📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Friday, August 21, 2020

David Copperfield

 David Copperfield (ကမ္ဘာကျော်မျက်လှည့်ပညာရှင်ကြီး)


... စဉ်ဆက်မပြတ်အားပေးနေကြတဲ့ ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါဗျာ။ အားလုံးပဲ မှတ်မိနေကြပြီထင်ပါတယ်။ ကျွန်တော်ကတော့ နတ်မင်းကြီးပါ။  ဒီတစ်ပတ်အတွက်တော့ ကမ္ဘာကျော်မျက်လှည့် ပညာရှင်ကြီး David Copperfield ကို ရွေးထားပါတယ်။ မျက်လှည့်ပညာ Magic ဆိုတာဟာ Latin စာလုံး “Magi” ကနေ ဆင်းသက်လာတယ်လို့ ကျွန်တော် မှတ်သားဖူးပါတယ်။ Magi ဆိုတာက Zoroastrians တွေကို ကိုယ်စားပြုဖို့ ခေါ်ဝေါ်သုံးနှုန်းတဲ့ အမည်နာမတစ်ခုဖြစ်ပါတယ်။ ဒီ... “Zoroastrianism” ဆိုတာကလည်း ဟိုးအရင်တုန်းက Zoroaster ဆိုတဲ့ ပရောဟိတ်ကြီးတစ်ပါး ဖြန့်ဝေပို့ချခဲ့တဲ့ ပညာရပ်တွေကို အခြေခံထားတဲ့ သဘာဝတ္ထဗေဒ တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ တချို့ကလည်း ဒါကို Religion တစ်ခုအနေနဲ့ကို ယုံကြည်ထားကြပါတယ်။

အခု 21st century ကြီးရဲ့ မျက်လှည့်ပညာရှင်တစ်ဦးဖြစ်သူ David Copperfield အကြောင်းကို ဒီတစ်ပတ် ကျွန်တော်တို့တင်ဆက်ပေးပါမယ်။ သူဟာ ၂၁ရာစု မျက်လှည့်လောကတစ်ခုလုံးရဲ့ Legend တစ်ခု၊ မှတ်တိုင်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ သူ့ကိုတော့ တော်တော်များများက သိကြပြီးဖြစ်မှာပါ။ American magician, illusionist, director, producer, writer တစ်ယောက်ပါ။ သူ့ရဲ့ occupation တွေကတော့ တော်တော်များတယ်နော်။ သူဟာ နာမည်ကြီးသလောက် အစွမ်းလည်းအရမ်းထက်တဲ့ ပါရမီရှင်ပညာသည် တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ပညာစွမ်း၊ သူ့အတတ်စွမ်းတွေဟာ စစ်မှန်ပါတယ်လို့ ကျွန်တော်တို့က ထောက်ခံပေးသွားမှာမဟုတ်သလို ဒါတွေဟာ အစစ်မဟုတ်ဘူးဘာညာစတဲ့ criticism တွေကိုလည်း ကျွန်တော်တို့က အတည်ပြု လက်ခံပေးမှာမဟုတ်ဘူး။ ထုံးစံအတိုင်း အသိပညာ ဗဟုသုတတစ်ခုအနေနဲ့ပဲ လူငယ်တွေ သိသင့်သိထိုက်တယ် ထင်တဲ့အတွက် မျှဝေပေးသွားမှာဖြစ်ပါတယ်။ ကဲ.. အခု.. ထုံးစံအတိုင်း DJ αмє∂єσ ကနေပြီးတော့ David Copperfield ရဲ့ ဟိုးငယ်စဉ် ဘဝအကြောင်းလေးကနေ စပြောပြပါလိမ့်မယ်။ အားလုံးပဲ နားဆင်အားပေးကြပါဦးဗျာ။

  

ငယ်စဉ်ဘဝ 


သူ့ရဲ့ငယ်နာမည်ကတော့ David Seth Kotkin ဖြစ်ပြီး သူ့ကို Metuchen, New Jersey မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးနေ့ကတော့ ၁၉၅၆ စက်တင်ဘာ ၁၆ ပါ။ Jewish အနွယ်ဝင် မိဘများဖြစ်ကြတဲ့ ဖခင် Hyman Kotkin ဟာ “Korby's” လို့အမည်ရတဲ့ Metuchen မှာဖွင့်ထားတဲ့ အမျိုးသားသီးသန့် သာမန် အဝတ်အထည် အပိုပစ္စည်းဆိုင်လေးတစ်ခုကို ပိုင်ဆိုင်ပြီး  မိခင်ဖြစ်တဲ့ Rebecca ကတော့ အာမခံဌာနတစ်ခုက Insurance Adjuster တစ်ယောက်ဖြစ်ပါတယ်။ သူ့မိခင်ကို Israel နိုင်ငံ Jerusalem မြို့မှာမွေးဖွားခဲ့ပြီး သူ့ဖခင်ရဲ့မိဘများကတော့ ရုရှားကနေ ရွှေ့ပြောင်းလာတဲ့ ဂျူးလူမျိုး နိုင်ငံသားတွေဖြစ်ကြပါတယ်။


၁၀ နှစ်သားအရွယ်ရောက်တဲ့အခါမှာ သူဟာ "Davino the Boy Magician" လို့ သူ့ကိုယ်သူအမည်တပ်ပြီး အိမ်နီးနားတဝိုက်မှာ မျက်လှည့်ပညာကို စတင်သင်ယူရင်းနဲ့ လေ့ကျင့်ခဲ့ပါတယ်။ ၁၄နှစ်အရွယ်မှာတော့ the Society of American Magicians အဖွဲ့မှာ အငယ်ဆုံးမျက်လှည့်ပညာရှင်လေး ဖြစ်လာခဲ့ပါပြီ။ ရှိုးတိုးရှန်းတန်းနဲ့ တစ်ကိုယ်တည်းနေလေ့ရှိတဲ့ လူငယ်လေး Copperfield ဟာ “ပဉ္စလက်” ဆိုတာကို အံဝင်ခွင်ကျဖြစ်အောင်လုပ်တဲ့ နည်းလမ်းတစ်မျိုးလို့ မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကောင်မလေးတွေရဲ့ စိတ်အာရုံဝင်စားမှုကို အများဆုံးခံရတဲ့အတတ်ပဲလို့ ခပ်ရွှင်ရွှင်သဘောပေါက်လိုက်ပါတယ်။ ဆယ်ကျော်သက် ကောင်လေးဖြစ်တဲ့ အလျောက် အများနည်းတူ Broadway theatrical performances (Theater စင်တင်ဖျော်ဖြေရေး) တွေကို စိတ်ဝင်စားလာခဲ့ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ show ပွဲတွေမှာ ပါဝင်လာဖို့ အခွင့်အလမ်းတွေရခဲ့ပါတယ်။ နာမည်ကြီး ဂီတပညာရှင်တွေဖြစ်တဲ့ Stephen Sondheim တို့၊ Bob Fosse တို့ရဲ့ အော်ပရာတီးဝိုင်းကြီးတွေရဲ့ နောက်ခံအထောက်အပံ့နဲ့ သူ့ရဲ့မျက်လှည့်ပညာအစွမ်းအစကို ဖြစ်ဖြစ်မြောက်မြောက် စင်တင်ပြသခွင့် ရရှိခဲ့ပါတယ်။ အသက် ၁၆ နှစ် အရွယ်မှာတော့ သူဟာ New York University မှာ မျက်လှည့်ပညာသင်တန်းတစ်ခုကိုတောင် သင်ကြားပို့ချနေရပါပြီ။ လူငယ်ပေမယ့် အင်မတန် အစွမ်းထက်တဲ့ကောင်လေးပါ။ ကဲ.. ဆက်လက်ပြီးတော့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းမှု အပိုင်းနဲ့ business ပိုင်းတချို့ကတော့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း သူ အသက်၁၈နှစ်အရွယ်မှာ Fordham University မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ fresher တက္ကသိုလ်ကျောင်းသားလေးစဖြစ်ပြီး သုံးပတ်အတွင်းမှာပဲ စာရေးဆရာမ Barbara D'Amato ရေးသားတဲ့ Chicago-based musical ရုပ်ရှင်တစ်ခုဖြစ်တဲ့ “The Magic Man” ဆိုတဲ့ဇာတ်ကားမှာ အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။ အသက် ၁၉နှစ် ရောက်တော့ Honolulu, Hawaii ကျွန်းက Pagoda Hotel မှာ သူ့ကို နာမည်ကြီး headliner တစ်ယောက်အဖြစ်နဲ့ မြင်တွေ့နေကြရပါပြီ။


စောစောက အပေါ်မှာ DJ αмє∂єσ ပြောသွားခဲ့တဲ့ Broadway shows တွေ Television specials တွေရဲ့ အဓိက producer တစ်ဦးဖြစ်သူ Joseph Cates နဲ့ သိကျွမ်းခင်မင်သွားတဲ့အချိန်မှာ Copperfield လေးအတွက် တီဗွီထဲမှာ ပါဝင်ဖျော်ဖြေရတဲ့ အလုပ်ကိုစပြီးရခဲ့ပါတယ်။ အဲဒီ producer ကပဲ Copperfield အဓိက host လုပ်တဲ့ "The Magic of ABC" မျက်လှည့်အစီအစဉ်လို့ ခေါင်းစဉ်တပ်ပြီး ၁၉၇၇ ခုနှစ်မှာ ABC (American Broadcasting Company) ကနေ produce လုပ်လိုက်ပါတယ်။ ပြီးတော့ ၁၉၇၈-၉၈ ခုနှစ်တွေအတွင်း တောက်လျှောက်ကို "The Magic of David Copperfield" အထူးအစီအစဉ်တွေကို CBS ကနေတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပါတယ်။ ၁၉၇၇ ကနေ ၂၀၀၁ ခုနှစ်အထိ Copperfield ရဲ့ တီဗွီအစီအစဉ်ပေါင်း ၂၀ ရှိခဲ့ပါတယ်။


Copperfield ဟာ ၁၉၈၀ ခုနှစ်က horror film တစ်ခုဖြစ်တဲ့ “Terror Train” ရုပ်ရှင်ရဲ့ "Ken the Magician" ဆိုတဲ့ ဇာတ်ကောင်နေရာကနေပြီး ပါဝင်ခဲ့ရပါတယ်။ ၁၉၉၄ ခုနှစ်မှာလည်း Prêt-à-Porter (Ready to wear) ဆိုတဲ့ ရုပ်ရှင်ထဲမှာလည်း မထင်မရှားဇာတ်ကောင်နေရာတစ်ခုမှာ ပါဝင်ခဲ့ဖူးပါသေးတယ်။ သူ့ရဲ့ လူသိများတဲ့ မီဒီယာလှုပ်ရှားမှုတွေကိုတော့ တီဗွီအထူးအစဉ်တွေ၊ ဧည့်သည်သရုပ်ဆောင်နေရာတွေမှာ တွင်တွင်ကျယ်ကျယ် တွေ့မြင်နိုင်ပါတယ်။ သူ့ရဲ့ အထူးမျက်လှည့်ပြကွက်ဆန်းတွေထဲမှာ the Statue of Liberty ရုပ်ထုကြီးကို ပျောက်သွားအောင်လုပ်ပြတာ၊ လေထဲမှာ ပျံသန်းပြတာ၊ အင်မတန်နက်တဲ့ the Grand Canyon ချောက်ကြီးပေါ်ကနေ ဈာန်ကြွပြတာ၊ the Grate Wall of China နံရံထဲမှာ ဖြတ်ပြီးလမ်းလျှောက်ပြတာ စတဲ့ပြကွက်တွေက အရမ်းနာမည်ကြီးခဲ့ပါတယ်။



၁၉၉၆ ခုနှစ်မှာ Copperfield ဟာ Dean Koontz, Joyce Carol Oates, Ray Bradbury ဆိုတဲ့ နာမည်ကျော် စာရေးဆရာကြီး ၃ဦးအပါအဝင် တခြားစာရေးဆရာတွေနဲ့အတူပေါင်းပြီးတော့ ပဉ္စလက်မျက်လှည့်ကမ္ဘာရဲ့ တကယ့် original fiction တွေကိုပဲ ဖော်ကြူးရေးသားထားတဲ့ “David Copperfield’s Tales of the Impossible” ဆိုတဲ့ စာပေညွှန့်ပေါင်းတစ်ခုကို ဖန်တီးထုတ်ဝေခဲ့ပါတယ်။ “David Copperfield's Beyond Imagination” လို့ အမည်ရတဲ့ စာအုပ်ကိုတော့ ၁၉၉၇ ခုနှစ်မှာ နောက်ဆက်တွဲအနေနဲ့ ထပ်မံထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်နှစ်အုပ်အပြင် သူဟာ NPR (National Public Radio) ရဲ့ “This I believe” ဆိုတဲ့ Radio program series တစ်ခုမှာလည်း အက်ဆေးတချို့ကို ရေးသားပေးခဲ့ပါသေးတယ်။ ၁၉၉၆ ခုနှစ်အတွင်းက Francis Ford Coppola, David Ives, Eiko Ishioka တို့နဲ့ ပူးပေါင်းဖန်တီးထားတဲ့ သူ့ရဲ့ Broadway show တစ်ခုဖြစ်တဲ့ “Dreams & Nightmares” ဆိုတဲ့ show ဟာ Box Office မှာ စံချိန်ချိုးသွားခဲ့ပါတယ်။


သူ့ရဲ့ role models တွေဟာ magicians တွေမဟုတ်ဘူးလို့ သူက ပြောခဲ့ဖူးသလို “ကျွန်တော် အထင်ကြီးလေးစားပြီး အတုခိုးရမယ့်သူတွေကတော့ Gene Kelly ရယ်၊ Fred Astaire ရယ်၊  Orson Welles နဲ့ Walt Disney တို့ပါပဲ။ သူတို့က သူတို့ကျွမ်းကျင်ပိုင်နိုင်တဲ့ အနုပညာပုံစံတစ်ခုစီနဲ့ တစ်မျိုးစီ လူတွေကို ဆွဲဆောင်သွားနိုင်တယ်။ ကျွန်တော်လည်း  အဲ့ဒီလိုမျိုးဖြစ်အောင် မျက်လှည့်ပညာနဲ့ အစွမ်းပြချင်ခဲ့တယ်။ ကျွန်တော်က မျက်လှည့်အတတ်ကို romantic ဖြစ်စေမယ်၊ sexy ဖြစ်စေမယ်၊ ပျော်ရွှင်စရာ တစ်ခုဖြစ်စေမယ်၊ ခပ်မိုက်မိုက် ခပ်အအဖြစ်သွားစေမယ် .. အဲ့ဒီလိုမျိုး ဖြစ်ချင်ခဲ့တာကိုး။ သီချင်းရေးဆရာတွေ၊ ရုပ်ရှင်ရိုက်သူတွေ မျက်စိကျလောက်မယ့် ကွဲပြားခြားနားနေတဲ့ အရာတွေမှန်သမျှကို ကျွန်တော်က မျက်လှည့်နဲ့လုပ်ပြချင်ခဲ့တာ” လို့ ပြောဖူးပါတယ်။ ၂၀၀၉ ခုနှစ် သြဂုတ်လမှာတော့ သူ့ show တစ်ခုကို Australia မှာ ပြုလုပ်ခဲ့ပါတယ်။


ပိုင်ဆိုင်မှုများ

Copperfiled ဟာ International Museum and Library of the Conjuring Arts ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး မျက်လှည့်အတတ်နဲ့ ပက်သက်ပြီးထင်ရှားတဲ့ သမိုင်းဝင်စာအုပ်မှတ်တမ်းတွေ၊ ရှေးဟောင်းလက်ရာတွေနဲ့ မှတ်တမ်းမှတ်ရာတွေ စုဆောင်းသိုမှီးရာဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မျက်လှည့်နှင့်မှော်အတတ်များဆိုင်ရာ ပြတိုက်နှင့်စာကြည့်တိုက်ကြီးကိုလည်း ပိုင်ဆိုင်ပါတယ်။ ဒီပြတိုက်ကြီးထဲမှာဆိုရင် Copperfield စုဆောင်းရှာဖွေထားတဲ့ ခေတ်ဟောင်းမျက်လှည့် အတတ်ပညာရှင်များရဲ့ အထင်ကရမျက်လှည့်ပစ္စည်းတွေလည်း အများအပြားရှိနေပါတယ်။ ဒီလိုမျိုး မျက်လှည့်ပညာရှင်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ မှတ်တမ်းမှတ်ရာတွေရှိနေတဲ့ ပြတိုက်နဲ့ စာကြည့်တိုက်ကြီးကို Copperfield ဟာ တန်ဖိုးထားတဲ့အနေနဲ့ လူတိုင်းကိုဝင်ရောက်ခွင့်မပေးဘဲ မျက်လှည့်လောကအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များ၊ လေ့လာနေဆဲပညာရှင်များနှင့် စုဆောင်းသူများကိုသာ ဝင်ရောက်ခွင့်ပေးထားပါတယ်။ ဒီပြတိုက်ကြီးဟာ Las Vegas မှာတည်ရှိနေပြီးတော့ ပြတိုက်ထဲကိုဝင်ဖို့အတွက်ကို လျှို့ဝှက်တံခါးပေါက် သက်သက်ရှိနေပါတယ်လို့လည်း သိရပါတယ်။


၂၀၀၆ ခုနှစ်မှာတော့ Copperfield ဟာ Atlantic Ocean ထဲမှာရှိတဲ့ Caribbean က Musha Cay လို့အမည်ရတဲ့ Bahamian ကျွန်းဆွယ် ၁၁ ခုကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။ ဒီကျွန်းဆွယ်တွေကို The Islands of Copperfield Bay လို့ အမည်ပေးထားပြီးတော့ ကိုယ်ပိုင်အပန်းဖြေစခန်းအနေနဲ့ထားရှိထားပါတယ်။ လာရောက်ဖူးတဲ့ဧည့်သည်တွေထဲမှာတော့ Oprah Winfrey နဲ့ John Travolta စတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေပါဝင်ပြီးတော့ Google နဲ့ co-founder ဖြစ်တဲ့ Sergey Brin ကတော့ ဒီကျွန်းပေါ်မှာ လက်ထပ်မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။



မတော်တဆဖြစ်ပွားမှုများ

Copperfield ဟာ အပြောင်မြောင်ဆုံးမျက်လှည့်အတတ်ပညာရှင်လို့ ဆိုနိုင်ပေမယ့် သူ့မှာလည်း မတော်တဆဖြစ်မှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေပါတယ်။ လက်လှမ်းမီသလောက်ပြောပြရမယ်ဆိုရင် ၁၉၈၄ ခုနှစ် မတ်လ ၁၁ ရက်နေ့တုန်းက Copperfield ဟာ Escape from Death ဆိုတဲ့ အမြင်လှည့်မှုကို လေ့ကျင့်နေတုန်းမှာ လက်ထိပ်ခတ်ထားတဲ့ Copperfield ဟာ သံကြိုးကွင်းတွေကြားထဲမှာညပ်ပြီး ရေတိုင်ကီထဲကို နစ်မြှပ်သွားခဲ့တာ ၁ မိနစ်နဲ့ စက္ကန့် ၂၀ ကြာမှ အပေါ်ကိုပြန်ရောက်ခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ သံကြိုးကွင်းတွေနဲ့ သူ့ရဲ့ရုန်းကန်မှုကြောင့် လက်နဲ့ခြေထောက်မှာ ထိခိုက်မှုပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး  Copperfield ဟာ Burbank ဆေးရုံကို ခေါ်ဆောင်သွားခြင်းခံရပြီးတော့ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ဆေးရုံကဆင်းပြီး တစ်ပတ်ကြာတဲ့အထိ Wheelchair ပေါ်မှာ နေခဲ့ရပြီးတော့ အချိန်အကန့်အသတ်တစ်ခုအထိ လမ်းလျှောက်တုတ်ကိုအသုံးပြုခဲ့ရပါတယ်။ ကြိုးနဲ့ပြသရတဲ့ အမြင်လှည့်မှုတစ်ခုမှာတော့ Copperfield ဟာ မထင်မှတ်ဘဲ သူ့ရဲ့လက်ချောင်းထိပ်ကို ချွန်ထက်နေတဲ့ကတ်ကြေးနဲ့ ကိုက်ဖြတ်မိခဲ့ပါတယ်။ ဆေးရုံကိုအချိန်မှီရောက်သွားနိုင်ခဲ့တာကြောင့် သူ့ရဲ့ပြတ်သွားတဲ့လက်ချောင်းထိပ်ကလေး ပြန်ဆက်နိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် December လ ၁၇ ရက်နေ့မှာတော့ Las Vegas မှာကျင်းပတဲ့ Live Performance တစ်ခုမှာ Copperfield ရဲ့ လက်ထောက်တစ်ယောက်ဟာ Copperfield လမ်းလျှောက်မျက်လှည့်ပြသမယ့် ပန်ကာကြီးထဲကို မတော်မဆ စုပ်သွင်းခံလိုက်ရပါတယ်။ လက်ထောက်ဖြစ်သူဟာ သူရဲ့လက်မောင်းနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများမှာ ထိခိုက်ဒဏ်ရာရရှိသွားပြီးတော့ သွေးထွက်မှုလည်း လွန်ကဲခဲ့ပါတယ်။ Copperfield ဟာ ဒီအဖြစ်အပျက်ကြောင့် ပွဲစဉ်ကိုဖျက်သိမ်းလိုက်ပြီး လာရောက် ကြည့်ရှုသူများကိုလည်း လက်မှတ်ဖိုးပြန်အမ်းခဲ့တယ်လို့ သိရပါတယ်။


တရားစွဲဆိုခြင်းများ

သူ့မှာလည်း တရားခွင်ရင်ဆိုင်ရတဲ့ အဖြစ်အပျက်တွေ ဒုနဲ့ဒေးရှိပါတယ်။ တချို့ကို ကျွန်တော်က ပြောပြပါ့မယ်။ ၁၉၉၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ Copperfield ဟာ စာရေးဆရာ တစ်ယောက်လည်းဖြစ် မျက်လှည့်ပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ Herbert L. Becker ကို သူရေးသားတဲ့ မျက်လှည့်ပညာရှင်တို့ရဲ့ လူတွေကိုလှည့်စားတဲ့ လှည့်ကွက်တွေကို ထုတ်ဖော် ရေးသားထားတဲ့ စာအုပ်ကြောင့် တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတရားခွင်မှာတော့ Becker ကပဲအောင်မြင်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီစာအုပ်မှာ Copperfield ရဲ့ လျှို့ဝှက်ချက်တွေနဲ့ပတ်သက်ပြီး ဘာမှထုတ်ဖော်မရေးသားထားလို့ပါ။ Copperfield နဲ့ Becker တို့ လျှို့ဝှက်ချက် သဘောတူလက်မှတ်ရေးထိုးထားတဲ့ စာချုပ်ပါအချက်တွေအရရော၊ Beckerက ဖော်ပြထားတဲ့ Copperfield နဲ့ပတ်သက်တဲ့ ထုတ်ဖော်ရေးသားမှုတွေကရော တိကျမှန်ကန်မှုမရှိခဲ့လို့ စာအုပ်ထုတ်ဝေသူက စာအုပ်မထွက်ခင်မှာ ကြိုတင်ဖယ်ဖျက်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ Becker ကပြန်ပြီး Copperfield နဲ့ သူရေးသားတဲ့ “All the secrets of Magic Revealed” စာအုပ်ကို ထုတ်ဝေသူ Lifetime Books တို့ကို စာချုပ်ဖောက်ဖျက်မှုနဲ့ ဒေါ်လာမီလျံ ၅၀ လျော်ကြေးတောင်းဆိုပြီး တရားစွဲခဲ့ပြန်ပါတယ်။


၁၉၉၇ ခုနှစ်မှာပဲ Copperfield နဲ့ Claudia Schiffer တို့က ပြင်သစ်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Paris Match မဂ္ဂဇင်းကို သူတို့ နှစ်ဦးရဲ့ဆက်ဆံရေးဟာ စတန့်တစ်ခုသာဖြစ်ပြီး၊ Schiffer ဟာ Copperfield ကို တကယ်မကြိုက်ဘဲနဲ့ စေ့စပ်ထားသူတစ်ယောက်အဖြစ် ငွေပေးဟန်ဆောင်ခိုင်းထားသူ တစ်ဦးဖြစ်တယ်လို့ ဖော်ပြခဲ့တဲ့အတွက် ဒေါ်လာ ၃၀ မီလျံ လျော်ကြေးတောင်းဆိုပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ Copperfield ဟာ Paris Match မဂ္ဂဇင်းနဲ့ တရားခွင်ကို အောင်မြင်ခဲ့ပါတယ်။ Copperfield ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ Schiffer ဟာ ဘာလင်မှာပြုလုပ်တဲ့ Copperfield ရဲ့ ပြပွဲမှာ စတင်တွေ့ဆုံခဲ့ပြီး သူ့ရဲ့ပြပွဲတွေမှာ ပူးပေါင်းတင်ဆက်သူအနေနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်တဲ့၊ ဒါပေမယ့် သူ့ရဲ့ ဇနီးမယားအဖြစ်တော့ မဟုတ်ပါဘူးဆိုပြီး တိကျစွာ ပြောဆိုခဲ့ပါတယ်။


၂၀၀၇ ခုနှစ်ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာလည်း Copperfield ကို Viva Art International Ltd. နဲ့ Mac Concerts Inc. တို့က စာချုပ်ချိုးဖောက်မှုကြောင့် ဒေါ်လာ ၂မီလျံခန့်ကို တောင်းဆိုတရားစွဲဆိုခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာပြုလုပ်ဖို့ စီစဉ်ထားပြီးမှ ပျက်သွားရတဲ့ပြပွဲအတွက် ကုန်ကျငွေ ဒေါ်လာ ၅ သိန်းကျော်နဲ့ညီမျှတဲ့ ပစ္စည်းငှားရမ်းခတွေကို Copperfield ဆီက ပြန်လည်မရသေးတဲ့အတွက်ကြောင့်လည်း ပါဝင်ပါတယ်။ ဒီတရားစွဲဆိုမှုကိုလည်း Copperfield က ၂၀၀၉ ခုနှစ်မှ ပြီးဆုံးအောင ်ဖြေရှင်းနိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာပဲ Copperfield ကို Lacey L.Carroll ကနေပြီးတော့ ကိုယ်ထိလက်ရောက် အဓမ္မကြူးလွန်မှုနဲ့ စွဲချက်တင်ခြင်း ခံရပါသေးတယ်။ ဒီတရားစွဲဆိုမှုကိုတော့ Seattle က Federal Grand Jury တရားရုံးကနေ စုံစမ်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဇန်နဝါရီလမှာ Copperfield ဘက်က မှားယွင်းမှုတစုံတရာမရှိကြောင်း ကြေငြာပြီးတရားစွဲဆိုမှုကို ရုပ်သိမ်းခဲ့ပါတယ်။


လက်တွေ့ဘဝ

Copperfield ဟာ စူပါမော်ဒယ်လ်တစ်ဦးဖြစ်သူ Claudia Schiffer နဲ့  စေ့စပ်ကြောင်းလမ်းခဲ့ပြီး ခြောက်နှစ် ကြာလောက်အထိ လက်တွဲခဲ့ပြီးတော့ အလုပ်ချိန်အခက်အခဲတွေကြောင့် ၁၉၉၉ ခုနှစ်မှာ လက်တွဲ ဖြုတ်ခဲ့ကြပါတယ်။၂၀၀၆ ခုနှစ် April လမှာ Copperfield နဲ့ သူရဲ့လက်ထောက်နှစ်ယောက်ဟာ Florida မှာ ရှိတဲ့ West Palm Beach က ပြပွဲအပြီးမှာ သေနတ်ကိုင်သမားတွေရဲ့ လုယှက်ခြင်းကိုခံခဲ့ရပါတယ်။ သူရဲ့လက်ထောက်တွေကတော့ သူတို့ရဲ့ ပိုက်ဆံတွေ passports တွေနဲ့ လက်ကိုင်ဖုန်းတွေကို ပေးလိုက်ရတယ်လို့ဆိုပါတယ်။ Copperfield ရဲ့ ရဲဘက်ဆိုင်ရာထွက်ဆိုမှုအရကတော့ သူ့ပစ္စည်းတွေကိုတော့ မပေးလိုက်ဘူးလို့ဆိုထားပါတယ်။ Sleight of hand လို့ခေါ်တဲ့ ကဒ်တွေ အကြွေစေ့တွေကို လှည့်ကွက်နဲ့သိမ်းထားတဲ့ မျက်လှည့်ပြကွက်တွေနဲ့ သူ့ရဲ့ပစ္စည်းတွေကို ဝှက်ခဲ့လို့ပါတဲ့။ နောက်ထပ်လက်ထောက် တစ်ယောက်ကလည်း ကားနံပါတ်တွေကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် သိပ်မကြာခင်မှာပဲ သေနတ်ကိုင်လုယက်သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။


ဝင်ငွေ

Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်ကြေညာတဲ့စာရင်းမှာ Copperfield ဟာ ၂၀၀၃ ခုနှစ်မှာ ဒေါ်လာ ၅မီလျံခန့်ရရှိခဲ့ပြီး ၁၀ ယောက်မြောက် ဝင်ငွေအများဆုံး အောင်မြင်ကျော်ကြားသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Forbes မဂ္ဂဇင်းအရပဲ Copperfield ဟာ ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ဒေါ်လာ ၅၇မီလျံခန့်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ဒေါ်လာမီလျံ ၃၀ ခန့်သာ ဖျော်ဖြေမှုတွေကနေ ရရှိခဲ့တယ်လို့ဆိုပါတယ်။ Copperfield ဟာ တစ်နှစ်ကို ပြပွဲပေါင်း ၅၀၀ ကျော်လောက် ကမ္ဘာတလွှားမှာ ပြသလေ့ရှိပါတယ်။


ပရဟိတဆောင်ရွက်မှုများ

 ၁၉၈၂ ခုနှစ်မှာ Copperfield ဟာ Project Magic လို့ခေါ်တဲ့ အဖွဲ့လေးကို မျက်လှည့်ပညာရှင်တွေနဲ့ ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့လေးက Sleight of hand လို့ခေါ်တဲ့ လက်ဝှက်မျက်လှည့်ပညာကို မသန်စွမ်းတဲ့လူနာတွေအတွက် ကုထုံးနည်းပညာတစ်ခုအနေနဲ့ သင်ကြားပေးတဲ့ အဖွဲ့လေးပါ။ အဲ့ဒီအဖွဲ့လေးနဲ့ လှုပ်ရှားမှုတွေဟာ American Occupational Therapy Association ရဲ့အသိအမှတ်ပြုခြင်းကိုခံရပြီး အခုအခါမှာတော့ နိုင်ငံပေါင်း ၃၀ မှာရှိတဲ့ ဆေးရုံပေါင်း ၁၁၀၀ ခုမှာ ဒီနည်းလမ်းကို ကုထုံးနည်းတစ်ခုအနေနဲ့ အသုံးချနေပါပြီ။ ဒါ့အပြင် Copperfield ဟာ ၂၀၀၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ Oprah Radio ရဲ့ ကျန်းမာရေးအစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ Dr. Mehmet Oz နဲ့အတူ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူတွေကို ဘယ်လို မျက်လှည့်နည်းပညာတွေက ကူညီနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ပါသေးတယ်။


ဂင်းနက်စ်စံချိန်နှင့် ဆုတံဆိပ်များ

Copperfield ရယူခူးဆွတ်နိုင်ခဲ့တဲ့ ဆုတံဆိပ်တွေ ဂုဏ်ထူးဆောင်ဘွဲ့တွေ အမြောက်အများရှိပါတယ်။ ဒီအထဲက တချို့ကို ကျွန်တော်ပြောပြပါ့မယ်။ သူဟာ Emmy Awards ဆုအတွက် ၃၈ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ၂၁ ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Living Legend Award ဆုတစ်ဆုကို the Library of Congress ကနေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ Hollywood ရဲ့ အလွန်အောင်မြင်ကျော်ကြားသူ starတွေထဲမှာလည်း သူဟာ ပထမဦးဆုံး magician တစ်ဦးဖြစ်ခဲ့ပါတယ်။ ပြင်သစ်အစိုးရက တိုက်ရိုက်ချီးမြှင့်တဲ့ the Chevalier of Arts and Letters ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒီဆုဟာဆိုရင် ပထမဦးဆုံးသော ရာသက်ပန်မျက်လှည့်ပညာရှင်ဆု ဖြစ်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၈၇ ခုနှစ်မှာလည်း Academy of Magical Arts က ချီးမြှင့်တဲ့ “Magician of the Year” ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ၂၀၀၉အတွက်ရွေးချယ်တဲ့ “The Celebrity 100” စာရင်းမှာလည်း အမေရိကန်ဒေါ်လာ မီလျံ၃၀ ပိုင်ဆိုင်တဲ့ နံပါတ် ၈၀ နေရာကိုချိတ်ခဲ့ပါတယ်။


 Copperfield ဟာ ကမ္ဘာ့ဂင်းနက်စ်စံချိန် ၁၁ခုတင်ခဲ့ပါတယ်။ ဒါဟာ အင်မတန်ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီလို ကမ္ဘာ့ဂင်းနက်စ်စံချိန် ၁၁ ခုတောင် ချိုးဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စလည်းဖြစ်ပါတယ်။ အဲ့ဒီ ၁၁ ခုကတော့...

1. Largest private collection of magic artifacts


2. Most tickets sold worldwide by a solo entertainer


3. Highest career earnings as a magician


4. Highest Broadway gross in a week


5. Largest Broadway attendance in a week


6. Largest international television audience for a magician


7. Most magic shows performed in a year


8. Most valuable magic poster


9. Largest work archive for a magician


10. Highest annual earnings for a magician


11. Largest illusion ever staged တို့ပဲဖြစ်ပါတယ်။



အခြားနာမည်ကြီးမျက်လှည့်ပညာရှင်တွေဖြစ်တဲ့ David Blaine White, Criss Angel နဲ့ Lance Burton


David Copperfield အပြင် အခုနောက်ပိုင်း လူကြီးလူငယ်ပိုင်းက တချို့တွေထဲမှာလည်း နာမည်ရပြီးဖြစ်ကြတဲ့ တခြားမျက်လှည့်ပညာရှင်တွေကို ကြိုက်နှစ်သက်သူတွေရှိပါတယ်။ ဥပမာအားဖြင့် ခေတ်ပေါ် တခြား American Illusionist တွေဖြစ်တဲ့ Lance Burton တို့၊ David Blaine White တို့၊ Criss Angel (Christopher Nicholas Sarantakos) တို့ စသဖြင့်ပေါ့.. သူတို့တွေရဲ့ show တွေ concert တွေကို မလွတ်တမ်းကြည့်နေကြတဲ့ ပရိသတ်တွေလည်းရှိပါတယ်။ တချို့ သိပ်ပြီး လေ့လာလိုက်စားသူတွေကတော့ ဟိုးအရင် ၁၈ ရာစုလောက်က ထင်ရှားခဲ့တဲ့ ပထမဦးဆုံး modern magician ဖြစ်တဲ့ ပြင်သစ်လူမျိုး Jean Eugène Robert-Houdin တို့၊ ဟန်ဂေရီ-အမေရိကန်လူမျိုး Harry Houdini တို့ ခေတ်ကအကြောင်းတွေကိုပါ အတုယူလေ့လာကြပါတယ်။ ဒီထက်ပိုပြီး အသေးစိတ်သိချင်တယ်၊ လေ့လာချင်တယ်ဆိုရင်တော့ ၁၇ ရာစု ၁၅ ရာစုနှောင်းပိုင်းခေတ်တွေက မျက်လှည့်ပညာရှင်အကြောင်းတွေကိုပါ ထပ်ဆင့်ရှာဖွေ မှတ်ဖတ်နိုင်ကြပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လက်လှမ်းမှီသလောက်ကို အလျဉ်းသင့်သလို ဖြန့်ဝေပေးသွားချင်ပါတယ်။ မသိသေးသူတွေရော၊ နည်းနည်းလေးသိသူတွေရော၊ သိပြီးသူတွေရောအတွက် အားလုံးအဆင်ပြေအောင်၊ တစ်စုံတစ်ခု ဗဟုသုတပွားများနိုင်အောင် ကြားခံပေါင်းကူးတံတားလေးတစ်ခုလောက်ပဲ ဖြစ်မယ်ဆိုရင်တောင် ကျွန်တော်တင်ဆက်ပေးရကျိုးနပ်ပါတယ် ။  



No comments: