📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Wednesday, August 19, 2020

မောင်သစ်မင်း

 မောင်သစ်မင်း


ကဗျာဆရာ၊ စာရေးဆရာ၊ တေးရေး ဆရာ မောင်သစ်မင်း (၁၉၅၃၊ ဇွန် ၆ ဖွား – ၂၀၁၁၊ ဇွန် ၅ ဆုံး) ကွယ်လွန်ခြင်း (၃) နှစ်ပြည့် နှင့် အသက် (၆၁) နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် မောင်သစ်မင်း ရေးသား ခဲ့သည့် စတီရီယို သီချင်းကောင်း တချို့ နှင့် ကိုယ်ရေး အကျဉ်းကို မိုးမခ ပရိသတ် အတွက် တက်ဆက်လိုက်ပါသည်။


“…အာခံတွင်းထဲ.. ငုံကာထားတဲ့..

တေး.. တစ်ပုဒ်.. တော့.. ရှိမယ်.. ထင်ရဲ့…”

တေးမြုံငှက်၊ သံစဉ် – ကိုရဲလွင် (မဇ္ဈိမလှိုင်း) ၊ စာသား – မောင်သစ်မင်း၊ တေးဆို ခိုင်ထူး (၁၉၇၉) ၊ ခင်ဝမ်း (၁၉၈၆)၊ 

Music Video URL: http://youtu.be/KQAO-MOO9qc

အနီးဆုံးလူ (၁+၂)၊ သံစဉ်/စာသား – မောင်သစ်မင်း၊ တေးဆို – စိုးပိုင် (၁၉၈၂)

Music Video URL: http://youtu.be/kiSUmBQbhPQ


အချစ်၏လက်များဖြင့်၊ သံစဉ်/စာသား – မောင်သစ်မင်း၊ တေးဆို – မွန်းအောင် (၁၉၈၆)

Music Video URL: http://youtu.be/S6yawWHztu8

ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ၊ သံစဉ်/စာသား – မောင်သစ်မင်း၊ တေးဆို – မွန်းအောင် (၁၉၈၈)

Music Video URL: http://youtu.be/XUaZ4AhL4xw


*************************

မိသားစု ဖွင့် ထားသည့် မောင်သစ်မင်း အမှတ်တရ Facebook စာမျက်နှာ -

https://www.facebook.com/maungthitmin


ကိုယ်ရေး အကျဉ်း

ကဗျာဆရာ၊ စာရေးဆရာ၊ တေးရေးဆရာ မောင်သစ်မင်းကို ၁၉၅၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အဖ ဒုဗိုလ်မှူးကြီး တင်စိုး (တော်လှန်ရေးကောင်စီအဖွဲ့ဝင်) နှင့် အမိ ဒေါ်မြသန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။  အမည်အရင်းမှာ ဦးဒေဝဖြစ်သည်။  မွေးချင်းနှစ်ဦးရှိပြီး အစ်ကိုဖြစ်သူမှာ ဒေါက်တာဝဏ္ဏ ဖြစ်သည်။

၁၉၇၁ ခုနှစ်တွင် ကဗျာ၊ ဝတ္ထုများကို ရေးသားခဲ့ပြီး အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။

မောင်သစ်မင်းသည် ကလေးကဗျာများ၊ ဘာသာပြန်ကဗျာများနှင့် ပင်ကိုယ်ရေးကဗျာများကို ရေးသားခဲ့သည်။  ၁၉၉၁ ခုနှစ်တွင် “သုံးယောက်ကောင်းကင်” ဟုအမည်ရသော လုံးချင်းကဗျာစာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။  မောင်သစ်မင်း၏ ထင်ရှားသော ယင်းကဗျာ စာအုပ်သည် မိရောဆလပ် ဟောလုဗ်၊ ဗါစကို ပိုပါနှင့် ဇဗစ်ဂညူး ဟားဗတ် တို့၏ ကဗျာများကို ဘာသာပြန်ရေးသားခဲ့သော စာအုပ် ဖြစသည်။

မောင်သစ်မင်းသည် တေးမြုံငှက် ဟုအမည်ရသော လုံးချင်းဝတ္ထုအပါအဝင် လုံးချင်းစာအုပ် ၅ အုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။  ယင်းတို့မှာ အရှေ့နေထွက် အနောက်နေဝင် (၁၉၇၅)၊ မပြောကောင်းတဲ့ အကြောင်း လေးတစ်ခု (၁၉၇၅)၊ မနက်ဖြန်သည် အပြာရောင်၊ ငရဲ၌ သစ်ငှက်ဖြစ်စေ နှင့် တေးမြုံငှက်(၁၉၇၇) တို့ဖြစ်သည်။ “ငရဲ၌ သစ်ငုက်ဖြစ်စေ” ဟု အမည်ရသော လုံးချင်းဝတ္ထုသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အတွင်းရှိ ဆရာဝန်များ၏ ဘဝကို ရေးသားထားသော စာအုပ်တစ်အုပ်ဖြစ်သည်။

အသက် ၂၄ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ၁၉၇၇ ခုနှစ်တွင် ရေးသားခဲ့သော တေးမြုံငှက် လုံးချင်းဝတ္ထုသည် ဖြတ်သန်းရာ ဂီတလောကကို နောက်ခံပြုရေးသား ထားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။  စတူဒီယိုခေတ်ဦးကာလအတွင်း ကြိုးစားလှုပ်ရှား နေကြသည့် တေးရေးဆရာတို့၏ သရုပ်မှန်ဘဝနှင့် ကိုယ်တွေ့ အနုပညာသမားဘဝ ဖြတ်သန်းရသည့် အခြေအနေများကို သရုပ်ဖော်ရေးသားထားခြင်းဖြစ်သည်။

ထို့အပြင် တေးမြုံငှက် အမည်ရှိသည့် တေးသီချင်းကိုလည်း ရေးသားခဲ့သည်။  ယင်း တေးသီချင်းကို အဆိုတော် ဂျယ်ရီ (၁၉၇၈/၇၉)၊ ခိုင်ထူး (၁၉၇၉)၊ ခင်ဝမ်း (၁၉၈၆) တို့သီဆိုအောင်မြင်ခဲ့သည်။  တေးမြုံငှက် လုံးချင်းဝတ္ထုနှင့် တေးသီချင်းသည် မောင်သစ်မင်း၏ အောင်မြင်ထင်ရှားသော မှတ်တိုင် အနုပညာလက်ရာတစ်ခုဖြစ်သည်။  ထို့ကြောင့် မောင်သစ်မင်းကို “တေးမြုံငှက်” ဟု ဂီတနှင့် စာပေအသိုင်းအဝန်းတွင် တင်စား ခေါ်ဝေါ်ခဲ့ကြသည်။

၁၉၇၂ ခုနှစ်တွင် အဆိုတော် စိန်သစ်အတွက် တေးသီချင်းများကို စတင်ရေးသားပြီး တေးရေးဆရာ ဘဝကို စတင်ခဲ့သည်။  ယင်းကာလက စတူဒီယိုတေးဂီတကို လမ်းသရဲဂီတ၊ သရုပ်ပျက်ဂီတဟု ဝေဖန် သတ်မှတ်နေချိန်လည်းဖြစ်သည်။  ၁၉၇၃ ခုနှစ်တွင် အဆိုတော် စိန်သစ် နှင့် စိုးပိုင် တို့အတွက် တေးသီချင်းများ ကို ဆက်လက်ရေးသားပေးခဲ့သည်။  မောင်သစ်မင်းရေးသာခဲ့ပြီး စိုးပိုင် သီဆိုခဲ့သည့် “အချစ်ညရင်ခုန်သံ” သီချင်းမှာ အောင်မြင်ကျော်ကြားခဲ့သော တေးသီချင်းတစ်ပုဒ်ဖြစ်သည်။  ၁၉၈၂ ခုနှစ်တွင် အဆိုတော် စိုးပိုင် သီဆိုရန် ရေးသားပေးခဲ့သည့် “အနီးဆုံးလူ” ဟုအမည်ရသော တေးသီချင်းသည် မောင်သစ်မင်း၏ ပထမဦးဆုံးသော ကိုယ်ပိုင်သံစဉ်တေးသီချင်းတစ်ပုဒ်ဖြစ်သည်။

၁၉၈၅ ခုနှစ်တွင် “စင်ပေါ်ကတေးများ” ဟုအမည်ရသော တေးစီးရီးကို ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ကျော်ဟိန်း အတွက် ရေးသားပေးခဲ့သည်။  ၁၉၈၇ ခုနှစ်တွင် “အဓိပ္ပါယ်ရှိသောလူ” ဟု အမည်ရသော တေးစီးရီးကို ကျော်ဟိန်းအတွက် ဆက်လက်ရေးသားခဲ့သည်။  ယင်းတေးစီးရီးနှစ်ခုသည် မောင်သစ်မင်းနှင့် ကျော်ဟိန်း တို့၏ အောင်မြင်ကျော်ကြားသော တေးသီချင်းများ ဖြစ်ခဲ့သည်။

မောင်သစ်မင်းသည် စိန်သစ်၊ စိုးပိုင်၊ မွန်းအောင်၊ ပလေးဘွိုင်းသန်းနိုင်၊ ခိုင်ထူး၊ ကျော်ဟိန်း၊ ဇော်ဝင်းရှိန်၊ တူးတူး၊ ချစ်ကောင်း၊ ထူးအိမ်သင်၊ လေးဖြူ၊ အငဲ၊ အယ်ခွန်းရီ၊ နော်လီဇာ၊ ဟေမာနေဝင်း၊ မေဆွိ နှင့် ထွန်းအိန္ဒြာဗိုလ် အစရှိသည့် အဆိုတော်များအတွက် တေးသီချင်းပေါင်း ၆၀၀ ကျော်ကို ရေးသားပေးခဲ့ သည်။

မောင်သစ်မင်း သည် မကွယ်လွန်မီ “ခေတ်ပြိုင်ဂီတ မှတ်တိုင်များ” အမည်ဖြင့် ဗမာ့ စတီရီယိုတေးဂီတ သမိုင်းကြောင်းဆိုင်ရာ ရုပ်မြင်သံကြားအစီအစဉ်ကို MRTV-4 နှင့် တွဲဖက်စီစဉ်ခဲ့သည်။  ထို့အပြင် မြန်မာနိုင်ငံဂီတအစည်းအရုံးတွင် တွဲဖက်အတွင်းအရေးမှူး(၃) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။

၂၀၀၃ ခုနှစ်တွင် အသက် ၅၀ ပြည့် အမှတ်တရအနေဖြင့် မောင်သစ်မင်း၏ အောင်မြင်ကျော်ကြား ခဲ့သော တေးသီချင်းများကို စုစည်း၍ “တေးမြုံငှက် နှစ်ငါးဆယ် (၁) နှင့် (၂)” တေးစီးရီးနှစ်ခုကို ထုတ်ဝေခဲ့သည်။

၁၉၈၂ ခုနှစ်တွင် မောင်သစ်မင်းသည် ဒေါက်တာအေးအေးစန်းနှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး မောင်သိဒ္ဓိ၊ မောင်ဣဒ္ဓိနှင့် မောင်ကိတ္တိ တို့ကို မွေးဖွားခဲ့သည်။  ဇနီးဖြစ်သူ သည် ၂၀၀၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

မောင်သစ်မင်းသည် ၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၇ မိနစ်တွင် ထိုင်းနိုင်ငံ ဘန် ကောက်မြို့ရှိ Samitivej Srinakarin ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။


မောင်သစ်မင်း အမှတ်တရ

မိုးမခ (ငြိမ်းချမ်းအေး စုစည်းသည်)။ ဇွန် ၀၅၊ ၂၀၁၄

ဓာတ်ပုံ – မောင်သစ်မင်း မိသားစု


http://moemaka.com/archives/38076 မှ.....


No comments: