📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Wednesday, August 19, 2020

စာရေးဆရာ၊ သတင်းစာဆရာ ဦးစိုးသိမ်း (မောင်ဝံသ)

 
 စာရေးဆရာ၊ သတင်းစာဆရာ ဦးစိုးသိမ်း (မောင်ဝံသ) 


အမည်ရင်း ဦးစိုးသိမ်း။ ၁၉၄၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊

မြစ်ကျိုးရွာတွင် အဖ ဦးမောင်ခင်၊ အမိ ဒေါ်မြစိန်တို့မှ ဖွားမြင်သည်။ မြစ်ကျိုးရွာတွင် မူလတန်း၊ ပဲခူးမြို့ အမျိုးသားတန်းမြင့် ကျောင်း (ယခု အ.ထ.က ၃) တွင် ဆယ်တန်းအထိ၊ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (မြန်မာ၊ အင်္ဂလိပ်၊ ဘောဂဗေဒ၊ အနောက်တိုင်းသမိုင်း၊ ဒဿနိကဗေဒ ဘာသာတွဲဖြင့်) ၁၉၆၇ ၌ အောင်မြင်သည်။


၁၉၆၇ တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းစာပညာသင်တန်း ကျောင်း၊ ပထမပတ် သင်တန်းမှ သင်တန်းဆင်းခဲ့သည်။ အသက်မွေး ဝမ်းကျောင်း သတင်းစာပညာ ဖဲလိုးရှစ် (Professional Journalism Fellowship)၊ မစ်ရှီဂန်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ (၁၉၇၇)၊ ရေဂင်-ဖာ့ဆဲလ် (Reagan-Fascell Democracy Fellowship) ဒီမိုကရေစီ ဖဲလိုးရှစ်၊ ဝါရှင်တန်ဒီစီ၊ အမေရိကန်နိုင်ငံ (၂၀၁၀-၂၀၁၁) တို့ ရရှိခဲ့သည်။


လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ အယ်ဒီတာအဖွဲ့ဝင် (၁၉၆၅-၁၉၇၀)၊ မြန်မာ့အလင်း သတင်းစာ စီနီယာအယ်ဒီတာ (၁၉၇၀-၁၉၇၈)၊ ဟံသာဝတီသတင်းစာ၊ ခေါင်းကြီး၊

ဆောင်းပါး အယ်ဒီတာ (၁၉၇၈)၊ ဗိုလ်တထောင် သတင်းစာ သတင်းအယ်ဒီတာ (၁၉၇၈-၁၉၈၈)၊ ဒေါင်းစာပေ တည်ထောင်သူနှင့် အုပ်ချုပ်သူ (၁၉၇၃ မှ ယနေ့အထိ)၊ “အတွေးအမြင်” မဂ္ဂဇင်း တည်ထောင်သူနှင့် စီစဉ်သူ (၁၉၈၄ မှ ယနေ့အထိ)၊ “သတင်းထူး ဂျာနယ်၊ “ဘက်စုံဂျာနယ်” ထုတ်ဝေသူ၊ အယ်ဒီတာ (၁၉၈၈)၊ “တော်ဝင်ဂျာနယ်”အယ်ဒီတာ (၁၉၉၄-၉၅)၊ “ပြည်သူ့ခေတ်ဂျာနယ်”ထုတ်ဝေသူ၊ အယ်ဒီတာ (၂၀၁၀ မှ ယနေ့အထိ) လုပ်ကိုင်ခဲ့သည်။


နိုင်ငံရေး လူမှုရေး ဆောင်ရွက်ချက်များအနေဖြင့် ပဲခူးခရိုင် ကျောင်းသားသမဂ္ဂ၊ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး အမှုဆောင် (၁၉၆၁-၆၂)။ပြည်ကျောင်းဆောင်၊ တကောင်း ကျောင်းဆောင်၊ ပင်းယ ကျောင်းဆောင် သဟာယနှင့် စာဖတ်အသင်းများနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေး

တပ်ဦး၊ကျောင်းသား အခွင့်အရေး ကာကွယ်မှု ကော်မတီ အစရှိသော ကျောင်းသား အဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။


အထက်တန်းကျောင်းသားဘဝကတည်းက ကျောင်းမဂ္ဂဇင်းနှင့် စာနယ်ဇင်းအချို့တွင် ကလောင်သွေးခဲ့သည်။ ၁၉၆၂-၆၃ တွင် အထောက်တော်သတင်းစာ၏ တက္ကသိုလ် သတင်းထောက်အဖြစ် လုပ်ကိုင်ပြီး ရန်ကုန်တက္ကသိုလ် သတင်းထောက်အသင်း ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။


၁၉၇၃ တွင် ဒေါက်တာဟင်နရီ ကစ်ဆင်းဂျား နိုင်ငံရေး အတ္ထုပ္ပတ်္တိ စာအုပ်ကို ရေးသားထုတ်ဝေခြင်းဖြင့် လုံးချင်းစာအုပ်နယ်ပယ်သို့ စတင် ဝင်ရောက်သည်။ ထိုနှစ်ကစ၍ ဒေါင်းစာပေကို စတင် တည်ထောင်သည်။ နိုင်ငံရေး အတ္ထုပ္ပတ်္တိစာအုပ်များ ဆက်တိုက် ရေးသားခဲ့သည်။


၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံကြီးတွင် သတင်းစာတိုက်ပေါင်းစုံ သပိတ် ကော်မတီကို ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့သဖြင့် ဗိုလ်တထောင် သတင်းစာတိုက် အယ်ဒီတာအဖြစ်မှ အငြိမ်းစားပေးခြင်း ခံခဲ့ရသည်။ ထို့နောက် ၁၉၈၈ မှ ၂၀၀၁ အထိ နိုင်ငံရေးနယ်သို့ ရောက်ရှိသွားကာ စာပေနယ်နှင့် ကင်းကွာခဲ့သည်။ ဟံသာဝတီ ဦးဝင်းတင်ကို အကြောင်းပြု၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဝင်ရောက်ပြီး ပဲခူးတိုင်း စည်းရုံးရေး အဖွဲ့ဝင်၊ ဗဟိုဦးစီး အဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် အဆင့်ဆင့် တာဝန် များကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝေါမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်သူ့

လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။


နိုင်ငံရေးတွင် ပါဝင် ဆောင်ရွက်ခဲ့စဉ်အတွင်း ၁၉၈၉၊ ဇူလိုင် ၂၀ ရက်မှ ၁၉၉၀၊ ဧပြီ ၂၄ အထိ ပုဒ်မ ၁၀(က) ဖြင့် တစ်ကြိမ် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရပြီး ၁၉၉၀၊ အောက်တိုဘာ ၂၃ တွင် ပြန်လည် အဖမ်းခံရသည်။ ဤတစ်ကြိမ်တွင် စစ်ခုံရုံးမှ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သော်လည်း ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာ အပြောင်းအလဲကြောင့် ၁၉၉၂၊ ဧပြီ ၂၉ တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည် ၁၉၉၅၊ ဇူလိုင်လတွင် နေအိမ်အကျယ်ချုပ်မှ ပထမအကြိမ် ပြန်လည် လွတ်မြောက် လာပြီးနောက် ဝန်းရံကူညီပေးမှုကြောင့်ဟုဆိုကာ ၁၉၉၆၊ မေလ ၂၁ ရက်မှ ၂၀၀၁၊ ဇွန်လ ၁၃ ရက်အထိ ပုဒ်မ ၁၀(က)ဖြင့် အင်းစိန်ထောင်တွင် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။


၂၀၀၁ ဇူလိုင်လမှစ၍ စာပေနယ်သို့ ပြန်ရောက်ကာမဂ္ဂဇင်း၊ ဂျာနယ်များတွင်

ဆောင်းပါး၊ ဝတ္ထုနှင့် နိုင်ငံတကာရေးရာ ဝေဖန်ချက်များ ရေးသားလျက် ရှိပါသည်။ မိမိအပေါ် ကျေးဇူးတရားကြီးမားခဲ့သော သတင်းစာလောကအား ကျေးဇူးဆပ်သည့် အနေဖြင့် စာနယ်ဇင်းသမား မျိုးဆက်သစ်များအတွက် အထောက်အကူ ဖြစ်စေရန် “သတင်းစာပညာ သဘောတရားနှင့် လက်တွေ့”ကျမ်းကို ရေးသားပြုစုပြီး ၂၀၀၅ ခုတွင် ပုံနှိပ်ထုတ်ဝေရာ သုတစွယ်စုံ စာပေဆု ရရှိခဲ့သည်။


၂၀၀၇ ခုနှစ်တွင် ထုတ်ဝေသော “အတ္ထုပ္ပတ်္တိ အဘိဓာန်” စာအုပ်ဖြင့်

ထွန်းဖောင်ဒေးရှင်း စာပေဆုကို ရရှိခဲ့သည်။ ၂၀၁၀ တွင် ထုတ်ဝေခဲ့သော “ရှာမှ ရှားတဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါးများ”စာအုပ်ဖြင့် ၂၀၁၁ ခု သုတစွယ်စုံစာပေဆု ရရှိခဲ့သည်။ ၂၀၁၂ ခုတွင် ထုတ်ဝေသော “ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန်” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆု ရရှိသည်။ စာပေသက်တမ်းအတွင်း ၂၀၁၂ ခုနှစ်အထိ စာအုပ် ၆၂ အုပ် ရေးသား ထုတ်ဝေပြီး ဖြစ်သည်။


၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များအတွက် အမျိုးသားစာပေဆု စိစစ် ရွေးချယ်ရေး အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၁ ခုနှစ်အတွက် အမျိုးသားသတင်းဆု ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။


နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် လက်ရှိနိုင်ငံရေးအကျဉ်းသားများအား ကူညီ ထောက်ပံ့ရန် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို တည်ထောင်ရေး

အတွက် ၂၀၁၂ မတ်လတွင် စတင်လှုံ့ဆော် အကောင်အထည်ဖော်ခဲ့ပြီး ကိုယ်တိုင်လည်း ဘဏ္ဍာထိန်းတစ်ဦး အဖြစ် ဆောင်ရွက် လျက်ရှိသည်။


၂၀၁၂ ခု သြဂုတ်လတွင် နှစ် ၅၀ အတွင်း ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သတင်းစာဆရာများ ညီလာခံမှ ရွေးကောက်တင်မြှောက်၍ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (Myanmar Journalists Association-MJA) ၏ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ ၂၀၁၂ ခု စက်တင်ဘာလတွင် မြန်မာနိုင်ငံ စာနယ်ဇင်း

ကောင်စီ (ယာယီ)ကို ဖွဲ့စည်းရာ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်း ခံရသည်။


အမှတ် ၃၀၀၊ အခန်း ၆ (အေ)၊ မဟာဗန္ဓုလပန်းခြံလမ်း (အထက်လမ်း)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

၁၁.၈.၂၀၁၃ နံနက် ၆နာရီ ၁၅ တွင်ကင်ဆာရောဂါဖြင့် ဝိတိုရီယ ဆေးရုံမှာကွယ်လွန်ခဲ့ပါတယ်

*******************************************

ဆရာမောင်ဝံသ ရေးခဲ့သည့် စာအုပ်များ...


၂၀၁၁ ဇွန်လအထိ မောင်ဝံသ ရေးသားထုတ်ဝေပြီး စာအုပ်များ

၁။ ကစ်ဆင်းဂျား (အတ္ထုပ္ပတ်္တိ) ၁၉၇၃၊၁၉၇၃၊၁၉၇၄

၂။ မိုရှေဒါယန် (အတ္ထုပ္ပတ်္တိ) ၁၉၇၄၊၁၉၇၆၊၂၀၀၂

၃။ နစ်ဆင် (အတ္ထုပ္ပတ်္တိ) ၁၉၇၄

၄။ အာယန်းဒေး (သို့) ချီလီပြည်မှကြယ်နီ (အတ္ထုပ္ပတ်္တိ) ၁၉၇၅

၅။ အီဂျစ်သမ္မတဆဒတ် (အတ္ထုပ္ပတ်္တိ) ၁၉၇၅၊၁၉၇၇

၆။ သမ္မတကတော်၏ ဘဝခရီး (အတ္ထုပ္ပတ်္တိ) ၁၉၇၆၊၂၀၀၄

၇။ မာရှယ်တီတိုး (အတ္ထုပ္ပတ်္တိ) ၁၉၇၇၊၁၉၈၀၊၂၀၀၇

၈။ မြန်မာချစ်သော မောင့်ဘက်တန် (အတ္ထုပ္ပတ်္တိ) ၁၉၇၈၊၂၀၀၃၊၂၀၀၇

၉။ ခရူးရှက် (အတ္ထုပ္ပတ်္တိ) ၁၉၇၉

၁၀။ ကစ်ဆင်းဂျား၏ အိမ်ဖြူတော်နှစ်များ ၁၉၈၁၊၂၀၀၃

၁၁။ မိုးမမြင်မြေမမြင် (ဘာသာပြန်) ၁၉၈၁၊၂၀၀၂

၁၂။ ခေတ်ပြိုင် ကမ္ဘာ့ရေးရာ အဘိဓာန် ၁၉၈၂

၁၃။ ကစ်ဆင်းဂျား၏ ကသောင်းကနင်းများ ၁၉၈၃၊၂၀၀၃

၁၄။ စတီးဝဲလ်နှင့် မြန်မာပြည်စစ်မျက်နှာ ၁၉၈၄၊၂၀၀၃

၁၅။ ရှေ့နေကြီး ပယ်ရီမေဆင်နှင့် ခွေးအူသံအမှု၊

၁၆။ - နှင့် ခုနစ်လွှာပျိုဖြူအမှု၊

၁၇။ - နှင့် တေလေမအမှု၊

၁၈။ - နှင့် လျှို့ဝှက်သော စာရေးဆရာမအမှု၊

၁၉။ - နှင့် သေနတ်ကိုင်သော ကလေးအမှု၊

၂၀။ - နှင့် ကတ်္တီပါလက်သည်းအမှု၊

၂၁။ - နှင့် စားပွဲထိုးမကလေးအမှု၊

၂၂။ - နှင့် ခြေရာပျောက်သက်သေအမှု၊

၂၃။ - နှင့် ကချေသည်အမှု၊

၂၄။ - နှင့် ဆေးလိပ်သည်မလေးအမှု၊

၂၅။ - နှင့် အစားထိုးမျက်နှာအမှု၊

၂၆။ - နှင့် လက်နှိပ်စက် စာရေးမအမှု၊

၂၇။ - နှင့် နှစ်ခြမ်းကွဲအိမ်ကြီးအမှု၊

၂၈။ - နှင့် အမွေခံသမီးအမှု၊

၂၉။ - နှင့် အိုင်အိုယူ လူသတ်မှု၊

၃၀။ - နှင့် လင်ကွာမလေး အမှု၊ (၁၉၇၉-၁၉၉၃)

၃၁။ အရှင်ဇနကာဘိဝံသ၏ သာသနာရေး မျှော်မှန်းချက်များ ၁၉၉၃

၃၂။ ကြယ်များဆီသို့ (အာကာသသိပ္ပံဉာဏ်စမ်းပဟေဠိ) ၂၀၀၂

၃၃။ ဒုတိယအတွေး (အတွေးအမြင်ဆောင်းပါးများ) ၂၀၀၃

၃၄။ ကမ္ဘာ့ထိပ်တန်းနိုင်ငံများ၏ နိုင်ငံရေး၊ စိးပွားရေး မြင်ကွင်းကျယ် ၂၀၀၃

၃၅။ ဂလိုဘယ်လိုက်ဇေးရှင်း သဲတရှပ်ရှပ် ၂၀၀၃

၃၆။ နိုင်ငံတကာအတွေး နိုင်ငံတကာအမြင် ၂၀၀၃

၃၇။ သတင်းစာပညာ သဘောတရားနှင့်လက်တွေ့ ၂၀၀၅

၃၈။ မှတ်ဖွယ်သုတ ၂၀၀၅

၃၉။ မှတ်ဖွယ်သုတ-၂ ၂၀၀၆

၄၀။ ဖူကူးယာမ သိုးမလေးဒေါ်လီ အီဒီအာမင်နှင့် မျက်မှောက် ကမ္ဘာ့ရေးရာ ၂၀၀၅

၄၁။ နိုင်ငံခြားသွား စီးပွားရေးလုပ်မည်ဆိုလျှင် ၂၀၀၆

၄၂။ အတ္ထုပ္ပတ်္တိအဘိဓာန် ၂၀၀၇

၄၃။ သူတို့ဆီက စာမြည်းများ ၂၀၀၇

၄၄။ ဂလိုဘယ်လိုက်ဇေးရှင်း ဒုတိယလှိုင်း ၂၀၀၇

၄၅။ မည်သို့သော လူဖြစ်ရမည်နည်း ၂၀၀၇

၄၆။ ဝေါမြို့က မိဝိုင်းသို့ ၂၀၀၇

၄၇။ အမေရိကန်နိုင်ငံနှင့် ယနေ့ကမ္ဘာ၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း ၂၀၀၈

၄၈။ သတင်းဋီကာ ၂၀၀၈

၄၉။ ကမ္ဘာ့စီးပွားရေးဇာတ်ခုံပေါ်က ပုံရိပ်များ ၂၀၀၈

၅၀။ မိတ်ဆွေတိုးပွားရေး ၂၀၀၉

၅၁။ မှတ်ဖွယ်သုတ-၃ ၂၀၀၉

၅၂။ အရင်းရှင်စနစ်၏အနာဂတ်နှင့် ကမ္ဘာ့ရှေ့ရေး ၂၀၀၉

၅၃။ ပါဝါအပျော့နှင့် ကျားလေးကောင် ၂၀၀၉

၅၄။ နိုင်ငံကြီးသားများရဲ့ အက်တိကက် ၂၀၀၉

၅၅။ မာဂရက်သက်ချာ (နိုင်ငံရေး အတ္ထုပ္ပတ်္တိ) ၂၀၁၀

၅၆။ ရှာမှ ရှားတဲ့နိုင်ငံရေးသမား ၂၀၁၀

၅၇။ ပစ်တိုင်းထောင် နိုင်ငံရေးသမား တိန့်ရှောင်ဖိန် ၂၀၁၀

၅၈။ ဝေါမြို့က လာခဲ့တယ် ၂၀၁၀

၅၉။ နိုင်ငံရေး စာကိုးစကားကိုး ၂၀၁၁

၆၀။ ခေတ်မီ နိုင်ငံရေးဝေါဟာရ အဘိဓာန် ၂၀၁၁

၆၁။ နိုင်ငံရေးစာရေးဆရာ တွမ်ပိန်း ၂၀၁၁

၆၂။ ကမ္ဘာ့သမိုင်းမှတ်တိုင်များနှင့် ကမ္ဘာ့သတင်းထူးများမှတ်တမ်း ၂၀၁၂

ပြည်သူ့ခေတ်



No comments: