📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Tuesday, September 1, 2020

မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး



မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဖက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။

                                 အလံတော် 


သမိုင်းကြောင်း 


မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင် တွေ့ရှိခဲ့ရ။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို "အညာသားယဉ်ကျေးမှု" (Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်)၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ဝတီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ- ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင် (၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ 



                                 စည်းတံဆိပ် 


တည်နေရာနှင့် အကျယ်အဝန်း 



မန္တလေးတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀မိနစ် နှင့် ၂၃ ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၅မိနစ် နှင့် ၉၇ ဒီဂရီ အကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၁၉၂၅.၉၆ စတုရန်းမိုင်[၂] ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆,၁၆၅,၇၂၃ ယောက် ရှိသည်။



ရာသီဥတုပြင်ဆင်


ကွဲပြားခြားနားသော ရာသီဥတုများကို တွေ့ရသည်။ အရှေ့ဖက် တောင်တန်းဒေသများ(မိုးကုတ် နှင့် ပြင်ဦးလွင်) တွင် ပူနွေးစိုစွတ်သော ရာသီဥတုမျိုးတွေ့ရသည်။ ၎င်းဒေသများတွင် အပူချိန်မှာ ၇၀ ဒီဂရီ ဖာရင်ဟိုက် မှ ၇၅ ဒီဂရီ ဖာရင်ဟိုက်ထိရှိသည်။ ဆောင်းဥတုတွင် ၆၀ ဒီဂရီဖာရင်ဟိုက်သာ ရှိတတ်သည်။ မိုးရေချိန်မှာ မိုးကုတ်မြို့တွင် ၁၀ဝ လက်မ၊ ပြင်ဦးလွင်မြို့တွင် ၆၀ လက်မကျော် ထိရရှိပါသည်။


တောင်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးကိုတွေ့ရသည်။ ပျှမ်းမျှအပူချိန်မှာ ၈၈ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး နေ့ခင်းဘက်အပူချိန်မှာ ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိရှိတတ်သည်။ ဆောင်းဥတုတွင်မူ အပူချိန်မှာ ၅၀ ဒီဂရီထိ ကျဆင်းတတ်သည်။ မိုးရေချိန်မှာ မန္တလေးနှင့်ကျောက်ဆည်လွင်ပြင်တွင် ၃၂ မှ ၃၄ လက်မ၊ အလယ်ပိုင်းရှိ မြင်းခြံတွင် ၂၇ လက်မ၊ ပုပ္ပါးတောင်တစ်ဝိုက်ဒေသများတွင် ၄၀ လက်မ ထိရှိတတ်ပြီး ကျန်တောင်ပိုင်းဒေသများတွင် ၅၆ လက်မ ထိရွာသွန်းတတ်ပါသည်။



အုပ်ချုပ်ရေး 



မြို့တော် 


မန္တလေးတိုင်းဒေသကြီး၏ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။



အုပ်ချုပ်ရေး 


မန္တလေးတိုင်းကို ယခင်က ၂၆ဘီလမ်းနှင့် ၆၆လမ်းထောင့်ရှိ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အုပ်ချုပ်ခဲ့သည်။၂၀၁၁ခုနှစ် အစိုးရအသစ်တက်လာချိန်မှစကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအဖြစ် ၆၄လမ်းနှင့် ၂၄လမ်းထောင့်တွင် ဖွင့်လှစ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီးဝန်ကြီးများမှ အုပ်ချုပ်သည်။



ဥပဒေပြုရေး 


၂၀၁၁ခုနှစ် စနစ်အသစ်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များပါဝင်သော တိုင်းဒေသကြီးဥပဒေပြုလွှတ်တော် စတင်ကျင်းပခဲ့သည်။မူလလွှတ်တော်မှာ ၆၅လမ်းနှင့် ၂၄လမ်းထောင့်ရှိ တိုင်းတရားလွှတ်တော်အဆောက်အအုံတွင် တည်ရှိခဲ့ကာ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှစ၍ ၉လမ်း လမ်း၇၀နှင့် ၇၃လမ်းကြားရှိ လွှတ်တော်အဆောက်အအုံတွင် ကျင်းပခဲ့သည်။



ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ 


မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၇)ခု ရှိသည်။


ခရိုင်များ


မန္တလေးခရိုင် 

ကျောက်ဆည်ခရိုင်  

မိတ္ထီလာခရိုင် 

မြင်းခြံခရိုင် 

ညောင်ဦးခရိုင် 

ပြင်ဦးလွင်ခရိုင် 

ရမည်းသင်းခရိုင်


မြို့နယ်ပေါင်း (၂၈) ခု ရှိသည်။


အောင်မြေသာဇံ 

ချမ်းအေးသာဇံ 

မဟာအောင်မြေ 

ချမ်းမြသာစည် 

ပြည်ကြီးတံခွန် 

အမရပူရ 

ပုသိမ်ကြီး 

ပြင်ဦးလွင် 

မတ္တရာ 

စဉ့်ကူး 

မိုးကုတ် 

သပိတ်ကျဉ်း 

ကျောက်ဆည် 

စဉ့်ကိုင် 

မြစ်သား

တံတားဦး 

မြင်းခြံ 

တောင်သာ

နွားထိုးကြီး

ကျောက်ပန်းတောင်း 

ငါန်းဇွန် 

ညောင်ဦး 

ရမည်းသင်း 

ပျော်ဘွယ်

မိတ္ထီလာ 

မလှိုင် 

သာစည်

ဝမ်းတွင်း 


မြို့ပေါင်း (၂၈) မြို့၊ ရပ်ကွက်ပေါင်း (၂၇၁) ကွက်၊ ကျေးရွာအုပ်စု (၁၄၁၅) အုပ်စု၊ ရွာပေါင်း (၄၇၇၇) ရွာ ရှိသည်။



လူဦးရေ 


၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မန္တလေးတိုင်းဒေသကြီး၏ လူဦးရေသည် ၆၁၆၅၇၂၃ဦးဖြစ်ကာ ကျားဦးရေ ၂၉၂၈၃၆၇ မဦးရေမှာ ၃၂၃၇၃၅၆ဦးဖြစ်သည်။မြန်မာနိုင်ငံလူဦးရေ ၅၄သန်း၏ ၁၂ရာခိုင်နှုန်းဖြစ်ကာ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းပြီးလျှင် တတိယအများဆုံးဖြစ်သည်။


မန္တလေးတိုင်းသည် ၁၉၇၃သန်းခေါင်စာရင်းတွင် ၃၆၆၈၄၉၃ဦးနှင့် ၁၉၈၃သန်းခေါင်စာရင်းတွင် ၄၅၇၇၇၆၂ဦးရှိရာ ၁၉၈၃ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ၃၅% တိုးတက်လာခဲ့သည်။တိုင်းပြည်လူဦးရေ၏ ၁၃%ရှိခဲ့ရာမှ ၁၂%သို့ ကျဆင်းသွားသည်။အကြောင်းမှာ ပြည်ထောင်စုနယ်မြေအား မန္တလေးတိုင်းမှခွဲထုတ်၍ ရေတွက်ထားသောကြောင့်ဖြစ်သည်။



မန္တလေးတိုင်းအတွင်းရှိ ခရိုင်များတွင် မန္တလေးခရိုင်မှာ လူဦးရေအများဆုံးဖြစ်ကာ ညောင်ဦးခရိုင်မှာ အနည်းဆုံးဖြစ်သည်။သန်းခေါင်စာရင်းကောက်ယူစဉ်က ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်အတွင်း ထည့်သွင်းခြင်း မပြုရသေးပေ။



မန္တလေးတိုင်း၏ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၂၀၀ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၇၆ဦးနှင့် နှိုင်းယှဉ်ပါက အင်မတန်မြင့်မားနေသည်။ရန်ကုန်တိုင်းပြီးလျှင် ဒုတိယမြောက် လူဦးရေအသိပ်သည်းဆုံးနယ်ပယ်ဖြစ်သည်။၁၉၇၃တွင် ၉၉ဦး၊၁၉၈၃တွင် ၁၂၄ဦးရှိခဲ့ရာမှ ၂၀၀ဦးသို့ မြင့်တက်လာခြင်းဖြစ်သည်။


တိုင်းဒေသကြီးအတွင်း လူ၁၀၀၌ ၆၅ဦးသည် ကျေးလက်၌ နေထိုင်ကြပြီး ၃၅ဦးသည် မြို့ပြတွင် နေထိုင်ကြသည်။မြို့ပြဦးရေ ၇၀%ရှိသော ရန်ကုန်တိုင်းနှင့် ၃၆%ရှိသော ကချင်ပြည်နယ်ပြီးလျှင် တတိယအများဆုံးဖြစ်သည်။ မန္တလေးတိုင်း၏ လူဦးရေအများစုမှာ ဗမာလူမျိုးများဖြစ်သည်။သို့သော်မန္တလေးမြို့ပြဧရိယာတွင် ယူနန်ပြည်မှပြောင်းလာသော တရုတ်လူမျိုးများလည်းနေထိုင်ကြသည်။ အိန္ဒိယလူမျိုးများလည်းနေကြသည်။ တိုင်းဒေသကြီး၏ အရှေ့ဘက်နယ်စပ်တစ်လျောက်တွင် ရှမ်းလူမျိုးများလည်းနေထိုင်ကြသည်။



ဒေသထွက်ကုန်များ 


ဒေသထွက်ကုန်များအနေဖြင့် မြင်းခြံဒေသမှ ကြက်သွန်၊ငရုတ်၊ ကျောက်ပန်းတောင်းဒေသမှ အာလူး၊ စသည်တို့ထွက်ရှိသည်။ မြန်မာတို့၏ ဒြပ်ရှိယဉ်ကျေးမှုဟု သတ်မှတ်ခံထားရသော ယွန်းထည်များကို ပုဂံဒေသမှ ထွက်ရှိသည်။


တွင်းထွက်များ 


တွင်းထွက်ပစ္စည်း အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့ မှ ထွက်ရှိသော ပတ္တမြားသည် မြန်မာတွင်သာမက ကမ္ဘာမှာပါ နာမည်ကြီးသော တွင်းထွက်ရတနာတစ်မျိုးဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့အပြင် ၊ နီလာ စသော ကျောက်မျက်ရတနာများလည်း ထွက်သည်။ ဘုရားစေတီများတွင် တင်လှူပူဇော်လေ့ရှိသော စိန်ဖူးတော်များကို မိုးကုတ်မြို့တွင်သာ ထွင်းထုပြုလုပ်လေ့ရှိသည်။



ကိုးကား 


(မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၁၇။ 


၂.ဝ ၂.၁ ၂.၂ တိုင်းဒေသကြီးအကြောင်း။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ ၁၁ မေ ၂၀၁၅ တွင် ပြန်စစ်ပြီး။ 


နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)


Stephen Mansfield။ "Myanmar's Chinese connection"၊ The Japan Times၊ 1999-05-13။


D.P.S. MYANMAR GUIDE MAP. 2000.


မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်




No comments: