📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Thursday, August 20, 2020

မြို့မငြိမ်း

 မြို့မငြိမ်း


ကောဇာသက္ကရာဇ် ၁၂၇၀ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်၊ ခရစ်နှစ် ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်၊ တနင်္လာနေ့မှာ မွေးဖွားခဲ့တဲ့ ဆရာမြို့မငြိမ်းဟာ ဒီနှစ် ၂၀၁၄ ခုနှစ်မှာဖြင့် ၁၀၅ နှစ်ပြည့်ပါပြီ။ ထို့အတူ ၁၃၁၇ခုနှစ် ဝါခေါင်လပြည့်ကျော်၁၃ရက်၊ ၁၉၅၅ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာ ကွယ်လွန်ခဲ့လို့ ၅၉နှစ်မြောက် နှစ်ပတ်လည်ချိန်လည်း ဖြစ်ပါတယ်။

တကယ်တော့ ဂီတအနုပညာရှင်ကြီးမြို့မငြိမ်းနှင့်ယခုအခါ ၈၉ နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ မန္တလေး မြို့မတူရိယာအသင်းကြီးဆိုတာကလည်း ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်းပမာလို ခွဲခြားလို့မရစကောင်းပါဘူး။ ပန်းချီဦးဘသက်၊ ဓားတန်းဦးသန့် စတဲ့ အနုပညာရှင်ကြီးများနှင့်အတူ ဆရာမြို့မငြိမ်းကလည်း မြို့မတူရိယာအသင်းကြီးစတင်တည်ထောင်ဖွဲ့စည်းစဉ်ကပါဝင်ခဲ့ကြတာပါ။ အသင်းကြီးစတင်ဖွဲ့စည်းပြီး ရေးဆွဲခဲ့တဲ့ အသင်းဖွဲ့စည်းပုံစည်းမျဉ်းတွေမှာ အသင်းရဲ့ရည်ရွယ်ချက်တွေကို စံနစ်တကျ ချမှတ်ခဲ့ကြတဲ့အခါ… ဒီရည်ရွယ်ချက်တွေအနက် မြန်မာသီချင်းကြီးတွေ ဆည်းပူးပြန့်ပွားစေရမယ်။ ကမ္ဘာသုံးတူရိယာတွေ လေ့လာသင်ကြားတတ်မြောက်ရမယ်။ Music Note အမှတ်အသားပညာနှင့် ရေးထားတဲ့ တူရိယာပညာကို လေ့လာဆည်းပူးရမယ်။ ကမ္ဘာ့ခေတ်မီတူရိယာဝိုင်းကြီးဖြစ်မြောက်စေရမယ်ဆိုတဲ့ အချက်တွေပါပါတယ်။ မြို့မတူရိယာအသင်းရဲ့ရည်ရွယ်ချက်ဟာ မြို့မငြိမ်းရဲ့ ရည်ရွယ်ချက်ပါ။ မြို့မငြိမ်းရဲ့ရည်ရွယ်ချက်ကလည်း မြို့မတူရိယာအသင်းရဲ့ ရည်ရွယ်ချက်ပါပဲ။ ဒါကြောင့် မြို့မငြိမ်းဟာ သီချင်းရေးဆရာမျှ မည်ကာမတ္တမဟုတ်ပါဘူး။ ဂီတဆရာမျှ မည်ကာမတ္တမဟုတ်ပါဘူး။ မြို့မငြိမ်းက ဒီကြီးကျယ်မြင့်မားတဲ့ရည်ရွယ်ချက်တွေနဲ့ သီချင်းရေးစပ်ခဲ့တာပါ။ ဂီတသီဖွဲ့ခဲ့တာပါ။


အခုဆိုရင် မြို့မငြိမ်း ၁၀၅ နှစ်မြောက်ပါပြီ။ မြို့မငြိမ်းကွယ်လွန်ခဲ့တာလည်း ၅၉ နှစ် ပြည့်ခဲ့ပါပြီ။ ဒါကြောင့် အခုအစီအစဉ်မှာ မြို့မငြိမ်းနှင့် မြို့မတူရိယာအသင်းရဲ့ အဆက်အစပ် အဖြတ်အသန်းနှင့်အတူ မြို့မငြိမ်းနှင့် မြို့မတူရိယာအသင်းတို့ မျှော်လင့်စိတ်ကူးတွေကို ထင်ဟပ်ခဲ့တဲ့ သီချင်းတွေကိုစဉ်းစားကြည့်မိပါတယ်။ ဒီသီချင်းတွေနဲ့ လက်ရှိမြိ့ုမကိုလည်း ချိန်ထိုးကြည့်မိပါတယ်။ ဒါကြောင့်…….. တော်လေးတော် မြို့မငြိမ်းရေးစပ်ခဲ့တဲ့သီချင်းတွေထဲမှာ "တော်လေးတော်”လို့ ကမ္ပည်းတင်ခဲ့ကြတဲ့ နန်းမြို့တော်၊ မြင်းခင်းတော်၊ ရေခင်းတော်၊ ပါရမီတော်ဆိုတဲ့ သီချင်း ၄ပုဒ်ကလည်း ကျမ်းကိုးကျမ်းကားတွေနဲ့ ခံ့ညားစွာရေးစပ်ခဲ့တဲ့ သီချင်းတွေမို့ ဒီသီချင်းတွေကို မြိ့ုမကတီးမှုတ်သီဆိုတိုင်း အသင်းဂုဏ်မြောက် အသင်းကျက်သရေတိုးတက်နေမှာပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးသီချင်း ကျွန်တော်တို့ကမ္ဘာမြေမှာ လူဆိုတဲ့ အသိဉာဏ်ရှိသတ္တဝါတွေ ပေါက်ဖွားနေထိုင်ခဲ့ကြတာ အတိအကျ ရေတွက်နိုင်တဲ့ကာလအပိုင်းအခြားမရှိပါဘူး။ နှစ်ပေါင်းသန်းချီကတည်းကဆိုတဲ့အမှတ်အသားပဲ ရှိမှာပါ။ သို့သော်ငြား မှတ်တမ်းမှတ်ရာအနေနှင့် ရှိနေခဲ့တာကတော့ တစ်ကမ္ဘာလုံး လူသားမျိုးတုံးပျောက်ကွယ်နိုင်တဲ့ "ကမ္ဘာစစ်"ကြီးတွေပါပဲ။ ကြုံရသူတိုင်း သွေးပျက်ဖွယ် အနိဋ္ဌာရုံအိပ်မက်ဆိုးကြီးတွေပါပဲ။ ၂ ကြိမ်တိုင်ဖြစ်ပွားခဲ့တဲ့ ကမ္ဘာစစ်ကြီးအနက် ဒုတိယကမ္ဘာစစ်ကြီးကိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံကလည်း ပျက်သုန်းလုမတတ်မျှ ခံခဲ့ရပါတယ်။ အလားတူ တစ်ဆက်တည်း ပြည်တွင်းစစ်ကြီးကိုလည်း ကြုံရပါတယ်။ လူသားမျိုးနွယ်ရဲ့အန္တရာယ်လည်းဖြစ်၊ ကိုယ့်ပြည် ကိုယ်နိုင်ငံမှာလည်း အဟန့်အတားတွေဖြစ်စေတဲ့ "စစ်ပွဲ"ကြီးတွေ ရှောင်လွှဲပြီး ငြိမ်းချမ်းစေမယ့်ကမ္ဘာဆီဦးတည်တဲ့အနေနဲ့ မြို့မငြိမ်းဟာ "ကမ္ဘာ့ငြိမ်းချမ်းရေး"သီချင်းကိုလည်း ရေးစပ်ခဲ့ပါတယ်။ ကမ္ဘာမှာ တတိယကမ္ဘာစစ်ကြီးဆီဦးတည်နေတဲ့ကာလ ၁၉၅၃ ခုနှစ်၊ တရုတ်ပြည် ပီကင်းမြို့မှာကျင်းပခဲ့တဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးအစည်းအဝေးကြီးအတွက် ဆရာမြို့မငြိမ်းရေးစပ်ခဲ့တဲ့ "ကမ္ဘာ့ငြိမ်းချမ်းရေး"သီချင်းကို ဒီကနေ့အချိန်မှာအကြိမ်ကြိမ်ပြန်လည် သီဆိုတီးမှုတ်ဖို့ အချိန်အခါကောင်းပါ။ စာဆိုခံလလုံး မည်သည့်ကဗျာဆရာ၊ မည်သည့်စာဆို၊ မည်သည့် တေးပြုသူမဆို "လ"ရဲ့ဂုဏ်ရည်ကို မရေးစပ်၊ မဖွဲ့သီဘဲ မရှိခဲ့ကြပါဘူး။ ဒီအထဲမှာ ဆရာမြို့မငြိမ်းက လနှင့်အတူ လပြည့်ညရဲ့ ခံစားမှုတွေအပေါ် လရဲ့ ပထဝီဝင်အချက်အလက်တွေကိုပါမကျန် နူးညံ့သိမ်မွေ့စွာဖွဲ့သီတာက အများနှင့်မတူ။ "လပြည့်ဝန်း"မဟုတ်ပါဘဲ "လလုံး"တဲ့လေ။ ဒါကြောင့် ထူးခြားဆန်းသစ်တဲ့ မြို့မငြိမ်းရဲ့ "စာဆိုခံလလုံး"ကိုလည်း မြိ့ုမအနေနဲ့ မေ့လျှော့ထားလို့မရပါဘူး။ အခုဝါခေါင်လပြည့်(သြဂုတ်၁၀ရက်)ညက ကြုံရတဲ့ “စူပါမွန်း”ဟာ “စာဆိုခံလလုံး” ကိုအထူးသတိရစေပါတယ်။ ဒီညမှာ မြိ့ုမက “စာဆိုခံလလုံး”ကိုများ သီဆိုတီးမှုတ်ပြီး မြိ့ုလူထုကိုဖျော်ဖြေလိုက်ရင်ဆိုတဲ့ လောဘနဲ့ပေါ့ဗျာ….။ မင်းလက်ဝဲသုန္ဒရ ဂန္ထဝင်စာပေတွေနှင့် နှံ့စပ်ခဲ့တဲ့ မြို့မငြိမ်းအဖို့ ရတုတစ်ပုဒ်ရဲ့ဂုဏ်မြောက်အဖွဲ့အနွဲ့ကြောင့် အချုပ်အနှောင်က ကင်းလွတ်ခဲ့ရတဲ့စာဆို လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ပုံရိပ်ကိုလည်း စိတ်ထဲ မှတ်ထင်စွဲနေမှာ သေချာပါတယ်။ မြို့မငြိမ်းဟာ ဒီဖြစ်အင်နှင့်ပတ်သက်ပြီး သီချင်းရေးစပ်သီကုံးရာမှာ ထူးခြားစွာနှင့် မူကွဲရှိနေပြန်ပါတယ်။ ဓာတ်ပြားခေတ်အနေနှင့် အမျိုးသားဆိုတဲ့ မင်းလက်ဝဲသုန္ဒရအမည်ရှိ သီချင်းနဲ့ လေဘာတီမမြရင်သီဆိုခဲ့တဲ့ "မဲဇာရွှေလီ"ဆိုတဲ့ သီချင်း ၂ ပုဒ်ပါပဲ။ ဒီမူကွဲ ၂ ပုဒ်စလုံးကိုလည်း မြို့မရဲ့တီးဟန်၊ ဆိုဟန်အသစ်တွေနဲ့ မြိ့ုမကို ငယ်မူပြန်စေချင်စမ်းပါဘိ။ ထိုသုံးပါး ဆရာမြို့မငြိမ်းဟာ ဒုတိယကမ္ဘာစစ်ကြီးကိုကြုံရစဉ်ကာလ စစ်ပြေးဒုက္ခသည်အဖြစ် မန္တလေးအနောက်ပြင် စကုတိုက်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာလည်း ခိုလှုံခဲ့ရပါတယ်။


ဒီအချိန် သံဃာတော်များရဲ့ မေတ္တာ၊ စေတနာများကို ခံယူခဲ့ရမှုအပေါ် မမေ့နိုင်ဘဲ "ထိုသုံးပါး"သီချင်းကို ရေးစပ်ခဲ့တာလည်း အမှတ်တရပါ။ အခု ဒီသီချင်းကို သီဆိုတီးမှုတ်ရင်း သံဃာတော်များက လူမျိုးမရွေး ဘာသာမရွေး ရန်သူမျိုး၅ပါးနဲ့ကြုံသူတိုင်းကို စောင့်ရှောက်ခဲ့တာတွေ ပြန်လည်တမ်းတ ဂုဏ်ယူနိုင်မှာပါ။ မေဓာဝီ တည်ကြ၊ ခံ့ကြစို့ဆိုရင်လည်း ကျောက်စိုင်ကျောက်သားကြီးလို တည်ခံ့ခဲ့သလို အပျော်အရွှင်၊ အသော့အသွက်မှာလည်း အူးမြူးရွှင်ပျ၊ အရည်ပျော်မတတ်ကြည်နူးရတဲ့သီချင်းတွေကိုလည်း ဆရာမြို့မငြိမ်းရေးဖွဲ့ခဲ့ပါတယ်။ ဒီသီချင်းတွေအနည် "မေဓာဝီ"ဆိုတဲ့သီချင်းကလည်း အထင်အရှားပါ။ ကပ်သီးကပ်သပ်အမြင်နဲ့ရေးဖွဲ့ထားတဲ့ "မေဓာဝီ"သီချင်းကလည်း မြို့မအတွက် ရတနာတစ်ပွင့်ပါပဲ။ သက်ေ၀ မြို့မငြိမ်းရဲ့အချစ်ဘွဲ့သီချင်းတွေအနက် "သက်ဝေ"သီချင်းဟာ ထင်ရှားလှပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကြိုက်နှစ်သက်လွန်းလှလို့ အပါးတော်မြဲ ဗိုလ်ထွန်းလှတို့မောင်နှံကို စိတ်လိုလက်ရရှိတိုင်း ဗိုလ်ချုပ်က သီဆိုခိုင်းပြီး ဆရာကြီးဒဂုန်တာရာက စန္ဒရားတီးပေးရပါသတဲ့။ နှစ်ယောက်ထဲ မေတ္တာဘွဲ့တွေမှာ သိမ်မွေ့လှတယ်လို့ ကောက်ချက်ချကြရတဲ့ သီချင်းတွေထဲမှာ "နှစ်ယောက်ထဲ"ဆိုတဲ့ သီချင်းဟာ ထင်ရှားလှပါတယ်။ မြို့မနဲ့ "နှစ်ယောက်ထဲ"သီချင်းကလည်း ဖွားဖက်တော်ပမာ လိုက်ဖက်လှပါတယ်။ မြိ့ုမမှာ"နှစ်ယောက်ထဲ”သီချင်းမပါရင် မပြည့်စုံပါဘူး။ မေတ္တာမိုးရေ မြန်မာလူမျိုးအဖို့ မေတ္တာဟာ အဓိကကျပါတယ်။ တစ်ဦးနှင့်တစ်ဦး မေတ္တာထားကြ၊ မေတ္တာပို့ကြတယ်ဆိုတာ ယဉ်ကျေး အဆင့်မြင့်တဲ့ ပြုမူမှုတွေပါ။ ဒါကြောင့် ရှေးကတည်းက "မေတ္တာစာ"ဆိုတဲ့ လင်္ကာအဖွဲ့အနွဲ့တွေခေတ်စားခဲ့ပါတယ်။ ဦးပုညရဲ့ မေတ္တာစာများကလည်း အထင်အရှားပါ။ ဆရာမြို့မငြိမ်းကလည်း မေတ္တာပို့၊ မေတ္တာစာသီချင်းများ ရေးစပ်ခဲ့ပါတယ်။ မြို့မက သီဆိုခဲ့တဲ့ ပို့သမြို့မမေတ္တာ၊ မေတ္တာမိုးရေ၊ ထပ်တရာလမ်း၊ စန်းကြည်အမည်ရှိတဲ့ မေတ္တာပို့သီချင်း ၄ ပုဒ်ထဲက "မေတ္တာမိုးရေ" သီချင်းဟာ ထူးခြားဆန်းသစ်ပါတယ်။ တမင်လှသူ မြို့မငြိမ်းဟာ အဟောင်းဆိုတဲ့ဂန္ထဝင်တွေလည်း ကျေညက်ခဲ့တယ်။ ဒါပေမယ့် "အသစ်"ကို ကြိုလင့်သူပါ။ အတွေးသစ်၊ အမြင်သစ်၊ သံစဉ်သစ်ကိုအမြဲတွေးတောပါတယ်။ ဒီလို "အသစ်"သီချင်းလေးတွေထဲက "တမင်လှသူ"သီချင်းကလည်း မြို့မရဲ့တီးလုံးဆန်းတွေကို ပြသနိုင်တာပေါ့။ နတ်ရှင်နောင် မြို့မငြိမ်းဟာ အတိတ်က ဂန္ထဝင်စာဆိုကြီးတွေရဲ့ ဂုဏ်ကျေးဇူးကို အထူးလေးစားဖော်ပြဖွဲ့ဆိုသူတစ်ဦးပါ။ ဒီအထဲက တောင်ငူဘုရင် နတ်ရှင်နောင်လည်း အပါအဝင်ပါပဲ။ ရတုဘုရင်ရယ်လို့လည်း စာပေမှာ ဂုဏ်မြောက်ကျန်ရစ်သူ နတ်ရှင်နောင်ကို သူ့ရဲ့ဂန္ထဝင်မြောက် "ပေါ်နွေလလျှင်"အစချီရတုပိုဒ်ကိုပင် မူရင်းအတိုင်း လိုက်ဖက်စွာထည့်သွင်းစပ်ဆိုခဲ့တဲ့ "နတ်ရှင်နောင်"သီချင်းဟာ တစ်ချိန်က အဆိုတော်ကြီး ပြည်လှဖေအသံနှင့် ထင်ရှားခဲ့ပါတယ်။ အခု မြို့မက"နတ်ရှင်နောင်"ကို ဝိုင်းပြည့် ခံ့ခံ့ညားညားတီးမှုတ်လိုက်ရင်ဖြင့်…..။ ဒါတွေကနမူနာမျှသာပါ။ ဧည့်ခံသီချင်း၊ အငြိမ့်သီချင်း၊ သြင်္ကန်သီချင်းတွေလည်း မြိ့ုမအတွက် အများအပြားရေးသားတေးဖွဲ့ပေးခဲ့တာပါ။ မြို့မအတွက်ဒီကနေ့အထိသုံးစွဲမကုန်တဲ့ ရတနာသိုက်ကြီးကို မြိ့ုမငြိမ်းက ကွန်ချက်ပါပြပြီး အမွေပေးခဲ့တာပါ။ မြို့မငြိမ်းနှင့် မြို့မဟာ ဒင်္ဂါးပြားရဲ့ ခေါင်းနှင့်ပန်းပမာလို့ တင်စားခဲ့ကြပါပြီ။ မြို့မမောင်ညိန်းရေးသီသည် ဆိုတဲ့ ဓာတ်ပြားခေတ်သီချင်းများမှသည် နောက်ပိုင်း မြို့မငြိမ်းရယ်လို့ ကမ္ပည်းတင်ခဲ့တာလည်း အထင်အရှားပါ။ အလားတူပါပဲ ယနေ့သက်တမ်း ၈၉ နှစ်အထိ "မြို့မတူရိယာအသင်း"လို့ ခိုင်မာနေခြင်းဟာလည်း မြို့မငြိမ်းရဲ့သီချင်း ဂီတတွေကအဓိကမဏ္ဍိုင်ကြီးဖြစ်ခဲ့တယ်ဆိုတာမငြင်းပယ်နိုင်ပါဘူး။ 


Credit~ ဆူးငှက်


No comments: