဝန်မင်းကြီး၏ တည်ငြိမ်ပုံ၊ ထက်မြက်ပုံ၊ ယဉ်ကျေးသိမ်မွေ့ပုံ၊ ဗဟုသုတ များပုံတို့ကို ချီးကျူးရေးသားထားသည်။
ဤကဲ့သို့ မြန်မာအစိုးရမင်းတို့ လက်ထက်တော်နှင့် အင်္ဂလိပ်အစိုးရမင်းတို့ လက်ထက် မင်းလေးဆက်တိုင် ရာထူးဌာနန္တရဘွဲ့ အမည်တံဆိပ်များနှင့်တကွ ချီးမြှောက်သူကောင်းပြုတော်မူသည်ကို ပါရမီဒဗ္ဗသန္ဘာရ သီလ သမာဓိ ပညာ ဗဟုသုတ ဒီဃာယုက ဟူသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော ကင်းဝန်မင်းကြီး ဦးကောင်းသည် အသက် ၈၆ နှစ်၊ ၄ လ၊ ၂၂ ရက် အရွယ်တွင် သင်္ခါရသဘောကို မလွန်ဆန်နိုင်သည်ဖြစ်၍ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်၊ ဝါဆိုလဆန်း ၃ ရက် (ခရစ် ၁၉၀၈ ခု၊ ဇွန်လ ၃၀ ရက်) အင်္ဂါနေ့ နံနက်ငါးနာရီတွင် ခန္ဓာပဉ္စကသမုတ္တိမရဏသဘောကို ရွေ့လျောကာ ကွယ်လွန်အနိစ္စ ရောက်ရလေသည်။
ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို ရှေးမြန်မာမင်းတို့လက်ထက် အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး သက်တော်ရှည်အမတ်တို့ ကွယ်လွန်ရာ သြင်္ဂိုဟ်သည့် ဆောင်ရွက်မြဲဓလေ့ထုံးစံ အခမ်းအနားနှင့်အညီ တပ်မြို့တွင်း အိန္ဒိယ မဟာအတုလတာရာသဟာယ (C.S.I) စီအက်စ်အိုင်ဘွဲ့တံဆိပ်တို့ကို ချီးမြှင့်ခြင်း ခံခဲ့ရပေသည်။
● မင်းကြီး ပြုစုခဲ့သောစာပေများ
၁။ ၃ ၆စောင်တွဲ ဓမ္မသတ်ကြီး
၂။ သမီးတော်ဧချင်း နှင့် ပုခက်တင်ဧချင်း
၃။ စိတ္တုပက္ကိလေသစာတမ်း
၄။ တိန္ဒုကပျို့
၅။ ရတနာနဒီမော်ကွန်း
၆။ ကင်းဝန်မင်းကြီး လန်ဒန်သွား နေ့စဉ်မှတ်တမ်းနှင့် ပြင်သစ်သွား နေ့စဉ်မှတ်တမ်း
၇။ နာနာနယသင်္ခေပကဗျာဗန္ဓကျမ်း ခေါ် ကင်းဝန်မင်းကြီး ကဗျာစု
၈။ အမွေမှု ဓမ္မသတ်ကြီး
၉။ အဍ္ဍသင်္ခေပဝဏ္ဏနာဓမ္မသတ်
၁၀။ မေတ္တာစာများ
၁၁။ ဓမ္မောဇမော်ကွန်း
၁၂။ ပကိဏ္ဏကဓမ္မသတ်လင်္ကာ
၁၃။ နေမိရကန်
၁၄။ ကဗျာ နှင့် ဂီတသီချင်းများ ဖြစ်လေသည်။
● စာကိုး
၁။ ကင်းဝန်မင်းကြီး၊ နာနာနယသင်္ခေပကဗျာဗန္ဓ ခေါ် ကင်းဝန်မင်းကြီးကဗျာစု၊ ဟံသာဝတီ၊ ၁၉၆၈။
၂။ ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များအတ္ထုပတ္တိ၊ ရာပြည့်စာအုပ်တိုက်၊ ပဉ္စမအကြိမ် ၂၀၀၂။
၃။သန်းဝင်းလှိုင်၊အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓါန်(ပထမတွဲ)ရန်ကုန်၊ပညာရွှေတောင်စာပေတိုက်၊၂၀၁၀
Labels: သန်းဝင်းလှိုင် ။
No comments:
Post a Comment