📚📚ဘာမှမသိသော ကျွန်ုပ်လိုလူမျိုး အခြားတစ်ယောက်မရှိစေရ

Tuesday, September 1, 2020

ပဲခူးတိုင်းဒေသကြီး

         ပဲခူးတိုင်းဒေသကြီး



ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးခုနှစ်ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မြို့တော်မှာ ပဲခူးမြို့ (ဍုင်ဗဂေါ)ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄,၈၆၇,၃၇၃ ဦး[၁] ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ် (၂၈) မြို့နယ်၊ မြို့(၅၁)မြို့၊ ရပ်ကွက်ပေါင်း (၃၂၅) ခု၊ ကျေးရွာအုပ်စုပေါင်း(၁၄၁၀) အုပ်စု နှင့် ကျေးရွာပေါင်း (၆၄၄၁) ရွာပါဝင်ပါသည်။

                               အလံတော် 


တည်နေရာ 


ပဲခူးတိုင်းဒေသကြီးသည် မြောက်ဘက်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် မကွေးတိုင်းဒေသကြီး၊ အရှေ့ဘက်တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ တောင်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။


မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၇ မိနစ်မှ ၁၉ ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၄ ဒီဂရီ ၃၅ မိနစ်မှ ၉၇ ဒီဂရီ ၁၀ မိနစ် အတွင်းကျရောက်ပြီး ဧရိယာအားဖြင့် ၉၇၃၇၀၄၃ဧက၊ စတုရန်းမိုင်အားဖြင့် ၁၅၂၁၄.၁၀ စတုရန်းမိုင် ကျယ်ဝန်းသည်။


                               စည်းတံဆပ် 


သမိုင်းကြောင်း 


ဒုတိယအကြိမ် ကျူးကျော်စစ်ပွဲအပြီး ၁၈၅၃-ခု၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့၏ ကိုလိုနီအဖြစ် အပြီးအပိုင် သိမ်းပိုက်ခြင်းခံရသည်။ ထိုအချိန်မှစ၍ ကိုလိုနီအုပ်ချုပ်ရေး စနစ်အရ ပဲခူးတိုင်းကို စတင်ဖွဲ့စည်းခဲ့သည်။


ပဲခူးတိုင်းတွင် မြန်မာသမိုင်းကြောင်း၌ ထင်ရှားခဲ့သော မင်းနေပြည်တော်ဟောင်းများ ပါဝင်နေပေသည်။ အရှေ့မြောက်ပိုင်းတွင် ကေတုမတီ အမည်ဖြင့် ကျော်ကြားခဲ့သော မြန်မာပဒေသရာဇ်တို့၏ နေပြည်တော်ဟောင်း တောင်ငူမြို့တည်ရှိပေသည်။ အနောက်မြောက်စွန်းတွင် မြန်မာသမိုင်းဦး၌ ကြီးကျယ်စည်ကားခဲ့သော ပျူလူမျိုးတို့၏ မြို့တော် သရေခေတ္တရာမြို့ဟောင်း ရှိပေသည်။ ပဲခူးတိုင်း၏ မြို့တော်ဖြစ်သော ပဲခူးမြို့သည်လည်း ရှေးအတိတ်ကာလက မွန်ပဒေသရာဇ်တို့ ထီးနန်းစိုက်ခဲ့ရာ ဟံသာဝတီ မင်းနေပြည်တော်အဖြစ် ထင်ရှားခဲ့ပေသည်။


ပဲခူးတိုင်းတွင်ယခင်က ပဲခူးခရိုင်၊ ဟံသာဝတီခရိုင်၊ သာယာဝတီ ခရိုင်၊ အင်းစိန်ခရိုင်၊ ပြည် ခရိုင်နှင့် တောင်ငူခရိုင်ဟူ၍ ခရိုင်(၆)ခု ပါဝင်ခဲ့ပါသည်။ ၁၉၆၂ခုနှစ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အုပ်ချုပ်မှုစီမံကိန်းအရ ပြည်နယ်/တိုင်းနှင့်ခရိုင်များ သတ်မှတ်ဖွဲ့စည်းရာတွင်လည်း ပဲခူးတိုင်းသည် အဆိုပါ ခရိုင်(၆)ခရိုင်ဖြင့်ပင် ဆက်လက်တည်ရှိခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏(၂၉.၉.၁၉၆၅) ရက်စွဲဖြင့် အင်းစိန်ခရိုင်မှ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ်(၄)မြို့နယ်ကို ထုတ်နှုတ်၍ မှော်ဘီခရိုင်အဖြစ် ပဲခူးတိုင်းတွင်ထည့်သွင်းဖွဲ့စည်းခဲ့ပြီး မှော်ဘီမြို့ တွင် ခရိုင်ရုံးစိုက်ခဲ့ပါသည်။


ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆.၁၀.၁၉၆၅)ရက်စွဲဖြင့် မှော်ဘီခရိုင်ကို မြို့နယ်(၄)မြို့နယ်ဖြင့်လည်းကောင်း၊ (၄.၁၁.၁၉၆၅) ရက်စွဲဖြင့် တောင်ငူခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပြည်ခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပဲခူးခရိုင်ကို မြို့နယ်(၈) မြို့နယ်ဖြင့်လည်းကောင်း၊ ဟံသာဝတီခရိုင်ကို မြို့နယ်(၇)မြို့နယ်ဖြင့်လည်းကောင်း၊ သာယာဝတီခရိုင်ကို မြို့နယ်(၈)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်း၍ ပဲခူးတိုင်းဟု သတ်မှတ်ခဲ့ရာ ပဲခူးတိုင်းတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ်(၃၉)မြို့နယ်ပါဝင်ခဲ့ပါသည်။


(၂၀.၆.၁၉၇၂)ရက်စွဲဖြင့် ပဲခူးတိုင်းအတွင်းမှ မှော်ဘီခရိုင်နှင့် ဟံသာဝတီခရိုင်တို့ကို ရန်ကုန် တိုင်းအတွင်း ထည့်သွင်းဖွဲ့စည်းခဲ့သဖြင့် ပဲခူးတိုင်းတွင် ခရိုင်(၄)ခရိုင်နှင့်မြို့နယ်(၂၈)မြို့နယ် ကျန်ရှိ ခဲ့ပါသည်။ ထို့နောက် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၃.၈.၁၉၇၂) ရက်စွဲဖြင့် ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့ပါသည်။ နိုင်ငံတော်ကောင်စီကာလတွင် ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၁အရ ပဲခူးတိုင်းသည် နိုင်ငံတော်၏ တိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။



နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် (၁၈.၁၀.၁၉၈၉) ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းများအလိုက် မြို့နယ်စုများ သတ်မှတ်ဖွဲ့စည်းရာ၌ ပဲခူးတိုင်းအတွင်း ပဲခူးမြို့နယ်စု၊ ပြည်မြို့နယ်စုနှင့် တောင်ငူမြို့နယ်စု၊ သာယာဝတီမြို့နယ်စုဟူ၍ မြို့နယ်စု(၄)စု ပါဝင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ (၇.၁၀.၁၉၉၂) ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် မြို့နယ်စုများ၏အမည်ကို ခရိုင်ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ လက်ရှိ ပဲခူးတိုင်းဒေသကြီးတွင်ခရိုင်(၄) ခရိုင်၊ မြို့နယ်(၂၈) မြို့နယ်၊ မြို့(၄၂)မြို့၊ ရပ်ကွက်(၂၈၈) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄၁၈)အုပ်စု၊ ကျေးရွာ (၆၄၉၅)ရွာဖြင့် ဖွဲ့စည်းထားရှိပါသည်။



ရည်မှန်းချက် 


ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်မှချမှတ်ထားသော ရည်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲပြီး အပြီးသတ်ငြိမ်းချမ်းမှုရရှိရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ပြည်သူလူထုအများစု၏ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ စိုက်ပျိုးမှု၊ ဖြန့်ဖြူးမှု ရောင်းချမှု မရှိစေရေးနှင့် သုံးစွဲမှုများကို တားဆီးနှိမ်နင်ရေး၊ ကျေးလက်ဒေသနှင့်မြို့ပြ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး စသည့် ရည်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


မူဝါဒ 


ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရင်ကြား စေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးစသည့် မူဝါဒ(၄)ရပ်ကို အခြေခံသည့် တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲပြီး အပြီးသတ်ငြိမ်းချမ်းမှုရရှိရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကိုရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ပြည်သူလူထုအများစု၏လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မား ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မူဝါဒချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။



ဖွဲ့စည်းပုံပြင်ဆင်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ခ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များ အရ "ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့" ကို ဝန်ကြီးချုပ်ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး(၇)ပါး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားရှိပါသည်။


ရာသီဥတု 


ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းဒေသများသည် အကြမ်းအားဖြင့် စိုစွတ်သော မုတ်သုံရာသီဥတုရရှိကာ မြောက်ပိုင်းဒေသများမှာမူ ခြောက်သွေ့သည့် ရာသီဥတုရှိပါသည်။ ပဲခူး၊ တောင်ငူနှင့် ပြည်မြို့များတွင် နွေဥတု အပူဆုံးကာလများတွင် အပူချိန် ၈၈ ဒီဂရီ မှ ၉၀ ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်သည်။ ပျှမ်းမျှအားဖြင့် တိုင်းဒေသကြီးတစ်ခုလုံး၏ အပူချိန်မှာ ၇၅ ဒီဂရီ ဖာရင်ဟိုက်ဖြစ်သည်။ မိုးရေချိန်မှာ အမြင့်ဆုံးအားဖြင့် မြစ်သားမြို့တွင် ၁၃၂.၃၆ လက်မထိ စံချိန်တင်ရောက်ရှိခဲ့ဖူးသကဲ့သို့ အနိမ့်ဆုံးအားဖြင့် ပြည်မြို့တွင် ၄၅.၄၉ လက်မသာရရှိခဲ့ဖူးသည်။



ပါဝင်သောမြို့နယ်များ 



ကဝမြို့နယ် 

ကျောက်ကြီးမြို့နယ် 

ကျောက်တံခါးမြို့နယ် 

ကြို့ပင်ကောက်မြို့ 

နယ်ဇီးကုန်းမြို့နယ် 

ညောင်လေးပင်မြို့နယ် 

တောင်ငူမြို့နယ် 

ထန်းတပင်မြို့နယ် 

ဒိုက်ဦးမြို့နယ် 

နတ်တလင်းမြို့နယ် 

ပဲခူးမြို့နယ် 

ပန်းတောင်းမြို့နယ် 

ပေါက်ခေါင်းမြို့နယ် 

ပေါင်းတည်မြို့နယ်

ပြည်မြို့နယ် 

ဖြူးမြို့နယ်

မင်းလှမြို့နယ် 

မိုးညိုမြို့နယ် 

ရေတာရှည်မြို့နယ် 

ရွှေကျင်မြို့နယ် 

ရွှေတောင်မြို့နယ် 

လက်ပံတန်းမြို့နယ် 

ဝေါမြို့နယ် 

သနပ်ပင်မြို့နယ် 

သာယာဝတီမြို့နယ် 

သဲကုန်းမြို့နယ် 

အုတ်တွင်းမြို့နယ် 

အုတ်ဖိုမြို့နယ် 



ထင်ရှားသည့်နေရာများ 


ကမ္ဘောဇသာဒီ နန်းတော် 


ကျိုက်ပွန်ဘုရား 


ရွှေမော်ဓောဘုရား(ပဲခူး) 


ရွှေသာလျောင်း ရုပ်ပွားတော်ကြီး 


စိန်သာလျောင်း ရုပ်ပွားတော်ကြီး 


မြသာလျောင်း ရုပ်ပွားတော်ကြီး 


လုဒ်(စ်)မယ်တော်သခင်မကျောင်း(ညောင်လေးပင်မြို့) 


ရွှေဆံတော်ဘုရား (ပြည်) 


ဆယ်ထပ်ကြီးဘုရား(ပြည်မြို့) 


သရေခေတ္တရာမြို့ဟောင်း(ပြည်)



ရည်ညွှန်းကိုးကား 


(မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၈။


Sub-national HDI - Area Database - Global Data Lab (in en)။


https://myanmar.gov.mm/bago


မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ ခုနစ်ထုတ်



No comments: