ဂီတအကြောင်း (၃)
#ရကန် #အဲချင်း #အန်ချင်း
#ရကန်
ရကန်ဆိုသည်မှာ ကဗျာတည်းဟူသော ပင်မကြီးမှ ဖြာထွက်သော "တေးဂီတ" ကိုင်း အပါအဝင် အခက်အလက်တရပ် ဖြစ်လေသည်။ ရတုနှင့် ရကန်မှာ အသံနီးသလောက် ရေနှင့် ဆီပမာ သဘောနေ ကွာဝေးသည်။
အချို့ကမူ သက္ကဋ ပုဒ်ပျက် "ရိဂံ" မှ ဆင်းသက်လာသည်ဟု ယူဆလို၏။ "ရိဂံ"၏ အနက်မှာ လွန်စွာ ရယ်ရွှင်ခြင်း ဖြစ်သောကြောင့် ရကန်သည် ရယ်ရွှင်ဘွယ်ရာ စာတစ်မျိုဟု ဆိုကြသည်။ ကျန်အချို့ကမူ ပုဂံမြို့ စာသင် ဂူကျောင်းကျောက်စာ (၅၉၀ ပြည်နှစ်ထိုး) တွင် "င(ဝိ)ရခိုင် ငသောင်ကာ၊ ၂ယောက်ကား ငါ့ကိုဝ်စား ရခန်မူစေသတည်း" ဟုတွေ့ရသဖြင့် ရခန်မှ ရကန်ဖြစ်လာသည်ဟု ယူဆလို၏။ ရခန်မှာ ရကန်၊ ရကန်မှ ရကင်၊ ရကင်းဖြစ်လာနိုင်သောကြောင့် "အတီးအမှုတ်သဘင်"လည်း ဟောသဖြင့် ရကန်ကန်သည် "ဂီတ တေးသွား စာ" မျိုး ဖြစ်တန်သည်ဟု အကြောင်းပြကြသည်။
ထိုသူတို့ ယူဆချက်သည် "ဆင်နှင့် မျက်မမြင်ခြောက်ဦး" ဝတ္ထုမှာကဲ့သို့ သူအမြင်နှင့် သူ မှန်သည်ချည်းပင်ဖြစ်လေသည်။ ထိုအဆို သုံးရပ်ကို သိမ်းကျုံးပါဝင်အောင် အနက်ဖော်လျှင် ရကန်၏အနက်သည် ပြည့်တန်သရွေ့ ပြည်ပေလိမ့်မည်။ ထို့ကြောင့် ရကန်ဟူသည် စာဖတ်နာ သူတို့၏ စိတ်ကို ရွှင်ပြ ုံးစေလျှက် မိမိရရ အကျောက်အကန် ရေးသားအပ်သော တေးသွား စာတစ်မျိုးဟု အနက်ဖွင့်သင့်လေသည်။ ရကန်နှင့် သဘောသွား တူသော စာမျိုးလည်း မြန်မာစာပေတွင် ရှိသေးသည်။ ထိုစာများမှာ "သျှိုးလိုက် ရတု"နှင့် "သာချင်း" တို့ ဖြစ်ကြသည်။ ရကန်သွားပင် ဖြစ်စေကာမူ အကျောက်အကန်၊ အနိုပ်အနယ်၊ အချီးအပင့်၊ ကိုယ်ရည်သွေးမပါမူကား၊ "ရတု" များဟု ခေါ်ဆိုသည်ကို မန်လည်ဆရာတော်ဆို ရတုများကို ထောက်ထားသိရှိနိုင်လေသည်။
ရတုသည် လေးလုံးစပ် လင်္ကာမျိုးဖြစ်၍ စည်းကမ်းကြီးလေသည်။ ရကန်မှာမူ ဂီတတေးသွား သက်ဝင်၍ စကားပြေပိုင်းတွင် တည်နေပြီးလျှင် စည်းကမ်းချုပ်ချယ်မှုမှ လွတ်ကင်းလေသည်။ ရကန်၏ အနက်ကို အမျိုးမျိုးကြံဆကြကုန်၏။ အချို့ကား အမိအရ အကျောက်အကန် ရေးသားသောစာ (တနည်းဆိုသော်- ရန်ပျိုးစာ၊ ရန်ထောင်စာ) ဟု ဆို၏။ ထိုသို့ မိမိရရ ကျောက်ကန်ရာ၌လည်း (က)ကာရန်၌ ကန်ခြင်း၊ (ခ) အကြောင်းပြ၌ ကန်ခြင်းနှင့် (ဂ) အဆို၌ ကန်ခြင်းဟု ခွဲခြားပြကြသည်။
မည်သည့်ခုနှစ်လောက်က ရကန်သည် စတင်ပေါ်ပေါက်လာသည်ကို အတိအကျ မဆုံးဖြတ်နိုင်ချေ။ ကုန်းဘောင်ခေတ် မကျရောက်မီ ကာလကပင် "ရကန်" ဝေါဟာရ ရှိနှင့်ပြီးသည်ကို ကဝိလက္ခဏသတ်ပုံ (၁၁၁၃ ခုနှစ်ပြီး) တွင် "ရတုရကန်၊ စာသဝန်၊ ယုံကျွန်မရောက်လှာ" က သက်သေခံလျက် ရှိချေသည်။ မြန်မာပြည်သည် အတွင်းရန်၊ အပြင်ရန် အတန်တန်မှ အပြန်ပြန် အလှန်လှန် ဒဏ်ခံခဲ့ရကား၊ ရှေးကျသော ရကန်ဟောင်းများကို ရှာဖွေမတွေ့ရှိရချေ။ ကံကောင်းထောက်ပင့်၍ ကြွင်းကျန်ရစ်သော စာပေစုတွင် ရွေှတောင်နန္ဒသူဆို " မွေ့နွန်းရကန်"ကို ရှေးအကျဆုံးဟု ဆိုထိုက်လေသည်။ ထိုအထက်ကျော်ကာရီက "မနော်ရကန်"၊ "ငွေတောင်ရကန်(ဟောင်း)တို့ ရှိဘူးကြောင်းကို ရကန်စာကိုယ်များအရ သိရလေသည်။ ရကန်စာစုတွင် ဦးတိုးဆို "ရာမရကန်"သည် ပထမတန်းစားဖြစ်ကြောင်း စာဝါရင့်သူတိုင်း အသိအမှတ် ပြုကြလေသည်။ မင်းတုန်းမင်းလက်ထက်တွင် "နေမိရကန်"မှအပ၊ ဦးရွေှနီဆို ပဉ္စပါပီရကန်၊ ဦးပုညဆို ဟောကိန်းရကန်များ ပေါ်ပေါက်လာလေသည်၊။ ပဉ္စပါပီရကန်မှာ အနက်ရုန့်ရင်းလှ၏။ ဟောကိန်းရကန်များမှာမူ နှလုံး မြူးလောက်အောင် ဟာသဉာဏ် ကစားခဲ့လေသည်။ ရကန်သွား မေတ္တာစာဟူ၍ စကားပြေ ဆရာကြီး အရှင် ဦးဩဘာသသည် ဝေဆာစွာ စီကုံးခဲ့လေသည်။
ရကန်ကို ဗြိတိသျှကိုလိုနီခေတ် တိုင်အောင် ကြိုကြား၊ ကြိုကြား ရေးသားကြသည်ကို တွေ့ရလေသည်။
ရကန်သည် မြန်မာကဗျာအဖွဲ့အနွဲ့တစ်မျိုးဖြစ်၍ လေးလုံး စပ်သက်သက် မဟုတ်သော်လည်း လေးလုံးစပ်ကာ ရန်ယူနည်းများကို မှီးသဖြင့် လေးလုံးစပ် ရတုမျိုးမှ ကွဲထွက်လာသောကဗျာ တစ်မျိုး ဖြစ်သည်။ အဖွဲ့အနွဲ့အားဖြင့် သာချင်းနှင့် ဆင်တူသည်။ ရတု ရကန် အဲအန် ဧချင်းဟူ၍၎င်း ၊ရတုရကန်၊စာသဝန်၊ ယုံကျွန်မရောက်လှာ ဟူ၍၎င်း ၊ရတုနှင့် ရကန်ကိုတွဲစပ်သုံးနှုန်းလေ့ ရှိသည်။
ရကန်သည် အထူးသဖြင့် ကာရန်ကို လွတ်လပ်စွာ ရွေးချယ်နိုင်၍ ပဒချင်း ဆက်စပ်ရာ၌၎င်း ၊အပိုဒ်ချင်း အခံ၊အအုပ် ဟပ်စပ်ရာ၌၎င်း ၊အသတ်ကို ပဓာနမထားလှဘဲအသံတူရုံလောက်သာအဓိကထား ၍စပ်ဆိုမြဲဖြစ်သည်။ အခံနှင့်အအုပ်ကာရန်မှာ ပဒများစွာ ခြား၍ စပ်သဖြင့် ကာရန်ကို ခွာ၍ ကန်ထားသကဲ့သို့ ရှိသည်။ ထို့ကြောင့် ကာရန်ကန် ဟူသောဝေါဟာရမှ ကာပုဒ်ကျေ၍ ရန်ကန်၊ ရန်ကန်မှ ရကန်သို့ပြောင်းလဲလာဟန် အချို့ မှတ်ယူကြသည်။
အချို့ကမူ လွန်စွာ ရယ်ရွှင်ခြင်းအနက်ရသော သက္ကတ ပုဒ်ပျက် ရိဂံပုဒ်မှ ရကန်ဖြစ်လာသည်ဟု ယူဆကြသည်။ ရကန်မှာ ရယ်ရွှင်ဖွယ်ကောင်းသော အဖွဲ့အနွဲ့မျိုးကား မှန်ပေသည်။ ရကန်အဖွဲ့အနွဲ့သည် များသောအားဖြင့် စာပြောင်စာလှောင်ကဲ့သို့ရယ်ရွှင် စေလိုခြင်းနှင့် သူတစ်ပါးကို ကျီစယ်ခြင်း၊ ခနဲ့ခြင်း၊ ချိုးဖဲ့ချိတ်ရိပ်ခြင်း၊ ရန်ထောင်ခြင်း၊ သရော်ပြက်ရယ် ပြုခြင်း စသောသဘောများကို ထည့်သွင်း ဖော်ပြ ထားသော ကဗျာပင် ဖြစ်သည်။ ယင်းကြောင့် သူတစ်ပါးကို စာသားဖြင့် ရန်ထောင်ခြင်း၊ ထိပါးခြင်း၊ ကန်ခြင်းပြုသဖြင့် မိမိရရ ကန်နိုင်သော ကဗျာကို ရကန်ဟု ခေါ်တွင်ဖွယ်ရှိ ကြောင်းဖြင့်လည်း အချို့က ကြံဆကြသည်။
ရကန်မှာ အကြောင်းအရာနှင့် ကာရန်အချိတ်အဆက်ပါ ကန်သော သဘောရှိသည်မှာကား ထင်ရှားသည်။ (က) အကြောင်းအရာ ကန်ပုံမှာ။ ရကန်ဉာာဏ်၊ စာဆိုဉာာဏ်ဖြစ်၊ ရွေှနန်းရန်ဘုန်းပွင့်၊ ထိပ်ခေါင်တင့်ကျွန်၊ တုံးအောက်က တီတွန်လို့၊ ဗုဇွန်က၊ တော်ထူးအောင်၊ ပူးလို့ဘဲလှော်လှော်၊ ရေမော်တွင် လန်လိမ့်မည်၊ ဉာာဏ်မော်၊ ဉာာဏ်ကျော်ကို နှိမ်နေကျ ဉာာဏ်တိမ်ယာဉ်စီးလေ။ (ရာမရကန်) (ခ) ကာရန် ကန်ပုံမှာ ဒေါင်းလည်ဆံမျိုး၊ ပိုးပရံကောင်၊ အရောင်မူလ၊ ကတ္တီပါအနက်၊ ဖိတ်လက်မှောင်စို၊ ပြာသိုသဘင်၊ မြင်းခင်း ရွှင်မှာ၊ ဆင်တော်မူနေကျ (ရာမရကန်)ဟူ၍ ဖြစ်သည်။
ရကန်ဟူ၍မျှတွင် ထိုသို့ ပလွှားကြွားဝါချက်၊ ကဲလွန်တင်စား ချက်နှင့် ကန်ချက်များ တစ်နည်းနည်းပါရှိမြဲ ဖြစ်သည်။ ရတုနှင့် ကွဲလွဲပုံမှာ ရကန်တွင် အပိုဒ်ပေါင်းများစွာ အရေအတွက် အကန့်အသတ်မရှိဘဲ ပျို့များကဲ့သို့ တစ်ဆက် တည်း ရေးဖွဲ့နိုင်သည်။ အချီအချချင်း တူညီရန် မလိုချေ။ လေးလုံး တစ်ပါဒသာမက၊ တစ်ပါဒလျှင် ငါးလုံး ခြောက်လုံး အထိ ရေးဖွဲ့နိုင်သည်။ ကာရန်အကန်ဝေးသဖြင့် နီးရာပဒချင်း ကာရန်မချိတ်မိဘဲ လည်း ရှိနိုင်သည်။
ရကန်မှာ ညောင်ရမ်းခေတ် (သက္ကရာဇ် ၈၈ဝ ပြည့်နှစ်မှ ၁၁၁ဝ ပြည့်နှစ်ကျော်အထိ)က စတင် ပေါ်ပေါက်ခဲ့သည်။ ကုန်းဘောင်ခေတ်အလယ်လောက်မှစ၍ ရကန်များ အများ အပြား ပေါ်ထွက်လာသည်။
မြန်မာဂန္ထဝင်တွင် တွေ့ရှိရသော ရကန်အချို့မှာ
၁။ ဝါဆိုစဉ် ရကန် (စိန္တကျော်သူ)
၂။ ငွေတောင် ရကန် (ရွေှတောင်နန္ဒသူ)
၃။ မွေ့နန်း ရကန် (ရွေှတောင်နန္ဒသူ)
၄။ အဝမြို့ဘွဲ့ ရကန် (ဦးတိုးနှင့် ဦးရွဲ)
၅။ ရာမ ရကန် (ဦးတိုးနှင့် ဦးရွဲ)
၆။ လေဆေးနည်း ရကန် (ဦးလန်း)
၇။ မေတ္တာပို့ ရကန် (ဆရာတော် ဦးပုတ်)
၈။ အောင်ခြင်းရှစ်ပါး ရကန် (ဆရာတော်ဦးပုတ်)
၉။ ပဉ္စပါပီ ရကန် (ဦးရွေှနီ)
၁ဝ။ နေမိ ရကန် (ကင်းဝန်မင်းကြီး ဦးကောင်း)
၁၁။ အဋလက်ဟောကိန်း ရကန် (ဦးပုည)
၁၂။ နဂါးလှည့်ဟောကိန်း ရကန် (ဦးပုည)
၁၃။ မြေခံဟောကိန်း ရကန် (ဦးပုည)
၁၄။ သစ်လဲကြန် ရကန် (ဦးပုည)တို့ ဖြစ်သည်။ ယင်းတို့အနက် ရာမရကန်သည် အကျော်ကြား ဆုံး ဖြစ်လေသည်။
#အဲချင်း
အဲချင်းဟူသည် ဧချင်း၊ အိုင်ချင်း၊ အန်ချင်းတို့ကဲ့သို့ မြန်မာ့ယဉ်ကျေးမှု အနုပညာတစ်ရပ်ဖြစ်သော ကဗျာလင်္ကာစု၌ ပါဝင်၍ ဂီတသဘောသက်ဝင်သော အဖွဲ့အနွဲ့မျိုး ဖြစ်သည်။ အဲ ဟူသော စကားလုံးသည် မြန်မာစကားလုံးဖြစ်၍ ရပ်တံ့သည် ဟူသော အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် အဲချင်းသည် ရပ်တန့်၍ သီဆိုရသော ကဗျာတစ်မျိုးဟု ဆိုကြသည်။ ဥဒေါင်းမင်းပျို့တွင် ဗိုလ်ပါသူရဲ တံ့အဲမြင်းဆင် ဟုပါရှိရာ အဲ သည် ရပ်တံ့ သည်ဟူသော အဓိပ္ပါယ်ပေါ်သော်လည်း ကဝိလက္ခဏာ သံပေါက်တွင် သူကမိုးကဲ၊ လူတွေအဲ၊ ဆုတ်ရှဲတို့ကရှား ဟု လာရှိရာ လူတွေအဲ ဟူသော အဓိပ္ပါယ်သည် လူတွေရပ်တံ့ သည်ဟုလည်းဆိုနိုင်သည်။ လူအများအပြားဟုလည်း ဆိုနိုင် သည်။ ထို့ကြောင့် အဲချင်းသည် လူအများ ဝိုင်းဝန်း သီဆိုရ သော ကဗျာမျိုးဟုလည်း ဆိုကြပြန်သည်။
အဲချင်းသည် သီချင်းကဗျာတစ်မျိုးဖြစ်ကြောင်း ပြဆို သော အထောက်အထားများမှာ ရှင်မဟာရဋ္ဌသာရ၏ သံဝရပျို့ တွင် စောင်းငြင်းလိုက်၍၊ ဧရိုက်ခြည်းခြည်း၊ ဖြည်းဖြည်းည|င်း ညှင်း၊ သာချင်းရတု၊ ပျော်မှုတသီး၊ ရုပ်ကြီးရုပ်ငယ်၊ မီးဝယ် ကြည့်ပွဲ၊ အဲ့အဲမနိုင်၊ အဆိုင်ဆိုင်လျှင်၊ အဲတိုင်အဲခံ၊ အဲထောက် သံနှင့် ဟူ၍လည်းကောင်း၊ ကဝိလက္ခဏာသံပေါက်တွင် သီ ချင်းနှင့်အဲ၊ စောင်းနှင့်အဲ၊ မယ်နဲမိကန္နား ဟူ၍လည်းကောင်း အသီးသီး စပ်ဆိုထားလေသည်။
အခြားအယူအဆတစ်ခုမှာ အဲသည် အယျ ဟူသော ပါဠိမှ ဆင်းသက်လာသော စကားလုံးဟု ဆိုသည်။ အယျ၏ အဓိပ္ပါယ်မှာ အရှင်၊ သို့မဟုတ် သူကောင်းသားဟူသော အခေါ် အာလုပ်စကားဖြစ်၍ အရင်းက အာလုပ်စကား၊ သို့မဟုတ် အခေါ်စကားပါသော သီချင်းမျိုးကို အဲချင်းဟုခေါ်သည်။ သုံးဆယ့်ခုနှစ်မင်း နတ်သံများသည် အဲသီချင်းအမျိုးအစား၌ ပါ ဝင်ရာ ဝန်ကြီးပဒေသရာဇာရေးသည့် သိကြားမင်း နတ်သံဖြစ် သော မေရုငယ်မှရာဇာလေ... မှိုင်းညို့ညို့နှင့်၊ တို့နေရာ မှာ၊ သီးဒါငယ်မှတရစ်၊ လေးကျွန်းလယ်ခေါင်၊ မြတန်ဆောင် မှာ၊ တောင်တဆစ်နှင့်၊ ကသစ်ကယ်မှနီလွင်၊ ပင်လယ်ပန်းနှင့်၊ နန်းကြီးရှင်ကို၊ နှင်နှင်မမှတ်ကြနှင့် ဟူသော အပိုဒ်တွင် အာလုပ်စကားဖြင့် စတင်ထားသည်ကို တွေ့ရသည်။ အဲသည် ဟဲသည် ဟူသော မြန်မာစကားရင်းမှ ရွေ့ လျောလာဟန်တူ၍ ဟဲ၍ရွတ်ဆိုရသော သီချင်းမျိုးကို အဲချင်းဟု ခေါ်ဝေါ်ခြင်း ဖြစ်တန်ရာသည်ဟု အချို့က ဆိုကြ ပြန်သည်။ နတ်သံများကို ရွတ်ဆိုရာ၌ ဟဲ၍ရွတ်ရပုံ၌ ထင်ရှားသည်ဟု ဆိုလေသည်။
အဲချင်းကိုစပ်ပုံဆိုမှာ အလိုရှိရာအကြောင်းချင်းတတို့ကို တစ်ပုဒ်လျှင် အပိုဒ်လေးပိုဒ်ထား၍ စပ်ဆိုသီကုံးကြရာ သံဝရ ပျို့၌ အဲတိုင်အဲခံ၊ အဲထောက်သံနှင့် ဆိုသည်နှင့်အညီ အဲတိုင်ဟူသော အတိုင်ပိုင်းနှင့် အဲထောက်အဲခံဟူသော အချ ပိုင်းဟူ၍ နှစ်ပိုင်းရှိသည်။ ပထမပိုဒ်သည် အတိုင်ဖြစ်၍ ငါးပါဒ မှ ကိုးပါဒအထိ ပါရှိသည်။ တစ်ပါဒလျှင် များသောအားဖြင့် လေးလုံးပါရှိ၍ ရံဖန်ရံခါ ထို့ထက်ပို၍လည်း ထည့်သွင်းစပ်ဆို ကြသည်။ သို့သော် အစပါဒနှင့် အချပါဒကို ခုနစ်လုံးစီအမြဲ ထားပြီးလျှင် အချပါဒတွင် ခုနစ်လုံးမြောက် ဖြစ်သော နောက် ဆုံးစာလုံးကို လေ ဟူ၍လည်းကောင်း၊ လေး ဟူ၍ လည်းကောင်းထည့်ရသည်။ ဒုတိယ၊ တတိယ၊ စတုတ္ထပိုဒ်များ သည် အချပိုင်းဖြစ်၍ ခုနစ်ပါဒမှ ၁၉ ပါဒ အထိစပ်ဆို၍ တစ်ပိုဒ်တစ်ပိုဒ်တွင် အတွင်းစာသွား စကားကာရံ အသံအနေ အထား စပ်ဆိုပုံများမှာ တစ်ပါဒလျှင် လေးလုံးမှ ကိုးလုံးအထိ ဖြစ်ပြီးလျှင် ဆက်ရက်ခုန်၊ ခွာကာခွာကာ စီကုံး ကြရသည်။
အထက်ပါ စည်းမျဉ်းများနှင့်တကွ အခံ၊ အအုပ်၊ အဆုတ်အတက်၊ အသွာ၊ အလာ၊ ကာရံ အစပ်၊ အရပ်အတော၊ သဘောတူ သံတူကြောင်းကွဲ စနစ်များအရ စီကုံးစပ်ဆိုထားပုံကို သဘောပေါက်နိုင်စေရန် ကုန်းဘောင်ခေတ် အမျိုးသမီးစာဆို မယ်ခွေ၏ ၁၂ ရာသီဖွဲ့ အဲချင်းမှ မိဿရာသီ၊ တန်ခူးလဖွဲ့ စပ် ဆိုပုံကို ပုံစံအနေဖြင့် ဖော်ပြပေအံ့။
နေနတ်ကယ်မှ ရာဇာလေ။ အာသာဝဏီ၊ ကြယ်နှင့်ညီ လို့၊ စန္ဒီစိတြ၊ တူယှဉ်ပြိုင်ပကြတယ်၊ လအတာကိုတဲ့လေး။ (၁) သီတာငယ်မှပျံ့မွှန်း၊ သပြေမြရည်၊ တစ်သောင်းပြည်ကို၊ အောင် စည်ရွှမ်းလို့၊ ရေသွန်းမှခါချိန်၊ သောက်ရှူးဥကာ၊ ကြယ်နီလာ နှင့်၊ ရွေှဖာပေါက်လို၊ တိမ်ခိုးညိုနှင့်၊ ပြိုမည့်နှယ် ချိန်သည်၊ နဂါးလိမ် လွမ်းအိမ်ဖွဲ့လို့၊ မယ့်ဆီကိုမဲ။ (၂) သင်းတွဲမှရွေှ ရောင်၊ ကံ့ကော်ဝတ်မှုန်၊ မွေှးထုံထုံနှင့်၊ ရဂုံမြိုင်ပြား၊ တော တစ်လွှားလည်း၊ ငှက်ခါးတောင်လို၊ ပူအောင်မယ့်ကို၊ မိုးကြီး တစ်ဖွဲ့၊ လေတစ်လှဲ့နှင့်၊ တစ်ဆယ့်ခြောက်တိုင်း၊ မပြတ်ကယ် ဆိုင်းလို့၊ မှိုင်းမှိုင်းငယ်ညိုသည်၊ မ-ဖို သီတာဆိပ်ကယ်က၊ ချိပ်ရိပ်ညိုနွဲ့။ (၃) ပြင်နာရီကား၊ ငါးဖို့ထားလို့၊ ဖဝါးမှာသုံး အင်၊ မိဿခွင်မှာ၊ မရွှင်နိုင်တတ်၊ စန်းလွန်းပင် ပြတ်ခဲ့ပြီ၊ မြတ်ဆံကျင် တာရာက၊ တေဇာတော် မချီပါနှင့်တော့၊ ဝေသာ လီ ရွေှပြည်ကြီးမှာတဲ့၊ ထိန်ညီးရဲ့လေး။ ။
အဲချင်းတို့၏ နောက်ကြောင်းမူလအရင်းအမြစ်ကို စိစစ် ကြည့်ရာ၌ ဦးကုလားရာဇဝင်နှင့် မှန်နန်းရာဇဝင်တို့အရ အင်းဝ ခေတ် မင်းကြီးစွာစော်ကဲ လက်ထက်ကပင် အဲသီချင်းအဖွဲ့အနွဲ့ များ ပေါ်ပေါက်နေပြီဖြစ်ကြောင်း သိရသည်။ ကဗျာဗန္ဓသာရ ကျမ်း၌မူ ပုဂံခေတ်မှ ပုပ္ပါးစံကားပွင့် အလင်္ကာကို အဲချင်း၊ အချင်းငယ် ဟူ၍လည်းကောင်း ဖော်ပြပါရှိသည်။ အင်းဝခေတ် တွင် အင်းဝဘုရင် သီဟသူရလက်ထက်၌ ထိုမင်း၏သားတော် အနော်ရထာ၏ သမီးတော်သုံးပါးဖြစ်သော ရှင်စိုးမင်း၊ မင်းလှ မြတ်နှင့် မင်းဘုန်းထွတ်တို့ကို ရှင်မဟာရဋ္ဌသာရလောင်းဖြစ် သော ထိုစဉ်ကအသက် ၁ဝ နှစ်မျှသာရှိသေးသည့် မောင်မောက် က ရုတ်ခြည်းစပ်ဆိုလိုက်သော အဖွဲ့အနွဲ့ကို စည်းချက်ကိုက်၊ အဲရိုး၊ အချင်းနှင့် အချင်းငယ်ဟူ၍လည်း ခေါ်ဆိုကြသည်။ ယင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
(ရှင်စိုးမင်းဘွဲ့) အိုဘဲ့ဘယ်၊ အိုဘယ့်သမီးတော်၊ ထင်ပေါ်ဘုန်းပျံ့သင်း။ ။ (မင်းလှမြတ်ဘွဲ့) အိုဘဲ့ဘယ်၊ အိုဘယ့်သမီးတော်၊ နတ်သော်ပုံမယွင်း။ ။ (မင်းဘုန်းထွတ်ဘွဲ့) အိုဘဲ့ဘယ်၊ အိုဘယ့်သမီးတော်၊ စန်ဒော် လနှယ်ဝင်း။ ။ တောင်ငူခေတ်တွင် အဲသီချင်းများရှိကြောင်းကို မင်းဇေ ယျရန္တမိတ်၏ ရတုတစ်ပုဒ်တွင် အဲသီချင်းနှင့် ပြည့်တင်းရည်ဆောင်၊ အဆောင်ဆောင် သည်၊ ခါညောင်မသွန်းလှည့်လေလော့ ဟု တွေ့ရှိခြင်းဖြင့် သိရပေသည်။ ထို့ပြင် ထိုခေတ်၏ အကျော်အမော်စာဆိုတော် တစ်ဦးဖြစ်သော ရှင်သံခိုကလည်း နန်းမြေဟံသာ၊ ပြန်ခဲ့လာ၍၊ အခါချိန်ထောက်၊ စခန်း ရောက်သော်၊ အဲထောက်သီချင်း ဟူ၍ ထည့်သွင်းစပ်ဆို ထားသည့် အထောက်အထားကိုလည်း တွေ့ရပေသည်။ ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက် ၁ဝ၈ဝ ပြည့်နှစ်တွင် ပေါ်ပေါက်ခဲ့သော အဲချင်းမျိုးကို ၈ဝ ပေါ်အဲဟု ခေါ်ဆိုကြသည်။ ကုန်းဘောင်ခေတ် စာဆိုမယ်ခွေ၏ အဲချင်း များကို ၈ဝ ပေါ်အဲဟုလည်း ခေါ်ဆိုကြလေသည်။ အဲချင်းအဖွဲ့အနွဲ့များသည် ကုန်းဘောင်ခေတ်တွင် ပိုမို ခေတ်စားလာသည်။ စဉ့်ကူးလက်ထက်မှစ၍ ဘိုးတော်မင်းတရား လက်ထက်တိုင်အောင် ထင်ရှားသော စာဆိုတော်တစ်ဦးဖြစ်သူ ဦးယာသည် အဲသီချင်းများ အရေးအသားကောင်းသဖြင့် အဲ မောင်ယာဟုပင် ထင်ရှားခဲ့လေသည်။
ဘိုးတော်ဘုရား လက်ထက်တွင် ရတု၊ လူးတား၊ တေး ထပ်၊ လေးချိုး၊ သဖြန် စသည့် အဖွဲ့အနွဲ့ အမျိုးမျိုးတို့ဖြင့် ၁၂ ရာသီ အဖွဲ့များကို ဖွဲ့နွဲ့ခြင်း ခေတ်စားသည်။ အမွေဝန်ကတော် မယ်ခွေသည် ၁၂ ရာသီဘွဲ့ကို အဲချင်းဖြင့် ဖွဲ့ဆိုသည်။ ထိုအဲ ချင်းသည် ၁၂ ရာသီဖွဲ့ကဗျာများတွင် အလွန်ထင်ရှားသည်။ အခြား ၁၂ ရာသီဖွဲ့ရတု၊ လူးတားတို့ထက်ပင် ပို၍ အရေးပါခဲ့ သည်။ အကြောင်းတစ်ခုမူ မယ်ခွေ၏ ၁၂ ရာသီဖွဲ့ အဲချင်းများ သည် အလွန်နက်နဲ၍ ရာသီအလိုက် ပန်းများ၊ ပွဲတော်များ၊ ရာသီဥတု အခြေအနေ စသည်တို့ပါဝင်၍ စုံစုံလင်လင် ရှိပြီး လျှင် ပြေပြေပြစ်ပြစ်လည်း ရှိသည်။ မယ်ခွေသည် မိမိ၏အဲ ချင်းတွင် ရာသီ၏အခြေအနေကို အမွှမ်းတင်၍ တော၊ တောင်၊ ရေ၊ မြေနှင့်ရာသီဥတု အခြေအနေတို့နှင့် လိုက်ဖက်သည်များကို ပေါ်လွင်အောင် စာပန်းချီချယ်ပြနိုင်သည်။ ရာသီ၏ စန်းယှဉ် နက္ခတာရာ၊ ဗေဒင် ဝေါဟာရ အသုံးအနှုန်းများ၌လည်း ကျန သေသပ်သည်။ ထို့ပြင် ရာသီအလိုက် လွမ်းစရာဆွေးစရာများ ကို တန်ဆာဆင်ထားသဖြင့်လည်း မယ်ခွေ၏ အဲချင်းသည် အခြားရာသီဖွဲ့များထက် တစ်မူထူးခြားလေသည်။
မယ်ခွေသည် ဩကာသလောကကြီး၌ စိတ်ဝင်စားပြီး လျှင် မိမိကိုယ်တိုင်ကလည်း နုနယ်သိမ်မွေ့သော မိန်းမသား ဖြစ်သဖြင့် မယ်ခွေ၏ အဲချင်းတွင်ပါဝင်သော အဖွဲ့အနွဲ့တို့မှာ နုနယ်သိမ်မွေ့ပေသည်။ မယ်ခွေ၏ အဲချင်းတို့ကို တူရိယာဖြင့် တွဲဖက်၍ စည်းကိုက် ဝါးကိုက်သီဆိုနိုင်သဖြင့် သဘင်သည်များ အတွက် ပို၍ကျေးဇူးရှိသော အဲချင်းများဖြစ်ပေသည်။
#အန်ချင်း
အန်ချင်းသည် မြန်မာသက္ကရာဇ် ၇ဝဝ ကျော် ပထမအင်းဝခေတ်က စတင်ပေါ်ပေါက်ခဲ့သည့် ကဗျာတစ်မျိုးဖြစ် သည်။ မှန်နန်းရာဇဝင်အရ သက္ကရာဇ် ၇၅၉ ခုနှစ်၌ ဘုရင်မင်း ကြီးစွာသည် အင်းဝမှအထက်အညာ တကောင်းမြို့သို့ ဖောင်တော်ဖြင့် ဆန်တော်မူလေသည်။ ထိုအခါ ဖောင်တော်ကို ငင်သည့် လှေတော်သားတို့ သီဆိုစရာ ဖောင်ငင်ချင်း"ခေါ်အန်ချင်း" သည် စတင်ပေါက်ဖွား လာခဲ့သည်ဟု ဆိုလေသည်။
ဤအကြောင်းကို အခြေခံ၍ အန်ချင်းဟူသောဝေါဟာရ ၏ အနက်အဓိပ္ပာယ်ကို ကြံစည်ကြသော ပညာရှိများက ယင်း ဝေါဟာရသည် "အဏ္ဏဝ ဟူသော ပါဠိစကားလုံးမှ ဆင်းသက် သည်ဟု ဆိုကြသည်။ ပါဠိဘာသာအဏ္ဏဝသည် သမုဒ္ဒရာ၊ ပင်လယ်ဟု အဓိပ္ပာယ်ရသည်။ အဏ္ဏဝမှ ဏဝ ကျေပြီးလျှင် "အဏ်" ကိုကမှ မြန်မာဆန်ဆန်ရေးပုံသို့ ပြောင်းပြီးလျှင် "အန်" ဟုဖြစ်လာသည်။ အချို့ပညာရှင်များကလည်း ပါဠိဘာ သာ ရေ ဟောသည့် အဏ္ဏပုဒ်မှ ဏ ကျေပြီးလျှင် အဏ်၊ အန် ဖြစ်လာသည်ဟု ယူဆကြသည်။ ထို့ကြောင့် အန်ချင်းဟူသည် မှာ မူလကဘုရင်မင်းများ မြစ်အဏ္ဏဝါကြောတွင် ဖောင်တော် ဖြင့် ရေနန်းသဘင်ထွက်စံတော်မူစဉ် သီဆိုလျှောက်ထားရသည့် ကဗျာပင်တည်း။ သို့ရာတွင် ကဗျာဖွဲ့ဆိုသည့် အကြောင်းအရာ များသည် တစ်စထက်တစ်စ ကျယ်ဝန်းလာတတ်သောသဘော ရှိသည့်အတိုင်း နောက်ကာလကြာသောအခါ ရေနန်းသဘင်ပွဲ တွင်သာမဟုတ်တော့ဘဲ အခြားသောမင်းခမ်းသဘင်ပွဲများ၌ လည်း အန်ချင်းများကို ရေးဖွဲ့သီဆိုခဲ့ကြသည်။
အန်ချင်းများသည် သက္ကရာဇ် ၈၅ဝ ကျော် ပထမ အင်းဝခေတ်နောက်ပိုင်းတွင် အတော်ခေတ်စားလာသည်ဟု ဆိုရ ချိမ့်မည်။ သက္ကရာဇ် ၉ဝဝ ကျော် တောင်ငူခေတ်သို့ ရောက် လာသောအခါ အန်ချင်းသည် အကြောင်းအရာအားဖြင့် အင်းဝ ခေတ်ကထက် ပိုမိုကျယ်ဝန်းလာကာ မင်းခမ်းသဘင်ဖွဲ့ ကဗျာ သာမဟုတ်တော့ဘဲ အချစ်၊ အလွမ်းနှင့် ရာသီကိုပါ ဖွဲ့ဆိုသည့် ကဗျာအဖြစ်သို့ရောက်ရှိလာသည်။ တောင်ငူခေတ် စာဆိုတော် နဝဒေး၏ "ကျူးလှတည့်လေ" ချီ ရေလားရတု၌ " မြင်းတွင်း စိုးမှူး၊ ခံတိုင်ဦးတို့၊ သီကျူးအဲအန်" ဟူ၍ ကိုတံငါတို့ အဲချင်း အန်ချင်းများ သီဆိုကြောင်းတွေ့ရသည်။ ဆင်ရဲသားပြည်သူ လူတန်းစား၌ အဝင်အပါဖြစ်သော တံငါမောင်တို့သီဆိုကြသည့် အန်ချင်းများသည် ရွေှနန်းတော်ကြီး၏ အဆောင်အယောင် အခမ်းအနားများအကြောင်း ဖွဲ့ဆိုထားသည့် အန်ချင်းမျိုး မဖြစ် တန်ရာပေ။ မိမိတို့ဘဝပတ်ဝန်းကျင်နှင့် ဆက်သွယ်နေသည့် မောင်ဖွဲ့ မယ်ဖွဲ့၊ ရာသီဖွဲ့၊ အလွမ်းဖွဲ့၊ စသည်တို့သာဖြစ်ပေ လိမ့်မည်။
ရှာဖွေရသမျှအန်ချင်းများအနက် အစောဆုံးတွေ့ရသော အန်ချင်းများမှာ တောင်ငူခေတ်နောက်ပိုင်း သက္ကရာဇ် ၉၆ဝ ခန့် တွင် စာဆိုတော်ရဝေရှင်ထွေး ဖွဲ့ဆိုခဲ့သည့် အန်ချင်းများဖြစ် သည်။
ထိုထက်စောသည့် အန်ချင်းစာကိုယ်များကိုကား ယခုတိုင်ရှာဖွေမတွေ့ရသေး။ ရှင်ထွေး၏ အန်ချင်း များသည် တွေ့ရသမျှတွင် အစောဆုံးဖြစ်သည်သာမက အရေအတွက်လည်း အများဆုံး၊ အကြောင်းအရာလည်း အစုံဆုံးဖြစ် သည်။ နောက်ခေတ်စာဆိုတို့၏ အန်ချင်းများကို နှစ်ပိုဒ်၊ သုံးပိုဒ် စသည်ဖြင့်သာတွေ့ရသည်။ ရှင်ထွေး၏ အန်ချင်းများကို ကား ၈၅ ပိုဒ်မျှတွေ့ရသည်။ ဆံထုံးဖွဲ့၊ တံပက်ဖွဲ့၊ ဘုရားဖွဲ့၊ မောင်ဖွဲ့၊ မယ်ဖွဲ့ စသည်ဖြင့် အကြောင်းအရာလည်းစုံသည်။
ရှင်ထွေး၏ မောင်ဖွဲ့အန်ချင်းတစ်ပိုဒ်ကို အန်ချင်းနမူနာအဖြစ် ဖော်ပြလိုက်သည်။ စောလေး၊ ယနေ့ တဆက်၊ ယမန်ရက်တွင်၊ သန်လျက်ကိုင်ကာ၊ မယ်သို့လာသည်၊ မင်းလျာမြ ရည်၊ ဆီးခဲ့သည်ကား၊ ကြာချည်ပုဆိုး၊ တိမ်မီးခိုးသို့၊ တင့်နိုးအကျော်၊ အင်္ကျီတော်လည်း၊ ရွေှလှော်ဆင်းဝါ၊ ခတီပါတည့်၊ နှိုင်းရာမပြား၊ မြဖက်ခါးကို၊ များများ မဖော်၊ တစ်ခြမ်းပေါ်နှင့်၊ ပေါင်းတော်စိန်ပန်း၊ မြို့လွန် ထွန်းမျှ၊ ကြိုင်မွှန်းပျံ့လှောင်း၊ မွေှးပေါင်းနံ့ချည်း၊ ပန်း စည်းမဉ္စူ၊ ပန်တော်မူ၍၊ ဇမ္ဗူကျွန်းရှင်၊ မယ့်သက် တင်ကြောင့်၊ ထိပ်ပြင်ရှိလက်၊ လွမ်းသည့်ရက်ကို၊ လျှောက်မြွက်ရေစရှာ၏လေ၊ ၊ဖော်ချင်းတို့လေ ဖော်ချင်းတို့။ ရဝေရှင်ထွေး၏ခေတ်ကား အန်ချင်း၏အထွတ်အထိပ် ခေတ်ပင် ဖြစ်တော့သည်။
ဒုတိယအင်းဝခေတ် သက္ကရာဇ် ၁ဝဝဝ ကျော်တွင် အန်ချင်းများ ခေတ်မှိန်သွားသည်။ သက္ကရာဇ် ၁၁ဝဝ ကျော် ကုန်းဘောင်ခေတ်တွင်မူ အန်ချင်းကို ပြန်လည်တွေ့ရပြန်သည်။ သို့သော် ထိုအချိန်တွင် ဆင်းရဲသားပြည်သူတို့ နှုတ်ဖျားဝယ် သီဆိုစရာ တျာချင်း၊ လွှမ်းချင်း၊ ဗုံးကြီးသံ၊ တုံးချင်း၊ တေး ထပ် စသည်တို့ ပေါများနေရကား အန်ချင်းသည် ပြည်သူတို့ နှုတ်ဖျားမှ ကွယ်ပျောက်ကာ နန်းတွင်းကဗျာအဖြစ်သို့ ပြန် လည်ရောက်ရှိသွားခဲ့သည်။ ကုန်းဘောင်ခေတ်အလယ်ပိုင်းတွင် အန်ချင်းဖွဲ့ဆိုသူများမှာ စာဆိုတော် ဦးယာ နှင့် မြဝတီဝန်ကြီး ဦးစ တို့ဖြစ်ကြသည်။ ဦးယာသည် "မင်းချင်းလေ၊ ကုဿိန္နာရုံ"အစချီသည့် ပထမ၊ ဒုတိယနှင့် တတိယ သင်္ဂါ ယနာတင် အန်ချင်းသုံးပိုဒ်ကို ရေးသားခဲ့သည်။ မြဝတီဝန်ကြီး ဦးစကား "မယ်ယို့လေ၊ ၊အောင်သပြေရုံ" အစချီသည့် သကျ ရံသီ ဘုရားထီးတော်တင်ဖွဲ့ အန်ချင်းသုံးပိုဒ်ကို ဖွဲ့ဆိုခဲ့သည်။ အချို့သော ကဗျာကျမ်းများက ကုန်းဘောင်ခေတ် နောက်ပိုင်းတွင်ခေတ်စားလာသည့် "မလင်းမှောင်ဝေချီ" "ယမုန် နာ" ချီ လှေတော်သံများကို အန်ချင်းစာရင်းတွင် ထည့်သွင်း ပြထားသည်။ သို့သော် အန်ချင်းဖွဲ့ပုံ ဥပဒေစနစ်အရစိစစ်သော် အဆိုပါလှေတော်သံများကို အန်ချင်းဟုမယူထိုက်ကြောင်းတွေ့ရ ပေမည်။ ကုန်းဘောင်ခေတ်နောက်ပိုင်း၌ အန်ချင်းစစ်စစ်ရေးဖွဲ့ခဲ့ သူမှာ ဆီးပန်းနီဆရာတော်ဖြစ်သည်။ ဆီးပန်းနီဆရာတော် သည် ဦးယာ၏လက်ငုတ်ကို ဆက်ပေးသောအားဖြင့် စတုတ္ထနှင့် ပဉ္စမသင်္ဂါယနာတင် အန်ချင်းနှစ်ပိုဒ်ကို ဆက်လက်ရေးဖွဲ့ခဲ့ပေ သည်။
ကိုးကား
*ကင်းဝန်မင်းကြီး၏ နေမိရကန်စာအုပ်၊စကားချီး စာမျက်နှာ-ဇ။
*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
*မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
No comments:
Post a Comment