📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Monday, August 31, 2020

မွန်ပြည်နယ်

              မွန်ပြည်နယ် 




မွန်ပြည်နယ် (မွန်: တွဵုရးဍုါ်မန်) သည် မြန်မာနိုင်ငံရှိ ပြည်နယ်တစ်ခု ဖြစ်သည်။ အရှေ့ဖက်တွင် ကရင်ပြည်နယ်၊ အနောက်ဖက်တွင် မုတ္တမပင်လယ်ကွေ့၊ မြောက်ဖက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် တောင်ဖက်တွင် တနင်္သာရီတိုင်းဒေသကြီးတို့ဖြင့် ဝန်းရံလျက်ရှိသည်။ ပြည်နယ်၏ အရှေ့တောင်ဖက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အနည်းငယ် ထိစပ်လျက်ရှိသည်။ ပြည်နယ်၏ မြို့တော်မှာ မော်လမြိုင်မြို့ ဖြစ်သည်။



တည်နေရာ နှင့် အကျယ်အဝန်း 



မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တောင်ဖက်ပိုင်းတွင် တည်ရှိသည်။ အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်လျှက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။ အနောက်ဘက်တွင် မုတ္တမကွေ့ ဖြင့် ထိစပ်နေသည်။ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂မိနစ် နှင့် ၁၇ ဒီဂရီ ၃၂မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၁မိနစ် နှင့် ၉၈ ဒီဂရီ ၁၃မိနစ်ကြားတွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း (၄၇၄၇.၇၆)၊ ဧကအားဖြင့် (၃၀၃၈၅၆၄) ကျယ်ဝန်းသည်။ အရှေ့အနောက် (၁၂၇)မိုင် ကျယ်ဝန်းပြီး တောင်မြောက်(၁၄၁.၈၈)မိုင်ရှည်လျားသည်။


မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း ပြည်နယ်တစ်ခုဖြစ်သော မွန်ပြည်နယ်၏ အနောက်ဖက် နယ်နမိတ်ကို ကပ္ပလီပင်လယ်၊ မြောက်ဖက်ကို ပဲခူး၊ အရှေ့ဖက်ကို ကရင် နှင့် တောင်ဖက်ကို တနင်္သာရီတို့က ဝိုင်းရံ လျက်ရှိပါသည်။ မွန်ပြည်နယ်သည် စတုရန်းကီလိုမီတာ ၁၂၂၉ ကျယ်ဝန်းပြီး၊ မြို့နယ် ၁ဝ မြို့နယ်ပါဝင်ကာ၊ မော်လမြိုင်သည် မြို့တော်ဖြစ်သည်။ လူဦးရေမှာ ၂.၁၂ သန်း (၂ဝ၁၁ HMIS အချက်အလက် များအရ) ရှိပြီး၊ စတုရန်း ၁ ကီလိုမီတာလျှင် လူဦးရေ သိပ်သည်းမှုနှုန်း ၁၇၂ ဦးရှိပါသည်။ လူဦးရေ၏ ၂၃% သည် မြို့ပြ ဒေသများတွင် နေထိုင်ကြပြီး၊ ကျန်ရှိသော ၇၇% မှာ ကျေးလက် ဒေသများတွင် နေထိုင်ကြပါသည်။ 


သမိုင်းကြောင်း 


မွန်ပြည်နယ် ဟု ဖြစ်ပေါ်ခြင်း မရှိမီက မွန်ပြည်နယ်အဖြစ် ဖွဲ့စည်းထားသော နယ်မြေသည် တနင်္သာရီတိုင်းအတွင်း ပါဝင်ခဲ့သည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် မြိတ်ခရိုင်ကို မြို့နယ် ၆ မြို့နယ်ဖြင့် လည်းကောင်း၊ ထားဝယ်ခရိုင်ကို မြို့နယ် ၄ မြို့နယ်ဖြင့် လည်းကောင်း တနင်္သာရီတိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေး ကောင်စီလက်ထက်တွင် တနင်္သာရီတိုင်းတွင် ပါဝင်သော မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် ၁ အဖြစ် လည်းကောင်း၊ ထားဝယ်ခရိုင် နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် ၂ အဖြစ်လည်းကောင်း သတ်မှတ် ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်ကောင်စီ ကာလ ၁၉၇၄ ခုနှစ်တွင် တနင်္သာရီတိုင်းအမှတ် ၁ ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။



စီးပွားရေး 



ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်း၊ပင်လယ်ပြင် ငါးဖမ်းခြင်း၊ နေလှန်းဆားလုပ်ငန်း၊ငါးပိငါးခြောက်လုပ်ငန်းများ နှင့် နှစ်ရှည်သစ်တောထွက် သီးနှံ့ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းတို့ဖြင့် စီးပွားဖြစ်ထွန်းပါသည်။ ထို့ပြင် နိုင်ငံပိုင် စစ်တောင်းစက္ကူစက်၊ ဘီးလင်းသကြားစက်၊ ဘီးလင်း တာယာစက်ရုံ၊ သံဖြူဇရပ်ရာဘာစက်ရုံ၊ သထုံ တာယာစက်ရုံ တို့လည်း ရှိသည်။



ပညာရေး 



မော်လမြိုင်တက္ကသိုလ် 

နည်းပညာတက္ကသိုလ်(မော်လမြိုင်)

မော်လမြိုင်ပညာရေးကောလိပ် 

ကွန်ပျူတာတက္ကသိုလ်(သထုံ)

အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)



ဆက်သွယ်ရေး 



နာမည်ကျော် စစ်တောင်းတံတားမှ ကားလမ်းခရီးဖြင့် လည်းကောင်း၊ သံလွင်တံတား(မော်လမြိုင်)မှ ရထားခရီးဖြင့်လည်းကောင်း မြန်မာနိုင်ငံအနှံအပြားသို့ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ပြီဖြစ်သည်။


မော်လမြိုင်တွင် ရုပ်မြင်သံကြားထပ်ဆင့်လွင့် ဌာနခွဲတစ်ခုရှိကာ GSM ဖုန်းများကိုလည်း သုံးစွဲနိုင်ပြီဖြစ်သည်။ မွန်ပြည်နယ်တစ်ဝှမ်း တွင် မိုက်ခရိုဝေ့ဖ် စခန်း ၉ ခုတိတိ ရှိသည်။ မွန်ပြည်နယ်တွင် ဆက်သွယ်ရေးအတွက် မိုဘိုလ်းအသုံးပြုနိုင်သော ကွန်ရက်များမှာ MPT, Telenor, Ooredoo, Mytel, MEC တို့ဖြစ်ကြပါသည်။ ယင်းအပြင် အင်တာနက်ဆက်သွယ်ရေးအတွက် MPT, Telenor နှင့် Ooredoo တို့မှလည်း အင်တာနက်ဆက်သွယ်ရေးကို FTTH လိုင်းသာမက Wireless Broadband များဖြင့်လည်း အသုံးပြုနိုင်ပြီဖြစ်ပါသည်။



တွင်းထွက်များ 



ပေါင်မြို့နယ်ရှိ ကာဒိုက်သတ္တုမိုင်း နှင့် မုဒုံရှိ နတ်စိမ်းသတ္တုမိုင်း တို့မှ ခဲမဖြူ ကိုလည်းကောင်း မုပ္ပလင်နှင့် ဇင်းကျိုက်တို့မှ ဂရက်နိုက် ကိုလည်းကောင်း တူးဖေါ်ရရှိသည်။



ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ 



မွန်ပြည်နယ်တွင် ခရိုင် (၂)ခု ရှိသည်။


သထုံခရိုင် 

မော်လမြိုင်ခရိုင်


မွန်ပြည်နယ်တွင် မြို့နယ် (၁၀) ခု ပါဝင်သည်။


ကျိုက်မရောမြို့နယ် 

ကျိုက်ထိုမြို့နယ် 

ချောင်းဆုံမြို့နယ် 

ပေါင်မြို့နယ် 

ဘီးလင်းမြို့နယ် 

မုဒုံမြို့နယ် 

မော်လမြိုင်မြို့နယ် 

ရေးမြို့နယ် 

သံဖြူဇရပ်မြို့နယ် 

သထုံမြို့နယ်


မြို့ပေါင်း (၁၆) မြို့၊ ရပ်ကွက်ပေါင်း (၁၀၀)၊ ကျေးရွာအုပ်စု (၃၆၈) အုပ်စုနှင့် ရွာပေါင်း (၁၁၅၂) ရှိသည်။



စိတ်ဝင်စားဖွယ်နေရာများ 



ကျိုက်ထီးရိုးဘုရား

ကျိုက္ခမီရေလယ်ဘုရား 

ကျိုက်သံလန်စေတီတော် 

စက်စဲကမ်းခြေ အပန်းဖြေစခန်း 

သံဖြူဇရပ် စစ်သင်္ချိုင်း 

သေမင်းတမန် ရထားလမ်း 

ကဗျာဝကမ်းခြေ 

ချောင်းနှစ်ခွ အပန်းဖြေစခန်း 

ဝဲကလိရေပူစမ်း  ပေါ်တော်မူဘုရား



ကိုးကား


(မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၁၇။


 MODiNS [ Myanmar Online Information ]


 မွန်ပြည်နယ်၏ ဒေသန္တရ အချက်အလက်များ။ မွန်ပြည်နယ်အစိုးရအဖွဲ့။ ၁၅ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။


Myanmar Information Management Unit (MIMU)


မွန်ပြည်နယ်၏ နောက်ခံသမိုင်း။ မွန်ပြည်နယ်အစိုးရအဖွဲ့။ ၁၅ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။


နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)




                   အလံတော်



No comments: